← Chapters

ကျောက်မီးသွေးတွင်းနှင့်သံမဏိမီးတောက် (၂)

Vol. 13 Ch. 188

ကျောက်မီးသွေးတွင်းနှင့်သံမဏိမီးတောက် (၂)

Vol. 13 Ch. 188

ကြင်ယာတော် သင်းခွေချပ်ကြီးက တူးတာကို ရပ်လိုက်ပြီ ဖြစ်သည်။

သူမသည် အောက်ခြေတွင် တော်တော်လေး ကျယ်ဝန်းသော နေရာလွတ်တစ်ခုကို တူးထားပြီး ရွှီရှင်း ခြေချလိုက်သည့်နေရာတိုင်းမှာ အမည်းရောင် ကျောက်မီးသွေးတွေချည်းပဲ ဖြစ်နေ၏။

"အများကြီးပါလား။ ဒါက တကယ်ကို များလွန်းတယ်"

ဂူထဲမှာတော့ ကြင်ယာတော် တူးရင်းနဲ့ ကွဲအက်နေတဲ့ ကျောက်မီးသွေး အပိုင်းအစတွေ ပြည့်နေချေပြီ။

ရွှီရှင်းက အမြန်ပဲ လိုက်ကောက်လိုက်၏။

[ကျောက်မီးသွေး ၃၆၇ ခု ရရှိပါသည်။]

"ဘုရားရေ... ခဏလေးအတွင်းမှာတင် ဒီလောက်အများကြီး တူးထုတ်နိုင်တာလား။"

ရွှီရှင်းက သူ့ရဲ့ သံတူးပေါက်ချွန်းကို ထုတ်ပြီး တစ်ချက် ပေါက်ကြည့်လိုက်ရာ မြေကြီးကွဲထွက်သွားပြီး ကျောက်မီးသွေး အပိုင်းအစ အချို့ ထွက်လာသည်။

ဒါဆိုရင်တော့ အဆင်ပြေပြီ၊ ကျောက်မီးသွေး အထွက်နှုန်းက တော်တော်ကောင်းတာပဲ။

ဒီကျောက်မီးသွေးတွင်းသာရှိရင် သံမဏိမီးတောက် တွေကို သူစိတ်ကြိုက် ထုတ်လုပ်နိုင်လေပြီ။

သံမဏိမီးတောက် တစ်ခုလုပ်ဖို့ ကျောက်မီးသွေး ၂၅ ခုနဲ့ ဗီဇပြောင်းအပင်ရည် ၁ ကီလိုဂရမ် လိုသည်။

အစကတော့ ကုန်ကြမ်းသုံးစွဲမှု များလွန်းလို့ အမြောက်အမြား မလုပ်နိုင်မှာ စိုးရိမ်ခဲ့၏။

ဒါပေမဲ့ ကျောက်မီးသွေးက ဒီလောက်အထိ အလျှံပယ် ထွက်နေလိမ့်မည်လို့ သူ မထင်ထားခဲ့ပေ။

ဒါ့အပြင် သူကိုယ်တိုင် လုပ်နေစရာတောင် မလိုပေ။

ကြင်ယာတော်က မိနစ်ဝက်လောက် အေးအေးဆေးဆေး တူးလိုက်ရုံနဲ့တင် ကျောက်မီးသွေး ရာနဲ့ချီ၊ ထောင်နဲ့ချီ ထွက်လာတာ မဟုတ်လား။

ဗီဇပြောင်းအပင်ရည်ကလည်း သူ့ဆီမှာ အပုံလိုက် ကျန်သေးသည်။

အရင်တစ်ခါ သွေးရောင်ဆူးနွယ်ပင် အချို့ကို ဝေပေးလိုက်တယ်ဆိုပေမဲ့ ကျန်နေတာတွေက အများကြီးပင်။

အပင်ရည်တွေ အကုန်စုလိုက်လျှင် ကီလို ရာဂဏန်းလောက်ရဖို့က ပြဿနာ မရှိပေ။

"ကြင်ယာတော်... နည်းနည်းလောက် ထပ်တူးပေးပါဦး"

ရွှီရှင်းက အမိန့်ပေးလိုက်၏။

ကြင်ယာတော်က သူမရဲ့ စူးရှတဲ့ လက်သည်းတွေနဲ့ ဂူထဲက ကျောက်မီးသွေးတွေကို ဆက်ပြီး တူးဆွနေတော့သည်။

မကြာခင်မှာပဲ ရွှီရှင်းရဲ့ လက်ထဲက ကျောက်မီးသွေး အရေအတွက်ဟာ ၁၀၀၀ ပြည့်သွားချေပြီ။

"ရပြီ... တော်ပြီ။ ဪ... ပြီးတော့ ဂူဝကို နည်းနည်း ထပ်ချဲ့ပေးဦး၊ မဟုတ်ရင် ငါ အဝင်အထွက်လုပ်တိုင်း တွားသွားနေရမှာ မို့လို့"

၁ မီတာလောက် အချင်းရှိတဲ့ ဂူဝက ကြင်ယာတော်အတွက် အဆင်ပြေပေမဲ့ မတ်တတ်ရပ် လမ်းလျှောက်တဲ့ သူ့အတွက်တော့ အရမ်း သေးလွန်းလှသည်။

ဒီတွင်းက နောက်ပိုင်း သူ ခဏခဏ လာရမယ့် နေရာဖြစ်တာကြောင့် သေသေချာချာ ပြင်ထားမှ ဖြစ်မည်။

ဂူဝကို ချဲ့ပြီးနောက် ရွှီရှင်း ဂူထဲကနေ ပြန်ထွက်လာခဲ့၏။

သူ့ရဲ့ မြွေကြေးခွံချပ်ဝတ်တန်ဆာ တစ်ခုလုံးလည်း ကျောက်မီးသွေးတွေကြောင့် မည်းမှောင်နေချေပြီ။

ဂူဝမှာ စောင့်ကြည့်နေတဲ့ ခဲခဲလေးကတော့ မည်းတူးနေတဲ့ ရွှီရှင်းကို မြင်တာနဲ့ ၂ စက္ကန့်လောက် ကြောင်ကြည့်ပြီးမှ လက်သည်းလေးနဲ့ ပါးစပ်ကိုပိတ်ကာ တခိခိ ရယ်နေတော့သည်။

"ဒီကောင်မလေးကတော့လေ"

ရွှီရှင်းက စိတ်တိုတိုနဲ့ ခဲခဲလေးကို ချီပြီး ပခုံးပေါ်တင်လိုက်ကာ

"နင် ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ဦး၊ နင့်အမွှေးတွေမှာလည်း မမည်းတဲ့နေရာ မရှိဘူး"

"အီးးး"

ရွှီရှင်းပြောတာ ကြားတာနဲ့ ခဲခဲလေးက ကိုယ်ကို ခါချလိုက်ရာ အမည်းမှုန်တွေ အကုန်လွင့်စင်သွားပြီး သူမရဲ့ အမွှေးတွေက ချက်ချင်းဆိုသလို ပြန်ပြီး တောက်ပြောင်လှပသွားတော့သည်။

ရွှီရှင်းမှာတော့ ရေချိုးစရာမလိုဘဲ အမြဲ သန့်ရှင်းနေတဲ့ ခဲခဲလေးရဲ့ စွမ်းရည်ကို တကယ်ပဲ အားကျနေမိသည်။

ကျောက်မီးသွေး တစ်ထောင်ကျော်ကို သယ်ပြီး ရွှီရှင်း သစ်ပင်အိမ်ကို အမြန်ပြန်လာခဲ့၏။

သံမဏိမီးတောက်တွေကို ချက်ချင်း မလုပ်သေးဘဲ ရေကန်မှာ အရင်ဆုံးသွားဆေးကြောလိုက်သည်။

ကြင်ယာတော်ကလည်း ကန်ဘောင်က ရွှံ့တွေထဲမှာ လူးလိမ့်ပြီး သင်းခွေချပ်တွေရဲ့ ထူးခြားတဲ့ နည်းလမ်းနဲ့ အညစ်အကြေးတွေကို ဆေးကြောနေ၏။

ရေကန်အစပ်မှာ ရပ်နေရင်း ရွှီရှင်းသည် ငြိမ်သက်နေသော်လည်း နက်ရှိုင်းလှတဲ့ ရေကန်အလယ်ဗဟိုကို လှမ်းကြည့်ကာ အခုပင် ရေငုပ်ကြည့်ရင် ကောင်းမလားလို့ စဉ်းစားနေမိသည်။

သူ့ရဲ့ ဖိအားဒဏ် ခံနိုင်ရည်က တိုးလာပြီဖြစ်တာကြောင့် မီတာ ၄၀ အနက်မှာရှိတဲ့ အစိမ်းရောင် သတ္တုရိုင်းတွေကို သွားကောက်နိုင်လောက်သည်။

"အီးးး"

ရုတ်တရက် ခဲခဲလေးက ကန်ဘောင်ကနေ စိုးရိမ်တကြီး အော်လိုက်သဖြင့် သူ့အတွေးတွေ ပြတ်သွားရသည်။

"နေဦး... ရေကန်အလယ်မှာ အန္တရာယ် ရှိနေတာလား။"

ရွှီရှင်း မျက်မှောင်ကြုတ်လိုက်ပြီး ရေထဲကနေ အမြန်ပြန်တက်ကာ ခဲခဲလေးကို မေးလိုက်သည်။

"ရေကန်ထဲမှာ အန္တရာယ် ရှိလို့လား"

"အီးးး"

ခဲခဲလေးက အတည်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြ၏။

ခဲခဲလေးရဲ့ အဖြေကို ရတာနဲ့ မြေပုံကို ကြည့်လိုက်ရာ အနီရောင်အစက်တွေတော့ မတွေ့ရပေ။

ကြည့်ရတာ ရေကန်အလယ်က ဧရာမမြွေကြီးပဲ ဖြစ်ရမည်။

ဒုတိယအဆင့် ရောက်လာပြီဆိုတော့ သူ ပြန်ရောက်လာတာများလားမသိဘူး။

"မဖြစ်နိုင်ပါဘူး..."

ဒုတိယအဆင့်မှာ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်လို့ ရတယ်ဆိုပေမဲ့ ရေအောက်ထဲအထိ ငုပ်နိုင်တဲ့ ဧရာမမြွေကြီးကို ကိုင်တွယ်ဖို့ကတော့ နည်းနည်း လွန်လွန်းလှသည်။

ခေတ်မီ လက်နက်ကြီးတွေ မရှိဘဲနဲ့တော့ ဒီအကောင်ကို နိုင်ဖို့ မလွယ်ပေ။

ဘာပဲဖြစ်ဖြစ် အခုအချိန်မှာတော့ ရေငုပ်ဖို့ မသင့်တော်သေးတာ အမှန်ပင်။

ငြိမ်သက်နေပေမဲ့ အန္တရာယ်တွေ ပြည့်နေတဲ့ ရေကန်ကြီးကို နောက်ဆုံးတစ်ချက် ကြည့်ပြီးနောက် ရွှီရှင်း လှည့်ထွက်လာခဲ့တော့သည်။

သစ်ပင်အိမ်ကို ပြန်ရောက်တော့ ခဲခဲလေးက ငွေရောင်ဘုရင်၊ မီမီတို့ဆီ ပြေးသွားပြီး သူမကြုံခဲ့ရတာတွေကို အသံလေးတွေပြုကာ လိုက်ပြောနေတော့သည်။

ရွှီရှင်းကတော့ အဂ္ဂိရတ်ခန်းကို သွားပြီး အဂ္ဂိရတ် ပေါင်းစပ်ဖန်တီးမှု စင်မြင့်မှာ သံမဏိမီးတောက် ကို ရှာလိုက်၏။

[သံမဏိမီးတောက်: သံမဏိတုံးတွေ အရည်ကျိုဖို့အတွက် သံတုံးတွေနဲ့အတူ အရည်ကျိုဖိုထဲ ထည့်ရမည်။ သံတုံးရဲ့ အဆင့်အတိုင်း သံမဏိတုံးတွေကို ရရှိစေမည်။ လိုအပ်သည့် ပစ္စည်းများ - ဗီဇပြောင်းအပင်ရည် ၁ ကီလိုဂရမ် နှင့် ကျောက်မီးသွေး (အစိမ်းရောင်အဆင့်) ၂၅]

သူ ချက်ချင်းပဲ ပေါင်းစပ်ဖန်တီးလိုက်သည်။

သံမဏိမီးတောက်လို့ အမည်ပေးထားပေမဲ့ မီးတောက် မဟုတ်ဘဲ အမည်းရောင် ပျစ်ပျစ်အရည်တွေဖြစ်ပြီး အထွေထွေ အဂ္ဂိရတ်ကုန်ကြမ်းနဲ့ တော်တော်လေး ဆင်တူလှသည်။

ဓာတ်ခွဲပုလင်းထဲ ထည့်လိုက်တဲ့အခါ သံမဏိမီးတောက် တစ်ပုလင်း အောင်မြင်စွာ ပြီးဆုံးသွားချေပြီ။

နောက်တစ်ဆင့်ကတော့ ဒါကို သံတုံးတွေနဲ့အတူ အရည်ကျိုဖိုထဲ ထည့်လိုက်ရုံပင်။

ရွှီရှင်း အရည်ကျိုဖိုဆီ သွားပြီး အပြာရောင်အဆင့် သံတုံးတစ်တုံး ထည့်လိုက်၏။

ပြီးနောက် သံမဏိမီးတောက်ကို လောင်းထည့်ကာ ဖိုအောက်ခြေမှာ ကျောက်မီးသွေး အပိုင်းအစ အချို့ကို ထည့်လိုက်သည်။

ကျောက်မီးသွေးရဲ့ ဖော်ပြချက်အရ ဒါဟာ အရည်ကျိုနှုန်းကို မြှင့်တင်ပေးနိုင်သည် မဟုတ်ပါလား။

[အရည်ကျိုနေဆဲ: သံမဏိတုံး။ ကျန်ရှိသည့် အချိန်: မိနစ် ၅၀။]

ဘာ...မိနစ် ၅၀ တောင်လား..။

သံမဏိကျိုတဲ့ အချိန်က အရမ်းကြာလွန်းလှချေလား။

ကျောက်မီးသွေးနဲ့ ကူထားတာတောင်မှပဲ.... ပုံမှန်ဆိုရင် တစ်တုံးကို တစ်နာရီလောက် ကြာမှာလားမသိဘူး...။

မဟုတ်ဘူး...

အရည်ကျိုတာက သူ့ရဲ့ အားသာချက် မဟုတ်ပေ။

ဒီအလုပ်ကို လီဝမ်ရှီးဆီပဲ အပ်ရမည်။

သူမဆီမှာ အရည်ကျိုဖိုတွေ အများကြီးရှိသလို အရည်ကျိုခန်းကိုလည်း မြှင့်တင်ထားတာဆိုတော့ သူ့ထက် အများကြီး ပိုမြန်မှာ သေချာသည်။

ရွှီရှင်း အဂ္ဂိရတ်ခန်းမှာ သံမဏိမီးတောက်တွေ အမြောက်အမြား ထပ်လုပ်လိုက်ပြီး လီဝမ်ရှီးထံသို့ လွှဲပြောင်းပေးရန် ပြင်လိုက်၏။

စက္ကန့်ပိုင်းအတွင်းမှာပဲ သူမက လက်ခံလိုက်ပြီး ဗီဒီယိုပါ တစ်ခါတည်း ခေါ်လာတော့သည်။

ရွှီရှင်း ဖုန်းလက်ခံလိုက်ရာ သူမဟာ သစ်ပင်အိမ်အပြင်ဘက်မှာ နွားတစ်ကောင်ကို စီးနေတာ တွေ့ရ၏။

သူမက သားရေချပ်ဝတ်ကို ဝတ်ထားပြီး ကြည့်ရတာ တကယ့် သူရဲကောင်းမလေး တစ်ယောက်လို ထက်မြက်လှ၏။

လီဝမ်ရှီးရဲ့ အပြာရောင်အဆင့် သံချပ်ဝတ်ကို ပြီးခဲ့တဲ့ပွဲတုန်းက ဝမ်လေ့ကို ပေးလိုက်ရတာ သူ ရုတ်တရက် သတိရသွားသည်။

"နွားကြီး... ပြန်လှည့်၊ ဟိုဘက် မသွားတော့ဘူး၊ အိမ်ပြန်မယ်။ အာ... ရွှီရှင်း၊ သံမဏိကျိုဖို့ ကုန်ကြမ်းတွေကို ရှင် ဘယ်လို ရှာတွေ့တာလဲ"

လီဝမ်ရှီးက နွားကို ပြန်လှည့်ခိုင်းရင်း စိတ်လှုပ်ရှားစွာ မေးလိုက်၏။

"အင်း... ငါ စွမ်းရည်တစ်ခု ရထားလို့လေ၊ အဂ္ဂိရတ်ပညာတဲ့။"

ရွှီရှင်း သူမကို ဖုံးကွယ်မထားဖို့ ဆုံးဖြတ်လိုက်သလို၊ စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်တွေကိုလည်း အကုန်ပြောပြဖို့ စဉ်းစားထားသည်။

အဂ္ဂိရတ်ပညာက ရှင်သန်နိုင်စွမ်းကို အများကြီး မြှင့်တင်ပေးနိုင်တာလေ။

အခုဆိုရင် အားလုံးက လှေတစ်စင်းတည်း စီးနေကြတာဆိုတော့ ကုန်ကြမ်းတွေ စုပေါင်းပြီး အချင်းချင်း အကျိုးရှိအောင် လုပ်ရမယ့် အချိန်ပဲပေါ့။

"အဂ္ဂိရတ်ပညာ ဟုတ်လား"

လီဝမ်ရှီး မျက်လုံးတွေ ပိုပြူးသွားရသည်။

"နားထောင်ရတာ တော်တော် အစွမ်းထက်မယ့်ပုံပဲ။ ရှင် ကျွန်မဆီက ကုန်ကြမ်းတွေ အများကြီး တောင်းတာ ဒါအတွက်ပေါ့လေ"

"ဟုတ်တယ်၊ ဒီသံမဏိမီးတောက်ကို အဂ္ဂိရတ်ပညာနဲ့ လုပ်ထားတာ။ ငါကိုယ်တိုင် စမ်းကြည့်တော့ သံမဏိကျိုဖို့က အချိန်တော်တော် ကြာတယ်ဗျာ။ ဒါကြောင့် မင်းကို ကူပြီး ကျိုခိုင်းမလို့။ ရလာတဲ့ သံမဏိတုံးတွေကို ငါတို့ တစ်ဝက်စီ ခွဲယူကြရင် ဘယ်လိုလဲ"

သူက သံမဏိမီးတောက် ပေးမယ်၊ လီဝမ်ရှီးက သံတုံးတွေ ထုတ်ပြီး ကျိုပေးမယ်၊ ပြီးရင် တစ်ဝက်စီ ခွဲမယ်၊ ဒါက တရားမျှတပါတယ်လေ။

"ကျွန်မ ကိုပဲ အပ်ထားလိုက်"

လီဝမ်ရှီးက ယုံကြည်မှုအပြည့်နဲ့ ရင်ဘတ်ကို ပုတ်ပြလိုက်သည်။

"ကျွန်မရဲ့ အရည်ကျိုခန်းကတော့ အမြန်ဆုံးပဲ။ ကျွန်မ ရသမျှ ရမှတ်တွေ အကုန်လုံးကို အရည်ကျိုခန်း အလှဆင်တဲ့နေရာမှာပဲ သုံးထားတာလေ။ အခုဆို အရည်ကျိုနှုန်းက နှစ်ဆထက်မက မြန်နေပြီ၊ ရှင် ကျေနပ်စေရမယ်။ အမြောက်အမြား ထုတ်လုပ်ဖို့ဆိုတာ အိပ်မက် မဟုတ်တော့ဘူး"

"ကျွန်မ ကို တစ်ဝက် ခွဲပေးနေစရာ မလိုပါဘူး။ ရှင့် မှာ ကုန်ကြမ်းတွေ မရှိတော့ ကျွန်မ ပဲ ကျိုပေးမယ်လေ။ ဒါပေမဲ့ ရှင်လုပ်တဲ့ အထဲက ကျွန်မ လည်း နည်းနည်းပါးပါးတော့ လိုချင်တာပေါ့"

လီဝမ်ရှီးက သံမဏိတုံးတွေ ထုတ်နိုင်ရင်တောင် အဲဒါတွေနဲ့ ပစ္စည်းလုပ်ဖို့ စွမ်းရည် သူမမှာ မရှိပေ။

သတ္တုကိုသုံးပြီး လက်နက်နဲ့ ချပ်ဝတ်လုပ်နိုင်တာက ရွှီရှင်းနဲ့ ကျိချောင်းယန် နှစ်ယောက်တည်း ရှိတာလေ။

သူမကတော့ အလွန်ဆုံးရှိလှ ရှင်သန်ရေး ကိရိယာတွေပဲ လုပ်နိုင်တာပေါ့။

ရွှီရှင်းကလည်း ဒါကို သဘောတူပါသည်၊ ဘာလို့လဲဆိုတော့ သူက အဂ္ဂိရတ် ပစ္စည်းတွေကို အပြင်မှာပါ ရောင်းချဖို့ စဉ်းစားထားတာကိုး...

"ကောင်းပြီလေ၊ ဒါဆို မင်း မြန်မြန်ပြန်ပြီး စမ်းကျိုကြည့်လိုက်ဦး။ ငါ မင်းအတွက် အရည်ကျိုနှုန်း မြန်စေမယ့် ရုပ်တုတစ်ခု ထပ်ထွင်းပေးမယ်"

"တကယ်ကြီးလား ဒါဆို ဒီတစ်ခါ ရုပ်တုကိုတော့ ကျွန်မ ရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ကွက်တိတူအောင် ထွင်းပေးနော်၊ ဟဲဟဲ"

---

အခန်း ၁၈၈ ပြီး။

All Chapters