လုပ်ဆောင်ချက်နယ်မြေ အမျိုးမျိုးနှင့် သစ်ပင်အိမ် ပြုပြင်မွမ်းမံခြင်း
Vol. 13 Ch. 183
ဒုတိယထပ်ကို ပြေးတက်လာကြတဲ့ ငွေရောင်ဘုရင်နဲ့ မီမီတို့ဟာ ရွှီရှင်း ဘာအန္တရာယ်မှ မရှိတာကို မြင်တော့ အနားယူဖို့ ပြန်ဆင်းသွားကြပြီး ခဲခဲလေး တစ်ကောင်ပဲ ကျန်ခဲ့တော့သည်။
ခဲခဲလေးကတော့ အနားက လက်နက်နဲ့ ချပ်ဝတ်ပြုလုပ်တဲ့ စင်မြင့်ပေါ် တက်ထိုင်ရင်း ရွှီရှင်းကို အဖော်ပြုပေးနေရှာ၏။
ရွှီရှင်းကတော့ သူ့ရဲ့ အဂ္ဂိရတ် စွမ်းရည်တွေကို ဆက်ပြီး လေ့လာနေသည်။
ဒီနေရာကူးပြောင်းဂိတ် (အပြာရောင်အဆင့်) တစ်ခု လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေက တကယ်ကို များလွန်းလှသည်။
အရင်ဆုံး သံမဏိတုံးတွေက ဘယ်လိုလုပ်ရမှန်း မသိသေးတဲ့အပြင် အပြာရောင်အဆင့် ၁၀ တုံးတောင် လိုအပ်၏။
အပြာရောင်အဆင့် သစ်သား ၁၀ ခုကိုတော့ သူ ရှာနိုင်ပါသေးသည်။
ဒါပေမဲ့ အထွေထွေ အဂ္ဂိရတ် ကုန်ကြမ်း (အပြာရောင်အဆင့်) ၁၀ ခု ဆိုတာကတော့ တကယ်ကို မတော်မတရားပင်။
ပုံစံထုတ်လုပ်နည်းအရ ကြည့်လျှင် အထွေထွေ အဂ္ဂိရတ် ကုန်ကြမ်း တစ်ခုလုပ်ဖို့က မလွယ်ကူတာ သိသာသည်။
အရင်ဆုံး သတ္တုရိုင်းတွေကို အရည်ကျိုဖိုထဲထည့်ပြီး အပြာရောင်အဆင့် သံတုံးနဲ့ ရွှေနက်တုံးတွေ ဖြစ်အောင် ကျိုရမည်။
ပြီးမှ အဂ္ဂိရတ် ပေါင်းစပ်ဖန်တီးမှု စင်မြင့်မှာ အဲဒီသတ္တုတုံးတွေကို သံမှုန့်နဲ့ ရွှေနက်မှုန့်တွေဖြစ်အောင် ထပ်လုပ်ရသလို၊ ဗီဇပြောင်းအပင်ရည်တွေကိုလည်း အသင့်ပြင်ထားရဦးမည်။
ဒါတွေအားလုံး အသင့်ဖြစ်မှသာ အထွေထွေ အဂ္ဂိရတ် ကုန်ကြမ်း တစ်ခုကို ပေါင်းစပ်ဖန်တီးနိုင်မှာ ဖြစ်သည်။
နေရာကူးပြောင်းဂိတ် တစ်ခုအတွက်တင် အဲဒီအဂ္ဂိရတ် ကုန်ကြမ်း ၁၀ ခု လိုပြီး အပြာရောင်အဆင့် သံတုံး ၁၀ တုံးနှင့် ရွှေနက်တုံး ၁၀ တုံး ထပ်လိုကာ အပြာရောင်အဆင့် သစ်သား ၁၀ ခုနဲ့ သံမဏိတုံး ၁၀ တုံးပါ လိုနေခြင်းဖြစ်သည်။
စုစုပေါင်း အပြာရောင်အဆင့် အရင်းအမြစ် ၄၀ ပင်။
ဒါတင်မကသေးပေ နေရာကူးပြောင်းဂိတ် တစ်ခုတည်းနဲ့ ဘာမှလုပ်လို့မရပေ။
ဖော်ပြချက်မှာ နေရာကူးပြောင်းဂိတ် များအကြား ကူးပြောင်းနိုင်သည် လို့ ပါတာကြောင့် အနည်းဆုံး နှစ်ခုရှိမှသာ နေရာနှစ်ခုကြား ကူးသန်းလို့ ရမှာ ဖြစ်သည်။
ဒါဆို အပြာရောင်အဆင့် အရင်းအမြစ် ၈၀ တောင် လိုမှာလားမသိဘူး....။
အခုချိန်မှာတော့ ဒါဟာ သူတို့အတွက် တော်တော်လေး များလွန်းလှချေပြီ။
"ထားလိုက်ပါတော့... ဒီနေရာကူးပြောင်းဂိတ် ကို ခဏ မေ့ထားလိုက်ဦးမယ်။"
ဒါက သူတစ်ယောက်တည်း လုပ်နိုင်တဲ့ အရာမဟုတ်ဘဲ နောက်ပိုင်း လူတိုင်း အတူတူ သုံးလို့ရတာကြောင့် အများပိုင်ပစ္စည်းအဖြစ် စုပေါင်းပြီး လုပ်ရပေမည်။
အရင်ဆုံး သံမဏိတုံးကို ဘယ်လိုလုပ်ရမလဲဆိုတာ အရင်ရှာရမည်။
သံမဏိတုံးဆိုတာ သတ္တုတုံး အမျိုးအစားသစ်ဖြစ်ပြီး ဒါကို ရတာနဲ့ သံမဏိ လက်နက်တွေ၊ ချပ်ဝတ်တွေနဲ့ ကိရိယာတွေ လုပ်နိုင်မယ့် ပုံစံသစ်တွေ ပွင့်လာမှာ ဖြစ်သည်။
သူသည် အဂ္ဂိရတ် ပေါင်းစပ်ဖန်တီးမှု စင်မြင့်ပေါ်က စာရင်းတွေကို လှန်လှောရှာဖွေကြည့်ရာ ဆေးရည်တွေကြားထဲမှာ ပုံစံသစ်တစ်ခုကို တွေ့လိုက်ရ၏။
[သံမဏိမီးတောက်: သံမဏိတုံးတွေ အရည်ကျိုဖို့အတွက် သံတုံးတွေနဲ့အတူ အရည်ကျိုဖိုထဲ ထည့်ရမည်။ သံတုံးရဲ့ အဆင့်အတိုင်း သံမဏိတုံးတွေကို ရရှိစေမည်။ လိုအပ်သည့် ပစ္စည်းများ - ဗီဇပြောင်းအပင်ရည် ၁ ကီလိုဂရမ် နှင့် ကျောက်မီးသွေး (အစိမ်းရောင်အဆင့်) ၂၅]
တွေ့ပြီ သံမဏိကျိုဖို့ ကုန်ကြမ်းပဲ...။
ဒါကိုလည်း အဂ္ဂိရတ် ပေါင်းစပ်ဖန်တီးမှု စင်မြင့်မှာပဲ လုပ်ရတာပါလား....။
ဒါဟာ တကယ့် အဂ္ဂိရတ်ပညာပဲပေါ့....။
သံမဏိမီးတောက် မှာ အဆင့်သတ်မှတ်ချက် မရှိတာကြောင့် သံတုံးရဲ့ အဆင့်အတိုင်း သံမဏိတုံးတွေကို ထွက်လာစေမှာ ဖြစ်ရမည်။
ဒါပေမဲ့ ကျောက်မီးသွေးကို ဘယ်မှာ ရှာရမလဲမသိပေ။
ကျောက်မီးသွေးဆိုတဲ့ စကားလုံးကို ပုံစံထုတ်လုပ်နည်းတွေထဲမှာ မြင်ရတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပေ။
အစပြုကာလတုန်းက မီးတုတ်တွေကို ကျောက်မီးသွေးနဲ့ လုပ်လို့ရတယ်လို့ ပါခဲ့ဖူးသည်။
ဒါပေမဲ့ အခုထိ အရောင်းအဝယ် ကဏ္ဍမှာ ကျောက်မီးသွေး ရောင်းတဲ့သူ တစ်ယောက်မှ မတွေ့ဖူးသေးပေ။
သူကိုယ်တိုင် မီးတုတ် မလုပ်ဖူးပေမဲ့ သစ်သားကို အရည်ကျိုဖိုထဲထည့်ရင် မီးသွေးရနိုင်မှန်း သိတာကြောင့် လူတိုင်းက ကျောက်မီးသွေးအစား မီးသွေးကိုပဲ သုံးကြ၏။
အရောင်းအဝယ် ကဏ္ဍမှာ ထပ်ရှာကြည့်တော့လည်း ကျောက်မီးသွေး ရောင်းတဲ့သူ မရှိတာ သေချာသွားသည်။
ကိုယ်တိုင်ပဲ ရှာရတော့မှာလားမသိဘူး။
"နေဦး.."
သူ့ရဲ့ အမြင်အာရုံထဲမှာ မြင်နေရတဲ့ အဝါရောင်အလင်းတန်းက အဂ္ဂိရတ်ပစ္စည်း မဟုတ်ပါလား..။
အဲဒါက မြေအောက်မှာ မြုပ်နေတာဆိုတော့ ကျောက်မီးသွေးများ ဖြစ်နေမလား....။
ကျောက်မီးသွေးဆိုတာ မြေအောက်မှာပဲ ရှိတာကြောင့် ဖြစ်နိုင်ချေ များ၏။
ဒီနေ့ပဲ တူးကြည့်ရမည်။
သူ့မှာ ကြင်ယာတော် သင်းခွေချပ်ကြီး ရှိနေတာကြောင့် ကိုယ်တိုင်တောင် တူးနေစရာ မလိုတော့ပေ။
ရွှီရှင်း တတိယထပ်ကို တက်လာခဲ့၏။
အရင်ဆုံး သစ်ပင်အိမ်ထဲက လုပ်ဆောင်ချက် နယ်မြေတွေကို ခွဲခြားချင်နေခြင်း ဖြစ်၏။
"အီးးး"
ခဲခဲလေးက သူ့နောက်က လိုက်လာပြီး သူ့အင်္ကျီစကို သူမရဲ့ လက်သည်းလေးတွေနဲ့ ဆွဲနေသည်။
ဗိုက်ဆာလို့လားမသိပေ။
ရွှီရှင်းက ပန်းသီးတစ်လုံး ပေးလိုက်ရာ သူမက နောက်က လိုက်မလာတော့ဘဲ မြေပြင်ပေါ်မှာ ထိုင်ပြီး ပန်းသီးကိုပဲ မြိန်ယှက်စွာ စားနေတော့သည်။
ရွှီရှင်းလည်း မနက်စာအဖြစ် တစ်လုံးထုတ်စားရင်း ဒေသတွင်း ဆက်သွယ်ရေးလိုင်းကို ဖွင့်ကြည့်လိုက်၏။
ဆက်သွယ်ရေးလိုင်းက လူတွေဟာ အလှဆင်ရမှတ်တွေ၊ လုပ်ဆောင်ချက် နယ်မြေတွေအကြောင်း မဟုတ်ဘဲ တခြားအရာတစ်ခုကို ဆွေးနွေးနေကြတာ တွေ့ရ၏။
အဲဒါကတော့ သစ်ပင်အိမ်ရဲ့ အတွင်းပိုင်းကို ပြုပြင်မွမ်းမံနိုင်တာပဲ ဖြစ်၏။
"အားလုံးပဲ... ငါ အရည်ကျိုဖိုမှာ ကျိုထားတဲ့ ဖန်တွေက အခုမှ အသုံးဝင်တော့တယ်၊ ဖန်ပြတင်းပေါက်တွေ လုပ်လို့ရပြီဟေ့"
"နောက်ဆုံးတော့ ငါ့ကုတင်ကို အလုပ်ခုံနဲ့ ခွဲလို့ရပြီ။ အိပ်ရာနိုးတိုင်း အလုပ်ခုံကြီး မြင်နေရတာ တကယ် စိတ်ညစ်ဖို့ ကောင်းတာဗျာ"
"ဟားဟား... ငါတော့ အိမ်ကို ပြန်ပြင်ပြီး မီးဖိုချောင် သီးသန့် လုပ်တော့မယ်"
သူတို့တွေ နောက်ဆုံးတော့ အတွင်းပိုင်းကို ပြုပြင်မွမ်းမံနိုင်တဲ့ စွမ်းရည် ရလာကြပြီပေါ့....။
အတွင်းပိုင်း ပြုပြင်လို့ မရလျှင် သစ်ပင်အိမ်ကို လုပ်ဆောင်ချက် နယ်မြေတွေ ခွဲဖို့ မဖြစ်နိုင်ပေ။
ရွှီရှင်းကတော့ ဒီစွမ်းရည်ကို တောအုပ်စူးစမ်းရေးပွဲတုန်းက ငွေရောင်သေတ္တာထဲကနေ ရခဲ့၏။
အဲဒီတုန်းက အတွင်းပိုင်း ပြင်ရုံတင်မကဘဲ အပြင်ဘက် မြှားသေနတ်တွေနဲ့ ချပ်ဝတ်တွေပါ လုပ်ခွင့်ရခဲ့သည်။
အဲဒါကတော့ စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်တွေကြားမှာ အထူးအဆန်း မဟုတ်ပေ။
အခုတော့ တခြားသူတွေပါ အတွင်းပိုင်း ပြင်လို့ရပြီဆိုပေမဲ့ အပြင်ဘက် ကာကွယ်ရေး လက်နက်တွေကတော့ သူတို့အတွက် မပွင့်သေးတာကြောင့် ရွှီရှင်းဆီကပဲ ဝယ်ရပေဦးမည်။
တတိယထပ်ကို ရောက်သည့်အခါ ရွှီရှင်းက အနုပညာခန်း ဆိုင်းဘုတ်တစ်ခု လုပ်ပြီး စာကြည့်ခန်းထဲမှာ ချိတ်လိုက်သည်။
[အနုပညာခန်း ဆိုင်းဘုတ် ရှိနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဤအခန်းကို အနုပညာခန်းအဖြစ် သတ်မှတ်မည်လား။ သတ်မှတ်ပြီးနောက် ၇ ရက်အတွင်း ပြန်လည်ပြင်ဆင်၍ မရနိုင်ပါ၊ သေသေချာချာ ရွေးချယ်ပေးပါ။]
သူအတည်ပြုလိုက်၏။
[ဤအခန်းကို အနုပညာခန်းအဖြစ် သတ်မှတ်ပြီးပါပြီ။ မြှင့်တင်မှု အတိုင်းအတာကို ခွဲဝေပေးမည်လား။ ခွဲဝေပြီးနောက် ပြန်ဖျက်၍ မရနိုင်ပါ၊ သေသေချာချာ ရွေးချယ်ပေးပါ။]
[လက်ရှိ စုစုပေါင်း ခွဲဝေနိုင်သည့် မြှင့်တင်မှု: ၂၁၀%]
ရွှီရှင်း ရမှတ်တွေကို ချက်ချင်း ခွဲမပေးသေးပေ။
လုပ်ဆောင်ချက် နယ်မြေတွေ အကုန် သတ်မှတ်ပြီးမှပဲ တစ်ခါတည်း စုပေါင်း ခွဲဝေပေးရန် စဉ်းစားထားသည်။
သူသည် မီးဖိုချောင်မှာ မီးဖိုချောင် ဆိုင်းဘုတ်၊ စားသောက်ခန်းမှာ စားသောက်ခန်း ဆိုင်းဘုတ်တို့ကို အသီးသီး ချိတ်လိုက်၏။
ဒါကြောင့် သူ့ရဲ့ တတိယထပ်မှာ အိပ်ခန်း၊ မီးဖိုချောင်၊ စားသောက်ခန်းနဲ့ အနုပညာခန်းဆိုပြီး လုပ်ဆောင်ချက် နယ်မြေ ၄ ခု ရှိသွားချေပြီ။
စတုတ္ထထပ်က စိုက်ပျိုးရေးခန်းကို ရောက်တဲ့အခါ သူက ဆိုင်းဘုတ် ချိတ်လိုက်သော်လည်း ထူးဆန်းစွာနဲ့ သတ်မှတ်မလားဆိုတဲ့ အသိပေးချက် တက်မလာပေ။
ရွှီရှင်း လှေကားပေါက်ကို လှမ်းကြည့်လိုက်မိသည်။
စတုတ္ထထပ်က တတိယထပ်နဲ့ တိုက်ရိုက် ဆက်နေတာကြောင့် ဒါကို အလုံပိတ်အခန်းလို့ မသတ်မှတ်တာလားမသိပေ။
သူက နံရံတွေ ထပ်ဆောက်ပြီး တံခါးပါ တပ်ကာ အခန်းပိတ်လိုက်သော်လည်း အသိပေးချက်က တက်မလာသေးပေ။
"ဘာဖြစ်တာလဲ...။"
ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။
အခန်းက အရမ်းကျယ်နေလို့လားမသိဘူး....။
ဒီအထပ်က စတုရန်းမီတာ ၁၀၀ နီးပါး ကျယ်တာဆိုတော့ သစ်သားဆိုင်းဘုတ် တစ်ခုက သတ်မှတ်ပေးနိုင်တဲ့ အကျယ်အဝန်းအကန့်အသတ် ရှိနေလို့ စတုတ္ထထပ် တစ်ခုလုံးကို နယ်မြေတစ်ခုတည်း အဖြစ် သတ်မှတ်လို့ မရတာများလား....။
သူ လက်ပတ်နာရီကို ကြည့်လိုက်ရာ စူးစမ်းရှာဖွေသူများအဖွဲ့ထဲမှာလည်း ဒီလုပ်ဆောင်ချက် နယ်မြေတွေအကြောင်း ဆွေးနွေးနေကြတာ တွေ့ရ၏။
ကျောက်ရှောင်ချွမ်း - "ရမှတ်တွေ အကုန်လုံးကို အိပ်ခန်းမှာပဲ ပုံပေးလိုက်ရင် ဘယ်လိုနေမလဲ။ အဲဒါဆို အိပ်ချိန်နည်းသွားပြီး တစ်နေ့တာ အလုပ်တွေ ပိုလုပ်နိုင်တာပေါ့"
လီဝမ်ရှီး - "လုပ်စရာက သိပ်မရှိပါဘူး၊ ငါတို့မှာ အပြာရောင်အဆင့် လိမ္မော်သီးတွေလည်း ရှိတာပဲ။ ငါ့ဆီမှာ သတ္တုတွေ အများကြီး ရှိတာကြောင့် အရည်ကျိုခန်းနဲ့ အလုပ်ရုံကိုပဲ အဓိက မြှင့်တင်တော့မယ်။"
လီဝမ်ရှီးက သူမဆီမှာ သတ္တုသိုက်ကြီး ရှိနေမှန်း ပထမဆုံးအကြိမ် ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။
ကျောက်ရှောင်ချွမ်း - "ဝမ်ရှီးလေးဆီမှာ သတ္တုတွင်း ရှိတာပေါ့လေ"
ဝမ်ကွေ့ရှင်း - "အဲဒါ သိသာနေတာပဲလေ။ အဲဒီ ယမ်းစိမ်းတွေ အကုန်လုံးက ဝမ်ရှီးလေး ပေးတာ မဟုတ်လား။"
ချီရွှယ်ဖေး - "ငါကတော့ ဆေးကုသခန်း ဆိုင်းဘုတ်လုပ်ပြီး ငါ့ရဲ့ ဆေးဝါးသုတေသန အောင်မြင်မှုနှုန်း မြင့်လာအောင် ဒီဘက်ကိုပဲ အဓိကထားမှာပါ။"
ဝမ်လေ့ - "ငါကတော့ မီးဖိုချောင်နဲ့ စားသောက်ခန်းကို မြှင့်ချင်တယ်။ အစားအသောက် အာနိသင်တွေ ကောင်းလာမယ်၊ အရေးကြီးဆုံးက ဗိုက်ပိုဝတာပေါ့။ နောက်ဆို အခုလို အငတ်ဘေးမျိုး ကြုံလာရင် အသုံးဝင်မှာလေ။"
ရွှီရှင်းက အဖွဲ့ထဲမှာ လှမ်းမေးလိုက်သည်။
"နယ်မြေ သတ်မှတ်လို့ မရတဲ့ အခြေအနေမျိုး ကြုံဖူးကြလား"
ချင်ယွန်လုံ - "တံခါး မတပ်ရသေးလို့လား။ ငါ့အိပ်ခန်းတုန်းကလည်း တံခါးမရှိလို့ သတ်မှတ်မရတာနဲ့ တံခါးတပ်လိုက်မှ ရသွားတာ။"
လီဝမ်ရှီး - "ငါတော့ အဲဒီလို မဖြစ်ဖူးဘူး။ နင့်အခန်းက အရမ်းကျယ်နေလို့လား။"
သူတို့တွေဟာ နေ့တိုင်း ဗီဒီယိုခေါ်နေကြတာကြောင့် ရွှီရှင်းရဲ့ သစ်ပင်အိမ်က သူတို့ထက် နှစ်ဆလောက် ကျယ်မှန်း သိနေကြ၏။
ကျိချောင်းယန် - "မင်းသတ်မှတ်တဲ့ နယ်မြေက အရမ်းသေးတာ ဒါမှမဟုတ် အရမ်းကျယ်နေတာ ဖြစ်နိုင်တယ်။ ငါစမ်းကြည့်သလောက်တော့ လုပ်ဆောင်ချက် နယ်မြေတစ်ခုက ၁၀ စတုရန်းမီတာကနေ ၈၀ စတုရန်းမီတာ အတွင်းမှာပဲ ရှိရမယ်။ အဲဒီအပြင်ဘက်ဆိုရင်တော့ သတ်မှတ်လို့ မရဘူး။"
"အော်... အဲဒီလိုကိုး။"
ရွှီရှင်း ခန့်မှန်းထားသလို ဖြစ်နေသော်လည်း ကျိချောင်းယန်က အကျယ်အဝန်းကိုပါ အတိအကျ တွက်ချက်ထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျိချောင်းယန်က ဒေသတွင်း ဆက်သွယ်ရေးလိုင်းမှာလည်း အသိပေးချက် ပို့လိုက်၏။
"အားလုံးပဲ... လုပ်ဆောင်ချက် နယ်မြေတစ်ခုရဲ့ အနည်းဆုံး အကျယ်အဝန်းက ၁၀ စတုရန်းမီတာ ဖြစ်ရပါမယ်။ အဆင့်နိမ့် သစ်ပင်အိမ်ရှိတဲ့သူတွေ သတိထားကြပါ၊ မင်းတို့ရဲ့ တစ်ထပ်စာ အကျယ်က ၂၅ စတုရန်းမီတာလောက်ပဲ ရှိတာကြောင့် သေသေချာချာ ခွဲခြားကြပါ။ နယ်မြေတစ်ခုက အရမ်းကျယ်နေရင် ကျန်တဲ့နေရာတွေကို သတ်မှတ်လို့ မရတော့ပါဘူး။"
"ကျေးဇူးပါ ပညာရှင်ကြီး"
"၁၀ စတုရန်းမီတာပဲလား ဒါဆို အေးဆေးပဲ။ ငါ့ရဲ့ နှစ်ထပ်အိမ်ဆို နယ်မြေ ၄ ခုတောင် လုပ်လို့ရတာပေါ့"
"နယ်မြေ တစ်ခုတည်းနဲ့တင် မလောက်ဘူးလား။ ငါတို့မှာ အလှဆင်တာတွေ သိပ်မရှိသေးဘူးလေ။"
"ဟေ့... နောက်ဆို ရှိလာမှာပေါ့။ ဒုတိယအဆင့်က ခုမှ စတာလေ၊ ကြိုတင်ပြင်ဆင်ထားတာ ပိုမကောင်းဘူးလား။"
"ငါကတော့ သောက်တုံးပဲ... သစ်ပင်အိမ် တစ်ခုလုံးကို အိပ်ခန်းအဖြစ် မှားသတ်မှတ်မိလိုက်လို့ ၇ ရက်တောင် စောင့်ရဦးမှာ"
"ခင်ဗျားကိုတော့ လက်လန်သွားပြီဗျာ"
အကျယ်အဝန်းကို နားလည်သွားပြီဖြစ်တာကြောင့် ရွှီရှင်းလည်း စိတ်ထဲကနေ စတင်စီစဉ်လိုက်၏။
စတုတ္ထထပ်က စတုရန်းမီတာ ၁၀၀ နီးပါး ကျယ်တာဆိုတော့ ၂၀ လောက်ကို ဖယ်ထုတ်ရမည်။
သူ စဉ်းစားပြီးတာနဲ့ စတုတ္ထထပ်ရဲ့ ထောင့်တစ်နေရာကနေ ၂၀ စတုရန်းမီတာလောက်ကို အခန်းကန့်လိုက်သည်။
ချက်ချင်းဆိုသလို ကျန်တဲ့ ၈၀ စတုရန်းမီတာကို စိုက်ပျိုးရေးခန်းအဖြစ် သတ်မှတ်လိုက်နိုင်ချေပြီ။
ရွှီရှင်းသည် အပြာရောင်အဆင့် ယမ်းစိမ်းတွေကို သုံးပြီး အဲဒီ ၂၀ စတုရန်းမီတာ အခန်းလေးကို အပူချိန် ၃ ဒီဂရီ၊ ၄ ဒီဂရီလောက်ပဲရှိတဲ့ အအေးခန်းအဖြစ် ပြောင်းလဲလိုက်၏။
အခုကစပြီး စတုတ္ထထပ်က ထွက်တဲ့ အစိမ်းရောင်အဆင့် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို ဒီမှာ သိမ်းလို့ရပြီဖြစ်သည်။
ပထမထပ်က အအေးခန်းကြီးက အပူချိန် အနှုတ် ၂၀၊ ၃၀ လောက်အထိ အေးတာကြောင့် လတ်ဆတ်တဲ့ အသီးအနှံတွေ သိမ်းဖို့က အဆင်မပြေပေ။
အောက်ထပ်က အအေးခန်းကို အသားတွေ ခဲထားဖို့ သုံးပြီး၊ ဒီအပေါ်ထပ်က အခန်းကိုတော့ အသီးအနှံတွေ သိမ်းဖို့ သုံးရမည်။
ဒီအချိန်မှာ စတုတ္ထထပ်က အစိမ်းရောင်အဆင့် အသီးတွေ အများကြီး မှည့်နေပြီဖြစ်တာကြောင့် သူ ခူးလိုက်ပြီး အအေးခန်းထဲမှာ သိမ်းဆည်းလိုက်သည်။
တတိယထပ်နဲ့ စတုတ္ထထပ်ကို စနစ်တကျ လုပ်ပြီးတဲ့နောက်မှာတော့ အရှုပ်ထွေးဆုံး ဖြစ်တဲ့ ဒုတိယထပ်ကို ကိုင်တွယ်ရမည့် အချိန်ပင်။
ဒုတိယထပ်မှာ ပေါင်းစပ်ဖန်တီးမှု စင်မြင့်၊ အရည်ကျိုဖို၊ လက်နက်နဲ့ ချပ်ဝတ်ပြုလုပ်တဲ့ စင်မြင့်၊ ဗီဇပြောင်းဆေးရည် စင်မြင့်၊ အခြေခံ ကိရိယာလုပ်တဲ့ စင်မြင့်၊ အဂ္ဂိရတ် စင်မြင့် စသဖြင့် အများကြီး ရှိနေ၏။
သူစီစဉ်ထားတဲ့ ဒုတိယထပ်ကို ကြည့်ပြီး ရွှီရှင်း ခေါင်းပင် ကိုက်လာရသည်။
သူသည် ၅၀ စတုရန်းမီတာရှိတဲ့ အခန်းတစ်ခုကို ကန့်လိုက်ပြီး အဲဒီထဲမှာ ပေါင်းစပ်ဖန်တီးမှု စင်မြင့်၊ လက်နက်နဲ့ ချပ်ဝတ်စင်မြင့်၊ ဗီဇပြောင်းဆေးရည်စင်မြင့်နဲ့ အခြေခံကိရိယာစင်မြင့်တွေကို ထည့်လိုက်ကာ အလုပ်ရုံ ဆိုင်းဘုတ် ကို ချိတ်လိုက်၏။
ဒီအခန်းက အကြီးဆုံးဖြစ်တာကြောင့် နောက်ပိုင်း ရလာမယ့် တခြား စင်မြင့်တွေကိုလည်း ဒီမှာပဲ ထားမည်ဟု ဆုံးဖြတ်လိုက်သည်။
နောက်ပြီး အရည်ကျိုဖိုအတွက် ၁၀ စတုရန်းမီတာရှိတဲ့ အခန်းတစ်ခု ကန့်လိုက်ကာ သတ္တုအရည်ကျိုခန်း ဆိုင်းဘုတ် ကို ချိတ်လိုက်သည်။
အရည်ကျိုဖိုကို သီးသန့်ထားရခြင်းမှာ အရည်ကျိုတဲ့အခါ အပူတွေ အများကြီး ထွက်တာကြောင့် ဖြစ်၏။
အရည်ကျိုခန်းရဲ့ အာနိသင်က အပူတွေကို ထိန်းချုပ်ပေးပြီး အခန်းအပူချိန်ကို အသင့်အတင့် ဖြစ်စေသလို အရည်ကျိုနှုန်းကိုလည်း မြန်စေသည် မဟုတ်ပါလား။
နောက်ဆုံးကတော့ သူ့ရဲ့ အဂ္ဂိရတ် စင်မြင့်ပင်။
အဂ္ဂိရတ်ပညာဟာ ချီရွှယ်ဖေးရဲ့ ဆေးပညာလိုပဲ သီးသန့်နယ်ပယ်တစ်ခု ဖြစ်တာကြောင့် သူလည်း အဂ္ဂိရတ်ခန်း တစ်ခု သီးသန့်ရှိရမည်။
၁၀ စတုရန်းမီတာလောက် အခန်းကန့်ပြီး စင်မြင့်ကို ထည့်ကာ အဂ္ဂိရတ်ခန်း ဆိုင်းဘုတ် ကို ချိတ်လိုက်၏။
အဂ္ဂိရတ်ခန်းက အဂ္ဂိရတ်လုပ်တဲ့ အောင်မြင်မှုကို မြှင့်တင်ပေးသလို ကုန်ကြမ်း သုံးစွဲမှုကိုလည်း လျှော့ချပေးမည် ဖြစ်သည်။
ဒီနည်းနဲ့ သူ လိုအပ်တဲ့ လုပ်ဆောင်ချက် နယ်မြေတွေ အားလုံးကို သစ်ပင်အိမ်ထဲမှာ သတ်မှတ်ပြီးသွားချေပြီ။
စတုတ္ထထပ်မှာ စိုက်ပျိုးရေးခန်း၊ တတိယထပ်မှာ စားသောက်ခန်း၊ မီးဖိုချောင်၊ အိပ်ခန်းနဲ့ အနုပညာခန်း၊ ဒုတိယထပ်မှာတော့ အလုပ်ရုံ၊ အရည်ကျိုခန်းနဲ့ အဂ္ဂိရတ်ခန်းတို့ပဲ ဖြစ်သည်။
လုပ်ဆောင်ချက် ဆိုင်းဘုတ်မရှိတာကြောင့် သတ်မှတ်လို့ မရသေးတဲ့ နေရာတွေကတော့ ပထမထပ်က အအေးခန်းကြီးနဲ့ စတုတ္ထထပ်မှာ အသစ်ဆောက်လိုက်တဲ့ အအေးခန်းလေးပဲ ဖြစ်သည်။
"ပြီးပြည့်စုံသွားပါပြီ။"
---
အခန်း ၁၈၃ ပြီး။