← Chapters

ပျက်စီးနေသော သစ်ပင်အိမ်

Vol. 13 Ch. 192

ပျက်စီးနေသော သစ်ပင်အိမ်

Vol. 13 Ch. 192

ရွှီရှင်းသည် အာဖုကိုပါ အထဲခေါ်လိုက်ပြီး လူတစ်ယောက်နှင့် သားရဲနှစ်ကောင်တို့မှာ အစာကို အမြန်ပင် စားသောက်လိုက်ကြ၏။

ပထမထပ်တွင်မူ ငွေရောင်ဘုရင်နှင့် မီမီတို့သည် နွယ်ပင်ပုံကြီးကို အတော်လေး ရှင်းလင်းပြီးနေပြီ ဖြစ်သည်။

ပတ်ဝန်းကျင်တွင် ခြောက်ကပ်သွားသော နွယ်ပင်များ ပြန့်ကျဲနေပြီး ကြမ်းပြင်ပေါ်တွင် ဗီဇပြောင်းအပင်ရည်များ အပြည့်ပါသော စည်ပိုင်း လေးလုံး ရှိနေချေပြီ။

သူတို့ နောက်ဆုံးနွယ်ပင်ကို ရှင်းလင်းပြီးသည်ကို မြင်သောအခါ ရွှီရှင်းသည် အပင်ရည်များကို သိမ်းဆည်းလိုက်ရာ စုစုပေါင်း ကီလိုဂရမ် လေးရာကျော် ရရှိသဖြင့် ခေတ္တခဏတော့ လောက်ငသွားပြီ ဖြစ်သည်။

"မင်းတို့ တော်တော်လေး လုပ်နိုင်တာပဲ။ ခဏလောက် နားဦးမလား၊ ဒါမှမဟုတ် အခုပဲ ထွက်ကြမလား"

"ဝူးးး"

ငွေရောင်ဘုရင်က အားအင်တွေ ပြည့်နေပြီး နားဖို့ မလိုကြောင်း အသံပြုလိုက်၏။

မီမီကလည်း သူ့ဘေးကို လျှောက်လာပြီး အပြင်ထွက်ဖို့ အသင့်ဖြစ်နေကြောင်း ပြသနေသည်။

သားရဲလေးကောင်နှင့်အတူ သစ်ပင်အိမ်ခြေရင်းသို့ လျှောက်လာခဲ့သည်။

ကြင်ယာတော် သင်းခွေချပ်ကြီးမှာ ပြန်ရောက်နေပြီဖြစ်ပြီး ဂူကိုလည်း အကြမ်းဖျင်း ပြင်ဆင်ပြီးပုံရ၏။

နောက်တစ်ခါ ဂူကို သွားကြည့်တဲ့အခါ ရေစိုခံနိုင်တဲ့ အရာတချို့ လုပ်ပေးရမည်။

မဟုတ်လျှင် မိုးရွာတဲ့အခါ ရေဝင်ရင် ဒုက္ခရောက်ကုန်ကြမည်။

ကြင်ယာတော် နေတဲ့ ဂူကိုလည်း အတူတူ ပြင်ပေးရမည်။

ပုံမှန်အားဖြင့် သင်းခွေချပ်တွေမှာ အတည်တကျ နေထိုင်တဲ့ အသိုက် မရှိတတ်ဘဲ နှစ်ရက်၊ သုံးရက်တစ်ခါ နေရာပြောင်းတတ်တာကြောင့် ကြင်ယာတော်မှာ ရေဝင်မှာကို စိုးရိမ်တဲ့ အသိ သိပ်မရှိတာ ဖြစ်ရမည်။

တကယ်တော့ မြေသားတွေက ရေကို စုပ်ယူနိုင်တာကြောင့် မိုးအရမ်းကြီး မရွာဘူးဆိုရင် ပြဿနာ မရှိနိုင်လောက်ပေ။

ကြင်ယာတော်က ကလေးနှစ်ကောင်ကို ကြည့်နေရဦးမှာဖြစ်သလို၊ သူမရဲ့ နှေးကွေးတဲ့ အရှိန်က သူတို့ခရီးကို နှောင့်နှေးစေမှာဖြစ်တာကြောင့် ရွှီရှင်း သူမကို ခေါ်မသွားတော့ပေ။

သူသည် အစက ကြင်ယာတော်ကို သစ်ပင်အိမ်နားမှာ နောက်ထပ် ဂူတစ်ခု ထပ်တူးခိုင်းပြီး အနီရောင်မြူပန်းကို မြေအောက်မှာ စိုက်ကာ သူတို့အတွက် အပန်းဖြေခန်း လုပ်ပေးမလို့ စဉ်းစားခဲ့၏။

ဒါပေမဲ့ သံမဏိဘောင် တည်ဆောက်ပုံကို ရလာတဲ့အခါမှာတော့ မြေအောက်မှာ ဆောက်မယ့် အစီအစဉ်ကို ဖျက်လိုက်သည်။

မြေပေါ်မှာပဲ အခန်းငယ်လေး တစ်ခု ဆောက်လိုက်တာက ပိုကောင်းပါလိမ့်မည်။

မိုးရေဝင်မှာကိုလည်း ပူစရာ မလိုတော့ပေ။

ဒီအစီအစဉ်တွေကိုတော့ ပြန်လာမှပဲ လုပ်ရတော့မည်။

အခုချိန်မှာတော့ တခြားသူတွေရဲ့ သစ်ပင်အိမ်ကို ရှာတွေ့ဖို့ စိတ်အားထက်သန်နေချေပြီ။

သူ ဝံပုလွေကျောပေါ် တက်လိုက်ရာ ခဲခဲလေးကလည်း ငွေရောင်ဘုရင်ရဲ့ လည်ပင်းပေါ်ကို ဖျတ်ခနဲ ခုန်တက်လိုက်၏။

မီမီက သူတို့ဘေးမှာ လမ်းလျှောက်နေပြီး အာဖုကတော့ မီမီ့ပေါ်မှာ နားနေသည်။

အားလုံး အသင့်ဖြစ်နေကြပြီပေါ့။

ရွှီရှင်းက ခဲခဲလေးရဲ့ အမြီးကို ပွတ်ပေးရင်း အရှေ့ဘက်ကို ညွှန်ပြကာ

"ဟိုဘက်ကို သွားကြစို့ အရမ်း မြန်မြန် မပြေးနဲ့ဦး၊ ငါ ပတ်ဝန်းကျင်ကို သေသေချာချာ ကြည့်ချင်လို့"

"ဝူးးး"

ငွေရောင်ဘုရင်က အမြဲလုပ်နေကျအတိုင်း အားရပါးရ ဟိန်းဟောက်လိုက်ပြီးနောက် စတင်ပြေးလွှားတော့သည်။

သူတို့သည် အရင်းအမြစ်နယ်မြေထဲကနေ အမြန်ထွက်လာပြီး ရွှီရှင်း တစ်ခါမှ မရောက်ဖူးသေးတဲ့ နေရာသစ်တစ်ခုထဲသို့ ဝင်ရောက်လာခဲ့ကြ၏။

သူ့ရဲ့ ပစ္စည်းခွဲခြားနိုင်တဲ့ စွမ်းရည်နဲ့ ကြည့်လိုက်တော့ ဒီနေရာမှာ အရင်းအမြစ်နယ်မြေ မရှိတာကို သူ သိနေတာကြောင့် အရင်က မလာခဲ့တာ ဖြစ်သည်။

ပုံမှန်ဆိုလျှင် သူဟာ သစ်ပင်အိမ်နဲ့ အနောက်မြောက်ဘက်က တောင်ကုန်းဒေသ အရင်းအမြစ်နယ်မြေကြားမှာပဲ လှုပ်ရှားလေ့ရှိပြီး၊ တောအုပ်စူးစမ်းရေးပွဲတုန်းက ကြေးသေတ္တာကို သွားယူမှသာ အရှေ့ဘက်ကို တစ်ခါ ရောက်ခဲ့ဖူးခြင်းဖြစ်သည်။

ဒါပေမဲ့ ဒီနေရာက သူ ထင်ထားသလိုပဲ တကယ့်ကို ခြောက်ကပ်လှသည်။

ဒုတိယအဆင့်ကြောင့်လားတော့ မသိပေ အသီးအနှံပင် တစ်ပင်တောင် မတွေ့ရဘဲ အဖြူရောင်အဆင့် သစ်ပင်တွေသာ ဖြစ်နေပြီး အစိမ်းရောင် အလင်းတန်းလေးတွေပဲ ရံဖန်ရံခါ မြင်ရတော့သည်။

တကယ့်ကို ဘာမှမရှိတဲ့ ကန္တာရလို ဖြစ်နေတာပေါ့....။

ဒီလောက်အထိ လာခဲ့တာတောင် သူ့ရဲ့ ခွဲခြားနိုင်တဲ့ စွမ်းရည်က မြေပေါ်မှာ သုံးလို့ရတဲ့ အရင်းအမြစ် တစ်ခုမှ ရှာမတွေ့သလို၊ အဂ္ဂိရတ်စွမ်းရည်ကလည်း အဂ္ဂိရတ်ပစ္စည်း ဘာမှ မတွေ့ရသေးပေ။

ဒီနေရာကတော့ တကယ်ကို ခြောက်ကပ်လွန်းလှသည်။

ရွှီရှင်းရဲ့ လက်ရှိ သစ်ပင်အိမ် ကာကွယ်ရေးနယ်မြေဟာ ၉ ကီလိုမီတာ အထိ ရှိနေပြီဖြစ်ပြီး၊ အခု သူတို့ ရောက်နေတာကတော့ အဆင့်မတက်ခင်က နယ်မြေအစွန်းဖြစ်တဲ့ ၆ ကီလိုမီတာလောက်မှာပင်။

အရှေ့မီတာ ၁၀၀ လောက်တွင် အမြင့် မီတာ ၁၀၊ ၂၀ လောက်ရှိတဲ့ တောင်ကုန်းလေး တစ်ခု ပေါ်လာတာကြောင့် ရွှီရှင်း ငွေရောင်ဘုရင်ပေါ်က ဆင်းလိုက်၏။

အမှန်အတိုင်း ပြောရလျှင် အခုချိန်မှာ ဒီလို တောင်ကုန်းလေးတွေကို သူ အလိုလို ကြောက်နေမိသည်။

ဒါတွေဟာ တောထဲမှာ ပုန်းနေတဲ့ မိစ္ဆာတွေများလားလို့ သံသယ ဝင်နေမိတာကိုး...။

"ခဲခဲလေး... ဒီတောင်ကုန်းပေါ်မှာ အန္တရာယ် ရှိလား"

"အီးးး"

ခဲခဲလေးက ခေါင်းလေးစောင်းကြည့်ပြီး ဘာအန္တရာယ်မှ မရှိကြောင်း အမူအရာ ပြလိုက်သည်။

ဟုတ်ပေသည် အန္တရာယ်ရှိလျှင် သူမက အရင်ဆုံး သတိပေးမှာပင်။

ရွှီရှင်းက တောင်ကုန်းပေါ်ကို အပြေးတက်သွားရာ မီမီကလည်း သူ့ဘေးကနေ သွက်သွက်လက်လက် ခုန်တက်လာခဲ့၏။

သူ အရှေ့ဘက်ကို လှမ်းကြည့်လိုက်ရာ မျက်စိတစ်ဆုံး သိပ်သည်းလှတဲ့ တောအုပ်ကြီးကိုပဲ မြင်ရသည်။

သူ့ရဲ့ ပစ္စည်းခွဲခြားနိုင်တဲ့ စွမ်းရည်က ၁ ကီလိုမီတာ အထိပဲ ရှိတာကြောင့် ဒီအကွာအဝေးအတွင်းမှာတော့ ဘာအရင်းအမြစ်မှ မတွေ့ရပေ။

ပတ်ဝန်းကျင်မှာ စူးစမ်းစရာ ဘာမှမရှိဘူးဆိုတဲ့ သဘောပင်။

"ဟိုက ဘာကြီးလဲ..."

အရှေ့တောင်ဘက် ၆ ကီလိုမီတာ သို့မဟုတ် ၇ ကီလိုမီတာလောက် အကွာတွင် ရွှီရှင်းရဲ့ အမြင်အာရုံက ထူးခြားတဲ့ သစ်ပင်တစ်ပင်ကို မြင်လိုက်ရသည်။

၎င်းမှာ တခြားသစ်ပင်တွေထက် ပိုမြင့်ပြီး အရွက်တွေကလည်း ညောင်ပင်တစ်ပင်လို သိပ်သည်းနေကာ တကယ်ကို ထင်ရှားလှ၏။

တွေ့ပြီဟေ့...။

တခြား အသက်ရှင်ကျန်ရစ်သူတစ်ယောက်ရဲ့ သစ်ပင်အိမ်ပါလား...။

အမြင့်အရဆိုလျှင် နှစ်ထပ် သစ်ပင်အိမ် ဖြစ်ရမည်။

သူ့အိမ်နဲ့ ယှဉ်ရင်တော့ အပေါ်က အကိုင်းအခက်တွေက အများကြီး ပိုသေးတာကြောင့် ဒါဟာ တစ်ထပ်ပဲရှိတဲ့ အိမ်ကို မြေအောက်ကနေ ထပ်တိုးထားတာ ဖြစ်နိုင်သည်ဟု သူ တွေးလိုက်မိသည်။

ဟုတ်ပေသည် ဒါဟာ သာမန် အသက်ရှင်ကျန်ရစ်သူတစ်ယောက်ရဲ့ သစ်ပင်အိမ်ပင်။

"မီမီ... ဟိုမှာ ငါတို့အိမ်နဲ့ တူတဲ့ သစ်ပင်ကို မြင်လား"

ရွှီရှင်းက မီမီကို မေးလိုက်၏။

မီမီ၏ မျက်ဆန်များမှာ ဒေါင်လိုက်မျဉ်းအဖြစ် ကျုံ့သွားပြီး ခေါင်းညိတ်ကာ တိုးတိုးလေး အော်လိုက်သည်။

ဒါကို မြင်တော့ ရွှီရှင်း အံ့သြသွားရ၏။

ပုံမှန်အားဖြင့် ကြောင်မျိုးနွယ်တွေဟာ အမြင်အာရုံ အာရုံခံနိုင်စွမ်း ကောင်းသော်လည်း အဝေးကြည့် သိပ်မပြတ်သားဘဲ အနီးမှုန်တတ်ကြသည် မဟုတ်ပါလား။

မီမီက ၇ ကီလိုမီတာ၊ ၈ ကီလိုမီတာ အကွာက အရာကို မြင်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဒီဗီဇပြောင်းလဲမှုက အမြင်အာရုံကိုပါ မြှင့်တင်ပေးတာလား..။

ဒီဗီဇပြောင်းလဲမှုတွေက ဘယ်လမ်းကြောင်းကို ဦးတည်နေလဲဆိုတာ သူ ပိုပြီး နားမလည်နိုင်တော့ပေ။

စိတ်ဓာတ်မကျသရွေ့တော့ ဒီဗီဇပြောင်းလဲမှုက ကောင်းတဲ့ဘက်ကိုပဲ ဦးတည်နေမှာဖြစ်ပြီး ဒါကို တကယ့် ဆင့်ကဲပြောင်းလဲမှုလို့တောင် ခေါ်လို့ရသည်။

ရွှီရှင်းနဲ့ မီမီတို့ တောင်ကုန်းပေါ်က ဆင်းလာကြပြီး ဝံပုလွေပေါ် ပြန်တက်ကာ သစ်ပင်အိမ်ရှိရာဘက်ကို ညွှန်ပြလိုက်သည်။

"ငွေရောင်ဘုရင်... ဟိုဘက်ကို သွားကြစို့"

ငွေရောင်ဘုရင်က ပြန်ထူးပြီး ပြန်ပြေးတော့သည်။

အခုချိန်မှာတော့ ပတ်ဝန်းကျင်မှာ တောရိုင်းသားရဲတွေရော၊ ဗီဇပြောင်းသားရဲတွေပါ မရှိတာကြောင့် လူတစ်ယောက်နဲ့ သားရဲလေးကောင်တို့ဟာ ဘာအနှောင့်အယှက်မှ မရှိဘဲ ရှေ့ကို တိုးနိုင်ခဲ့ကြသည်။

မိနစ်အနည်းငယ် ကြာတော့ ငွေရောင်ဘုရင်ဟာ ၉ ကီလိုမီတာ အကွာအဝေးကို ရောက်တော့မှာဖြစ်ပြီး နယ်ခြားမျဉ်းကို ဖြတ်တော့မည် ဖြစ်၏။

"ငွေရောင်ဘုရင်... ဖြည်းဖြည်းသွား"

ရွှီရှင်းက တော်တော်လေးကို သတိထားနေခြင်း ဖြစ်သည်။

အကွာအဝေးအရဆိုလျှင် သူဟာ စောစောက မြင်ခဲ့တဲ့ သစ်ပင်အိမ်ရဲ့ ကာကွယ်ရေးနယ်မြေထဲကို ဝင်နေပြီ ဖြစ်ရမည်။

အခု သူတို့ ရောက်နေတဲ့ နေရာဟာ သူ့သစ်ပင်အိမ်နဲ့ ဟိုဘက်သစ်ပင်အိမ်တို့ရဲ့ ကာကွယ်ရေးနယ်မြေတွေ ထိနေတဲ့ နေရာဖြစ်ရမည်။

ရှေ့ကို ခြေလှမ်းအနည်းငယ် ထပ်တိုးလိုက်တဲ့အခါမှာတော့ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။

[သတိပေးချက် - သင့်သစ်ပင်အိမ်မှ ၉ ကီလိုမီတာထက် ကျော်လွန်၍ မသွားပါနှင့်။ မဟုတ်ပါက သင် မမြင်လိုသော အရာများ ဖြစ်ပျက်လာပါလိမ့်မည်။]

"ရပ်လိုက်တော့"

ရွှီရှင်းက ငွေရောင်ဘုရင်နဲ့ မီမီကို အမိန့်ပေးလိုက်၏။

"အီးးး"

ခဲခဲလေးက ရွှီရှင်း ဘာလို့ ရပ်လိုက်တာလဲဆိုတာ နားမလည်သလို လှည့်ကြည့်နေရှာသည်။

ဒီသတိပေးသံက နောက်တစ်ခါ ထပ်လာပြန်ပြီ။

ဒါက ဘာကို ဆိုလိုတာလဲ။

တခြားသူတွေရဲ့ သစ်ပင်အိမ်က သူ့ကို ကာကွယ်မပေးနိုင်တာများလား။

ဒါပေမဲ့ ခဲခဲလေးရဲ့ အမူအရာကို ကြည့်ရင် ဘာအန္တရာယ်မှ မရှိသေးတဲ့ ပုံပါပဲ။

ဒါပေမဲ့လည်း ရွှီရှင်းကတော့ သတိထားတာ အကောင်းဆုံးပဲလို့ တွေးလိုက်သည်။

သူက အရှေ့က တောအုပ်ကို ညွှန်ပြပြီး မီမီကို ပြောလိုက်၏။

"မီမီ... အရှေ့က တောထဲကို တစ်ပတ်လောက် ပတ်ကြည့်ပေးပါဦး။ ဒါပေမဲ့ သတိထားနော်"

မီမီကတော့ မြေကြီးထဲက ထွက်လာတဲ့ အရာတွေကို မကြောက်ပေ။

သူမက ရှေ့ကို ဖျတ်ခနဲ ခုန်ထွက်သွားပြီး ကာကွယ်ရေးနယ်မြေ အပြင်ဘက်ကို တစ်ချက်တည်းနဲ့ ရောက်သွား၏။

ပြီးမှ ရွှီရှင်းကို လှည့်ကြည့်ပြီး အေးအေးဆေးဆေးပဲ လမ်းလျှောက်နေတော့သည်။

ရွှီရှင်း - "..."

သူ့ကို အထင်သေးသလိုမျိုး ခံစားလိုက်ရ၏။

"သွားကြစို့"

ရွှီရှင်းက စိတ်ပျက်လက်ပျက်နဲ့ ငွေရောင်ဘုရင်ကို ပြောလိုက်၏။

သူ တစ်ခုကို ရုတ်တရက် သတိထားမိလိုက်သည်။

ဒီအဖွဲ့ထဲမှာ မြေအောက်က ဗီဇပြောင်းသတ္တဝါတွေ ရှိနေတာကို မသိနိုင်တဲ့သူက သူတစ်ယောက်တည်းပဲ ဖြစ်ရမည်။

ငွေရောင်ဘုရင်၊ မီမီနဲ့ အာဖုတို့က ဗီဇပြောင်းသားရဲတွေ ဖြစ်တာကြောင့် ပတ်ဝန်းကျင်က အငွေ့အသက်တွေကို သိနိုင်သလို၊ ခဲခဲလေးကလည်း ထူးခြားတဲ့သူ မဟုတ်ပါလား။

သူကတော့ မြေပုံပေါ်မှာ မြေပြင်ပေါ်က ရန်သူတွေကိုပဲ မြင်နိုင်ခြင်းပင်။

ဒါပေမဲ့လည်း ကိစ္စမရှိပေ သူတို့တွေဟာ သူ့ရဲ့ စာချုပ်ချုပ်ထားတဲ့ သားရဲတွေဖြစ်တာကြောင့် သူတို့ရဲ့ စွမ်းရည်တွေက သူ့စွမ်းရည်လိုပင်။

နောက်ဆိုရင်တော့ အရမ်းကြီး သတိထားနေစရာ မလိုတော့ဘဲ သူတို့တွေက အလိုလို သတိပေးလောက်သည်။

ငွေရောင်ဘုရင်က ကာကွယ်ရေးနယ်မြေ အပြင်ဘက်ကို ခြေချလိုက်ချေပြီ။

[ကာကွယ်ရေးနယ်မြေမှ ထွက်ခွာနေပါပြီ။ အသက်ရှင်ကျန်ရစ်သူသည် သစ်ပင်အိမ်၏ ကာကွယ်မှုကို ရရှိတော့မည် မဟုတ်ပါ။ ချက်ချင်း ပြန်လှည့်ရန် အကြံပြုအပ်ပါသည်]

ဒီသတိပေးချက်ကတော့ တကယ်ကို ခြောက်လှန့်နေသလိုပင်။

ဘာမှမသိတဲ့သူသာ ဆိုရင်တော့ ရှေ့ဆက်တိုးဖို့ တကယ်ကို ဝံ့ရဲမှာ မဟုတ်ပေ။

လူတစ်ယောက်နဲ့ သားရဲလေးကောင်တို့ဟာ သစ်ပင်အိမ်ဆီကိုပဲ ဆက်ပြီး ဦးတည်သွားနေကြသည်။

"ဒီပတ်ဝန်းကျင်က တကယ်ကို ခြောက်ကပ်လှချေလား..."

ရွှီရှင်းက သက်ပြင်းချရင်း ရေရွတ်လိုက်မိသည်။

သူ့ရဲ့ ကံကောင်းမှုကို သူ တကယ်ပဲ ကျေးဇူးတင်ရမည်။

တောင်တွေ၊ ရေတွေနဲ့ အရင်းအမြစ်တွေရှိတဲ့ နေရာကို သူ ရှာတွေ့ခဲ့သည် မဟုတ်ပါလား။

သားရဲတွေ နိုးထတဲ့အချိန်မှာ အန္တရာယ်များခဲ့သလို ရေကန်ထဲမှာလည်း မြွေကြီး ရှိနေပေမဲ့၊ အနည်းဆုံးတော့ ဘာမှ မရှိတာထက်စာရင် အများကြီး တော်သေး၏။

ဒီလို ဘာမှမရှိတဲ့ နေရာမှာသာ သစ်ပင်အိမ် ဆောက်ခဲ့ရရင်တော့ အစပိုင်းမှာ တော်တော်လေး ခက်ခဲမှာလားမသိဘူး..။

ရှေ့ကို ဆက်တိုးလိုက်တဲ့အခါ ရွှီရှင်းရဲ့ ရှေ့မှာ အစိမ်းရောင် အကွက်လေး တစ်ခု ပေါ်လာသည်။

၎င်းမှာ အရင်းအမြစ်နယ်မြေ မဟုတ်ဘဲ သစ်ပင်အိမ်ကနေ ထွက်ပေါ်နေတဲ့ အစိမ်းရောင် အလင်းတန်းလေးဖြစ်ပြီး၊ အသက်ရှင်ကျန်ရစ်သူက သစ်ပင်အိမ်နားမှာ စိုက်ထားတဲ့ အစိမ်းရောင်အဆင့် သစ်ပင်လေးတွေပဲ ဖြစ်သည်။

ဒီသစ်ပင်တွေက မြေကြီးကို မြေသြဇာကျွေးပြီးမှ စိုက်ထားတာ ဖြစ်ရမည်။

ဒါကလွဲရင် ပတ်ဝန်းကျင်မှာ ခြောက်ကပ်နေတုန်းပင်။

ရွှီရှင်း သစ်ပင်အိမ်ခြေရင်းကို အမြန် ရောက်ရှိသွား၏။

ဒီသစ်ပင်အိမ်ကို ကြည့်ပြီး သူ မျက်မှောင်ကြုတ်လိုက်မိ၏။

ဘာတွေ ဖြစ်နေတာလဲ။

သစ်ပင်ပင်စည်က ဘာလို့ ဒီလောက်အထိ ပျက်စီးနေရတာလဲ။

အပေါ်က သစ်ရွက်တွေက ဝေဆာနေသေးသော်လည်း အရွက်တွေက ဝါနေချေပြီ။

ပင်စည်မှာလည်း ဓားနဲ့ အချက်ပေါင်းများစွာ အခုတ်ခံထားရသလိုမျိုး အစင်းကြောင်းတွေ၊ အနက်ကြီး ဖြစ်နေတဲ့ ချိုင့်တွေနဲ့ အပေါက်တွေတောင် ပါနေသေးသည်။

သစ်ပင်အိမ် ချပ်ဝတ်လည်း တပ်မထားတာကြောင့် ပျက်စီးမှုက တော်တော်လေး ပြင်းထန်လှသည်။

ဒါဟာ မနေ့က နွယ်ပင်တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ သစ်ပင်အိမ်မှန်း သိသာလှသည်။

ဒီအိမ်က သေလုနီးပါး ဖြစ်နေပြီပေါ့.....။

သူ့ရဲ့ အကြားအာရုံက တော်တော်လေး ကောင်းနေပြီဖြစ်သော်လည်း သစ်ပင်အိမ် တစ်ခုလုံးကတော့ တိတ်ဆိတ်နေပြီး လူတစ်ယောက်မှ မရှိတဲ့ အတိုင်းပင်။

သူ့အိမ်နဲ့ ဒီလောက်နီးမှတော့ ဒီအိမ်ရှင်ဟာ သူ့နယ်မြေက လူပဲ ဖြစ်ရမည်။

နေ့ခင်းဘက်မှာ သတိပေးချက်ကို မလိုက်နာဘဲ အပြင်ထွက်လို့ သေသွားတဲ့သူတွေရဲ့ အိမ်များ ဖြစ်နေမလား...။

ဒါကြောင့်လည်း ညဘက်မှာ အကာအကွယ်မရှိဘဲ အတိုက်ခံရတာ ဖြစ်နိုင်၏။

ရွှီရှင်း သစ်ပင်အိမ်ခြေရင်းကို သွားပြီး ပင်စည်ကို ထိကြည့်လိုက်၏။

[သေဆုံးခါနီး အဆင့်နိမ့်သစ်ပင်အိမ် (အစိမ်းရောင်အဆင့်): ပိုင်ရှင်မဲ့သွားသော ပျက်စီးနေသည့် သစ်ပင်အိမ်။ ပိုင်ရှင်မရှိတော့သော သစ်ပင်အိမ်သည် ၂၄ နာရီအတွင်း ညှိုးနွမ်းသေဆုံးသွားမည် ဖြစ်သည်။ ဤသစ်ပင်အိမ်၏ ကျန်ရှိနေသေးသော အသက်ရှင်ချိန်: ၅ နာရီ ၂၁ မိနစ်။]

ထင်ထားတဲ့အတိုင်းပင် အိမ်ထဲမှာ လူမရှိတော့ဘဲ အိမ်ရှင်ကတော့ သေဆုံးသွားလေပြီ။

ဒါပေမဲ့ အချိန်ကတော့ လွဲနေ၏။

အချိန်တွက်ချက်မှုအရဆိုလျှင် ဒီအိမ်ရှင်ဟာ မနေ့ညက နွယ်ပင်တွေနဲ့ ပုရွက်ဆိတ်လှိုင်း တိုက်ခိုက်နေတုန်းမှာ သေဆုံးသွားတာ ဖြစ်ရမည်။

...တစ်ခုခုတော့ မှားနေပြီလားမသိဘူး။

သူတို့ နယ်မြေတွင် နေ့ခင်းဘက် သေတဲ့သူတွေ ရှိခဲ့ပေမဲ့လည်း မနေ့ညက ရွှီရှင်းတို့ နှလုံးသားအပိုင်းအစတွေ ဝေပေးပြီးကတည်းက ဆက်သွယ်ရေးလိုင်းမှာ လူဦးရေ လျော့မသွားခဲ့ပေ။

ရွှီရှင်း လူဦးရေစာရင်းကို ပြန်စစ်ကြည့်လိုက်ရာ ၃၀၁၆ ယောက် ရှိနေဆဲ ဖြစ်ပြီး မနေ့ညက အရေအတွက်နှင့် အတူတူပင်။

ဘာဖြစ်လို့လဲ...။

ဒီသစ်ပင်အိမ် ပိုင်ရှင်က သူတို့နယ်မြေက လူ မဟုတ်လို့လား...။

---

အခန်း ၁၉၂ ပြီး။

All Chapters