လီဝမ်ရှီးအား ချပ်ဝတ်ဆင်ပြင်ဆင်ပေးခြင်း (၂)
Vol. 13 Ch. 191
ဒီဝတ်စုံကတော့ လောလောဆယ်မှာ သူ့ဟာကလွဲလျှင် အသန်မာဆုံး အစုံပဲ ဖြစ်ရမည်။
တခြားဘယ်သူကများ ကိုယ်သုံးတဲ့ပစ္စည်း အားလုံးကို အလယ်အလတ်အဆင့် ဗီဇပြောင်းသားရဲ ကုန်ကြမ်းတွေနဲ့ လုပ်နိုင်မှာလဲ...။
ကျိချောင်းယန်ပဲ လုပ်နိုင်ရင် လုပ်နိုင်လောက်၏။
ဒါပေမဲ့ သူလည်း သစ်ပင်အိမ်အတွက် ကုန်ကြမ်းတွေ လိုနေတာကြောင့် အကုန်လုပ်နိုင်ဖို့တော့ မလွယ်လှပေ။
မျက်စိမှားတာလားတော့ မသိပေ။
သံမဏိချပ်ဝတ်ကို လီဝမ်ရှီး ဝတ်လိုက်တဲ့အခါ သူမရဲ့ ကိုယ်လုံးနဲ့ ပိုပြီး ကွက်တိကျသွားသလိုပင်။
သံချပ်ဝတ်ဆိုပေမဲ့ သံချပ်ဝတ်တွေလို လေးလံထိုင်းမှိုင်းတဲ့ ပုံစံမျိုး မဟုတ်ဘဲ လက်တစ်ဖက်က လှံကိုကိုင်ထားတဲ့ တကယ့် အမျိုးသမီး သူရဲကောင်းတစ်ယောက်လို ရဲရင့်ပြတ်သားတဲ့ အငွေ့အသက်မျိုး ပေးစွမ်းနေသည်။
ဒါပေမဲ့ သူမ ပါးစပ်ဟလိုက်တာနဲ့ အငွေ့အသက်တွေ ပျက်စီးသွားရတော့၏။
"ဝိုး... ဒီသံမဏိချပ်ဝတ်က အပြာရောင်အဆင့် သံချပ်ဝတ်ထက် အများကြီး ပိုပေါ့တာပဲ။ ပြီးတော့ သံချပ်ဝတ်တွေလို လှုပ်ရှားတိုင်း တဂျွမ်းဂျွမ်းမြည်တဲ့ အသံလည်း မထွက်ဘူး။ ပိုပြီးတော့လည်း ပြောင်လက်နေတာပဲ၊ သံချပ်ဝတ်ထက် အများကြီး ပိုကြည့်ကောင်းတယ်။ တကယ်ကို မိုက်တယ်။ ဒီလက်နက်တွေကောပဲ၊ ရှင်ကတော့ တကယ်ကို အံ့သြဖို့ကောင်းတာပဲ ရွှီရှင်းလေးရေ"
လီဝမ်ရှီးက သူမရဲ့ လှံကို ရွှီရှင်း ပထမဆုံးရတုန်းကလိုပဲ ဝှေ့ယမ်းပြနေပြီး လှံဆီကနေ သာယာတဲ့ အသံတွေ ထွက်နေတော့သည်။
"ဪ... ဟုတ်သားပဲ၊ သံချပ်ဝတ်တွေက အသံထွက်တာပဲ"
သူ သံချပ်ဝတ် မဝတ်တာ ကြာပြီဖြစ်လို့ မေ့နေ၏။
သံချပ်ဝတ်ဆိုတာ လှုပ်ရှားလိုက်တာနဲ့ တချွင်ချွင်မြည်တဲ့ အသံထွက်တတ်ပြီး ပတ်ဝန်းကျင်က သားရဲတွေကို လာတိုက်ဖို့ ဖိတ်ခေါ်နေသလိုမျိုး ဖြစ်နေသည်။
သံမဏိချပ်ဝတ်ကတော့ တကယ်ကို ကောင်း၏။
လက်တွေ့အသုံးချတဲ့နေရာမှာ သံချပ်ဝတ်ထက် အများကြီး ပိုပြီး အစွမ်းထက်လှသည်။
"မင်းသဘောကျရင် ပြီးတာပါပဲ။ ငါ မင်းကို သံမဏိမီးတောက်တွေ ထပ်ပေးမယ်။ အားတဲ့အခါ သံမဏိတုံးတွေ ကျိုထားပေါ့၊ အဲဒါတွေက သံတုံးတွေထက် အများကြီး ပိုသန်မာတာလေ။ ဪ... ဒါနဲ့၊ ဓာတ်ခွဲပုလင်း အလွတ်တွေကိုတော့ ငါ့ဆီ ပြန်ပို့ပေးဦး။ ငါ ထပ်လုပ်ဖို့ ပျင်းလို့"
"အော်... အိုကေလေ"
ရွှီရှင်းဆီမှာ ကျောက်မီးသွေးတွေ မကျန်တော့ပေ။
အတုံးတစ်ထောင်ဆိုတာ များတယ်ထင်ရပေမဲ့ သံမဏိမီးတောက် ပုလင်း ၄၀ ပဲ လုပ်လို့ရ၏။
အဲဒါတွေကိုလည်း လီဝမ်ရှီးဆီ အကုန်ပေးလိုက်ပြီ မဟုတ်ပါလား။
သူသည် ကြင်ယာတော် သင်းခွေချပ်ကြီးကို ခေါ်ပြီး ကျောက်မီးသွေးတွင်းဆီ နောက်တစ်ခေါက် ပြန်သွားပြန်သည်။
မိနစ်ပိုင်းအတွင်းမှာတင် ကျောက်မီးသွေး သုံးထောင်လောက် ထပ်တူးလိုက်ရာ ကျောက်မီးသွေးတွင်းကြီးမှာ ပိုကျယ်၊ ပိုနက်လာပြီး ကျောက်မီးသွေးတွေလည်း ပိုပေါ်လာတော့သည်။
သို့သော်လည်း ရွှီရှင်း ရင်ထဲမှာ စိုးရိမ်စိတ်လေး တစ်ခုတော့ ဝင်လာမိ၏။
ဒီတွင်းကြီးက ဒီအတိုင်း ဆက်ချဲ့နေရင် မြေပြိုကျမှာလားမသိဘူး။
"ကြင်ယာတော်... မင်း အားတဲ့အခါ ဒီမှာ ခဏခဏ လာတူးပေးဦး။ အပေါ်က မြေကြီးလွှာတွေကို ဖယ်ပြီး ဒီနေရာကို အမိုးဖွင့်တွင်းကြီး ဖြစ်အောင် လုပ်လိုက်မှ ရမယ်၊ မဟုတ်ရင် ပြိုကျနိုင်တယ်"
ကြင်ယာတော်က ငှက်ကလေးလို အော်ပြီး နားလည်ကြောင်း အချက်ပြလိုက်၏။
သူမက ဂူထဲ ပြန်မဝင်တော့ဘဲ ရွှီရှင်းပြောတဲ့အတိုင်း အပေါ်ယံ မြေသားတွေကို တူးထုတ်ဖို့ ဆက်လုပ်နေတော့သည်။
သင်းခွေချပ်တစ်ကောင်ဆိုတာ တကယ့် အဆောက်အအုံ တည်ဆောက်ရေး အဖွဲ့တစ်ဖွဲ့လိုပင်။
ဟိုကလေးနှစ်ကောင်သာ ကြီးလာလျှင် သူ့မှာ အဖွဲ့သုံးဖွဲ့တောင် ရှိလာမှာဖြစ်သည်။
ရွှီရှင်းလည်း သူမကို မနှောင့်ယှက်တော့ဘဲ ကျောက်မီးသွေး သုံးထောင်ကို သယ်ပြီး သစ်ပင်အိမ်ကို ပြန်လာခဲ့သည်။
ကျောက်မီးသွေး နှစ်ထောင်ကိုသုံးပြီး သံမဏိမီးတောက် အခု ၈၀ လုပ်လိုက်၏။
လီဝမ်ရှီးအတွက် ၅၀၀ ကို လောင်စာအဖြစ် ပေးလိုက်ပြီး၊ ကျန်တဲ့ ၅၀၀ ကိုတော့ သူ့အတွက် အရန်အဖြစ် သိမ်းထားလိုက်သည်။
သံမဏိမီးတောက်တွေ အများကြီး လုပ်ပြီးတဲ့အခါမှာတော့ သူ့ရဲ့ ဗီဇပြောင်းအပင်ရည်ကလည်း ကုန်လုနီးပါး ဖြစ်သွားချေပြီ။
ဒါကြောင့် သူက ငွေရောင်ဘုရင်နဲ့ မီမီကို ဆွဲခေါ်ပြီး သစ်ပင်အိမ်ရဲ့ ပထမထပ်ကို သွားလိုက်၏။
အဲဒီနေရာရဲ့ တစ်ဝက်လောက်က အအေးခန်းကလွဲရင် ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေ၏။
သူ့ကျောပိုးအိတ်ထဲမှာ ရှိသမျှ ဗီဇပြောင်းနွယ်ပင်တွေ အကုန်ထုတ်ချလိုက်ရာ အဲဒီနေရာက နွယ်ပင်တွေနဲ့ ပြည့်သွားတော့သည်။
ပြီးနောက် သစ်သားစည်ပိုင်း အချို့ကို သူ လုပ်လိုက်၏။
"မင်းတို့နှစ်ကောင်... ဒီနွယ်ပင်တွေဆီက အပင်ရည်တွေ ထုတ်ဖို့ ငါ့ကို ကူညီပေးကြဦး"
ရွှီရှင်းက နွယ်ပင်တွေကို မျက်လုံးအပြူးသားနဲ့ ကြည့်နေတဲ့ ငွေရောင်ဘုရင်နဲ့ မီမီကို ပြောလိုက်သည်။
ငွေရောင်ဘုရင်ကတော့ လိမ်လိမ်မာမာနဲ့ နွယ်ပင်တစ်ပင်ကို ယူလိုက်သော်လည်း၊ မီမီကတော့ ရွှီရှင်းကို မျက်စောင်းထိုးပြပြီး ငွေရောင်ဘုရင်ဆီကို ပျင်းတိပျင်းရွဲနဲ့ လျှောက်သွားနေတော့သည်။
"ဒီကောင်မလေးကတော့ အလုပ်ရှောင်ချင်နေပြန်ပြီ"
"နင်တို့ဒါတွေ လုပ်ပြီးရင် ငါ အပြင်ကို ခေါ်သွားမယ်၊ ဒီတစ်ခါတော့ အဝေးကြီးကို သွားမှာနော်" လို့ သူက ပြောလိုက်၏။
ဒါကို ကြားတာနဲ့ မီမီရဲ့ ကိုယ်လုံးလေး တုန်သွားပြီး သူမရဲ့ လက်သည်းနဲ့ နွယ်ပင်ကို ချက်ချင်း ကုတ်ခြစ်လိုက်ရာ ပျစ်ချွဲနေတဲ့ အဖြူရောင် အပင်ရည်တွေ ထွက်လာပြီး သစ်သားစည်ထဲကို စီးဝင်သွားတော့သည်။
ရွှီရှင်းက သားရဲနှစ်ကောင်ရဲ့ ခေါင်းကို ကျေနပ်စွာ ပုတ်ပေးပြီး တတိယထပ်ကို ပြန်တက်လာခဲ့၏။
မွန်းတည့်တော့မှာ ဖြစ်တာကြောင့် စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်တွေ ဘယ်လုပ်ဆောင်ချက် နယ်မြေကို အဓိကထားမလဲဆိုတာ ဆုံးဖြတ်ပြီးကြလောက်ပြီဖြစ်သည်။
ခဲခဲလေးကတော့ ဆိုဖာပေါ်မှာ အိပ်ငိုက်နေရှာသည်။
အလုပ်မရှိရင် အမြဲ အိပ်နေတတ်တဲ့ ဒီကောင်မလေးဟာ ရွှီရှင်း ထိုင်လိုက်တာ မြင်တော့ သူ့ခြေထောက်ပေါ် တက်ပြီး ဆက်အိပ်နေပြန်သည်။
ကောင်မလေးရဲ့ အမွှေးတွေကို ပွတ်ပေးရင်း ရွှီရှင်း အဖွဲ့ထဲက စကားဝိုင်းကို ဖွင့်ကြည့်လိုက်၏။
အဖွဲ့ထဲမှာတော့ တိတ်ဆိတ်နေပြီး လူတိုင်းက သစ်ပင်အိမ်ရဲ့ လုပ်ဆောင်ချက် အသစ်တွေကို စမ်းသပ်နေကြပုံရသည်။
ရွှီရှင်း - "မင်းတို့ မြှင့်တင်မှု ရမှတ်တွေ ခွဲဝေပြီးကြပြီလား"
ချက်ချင်းဆိုသလို စာတွေ တက်လာတော့သည်။
လီဝမ်ရှီးက ပထမဆုံး စာပြန်လာ၏ - "ငါကတော့ အရည်ကျိုခန်းကိုပဲ အဓိကထားလိုက်ပြီ။ တစ်ယောက်ယောက်မှာ သတ္တုရိုင်းတွေ ရှိရင်ဖြစ်ဖြစ်၊ ဖန်ကျိုဖို့ လိုရင်ဖြစ်ဖြစ် ငါ့ဆီ လာခဲ့ကြတော့။"
ဝမ်လေ့ - "အရည်ကျိုခန်းတို့၊ အလုပ်ရုံတို့က ငါ့အတွက်တော့ သိပ်မထူးပါဘူး။ ငါ့ပစ္စည်းတွေက အစ်ကိုရွှီနဲ့ ဘောစ့် ကျိဆီက ဝယ်ထားတာဆိုတော့ ငါကိုယ်တိုင်လည်း မလုပ်တတ်ဘူးလေ။ ဒါကြောင့် ငါတော့ မီးဖိုချောင်ကိုပဲ မြှင့်လိုက်တယ်။ မင်းတို့ဆီမှာ အရည်အသွေးမြင့်တဲ့ ကုန်ကြမ်းတွေရှိရင် ငါ့ကို လာရှာလို့ရတယ်၊ ငါ့ရဲ့ ချက်ပြုတ်တဲ့ လက်ရာရော၊ ကိရိယာတွေရော၊ မီးဖိုချောင် အာနိသင်တွေရောက ထိပ်တန်းပဲ"
ကျောက်ရှောင်ချွမ်း - "တကယ်လား မင်းက ချက်တတ်လို့လား။ ဒါနဲ့... ငါကတော့ စိုက်ပျိုးရေးခန်းကို မြှင့်လိုက်ပြီ။ အသီးအနှံတွေ အများကြီး စိုက်ပြီးရင် တောထဲမှာ အစာရှာနေစရာ မလိုတော့ဘူးပေါ့"
ချင်ယွန်လုံ - "...ဝမ်လေ့လို လူကောင်ကြီးကြီးနဲ့ လူက ချက်ပြုတ်နေတာကို ငါ စိတ်ကူးတောင် မယဉ်ကြည့်ရဲဘူး"
ဝမ်လေ့ - "နောက်နေတာလား။ ငါ အလုပ်စဝင်ကတည်းက တစ်ယောက်တည်း နေလာတာ၊ ကိုယ့်ဘာသာ မချက်စားရင် ငတ်သေမှာပေါ့"
ချင်ယွန်ဟု - "အပြင်စာ မှာစားလေ"
ဝမ်လေ့ - "...ဘဝဆိုတာ နည်းနည်းတော့ အနုပညာဆန်ရတယ်ကွ"
ဝမ်ကွေ့ရှင်း - "အနုပညာဆန်တယ် ဆိုတဲ့ စကားလုံးက နင့်ပါးစပ်က ထွက်လာလိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားဘူး...။ ကဲပါ... ဒါဆို ချက်ပြုတ်တဲ့ အလုပ်ကို နင်ပဲ တာဝန်ယူလိုက်တော့။ နေ့တိုင်း အားလုံးအတွက် ချက်ပေးလေ၊ ဗီဇပြောင်းသားရဲ အသားတွေက ခွန်အားတိုးစေတယ်လို့ ရွှီရှင်း ပြောတယ် မဟုတ်လား။ နင်ချက်ရင် အဲဒီအာနိသင်တွေက ပိုသိသာလာမှာလားမသိဘူး"
ဝမ်လေ့ - "မလုပ်ပါနဲ့ဦး။ နင်က ချက်ရမှာ ပျင်းလို့ ငါ့ကို အထိန်းတော် ခန့်ချင်နေတာ မဟုတ်လား။ နင့်မှာ အဆင့်မြင့် ကုန်ကြမ်းတွေ ရှိရင်တော့ ငါ့ဆီ လာခဲ့ပါ၊ နင့်ကို စျေးခေါင်းပုံမဖြတ်ပါဘူး။ ဒါနဲ့ ဝမ်ကွေ့ရှင်း... နင်ကရော ဘာကို မြှင့်လိုက်တာလဲ"
ဝမ်ကွေ့ရှင်း - "ငါကတော့ ငါ့ရဲ့ ကိုယ်ပိုင်စွမ်းရည်နဲ့ ပတ်သက်တဲ့ နေရာကိုပဲ မြှင့်လိုက်တယ်။ လောလောဆယ်တော့ နင်တို့နဲ့ မဆိုင်သေးပါဘူး။ နောက်မှ ငါတို့ တွေ့ကြရင် ငါ ကူညီပေးနိုင်တာပေါ့။ ဒါနဲ့... ငါတို့ သစ်ပင်အိမ် ကာကွယ်ရေးနယ်မြေတွေက အခုဆို ဆက်နေလောက်ပြီ မဟုတ်လား။ အခု တွေ့လို့ ရနေပြီလား"
ရွှီရှင်း - "ဒီနေ့ နေ့လယ်ပိုင်းမှာ ငါ အပြင်ထွက်ပြီး စူးစမ်းဖို့ စဉ်းစားထားတယ်။ အခြေအနေကို သိရရင် ငါ ပြန်ပြောမယ်"
ကျိချောင်းယန် - "မင်းလည်း အပြင်မထွက်ရသေးဘူးလား။ နေ့လယ်ကျရင် သွားကြည့်လိုက်ဦး၊ ငါတော့ မသွားနိုင်သေးဘူး။ ငါ့ဘက်က မနေ့ကရထားတဲ့ သတင်းအချက်အလက်တွေကို ပြန်ပြီး စနစ်တကျ လုပ်ရဦးမှာမို့လို့"
ရွှီရှင်း - "ကောင်းပြီလေ"
ချီရွှယ်ဖေး - "ငါတော့ ခံစားနေရတယ်၊ နင်တို့ နှစ်ယောက် ငါတို့ကို တစ်ခုခု ဖုံးကွယ်ထားကြတယ် မဟုတ်လား"
ကျိချောင်းယန် - "ငါတို့ အချို့ကိစ္စတွေကို ဆွေးနွေးနေကြတာတော့ အမှန်ပဲ။ အခြေအနေ သေချာသွားရင် နင်တို့ကို ပြန်ပြောပြပါ့မယ်"
လီဝမ်ရှီး - "ဝိုး... ဒါက လူကြီးတွေရဲ့ လျှို့ဝှက်ချက်လေးပေါ့လေ။ အားကျလိုက်တာ၊ ငါလည်း သိချင်တယ်"
သူတို့ စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်တွေ မြှင့်တင်ထားတဲ့ နေရာတွေက ကျောက်ရှောင်ချွမ်းရဲ့ စိုက်ပျိုးရေးကလွဲလျှင် သူ့ရဲ့ လုပ်ငန်းတွေနဲ့ သိပ်ပြီး မတူကြပေ။
ဒါပေမဲ့ သူ့ရဲ့ စိုက်ပျိုးရေးခန်းလေးက လူအားလုံးအတွက် မလောက်တာကြောင့် ကျောက်ရှောက်ချွမ်း စိုက်ပျိုးရေးကို မြှင့်တာကလည်း တကယ်ကို အဆင်ပြေလှ၏။
သူ့ရဲ့ လက်ရှိ အစီအစဉ်ကတော့ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုတွေ စလာတဲ့အခါ၊ လုပ်ဆောင်ချက် နယ်မြေ တူတဲ့သူတွေကို စုစည်းပြီး တစ်နေရာတည်းမှာ တိုးတက်အောင် လုပ်ဆောင်ဖို့ပင်။
တစ်ယောက်ချင်းစီက သူတို့ ကျွမ်းကျင်တဲ့ အပိုင်းမှာ တာဝန်ယူပြီး၊ စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်တွေကတော့ ခေါင်းဆောင်တွေ ဖြစ်လာမည်ဖြစ်သည်။
ဒါပေမဲ့ ဒါကတော့ အကြမ်းဖျင်း အစီအစဉ်ပဲ ရှိသေး၏။
ဘာလို့လဲဆိုတော့ ဒုတိယအဆင့်ရဲ့ အခြေအနေကို အခုထိ သဲသဲကွဲကွဲ မသိသေးလို့ပင်။
ရွှီရှင်းသည် ခဲခဲလေးကို ချီကာ စားသောက်ခန်းသို့ သွားပြီး အသားကင်ဖိုကို ပြင်လိုက်သည်။
စားပြီးတာနဲ့ အရှေ့ဘက်ကို သွားပြီး တခြားသူတွေရဲ့ သစ်ပင်အိမ်ဆီ တကယ် ရောက်နိုင်မရောက်နိုင်ဆိုတာသွားကြည့်ရမယ်။
---
အခန်း ၁၉၁ ပြီး။