← Chapters

အနုပညာမှာလည်း အကန့်အသတ် ရှိသည်

Vol. 13 Ch. 189

အနုပညာမှာလည်း အကန့်အသတ် ရှိသည်

Vol. 13 Ch. 189

ရွှီရှင်းသည် သံမဏိမီးတောက် အချို့ကို ထပ်မံဖော်စပ်ပြီး လီဝမ်ရှီးထံ လွှဲပြောင်းပေးလိုက်၏။

တစ်ချိန်တည်းမှာပင် လီဝမ်ရှီးအတွက် ကျောက်မီးသွေးအချို့ကိုလည်း ပေးလိုက်သည်။

သူ၏ အစောပိုင်းလေ့လာချက်အရ ကျောက်မီးသွေး (အစိမ်းရောင်အဆင့်) တစ်ခုသည် အရည်ကျိုဖိုကို တစ်နာရီကြာ တောက်လောင်စေနိုင်ပြီး ၎င်းမှာ အစိမ်းရောင်အဆင့် သစ်သားတစ်တုံး၏ လောင်စာသက်တမ်းထက် ပိုတိုသည်။

သို့သော်လည်း ကျောက်မီးသွေးမှာ ရရှိရန် လွယ်ကူလှ၏။

ထိုကျောက်မီးသွေးတွင်းကြီးမှာ ဘယ်လောက်အထိ တူးလို့ရဦးမလဲ သူ မသိသော်လည်း တစ်ချက်ပေါက်လိုက်တိုင်း ကျောက်မီးသွေး ဆယ်တုံး၊ နှစ်ဆယ်တုံးခန့် ရရှိနိုင်ရာ သစ်သားငါးတုံးသာ ထွက်သည့် အစိမ်းရောင်အဆင့် သစ်ပင်တစ်ပင်ကို ခုတ်ရသည်ထက် အများကြီး ပိုလွယ်ကူသည်။

အရေးကြီးဆုံးအချက်မှာ ကျောက်မီးသွေးသည် အရည်ကျိုဖို၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ခြင်းပင် ဖြစ်၏။

"ဒါ ကျောက်မီးသွေးပေါ့"

လီဝမ်ရှီးမှာ ဝမ်းသာအားရ ဖြစ်သွားသည်။

"ဒါက အရည်ကျိုနှုန်းကို တကယ် မြှင့်ပေးနိုင်တာပဲ။ ရှင် ကျောက်မီးသွေးတွင်းကို ရှာတွေ့ခဲ့တာလား"

"အင်း... ငါ့သစ်ပင်အိမ်နားမှာတင်ပဲ၊ မြေအောက် ၅ မီတာ၊ ၆ မီတာလောက်မှာ မြုပ်နေတာ"

"မြေအောက်ထဲမှာကိုး။ ကျွန်မ လည်း ကျောက်မီးသွေးတွင်းကို အပူတပြင်း လိုက်ရှာနေတာ ရှာမတွေ့ခဲ့ဘူး... ရှင်ကျတော့ မြေအောက်မှာ သွားတွေ့တယ်ပေါ့လေ"

လီဝမ်ရှီး မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပြီး

"ရှင့်ရဲ့ အဂ္ဂိရတ်စွမ်းရည်က ရှာပေးလိုက်တာလားမသိဘူးနော်"

"မင်းရဲ့ သတ္တုတွင်းရှာတဲ့ စွမ်းရည်နဲ့ ဆင်တူမှာပါ"

ရွှီရှင်း ပြုံးပြလိုက်သည်။

"...ဒါဆိုလည်း ကောင်းပြီလေ၊ ကျွန်မ သံမဏိတုံးတွေ သွားကျိုပေးမယ်"

ရွှီရှင်း ဖုန်းချလိုက်ပြီး အနုပညာခန်းသို့ သွားကာ ရုပ်တုထွင်းထုသည့် စားပွဲတွင် ထိုင်လိုက်၏။

သူ့ရဲ့ လက်ရှိအရှိန်အရဆိုလျှင် ၁၅ မိနစ်မှာ ရုပ်တုအသေးတစ်ခု ပြီးနိုင်ပြီး တစ်နာရီမှာ အလှဆင်ရမှတ် ၄၀ ရနိုင်မှာ ဖြစ်သည်။

သူသည် စိတ်ဝိညာဉ်စွမ်းအား အပြည့်အဝရှိနေစေရန် လိမ္မော်သီးတစ်လုံး စားလိုက်ပြီး ကျောက်ဆစ်ဓား ကို ကိုင်ကာ အာရုံစိုက်လိုက်တော့သည်။

မကြာခင်မှာပင် လီဝမ်ရှီးအတွက် လက်ဆောင်ပေးမည့် ပထမဆုံးရုပ်တု ပြီးသွားချေပြီ။

သူသည် လက်နှစ်ဖက်ကို ခါးထောက်ပြီး ရပ်နေသည့် မိန်းကလေးငယ်ပုံစံကို ထွင်းထုလိုက်ခြင်းဖြစ်ပြီး သူမ၏ ဦးခေါင်း၊ ကိုယ်ထည်နှင့် ခြေထောက် အချိုးအစားများအပြင် ခန္ဓာကိုယ်အလှကိုပါ တစ်ပုံစံတည်း ထွက်လာအောင် ထွင်းထားခြင်း ဖြစ်သည်။

အလှဆင်ရမှတ် ၁၀ မှတ် တိုးသွားကြောင်း အသိပေးသံ မြည်လာ၏။

ရွှီရှင်းသည် ထိုရုပ်တုလေးကို ဘေးတွင် ခဏထားလိုက်ပြီး အစိမ်းရောင်အဆင့် ပုံဆောင်ခဲတစ်ခုကို ထုတ်ကာ ဆက်လက် ထွင်းထုနေပြန်သည်။

ထွင်းထုခြင်းတွင် နစ်မျောနေသောကြောင့် ရွှီရှင်းမှာ အချိန်ကုန်မှန်းပင် မသိတော့ဘဲ ရုပ်တုလေးများကို တစ်ခုပြီးတစ်ခု အလျင်အမြန် ဖန်တီးနေတော့သည်။

သူထွင်းလိုက်သည့် ရုပ်တုများမှာ သွေးရောင်အစင်းပါ ယုန်၊ သွေးရောင်အစင်းပါ ကြောင်နှင့် သူသတ်ခဲ့သည့် အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲ ဖြစ်သော သွေးရောင်အစင်းပါ ငါး တို့၏ ပုံစံများ ဖြစ်သည်။

ရေထဲကနေ ခုန်တက်လာသည့် ငါး ရုပ်တုဖြစ်သော စတုတ္ထမြောက်ရုပ်တု ပြီးသွားသောအခါ ရွှီရှင်း သက်ပြင်းတစ်ချက် ချလိုက်ပြီး ကျောက်ဆစ်ဓားကို ချကာ ကုလားထိုင်တွင် မှီချလိုက်၏။

အချိန်ကို ကြည့်လိုက်ရာ ရုပ်တု ၄ ခုအတွက် အချိန်တစ်နာရီ ကြာခဲ့သည်။

တစ်နာရီမှာ အလှဆင်ရမှတ် ၄၀ ဆိုတာ တကယ်ကို ကောင်းလှသည် မဟုတ်ပါလား။

သို့သော်လည်း ဒီတစ်ခါမှာတော့ အသိပေးချက်က ပြောင်းလဲသွား၏။

[သစ်ပင်အိမ်အတွင်း၌ ဗီဇပြောင်း ငါး အနီရုပ်တု (အစိမ်းရောင်အဆင့်) ကို ထားရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အလှဆင်ရမှတ် +၁၀၊ လက်ရှိ သစ်ပင်အိမ် အလှဆင်ရမှတ်: ၃၁၉.၆၈]

[သစ်ပင်အိမ်အတွင်းရှိ အစိမ်းရောင်အဆင့် ပုံဆောင်ခဲရုပ်တု အရေအတွက်မှာ အကန့်အသတ်သို့ ရောက်ရှိသွားပါပြီ။ ထပ်မံတိုးရသော်လည်း အလှဆင်ရမှတ် တက်လာမည် မဟုတ်တော့ပါ။]

ထင်ထားတဲ့အတိုင်းပဲ၊ အဆင့်တူတဲ့ ပုံဆောင်ခဲရုပ်တုတွေမှာ အရေအတွက် အကန့်အသတ် ရှိနေတာပဲ။

ဒါပေမဲ့ မပြုပြင်ရသေးတဲ့ အခြေခံကုန်ကြမ်းတွေထက်စာရင်တော့ အရေအတွက် ပိုများတာပေါ့။

အနုပညာမှာလည်း အကန့်အသတ် ရှိနေတာပါလား။

ရွှီရှင်း တွက်ချက်ကြည့်လိုက်သည်။

ဒီနေ့မတိုင်ခင်က သူသည် ခဲခဲလေး၊ မီမီ၊ အာဖု၊ ငွေရောင်ဘုရင်နှင့် ကလေးနှစ်ကောင်တို့အတွက် တစ်ခုစီ ထွင်းထားခဲ့သဖြင့် အစိမ်းရောင်အဆင့် ရုပ်တု ၆ ခု ရှိနှင့်ပြီးသား ဖြစ်သည်။

အခု လီဝမ်ရှီးအတွက် ရုပ်တုတစ်ခုနှင့် ဗီဇပြောင်းသားရဲ ၃ ကောင်အတွက် ၃ ခု ထပ်ထွင်းလိုက်သောကြောင့် စုစုပေါင်း ၁၀ လုံး ဖြစ်သွားချေပြီ။

အစိမ်းရောင်အဆင့် ပုံဆောင်ခဲရုပ်တုတွေရဲ့ အကန့်အသတ်က ၁၀ လုံးဖြစ်ပြီး တစ်လုံးကို အလှဆင်ရမှတ် ၁၀ မှတ်စီနဲ့ စုစုပေါင်း ၁၀၀ ရရှိသည်။

ပွဲကရတဲ့ ဆုလာဘ် ၂၀% အပိုနဲ့ ပေါင်းလိုက်ရင် ဒီရုပ်တုတွေကနေ အလှဆင်ရမှတ် ၁၂၀ အထိ ရလိုက်တာပေါ့...။

မပြုပြင်ရသေးတဲ့ အစိမ်းရောင်ပုံဆောင်ခဲက အမှတ် ၆ မှတ်ပဲရပြီး၊ ခရမ်းရောင်ပုံဆောင်ခဲတောင် ၅ မှတ်ပဲ ရတာဆိုတော့ ဒါက တော်တော်လေး များတယ်လို့ ပြောရမှာပင်။

ရွှီရှင်း အနည်းငယ် စိတ်ပျက်သွားသော်လည်း သူကတော့ အလှဆင်ရမှတ်တွေကို အကန့်အသတ်မရှိ တိုးချင်နေ၏။

အခုတော့ အမှတ်တွေ ထပ်တိုးဖို့အတွက် တခြားကုန်ကြမ်းတွေနဲ့ တခြားနည်းလမ်းတွေ လိုအပ်မှာလားမသိပေ။

လောလောဆယ်တော့ ပူစရာ မလိုသေးပါဘူး....။

သူသည် နှင်းဆီသစ်သား စက္ကူကိုသုံးပြီး ပန်းချီဆွဲကာ အမှတ်တိုးအောင် လုပ်လို့ရသလို၊ နှင်းဆီသစ်သား ကိုယ်တိုင်ကလည်း ထွင်းထုလို့ရတဲ့ ကုန်ကြမ်းတစ်ခုပဲ မဟုတ်ပါလား။

သူသည် အစိမ်းရောင်အဆင့် ပုံဆောင်ခဲ နောက်တစ်ခုကို ထုတ်ပြီး ထပ်မံ ထွင်းထုပြန်သည်။

လီဝမ်ရှီးအတွက် ထွင်းပေးမည့် ရုပ်တုများထဲတွင် တစ်ခုမှာ ချို့ယွင်းချက်ရှိခဲ့သဖြင့် အစားပြန်ထိုးပေးရန် လိုအပ်သည် မဟုတ်ပါလား။

တောဝက်ရုပ်တုလေး တစ်ခု ထွင်းပြီးသွားသောအခါ မျှော်လင့်ထားသည့်အတိုင်း အမှတ်တိုးကြောင်း အသိပေးချက် တက်မလာတော့ပေ။

ရွှီရှင်းသည် ထိုရုပ်တုကို စာအုပ်စင်ပေါ်တွင် တင်လိုက်ပြီး သံမဏိကျိုတဲ့ကိစ္စ မေးဖို့ လီဝမ်ရှီးထံ ဖုန်းခေါ်ရန် ပြင်လိုက်စဉ်မှာပင် သူ့နားထဲသို့ အသိပေးသံ တစ်ခု ဝင်လာပြန်သည်။

[ထွင်းထုခြင်း ကျွမ်းကျင်မှု ပြည့်မီသွားသဖြင့် အနုပညာရှင် အဆင့်မှာ အခြေခံအဆင့်သို့ တိုးမြှင့်လိုက်ပါပြီ။]

...အနုပညာရှင် အဆင့် တက်သွားတာလား။

ရွှီရှင်းသည် အနုပညာရှင် ကဏ္ဍကို ချက်ချင်း ဝင်ကြည့်လိုက်ရာ အဆင့်နေရာတွင် စာသားများ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏။

"အနုပညာရှင်အဆင့်: အဆင့်မြင့်။"

အနုပညာရှင်အဆင့်ဟာ နောက်တစ်ဆင့်ဖြစ်တဲ့ အဆင့်မြင့် ကို ရောက်သွားချေပြီ။

ထွင်းထုခြင်း ကျွမ်းကျင်မှုကြောင့် အဆင့်တက်သွားခြင်းဖြစ်ကြောင်း အသိပေးချက်မှာ ပါရှိသည်။

ရွှီရှင်း တွက်ကြည့်လိုက်ရာ လီဝမ်ရှီးအတွက် ရုပ်တုနှစ်ခုအပါအဝင် သူသည် ရုပ်တုအသေး စုစုပေါင်း ၁၂ ခု ထွင်းခဲ့ပြီးမှ အခြေခံအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သူ့ရဲ့ မူလအဆင့်က အခြေခံအဆင့် ဖြစ်သော်လည်း ရေနက်ပုလဲ (အပြာရောင်အဆင့်) ရဲ့ မြှင့်တင်မှုကြောင့် သူ့ရဲ့ အနုပညာရှင်အဆင့်ဟာ အဆင့်မြင့် သို့ ရောက်ရှိသွားခြင်း ဖြစ်ရမည်။

အဆင့်မြင့် အနုပညာရှင် ဖြစ်သွားပြီဖြစ်သဖြင့် အပြာရောင်အဆင့် ပုံဆောင်ခဲတွေကို သူ ကိုင်တွယ်နိုင်ပြီဖြစ်သည်။

ရွှီရှင်းသည် အပြာရောင်အဆင့် ပုံဆောင်ခဲ တစ်ခုကို ချက်ချင်း ထုတ်လိုက်၏။

အစိမ်းရောင် ပုံဆောင်ခဲတွေနဲ့ ယှဉ်လျှင် အပြာရောင်အဆင့်တွေက အများကြီး ပိုကြီးလှသည်။

အစိမ်းရောင်က ကြက်ဥတစ်လုံးစာလောက်ပဲ ရှိသော်လည်း အပြာရောင်ကတော့ လက်သီးဆုပ်လောက် ရှိ၏။

ပြီးခဲ့တဲ့အကြိမ်က အပြာရောင်ပုံဆောင်ခဲကို ထွင်းဖို့ ကြိုးစားခဲ့တဲ့ အရာတွေက ရှိနေဆဲပင်။

အဲဒီတုန်းက သူဟာ ဓားချက် အနည်းငယ်ပဲ လုပ်နိုင်ခဲ့ပြီး ဘယ်လို ဆက်လုပ်ရမှန်း မသိခဲ့ပေ။

ရွှီရှင်း ကျောက်ဆစ်ဓား ကို ကိုင်လိုက်တဲ့အခါ ထွင်းထုခြင်းထဲမှာ နစ်မျောသွားတဲ့ ခံစားချက်က ပြန်ပေါ်လာသဖြင့် သူ တကယ်ကို ပျော်သွားရသည်။

ဒါဆိုအပြာရောင်အဆင့် ပုံဆောင်ခဲတွေကို သူ ထွင်းထုနိုင်ပြီပေါ့..။

ပုံဆောင်ခဲရုပ်တု အရေအတွက် ကန့်သတ်ချက် ရှိနေလို့ စိတ်ပျက်ခဲ့သမျှ အခုတော့ အကုန် ပျောက်ကွယ်သွားရကာ သူသည် ထွင်းထုခြင်းထဲတွင် အာရုံအပြည့်ဖြင့် နစ်မျောသွားတော့သည်။

ဘယ်လောက်တောင် အချိန်ကုန်သွားလဲ သူ မသိတော့ပေ၊ လက်ပတ်နာရီ တုန်ခါသံကြောင့် သူ သတိပြန်ဝင်လာခဲ့ရ၏။

လီဝမ်ရှီးဆီက ဗီဒီယိုခေါ်ဆိုမှု ဖြစ်နေချေပြီ။

သူသည် ထွင်းထုရာတွင် အလွန်ချောမွေ့နေသည်ဟု ခံစားရသော်လည်း အပြာရောင်အဆင့် ရုပ်တုရဲ့ ပြီးစီးမှုနှုန်းကတော့ ၁၀ ရာခိုင်နှုန်းတောင် မရှိသေးပေ။

အချိန်ကို ကြည့်လိုက်ရာ ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။

သူ ဒီအပြာရောင်ပုံဆောင်ခဲကို ထွင်းနေတာ တစ်နာရီတောင် ရှိသွားပြီလား.....။

တစ်နာရီလုံးလုံး ထွင်းတာတောင် ၁၀ ရာခိုင်နှုန်း မပြည့်သေးဘူး လား။

ဒီအပြာရောင်အဆင့် ရုပ်တုတွေက တကယ်ကို အချိန်ကုန်ခံရမှာပဲ။

ရုပ်တုတစ်ခု အပြီးသတ်ဖို့ဆိုရင် တခြားဘာမှမလုပ်ဘဲ တစ်နေကုန် ထိုင်ထွင်းနေမှ ရမယ့်ပုံပဲ။

အချိန် တော်တော် ပေးရမှာပဲ။

လောလောဆယ်မှာတော့ တခြားနည်းလမ်းတွေနဲ့ အလှဆင်ရမှတ် တိုးအောင် လုပ်တာက ပိုကောင်းလိမ့်မည်။

တစ်နာရီအတွင်းမှာတင် အစိမ်းရောင်အဆင့် လက်ရာတွေ အများကြီး သူ ဖန်တီးနိုင်သည် မဟုတ်ပါလား။

အစိမ်းရောင်အဆင့် ပန်းချီတွေနဲ့ နှင်းဆီသစ်သား ထွင်းထုတာတွေကလည်း အလှဆင်ရမှတ် တိုးပေးနိုင်တာပဲ။

အဆင့်မြင့် အနုပညာရှင် ဖြစ်သွားပြီဆိုတော့ သူ့ရဲ့ ဖန်တီးမှုအရှိန်ကလည်း ပိုမြန်လာမှာ သေချာသည်။

ဒါတွေကို အရင်ဆုံး အကန့်အသတ် ပြည့်အောင် လုပ်၊ အနုပညာခန်းကိုလည်း မြှင့်တင်မှု ရမှတ်တွေ ထပ်ပေးပြီးမှ အဆင့်မြင့် အပြာရောင်အဆင့် ရုပ်တုတွေအကြောင်းကို စဉ်းစားရတော့မယ်။

လက်ပတ်နာရီက ဆက်တိုက် မြည်နေတာကြောင့် ရွှီရှင်း ဗီဒီယိုဖုန်းကို လက်ခံလိုက်၏။

"ရှင် ဘာတွေ လုပ်နေတာလဲ၊ ကျွန်မ ကို အကြာကြီး ပစ်ထားတယ်"

လီဝမ်ရှီးက ငွေရောင်တဖျပ်ဖျပ်တောက်နေတဲ့ သတ္တုတုံး တစ်တုံးကို ကိုင်ရင်း ဇဝေဇဝါနဲ့ မေးလိုက်သည်။

"မင်းအတွက် ရုပ်တုထွင်းပေးနေတာလေ"

ရွှီရှင်းက သူ့လက်ထဲက ရုပ်တုကို မြှောက်ပြရင်း စလိုက်သည်။

"မင်းကြောင့် ငါ့လက်ရာ ပျက်တော့မလို့၊ မင်းခြေထောက်ကို ဖြတ်မိတော့မလို့ပဲ"

"ဟင်... ဟာ... မပျက်သွားဘူး မဟုတ်လား"

လီဝမ်ရှီး၏ အသံက ချက်ချင်းဆိုသလို ပျော့ပျောင်းသွားပြီး အားနာတဲ့ အမူအရာနဲ့ စိုးရိမ်တကြီး မေးရှာသည်။

"စတာပါ၊ ဘာမှမဖြစ်ပါဘူး၊ အကောင်းကြီး ရှိပါတယ်"

ရွှီရှင်းက ရုပ်တုလေးကို လေထဲမြှောက်ပြီး ဖမ်းလိုက်၏။

လီဝမ်ရှီး မျက်လုံးပြူးသွားကာ

"ဟေ့... အဲဒါကို မပစ်နဲ့လေ။ ကွဲသွားရင် ဘယ်လိုလုပ်မလဲ။ အဲဒါ 'ကျွန်မ' လေ"

ရွှီရှင်း ရုပ်တုကို ပြန်ဖမ်းလိုက်ပြီး စားပွဲပေါ်မှာ မတ်တတ်တင်ထားလိုက်သည်။

လီဝမ်ရှီးရဲ့ လက်ထဲက အပြာရောင် တောက်နေတဲ့ သံမဏိတုံးကို သူ သတိထားမိလိုက်၏။

၎င်းမှာ အပြာရောင်အဆင့် သံမဏိတုံး ဖြစ်သည်မှာ သေချာလှသည်။

"သံမဏိကျိုတဲ့ အလုပ်က ဘယ်လိုလဲ၊ အရှိန်မြန်ရဲ့လား"

ရွှီရှင်းက မေးရင်း လီဝမ်ရှီးထံသို့ လွှဲပြောင်းမှု လုပ်လိုက်၏။

လီဝမ်ရှီးက ချက်ချင်း လက်ခံလိုက်ပြီး ရုပ်တုလေးကို မြတ်မြတ်နိုးနိုးနဲ့ သေချာ ကြည့်နေတော့သည်။

"မြန်တယ်၊ ကျွန်မ တော်တော်များများ ကျိုပြီးပြီ။ နေဦး... ခဏလေး၊ ဒီရုပ်တုကို အရင် သွားထားလိုက်ဦးမယ်"

သူမသည် ထရပ်ပြီး တခြားအခန်းထဲသို့ သွားကာ ရုပ်တုကို စင်ပေါ်တွင် သေသေချာချာ တင်လိုက်၏။

ထိုစင်ပေါ်တွင် ရွှီရှင်း အရင်ပေးထားခဲ့သည့် ဆိုဖာပေါ်တွင် လှဲနေသည့် သူမ၏ ရုပ်တုလေးလည်း ရှိနေသည်။

ပြီးမှ သူမသည် ဆိုဖာဆီ ပြန်လာကာ စားပွဲပေါ်က ငွေဖြူရောင် သံမဏိတုံးကို ကောက်ကိုင်လိုက်၏။

"ဒါပဲလေ... သံမဏိတုံးက ကျွန်မ အစိမ်းရောင်ရော၊ အပြာရောင်ရော ကျိုပြီးပြီ။ ကျိုတဲ့အချိန်ကလည်း အဆင့်ပေါ် မူတည်တာ။ အစိမ်းရောင် သံမဏိတုံးက အပြာရောင်ထက် အများကြီး ပိုမြန်တယ်။ အင်း... အစိမ်းရောင်ဆို စက္ကန့်ပိုင်းပဲ ကြာပြီး၊ အပြာရောင်ကျတော့ တစ်တုံးကို ၁၅ မိနစ်လောက် ကြာတယ်"

ထင်ထားတဲ့အတိုင်းပဲ၊ ကျွမ်းကျင်တဲ့သူက လုပ်မှ တကယ် မြန်တာပေါ့။

ရွှီရှင်းကတော့ အပြာရောင် သံမဏိတုံး တစ်တုံးကျိုဖို့ မိနစ် ၅၀ တောင် ကြာ၏ ၊ လီဝမ်ရှီးကျတော့ ၁၅ မိနစ်သာ ကြာပေသည်။

ဒါ့အပြင် သူမမှာ အရည်ကျိုဖိုတွေ အများကြီးရှိသလို အရည်ကျိုခန်း မြှင့်တင်မှုကြောင့် အပူချိန်ကိုလည်း ထိန်းထားနိုင်ကာ အရည်ကျိုနှုန်းကို အဆပေါင်းများစွာ မြှင့်တင်နိုင်၏။

"ပြီးတော့ သံမဏိမီးတောက် တစ်ပုလင်းဆိုရင် အစိမ်းရောင် သံမဏိတုံး ၅ တုံးအထိ ဆက်တိုက် ကျိုလို့ရတယ်၊ ဒါပေမဲ့ အပြာရောင်ဆိုရင်တော့ တစ်တုံးပဲ ရတယ်။ ဒါနဲ့... ရှင် ရဲ့ သံမဏိမီးတောက် လုပ်ဖို့ ကုန်ကြမ်းတွေ အများကြီး လိုလား"

သံမဏိမီးတောက် တစ်ပုံလုပ်ဖို့ ဗီဇပြောင်းအပင်ရည် ၁ ကီလိုဂရမ်နဲ့ ကျောက်မီးသွေး ၂၅ တုံးပဲ လိုတာလေ၊ အများကြီး မဟုတ်ပါဘူး....။

ကျောက်မီးသွေးဆိုတာလည်း အခုချိန်မှာ အလျှံပယ် ရှိနေတာပင်။

ကြင်ယာတော် သင်းခွေချပ်ကြီးက တုံးပေါင်း တစ်ထောင်ကျော် တူးထားတာတောင် ကျောက်မီးသွေးတွင်းက ကုန်မသွားသေးပေ။

အပင်ရည် ကုန်သွားရင်တောင် သူ့ရဲ့ လက်ရှိခွန်အားနဲ့ဆိုလျှင် ကာကွယ်ရေးနယ်မြေ အစွန်းနားမှာ သွားလာရင်း နွယ်ပင်တွေကို မျှားခေါ်ကာ သတ်ဖို့ မခက်လှပေ။

"ကုန်ကြမ်း သိပ်မလိုပါဘူး။ မင်း အရင်ဆုံး သံမဏိတုံးတွေ ပို့ပေးလိုက်ဦး၊ ငါ ဘာတွေ လုပ်လို့ရမလဲဆိုတာ ကြည့်ရအောင်"

"အိုကေ"

လီဝမ်ရှီးသည် သူမ ကျိုထားသည့် သံမဏိတုံး အားလုံးကို သူ့ထံ ပို့ပေးလိုက်၏။

"...ဒီလောက်တောင် များတာလား"

ရွှီရှင်း သူ့လက်ထဲ ရောက်လာတဲ့ ပစ္စည်းတွေကို ကြည့်ပြီး အံ့သြသွားရသည်။

ရွှီရှင်း သူမကို သံမဏိမီးတောက် အခု ၂၀ ပေးခဲ့တာကို သူမက သံမဏိတုံး ၂၈ တုံး ပြန်ပေးလိုက်ခြင်း ဖြစ်သည်။

အဲဒီအထဲမှာ အစိမ်းရောင်က ၁၀ တုံးပဲ ပါပြီး ကျန်တဲ့ ၁၈ တုံးလုံးက အပြာရောင်အဆင့် သံမဏိတုံးတွေ ဖြစ်နေ၏။

သံမဏိတုံးတွေ လက်ထဲ ရောက်လာတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ သံမဏိနဲ့ ပစ္စည်းလုပ်နိုင်မယ့် ပုံစံထုတ်လုပ်နည်းတွေဟာ တိတ်တဆိတ် ပွင့်သွားတော့သည်။

---

အခန်း ၁၈၉ ပြီး။

All Chapters