← Chapters

သစ်ပင်အိမ်၏ ဗဟိုချက်

Vol. 13 Ch. 193

သစ်ပင်အိမ်၏ ဗဟိုချက်

Vol. 13 Ch. 193

ဒီသစ်ပင်အိမ်ရဲ့ ပိုင်ရှင်က သူတို့နယ်မြေက လူမဟုတ်ဘူးလား...။

မဖြစ်နိုင်တာ။

ဒါက သူ့အိမ်နဲ့ အနီးဆုံး သစ်ပင်အိမ်ပဲဟာ၊ ဘယ်လိုလုပ် နယ်မြေမတူဘဲ နေမှာလဲ။

သူက နယ်မြေနှစ်ခုရဲ့ အစပ်မှာ ရောက်နေလို့လား...။

မဟုတ်သေးပါဘူး...။

မိုးရာသီပွဲတုန်းက လီဝမ်ရှီးရဲ့ သစ်ပင်အိမ်ခေါင်မိုးပေါ်က မိုးကြိုးလွှဲက ထွက်တဲ့ အလင်းတန်းကို သူ မြင်ခဲ့ရသေးတယ်လေ။

အဲဒါကလည်း ဒီဘက်အရပ်မှာတင် ရှိတာ၊ ပြီးတော့ ပိုတောင် ဝေးသေးတယ်။

သူ့အိမ်နဲ့ လီဝမ်ရှီးအိမ် ကြားထဲမှာရှိတဲ့ ဒီသစ်ပင်အိမ်က သူတို့နယ်မြေက မဟုတ်ဘူးဆိုတာကတော့ အဓိပ္ပာယ်မရှိပေ။

"အီးးး"

ရွှီရှင်း ဇဝေဇဝါ ဖြစ်နေစဉ်မှာပဲ သူ့ပခုံးပေါ်က ခဲခဲလေးက ရုတ်တရက် ခုန်တက်သွားပြီး အပေါက်တွေ ဖြစ်နေတဲ့ ပင်စည်အတိုင်း သစ်ပင်အုပ်ဆီကို သွက်သွက်လက်လက် တက်သွားတော့သည်။

အာဖုကလည်း ခဲခဲလေးနောက်ကနေ ပျံတက်ပြီး လိုက်သွား၏။

"ဟင်"

ခဲခဲလေး ဖွင့်လိုက်တဲ့ သစ်ပင်အုပ်ကြားကနေ ကြည့်လိုက်တော့ အထဲမှာ တော်တော်လေး ပျက်စီးယိုယွင်းနေတာကို ရွှီရှင်း တွေ့လိုက်ရသည်။

ပုရွက်ဆိတ်တွေ ကိုက်ဖြတ်ထားတာလားမသိဘူး...။

အဆင့်နိမ့် သစ်ပင်အိမ်ရဲ့ ပင်စည်က ၃ မီတာလောက်ပဲ မြင့်တာဖြစ်ပြီး နင်းစရာ နေရာတွေလည်း အများကြီး ရှိနေတာကြောင့် ရွှီရှင်း နှစ်ချက်၊ သုံးချက်လောက်နဲ့တင် အပေါ်ကို တက်နိုင်ခဲ့၏။

သစ်ပင်အုပ်ကို ဖယ်ကြည့်လိုက်တဲ့အခါ အထဲက အိမ်ကလေးဟာ နံရံတွေကနေ ကြမ်းပြင်အထိ အကုန်လုံး အပေါက်တွေ ဗလပွနဲ့ စုတ်ပြတ်နေတာကို တွေ့လိုက်ရသဖြင့် ရွှီရှင်းမှာ အတော်လေး ထိတ်လန့်သွားရ၏။

အပြင်က ဝါကျင့်ကျင့် ဖြစ်နေတဲ့ အရွက်အုပ်ကြီးကို ထိန်းထားတဲ့ ကျိုးပဲ့နေတဲ့ ဘောင်တွေပဲ ကျန်တော့၏။

ဒါဟာ အဘက်ဘက်ကနေ ကြည့်ရင် လုံးဝ ပျက်စီးသွားပြီဖြစ်တဲ့ သစ်ပင်အိမ်ပင်။

ရွှီရှင်းသည် ကျိုးပဲ့နေတဲ့ ကြမ်းပြင်ပေါ်က အပေါက်ကြီးထဲကနေ သစ်ပင်အိမ်ထဲကို တွားသွားဝင်သွားသည်။

အထဲမှာတော့ ပေါင်းစပ်ဖန်တီးမှု စင်မြင့်တွေ၊ ကုတင်တွေလိုမျိုး ပစ္စည်းအချို့ ပြန့်ကျဲနေတာကို တွေ့ရ၏။

ပုရွက်ဆိတ်တွေက သစ်ပင်အိမ်ကိုပဲ စိတ်ဝင်စားတာကြောင့် ဒီပစ္စည်းတွေကတော့ ဘာမှမဖြစ်ဘဲ ကျန်ခဲ့ခြင်း ဖြစ်သည်။

ဒါပေမဲ့ သစ်ပင်အိမ်ပိုင်ရှင်ရဲ့ အလောင်းကိုတော့ သူ ရှာမတွေ့ခဲ့ပေ။

အဲဒီအစား ပိုင်ရှင် ချန်ထားခဲ့တဲ့ အစိမ်းရောင်အဆင့် ကျောပိုးအိတ် အချို့ကိုပဲ တွေ့ရပြီး အဲဒီထဲမှာလည်း သူ့အတွက် သိပ်အသုံးမဝင်တဲ့ အခြေခံ ကုန်ကြမ်းအချို့ပဲ ရှိနေ၏။

အာဖုက သစ်ပင်အိမ် အလယ်ဗဟိုမှာ ပတ်ပျံပြီး မြေပေါ် နားလိုက်၏။

ခဲခဲလေးကလည်း နှစ်ပတ်လောက် ပတ်ပြေးပြီးနောက် သစ်ပင်အိမ်ရဲ့ အလယ်ဗဟိုမှာ ထိုင်ကာ သူမရဲ့ လက်သည်းလေးတွေနဲ့ ကြမ်းပြင်ကို ကုတ်နေတော့သည်။

ရွှီရှင်းက သူ့ကျောပိုးအိတ်ကို ဘေးချလိုက်ပြီး ကြမ်းပြင်ပေါ်က ကျော့ကွင်းလို အပေါက်တွေကို ရှောင်ကာ ခဲခဲလေးဘေးမှာ ဆောင့်ကြောင့်ထိုင်လိုက်၏။

"ဘာဖြစ်လို့လဲ"

သူက ခဲခဲလေး ကုတ်နေတဲ့ နေရာကို ကြည့်လိုက်သည်။

အဲဒီနေရာကတော့ မပျက်စီးဘဲ ကျန်နေသေးတဲ့ ကြမ်းပြင် အစိတ်အပိုင်း အနည်းငယ်ထဲက တစ်ခုပင်။

"အီးးး အီးးး အီးးး"

ခဲခဲလေးက လက်သည်းလေးတွေ ယမ်းပြီး ရွှီရှင်းကို အမူအရာနဲ့ ရှင်းပြနေရှာသည်။

"ဒီအောက်မှာ ကောင်းတဲ့ အရာတစ်ခုခု ရှိနေတယ်လို့ ပြောတာလား"

ရွှီရှင်း မျက်လုံးတွေ အရောင်တောက်သွားရ၏။

"အီးးး"

ခဲခဲလေးက ခေါင်းကို အားရပါးရ ညိတ်ပြသည်။

ဒီနေရာက သာမန်နေရာတော့ မဟုတ်ပေ။

သစ်ပင်အိမ်ရဲ့ အလယ်ဗဟို၊ သစ်ပင်ပင်စည်ရဲ့ အပေါ်တည့်တည့် မှာ ရှိနေ၏။

သစ်ပင်အိမ်ရဲ့ ပင်စည်ထဲမှာ ကောင်းတဲ့အရာ တစ်ခုခု ရှိနေနိုင်တာလား...။

ဒီသစ်ပင်အိမ်က အစိမ်းရောင်အဆင့်ပဲ ရှိတာဆိုတော့ ခုတ်ပစ်လို့ ရလောက်မလားမသိဘူး။

"မဖြစ်သေးပါဘူး..."

ငါသာ ဒါကို ခုတ်ပစ်လို့ ပတ်ဝန်းကျင်က ကာကွယ်ရေးနယ်မြေ ပျောက်သွားရင် ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ တူတူပဲ ဖြစ်မှာပေါ့။

ရွှီရှင်းသည် သူ့ရဲ့ သံပုဆိန်ကို ထုတ်လိုက်ပြီး ကြမ်းပြင်အောက်မှာ ဘာရှိလဲဆိုတာ သိရအောင် ခုတ်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

"ခဲခဲလေး... နောက်ဆုတ်"

ရွှီရှင်း ပုဆိန်ကို ဝှေ့ယမ်းလိုက်၏။

"အီးးး"

ခဲခဲလေးက ဘေးကို အမြန် ရှောင်လိုက်တာကြောင့် ကြမ်းပြင်ပေါ်က အပေါက်ထဲ ပြုတ်ကျမလို ဖြစ်သွားပြီး အနိုင်နိုင် ပြန်တက်လာရရှာသည်။

"ဂျွတ်"

တစ်ချက်တည်းနဲ့တင် ကြမ်းပြင်က အက်သွားချေပြီ။

နောက်တစ်ချက် ထပ်ခုတ်လိုက်ရာ သစ်သားစတွေ လွင့်စင်ကုန်ပြီး ကြမ်းပြင်က အစိပ်စိပ်အမွှာမွှာ ဖြစ်သွားတော့သည်။

ရွှီရှင်းက ကြမ်းပြင်အပိုင်းအစတွေကို ဖယ်ပြီး ဘေးကို ပစ်လိုက်တဲ့အခါ အောက်မှာ ရှိနေတဲ့ အရာကို မြင်လိုက်ရ၏။

သူ အံ့သြသွားသည်မှာ ကြမ်းပြင်အောက်က ပင်စည်ဟာ အခေါင်းပွကြီး ဖြစ်နေခြင်းပင်။

အဆင့်နိမ့် သစ်ပင်အိမ်ရဲ့ ပင်စည်က ၁ မီတာလောက် ထူသော်လည်း အလယ်မှာတော့ ၁ မီတာခွဲလောက် ကျယ်တဲ့ အပေါက်ကြီးက မြေပြင်အထိ တောက်လျှောက် ဖောက်ထားသလို ရှိနေသည်။

အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ အောက်ခြေနားမှာ မြေကြီးထဲ တဝက်မြုပ်နေပြီး အဖြူရောင် အလင်းဖျော့ဖျော့ ထွက်နေတဲ့ လုံးပြီးချောတဲ့အရာတစ်ခုကို တွေ့လိုက်ရ၏။

အဲဒီ အဖြူရောင်အလင်းက တကယ့် အလင်းစစ်စစ်ပင်။

သူ မြင်နေကျ ပစ္စည်းအဆင့်ကို ပြတဲ့ အလင်းမျိုး မဟုတ်ပေ။

ထူးဆန်းတာက သစ်ပင်အိမ်မျိုးစေ့လို ဒီအလုံးရဲ့ အဆင့်ကိုတော့ ရွှီရှင်း မခွဲခြားနိုင်ဘူး ဖြစ်နေသည်။

ဒီပင်စည်ပေါက်က သူ့အတွက်တော့ အောက်ကို ခုန်ဆင်းလို့ရတဲ့အထိ ကျယ်၏။

လူတစ်ယောက်ရဲ့ ပခုံးအကျယ်က ၃၀၊ ၄၀ စင်တီမီတာလောက်ပဲ ရှိ၏။

ဒါပေမဲ့ ခဲခဲလေးက သူ့ထက်အရင် ခုန်ဆင်းသွားပြီး အောက်ခြေက မြေကြီးထဲမှာ မြုပ်နေတဲ့ အလုံးလေးကို စူးစမ်းလိုစိတ်နဲ့ ပုတ်ကြည့်နေတော့သည်။

"ခဲခဲလေး... အဲဒီအလုံးကို အပေါ် ယူလာခဲ့ပါဦး"

ရွှီရှင်းက အပေါ်ကနေ လှမ်းအော်လိုက်၏။

"အီးးး"

ခဲခဲလေးက ပြန်ထူးပြီး ကြက်ဥတစ်လုံးလောက်ရှိတဲ့ အဖြူရောင် လင်းနေတဲ့ အလုံးလေးကို မြေကြီးထဲကနေ သူမရဲ့ လက်သည်းလေးတွေနဲ့ တူးထုတ်လိုက်သည်။

ပြီးနောက် ပါးစပ်နဲ့ ကိုက်ကာ ပင်စည်နံရံတွေကို ဘယ်ပြန်ညာပြန် ကန်ပြီး အပေါ်ကို သွက်လက်စွာ ပြန်တက်လာခဲ့၏။

"လိမ္မာတယ်"

ရွှီရှင်းက ခဲခဲလေးရဲ့ ခေါင်းလေးကို ပုတ်ပေးပြီး သူမ ပါးစပ်ထဲက အလုံးလေးကို ယူလိုက်သည်။

[အဆင့်နိမ့် သစ်ပင်အိမ်၏ ဗဟိုချက်: သစ်ပင်အိမ် ကြီးထွားဖို့အတွက် စွမ်းအင်တွေ ပေးဝေတဲ့ အမြုတေ ဖြစ်သည်။ ၎င်းကို ဖယ်ရှားလိုက်ပါက သစ်ပင်အိမ်သည် ချက်ချင်း သေဆုံးသွားမည် ဖြစ်သည်။ အဆင့်နိမ့် သစ်ပင်အိမ်၏ ဗဟိုချက်မှ စွမ်းအင်ကို ထုတ်ယူပြီး အပြာရောင်အဆင့် အခြေခံကုန်ကြမ်း အချို့ကို ခရမ်းရောင်အဆင့်သို့ မြှင့်တင်နိုင်ပါသည်။]

ရွှီရှင်း - "...."

ဒီအမြုတေက အပြာရောင်အဆင့်ကို ခရမ်းရောင်အဆင့်အထိ မြှင့်ပေးနိုင်တာလား...။

အခြေခံကုန်ကြမ်းဆိုတာကတော့ သစ်သား၊ ကျောက်တုံးနဲ့ သတ္တုရိုင်းတွေလိုမျိုး တူးဖော်လို့ရတဲ့ အရာတွေကို ဆိုလိုတာဖြစ်ပြီး၊ အမဲလိုက်လို့ရတဲ့ ပစ္စည်းတွေ ဒါမှမဟုတ် ထုတ်လုပ်ထားတဲ့ ကိရိယာတွေကိုတော့ ဆိုလိုခြင်းမဟုတ်ပေ။

ဒါပေမဲ့ ဒါကလည်း တကယ်ကို ကောင်းလှချေပြီ။

အခြေခံကုန်ကြမ်းတွေ ရှိလျှင် သူ ခရမ်းရောင်အဆင့် ကိရိယာတွေကို လုပ်နိုင်ပြီဖြစ်သည်။

"နေဦး..."

ဗဟိုချက်ကို ဖယ်လိုက်ရင် သစ်ပင်အိမ်က ချက်ချင်း သေသွားမယ်တဲ့...။

"ဘုရားရေ... ဒါဆိုရင် ငါက အခု အကာအကွယ်နယ်မြေ အပြင်ဘက်ကို ရောက်သွားတာလား"

ရွှီရှင်းသည် သစ်ပင်ပင်စည်ကို လက်နဲ့ ချက်ချင်း ထိကြည့်လိုက်ရာ အသိပေးချက်တစ်ခု တက်လာ၏။

[သေဆုံးသွားသော သစ်ပင်အိမ်ငယ် (မီးခိုးရောင်): ဗဟိုချက်ကို ဖယ်ရှားခံလိုက်ရသဖြင့် လုံးဝ သေဆုံးသွားပြီဖြစ်သော သစ်ပင်အိမ်။ ၎င်း၏ အမြစ်များသည် သေဆုံးသွားသော်လည်း ဤမြေပေါ်တွင် ကျန်ရှိနေသေးသဖြင့် မြေအောက်သတ္တဝါများ၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်စွမ်း မရှိတော့ပေ။ သို့သော်လည်း အမြစ်များ သိပ်သည်းစွာ ရှိနေသည့် နေရာများသို့ ထိုသတ္တဝါများ တက်မလာဝံ့သေးသောကြောင့် အတိုင်းအတာတစ်ခုအထိတော့ ကာကွယ်ပေးနိုင်ပါသေးသည်။]

"ဒါက..."

ရွှီရှင်းရဲ့ မျက်နှာက ထူးဆန်းတဲ့ အမူအရာ ဖြစ်သွားရသည်။

ဖော်ပြချက်အရဆိုလျှင် သစ်ပင်အိမ် သေသွားပေမဲ့ ကာကွယ်ရေးနယ်မြေကတော့ ရှိနေသေး၏။

ဒါပေမဲ့ အပေါ်ယံ သက်သက်ပဲ ရှိတာဖြစ်ပြီး မြေအောက်သတ္တဝါတွေက အပြင်မထွက်ရဲသေးလို့ပင်။

တကယ်တော့ သူတို့တွေ ထွက်လာလို့ ရနေပြီဖြစ်ကာ ဒီမြေပေါ် တက်လာလျှင်လည်း အရင်လို အားအင်တွေ စုပ်ယူခံရမှာ မဟုတ်တော့ပေ။

ဒါပေမဲ့ ဘယ်မြေအောက်သတ္တဝါမှတော့ အရင်ဆုံး စွန့်စားပြီး ထွက်မလာရဲကြသေးပေ။

"ဒီလို နည်းပရိယာယ်မျိုးလည်း ရှိတာပဲလား..."

ရွှီရှင်းပင် ဘာပြောရမှန်း မသိတော့ပေ။

ပင်စည်ပေါက်ထဲကို တစ်ချက် ထပ်ကြည့်လိုက်ပြီး သစ်ပင်အိမ်ထဲမှာ ဘာမှ မကျန်တော့တာ သေချာမှ ခဲခဲလေးကို ချီကာ အာဖုကိုပါ ခေါ်ပြီး သစ်ပင်အိမ်ပေါ်ကနေ ခုန်ဆင်းလိုက်သည်။

ငွေရောင်ဘုရင်က သစ်ပင်အိမ်အောက်မှာ လှဲနေပြီး ရွှီရှင်း ဆင်းလာတာ မြင်တော့ ထရပ်ကာ ဟိန်းလိုက်၏။

မီမီကတော့ ဘယ်နား ရောက်နေမှန်း မသိတော့ပေ။

မြေပုံကို ကြည့်လိုက်မှ သူမဟာ အနားမှာတင် ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို ကြည့်နေတာ တွေ့ရသည်။

တောအုပ်မြင်ကွင်းကတော့ သိပ်မထူးခြားပေမဲ့ မြေအောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ နေခဲ့ရတဲ့ မီမီအတွက်တော့ ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ နေရာဖြစ်နေသည်။

ရွှီရှင်းလည်း သူမကို ပြန်မခေါ်တော့ဘဲ စိတ်ကြိုက် လွှတ်ထားလိုက်သည်။

ပတ်ဝန်းကျင်ကို ကင်းထောက်ပေးနိုင်တာလည်း ပါတာပေါ့...။

သူ အပေါ်ကို ပြန်မော့ကြည့်လိုက်တဲ့အခါ ဝါကျင့်ကျင့် ဖြစ်နေတဲ့ သစ်ပင်အုပ်ကြီးဟာ အခုတော့ သစ်ရွက်ခြောက်တွေအဖြစ် ပြောင်းလဲသွားချေပြီ။

လေတိုက်လိုက်တာနဲ့ သစ်ရွက်တွေ ကြွေကျကုန်ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ သစ်ပင်အိမ်တစ်ခုလုံးဟာ သစ်ကိုင်းခြောက်တွေပဲ ကျန်တော့တဲ့ ဘောင်ကြီး ဖြစ်သွားတော့သည်။

တစ်ချိန်တည်းမှာပဲ ပျက်စီးသွားတဲ့ သစ်ပင်အိမ်ရဲ့ အပေါ်ပိုင်းကနေ သစ်ကိုင်း ကျိုးပဲ့သံတွေကို သူ့ရဲ့ အကြားအာရုံကြောင့် အထင်အရှား ကြားနေရ၏။

နောက်ဆုံးမှာတော့ သစ်သားခြောက်တွေလိုပဲ သစ်ပင်အိမ်တစ်ခုလုံးဟာ ဂျွတ် ဆိုတဲ့ အသံနဲ့အတူ အစိပ်စိပ်အမွှာမွှာ ကွဲထွက်ပြီး မြေပေါ်ကို ပြုတ်ကျကုန်တော့သည်။

အစက ၁၀ မီတာနီးပါး မြင့်ပြီး နှစ်ထပ်ရှိတဲ့ သစ်ပင်အိမ်ဟာ အခုတော့ ၃ မီတာလောက်ပဲရှိတဲ့ ပင်စည်ငုတ်တိုလေးပဲ ကျန်တော့ပြီး ကြည့်ရတာ တော်တော်လေး စုတ်ပြတ်နေချေပြီ။

ပင်စည်တင် မကပေ ဒီမြေအောက်မှာရှိတဲ့ သူ့ရဲ့ အမြစ်တွေကသေဆုံးသွားပေမဲ့ လည်း ၃ ကီလိုမီတာ ပတ်ပတ်လည်အထိ ပြန့်နှံ့နေကာ ဒီမြေကိုတော့ ကာကွယ်ပေးနေတုန်းပင်။

၃ ကီလိုမီတာလို့ ပြောရတာက ဒီအိမ်ရှင်ဟာ မနေ့ညက တိုက်ပွဲမှာ မရှင်ခဲ့တာကြောင့် သစ်ပင်အိမ် အဆင့်မတက်နိုင်ခဲ့လို့ ကာကွယ်ရေးနယ်မြေက ၃ ကီလိုမီတာပဲ ရှိမှာ ဖြစ်လို့ပင်။

ဒီလိုဆိုရင် ဒီသစ်ပင်အိမ်ရဲ့ ကာကွယ်ရေးနယ်မြေက သူ့ရဲ့ နယ်မြေနဲ့ အစွန်းချင်းပဲ ထိနေတာပေါ့...။

တော်သေးတာက သူ့ရဲ့ နယ်မြေက ၉ ကီလိုမီတာအထိ ကျယ်နေတာကြောင့်သာ မဟုတ်လျှင် ဒီနေရာကို သူ ရောက်နိုင်မှာ မဟုတ်ပေ။

လက်ရှိ အခြေအနေကို နားလည်သွားပြီဖြစ်တာကြောင့် ရွှီရှင်း စိတ်အေးသွားရကာ သူ့လက်ထဲက အဖြူရောင်လင်းနေတဲ့ သစ်ပင်အိမ် ဗဟိုချက်ကို စတင်စစ်ဆေးလိုက်၏။

ဖော်ပြချက်အရဆိုလျှင် ဒီဗဟိုချက်ရဲ့ စွမ်းအင်ကို အကုန်သုံးလိုက်ရင် အပြာရောင်အဆင့် ကုန်ကြမ်းတစ်ခုကို ခရမ်းရောင်အဆင့်အထိ မြှင့်နိုင်၏။

ဆိုလိုတာက ဗဟိုချက်တစ်ခုဟာ ခရမ်းရောင်အဆင့် အရင်းအမြစ် တစ်ခုနဲ့ ညီမျှတာပေါ့....။

ဒါမှမဟုတ် ဒီဗဟိုချက်ထဲက စွမ်းအင်ကို ပြန်ပြီး ဖြည့်လို့ ရနိုင်တာလားမသိဘူး....။

အကယ်၍ ပြန်ဖြည့်လို့ ရမယ်ဆိုရင်တော့ ဒါဟာ တကယ့်ကို အစွမ်းထက်တဲ့ အရာပဲ.....။

ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေကို အဆက်မပြတ် ထုတ်ပေးနိုင်မည်မဟုတ်ပါလား။

ဒါကို တွေးမိတော့ ရွှီရှင်း ဗဟိုချက်ကို တင်းတင်းဆုပ်ကိုင်ရင်း အသက်ကို ဝဝရှူလိုက်မိသည်။

ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေ ရှိရင် ခရမ်းရောင်အဆင့် ကိရိယာတွေ၊ လက်နက်တွေနဲ့ ချပ်ဝတ်တွေကို သူ လုပ်နိုင်ပြီလေ...။

ခရမ်းရောင်အဆင့်နဲ့ အပြာရောင်အဆင့်ကြားမှာ လုပ်ဆောင်ချက်တွေက တော်တော်လေး ကွာခြားလှသည် မဟုတ်ပါလား။

သူ့ရဲ့ မြွေကြေးခွံချပ်ဝတ်တန်ဆာက ခရမ်းရောင်အဆင့် တစ်စုံလုံးဖြစ်တာကြောင့် ခရမ်းရောင်အဆင့်ရဲ့ အစွမ်းကို သူ ကောင်းကောင်း သိလေ၏။

အစိမ်းရောင်အဆင့်တွေမှာ ဘာစွမ်းရည်မှ မရှိသလို၊ အပြာရောင်အဆင့်တွေမှာတော့ ခန္ဓာကိုယ် စွမ်းရည်ကို မြှင့်တင်ပေးတဲ့ စွမ်းရည်တစ်ခုပဲ ပါ၏။

ဥပမာ သံချပ်ဝတ်ဆိုလျှင် ခွန်အားတိုးမယ်၊ သားရေချပ်ဝတ်ဆိုလျှင် လူမရိပ်မိအောင် ပုန်းကွယ်နိုင်မယ်။

သူ့ရဲ့ ခရမ်းရောင်အဆင့် ချပ်ဝတ်ကတော့ ခွန်အားတိုးပေးရုံတင်မကဘဲ ရေအောက်မှာ ငါးတစ်ကောင်လို လွတ်လွတ်လပ်လပ် သွားလာနိုင်စေသလို၊ ရေအောက်သတ္တဝါတွေကိုပါ ခြောက်လှန့်နိုင်တာကြောင့် တကယ့် ထူးကဲစွမ်းအား တစ်ခု ရထားသလိုပါပဲ။

လက်နက်ပိုင်းမှာလည်း အပြာရောင်အဆင့်တွေက အစိမ်းရောင်ထက် အများကြီး ပိုသန်မာသလို၊ ခရမ်းရောင်အဆင့် လက်နက်တွေဆိုရင်တော့ ထူးခြားတဲ့ အာနိသင်တွေ ပါလာမှာ သေချာသည်။

ကိရိယာတွေမှာဆိုရင်လည်း ခရမ်းရောင်အဆင့် အရိုးဓားက ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေကို ခွဲထုတ်နိုင်သလို၊ ခရမ်းရောင်အဆင့် ကျောက်ဆစ်ဓားကလည်း ခရမ်းရောင်အဆင့် ပုံဆောင်ခဲတွေကို ထွင်းထုနိုင်၏။

ထုတ်လုပ်ရေး ကိရိယာတွေမှာတော့ သိပ်မထူးခြားလှပေ။

အပြာရောင်အဆင့် ပုဆိန်က ခရမ်းရောင်အဆင့် သစ်သားကို ခုတ်နိုင်သလို၊ အပြာရောင်အဆင့် သံပေါက်ချွန်း ကလည်း ခရမ်းရောင်အဆင့် သတ္တုကို တူးနိုင်၏။

ဒါပေမဲ့... လီဝမ်ရှီးဆီမှာ သတ္တုတွင်းတွေ အများကြီးရှိတာတောင် သူမ အခုထိ ခရမ်းရောင်အဆင့် သတ္တုရိုင်းတွေ တူးနိုင်တဲ့ပုံ မရသေးပေ။

သူမ မပြောပြတာလည်း ဖြစ်နိုင်ပေမဲ့၊ သတ္တုတုံးတွေက သူမအတွက် သိပ်အသုံးမဝင်တာကြောင့် ဖုံးကွယ်ထားဖို့တော့ အကြောင်းမရှိပေ။

လက်ဖဝါးလောက်ရှိတဲ့ လင်းနေတဲ့ ဗဟိုချက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း ရွှီရှင်းဟာ မုန်တိုင်းတစ်ခု စတင်တော့မယ့် အငွေ့အသက်ကို ခံစားလိုက်ရသည်။

ဒီပစ္စည်းရဲ့ ဆွဲဆောင်မှုက တကယ့်ကို ကြီးမားလှသည် မဟုတ်ပါလား။

လူတိုင်းက ပိုသန်မာချင်ကြ၏။

အခုချိန်မှာ လူအများစုက အစိမ်းရောင်အဆင့် ပစ္စည်းတွေကိုပဲ ကိုင်နေကြကာ စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်တွေထဲမှာတောင် အပြာရောင်အဆင့် သားရေဝတ်စုံပဲ ရှိတဲ့သူတွေ ရှိနေ၏။

လီဝမ်ရှီးက အပြာရောင်အဆင့် သံချပ်ဝတ် တစ်စုံ ပေးတုန်းက ဝမ်လေ့၊ ကျောက်ရှောင်ချွမ်းနဲ့ ချင်ယွန့်လုံတို့ ဘယ်သူယူမလဲဆိုတာ အကြာကြီး ငြင်းခဲ့ကြသည် မဟုတ်ပါလား။

အကယ်၍ သူတို့သာ တခြားသူတွေရဲ့ သစ်ပင်အိမ်ကနေ ဒီလို အဖိုးတန်တဲ့ အရာတွေကို ထုတ်ယူလို့ရမှန်း သိသွားရင်တော့ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ သိသာလှသည်။

လူတွေကြားထဲမှာ ပဋိပက္ခတွေ စတင်တော့မှာလားမသိဘူး...။

ဒီဒုတိယအဆင့်ကတော့ တကယ့်ကို အန္တရာယ်တွေနဲ့ ပြည့်နေတာပင်။

ဒီသတင်းကို စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်တွေကို ပြောပြသင့်လားဆိုတာ သူ မသေချာသေးပေ။

ဗဟိုချက်ကို ကျောပိုးအိတ်ထဲ ထည့်လိုက်ပြီး ရွှီရှင်း အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။

ဗဟိုချက်ရဲ့ လုပ်ဆောင်ချက်ကို ပြန်စမ်းကြည့်ရမည်။

လှည့်အထွက်မှာပဲ အတွေးတစ်ခုက သူ့ခေါင်းထဲ ဝင်လာတာကြောင့် သစ်ပင်အိမ်ရဲ့ အမြစ်တွေဆီကို အမြန်လှည့်ကြည့်လိုက်၏။

"ငါသာ ဒီသစ်ပင်အိမ်ကို ဂေါ်ပြားနဲ့ တူးကြည့်ရင် သစ်ပင်အိမ်မျိုးစေ့ ပြန်ရနိုင်မလားမသိဘူး။"

---

အခန်း ၁၉၃ ပြီး။

All Chapters