← Chapters

အခန်း (၅၅၉-၅၆၀)

Vol. 44 Ch. 559-560

အခန်း (၅၅၉-၅၆၀)

Vol. 44 Ch. 559-560

အခန်း ၅၅၉ ထာဝရမပျက်စီးနိုင်သောနယ်ပယ်

ဗုဒ္ဓအင်မော်တယ်၏ တီးတိုး ရေရွတ်သံက ကျန်းပုကူနှင့် အခြားသူများကို ပိုမို၍ စိုးရိမ်ထိတ်လန့်သွားစေသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓအင်မော်တယ်၏ အရေးတကြီး ဖြစ်ပျက်နေမှုကို သူတို့ အာရုံခံမိလိုက်သောကြောင့် ဖြစ်ပြီး ထိုသို့ဖြစ်လေလေ သူတို့အတွက် ပို၍ အန္တရာယ်များလေလေ ဖြစ်သည်။

ဗုဒ္ဓအင်မော်တယ် အသွင်ပြောင်းထားသော ဗုဒ္ဓရုပ်တုကြီးမှာ အက်ကွဲတော့မည့်အလား တသိမ့်သိမ့် တုန်ခါနေ၏။

"ထွက်ပြေးကြ..."

ဆန်းကြယ်နတ်ဘုရားသခင်က ချက်ချင်းပင် အမိန့်ပေးလိုက်ရာ တစ်ခဏအတွင်းမှာပင် တံခါး ပွင့်ထွက်သွားပြီး ကျန်းပုခုနှင့် အခြားသူများသည် လျှပ်စီးအလား ပြေးထွက်သွားကြကာ သဲမုန်တိုင်းများကြားသို့ တိုးဝင်သွားကြသည်။

"ဒါ ဘယ်လိုနေရာမျိုးလို့ မင်းတို့ ထင်နေတာလဲ... ထွက်ပြေးမယ် ဟုတ်လား... မင်းတို့ချင်း ပြန်သတ်တာကမှ ထွက်ပြေးတာထက် ပိုလွယ်ကူကြောင်း မကြာခင် တွေ့ရလိမ့်မယ်... ဘာလို့လဲဆိုတော့ မင်းတို့ကြားက အကြောင်းနဲ့အကျိုး နှောင်ဖွဲ့မှုတွေကို ငါ ဖျက်ဆီးလိုက်ပြီဖြစ်လို့ပဲ... ဒီအချိန်ကစပြီး မင်းတို့အားလုံးက ဘာမှမသက်ဆိုင်တော့တဲ့ သီးခြား ဖြစ်တည်မှုတွေပဲ"

ဗုဒ္ဓအင်မော်တယ်၏ အသံက ပဲ့တင်ထပ်သွားပြီး ကျန်းပုကူနှင့် ဆန်းကြယ်တစ္ဆေဘုရင်များမှာ သူတို့အပေါ်ရှိ ချုပ်နှောင်မှုများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရကာ သူတို့ တောင့်တနေခဲ့သော လွတ်လပ်မှုကို ရရှိလိုက်ကြသည်။

…

သို့သော်လည်း သူတို့ စိတ်သက်သာရာ မရကြပေ။ ထိုအစား ပို၍ပင် ကြောက်ရွံ့လာကြ၏။

အကြောင်းနှင့်အကျိုးကို လွယ်လွယ်ကူကူ ဖျက်ဆီးနိုင်သော ဗုဒ္ဓအင်မော်တယ်၏ ကျင့်ကြံမှုအဆင့်က မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။

ကောင်းကင်နှင့်မြေကြီးကို မကြောက်တတ်သော ကျန်းပုခုပင်လျှင် စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။

ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ မှ ထွက်ခွာလာခဲ့သည်မှာ နှစ်ပေါင်း ထောင်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး အခက်အခဲများနှင့် အန္တရာယ်များစွာကို သည်းခံဖြတ်ကျော်ခဲ့ပြီးနောက် ယနေ့တွင် အမှန်တကယ် အဆုံးသတ်သွားရတော့မည်လော။

ကျန်းပုကူ၏ စိတ်ထဲတွင် ကုအန်နှင့် လီယတို့၏ မျက်နှာများ ပေါ်လာပြီး ထိုနှစ်ယောက် မည်သို့ ရှိနေမည်ကို မသိနိုင်တော့ချေ။

ထိုအတွေးများက သူ့စိတ်ထဲတွင် မြန်မြန်ဆန်ဆန် ဝင်ရောက်လာပြီး မြန်မြန်ဆန်ဆန်ပင် ပျောက်ကွယ်သွားကာ သူအများကြီး တွေးတောနေရန် အချိန်မရှိပေ။

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်ကို သတ်ဖြတ်ပြီးနောက် ကုအန်၏ ဘဝမှာ ပြန်လည် အေးချမ်းသွားပြီး ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားမှာလည်း မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်ဘဲ နယ်နိမိတ်တံခါး အောက်တွင် ထိုင်နေဆဲ ဖြစ်သည်။

သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ လက်အောက်ငယ်သား ခုနစ်ဦးမှာ မည်သည့် ထူးခြားမှုကိုမျှ သတိမထားမိကြပေ။

သူတို့၏ အမြင်တွင် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၌ တစ်စုံတစ်ရာ ဖြစ်ပွားရန် မဖြစ်နိုင်ဟု ယူဆထားကြပြီး သူတို့၏ ကျင့်ကြံမှုအဆင့်မှာ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်အောက် များစွာ နိမ့်ကျနေသဖြင့် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ အကြောင်းနှင့်အကျိုးကို တွက်ချက်နိုင်စွမ်း မရှိကြချေ။

ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ ကို ဇောက်ထိုးမိုးမျှော် ဖြစ်စေနိုင်သည့် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် ကျဆုံးမှုသည် ဤကမ္ဘာအပေါ် မည်သည့် သက်ရောက်မှုမှ မရှိခဲ့ပေ။

ကမ္ဘာလောက၏ ရေစီးကြောင်းများမှာ တက်လိုက်ကျလိုက် ဖြစ်နေပြီး မိုးလေကို ဆင့်ခေါ်နိုင်သူများ အာဏာစွန့်လွှတ်ရခြင်းများ အမြဲရှိသကဲ့သို့ ဇာတ်ခုံပေါ်တွင် ကြီးစိုးမည့် သူများလည်း အမြဲ ပေါ်ထွက်လာစမြဲ ဖြစ်သည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွား၏။

မျက်တောင်တစ်ခတ်အတွင်း နှစ်ပေါင်း နှစ်ထောင် ကုန်ဆုံးသွားပြီး လူသားကမ္ဘာ သည် အခန်းကဏ္ဍသစ် တစ်ခုသို့ ရောက်ရှိလာခဲ့သည်။

ဤနှစ်သည် နှစ်သစ်ကူး ပြီးကာစ အချိန်ဖြစ်သည်။

အင်မော်တယ်ရှာဖွေခြင်းကျွန်း။

ကုအန်သည် လမ်းမပေါ်တွင် လမ်းလျှောက်နေပြီး အန်ရှင်းနှင့် သွေးကျဉ်းထောင်သူတော်စင်တို့က နောက်မှ လိုက်ပါလာကြသည်။ ဟူရှောင်ကျန့်က ရှေ့မှ သွားကာ ခါးကို ကိုင်းညွတ်၍ လမ်းတစ်လျှောက် အခြေအနေများကို ထိုသုံးဦးအား မပြတ်တမ်း ရှင်းပြနေ၏။

အသက် ရှစ်ထောင်ကျော်နေပြီ ဖြစ်သော ဟူရှောင်ကျန့်သည်လည်း နိဗ္ဗာနအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ယခုအခါ အင်မော်တယ်ရှာဖွေခြင်းကျွန်းတွင် အလွန်မြင့်မားသော အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ထားသည်။ လူအများက သူ ထိုမျှ ရိုသေလေးစားစွာ လမ်းပြနေသည်ကို မြင်သောအခါ ကုအန်အား စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်မိကြသည်။

သို့သော်လည်း သူတို့ ခေါင်းလှည့်လိုက်သည်နှင့် ကုအန်၏ ပုံရိပ်မှာ သူတို့စိတ်ထဲမှ ပျောက်ကွယ်သွားပြီး ဝေခွဲမရ ဖြစ်ကျန်ရစ်ခဲ့ကြသည်။ သိပ်မကြာခင်မှာပင် ထိုဝေခွဲမရ ဖြစ်မှုသည်လည်း ပျောက်ကွယ်သွားလေ၏။

စည်ကားသိုက်မြိုက်နေသော အင်မော်တယ်ရှာဖွေခြင်းကျွန်းကို ကြည့်၍ ကုအန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

အဓိပတိဂိုဏ်းမှ ထွက်ခွာလာပြီးနောက် ကုအန်သည် လူသားကမ္ဘာတောင်ထိပ် နှင့် အင်မော်တယ်ရှာဖွေခြင်းကျွန်းတို့နှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ အင်အားစု နှစ်ခုစလုံးက သူ့အား ဧကရာဇ် အဆင့်ရှိသော ထိပ်သီးပုဂ္ဂိုလ် မဟာကျင့်ကြံသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြပြီး မည်သူကမှ သူ့ကို ဆရာသခင်ဓားအရှင် နှင့် တွဲဖက်၍ မစဉ်းစားမိကြချေ။

မဟာကောင်းကင်နှင့်မြေကြီးသည် ကျယ်ပြောလှပြီး ကောင်းကင်အောက်တွင် မဟာကျင့်ကြံသူ မည်မျှ ရှိပါသနည်း။ မြစ်ကို ဖြတ်ကူးသော ငါးကြင်းများကဲ့သို့ များပြားလှသဖြင့် ဆရာသခင်ဓားအရှင်မှာ ကမ္ဘာလောကကြီး၏ မေ့လျော့ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

ဟူရှောင်ကျန့်က စကားမပြတ် ပြောဆိုနေရင်း ကုအန်၏ မျက်နှာအမူအရာကို အကဲခတ်နေခဲ့သည်။ ကုအန် ကျေနပ်သည်ကို တွေ့ရသောအခါ သူ အလွန် စိတ်လှုပ်ရှားသွား၏။

သူ ကုအန်ကို မကြာခဏ တွေ့ရသော်လည်း ယနေ့သည် မတူခြားနားပေ။ အင်မော်တယ်ရှာဖွေခြင်းကျွန်းသည် နှစ်တစ်ရာမှ တစ်ကြိမ် ကျင်းပသော ပွဲတော်ကြီးကို လက်ခံကျင်းပနေခြင်း ဖြစ်ပြီး သူ ကိုယ်တိုင် ဦးစီးကျင်းပရခြင်း ဖြစ်သည်။ လမ်းမပေါ်တွင် ကုန်သည်ဆိုင်များ ပြည့်နှက်နေပြီး ကျင့်ကြံခြင်း ရတနာများကို မြင်ကွင်းတစ်ဆုံး တွေ့မြင်နိုင်ကာ မျက်စိရှေ့မှ မြင်ကွင်းအားလုံးမှာ သူ၏ အောင်မြင်မှုများ ဖြစ်သဖြင့် ကုအန် သူ့ကို ချီးကျူးမည်ဟု မျှော်လင့်နေမိသည်။

အမှန်စင်စစ် ယခုအချိန်တွင် သူသည် ကုအန်ထံမှ မည်သည့်အရာကိုမှ ရယူရန် မလိုအပ်တော့သော်လည်း သူ ဤအရာအားလုံးကို အဘယ်ကြောင့် ပိုင်ဆိုင်ရသည်ကို သိရှိသဖြင့် တန်ဖိုးထားကာ တစ်သက်လုံး ကုအန်၏ ခြေတော်ရင်းတွင် ခိုကပ်၍ အမှုထမ်းရန် ဆုံးဖြတ်ထားသည်။

ကုအန်က သူ့ကို အမိန့်မပေးမှာကို သူ မကြောက်ဘဲ ကုအန် သူ့ကို မေ့သွားမည်ကိုသာ ကြောက်ရွံ့နေခြင်း ဖြစ်သည်။

"မင်း လုပ်တာ အတော်ကောင်းတယ်... ဆက်ကြိုးစားပါ" ကုအန်က ပြုံး၍ ပြောလိုက်သည်။

အင်မော်တယ်ရှာဖွေခြင်းကျွန်းသည် သူ့အတွက်လည်း အရေးပါသည်။ သူ၏ ဆေးအပင်မျိုးစေ့ အားလုံးနီးပါးနှင့် တပည့်များကို ဆုချသော ပစ္စည်းများမှာ အင်မော်တယ်ရှာဖွေခြင်းကျွန်းမှ လာခြင်း ဖြစ်သည်။

သူ၏ ကျင့်ကြံမှုအဆင့် မြင့်မားသော်လည်း ခိုးကြောင်ခိုးဝှက် အလုပ်များကို ပြန်မလုပ်ချင်တော့ပေ။ သူသည် ခွန်အားရရှိမည့် လမ်းစဉ်ကို မြန်ဆန်စေချင်ပြီး ထိုအရာက မခက်ခဲသော်လည်း သူ လိုလားသည်မှာ မှန်မှန်ကန်ကန်နှင့် နောင်တကင်းစွာဖြင့် ပိုမို သန်မာလာရန် ဖြစ်သည်။ အကယ်၍ ထိုသို့ လုပ်ဆောင်နိုင်ပါက ပို၍ ကောင်းမွန်ပေလိမ့်မည်။

"ကျွန်တော် သေချာပေါက် ပိုကောင်းအောင် လုပ်ပါ့မယ်” ဟူရှောင်ကျန့်မှာ စိတ်လှုပ်ရှားသွားသည်။

ကုအန်၏ အကြည့်က မြေကြီးပေါ်တွင် ထိုင်နေသော အဘိုးအိုတစ်ဦး၏ ဆိုင်တစ်ဆိုင်ပေါ်သို့ ကျရောက်သွား၏။ ထိုအဘိုးအိုမှာ ဖရိုဖရဲ ဖြစ်နေပြီး သူ့ဘေးတွင် လူငယ်လေးတစ်ဦး ထိုင်နေသည်။

ထိုအဘိုးအိုမှာ ကုအန်နှင့် ရင်းနှီးသူ ဖြစ်သည်။ ယခင်က သူ့ကို အာရုံစိုက်ဖူးခဲ့၏။

ကြယ်ပင်လယ်ဖွဲ့စည်း မှ ပါရမီရှင် ချီကျိုရှောင် ဖြစ်ပြီး ထိုက်ချန်းတိုက်ကြီး ပေါ်ရှိ ဆန်းကြယ်မြို့တော်ကို ဝင်ရောက်လုယူဖူးသူ ဖြစ်သည်။ ထိုစဉ်က ကုအန်သည် အန်ဟောင်ကို ကယ်တင်ခဲ့ပြီး အန်ဟောင်နှင့် အတူပါလာသော ချီကျိုရှောင်နှင့် ချီပေတို့ကိုပါ တိုက်ဆိုင်စွာ ကယ်တင်ခဲ့ဖူးသည်။

ဤ ချီကျိုရှောင်မှာ သာမန်လူ မဟုတ်ပေ။ အသက် ငါးရာနှင့် နိဗ္ဗာနအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းမှာ အလွန် ချဲ့ကားလွန်းရာ ရောက်သည်။ အစောပိုင်း ကျင့်ကြံမှု အရှိန်အဟုန်အရ ဆိုလျှင် အန်ဟောင်ထက်ပင် ပိုမြန်နေသေးသည်။ အဓိကအားဖြင့် ကြယ်ပင်လယ်ဖွဲ့စည်း၏ အရင်းအမြစ်များကို ရရှိထားသောကြောင့် ဖြစ်သည်။

အကယ်၍ နိဗ္ဗာနအဆင့်သို့ အရင်ရောက်ရှိခြင်းက ပါရမီကို ဆုံးဖြတ်ခြင်း ဖြစ်ပါက နိဗ္ဗာနအဆင့်နှင့် မွေးဖွားလာသော အမတမင်းဆက် မှ မျိုးဆက်များ အားလုံးသည် အန်ဟောင်ထက် ပါရမီပိုပါသည်ဟု ဆိုရမည်လော။

ချီကျိုရှောင် ဒဏ်ရာရထားသည်ကို ကုအန် အာရုံခံလိုက်မိသည်။ သူ၏ နယ်ပယ်တည်ရှိနေသေးသော်လည်း သူ့ခန္ဓာကိုယ်ထဲတွင် စွမ်းအင်ကို စုစည်းနိုင်စွမ်း မရှိတော့ချေ။

သူ့ဘေးမှ ကောင်လေးမှာ လူသားကမ္ဘာတွင် ကျန်ရစ်ခဲ့သော သူ၏ သွေးသားရင်း ဖြစ်ပြီး ယခုအခါ သူ့ဘေးနားသို့ ရောက်ရှိနေသည်။

နှစ်ထောင်ပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက် လူသားကမ္ဘာ၏ အခြေအနေများမှာ အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။

ကြယ်ပင်လယ်ဖွဲ့စည်းသည် ပုန်ကန်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး အတွင်းပိုင်း မိသားစုများစွာ သုတ်သင်ရှင်းလင်းခံခဲ့ရရာ ထိုထဲတွင် ချီမိသားစု လည်း ပါဝင်ခဲ့သည်။

ကြယ်ပင်လယ်ဖွဲ့စည်းမှာ ကုအန်အတွက် အရေးပါသော အရာမဟုတ်သဖြင့် ဂရုစိုက်ရန် ဆန္ဒမရှိပေ။

အန်ဟောင်၊ ရွှမ်ထျန်းရီ၊ လီယနှင့် ကျန်းပုခုတို့သာ ကြယ်ပင်လယ်ဖွဲ့စည်းသို့ သွားရောက် မကျင့်ကြံခဲ့ပါက ထိုအဖွဲ့အစည်းကို သူ ဂရုစိုက်မိမည်ပင် မဟုတ်ချေ။

ကုအန်က တစ်ချက်မျှသာ ကြည့်လိုက်ပြီး အကြည့်ကို ပြန်ရုတ်သိမ်းကာ ရှေ့သို့ ဆက်လျှောက်သွားသည်။

ချီကျိုရှောင်သည် ကုအန်၏ အာရုံစိုက်မှုကို သတိမထားမိဘဲ စည်ကားသော လမ်းမများက မဖျောက်ဖျက်နိုင်သည့် စိုးရိမ်ပူပန်မှုများဖြင့်သာ စိတ်ရှုပ်ထွေးနေခဲ့သည်။

"ဆရာ... ကျွန်တော်တို့ ဒီမှာ ဘယ်လောက်ကြာကြာ နေမှာလဲ"

သူ့ဘေးမှ လူငယ်လေးက မေးလိုက်ပြီး သူ့မျက်လုံးများက ကုအန်နှင့် အခြားသူများအပေါ်သို့ ကျရောက်နေကာ ထိုသူများတွင် ထူးခြားသော အဆင့်အတန်း ရှိကြောင်းနှင့် ဖြတ်သွားဖြတ်လာများနှင့် လုံးဝမတူသော အရှိန်အဝါများ ရှိကြောင်း ခံစားမိနေသည်။

ချီကျိုရှောင်က ခေါင်းငုံ့လျက် တိုးညင်းစွာ ပြောလိုက်၏။

"အင်မော်တယ်ရှာဖွေခြင်း ညီလာခံ ပြီးတဲ့အထိပဲ"

ထိုစကားကို ကြားသောအခါ လူငယ်လေးက သက်ပြင်းချလိုက်ပြီး စည်ကားသိုက်မြိုက်နေသော လမ်းမကြီးကို ကြည့်ကာ မျှော်လင့်တောင့်တသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

မွေးဖွားချိန်မှစ၍ သူ တစ်ကိုယ်တည်း ဖြစ်ခဲ့ပြီး ယမန်နှစ်ကမှ ချီကျိုရှောင်၏ တပည့် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

သူသည် လက်ရှိဘဝကို တန်ဖိုးထားသော်လည်း အမတကျင့်ကြံခြင်း လမ်းစဉ်တွင် ပိုမို ကောင်းမွန်သော လမ်းကြောင်းကို တောင့်တမိသည်။

အင်မော်တယ်ရှာဖွေခြင်းကျွန်းတွင် ရက်ဝက်ခန့် ကုန်ဆုံးပြီးနောက် ကုအန်သည် အန်ရှင်းနှင့် သွေးကျဉ်းထောင်သူတော်စင်တို့ကို ခေါ်ဆောင်သွားလိုက်သည်။ ထိုနှစ်ယောက်သည် ကျွန်းပေါ်တွင် ပစ္စည်းများစွာ ဝယ်ယူခဲ့ကြပြီး နယ်မြေအတွင်းရှိ အခြားသူများအတွက် ပြန်လည် ယူဆောင်သွားရန် စီစဉ်ထားကြသည်။

ကျင့်ကြံခြင်းနယ်မြေသို့ ပြန်ရောက်သောအခါ ကုအန်သည် ဓားတစ်သောင်းတောင် ရှေ့တွင် ရပ်လိုက်ပြီး အင်မော်တယ်ရှာဖွေခြင်းကျွန်းမှ ရွေးချယ် ဝယ်ယူလာခဲ့သော ရတနာဓားများကို ထုတ်ယူကာ တောင်ပေါ်တွင် မြှုပ်နှံလိုက်သည်။

ဓားတစ်သောင်းတောင်သည် ယခုအခါ ရတနာဓားများဖြင့် ပြည့်နှက်နေပြီး တစ်ချောင်းချင်းစီတွင် ကိုယ်ပိုင် ဓားစိတ်ဆန္ဒ များ ပါဝင်နေသည်။

ဓားများကို နေရာချပြီးနောက် ကုအန်သည် သူ၏ ဖန်တီးမှုကို သဘောကျစွာ ကြည့်ရှုလိုက်သည်။ နှစ်များစွာ ကြာလာသည်နှင့်အမျှ မဟာတာအိုကို နားလည်သဘောပေါက်ရန် ကြိုးစားခြင်းမှလွဲ၍ ဓားတာအို ကိုလည်း လစ်လျူရှုမထားခဲ့ပေ။

သူသည် ယခုအခါ ယန်ရှန်း ဖန်တီးခဲ့သော မြင့်မြတ်သော နှလုံးသား ဓားတာအိုနှင့် ချိတ်ဆက်နိုင်ပြီ ဖြစ်သည်။ ဆိုရလျှင် ယန်ရှန်းမှာ သူပင် ဖြစ်သဖြင့် မြင့်မြတ်သော နှလုံးသား ဓားတာအိုကို ထိန်းချုပ်ရန်မှာ သူ့အတွက် မခက်ခဲပေ။

ဓားတာအိုမြစ် အတွင်း ထာဝရ တည်ရှိနေသော မြင့်မြတ်သော နှလုံးသား ဓားတာအိုသည် ကုအန်အား ဓားတာအိုမြစ်အပေါ် စိတ်ဝင်စားမှု ဖြစ်ပေါ်လာစေသည်။

အကယ်၍ တာအိုသည် မြစ်တစ်စင်း ဖြစ်လာနိုင်ပါက ထာဝရ တည်ရှိနိုင်ပေလိမ့်မည်။ ဤနက်နဲမှုက သူ့ကို စိတ်ဝင်စားစေသည်။

သူ၏ ဓားတစ်သောင်းတောင်ကိုလည်း ထာဝရ တည်ရှိသော အခြေအနေသို့ ရောက်ရှိစေရန် သူ မျှော်လင့်မိသည်။

တစ်ခဏမျှ ကြည့်ရှုပြီးနောက် ကုအန် တစ်စုံတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး သူ၏ မျက်ဝန်းများထဲတွင် မြင်ကွင်းတစ်ခု ပေါ်လာသည်။

ဓားတာအိုမြစ်ပေါ်တွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားနေသည်။

တိုက်ခိုက်သူ နှစ်ဦးစလုံးသည် မူလဘူတနှောင်ဖွဲ့ကင်းအမတ အဆင့်ရှိကြပြီး သူတို့၏ ဓားတာအို စွမ်းရည်မှာ ပြိုင်ဘက်ကင်းကာ သတ်ဖြတ်ခြင်းဓားဘိုးဘေး ထက်ပင် မလျော့နည်းကြပေ။

ကုအန်သည် သူတို့၏ ဓားတာအို ထိပ်တိုက်တွေ့မှုကို စောင့်ကြည့်လိုက်ပြီး ရှုပ်ထွေးသော အကြောင်းနှင့်အကျိုးကို နားလည်လိုက်သည်။

နှစ်ဦးစလုံးသည် ကွဲပြားသော မဟာကမ္ဘာများမှ လာကြပြီး ဓားတာအိုလျှောက်လမ်းသူများ ဖြစ်ကြကာ မြင့်မြတ်သော နှလုံးသား ဓားတာအိုကို လေးစား အားကျသူများ ဖြစ်ကြသည်။

ရှည်လျားသော နှစ်ကာလများ ကုန်ဆုံးသွားပြီး ယန်ရှန်း မရှိတော့သော်လည်း သူ၏ ဓားတာအိုမှာ ထာဝရ ဖြစ်တည်မှု တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

အခန်း ၅၆၀ ဆန်းကြယ်နတ်ဘုရားကပ်ဘေး

အဆုံးအစမဲ့သော အမှောင်ထု ဟင်းလင်းပြင်ကြီးထဲတွင် လက်လက်ထနေသော မြစ်တစ်စင်းသည် ၎င်း၏ အစနှင့် အဆုံးကို မမြင်နိုင်ဘဲ တိတ်ဆိတ်ငြိမ်သက်စွာ စီးဆင်းနေ၏။

ဤသည်ကား မဟာတာအို၏ နယ်ပယ်ထဲတွင် တည်ရှိသော ဓားတာအိုမြစ် ဖြစ်ပေသည်။ ဤနေရာတွင် ကြယ်တာရာများ မရှိ၊ ကမ္ဘာလောကများ မရှိဘဲ အဆုံးမဲ့ အမှောင်ထုသာ ရှိပြီး ထိုမြစ်သည်သာလျှင် အမှောင်ထုထဲမှ တစ်ခုတည်းသော အလင်းရောင် ဖြစ်သည်။

ဓားတာအိုမြစ်သည် ကျယ်ပြောလှပြီး အဆုံးအစ မရှိဘဲ ရှေးကျ၍ ထာဝရတည်မြဲသော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။

ဓားတာအိုမြစ်၏ နေရာတစ်နေရာတွင် လူရိပ်နှစ်ခုသည် တိုက်ခိုက်နေကြပြီး သူတို့၏ ပုံရိပ်များက ယက်ကန်ယက်ကန်နှင့် ဓားချီများ ရှုပ်ထွေးပူးကပ်နေကြသည်။ သူတို့၏ ဓားချီများမှာ အလွန်တရာ အားကောင်းသော်လည်း ကျယ်ပြောလှသော ဓားတာအိုမြစ်ထဲသို့ ကျဆင်းသွားသောအခါ ရေစက်ကလေး တစ်စက်စာမျှပင် လှုပ်ခတ်သွားခြင်း မရှိချေ။

ထိုမြင်ကွင်းကို အနီးကပ် ကြည့်ရှုလိုက်မည် ဆိုပါက ထိုလူနှစ်ယောက်၏ နောက်ကျောဘက်မှနေ၍ ဓားတာအိုမြစ်သည် မည်သည့်ဘက်သို့ ကြည့်လိုက်သည်ဖြစ်စေ အဆုံးအစ မမြင်ရသော ဧရာမ သမုဒ္ဒရာကြီးကဲ့သို့ ဖြစ်နေသည်ကို တွေ့ရပေမည်။

ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် လွှမ်းမိုးနိုင်စွမ်းရှိသော ဓားချီနှစ်ခု ထိပ်တိုက် တွေ့ဆုံသွားသောအခါ ထိုလူနှစ်ယောက်စလုံး ပြိုင်တူ နောက်သို့ ဆုတ်လိုက်ရပြီး တစ်ယောက်နှင့်တစ်ယောက် မိုင်ပေါင်း တစ်သောင်းခန့် ကွာဝေးသွားကြသည်။

သူတို့ထဲမှ အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သစ်သားဓားကို ကိုင်ဆောင်ထားသူက အဝေးမှ ပြိုင်ဘက်ကို မျက်လုံးမှေး၍ ကြည့်ကာ ပြောလိုက်သည်။ "မြန်ဆန်လိုက်တဲ့ ဓားပဲ... မင်းက ချန်လန် ဓားနယ်မြေကလား"

အခြားသော အဖြူရောင် ဝတ်ရုံနှင့် ဓားကျင့်ကြံသူကမူ ရှည်လျားသွယ်လျသော ဓားနက်တစ်လက်ကို ကိုင်ဆောင်ထားပြီး ထိုဓားသွားပေါ်တွင် ရေစီးဆင်းနေသကဲ့သို့ အလင်းရောင်များ ဖြာထွက်နေ၏။

ထိုမေးခွန်းကို ကြားသောအခါ အဖြူရောင် ဝတ်ရုံနှင့် ဓားကျင့်ကြံသူက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ "မင်းရဲ့ ဓားက တိုက်ပွဲဝင်စိတ်ဆန္ဒ ပါနေတယ်... စစ်ခုံရုံးမှာ ဓားတာအိုကို ဒီလောက် စိတ်နှစ်ထားတဲ့သူ ရှိလိမ့်မယ်လို့ ငါ မထင်ထားဘူး... စစ်ခုံရုံးမှာ အရူးတွေပဲ ရှိတယ်လို့ ငါ ထင်ထားတာ..."

အပြာရောင် ဝတ်ရုံနှင့် ဓားကျင့်ကြံသူက ပြန်ဖြေလိုက်၏။ "ငါတို့ ဆက်တိုက်နေလို့လည်း အနိုင်အရှုံး ပေါ်လာမှာ မဟုတ်ဘူး"

အဖြူရောင် ဝတ်ရုံနှင့် ဓားကျင့်ကြံသူက နှုတ်ဆိတ်နေသော်လည်း သူ့မျက်လုံးများထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေသည်။

ချန်လန် ဓားနယ်မြေတွင် သူ၏ ဓားတာအိုက အသန်မာဆုံး မဟုတ်ကောင်း မဟုတ်နိုင်သော်လည်း သူနှင့် အဆင့်တူသူများကြားတွင် ပြိုင်ဘက်ကင်း ဖြစ်ပြီး မဟာနယ်ပယ် အသစ်တစ်ခုသို့ ဝင်ရောက်သည့်တိုင် အတားအဆီးများကို ဖြတ်ကျော်နိုင်စွမ်း ရှိသူဖြစ်သည်။

သို့သော် ယနေ့တွင် သူနှင့် ယှဉ်ပြိုင်နိုင်သူကို တွေ့ရှိခဲ့ရပြီး ပို၍ ဆိုးရွားသည်မှာ သူ့ပြိုင်ဘက်က သူ အထင်သေးသော စစ်ခုံရုံးမှ ဖြစ်နေခြင်းပင်။

စစ်ခုံရုံးကဲ့သို့သော အင်အားစုက သူ မနိုင်ယူနိုင်သည့် ဓားသိုင်းပါရမီရှင် တစ်ယောက်ကို မွေးထုတ်ပေးနိုင်သည် ဆိုသည့် အချက်က သူ့အတွက် အလွန်တရာ စိတ်ပျက်စရာ ကောင်းနေ၏။

အပြာရောင် ဝတ်ရုံနှင့် ဓားကျင့်ကြံသူက စကားထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်၏။ သူသာမက အဖြူရောင် ဝတ်ရုံနှင့် ဓားကျင့်ကြံသူကလည်း ထိုဘက်သို့ပင် လှမ်းကြည့်လိုက်ကြသည်။

သူတို့ နှစ်ယောက်စလုံး တစ်နေရာတည်းသို့ ကြည့်လိုက်ကြသောအခါ ဓားတာအိုမြစ် အတွင်းမှ ဓားချီများ လှိမ့်တက်လာပြီး မြစ်မျက်နှာပြင်ပေါ်တွင် လူပုံသဏ္ဌာန် တစ်ခုအဖြစ် စုစည်းသွားသည်ကို တွေ့လိုက်ရ၏။

ထိုပုံရိပ်ကို မြင်လိုက်ရသောအခါ ဓားကျင့်ကြံသူ နှစ်ယောက်စလုံး ပြိုင်တူ မျက်မှောင်ကြုတ်လိုက်ကြပြီး သူတို့၏ စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။

ဓားတစ်သောင်းတောင်၏ အရှေ့ဘက် အဝေးတစ်နေရာတွင် ကုအန်ကလည်း ထိုပုံရိပ်ကို လှမ်းမြင်လိုက်ရ၏။ သူက ထိုပုံရိပ်၏ အကြောင်းနှင့်အကျိုးကို တွက်ချက်၍ မရနိုင်သဖြင့် ထိုသူ၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်မြင့်မားကြောင်း သိရှိလိုက်သည်။

ကုအန်၏ အကြည့်အောက်မှာပင် ထိုဆန်းကြယ်သော ပုံရိပ်က မူလဘူတနှောင်ဖွဲ့ကင်းအမတ နှစ်ယောက်ကို ဓားတစ်ချက်တည်းနှင့် သတ်ဖြတ်လိုက်ပြီးနောက် နောက်သို့ လှည့်ကာ ဓားတာအိုမြစ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

ကုအန်သည် ထိုပုံရိပ်၏ အကြောင်းနှင့်အကျိုး ဇာစ်မြစ်ကို မမြင်နိုင်သော်လည်း ထိုသူက မြင့်မြတ်နှလုံးသား ဓားတာအိုကို အသုံးပြုသွားသည်ကို အာရုံခံလိုက်မိ၏။

အမှန်ဆိုရလျှင် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် ပင်လျှင် မြင့်မြတ်နှလုံးသား ဓားတာအိုကို မြင်တွေ့ပြီးနောက် သူ၏ လမ်းစဉ်တွင် ရှေ့ဆက်မတိုးနိုင် ဖြစ်ခဲ့ရသည်။ မြင့်မြတ်နှလုံးသား ဓားတာအို၏ ဆွဲဆောင်မှုက မည်မျှအထိ ပြင်းထန်ပါသနည်း။

ကုအန်သည် မြင့်မြတ်နှလုံးသား ဓားတာအိုကို ထိန်းချုပ်နိုင်သော်လည်း ၎င်း၏ စွမ်းအားကို ငှားရမ်း အသုံးပြုခြင်းသာ ဖြစ်ပြီး ဓားတာအိုမြစ်ထဲမှ မြင့်မြတ်နှလုံးသား ဓားတာအိုကို ဆွဲထုတ်ယူနိုင်ခြင်း မရှိပေ။ သူက အခြားသူများကို မြင့်မြတ်နှလုံးသား ဓားတာအိုကို ကျင့်ကြံခွင့် ပြုနိုင်သလို တားမြစ်၍လည်း ရသည်။

သို့သော် သူ ယန်ရှန်း၏ မှတ်ဉာဏ်များကို မပေါင်းစည်းမီကပင် တစ်စုံတစ်ယောက်က မြင့်မြတ်နှလုံးသား ဓားတာအိုကို စတင် ကျင့်ကြံနေခဲ့ပြီ ဖြစ်ရာ သူက ထိုသူ၏ တိုးတက်မှုကို ဖြတ်တောက်လိုစိတ် မရှိချေ။

ကုအန်က သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ထိုနေရာတွင်ပင် ဆက်လက် ရပ်တန့်နေလိုက်၏။

အချိန်အတော်ကြာပြီးနောက် ချန်ချွမ်က ကုအန်၏ ဘေးသို့ ရောက်လာပြီး ပြောလိုက်သည်။ "ဆရာသခင်... ကျွန်တော် အဆင့်တက်ဖို့ အခက်အခဲ ဖြစ်နေပါတယ်"

ကုအန်က တိုးတိုးလေး ပြောလိုက်၏။ "အချိန် မတန်သေးဘူး"

ချန်ချွမ်မှာ အံ့အားသင့်သွားပြီး ခေါင်းကို ကုတ်ကာ အူကြောင်ကြောင်ဖြင့် ပြောလိုက်သည်။ "ဆရာသခင်... ကျွန်တော် ဘာမှတောင် မပြောရသေးဘူးလေ"

"အမတကျင့်ကြံခြင်းမှာ အခက်ခဲဆုံးက နှစ်ကာလတွေကို သည်းခံဖြတ်သန်းရတာပဲ... အထီးကျန်ဆန်မှုနဲ့ စိတ်ဂနာမငြိမ်ဖြစ်မှုတွေကို တွန်းလှန်ရတာက ကျင့်ကြံခြင်းအဆင့်တွေကို ချိုးဖျက်ရတာထက် ပိုခက်ခဲတယ်" ကုအန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ ထိုသို့ ပြောပြီးနောက် သူက လှည့်ထွက်သွားသည်။

ချန်ချွမ်က သူ့နောက်သို့ လိုက်ပါရင်း ပြောလိုက်သည်။

"ချမ်ခွန်းဂိုဏ်းက တပည့်တွေ ပြောနေကြတာ ကြားတယ်... လီယ ဆိုတဲ့ လူတစ်ယောက်က ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓားကို ကိုင်ဆောင်ထားတယ်တဲ့... ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓား ဆိုတာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ကျွန်တော် လိုချင်ခဲ့တဲ့ ဓားမလား..."

သူ၏ လက်ရှိ တာအိုကျင့်စဉ်အရ ချမ်ခွန်းဂိုဏ်းကို ချောင်းမြောင်းကြည့်ရှုရန် သက်တမ်းတာအိုနယ်မြေမှ ထွက်ခွာစရာ မလိုပေ။

ဂိုဏ်းနယ်မြေမှ ထွက်ခွာနိုင်ခြင်း မရှိသဖြင့် ချမ်ခွန်းဂိုဏ်းသည် သူ၏ ပြင်ပကမ္ဘာကို လေ့လာရာ လမ်းကြောင်း ဖြစ်လာခဲ့ပြီး သူသာမက နယ်မြေထဲရှိ အခြားသူများအတွက်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။

ရှန်ကျန်း၊ အန်ရှင်း၊ သွေးကျဥ်းထောင်သူတော်စင် နှင့် ဝိညာဉ်ဖြူ ကြွက် တို့မှလွဲ၍ ကျန်လူများသည် နယ်မြေမှ ထွက်ခွာရဲခြင်း မရှိကြသလို ကုအန်က လူတစ်ချို့အပေါ် ခွဲခြားဆက်ဆံသည်ကိုလည်း မေးခွန်းထုတ်ရဲခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူများသည် ကုအန်၏ နောက်သို့ ထာဝရ လိုက်ပါမည့်သူများ ဖြစ်ကြောင်း သိရှိကြပြီး သူတို့ကိုယ်တိုင်တွင်မူ ထိုကဲ့သို့ ခိုင်မာသော ဆုံးဖြတ်ချက်မျိုး မရှိကြသောကြောင့် ဖြစ်သည်။ ကုအန်က သူတို့ကို ခေါ်ထားခြင်းမှာလည်း သူတို့ အင်အားစုဆောင်းနိုင်ကြစေရန် မျှော်လင့်ချက်ဖြင့် ဖြစ်၏။

"အင်း"

ကုအန်က ပြန်ဖြေလိုက်သည်။ နှစ်ထောင်ပေါင်းများစွာ ကုန်ဆုံးပြီးနောက်တွင် ချန်ချွမ်သည် သူ၏ မိဘများ သေဆုံးရသည့် အကြောင်းရင်းကို စုံစမ်းရန်နှင့် ကမ္ဘာလောကအပေါ် သိလိုစိတ်ကို ဖြည့်ဆည်းရန်အတွက် ပြင်ပကမ္ဘာသို့ သွားရောက်လိုနေပြီ ဖြစ်သည်။

သူ့ဓားကို ဓားအိမ်မှ ထုတ်၍ ကမ္ဘာလောကကို သူ့ခွန်အားအား သက်သေပြသင့်ပြီဟု သူ ခံစားနေရ၏။

ကုအန်၏ ဂရုမစိုက်သော ပုံစံကို မြင်သောအခါ ချန်ချွမ် ဘာပြောရမည် မသိ ဖြစ်သွားသည်။

ကုအန်က သူ့ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ချန်ချွမ်၏ နဖူးကို လက်ညှိုးဖြင့် ထောက်လိုက်၏။ ချန်ချွမ်မှာ အချိန်မီ မတုံ့ပြန်နိုင်လိုက်ဘဲ ချက်ချင်းပင် မလှုပ်ရှားနိုင်တော့ဘဲ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

ထို့နောက် ကုအန်က သူ့လမ်းသူ ဆက်လျှောက်သွားတော့သည်။

ခေတ္တမျှ ကြာပြီးနောက် ချန်ချွမ်မှာ လန့်နိုးလာပြီး သူ့ကျောပြင်တစ်ခုလုံး ချွေးများ ရွှဲနစ်နေကာ အသက်ကို ပြင်းပြင်းရှူလိုက်ရ၏။

သူသည် ဓားတာအိုမြစ်ပေါ်ရှိ ဓားကျင့်ကြံသူ နှစ်ယောက်၏ ဓားအရှိန်အဝါကို အစစ်အမှန် ခံစားလိုက်ရပြီး သူတို့ မည်သို့ သေဆုံးသွားသည်ကို မြင်တွေ့လိုက်ရသည်။

အစပိုင်းတွင် သူက ထိုဓားကျင့်ကြံသူ နှစ်ယောက်၏ ပုံရိပ်ကို လေးစားအားကျခဲ့သော်လည်း ဆန်းကြယ်သော ဖြစ်တည်မှုတစ်ခု ပေါ်လာပြီး ဓားတစ်ချက်တည်းဖြင့် သူတို့ကို သတ်ဖြတ်လိုက်သည်။

ချန်ချွမ်၏ မာနတရားများ လျော့ပါးသွားပြီး သူ့ဆရာသခင်၏ စေတနာကို နားလည်သွားတော့၏။

"ငါ့ခွန်အားက မလုံလောက်သေးဘူးပဲ... အချိန် မတန်သေးဘူး" ချန်ချွမ်က သူ့ဘာသာ ရေရွတ်လိုက်ပြီး သူ့မျက်လုံးများက တဖြည်းဖြည်း တည်ငြိမ်ခိုင်မာလာသည်။

ညအချိန် ရောက်သောအခါ ကုအန်သည် စာကြည့်ဆောင်ထဲတွင် စာဖတ်နေပြီး ဖယောင်းတိုင်မီးက သူ့မျက်နှာကို လင်းလက်စေသည်။ စားပွဲတွင် စာဖတ်နေသူ နောက်တစ်ယောက် ရှိသေး၏။ ထိုသူမှာ ရှန်ကျန်း ဖြစ်သည်။

ရှန်ကျန်းသည် အားလပ်ချိန်များတွင် ချီစုပ်ယူကျင့်ကြံခြင်းကို မနှစ်သက်ပေ။ ကုအန် ဖတ်သည့် စာအုပ်တိုင်းကို သူမ လိုက်ဖတ်လေ့ရှိပြီး သူတို့ နှစ်ယောက် မကြာခဏ ဆွေးနွေးလေ့ ရှိကြသည်။ ကုအန်ကလည်း သူမနှင့် ဆွေးနွေးရသည်ကို နှစ်သက်၏။

သူတို့ နှစ်ယောက်သည် မူလက စာအုပ်များကို ချစ်မြတ်နိုးစိတ်ဖြင့် ဆက်နွယ်ခဲ့ကြခြင်း ဖြစ်သည်။ ကုအန် ဖတ်ရသည်ကို နှစ်သက်သော စာအုပ်များကို သူမလည်း လိုက်ဖတ်လေ့ရှိပြီး သူတို့က တစ်ယောက်အတွက် တစ်ယောက် စာအုပ်များပင် ရေးပေးကြသေးသည်။

ကုအန်သည် စာအုပ်ထဲတွင် စိတ်နှစ်ထားစဉ် ဆန်းကြယ်အမတနတ်ဘုရားဝိညာဉ် စကားပြောလာသည်ကို ရုတ်တရက် ကြားလိုက်ရ၏။

ထိုအချိန်တွင် ရှန်ကျန်းက မော့ကြည့်လိုက်ပြီး စိတ်လှုပ်ရှားသော အသံဖြင့် ပြောလိုက်သည်။ "ဒီဇာတ်ကွက် အလှည့်အပြောင်းက ကောင်းလိုက်တာ... မိုးရွာတဲ့ညမှာ သူတို့က သွေးကြွေးအတွက် စတင် တိုက်ခိုက်ကြပြီး မင်းသား ဒဏ်ရာအပြင်းအထန် ရသွားတဲ့အချိန်မှာ နောင်တတွေကို ဖြေဖျောက်ဖို့ ရင်းနှီးတဲ့ အခိုက်အတန့်လေးတစ်ခု ဖန်တီးလိုက်ကြတယ်... ပြီးတော့မှ ရှုပ်ထွေးတဲ့ ခံစားချက်တွေနဲ့ သူ့ကို သတ်လိုက်ကြတာ"

ကုအန်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။ "မင်း ဒီလို ရှုပ်ထွေးတဲ့ စာအုပ်တွေကို မဖတ်ဘဲ မနေနိုင်ဘူးလား"

သူက သူ့လက်ထဲမှ စာအုပ်ကို ချပြီး ရှန်ကျန်း ကိုင်ထားသော စာအုပ်ကို ယူကာ သေချာ လေ့လာလိုက်သည်။

ရှန်ကျန်းက တခစ်ခစ် ရယ်မောလိုက်ပြီး သူမဘေးရှိ စင်ပေါ်မှ နောက်ထပ် စာအုပ်တစ်အုပ်ကို ယူလိုက်၏။

"ဆရာသခင်... သူ့ကို ကယ်ပါဦး... သူသာ သေသွားရင် ကျွန်တော်လည်း သေသွားလိမ့်မယ်လို့ ခံစားနေရတယ်..."

ဆန်းကြယ်အမတဝိညာဉ်၏ အသံက ကုအန်၏ စိတ်ထဲတွင် စိုးရိမ်တကြီး ထွက်ပေါ်လာသည်။

၎င်းက ဆန်းကြယ်မြို့တော်၏ စွမ်းအား ရင်းမြစ်ဖြစ်သော ဆန်းကြယ်နတ်ဘုရားသခင် အကြောင်း ပြောနေခြင်း ဖြစ်သည်။

ကုအန်က စိတ်ရှုပ်စွာဖြင့် သူ့စိတ်ထဲတွင် ပြန်ပြောလိုက်၏။ "ငါ ရှိနေသရွေ့ သူ သေရင်တောင် မင်း မသေစေရဘူး"

ထိုစကားကို ကြားသောအခါ ဆန်းကြယ်အမတဝိညာဉ်မှာ အတိုင်းထက်အလွန် ဝမ်းသာသွားပြီး ကျေးဇူးတင်စကား ဆိုကာ ကုအန်ကို ထပ်မနှောင့်ယှက်ရဲတော့ပေ။

ဟန်ထျန်းရွှေအမတအဆင့်သို့ ရောက်ရှိပြီးကတည်းက ကုအန်၏ ကံတရား အာရုံခံနိုင်စွမ်းသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်က ကျန်းပုခု၏ အကူအညီတောင်းသံကို သူ ကြားခဲ့သော်လည်း ဤအကျပ်အတည်းကို အသုံးပြု၍ ကျန်းပုခုကို ပိုမို သန်မာလာစေချင်သဖြင့် ဝင်ရောက် စွက်ဖက်ခြင်း မပြုခဲ့ပေ။

အချိန်တန်လျှင် သူက သဘာဝကျကျပင် ဝင်ရောက် ဖြေရှင်းပေးမည် ဖြစ်သည်။

ဆန်းကြယ်အမတနတ်ဘုရားဝိညာဉ် ငြိမ်သက်သွားပြီးနောက် ကုအန်၏ အတွေးများ လွင့်မျောသွား၏။

သူ အဓိပတိဂိုဏ်းသို့ စတင် ဝင်ရောက်စဉ်က သူ၏ ပထမ စီနီယာအစ်ကို ဖြစ်ခဲ့သော ကျန်းချွန်းချိုး ကို သတိရမိလိုက်သည်။

ကျန်းချွန်းချိုးက လွန်ခဲ့သော ကာလများဆီကကဲ့သို့ သူနှင့် မုန့်လန် တို့ကို လေ့ကျင့်ပေးခဲ့ပုံများကို ပြန်ပြောင်း သတိရမိလိုက်၏။

"စီနီယာအစ်ကို... ခင်ဗျားရဲ့ သားက ပြန်လည်ဝင်စားခြင်း သံသရာထဲကို ဝင်ပြီး ခင်ဗျားကို ရှာဖွေပါလိမ့်မယ်... ကျွန်တော်တို့ ပြန်ဆုံနိုင်မယ့် နေ့ကို မျှော်လင့်နေပါတယ်" ကုအန်က သူ့ဘာသာ တွေးရင်း အနည်းငယ် ပြုံးလိုက်သည်။

သူ့မျက်ဝန်းများထဲတွင် တစ္ဆေတစ်ကောင်နှင့် တူသော ပိန်လှီသည့် ဘုန်းကြီးတစ်ပါး၏ ပုံရိပ် ပေါ်လာ၏။

ဗုဒ္ဓအင်မော်တယ်။

အကယ်၍ ကျန်းပုခုသာ ဗုဒ္ဓအင်မော်တယ်ကို မယှဉ်နိုင်လျှင် ကုအန် အနေဖြင့် သူ့တူအတွက် ဝင်ပါပေးရပေမည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဗုဒ္ဓအင်မော်တယ်သည် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် နှင့် ဆက်ဆံရေး ကောင်းမွန်နေလေသည်။

All Chapters