အလှလေး၏ ရုပ်တု
Vol. 13 Ch. 184
နောက်တစ်ဆင့်အနေနဲ့ မြှင့်တင်မှုရမှတ်တွေကို ဘယ်လိုခွဲဝေမလဲဆိုတာ စဉ်းစားရမည့်အချိန်ပင်။
အဲဒီမတိုင်ခင် ရွှီရှင်းက သူ့ခေါင်းထဲမှာ အကြာကြီးရှိနေခဲ့တဲ့ အကြံတစ်ခုကို စမ်းကြည့်ချင်နေသည်။
မြှင့်တင်မှုရမှတ်တွေကို ပြန်ယူလို့ရမယ့် ဟာကွက်တစ်ခုခု ရှိနေမလား။
သစ်သားဆိုင်းဘုတ်တွေကို ၇ ရက်မှတစ်ခါပဲ ပြောင်းလို့ရပြီး ရမှတ်တွေကို ပြန်နုတ်လို့မရဘူးဆိုပေမဲ့၊ အကယ်၍ အခန်းကို ဖျက်ဆီးပစ်တာ ဒါမှမဟုတ် ဆိုင်းဘုတ်ကို ဖျက်ဆီးပစ်မယ်ဆိုရင် ဘာဖြစ်မလဲ။
သူ့အိပ်ခန်းမှာ ၁% မြှင့်တင်ထားတာရှိတာကြောင့် အဲဒါနဲ့ပဲ စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်၏။
၁% ဆိုတာ အလွန်နည်းတာကြောင့် တကယ်လို့ အလဟဿဖြစ်သွားရင်လည်း ဘာမှမဖြစ်ပေ။
သူက အိပ်ခန်းတစ်ခုလုံးကို မဖျက်ဆီးပဲ အိပ်ခန်းတံခါးကိုပဲ ဖြုတ်လိုက်သည်။
တံခါးမရှိတဲ့ အိပ်ခန်းဆိုတာ အလုံပိတ်အခန်းလို့ သတ်မှတ်လို့မရတော့ဘူး မဟုတ်ပါလား။
[အခန်းသည် အလုံပိတ်အခန်း မဟုတ်တော့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အိပ်ခန်းမြှင့်တင်မှု အာနိသင်ကို ဖယ်ရှားလိုက်ပါပြီ။]
ရွှီရှင်းက အိပ်ခန်းသစ်သားဆိုင်းဘုတ် ကို ကြည့်လိုက်ရာ ၁% မြှင့်တင်မှုဟာ သူ့ဆီ ပြန်မရောက်လာဘဲ ဆိုင်းဘုတ်ပေါ်မှာပဲ ဆက်ရှိနေတာကို တွေ့ရသည်။
သူ့ရဲ့ စုစုပေါင်း ခွဲဝေနိုင်တဲ့ ရမှတ်တွေကလည်း ပြောင်းလဲခြင်းမရှိပေ။
ကြည့်ရတာ မြှင့်တင်မှုတွေက ဆိုင်းဘုတ်ပေါ်မှာပဲ တိုက်ရိုက်သက်ရောက်နေတာဖြစ်ပြီး အခန်းပျက်စီးသွားလည်း အဲဒီ ၁% က ပြန်မရနိုင်လောက်ပေ။
"ဒါဆို ဆိုင်းဘုတ်ကို ဖျက်ဆီးပစ်ရင်ရော..."
ရွှီရှင်းက အပြာရောင်အဆင့် သံပုဆိန်ကို ထုတ်ပြီး ဆိုင်းဘုတ်ကို တည့်တည့်ခုတ်လိုက်၏။
"ဂျွတ်"
ဆိုင်းဘုတ်က ချက်ချင်း ပျက်စီးသွားသော်လည်း လုပ်ဆောင်ချက်နယ်မြေ ထဲက ရမှတ်တွေကို စစ်ကြည့်တဲ့အခါမှာ ဘာမှ ထူးမလာခဲ့ပေ။
ဒါဆို အဲဒီ ၁% က ဘယ်ရောက်သွားတာလဲ...။
ဒီအတိုင်း ပျောက်သွားတာလား...။
ရွှီရှင်းက တံခါးကို ပြန်တပ်လိုက်ပြီး ခဏစဉ်းစားကာ မီးဖိုချောင် ဆိုင်းဘုတ် တစ်ခုလုပ်ပြီး နံရံမှာ ချိတ်ကြည့်လိုက်သည်။
[သတ်မှတ်၍မရပါ၊ ဤအခန်း၏ လုပ်ဆောင်ချက်ကို ၇ ရက်ပြည့်မှသာ ပြောင်းလဲနိုင်မည် ဖြစ်ပါသည်။]
ဆိုင်းဘုတ်ကို ဖျက်ဆီးတာတောင် အလုပ်မဖြစ်ဘူးပေါ့...။
ဘယ်လိုမှမတတ်နိုင်တော့တာနဲ့ သူ အိပ်ခန်းဆိုင်းဘုတ် အသစ်တစ်ခု ထပ်လုပ်လိုက်ရ၏။
နံရံမှာ ချိတ်လိုက်တဲ့ ခဏမှာပဲ ဆိုင်းဘုတ်ပေါ်က ၀% ကနေ ၁% လို့ ချက်ချင်း ပြန်ပြောင်းသွားတော့သည်။
ဒီအခန်းကို အိပ်ခန်းအဖြစ် ပြန်လည်သတ်မှတ်ကြောင်း အသိပေးသံလည်း မြည်လာ၏။
သူ နောက်ဆုံးတော့ သဘောတရားကို နားလည်သွားလေပြီ။
၇ ရက်အတွင်းမှာ ဒီအခန်းဟာ အိပ်ခန်းပဲ ဖြစ်ရမည်။
အိပ်ခန်းဆိုင်းဘုတ်ကို ဖျက်ဆီးလျှင်အခန်းက သာမန်အခန်း ဖြစ်သွားမှာဖြစ်ပြီး တခြားဆိုင်းဘုတ်တွေ ချိတ်လို့မရပေ။
အိပ်ခန်းဆိုင်းဘုတ်ကိုပဲ ပြန်ချိတ်လို့ရ၏။
ပြီးတော့ အဲဒီ ၁% မြှင့်တင်မှုဟာ ဒီနေရာမှာရှိတဲ့ အိပ်ခန်းဆိုင်းဘုတ် ဆီကို ရောက်သွားတာ ဖြစ်သည်။
ဆိုင်းဘုတ်ကို လဲတာဖြစ်ဖြစ်၊ နေရာပြောင်းတာဖြစ်ဖြစ် အလုပ်မဖြစ်ပေ။
အကျဉ်းချုပ်ပြောရလျှင် ဆိုင်းဘုတ်ရဲ့ ဂုဏ်သတ္တိဟာ အခန်းတည်နေရာနဲ့ တွဲနေတာဖြစ်ပြီး တစ်ခုခုမှားလျှင် မြှင့်တင်မှုရမှတ်တွေ အကုန်ဆုံးရှုံးသွားလောက်ပေသည်။
ဟာကွက်ရှာပြီး ရမှတ်တွေ ပြန်ယူဖို့ကတော့ မဖြစ်နိုင်ဘူးပဲ...။
ဒါကြောင့် ရမှတ်တွေကို စနစ်တကျဘယ်လို ခွဲဝေမလဲဆိုတာ စဉ်းစားတာ အကောင်းဆုံးပင်။
သူ့မှာ ကိုယ်ပိုင်အစီအစဉ် ရှိပြီးသားဖြစ်၏။
သူက သူ့မှာပဲရှိတဲ့ ထူးခြားတဲ့ အားသာချက်တွေကိုပဲ အဓိကထားပြီး မြှင့်တင်လိုခြင်း ဖြစ်သည်။
ပထမဆုံးကတော့ အနုပညာခန်းပင် အဲဒါကို မြှင့်တင်ဖို့က မဖြစ်မနေ လိုအပ်တာ၏။
ပုဆိန်သွေးတာက ထင်းခုတ်တဲ့နေရာမှာ အချိန်မနှောင့်နှေးစေသလိုမျိုးပင်။
အနုပညာခန်းကို မြှင့်တင်လိုက်လျှင် သူ့ရဲ့ ထွင်းထုတဲ့ အရှိန်က မြန်လာမှာဖြစ်ပြီး နောက်ပိုင်း အလှဆင်ရမှတ်တွေ လိုအပ်မှာ မဟုတ်တော့ပေ။
ဒုတိယကတော့ အဂ္ဂိရတ်ပညာပင်။
ဒီစွမ်းရည်သစ်က တကယ်အစွမ်းထက်ပေမဲ့ အရင်းအမြစ်တွေ တော်တော်ကုန်၏။
အထွေထွေ အဂ္ဂိရတ်ကုန်ကြမ်း တစ်ခုလုပ်ဖို့ကို အပြာရောင်အဆင့် သံတုံးနဲ့ ရွှေနက်တုံး တစ်တုံးစီ လိုသည်။
အဂ္ဂိရတ်ခန်းရဲ့ ဖော်ပြချက်မှာ အောင်မြင်မှုနှုန်းကို မြှင့်တင်ပေးမယ်လို့ ပါတာကြောင့် အဂ္ဂိရတ်လုပ်တဲ့အခါ ကျရှုံးနိုင်တယ်ဆိုတဲ့ သဘောပင်။
ဒီလောက် ကုန်ကြမ်းတွေ အများကြီးသုံးပြီးမှ ကျရှုံးသွားလျှင် ဒုက္ခလှလှတွေ့လောက်သည်။
ဒါကြောင့် အဂ္ဂိရတ်ခန်းကိုလည်း မြှင့်တင်ရပေမည်။
နောက်တစ်ခုကတော့ စိုက်ပျိုးရေးခန်းပင်။
သူက စိုက်ပျိုးရေးခန်းမှာရှိတဲ့ မြေကြီးတွေအကုန်လုံးကို အပြာရောင်အဆင့် မြေသြဇာကောင်းတဲ့ မြေတွေနဲ့ အစားထိုးပြီး အပြာရောင်အဆင့် အပင်တွေကိုပဲ စိုက်ဖို့ စီစဉ်ထားသည်။
လုပ်ဆောင်ချက်နယ်မြေရဲ့ ကြီးထွားနှုန်း မြှင့်တင်မှုနဲ့ဆိုလျှင် အပြာရောင်အဆင့် အသီးတွေ အမြောက်အမြား ထွက်လာမှာဖြစ်ပြီး အဲဒါတွေကို သုံးကာ အစွမ်းတွေ တိုးမယ့် ဆေးရည်တွေကို အဂ္ဂိရတ်ပညာနဲ့ ဖော်စပ်နိုင်မှာဖြစ်သည်။
တစ်ချိန်တည်းမှာပဲ အရင်က ကြုံဖူးတဲ့ အတွေ့အကြုံအရဆိုလျှင် အပြာရောင်အဆင့် မြေကြီးမှာ ခရမ်းရောင်အဆင့် အပင်တွေ ပေါက်ဖို့ အခွင့်အလမ်း အနည်းငယ် ရှိ၏။
အပင်တွေကို အမြောက်အမြား စိုက်ပြီး သက်တမ်းရင့်နှုန်း မြန်လာလျှင် ခရမ်းရောင်အဆင့် အပင်တွေ ပေါက်လာဖို့ အခွင့်အလမ်းက အများကြီး ပိုများလာလောက်မည်။
သူ့သစ်ပင်အိမ်ကလွဲလျှင် ခရမ်းရောင်အဆင့် အပင်ကို သူ မမြင်ဖူးသေးပေ။
ခရမ်းရောင်အဆင့် ကုန်ကြမ်းဆိုလျှင်လည်း မိကျောင်းကြီး ကိုက်ဖြတ်ထားတဲ့ မြွေကြီးရဲ့ အကြေးခွံအချို့နဲ့ လေဆင်နှာမောင်း အလယ်က ပုံဆောင်ခဲလောက်သာ မြင်ဖူး၏။
အကယ်၍ ခရမ်းရောင်အဆင့် အသီးတွေ အဆက်မပြတ် ထွက်မယ့် အပင်မျိုးသာ စိုက်နိုင်လျှင် သူဟာ တကယ့်ကို သူဌေးကြီး ဖြစ်သွားလောက်မည်။
နောက်ဆုံးအနေနှင့် အလုပ်ရုံကိုလည်း မြှင့်တင်ဖို့ လိုအပ်သည်။
ဒါဟာ အောင်မြင်မှုနှုန်းကို မြင့်စေပြီး ကုန်ကြမ်းသုံးစွဲမှုကို လျှော့ချပေးမှာဖြစ်သလို အလုပ်ရုံထဲမှာရှိတဲ့ စင်မြင့်တွေ အများကြီးအတွက်လည်း အကျိုးရှိမှာ မဟုတ်ပါလား။
ကျန်တဲ့ လုပ်ဆောင်ချက် နယ်မြေတွေကိုတော့ လောလောဆယ် မမြှင့်တင်သေးဖို့ သူ ဆုံးဖြတ်လိုက်သည်။
အိပ်ခန်းကို မြှင့်စရာ မလိုပါပေ။
အိပ်စက်အနားယူတာကို စိုက်ပျိုးရေးခန်းကထွက်တဲ့ အပြာရောင်အဆင့် လိမ္မော်သီးတွေနဲ့ အစားထိုးလို့ ရ၏။
မီးဖိုချောင်နဲ့ စားသောက်ခန်းမှာလည်း အပြာရောင်အဆင့် မီးဖိုတွေ၊ သံအိုးတွေနဲ့ စားပွဲတွေ ရှိနေပြီဖြစ်တာကြောင့် အာနိသင်တွေက ၅၀% ကျော်နေပြီဖြစ်ရာ ထပ်မြှင့်ဖို့ မလိုသေးပေ။
အရည်ကျိုခန်းကတော့ ပိုတောင် မလိုသေးပေ။
သူ့ဘေးမှာ သူဌေးမလေး ရှိနေတာပဲဟာ ဘာလို့ ကိုယ့်ဘာသာကိုယ် အရည်ကျိုခန်းကို မြှင့်နေဦးမှာလဲ...။
ရွှီရှင်း တတိယထပ်က အနုပညာခန်းကို သွားပြီး ဆိုင်းဘုတ်ကို ထိလိုက်၏။
သူက အနုပညာခန်းကို ၁၀၀% တိုက်ရိုက် ခွဲဝေပေးလိုက်ပြီး ထွင်းထုတဲ့ အရှိန်ကို နှစ်ဆ မြှင့်လိုက်ချေပြီ။
အရင်က အစိမ်းရောင်အဆင့် ရုပ်တုအသေးလေး တစ်ခု ထွင်းဖို့ နာရီဝက် ကြာတာကနေ အခုဆိုလျှင် ၁၅ မိနစ်ပဲ ကြာတော့မည်။
[မြှင့်တင်မှု ၁၀၀% ကို ခွဲဝေပေးမည်လား။ ခွဲဝေပြီးနောက် ပြန်ဖျက်၍ မရနိုင်ပါ၊ သေသေချာချာ စဉ်းစားပေးပါ။]
ရွှီရှင်းက ဟုတ်ကဲ့ ကို ရွေးလိုက်၏။
[လက်ရှိ အလှဆင်ရမှတ်: ၂၁၁.၆၈ (၁၇၆.၄ + ၃၅.၂၈)၊ စုစုပေါင်း ခွဲဝေနိုင်သည့် မြှင့်တင်မှု: ၁၁၀%]
အနုပညာခန်း ဆိုင်းဘုတ်ပေါ်က ကိန်းဂဏန်းတွေဟာ ၀% ကနေ ၁၀၀% လို့ ပြောင်းလဲသွားချေပြီ။
သူသည် ပန်းချီဆွဲတဲ့ စားပွဲမှာ ထိုင်လိုက်ကာ အစိမ်းရောင်အဆင့် ပုံဆောင်ခဲအဖြူ တစ်ခုကို ထုတ်လိုက်၏။
ပြီးနောက် ကျောက်ဆစ်ဓား ကို ကိုင်ပြီး ခဏစဉ်းစားကာ စတင်ထွင်းထုတော့သည်။
ဓားချက်တွေဟာ အရင်ကထက် အများကြီး ပိုပြီး လျင်မြန်ချောမွေ့နေသလို ခံစားရပြီး မကြာခင်မှာပဲ ရွှီရှင်းရဲ့ လက်ထဲမှာ ရုပ်တုအသေးလေး တစ်ခု ပေါ်လာတော့သည်။
ဒီရုပ်တုကို သူက လီဝမ်ရှီးကို လက်ဆောင်ပြန်ပေးဖို့ စဉ်းစားထားခြင်း ဖြစ်၏။
သူမက အဂ္ဂိရတ် စင်မြင့်လုပ်ဖို့ ကုန်ကြမ်းတွေ အများကြီး ပေးခဲ့သည် မဟုတ်ပါလား။
ဒါကြောင့် သူက တော်တော်လေး အားစိုက်ပြီး ထွင်းလိုက်ခြင်းဖြစ်သည်။
သူထွင်းလိုက်တာကတော့ လီဝမ်ရှီး ဆိုဖာပေါ်မှာ ပျင်းရိစွာ လှဲနေတဲ့ ပုံလေးပင် ဖြစ်သည်။
ပုံဆောင်ခဲက သေးပေမဲ့ သူမရဲ့ ပျင်းရိတဲ့ အမူအရာနဲ့ ထူးကဲတဲ့ အလှတရားကိုတော့ ကွက်တိ ပေါ်လွင်နေစေသည်။
[သစ်ပင်အိမ်အတွင်း၌ အမျိုးသမီးပုံဆောင်ခဲရုပ်တု (အစိမ်းရောင်အဆင့်) ကို ထားရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သစ်ပင်အိမ် အလှဆင်ရမှတ် +၁၀၊ လက်ရှိ သစ်ပင်အိမ် အလှဆင်ရမှတ်: ၂၂၃.၆၈ (၁၈၆.၄ + ၃၇.၂၈)]
"ကောင်းပြီ... အလုပ်ဖြစ်တယ်"
ရွှီရှင်း အချိန်ကို ချက်ချင်း ကြည့်လိုက်ရာ ၁၅ မိနစ်ပဲ ကြာခဲ့သည် တွေ့လိုက်ရ၏။
တကယ့်ကို ကြီးမားတဲ့ တိုးတက်မှုပင်။
သူသည် အောင်မြင်မှုအတွက် ဝမ်းသာနေတဲ့ စိတ်ကို ထိန်းရင်း လီဝမ်ရှီးထံသို့ ဗီဒီယိုခေါ်ဆိုမှု လုပ်လိုက်၏။
ခဏကြာမှ တစ်ဖက်က လက်ခံသည်။
ဗီဒီယိုထဲမှာတော့ လီဝမ်ရှီးရဲ့ မျက်နှာဟာ နီရဲနေပြီး ချွေးတွေကြောင့် သူမရဲ့ အင်္ကျီတွေဟာ ကိုယ်လုံးမှာ ကပ်နေကာ ခန္ဓာကိုယ် အချိုးအစားတွေ အထင်အရှား ပေါ်လွင်နေ၏။
ဒါကို မြင်တော့ ရွှီရှင်းပင် မျက်တောင် တစ်ချက် ခတ်လိုက်မိသည်။
"ဘာဖြစ်လို့လဲ။ ကျွန်မ အခု ကျွန်မ ရဲ့ အရည်ကျိုခန်းအသစ်ကို စမ်းကြည့်နေတာလေ"
လီဝမ်ရှီးရဲ့ မျက်နှာမှာ ချွေးတွေကို သုတ်ထားပုံရသော်လည်း နီရဲနေတာကတော့ ကျန်နေသေးသည်။
"ဘယ်လိုလဲ... အဆင်ပြေရဲ့လား"
ရွှီရှင်းက မြှင့်တင်မှု ရာခိုင်နှုန်းနဲ့ ကုန်ကြမ်းလျှော့ချမှုကြားက ဆက်နွှယ်မှုကို သိချင်နေခြင်း ဖြစ်သည်။
"အရမ်းကောင်းတယ်။ အရည်ကျိုဖို သုံးလုံးလုံးရဲ့ အရှိန်က တော်တော် မြန်လာတာ၊ တကယ်ကို မိုက်တယ်"
လီဝမ်ရှီးက စိတ်လှုပ်ရှားစွာ ပြုံးရင်း ပြောလိုက်၏။
"ဒါတင်မကဘူး၊ ကုန်ချောပစ္စည်း သုံးဆ ထွက်လာမယ့် အခွင့်အရေးလည်း ရှိသေးတယ်။ ကျွန်မ က အရည်ကျိုခန်းကို ၅၀% မြှင့်ထားတာ၊ အရှိန် ၅၀% မြန်လာတဲ့အပြင် ၅% အခွင့်အရေးနဲ့ ပစ္စည်းတွေ သုံးဆ ထွက်လာနိုင်တာလေ။ ပြောချင်တာက အကြိမ် ၂၀ မှာ တစ်ကြိမ်လောက်တော့ သုံးဆ ထွက်လာမှာ"
သုံးဆနှုန်းတဲ့လား..။
ကုန်ကြမ်း အတူတူထည့်ပြီး ကုန်ချော ပိုထွက်လာတာဟာ ကုန်ကြမ်း သုံးစွဲမှုကို လျှော့ချပေးတာနဲ့ အတူတူပါပင်။
အပြာရောင်အဆင့် ပစ္စည်းတွေသာ သုံးဆ ထွက်လာရင်တော့ တကယ်ကို အမြတ်ကြီးရလောက်၏။
"အဲဒီ အခွင့်အရေးက ကိုယ်တိုင် ထိန်းချုပ်လို့ ရလား။ ဆိုလိုတာက ကျပန်းဖြစ်တာလား၊ ဒါမှမဟုတ် အကြိမ် ၂၀ ပြည့်တိုင်း ဖြစ်တာလား"
ရွှီရှင်းက မေးလိုက်၏။
တကယ်လို့ ထိန်းချုပ်လို့ရရင် အကြိမ် ၂၀ မြောက်မှာ အပြာရောင်အဆင့် ပစ္စည်းတွေကို ထည့်ကျိုရင် သုံးဆ ရမှာပေါ့....။
"ကျပန်းပေါ့ကွယ်။ ဘယ်လို ပုံသေ ရှိမှာလဲ။"
လီဝမ်ရှီးက နီရဲနေတဲ့ သူမရဲ့ ပါးလေးကို ပွတ်ရင်း ပြောရှာသည်။
ဒါကြောင့်လည်း သူမ မျက်နှာတွေ နီရဲပြီး ချွေးတွေ ထွက်နေတာကိုး....
အရည်ကျိုဖိုရှေ့မှာ တစ်ချိန်လုံး ထိုင်စောင့်နေတာဖြစ်ရမည်။
ကျပန်းဖြစ်တာလည်း ကောင်းပါတယ်၊ ကံကောင်းတဲ့သူတွေအတွက်ပေါ့...။
ဒါဟာ သူစားထားတဲ့ ကံကောင်းစေတဲ့ အဆောင် တွေရဲ့ အစွမ်းကြောင့်လည်း ဖြစ်နိုင်၏။
ချင်ယွန်လုံတို့ ညီအစ်ကိုတွေဆီမှာ အဆောင်တွေ ထပ်ရှိဦးမလားမသိဘူး...
နောက်မှ မေးကြည့်ပြီး လီဝမ်ရှီးအတွက် တစ်ခုလောက် တောင်းပေးရမည်ဟု ရွှီရှင်း တွေးလိုက်မိ၏။
လီဝမ်ရှီးက အရည်ကျိုတာ များလေလေ သူ့အတွက် အဂ္ဂိရတ်ကုန်ကြမ်းတွေ ပိုရလေလေ မဟုတ်ပါလား။
သံတုံးတွေ၊ ရွှေနက်တုံးတွေပင်...
လောလောဆယ်မှာတော့ ရွှီရှင်းရဲ့ အဂ္ဂိရတ်ကုန်ကြမ်းတွေဟာ ဒီသူဌေးမလေးအပေါ်မှာပဲ အလုံးစုံ မူတည်နေ၏။
"ကောင်းတာပေါ့။ ဒါနဲ့... ဒါလေးကို တစ်ချက်လောက် ကြည့်ပါဦး"
ရွှီရှင်းက သူ့လက်ထဲက ပုံဆောင်ခဲရုပ်တုကို မြှောက်ပြလိုက်၏။
"ဘာကြီးလဲ... ဟင်.. အဲဒါ... အဲဒါ ကျွန်မပုံလေးလား"
လီဝမ်ရှီးက မျက်နှာပြင်နားကို တိုးပြီး မျက်လုံးအပြူးသားနဲ့ ကြည့်နေတော့သည်။
ရွှီရှင်းက သူမထံ လွှဲပြောင်းမှု လုပ်ပေးလိုက်၏။
လီဝမ်ရှီးက ချက်ချင်း လက်ခံလိုက်ရာ ရုပ်တုလေးဟာ သူမရဲ့ လက်ထဲ ချက်ချင်း ပေါ်လာတော့သည်။
တော်သေးတာက ရုပ်တုတွေကို အရောင်းအဝယ် ပလက်ဖောင်းကနေ ပို့လို့ရခြင်းပင်။
မြေကြီးတွေလိုမျိုး ပို့လို့မရမှာကို သူ စိုးရိမ်နေခဲ့မိ၏။
လွှဲပြောင်းမှု လုပ်ပြီးတာနဲ့ သူ့သစ်ပင်အိမ်ရဲ့ အလှဆင်ရမှတ်ကတော့ မူလအတိုင်း ပြန်ဖြစ်သွားချေပြီ။
"ဝိုး... တကယ်ကို ကျွန်မ နဲ့ တူတာပဲ။ ဒါပေမဲ့... ဟင် ဒီရုပ်တုက အလှဆင်ရမှတ် ၁၀ မှတ်တောင် တိုးပေးတာလား"
လီဝမ်ရှီးရဲ့ နားထဲမှာလည်း အလှဆင်ရမှတ် တိုးလာတဲ့ အသိပေးသံ မြည်လာတာကြောင့် သူမမှာ အံ့သြတကြီး ဖြစ်သွားရသည်။
"ရှင့်မှာ အလှဆင်ရမှတ် တိုးစေတဲ့ စွမ်းရည်ရှိတာပေါ့လေ"
"ငါ အရင်က မပြောခဲ့မိဘူး၊ တကယ်တော့ ငါ့ရဲ့ အလှဆင်ရမှတ်က ၂၀၀ ကျော်နေပြီ"
ရွှီရှင်းက ပြုံးရင်း ပြောလိုက်၏။
သူမကို ရုပ်တုပေးပြီးပြီဆိုတော့ လျှို့ဝှက်ထားစရာ မလိုတော့ဘဲ အကုန်ဖွင့်ပြောလိုက်ခြင်း ဖြစ်သည်။
"နှစ်ရာကျော်တောင်လား...."
လီဝမ်ရှီးမှာ ထပ်ခါတလဲလဲ အံ့သြနေရပြီး သူမလက်ထဲက ရုပ်တုနဲ့ မျက်နှာပြင်ပေါ်က ရွှီရှင်းကို အပြန်ပြန်အလှန်လှန် ကြည့်နေရှာသည်။
"ဒါ... ဒါက တကယ်ကို အံ့သြဖို့ ကောင်းတာပဲ။ အဲဒီစွမ်းရည်က အရင်က ဆုရခဲ့တာလား"
"ဒါက လေဆင်နှာမောင်း အလယ်ဗဟိုက ရတဲ့ စွမ်းရည်လေ။ မင်းက အထဲထိ မဝင်ခဲ့တော့ မရလိုက်တာပေါ့"
"အာ... တကယ့်ကို အစွမ်းထက်တာပဲ။ ဒါဆို ရှင်က အလှဆင်ရမှတ်တွေကို အကန့်အသတ်မရှိ တိုးအောင် လုပ်နိုင်တာပေါ့။ ဝိုး... ရွှီရှင်းရေ... ဟဲဟဲ..."
လီဝမ်ရှီးက ရုတ်တရက် သူ့ကို တောက်ပတဲ့ အပြုံးလေးနဲ့ ကြည့်လိုက်၏။
ရွှီရှင်းလည်း ရယ်မောလိုက်ပြီး သူမရဲ့ အမူအရာအတိုင်း လိုက်လုပ်ပြလိုက်သည်။
"အင်း... ငါလည်း အခုတလော အပြာရောင်အဆင့် သံတုံးတွေနဲ့ ရွှေနက်တုံးတွေ တော်တော်လေး လိုအပ်နေတာ"
သူ့ရဲ့ အထွေထွေ အဂ္ဂိရတ်ကုန်ကြမ်းတွေအတွက် ဒါတွေက မရှိမဖြစ် မဟုတ်ပါလား။
လီဝမ်ရှီးက လက်ခုပ်တီးလိုက်ပြီး "သိပြီ! အခုပဲ ပို့ပေးမယ်"
သူမက အမျိုးအစား တစ်ခုစီကို ၅ တုံးစီ ချက်ချင်း ပို့ပေးလိုက်၏။
"ဟားဟား... စိတ်မပူနဲ့၊ မင်းလည်း အကျိုးအမြတ် ပြန်ရမှာပါ"
ရွှီရှင်း တော်တော်လေး ကျေနပ်သွားရသည်။
ဒီသူဌေးမလေးနဲ့ဆိုရင်တော့ တစ်ခါပို့ရုံတင် သတ္တုတုံး ၁၀ တုံး ရ၏။
သူမကိုပဲ အားကိုးလိုက်ရင် နေရာကူးပြောင်းဂိတ်ကို လုပ်နိုင်မလားမသိဘူး....။
"ဒါနဲ့... ဒီရုပ်တုလေးက ကြည့်လို့တော့ ကောင်းပါတယ်၊ ဒါပေမဲ့..."
လီဝမ်ရှီးက ရုတ်တရက် နောက်သို့ ဆုတ်လိုက်ပြီး သူမရဲ့ ခန္ဓာကိုယ် တစ်ခုလုံး မြင်ရအောင် ရပ်ပြလိုက်သည်။
"ကျွန်မ ရဲ့ ခြေထောက်တွေက ဒီရုပ်တုထဲကထက် ပိုရှည်တယ်နော်"
သူ့ အဝတ်တွေ ကိုယ်မှာ ကပ်နေတာကို သတိမထားမိတာလားဟ....။
ဒါပေမဲ့ ရွှီရှင်းရဲ့ အမှားလည်း ပါ၏။
လီဝမ်ရှီးရဲ့ ကိုယ်လုံးကိုယ်ပေါက် အချိုးအစားက သူထွင်းထားတာထက် အများကြီး ပိုကြည့်ကောင်းသည် မဟုတ်ပါလား။
"နောက်တစ်ခါကျရင် မင်းနဲ့ တစ်ပုံစံတည်း တူအောင် ထွင်းပေးမယ်"
"ဟဲဟဲ... ကောင်းပြီရှင်"
---
အခန်း ၁၈၄ ပြီး။