အခြားနယ်မြေများ ပျံ့နှံ့နေထိုင်မှု
Vol. 13 Ch. 195
ဒီရွေးချယ်စရာကို ဖွင့်လိုက်တဲ့အခါ မြေပုံတစ်ခု ပေါ်လာ၏။
ဒီမြေပုံကတော့ သူ့ရဲ့ မြေပုံဖတ်နိုင်တဲ့ စွမ်းရည်လိုမျိုး နယ်ပယ်အကျယ်ကြီးကို မြင်ရတာမျိုးတော့ မဟုတ်ဘဲ ရန်သူတွေကိုလည်း အစက်အပြောက်နဲ့ ပြပေးနိုင်တာမျိုးလည်း မဟုတ်ပေ။
ဒါဟာ စက်ဝိုင်းပုံစံ မြေပုံအသေးလေးတစ်ခုဖြစ်ပြီး အစိမ်းရောင်က တောအုပ်၊ အဝါရောင်ကတော့ ဘာမှမရှိတဲ့ မြေလွတ်တွေကို ကိုယ်စားပြုသည်။
တကယ်ကို ရိုးရှင်းတဲ့ မြေပုံဖြစ်ပြီး မြင်ကွင်းအကွာအဝေးကလည်း သူ့ရဲ့ နှလုံးသားအပင် နယ်မြေထက် နည်းနည်းပဲ ပိုကျယ်၏။
မြေပုံရဲ့ အလယ်ဗဟိုမှာတော့ ဝေဆာနေတဲ့ သစ်ပင်အိမ်ပုံစံလေး ရှိနေပြီး ဒါဟာ သူ့ရဲ့ သစ်ပင်အိမ် ဖြစ်ရမည်။
မြေပုံရဲ့ အစွန်းနားမှာတော့ ပိုသေးတဲ့ သစ်ပင်အိမ်ပုံစံလေး ရှိနေပြီး ဒါကတော့ သူအခု ရောက်နေတဲ့ ကပ်ပါးသစ်ပင်အိမ်ပဲ ဖြစ်ရပေမည်။
ဒီမြေပုံရဲ့ အကျယ်အဝန်းဟာ အိမ်ရှင်သစ်ပင်အိမ်ကနေ အဝေးဆုံးမှာရှိတဲ့ ကပ်ပါးအိမ်ရဲ့ အကွာအဝေးပေါ် မူတည်ပြီး သတ်မှတ်တာ ဖြစ်နိုင်၏။
အခုတော့ သူ့မှာ ဒီကပ်ပါးအိမ် တစ်ခုပဲ ရှိသေးတာကြောင့် မြေပုံကလည်း ဒီလောက်ပဲ ကျယ်တာဖြစ်နိုင်သည်။
ရွှီရှင်း အလယ်က သစ်ပင်အိမ်ပုံစံကို အရင်နှိပ်ကြည့်လိုက်ရာ စာသားလေး တစ်ကြောင်း ပေါ်လာ၏။
[အိမ်ရှင်သစ်ပင်အိမ်။ အမည်: မြင့်မားသော သစ်ပင်အိမ်ငယ် (ခရမ်းရောင်အဆင့်)]
သစ်ပင်အိမ်ရဲ့ အမည်က တဖျပ်ဖျပ် တောက်ပနေသည်။
ရွှီရှင်း နှိပ်ကြည့်လိုက်တဲ့အခါ ထင်ထားတဲ့အတိုင်းပဲ အမည်ပြောင်းလို့ရတဲ့ ရွေးချယ်စရာ ပေါ်လာတော့သည်။
သူ အရင်က ရှင်သန်ရေးဂိမ်းတွေ ဆော့တုန်းက သုံးခဲ့တဲ့ အသင်းအမည်ဖြစ်တဲ့ ပြည်နယ် ၁၄ ခု ဆိုတဲ့ နာမည်ကို စမ်းပြီး ပြောင်းလိုက်၏။
[အမည်ပြောင်းလဲခြင်းကို အတည်ပြုမလား။ အမည်ပြောင်းပြီးပါက ၇ ရက်အတွင်း ထပ်မံပြင်ဆင်၍ မရနိုင်ပါ။]
ရွှီရှင်းက အတည်ပြုလိုက်သည်။
[အိမ်ရှင်သစ်ပင်အိမ်။ အမည်: ပြည်နယ် ၁၄ ခု (ခရမ်းရောင်အဆင့်)]
ဒီလိုနဲ့ သစ်ပင်အိမ်ရဲ့ အမည်က ပြောင်းသွားချေပြီ။
ပြီးနောက် သူသည် မြေပုံအစွန်းနားက အိမ်ပုံစံလေးကို နှိပ်လိုက်ပြန်သည်။
[ကပ်ပါးသစ်ပင်အိမ်။ အမည်: အဆင့်နိမ့် ကပ်ပါးသစ်ပင်အိမ်ငယ် (အစိမ်းရောင်အဆင့်)]
ဒီနေရာမှာလည်း အမည်ပြောင်းလို့ ရတာပဲဟ...။
သူက သူ့ရဲ့ ယူဆချက် မှန်မမှန် သိရအောင် နာမည်ကို ကပ်ပါးအိမ် ၀၁ လို့ ပြောင်းလိုက်၏။
နာမည်ပြောင်းပြီးတာနဲ့ သစ်ပင်အိမ်ရဲ့ နံရံကို သူ ထိကြည့်လိုက်သည်။
[ကပ်ပါးအိမ် ၀၁ (အစိမ်းရောင်အဆင့်): သစ်ပင်အိမ် ဗဟိုချက် မရှိသော အိမ်ဖြစ်သည်။ လက်ရှိတွင် ပြည်နယ် ၁၄ ခု (ခရမ်းရောင်အဆင့်) တွင် ကပ်ပါးနေခိုပါသည်။...]
တကယ်ပဲ ဖော်ပြချက်ထဲမှာပါ နာမည်က တိုက်ရိုက် ပြောင်းသွားတာပါလား...။
နာမည်နဲ့ ပတ်သက်တာတွေ သေချာသွားပြီဆိုတော့ ရွှီရှင်း အောက်က မျက်နှာပြင်မှာ ပေါ်လာတဲ့ ခွင့်ပြုချက် အမျိုးမျိုးကို စတင် လေ့လာတော့သည်။
သူ့ရဲ့ သစ်ပင်အိမ်မှာ လုပ်လို့ရသမျှ အရာအားလုံးကို ဒီကပ်ပါးအိမ်ထဲမှာပါ လုပ်လို့ရအောင် ဖွင့်ပေးလို့ ရသည်ကို သူ တွေ့လိုက်ရ၏။
အခြေခံ ကုန်ကြမ်းထုတ်လုပ်ခြင်း ၊ ဒေသတွင်း ဆက်သွယ်ရေးလိုင်း၊ အဆင့်သတ်မှတ်ချက်စာရင်း ၊ အလှဆင်ရမှတ် စတဲ့ လူတိုင်းမှာ ရှိတဲ့ အရာတွေအပြင်၊ သစ်ပင်အိမ် ပြုပြင်မွမ်းမံခြင်း ၊ အနုပညာရှင် နဲ့ အဂ္ဂိရတ်ပညာ လိုမျိုး ထူးခြားတဲ့ အရာတွေကိုပါ သူ ဖွင့်ပေးလိုက်လို့ ရ၏။
သူသည် ခွင့်ပြုချက်အားလုံးကို အမြန်ဖွင့်ပေးလိုက်ပြီး သူ့ရှေ့က သစ်ပင်အိမ် မျက်နှာပြင်ကို စတင် စမ်းသပ်တော့သည်။
ဒီအိမ်က သူ့အိမ်ထက် အများကြီး သေးတယ်ဆိုပေမဲ့ မျက်နှာပြင်ကတော့ သူ့အိမ်ကဟာလောက်ပဲ ကြီးပြီး နံရံရဲ့ အစိတ်အပိုင်း တော်တော်များများကို နေရာယူထား၏။
သူ့မှာ အစိမ်းရောင်အဆင့် ကုန်ကြမ်းတွေ အများကြီး ရှိနေတာကြောင့် ပေါင်းစပ်ဖန်တီးမှု စင်မြင့်၊ လက်နက်နဲ့ ချပ်ဝတ်ပြုလုပ်တဲ့ စင်မြင့် စတဲ့ အခြေခံ စင်မြင့်တွေကို စမ်းလုပ်ကြည့်ရာ ဘာပြဿနာမှ မရှိဘဲ အောင်မြင်ခဲ့သည်။
ခေတ္တလောက် စမ်းသပ်ပြီးနောက် သူ ကောက်ချက်ချလိုက်သည်မှာ
အကယ်၍ သူသာ ဒီအိမ်ရဲ့ လုပ်ဆောင်ချက် အားလုံးကို ဖွင့်ပေးလိုက်မယ်ဆိုလျှင် အိမ်အရွယ်အစား သေးတာကလွဲရင် ကျန်တဲ့ လုပ်ဆောင်ချက် အားလုံးဟာ သူ့ရဲ့ ပင်မသစ်ပင်အိမ်နဲ့ ထပ်တူ ဖြစ်သွားလောက်၏။
ဒါပေမဲ့ တခြားသူတွေသာ ဒီအိမ်ကို သုံးမယ်ဆိုရင်တော့ အနုပညာရှင် ဒါမှမဟုတ် အဂ္ဂိရတ်ပညာ လိုမျိုး စွမ်းရည်တွေကိုတော့ သုံးနိုင်မှာ မဟုတ်ပေ။
ဘာလို့လဲဆိုတော့ သူတို့မှာ စင်မြင့်တွေ ရှိနေပေမဲ့ ရွှီရှင်းလို ထွင်းထုတဲ့ စွမ်းရည် မရှိတာကြောင့် ရုပ်တုတွေ လုပ်လို့ရမှာ မဟုတ်သလို၊ အဂ္ဂိရတ်စွမ်းရည် မရှိတာကြောင့်လည်း အဂ္ဂိရတ် စင်မြင့်ပေါ်မှာ ပုံစံထုတ်လုပ်နည်းတွေ မြင်ရမှာ မဟုတ်ပေ။
ကပ်ပါးအိမ် ပိုင်ရှင်တွင် သူ့ မှာမရှိတဲ့ စွမ်းရည်တွေ ရှိနေလျှင် ဘာဖြစ်မလဲဆိုတာတော့ သူ မသိသေးပေ။
ဥပမာ လီဝမ်ရှီးမှာ သူမရဲ့ စွမ်းရည်နဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက် ရှိနေမယ်ဆိုရင်၊ သူမက သူ့နယ်မြေမှာ လာပြီး ကပ်ပါးအိမ် စိုက်တဲ့အခါ အဲဒီလုပ်ဆောင်ချက်က အိမ်ရှင်သစ်ပင်အိမ်ရဲ့ ကန့်သတ်မှုကို ခံရမလား၊ ဒါမှမဟုတ် အိမ်ရှင်အိမ်အတွက် စွမ်းရည်အသစ်တွေ တိုးလာစေမလားဆိုတာ စဉ်းစားစရာပင်။
ဒါပေမဲ့ ဒါကို အများကြီး စဉ်းစားနေဖို့တော့ မလိုသေးပေ။
ဘာလို့လဲဆိုတော့ စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်တွေလို အရည်အချင်းရှိတဲ့သူတွေက တခြားသူရဲ့ အကာအကွယ်အောက်မှာ ကပ်ပါးအဖြစ် လာနေကြမှာ မဟုတ်လို့ပင်။
ဒီလို ကပ်ပါးနေထိုင်မှုက ကန့်သတ်ချက်တွေ အရမ်းများလွန်းလှသည် မဟုတ်ပါလား။
သစ်ပင်အိမ်ရဲ့ လုပ်ဆောင်ချက် အားလုံးဟာ အိမ်ရှင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာဖြစ်ပြီး အိမ်ရှင်က အချိန်မရွေး ပိတ်လိုက်၊ ဖွင့်လိုက် လုပ်လို့ရနေ၏။
အခြေခံ ပစ္စည်းထုတ်တာကိုတောင် ပိတ်ထားလို့ ရတာဆိုတော့ ဒါဟာ ကိုယ့်အသက်ကို တခြားသူလက်ထဲ အပ်ထားတာနဲ့ တူတူပဲ....။
လောလောဆယ်တော့ ဒီကပ်ပါးအိမ်က သူ့အတွက် သိပ်ပြီး အသုံးမဝင်သေးပေ။
ချန်းယင် တို့ မိသားစု ပြန်လာရင်တော့ သူတို့ကို ပေးနေဖို့ စဉ်းစားလို့ ရ၏။
အချိန်တွေလည်း အတော်ကြာသွားပြီဆိုတော့ ချန်းယင် တို့ မိသားစု ဘယ်လိုနေလဲဆိုတာ သူ သိချင်မိသည်။
တောင်ကုန်းဒေသ အရင်းအမြစ်နယ်မြေကို သွားပြီး သူတို့ကို တစ်ချက်လောက် သွားကြည့်ချင်သည်။
ရွှီရှင်းသည် ဒီအိမ်ရဲ့ ဒုတိယထပ်ကိုပါ ပတ်ကြည့်သော်လည်း ထူးခြားတာ ဘာမှ မတွေ့ရပေ။
ဒါကြောင့် သူ ကျောပိုးအိတ်ထဲက သစ်ပင်အိမ် ဗဟိုချက်ကို ထုတ်လိုက်၏။
[အဆင့်နိမ့် သစ်ပင်အိမ်၏ ဗဟိုချက်: သစ်ပင်အိမ် ကြီးထွားဖို့ စွမ်းအင်တွေ ပေးတဲ့ အမြုတေ ဖြစ်သည်။ ၎င်းကို ဖယ်ရှားလိုက်ပါက သစ်ပင်အိမ်သည် ချက်ချင်း သေဆုံးသွားမည် ဖြစ်သည်။ အဆင့်နိမ့် သစ်ပင်အိမ် ဗဟိုချက်မှ စွမ်းအင်ကို အသုံးပြုပြီး အပြာရောင်အဆင့် အခြေခံကုန်ကြမ်း တစ်ခုကို ခရမ်းရောင်အဆင့်သို့ မြှင့်တင်နိုင်ပါသည်။]
အပြာရောင်အဆင့်ကို ခရမ်းရောင်အဆင့်အထိ မြှင့်ပေးနိုင်တဲ့ ကိရိယာပေါ့....။
ဖော်ပြချက်မှာ စွမ်းအင်ကို အသုံးပြုမယ်လို့ပဲ ပါပြီး စွမ်းအင်ကို ပြန်ဖြည့်လို့ ရမရတော့ မပါပေ။
ရွှီရှင်း စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ဒါပေမဲ့ ဘယ်ကုန်ကြမ်းကို ခရမ်းရောင်အဆင့် မြှင့်ရမလဲဆိုတာ သူ ဇဝေဇဝါ ဖြစ်နေ၏။
ထုတ်လုပ်ရေး ကိရိယာတွေကတော့ လောလောဆယ် မလိုသေးပေ။
အပြာရောင်အဆင့် ကိရိယာတွေနဲ့တင် ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေကို ရအောင် ယူနိုင်၏။
သူ အဓိက စဉ်းစားနေတာက အရိုးဓား၊ ကျောက်ဆစ်ဓား နဲ့ လက်နက်တွေ ကိုပင်။
ခရမ်းရောင်အဆင့် အရိုးဓား ရှိရင် သားရဲတွေဆီက ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေကို သူ ခွဲထုတ်နိုင်၏။
ခရမ်းရောင်အဆင့် ကျောက်ဆစ်ဓား ရှိရင်တော့ ခရမ်းရောင်အဆင့် ရုပ်တုတွေ သူ ထွင်းနိုင်၏။
လက်နက်ဆိုရင်လည်း ခရမ်းရောင်အဆင့် လက်နက်က အပြာရောင်ထက် အများကြီး ပိုသန်မာမှာ သေချာလှသည်။
"ထားလိုက်ပါတော့... ဒါတွေကို ညကျမှပဲ စဉ်းစားတော့မယ်။"
အခုတော့ ပတ်ဝန်းကျင်မှာ တခြား သစ်ပင်အိမ်တွေ ထပ်ရှိဦးမလားဆိုတာ လိုက်ရှာဖို့ သူအရင်ဆုံး စဉ်းစားလိုက်၏။
မနေ့ညက ဘေးအန္တရာယ်ကြောင့် သေလုနီးပါး ဖြစ်နေတဲ့ အိမ်တွေ ရှိနေဦးမလားဆိုတာ သိချင်နေ၏။
အကယ်၍ ရှိခဲ့ရင်တော့ သူ ဗဟိုချက်တွေ ထပ်ရမှာဖြစ်ပြီး ရွေးချယ်စရာတွေလည်း ပိုများလာလောက်၏။
ဒါပေမဲ့ ပိုင်ရှင်မဲ့သွားတဲ့ အိမ်တွေက ၂၄ နာရီပဲ ခံတာဖြစ်သည်။
မနေ့က ညနေ ၆ နာရီမှာ နွယ်ပင်တွေ စတိုက်တာဆိုတော့ အသက်ရှင်ကျန်ရစ်သူ အမြောက်အမြား သေခဲ့ကြတာပေါ့...။
ဒီနေ့ ညနေ ၆ နာရီအထိဆိုရင် ၃ နာရီလောက်ပဲ လိုတော့၏။
၆ နာရီ ကျော်သွားရင်တော့ အဲဒီအိမ်တွေဟာ လုံးဝ သေဆုံးသွားမှာလားမသိပေ။
အဲဒီအချိန် မတိုင်ခင် သူ အိမ်တွေကို ရှာတွေ့ဖို့နဲ့ ဗဟိုချက်တွေကို ထုတ်ယူဖို့ လိုအပ်သည်။
အိမ်တွေ လုံးဝ သေသွားပြီးရင် ဗဟိုချက်က ကျန်နေဦးမလား သူ မသေချာပေ။
ဒီအကြောင်းကို စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်တွေကို ပြောပြထားတာက ပိုကောင်းပါလိမ့်မည်။
သူတို့တွေက နောက်ပိုင်းမှာ တကယ့် မိတ်ဖက်တွေ ဖြစ်လာမှာ မဟုတ်လား။
သူသည် ကြမ်းပြင်ပေါ်မှာ ထိုင်ပြီး ကုတ်နေတဲ့ ခဲခဲလေးကို ချီကာ သူ့အိမ်ကို ပြန်လာခဲ့သည်။
သူသည် သူ့ရဲ့ ရှာဖွေတွေ့ရှိမှုတွေကို အဖွဲ့ထဲမှာ အရင်ဆုံး မျှဝေပေးလိုက်၏။
ဝမ်လေ့ - "တခြားသူရဲ့ သစ်ပင်အိမ်နဲ့ တကယ် တွေ့နိုင်တာပေါ့။ သစ်ပင်အိမ်ကိုပါ ရွှေ့လို့ရတယ် ဟုတ်လား။ ဒါဆိုရင်တော့ ငါလည်း တစ်ယောက်ယောက်ရဲ့ အကာအကွယ်အောက်မှာ သွားနေလို့ ရပြီပေါ့"
ကျောက်ရှောင်ချွမ်း - "ဘာကို သွားနေမှာလဲ။ အစ်ကိုရွှီ ပြောတာ မကြားဘူးလား။ ကပ်ပါးအိမ်က အိမ်ရှင်ရဲ့ ထိန်းချုပ်မှုအောက်မှာ လုံးဝ ရှိနေတာလေ။ မင်းရဲ့ အသက်ကို တခြားသူလက်ထဲ အပ်ချင်လို့လား"
ဝမ်ကွေ့ရှင်း - "သစ်ပင်အိမ်ကနေ ဗဟိုချက်ကို ထုတ်ယူပြီး အပြာရောင်အဆင့်ကို ခရမ်းရောင်အဆင့် မြှင့်လို့ရတယ် ဟုတ်လား...။ ဒါက အသက်ရှင်ကျန်ရစ်သူ အချင်းချင်း တိုက်ခိုက်ဖို့ တွန်းအားပေးနေတာ မဟုတ်လား။ တခြားသူကို သတ် ဒါမှမဟုတ် သိမ်းပိုက်လိုက်ရင် သူ့အိမ်ကိုပါ ရနိုင်မယ့်အပြင် ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေပါ ရမှာဆိုတော့... ငါတောင် စိတ်လှုပ်ရှားလာပြီ"
လီဝမ်ရှီး - "အမလေး... ဘုရားရေ။ ဒါဆိုရင် နောက်ဆို သားရဲတွေကို မဟုတ်ဘဲ တခြားသူတွေကိုပါ သတိထားနေရတော့မှာပေါ့"
ချီရွှယ်ဖေး - "အရင်ကနဲ့ သိပ်မထူးပါဘူး၊ အရင်ကလည်း တခြားသူတွေကို သတိထားနေရတာပဲ။ ဝမ်ရှီးလေးကတော့ အရမ်းကို ပွင့်လင်းလွန်းနေတာပဲ"
လီဝမ်ရှီး - "အာ... မတူဘူးလေ။ အရင်က ကာကွယ်ရေးနယ်မြေက သေးတော့ ငါ့အိမ်ကို ရှာမတွေ့နိုင်ဘူး။ အခုတော့ နယ်မြေတွေ ဆက်နေပြီဆိုတော့ တန်းပြီး ရောက်လာလို့ ရနေပြီလေ။ တော်တော် ကြောက်ဖို့ကောင်းတာပဲ၊ ငါတော့ မြှားသေနတ်တွေ အများကြီး ထပ်တပ်ရတော့မယ်။"
ချင်ယွန်လုံ - "မကြောက်ပါနဲ့။ ငါတို့က ဒီနယ်မြေမှာ ထိပ်တန်းတွေပဲလေ။ တခြားနယ်မြေက ထိပ်တန်းတွေ ရောက်မလာသရွေ့တော့ ငါတို့ကို ဘယ်သူမှ ဒုက္ခမပေးနိုင်ပါဘူး"
ချင်ယွန်ဟု - "နယ်မြေတွေကို ဘယ်လို ခွဲထားလဲဆိုတာ ငါတို့ အခုထိ မသိရသေးဘူး"
ထိုစဉ် ကျိချောင်းယန်က သူ့ဆီ အသံဖုန်း ခေါ်လာတော့သည်။
"ရွှီရှင်း... ဒီသစ်ပင်အိမ် ပိုင်ရှင်က မနေ့ညက ဘေးအန္တရာယ်မှာ သေသွားတာ သေချာရဲ့လား"
ကျိချောင်းယန်ရဲ့ အသံမှာ သံသယတွေ ပါနေသည်။
ကျိချောင်းယန်လည်း သူ့လိုပဲ သံသယ ဝင်နေပုံရသည်။
မနေ့ညက သူတို့ ကူညီခဲ့တာကြောင့် တောအုပ် ၁၈၈ နယ်မြေမှာ ဘယ်သူမှ မသေခဲ့ပေ။
ကျိချောင်းယန်က သူ နယ်မြေတူတဲ့ လူတစ်ယောက်ကို သတ်လိုက်တာများလားလို့ သံသယ ဝင်နေတာ ဖြစ်နိုင်၏။
"ငါ့ကို မသင်္ကာမဖြစ်ပါနဲ့။ ငါသာ လုပ်ခဲ့ရင် ဖုံးကွယ်ထားစရာ အကြောင်း မရှိပါဘူး"
"မင်း နားလည်မှု လွဲနေပြီ။ ငါ မင်းကို မသင်္ကာဖြစ်တာ မဟုတ်ပါဘူး။ မဟုတ်ဘူး... ခဏလောက်တော့ ဖြစ်သွားတယ်၊ ဒါပေမဲ့ ဆက်သွယ်ရေးလိုင်းက လူဦးရေကို ချက်ချင်း စစ်ကြည့်လိုက်တော့ မနေ့ညက အရေအတွက်အတိုင်းပဲ ရှိနေတာ တွေ့ရတယ်။ ဆိုလိုတာက ငါတို့နယ်မြေက လူဦးရေက အပြောင်းအလဲ မရှိဘူးပေါ့"
ကျိချောင်းယန်က အေးဆေးစွာ ရှင်းပြလိုက်သည်။
ဉာဏ်ကောင်းတဲ့သူတွေနဲ့ စကားပြောရတာ တကယ်ကို လွယ်ကူလှသည် မဟုတ်ပါလား။
"တကယ်တော့ ငါလည်း ဒါကို ဇဝေဇဝါ ဖြစ်နေတာ။ ဒီအိမ်ရှင်က ငါတို့ တောအုပ် ၁၈၈ နယ်မြေက လူ မဟုတ်လို့လားမသိဘူး"
ရွှီရှင်းက သူ့ရဲ့ ခန့်မှန်းချက်ကို ပြောပြလိုက်၏။
"မင်းက နယ်မြေရဲ့ အစွန်းနားမှာ ရောက်နေတာ ဖြစ်နိုင်မလား"
"မဖြစ်နိုင်ပါဘူး။"
ရွှီရှင်းက ကျိချောင်းယန်ကို အကြောင်းပြချက်တွေ ရှင်းပြလိုက်သည်။
ဒီဘက်အရပ်မှာပဲ လီဝမ်ရှီးရဲ့ အိမ် ရှိနေတာလေ။
တစ်ဖက်က ခဏတာ တိတ်ဆိတ်သွားပြီးမှ မတတ်သာတဲ့ အသံနဲ့
"ဒါဆို မိုးရာသီတုန်းက မြင်ရတဲ့ အလင်းတန်း နှစ်ခုက မင်းတို့ နှစ်ယောက်ပေါ့လေ။ ငါ့ကိုတောင် မြင်လားလို့ လာမေးသေးတယ်"
"ဟားဟား... သူမဆီမှာ ကုန်ကြမ်းတွေရှိပြီး ငါ့ဆီမှာ စွမ်းရည်တွေ ရှိနေတာလေ။ ကုန်ကြမ်းတွေ လုံလောက်သွားရင်တော့ အားလုံးကို ငါတို့ ပြန်ပြီး ဝေမျှပေးမှာပါ"
ကျိချောင်းယန်က ဒီအကြောင်းကို ဆက်မပြောတော့ဘဲ
"ဒီလိုရှိတယ် ရွှီရှင်း... ငါ မနေ့ကရတဲ့ သတင်းတွေကို ပြန်စီစဉ်ကြည့်တော့ သံသယဖြစ်စရာ တစ်ခု တွေ့ရတယ်။ မင်းရဲ့ ရှာဖွေတွေ့ရှိမှုနဲ့ ပေါင်းစပ်ကြည့်လိုက်တော့ အမှန်တရားကို ငါ သိလိုက်ရသလိုပဲ"
"ဘာအမှန်တရားလဲ"
ရွှီရှင်း စိတ်ဝင်တစား မေးလိုက်၏။
ဒီလူ မနေ့က ဘာတွေ ကြုံခဲ့ရလဲဆိုတာ သူ ပိုပိုပြီး သိချင်လာရသည်။
"ဒီနယ်မြေမှာ ငါတို့ တောအုပ် ၁၈၈ နယ်မြေက လူတွေချည်းပဲ ရှိနေတာ မဟုတ်ဘူး ထင်တယ်"
ကျိချောင်းယန်ရဲ့ စကားကြောင့် ရွှီရှင်းမှာ ထိတ်လန့်သွားရသည်။
သူလည်း ဒါကို အကြိမ်ကြိမ် တွေးခဲ့ဖူးသော်လည်း တစ်ခုခုတော့ လွဲနေသလို ခံစားခဲ့ရ၏။
"မင်းပြောချင်တာက နယ်မြေအားလုံးက လူတွေဟာ တကယ်တော့ ရောနှောနေကြတာလား"
ရွှီရှင်းက မေးလိုက်၏။
"မဟုတ်ဘူး၊ နယ်မြေအားလုံး မဟုတ်ဘူး။"
ကျိချောင်းယန်က ပြောသည်။
"ဒါပေမဲ့ နယ်မြေတွေရဲ့ အပိုင်းအခြားက တစ်ခုနဲ့တစ်ခု ထပ်နေတာ "
"ထပ်နေတယ်...."
ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ရိုးရိုးလေး ရှင်းပြရရင်... ဒီကမ္ဘာကြီးကို စားပွဲတစ်လုံးလို့ သဘောထားလိုက်ပြီး၊ နယ်မြေတွေကိုတော့ ဖဲချပ်တွေလို့ သဘောထားလိုက်။ ငါတို့ရဲ့ နယ်မြေတွေက စားပွဲပေါ်မှာ ရှုပ်ပွပြီး ထပ်နေတဲ့ ဖဲချပ်တွေလိုပဲ။ နယ်မြေ ၁၈၈ က လူတွေဟာ တစ်စုတစ်ဝေးတည်း ရှိနေကြပေမဲ့၊ အချို့နေရာတွေမှာ နယ်မြေ ၁၈၇ က လူတွေနဲ့ ထပ်နေမယ်၊ အချို့နေရာမှာတော့ နယ်မြေ ၁၈၉ က လူတွေနဲ့ ထပ်နေလိမ့်မယ်"
ဒီရှင်းပြချက်က ရိုးတော့ မရိုးလှပေ။
ဒါပေမဲ့ ရွှီရှင်း မြင်ယောင်ကြည့်လိုက်တော့ နားလည်သွားသည်။
"မင်းပြောချင်တာက ငါတို့ဟာ တခြားနယ်မြေက လူတွေနဲ့ ကြားညပ်ပြီး နေထိုင်နေကြတာပေါ့ ဟုတ်လား"
"အတိအကျပဲ။ ဒါကြောင့် ငါ အပြင်ထွက်ပြီး ဒီယူဆချက် မှန်မမှန် သွားစမ်းသပ်မလို့။ မင်းလည်း နားမနေနဲ့၊ အပြင်ထွက်ပြီး ထပ်ရှာကြည့်ဦး။ ဘာပဲဖြစ်ဖြစ် သေလုနီးပါး ဖြစ်နေတဲ့ အိမ်တွေရှိရင် အဲဒါတွေက အရင်းအမြစ်တွေပဲ မဟုတ်လား"
ကျိချောင်းယန်က ပြောလိုက်၏။
"ငါလည်း အဲဒီလိုပဲ တွေးထားတာ။ အခုပဲ အပြင်ထပ်ထွက်ဖို့ လုပ်နေတာလေ"
ကျိချောင်းယန်ရဲ့ ယူဆချက်က တကယ်ကို ယုတ္တိရှိလှသည်။
ဖုန်းချပြီးနောက် ရွှီရှင်း ပြတင်းပေါက်ကနေ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်၏။
မနေ့က သူမြင်ခဲ့တဲ့ နောက်ထပ် သစ်ပင်အိမ်တစ်လုံး ရှိတဲ့ဘက်ကို သူ မှတ်သားထားလိုက်သည်။
အခုတော့ မမြင်ရတော့ပေမဲ့ ဦးတည်ချက်ကတော့ မှန်မှာ သေချာသည်။
ဒီဘက်အရပ်ပဲပေါ့....။
သားရဲလေးကောင်ကို ခေါ်ပြီး သူ သစ်ပင်အိမ်ရှာပုံတော်ကို နောက်တစ်ကြိမ် စတင်လိုက်တော့သည်။
ဒီတစ်ခါမှာတော့ အသက်ရှင်နေတဲ့သူတွေနဲ့ တွေ့နိုင်မလား သူ သိချင်နေမိသည်။
အကယ်၍ အနားမှာ တခြားနယ်မြေက လူတွေသာ ရှိနေခဲ့ရင်တော့...။
ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့....။
---
အခန်း ၁၉၅ ပြီး။