← Chapters

ကပ်ပါး သစ်ပင်အိမ်

Vol. 13 Ch. 194

ကပ်ပါး သစ်ပင်အိမ်

Vol. 13 Ch. 194

ရွှီရှင်းသည် အပြာရောင်အဆင့် ဂေါ်ပြားကို ချက်ချင်းထုတ်လိုက်ပြီး သစ်ပင်အိမ်ခြေရင်းရှိ မြေကြီးကို စတင်တူးဆွတော့သည်။

ဂေါ်ပြားဖြင့် တစ်ချက် တူးလိုက်တိုင်း ပစ္စည်းတစ်ခုခုကို တူးဖော်နေရသည်ဟူသော ခံစားချက်ကို သူ အထင်အရှား ခံစားနေရ၏။

ဤခံစားချက်မှာ သာမန်မြေတူးခြင်းနှင့် မတူပေ။

"မျှော်လင့်ချက် ရှိတာပဲ"

ရွှီရှင်း ဝမ်းသာသွားပြီး ဂေါ်ပြားကို ဆက်တိုက် ဝှေ့ယမ်းကာ တူးနေတော့သည်။

ငွေရောင်ဘုရင်က ဒါကိုမြင်တော့ ကူညီဖို့ လျှောက်လာသော်လည်း ရွှီရှင်းက တားလိုက်၏။

သစ်ပင်အိမ်ကို တူးရင် မျိုးစေ့ပြန်ရမလားဆိုတာ သူ မသေချာသော်လည်း၊ တကယ်လို့ ရှိခဲ့ရင်တော့ ဂေါ်ပြားနဲ့ တူးမှသာ မျိုးစေ့ကို ရာနှုန်းပြည့် ရနိုင်မှာ မဟုတ်လား။

သူသည် မနားတမ်း တူးနေခဲ့၏။

တစ်ချက်ချင်းစီမှာ တစ်ခုခု ရတော့မလို ခံစားနေရသော်လည်း လုပ်ငန်းစဉ်ကတော့ တော်တော်လေး ကြာလှ၏။

သာမန် အဖြူရောင်အဆင့် သစ်ပင်တွေကို တူးရင်တော့ တစ်ချက်၊ နှစ်ချက်လောက်နဲ့တင် လဲကျသွားတတ်၏။

အခု ဒီသစ်ပင်အိမ်ကတော့ အဆင့်နိမ့်သစ်ပင်အိမ် (အစိမ်းရောင်အဆင့်) ပဲ ရှိတာဖြစ်ပြီး သေတောင် သေနေပြီကို တူးရတာ ဒီလောက်အထိ ခက်ခဲနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"တူးလို့ လုံးဝမရနိုင်တာများလား..."

ရွှီရှင်းကတော့ လက်မလျှော့ဘဲ ဆက်တူးနေခဲ့သည်။

နာရီဝက်နီးပါး ကြာအောင် တူးပြီးနောက် သစ်ပင်အိမ်ရဲ့ အမြစ်တွေ ပေါ်လာချေပြီ။

မျိုးစေ့ကို ရှာမတွေ့တော့ဘူးအထင်နဲ့ လက်လျှော့ဖို့ ပြင်နေတုန်းမှာပဲ သစ်ပင်အမြစ်တွေ ကျိုးပဲ့သွားတဲ့ ဂျွတ် ဆိုတဲ့ အသံသဲ့သဲ့လေးကို သူ ကြားလိုက်ရ၏။

အမြစ်တွေမှာ အက်ကြောင်းလေးတွေ ပေါ်လာပြီး သိသိသာသာကို ကျိုးပဲ့လာတော့သည်။

ပြီးနောက် အပေါက်တွေ ဗလပွနဲ့ ကျိုးပဲ့နေတဲ့ ပင်စည်အထက်ပိုင်းဟာ တုန်ခါလာပြီး လဲကျတော့မယ့် အနေအထား ဖြစ်လာ၏။

ရွှီရှင်းက အသာအယာလေး လှမ်းတွန်းလိုက်ရာ ကျိုးပဲ့နေတဲ့ ပင်စည်ဟာ ပြတ်တောက်သွားတဲ့ အမြစ်တွေနဲ့အတူ မြေကြီးထဲကနေ ကျွတ်ထွက်သွားပြီး ဖုန်တထောင်းထောင်းနဲ့ မြေပေါ်ကို လဲကျသွားတော့သည်။

ပင်စည် ရှိခဲ့တဲ့ မြေကျင်းထဲမှာတော့ သစ်ကြားသီးတစ်လုံးလောက်ရှိတဲ့ ဝါကျင့်ကျင့် အရောင်ရှိတဲ့ မျိုးစေ့လေး တစ်ခုဟာ မြေကြီးတွေကြားမှာ ငြိမ်သက်စွာ ရှိနေ၏။

ရွှီရှင်းကတော့ ဒီမျိုးစေ့ရဲ့ အရွယ်အစားနဲ့ အရောင်ကို တော်တော်လေး ရင်းနှီးနေ၏။

ဒီကမ္ဘာကို စရောက်တုန်းက ဒီလိုမျိုးစေ့လေး တစ်ခုကို ဆုပ်ကိုင်ပြီး နှစ်ရက်လောက် လမ်းလျှောက်ခဲ့ပြီးမှ စိုက်ခဲ့ရတာ မဟုတ်လား...။

"တကယ်ပဲ သစ်ပင်အိမ်မျိုးစေ့ ရှိနေတာပဲ"

ရွှီရှင်း ဝမ်းသာအားရ ဖြစ်သွားပြီး ကျင်းထဲက မျိုးစေ့ကို ချက်ချင်း ကောက်ယူလိုက်သည်။

[ကပ်ပါး သစ်ပင်အိမ်မျိုးစေ့: သာမန် သစ်ပင်အိမ်တစ်ခုကို တူးဖော်ခြင်းဖြင့် ရရှိသော မျိုးစေ့ဖြစ်သည်။ ကပ်ပါး သစ်ပင်အိမ်တစ်ခု ပေါက်ဖွားလာစေရန် စိုက်ပျိုးနိုင်သည်။

ကပ်ပါး သစ်ပင်အိမ်တွင် ကိုယ်ပိုင်ဗဟိုချက် မရှိပေ။ ၎င်းသည် အာဟာရနှင့် သစ်ပင်အိမ် စွမ်းရည်များ ရရှိရန်အတွက် အိမ်ရှင်သစ်ပင်အိမ် တစ်ခု လိုအပ်သည်။ ၎င်းကို သာမန်သစ်ပင်အိမ် တစ်ခု၏ ကာကွယ်ရေးနယ်မြေအတွင်း၌သာ စိုက်ပျိုးနိုင်ပြီး ၎င်း၏ အမြစ်များသည် အိမ်ရှင်သစ်ပင်အိမ်၏ အမြစ်များနှင့် ချိတ်ဆက်သွားမည် ဖြစ်သည်။

ဤမျိုးစေ့မှ ပေါက်လာမည့် သစ်ပင်အိမ်ပုံစံသည် မြေဆီလွှာ အဆင့်အတန်းနှင့် မသက်ဆိုင်ဘဲ၊ မတူးဖော်မီ မူလသစ်ပင်အိမ်၏ ပုံစံအတိုင်းသာ ပေါက်လာမည် ဖြစ်သည်။]

"...ဒါက အရင်က သစ်ပင်အိမ်မျိုးစေ့တွေနဲ့ မတူဘူးလား"

ရွှီရှင်း ဖော်ပြချက်ကို ကြည့်ပြီး မျက်လုံးပြူးသွားရသည်။

"ကပ်ပါး သစ်ပင်အိမ်မျိုးစေ့ တဲ့လား"

သစ်ပင်အိမ် ဗဟိုချက်ဆိုတာကတော့ သူ အခုလေးတင် ရခဲ့တဲ့ အဖြူရောင် လင်းလက်နေတဲ့ အလုံးလေးကို ဆိုလိုတာဖြစ်ပြီး သစ်ပင်အိမ် ကြီးထွားဖို့ စွမ်းအင်တွေ ပေး၏။

ဒါပေမဲ့ သူ့လက်ထဲမှ မျိုးစေ့က ပေါက်လာမယ့် သစ်ပင်အိမ်မှာတော့ ဗဟိုချက် မရှိပေ။

တခြားသစ်ပင်အိမ်ရဲ့ ကာကွယ်ရေးနယ်မြေထဲမှာပဲ စိုက်လို့ရပြီး၊ တခြားသစ်ပင်အိမ်ရဲ့ အမြစ်တွေဆီက အာဟာရတွေကို စုပ်ယူပြီး ရှင်သန်ရမယ့် ကပ်ပါးပင်မျိုးပင်။

သူ စဉ်းစားနေခဲ့တာက သစ်ပင်အိမ်တွေကို အများကြီး စိုက်ပြီးမှ အမြောက်အမြား ပြန်ခုတ်ပြီး ဗဟိုချက်တွေကို ထုတ်ယူလို့ ရမလားဆိုတာကိုပင်။

အခုတော့ သူ အများကြီး စဉ်းစားမိသွားပုံရသည်။

ဒီမျိုးစေ့က အရင်မျိုးစေ့တွေလို မြေဆီလွှာအဆင့်ပေါ် မူတည်ပြီး အဆင့်အမျိုးမျိုး ပေါက်လာမှာ မဟုတ်ပေ။

ရွှီရှင်းသည် စောစောက ပျက်စီးသွားတဲ့ နှစ်ထပ် သစ်ပင်အိမ်ကလေးကို ပြန်သတိရလိုက်မိသည်။

ဆိုလိုတာက သူသာ ဒီမျိုးစေ့ကို သူ့ရဲ့ ကာကွယ်ရေးနယ်မြေထဲမှာ စိုက်လိုက်ရင် မြေကြီးက ကောင်းကောင်း၊ မကောင်းကောင်း အဲဒီ နှစ်ထပ်အိမ်ကလေး ပုံစံအတိုင်းပဲ ပေါက်လာမှာပေါ့....။

"ဒါဆိုရင်တော့ သစ်ပင်အိမ်ကို တစ်နေရာကနေ တစ်နေရာကို တိုက်ရိုက် ရွှေ့ပြောင်းလိုက်တာနဲ့ အတူတူပဲပေါ့"

ရွှီရှင်း မျက်မှောင်ကြုတ်ရင်း ဒီလုပ်ဆောင်ချက်ရဲ့ အရေးပါမှုကို စဉ်းစားနေမိသည်။

အကယ်၍ သစ်ပင်အိမ်တိုင်းကနေ မျိုးစေ့တွေကို တူးထုတ်လို့ ရမယ်ဆိုလျှင် တခြားသူတွေရဲ့ သစ်ပင်အိမ်မျိုးစေ့တွေကို ယူပြီး သူ့ရဲ့ ကာကွယ်ရေးနယ်မြေထဲမှာ လာစိုက်ခိုင်းလို့ ရတာပေါ့။

ဒါဟာ သူ့ကို ဗဟိုပြုတဲ့ အဖွဲ့အစည်းကြီးတစ်ခု တည်ဆောက်လိုက်တာနဲ့ အတူတူပဲ မဟုတ်ပါလား။

ဒါပေမဲ့ ကပ်ပါး သစ်ပင်အိမ်နဲ့ အိမ်ရှင်သစ်ပင်အိမ်ကြားက ဆက်နွှယ်မှုကိုတော့ သူ သဲသဲကွဲကွဲ မသိသေးပေ။

အိမ်ရှင်က ကပ်ပါးအိမ်ကို အပြည့်အဝ ထိန်းချုပ်နိုင်မှာလား၊ ဒါမှမဟုတ် အိမ်ရှင်ဘက်က တစ်ခုခု ပြန်ပေးရမှာလားဆိုတာ မသိရသေးပေ။

အခြေအနေကို သိရအောင် ဒီမျိုးစေ့ကို သူ့အိမ်နားမှာ အရင်စမ်းစိုက်ကြည့်ဖို့ သူ ဆုံးဖြတ်လိုက်သည်။

မြေပေါ်မှာ လဲနေတဲ့ ပင်စည်ကိုလည်း အလဟဿ အဖြစ်မခံနိုင်ပေ။

သူသည် သံပုဆိန်ကို ထုတ်ပြီး သစ်ပင်အိမ်ပင်စည်ကို ခုတ်လိုက်၏။

ကံမကောင်းစွာနဲ့ပဲ ပင်စည်မှာ ထူးခြားတာ ဘာမှမရှိပေ။

ဒါဟာ အဆင့်နိမ့်သစ်ပင်အိမ် (အစိမ်းရောင်အဆင့်) ဖြစ်တာကြောင့် ရလာတဲ့ ပစ္စည်းဟာလည်း သာမန် အစိမ်းရောင်အဆင့် သစ်သားပဲ ဖြစ်သည်။

"ဒါနဲ့... ငါသာ ငါ့သစ်ပင်အိမ်ကို ပြန်ခုတ်ရင် ခရမ်းရောင်အဆင့် သစ်သားတွေ ရမှာလားမသိဘူး...။"

သူ့သစ်ပင်အိမ်မှာလည်း သစ်ပင်အိမ် ဗဟိုချက် ရှိမှာ သေချာ၏။

အခုရတာက အဆင့်နိမ့် သစ်ပင်အိမ် ဗဟိုချက် ဆိုလျှင် သူ့အိမ်ကဟာက ဧရာမ သစ်ပင်အိမ် ဗဟိုချက် ဖြစ်ရမှာဖြစ်ပြီး လုပ်ဆောင်ချက်တွေလည်း ကွဲပြားမှာ သေချာသည်။

သူကိုယ်တိုင် သူ့အိမ်ကို ခုတ်ဖို့ နည်းလမ်းမရှိသေးပေမဲ့၊ နောက်ပိုင်း တခြားသူတွေရဲ့ သစ်ပင်အိမ်တွေကို တွေ့လာရင်တော့...။

အဆင့်မြင့်တဲ့ အရင်းအမြစ်တွေဟာ လူတွေရဲ့ စိတ်ထဲမှာ မကောင်းတဲ့ အတွေးတွေကို ဝင်လာစေနိုင်တာ အမှန်ပင်။

ဒါပေမဲ့ ဒီကမ္ဘာမှာတော့ ဒါကို မကောင်းတဲ့ အတွေးလို့တောင် ခေါ်လို့ရပါ့မလား...။

အကယ်၍ မဟာမိတ် မဟုတ်ဘူးဆိုရင်တော့ အားကြီးတဲ့သူက အားနည်းတဲ့သူကို အနိုင်ယူမှာပဲလေ။

"မီမီ"

ရွှီရှင်း လှမ်းခေါ်လိုက်ရာ စက္ကန့်ပိုင်းအတွင်းမှာပဲ ပတ်ဝန်းကျင်မှာ လျှောက်သွားနေတဲ့ မီမီဟာ တောအုပ်ထဲကနေ ထွက်လာပြီး သူ့ဘေးမှာ အသံတိတ် ရောက်လာတော့သည်။

"ပြန်ကြစို့"

ဒီမှာတော့ ဘာမှ မကျန်တော့တာကြောင့် သူ ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။

အခုရလာတဲ့ ထူးခြားတဲ့ အရင်းအမြစ် နှစ်ခုဖြစ်တဲ့ သစ်ပင်အိမ် ဗဟိုချက် နဲ့ ကပ်ပါး သစ်ပင်အိမ် မျိုးစေ့ တို့ကို သေသေချာချာ ပြန်ပြီး သုတေသန လုပ်ရမည်။

သူ ငွေရောင်ဘုရင်ပေါ် တက်လိုက်ပြီး လူတစ်ယောက်နဲ့ သားရဲလေးကောင်တို့ အိမ်ပြန်ခရီးကို စတင်လိုက်ကြတော့သည်။

[သင်သည် သစ်ပင်အိမ် ကာကွယ်ရေးနယ်မြေအတွင်းသို့ ပြန်လည် ရောက်ရှိလာပါပြီ။]

ငွေရောင်ဘုရင် ပြေးနေတုန်းမှာပဲ ရွှီရှင်းရဲ့ နားထဲကို အသိပေးသံ တစ်ခု ဝင်လာပြန်သည်။

စောစောက ကာကွယ်ရေးနယ်မြေ အပြင်ဘက်ကို ရောက်နေတုန်းကတော့ သူတို့ တိုက်ခိုက်မခံခဲ့ရတာ အမှန်ပင်။

ဖော်ပြချက်မှာ ပါတဲ့အတိုင်း သစ်ပင်အိမ် သေသွားပြီး မျိုးစေ့ကို တူးထုတ်လိုက်ရင်တောင်မှ သူ့ရဲ့ အမြစ်တွေက မြေအောက်သတ္တဝါတွေကို ခြောက်လှန့်ထားနိုင်တုန်းပဲပေါ့....။

ဒါပေမဲ့ ထူးခြားတဲ့ အခြေအနေ မရှိရင်တော့ ဒီနေရာကို မလာတာ အကောင်းဆုံးပင်။

ဒီကာကွယ်ရေးနယ်မြေဆိုတာ တကယ်တော့ လယ်ကွင်းထဲက စာခြောက်ရုပ်လိုပဲ ခြောက်လှန့်ရုံသာ တတ်နိုင်၏။

မြေအောက်သတ္တဝါတွေသာ တစ်ခုခု မှားနေပြီလို့ သိသွားရင်တော့ သူတို့တွေ အုံနဲ့ကျင်းနဲ့ တက်လာကြမှာ သေချာသည်။

ပထမဆုံး သေတ္တာရှာပွဲတုန်းက မြေအောက်သတ္တဝါတွေဟာ မြေပေါ်တက်ဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ရ၏။

နောက်ပိုင်းမှာလည်း အဲဒီလို အခြေအနေမျိုး ထပ်ဖြစ်လာပြီး မြေပေါ်တက်တာက သေမှာ မဟုတ်ဘူးလို့ သူတို့ သိသွားလျှင် ဒီနေရာဟာ ဘေးကင်းမှာ မဟုတ်တော့ပေ။

ငွေရောင်ဘုရင်ရဲ့ အရှိန်က တော်တော် မြန်လှသည်။

၁၀ မိနစ်တောင် မပြည့်ခင်မှာပဲ ရွှီရှင်းဟာ သူ့သစ်ပင်အိမ်နားကို ပြန်ရောက်လာခဲ့ချေပြီ။

သူသည် သားရဲတွေကို သစ်ပင်အိမ်ပေါ် ပြန်ပို့လိုက်ပြီး သစ်ပင်အိမ်မျိုးစေ့ စိုက်ဖို့ သင့်တော်တဲ့ နေရာကို ရှာဖို့ အောက်ကို ပြန်ဆင်းလာခဲ့သည်။

"အီးးး"

ရွှီရှင်း ပြန်ထွက်တော့မယ်ဆိုတာ သိတော့ ခဲခဲလေးက သူ့ပခုံးပေါ်ကို ခုန်တက်လိုက်ပြန်သည်။

ရွှီရှင်းက သူမရဲ့ ခေါင်းလေးကို ပုတ်ပေးပြီး အတူခေါ်လာခဲ့၏။

"ဒီမျိုးစေ့ကို ဘယ်မှာ စိုက်ရင် ကောင်းမလဲ..."

ရွှီရှင်းရဲ့ ခေါင်းထဲမှာ မြေပုံတစ်ခု ပေါ်လာသည်။

အခုချိန်မှာ သတင်းအချက်အလက်က နည်းလွန်းလှသည်။

ဒီကပ်ပါး သစ်ပင်အိမ်က ဘယ်လို အလုပ်လုပ်လဲ၊ သာမန်အိမ်နဲ့ ဘာတွေကွာလဲဆိုတာ သူ မသိသေးပေ။

ဒါပေမဲ့ အားလုံးက သစ်ပင်အိမ်တွေပဲ ဖြစ်တာကြောင့် အနားမှာပဲ စိုက်တာ အကောင်းဆုံးပင်။

နောက်ဆုံးမှာတော့ သူသည် နှလုံးသားအပင်ရဲ့ ကာကွယ်ရေးနယ်မြေ အစွန်းနားမှာ စိုက်ဖို့ ဆုံးဖြတ်လိုက်၏။

ဒါဆိုရင် ကပ်ပါးသစ်ပင်အိမ်က နှလုံးသားအပင်ရဲ့ ကာကွယ်မှုကို ရနိုင်သလို၊ ကင်းမျှော်စင် တစ်ခုအနေနဲ့လည်း အသုံးချလို့ ရတာပေါ့။

သစ်ပင်အိမ်နဲ့ မီတာ ၁၀၀ လောက် အကွာကို ရောက်တဲ့အခါ ရွှီရှင်း မျိုးစေ့ကို စိုက်လိုက်သည်။

ကပ်ပါး သစ်ပင်အိမ်ဟာ အိမ်ရှင်သစ်ပင်အိမ်ရဲ့ အမြစ်တွေဆီက အာဟာရကို ယူတာဖြစ်ပြီး မြေကြီးနဲ့ မဆိုင်တာကြောင့် သူ အပြာရောင်အဆင့် မြေကြီးတွေကို မသုံးတော့ဘဲ သာမန်မြေမှာပဲ စိုက်လိုက်၏။

စိုက်လိုက်တဲ့ ခဏမှာပင် မြေကြီးထဲကနေ အညှောက်လေး တစ်ခု ထွက်လာပြီး မယုံနိုင်လောက်အောင် မြန်တဲ့ အရှိန်နဲ့ စတင်ကြီးထွားလာတော့သည်။

ဒီအရှိန်က ရွှီရှင်း သူ့သစ်ပင်အိမ်ကို စိုက်တုန်းက မြင်ခဲ့ရတဲ့ အရှိန်ထက် အများကြီး ပိုမြန်နေ၏။

"အီးးး"

မြေပြင်ပေါ်မှာ သေသေချာချာ ကြည့်နေတဲ့ ခဲခဲလေးဟာ အရှိန်နဲ့ ကြီးလာတဲ့ သစ်ပင်အိမ် အညှောက်နဲ့ အထိုးခံရမလို ဖြစ်သွားတာကြောင့် ရွှီရှင်းရဲ့ ပခုံးပေါ်ကို အမြန် ခုန်တက်ပြီး အပင်ပေါက်လေးကို သွားလေးတွေ ပေါ်အောင် ဟိန်းပြနေတော့သည်။

"မြန်လိုက်တာ"

ရွှီရှင်း အံ့သြသွားရသည်။

စက္ကန့်ပိုင်းအတွင်းမှာပဲ ဒီမျိုးစေ့က သစ်ပင်အိမ်ငယ်လေး တစ်ခုအဖြစ် ပြောင်းလဲသွားချေပြီ။

သူ့အိမ်တုန်းက ကြီးထွားဖို့ နှစ်နာရီ ကြာခဲ့သော်လည်း၊ ဒီအိမ်ကတော့ မိနစ်ပိုင်းပဲ ကြာမယ့်ပုံပင်။

ရွှီရှင်းက သူ့လက်မောင်လောက် ထူလာတဲ့ အပင်ပေါက်လေးကို ထိကြည့်လိုက်၏။

[အဆင့်နိမ့် ကပ်ပါး သစ်ပင်အိမ် အပင်ပေါက် (အစိမ်းရောင်အဆင့်): ၄ မိနစ်နှင့် ၄၃ စက္ကန့်အတွင်း သစ်ပင်အိမ်အဖြစ် ပြောင်းလဲသွားပါလိမ့်မည်။]

ငါးမိနစ်ပဲလားဟ.. တကယ် မြန်လှချေလား။

ရွှီရှင်း ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး ခဲခဲလေးရဲ့ အမြီးကြီးကို ပွတ်ပေးရင်း သစ်ပင်အိမ် ကြီးထွားလာတာကို စောင့်ကြည့်နေလိုက်သည်။

ငါးမိနစ် ကြာပြီးနောက်မှာတော့ နှစ်ထပ်ရှိတဲ့ အဆင့်နိမ့် သစ်ပင်အိမ်ငယ်လေး တစ်ခုဟာ သူ့ရှေ့မှာ အပြည့်အဝ ပေါ်ထွက်လာတော့သည်။

အပင်အုပ်ရဲ့ အနိမ့်ဆုံးနေရာက ၃ မီတာပဲ မြင့်ပြီး၊ အမြင့်ဆုံးကတော့ ၁၀ မီတာပဲ ရှိတာကြောင့် သူ့သစ်ပင်အိမ်ရဲ့ ပင်စည်အမြင့်ကိုတောင် မမီပေ။

သူသည် အပြည့်အဝ ကြီးထွားသွားတဲ့ သစ်ပင်အိမ်ကို လှမ်းထိကြည့်လိုက်၏။

[အဆင့်နိမ့် ကပ်ပါး သစ်ပင်အိမ် (အစိမ်းရောင်အဆင့်): ဗဟိုချက် မရှိသော သစ်ပင်အိမ် ဖြစ်သည်။ လက်ရှိတွင် ဧရာမ သစ်ပင်အိမ် (ခရမ်းရောင်အဆင့်) တွင် ကပ်ပါးခိုနေပါသည်။ အိမ်ရှင်၏ အမြစ်များပေါ်တွင် မှီခိုနေရသဖြင့် ကိုယ်ပိုင် အမြစ်စနစ် မရှိသလို ကိုယ်ပိုင် ကာကွယ်ရေးနယ်မြေလည်း မရှိပေ။

ကပ်ပါး သစ်ပင်အိမ်ကို နောက်တစ်ကြိမ် ပြန်လည်ရွှေ့ပြောင်း စိုက်ပျိုး၍ မရနိုင်ပါ။ သို့သော်လည်း အိမ်ရှင်သစ်ပင်အိမ် အသက်ရှင်နေသရွေ့ ဤအိမ်ကို ဖျက်ဆီးလိုက်ရင်တောင် အချိန်တိုအတွင်း ပြန်လည် ပေါက်ဖွားလာနိုင်ပါသည်။ အကယ်၍ အိမ်ရှင် သေဆုံးသွားပါက ဤကပ်ပါး သစ်ပင်အိမ်သည်လည်း အတူတူ သေဆုံးသွားမည် ဖြစ်သည်။]

အိမ်ရှင် မသေမချင်း ဒီသစ်ပင်အိမ်က အကန့်အသတ်မရှိ ပြန်ပေါက်နိုင်တာပေါ့....။

ဒါဟာ တကယ့်ကို အရေးပါတဲ့ အချက်ပင်။

ရွှီရှင်းရဲ့ ခေါင်းထဲမှာ အတွေးတွေ တရစပ် ပေါ်လာတော့သည်။

အကယ်၍ ဒီနည်းလမ်းကို သုံးပြီး သူ့ရဲ့ ကာကွယ်ရေးနယ်မြေထဲမှာ သစ်ပင်အိမ်တွေ အများကြီးကို လာစိုက်ခိုင်းမယ်ဆိုလျှင် တကယ့်ကို အစွမ်းထက်တဲ့ အဖွဲ့ကြီးတစ်ခု ဖြစ်လာမှာသေချာ၏။

ဘေးအန္တရာယ်တွေ ဒါမှမဟုတ် စစ်ပွဲတွေ ဖြစ်လာရင်တောင် သူ့အိမ်သာ ဘာမှမဖြစ်ရင် သူ့နယ်မြေထဲက ကပ်ပါးအိမ်တွေ အကုန်လုံးဟာ ခဏချင်းအတွင်းမှာတင် မူလအတိုင်း ပြန်ဖြစ်သွားမှာဖြစ်သည်။

"ဒါဟာ ဘေးအန္တရာယ်အပြီး အလိုအလျောက် ပြန်လည်တည်ဆောက်ပေးတဲ့ စနစ်ပဲ"

ရွှီရှင်း အသစ်ပေါက်လာတဲ့ သစ်ပင်အိမ်ကို ကြည့်လိုက်၏။

ဒီသစ်ပင်အိမ်အောက်မှာ သူဟာ သစ်ပင်အိမ်နဲ့ တစ်သားတည်း ဖြစ်နေသလို ခံစားလိုက်ရသည်။

စိတ်ထဲကနေ တစ်ချက်တွေးလိုက်တာနဲ့ သစ်ပင်အိမ်ရဲ့ အမြစ်တွေက သူ့ခါးကို ရစ်ပတ်ပြီး သူနဲ့ ခဲခဲလေးကို သစ်ပင်အိမ်ထဲကို ပို့ပေးလိုက်တော့သည်။

သစ်ပင်အိမ်ရဲ့ ပထမထပ်ကတော့ ဟာလာဟင်းလင်းဖြစ်နေကာ စတုရန်းမီတာ ၂၀ လောက်ပဲ ကျယ်တာမို့ ရွှီရှင်းအတွက်တော့ အရမ်း သေးလွန်းနေသည်။

တစ်ထပ်လုံးတွင် သစ်သားနံရံမှာ တပ်ထားတဲ့ မျက်နှာပြင် တစ်ခုပဲ ရှိပြီး အဲဒီမျက်နှာပြင်ကလည်း မည်းမှောင်နေကာ အလုပ်မလုပ်သေးပေ။

သူက ရှေ့တိုးပြီး မျက်နှာပြင်ကို ထိလိုက်တဲ့အခါ ချက်ချင်း လင်းလာတော့သည်။

[ကပ်ပါး သစ်ပင်အိမ် အိမ်ရှင် စတင်အသုံးပြုခြင်း]

[လက်ရှိ သစ်ပင်အိမ် ပိုင်ရှင်: ရွှီရှင်း။ ပိုင်ရှင် ပြောင်းလဲလိုပါက အိမ်ရှင်သစ်ပင်အိမ် တွင် လုပ်ဆောင်ပါ။]

[လက်ရှိ လုပ်ဆောင်ချက် အားလုံးကို ပိတ်ထားပါသည်၊ အိမ်ရှင်သစ်ပင်အိမ်တွင် ဖွင့်လှစ်ရန် လိုအပ်ပါသည်။]

ဒီအသိပေးချက် သုံးခုကြောင့် ရွှီရှင်းရဲ့ မျက်လုံးတွေဟာ တဖြည်းဖြည်း တောက်ပလာတော့သည်။

ဒါဆိုရင်တော့ အိမ်ရှင်သစ်ပင်အိမ် ပိုင်ရှင်အနေနဲ့ သူဟာ ဒီကပ်ပါး သစ်ပင်အိမ်တွေအပေါ်မှာ အမြင့်ဆုံး ထိန်းချုပ်ခွင့် ရှိတာပေါ့...။

သစ်ပင်အိမ် ပိုင်ရှင်ကို ပြောင်းလဲလို့ ရတာကြောင့်၊ သူသာ ဒီအိမ်ရဲ့ ပိုင်ဆိုင်မှုကို တခြားတစ်ယောက်ကို လွှဲပေးလိုက်လျှင် အဲဒီလူဟာ သစ်ပင်အမြစ်တွေကို သုံးပြီး အဝင်အထွက် လုပ်နိုင်မှာဖြစ်သလို၊ သစ်ပင်အိမ်ရဲ့ လုပ်ဆောင်ချက်တွေကို သုံးပြီး ပစ္စည်းတွေလည်း လုပ်နိုင်မည်ဖြစ်သည်။

သူသည် သစ်ပင်အိမ်ရဲ့ လုပ်ဆောင်ချက်တွေကို သူ့ရဲ့ ကိုယ်ပိုင်သစ်ပင်အိမ်ထဲက မျက်နှာပြင်မှာ သွားပြီး ဖွင့်ပေးဖို့ လို၏။

ဒါပေမဲ့ သူ အိမ်ပြန်နေစရာ မလိုပေ သူ့မှာ ခရမ်းရောင်အဆင့် သစ်ပင်အိမ်လက်ပတ်နာရီ ရှိ၏။

အဲဒီနာရီမှာ သစ်ပင်အိမ်ရဲ့ လုပ်ဆောင်ချက် အားလုံး ပါပြီးသားပင်။

သူ လက်ပတ်နာရီကို ပွတ်လိုက်တဲ့အခါ မျက်နှာပြင်တစ်ခု ပေါ်လာပြီး ရွေးချယ်စရာ အသစ်တစ်ခု တိုးလာတာကို တွေ့လိုက်ရသည်။

[ကပ်ပါး သစ်ပင်အိမ်]

---

အခန်း ၁၉၄ ပြီး။

All Chapters