အခန်း (၅၆၃-၅၆၄)
Vol. 45 Ch. 563-564
အခန်း ၅၆၃ အမတမင်းဆက်နှင့် ဂိုဏ်းဂဏများ.
အချိန်ကာလအားဖြင့် ဗုဒ္ဓအင်မော်တယ်သည် ကျန်းပုခုအား ကျင့်စဉ်များ သင်ကြားပေးခဲ့သည်မှာ နှစ်ပေါင်း နှစ်ရာပင် ကြာမြင့်ခဲ့လေပြီ။
နွေဦးကာလ ကုန်ဆုံးစဖြစ်၍ ဝိညာဉ်ကိုးပါးတိုက်ကြီးသည် နေရောင်ခြည်အောက်တွင် လင်းလက်တောက်ပနေပြီး ကျယ်ပြောလှသော တောင်တန်းများနှင့် မြစ်ချောင်းများသည် သက်ရှိစွမ်းအင်များဖြင့် ပြည့်လျှံနေကာ ငှက်အုပ်များ တောအုပ်အတွင်းမှ ပျံသန်းထွက်ခွာလာကြသည်။
သစ်ပင်ကြီးတစ်ပင်၏ အပေါ်တွင် ကုအန်က သစ်ကိုင်းကို ကျောမှီရင်း သူ၏ စနစ်မျက်ပြင်ကို ဖွင့်ကာ စစ်ဆေးကြည့်လိုက်သည်။
[အမည် - ကုအန်]
[သက်တမ်း - ၉,၀၄၅ / ၇၇,၁၈၉,၆၀၅,၄၀၉]
[ခန္ဓာ - ရှေးဦးဖရိုဖရဲခန္ဓာ]
[ကျင့်ကြံမှုအဆင့် - ဟန်ထျန်းရွှေအမတ အဆင့် (ပြည့်စုံခြင်း)]
မသိလိုက်သောအချိန်ခနလေးတွးမှာပင် အသက်ကိုးထောင်ပြည့်သွားခဲ့လေပြီ။
ကုအန် စိတ်ထဲ၌ တစုံတရာ ခံစားလိုက်ရသည်။ ရှေးခေတ် ဟွာရှာပြည်တွင် အာဏာအရှိဆုံး ဒုတိယလူသည် ကိုယ့်ကိုယ်ကိုယ် နှစ်ကိုးထောင်ဟု ကြွေးကြော်လေ့ရှိသည်။ သာမန်လူများအတွက်မူ ဤအသက်အရွယ်သည် အလှမ်းဝေးကွာလွန်းလှသော အမတသက်တမ်း ဖြစ်ပေသည်။
အသက်ကိုးထောင် ပြည့်သွားသည့်တိုင် သူသည် ငယ်ရွယ်နုပျိုနေဆဲဟုပင် ခံစားနေရသည်။ ထိုအဘိုးကြီး ဘီလူးသရဲများနှင့် ယှဉ်လျှင် သူသည် လူငယ်လေးတစ်ဦးသာ ရှိသေးသည်။
ဟူးးး... လူငယ်ဘဝဆိုတာ သိပ်ကောင်းတာပဲ
ကုအန်၏ အကြည့်တို့ အောက်ဘက်သို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် တောအုပ်ကို ဖြတ်သန်းစီးဆင်းနေသော စမ်းချောင်းငယ်လေး စမ်းချောင်တစ်ခုရှိပြီး တစ်ဖက်ကမ်းတွင် အန်ရှင်းက ချမ်ခွန်းဂိုဏ်းမှ လူငယ်တပည့် သုံးဦးကို လမ်းညွှန်ပြသနေခဲ့သည်။
ထိုတပည့်သုံးဦးတွင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးပါဝင်ပြီး အားလုံးမှာ အသက် ၁၇၊ ၁၈ အရွယ်များ ဖြစ်ကြသည်။ သူတို့အားလုံး အန်ရှင်း၏ စကားတစ်ခွန်းမျှ လွတ်သွားမည် စိုးသဖြင့် ရိုသေလေးစားစွာ နားထောင်နေကြသည်။
ကုအန်က အန်ရှင်း၏ အလှကို မိန်းမောငေးမောနေသည့် လူငယ်တစ်ဦး၏ အတွေးကို ကြားလိုက်ရပြီး ထိုလူငယ်၏ မျက်နှာမှာ ရှက်သွေးဖြာနေသည်ကိုပါ တွေ့လိုက်ရသည်။
ဤအရာက ကုအန်ကို သဘောကျသွားစေသည်။ အန်ရှင်း၏ ရုပ်ရည်သွင်ပြင်က သဘာဝအတိုင်း ထူးခြားထင်ရှားနေပြီး အချုပ်အနှောင်မဲ့အမတအဆင့် ကျင့်ကြံခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ သူမ၏ အမူအရာက သာမန်မဟုတ်တော့ဘဲ လူ့ပြည်သို့ သက်ဆင်းလာသည့် နတ်မိမယ်လေး တစ်ပါးကဲ့သို့ ဖြစ်နေသဖြင့် အချစ်စိတ်ဝင်စ ဤလူငယ်လေးများ အနေဖြင့် တွန်းလှန်နိုင်ရန် ခက်ခဲပေလိမ့်မည်။
သို့သော်လည်း စည်းကမ်းများနှင့် အဆင့်အတန်း ကွာခြားချက်များ ရှိနေသဖြင့် သူတို့ခင်မျာ တွေးရုံသာ တွေးရဲကြရှာသည်။
အချိန် အတန်ကြာပြီးနောက် အန်ရှင်း မတ်တတ်ထရပ်လိုက်ပြီး င"ကဲ... မင်းတို့ ပြန်လို့ရပြီ"
ချမ်ခွန်းဂိုဏ်းမှ တပည့်သုံးဦး ချက်ချင်း ထရပ်၍ ဂါရဝပြုလိုက်ကြသည်။
အန်ရှင်းကို လေးစားအားကျနေသော လူငယ်က ….
"အမတဆရာသခင်... ကျွန်တော်တို့ ဘယ်တော့လောက်မှ ထပ်တွေ့နိုင်မလဲ"
ကျန်နှစ်ဦးကလည်း အန်ရှင်းကို မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။
အန်ရှင်းက ညင်သာစွာ ပြုံးလိုက်ပြီး..
"ကံပါရင် ပြန်တွေ့ကြတာပေါ့...ငါက ချမ်ခွန်းဂိုဏ်းရဲ့ တပည့်တစ်ယောက်ချင်းစီကို တစ်ကြိမ်ပဲ လမ်းပြပေးတာ... ဒါမှ တခြားသူတွေအတွက် တရားမျှတမှာပေါ့"
ထိုစကားကို ကြားသောအခါ သုံးဦးစလုံး စိတ်ပျက်သွားကြသော်လည်း ဆက်လက် တောင်းဆိုရဲခြင်း မရှိကြပေ။ သူတို့ မလာခင်ကပင် သူတို့၏ ဆရာများနှင့် ဂိုဏ်းအကြီးအကဲများက အမတဆရာသခင်ကို ဘယ်တော့မှ မပြစ်မှားမိစေရန် တင်းကြပ်စွာ သတိပေးထားသောကြောင့် ဖြစ်သည်။
အန်ရှင်းက စကားဆက်ပြောနေရမည်ကို မလိုလားသဖြင့် လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုသူများ မိုင်ပေါင်းတစ်ရာ အကွာသို့ လွင့်ပါသွားကြသည်။
သူမ နောက်သို့ လှည့်၍ ဘယ်ညာ ကြည့်လိုက်ပြီး သစ်ကိုင်းပေါ်တွင် ကုအန် ပေါ်လာမှသာ ပြုံးလိုက်သည်။ အကယ်၍ ထိုတပည့်သုံးဦးသာ သူမ၏ အပြုံးကို မြင်တွေ့လိုက်ရပါက မှင်သက်သွားကြမည်မှာ အသေအချာပင်။
စောစောက လမ်းညွှန်ပြသနေစဉ်အတွင်း အန်ရှင်း ပြုံးခြင်းမရှိခဲ့သဖြင့် သူမကို မပြုံးတတ်သလားဟုပင် ထိုသုံးဦးက ထင်နေကြခြင်း ဖြစ်သည်။
"ဆရာသခင်... ရီချင်းရှန်ကတော့ ဒီကလေးသုံးယောက်မှာ ထူးခြားတဲ့ ပါရမီတွေ ရှိတယ်လို့ ပြောနေတုန်းပါပဲ... ဒါပေမဲ့ ကျွန်မ ခံစားမိသလောက်တော့ သူတို့က သာမန်ပဲမဟုတ်ဘူးလား"
"သူတို့ရဲ့ ထူးခြားတဲ့ အားသာချက်တွေကို မင်း မတွေ့သေးတာ ဖြစ်နိုင်တယ်... လူတိုင်းမှာ ထူးခြားချက် ကိုယ်စီ ရှိတတ်ကြတယ်လေ"
သူမ ဆရာသခင်၏ စကားများကို ပြန်လည် ဆင်ခြင်သုံးသပ်ရင်း အန်ရှင်း ကိုယ့်ကိုယ်ကိုယ် ပြန်တွေးမိပြီး ဆရာသခင်၏ စကားမှာ အဓိပ္ပာယ်ရှိကြောင်း တွေ့ရှိလိုက်ရသည်။ သူမ၏ တာအိုကျင့်ကြံမှု မလုံလောက်သေးပေ။ အကယ်၍ သူမသာ ဆရာသခင်ကဲ့သို့ စွမ်းအားကြီးမားပါက သာမန် ဝိညာဉ်ဖြူ ကြွက်တစ်ကောင်ကိုပင် မိစ္ဆာဘုရင် ဖြစ်လာအောင် လေ့ကျင့်ပေးနိုင်မည် ဖြစ်သည်။
ကုအန် သစ်ကိုင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး အန်ရှင်းကို ခေါ်ဆောင်၍ နယ်မြေဘက်သို့ ဦးတည်သွားလိုက်သည်။
အန်ရှင်းက လမ်းတလျှောက်လုံး ချမ်ခွန်းဂိုဏ်းအတွင်း ဖြစ်ပျက်ခဲ့သော အဓိက ဖြစ်ရပ်များကို ပြန်လည် ပြောပြနေသည်။
ချမ်ခွန်းဂိုဏ်းအတွင်း ပါရမီရှင်တစ်ဦး ပေါ်ထွက်လာသည်ဟု ဆိုကြသည်။ ထိုတပည့်သည် မူလက သာမန်ပါရမီသာ ရှိသော်လည်း သူနှင့် စေ့စပ်ထားသူ မိန်းကလေးကို ဂိုဏ်းမှ ပါရမီရှင်တစ်ဦးက လုယူသွားခဲ့ပြီး သူ့ မိသားစုဝင်များလည်း အသတ်ခံခဲ့ရသည်။
ဤသည်မှာ ထိုပါရမီရှင်၏ လက်ချက်ဖြစ်ကြောင်း လူအများက သံသယရှိကြသော်လည်း သက်သေအထောက်အထား မရှိပေ။ လူအများက ထိုတပည့်ကို သနားကြသော်လည်း ထိုမျှသာ တတ်နိုင်ကြသည်။
ထိုတပည့်သည် နှစ်ရာပေါင်းများစွာ အထင်မကြီးခံရသော ဘဝဖြင့် နေထိုင်ခဲ့ပြီးနောက် ရုတ်တရက် ထူးကဲသော ကျင့်ကြံခြင်း ပါရမီနှင့် ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းရည်များကို ပြသလာခဲ့သည်။ သူသည် ထိုပါရမီရှင်ကို သေခြင်းရှင်ခြင်း စိန်ခေါ်ခဲ့ပြီး ပါရမီရှင်ဘက်ကလည်း လက်ခံခဲ့သည်။
သေခြင်းရှင်ခြင်း ယှဉ်ပြိုင်ခြင်းသည် ချမ်ခွန်းဂိုဏ်း၏ စည်းမျဉ်းတစ်ခု ဖြစ်သည်။ ယှဉ်ပြိုင်မည့်သူ နှစ်ဦးစလုံး တရားစီရင်ရေးခန်းမတွင် နှုတ်ဖြင့် သဘောတူညီချက် ပေးရပြီး စာချုပ်တွင် လက်မှတ်ထိုးပြီးမှသာ တိုက်ခိုက်ခွင့် ရှိသည်။
ထို့အပြင် ဂိုဏ်းတူအချင်းချင်း ထိခိုက်နစ်နာအောင် ပြုလုပ်ခြင်းသည် ကြီးလေးသော ပြစ်မှုဖြစ်သည်။ ဤစည်းမျဉ်းကို ပြဋ္ဌာန်းထားခြင်းမှာ ရန်ငြိုးများကို ဖြေရှင်းလိုသူများအတွက် အခွင့်အရေး တစ်ခုပေးရန် ဖြစ်သည်။
ကုအန် ဂရုတစိုက် နားထောင်နေသော်လည်း မည်သို့မျှ ကိုယ်ချင်းစာစိတ် ဖြစ်မလာပေ။ အကြောင်းမှာ ဤကဲ့သို့သော ဇာတ်လမ်းများ လူ့လောကတွင် အလွန်များပြားလွန်းလှပြီး ဤထက် ဆိုးရွားသော အဖြစ်အပျက်များလည်း ရှိနေသောကြောင့် ဖြစ်သည်။
သူသည် ရလဒ်ကိုပင် ခန့်မှန်းရန် စိတ်မဝင်စားပေ။
လက်ရှိတွင် လူတိုင်းက သူ့အာရုံကို ဖမ်းစားနိုင်သည် မဟုတ်ချေ။ လီယနှင့် အန်ဟောင်တို့လို လူများကို စောင့်ရှောက်နေရရုံဖြင့်ပင် သူ အလုပ်များနေပြီဟု ခံစားနေရသည်။
အဓိပတိဂိုဏ်းနှင့် ထိုက်ချန်မင်းဆက်ကို စောင့်ရှောက်ရသည့် တာဝန်များကို စွန့်လွှတ်လိုက်ပြီးနောက် ကုအန်၏ နေ့ရက်များ ပိုမို အေးချမ်းလာခဲ့သည်။ ယခုအချိန်သည် ဘဝတွင် သူအနှစ်သက်ဆုံး အချိန်ကာလ ဖြစ်ပြီး သက်တမ်းများကို စုဆောင်းနိုင်ကာ သူဆန္ဒရှိရာကို ပြုလုပ်ရန် အချိန်အကန့်အသတ်မရှိ ရရှိနေသည်။
မကြာသေးမီက အိုးလုပ်ငန်းကို လေ့လာလိုက်စားနေခဲ့ပြီး အပျော်သဘော သက်သက်ဖြင့် နယ်မြေ၏ အစွန်အဖျားတွင် မြို့ငယ်လေး တစ်မြို့ တည်ဆောက်ရန် သူ စီစဉ်ထားသည်။ဤသို့လုပ်ရခြင်းမှာ
အကျိုးအမြတ်အတွက် မဟုတ်ပေ။
ကုအန်နှင့် အန်ရှင်းတို့ ချမ်ခွန်းဂိုဏ်းအတွင်းမှ အဖြစ်အပျက်များကို ပေါ့ပေါ့ပါးပါး ဆွေးနွေးနေကြချိန်တွင် အဝေးတစ်နေရာရှိ အဓိပတိဂိုဏ်း၌ လုံချင်းသည်လည်း ဂိုဏ်းကိစ္စများနှင့် ပတ်သက်၍ စိတ်ရှုပ်ထွေးနေရသည်။
ယခုအခါ လုံချင်းသည် ဂိုဏ်းချုပ်လျာထားခံရသူ ဖြစ်လာပြီး ဂိုဏ်းကိစ္စ အဝဝကို စီမံခန့်ခွဲနေရသည်။ လုပိုင်ထျန်းမှာမူ တာအိုကို လေ့လာလိုက်စားရန် အချိန်ကြာမြင့်စွာကပင် တံခါးပိတ် ကျင့်ကြံနေခဲ့ပြီ ဖြစ်သည်။
အကြီးအကဲခန်းမဆောင်တွင် လုံချင်းက ပင်မထိုင်ခုံ၌ ထိုင်နေပြီး လုံကျွင်းနှင့် ကျူးရှင်းတို့က သူ့ဘေးတစ်ဖက်တစ်ချက်တွင် ရပ်နေကြသည်။ ရှေ့တွင်မူ အကြီးအကဲ ဒါဇင်ပေါင်းများစွာ စုဝေးနေကြပြီး အဆက်မပြတ် ငြင်းခုံဆွေးနွေးနေကြသည်။
"ထိုက်ချန်မင်းဆက်က အဓိပတိဂိုဏ်းရဲ့ အမိန့်ကို အမြဲ နာခံခဲ့တာ... အခု လီရွှမ်တောက်က သူ့စစ်သူကြီးတွေကို ငါတို့ရဲ့ တိုက်ရိုက်တပည့်တွေနဲ့ ရတနာလုခိုင်းတယ်ဆိုတော့... ဒါ သက်သက်မဲ့ ငါတို့ကို အကဲစမ်းတာပဲ"
"ဟုတ်တယ်... လီရွှမ်တောက်က ဒီနှစ်တွေအတွင်း တော်တော် လွန်လာတယ်"
"နန်းတွင်းအာဏာကို တစ်ယောက်တည်း ထိန်းချုပ်ထားလို့ မဖြစ်ဘူး... ငါ ထင်တာကတော့ လီရွှမ်တောက်က အမတမင်းဆက်က အုပ်ချုပ်သူတွေလို ဖြစ်ချင်နေတာဖြစ်မယ်... မမေ့ကြနဲ့ဦး... အမတမင်းဆက်က မြင့်မြတ်ခုံရုံးကို စစ်ခင်းခဲ့တာလေ..."
"မြင့်မြတ်ခုံရုံးရဲ့ သူတော်စင်ဘုရင်က လီရွှမ်တောက်ကို ထောက်ပံ့ပေးထားတော့ သူ မောက်မာရဲတာလည်း မဆန်းပါဘူး"
"အရေးကြီးဆုံးအချက်က ဒီသူတော်စင်ဘုရင်ဟာ ဆရာသခင်ဓားအရှင်ရဲ့ တပည့် ဖြစ်နေတာပဲ... နဂါးဂိတ်သခင်သာ ယန်ကျန့်ကို ဖျောင်းဖျနိုင်မယ်ဆိုရင် လီရွှမ်တောက် မောက်မာရဲဦးမလား..."
အကြီးအကဲများက ပြင်းထန်စွာ ဆွေးနွေးနေကြစဉ် ကျီဟန်ထျန်းက လုံချင်းကို လေးနက်စွာ ကြည့်၍ မေးလိုက်သည်။
"လုံချင်း... မင်းဆရာဆီကို ဆက်သွယ်ဖို့ နည်းလမ်းရှိလား"
ထိုစကားကို ကြားသောအခါ အားလုံး တိတ်ဆိတ်သွားကြသည်။
လုံချင်း စိတ်ရှုပ်ထွေးရသည့် အကြောင်းရင်းမှာ သူ့ဆရာ၏ အချစ်ဆုံးတပည့်ဟု သတင်းကြီးသည့် ယန်ကျန့်နှင့် ပတ်သက်နေသောကြောင့် ဖြစ်သည်။
"မဆက်သွယ်နိုင်ဘူး... ဒါပေမဲ့ ဆရာ့ရဲ့ တာအိုကျင့်ကြံမှုနဲ့ဆိုရင် အဓိပတိဂိုဏ်းရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေမှာတော့ သေချာပါတယ်"
ကျီဟန်ထျန်း နှုတ်ဆိတ်သွားပြီး အကြီးအကဲများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
အကြီးအကဲ အများစုက ဆရာသခင်ဓားအရှင်နှင့် တစ်ခါမျှ မတွေ့ဖူးကြသော်လည်း သူ့အကြောင်း ဒဏ္ဍာရီများကို များစွာ ကြားဖူးကြသည်။ အထူးသဖြင့် အကြီးအကဲခန်းမသို့ ရောက်ရှိလာပြီးနောက် အဓိပတိဂိုဏ်းအတွင်း သူ့ရဲ့ မြင့်မြတ်သော အဆင့်အတန်းအကြောင်းကို ပိုမို နားလည်လာကြသည်။
ကောင်းကင်ဖာထေးစင်မြင့်ပေါ်မှ ဓားစိတ်ဆန္ဒ မပျောက်ပျက်သေးသရွေ့ အဓိပတိဂိုဏ်းအတွင်းရှိ ဆရာသခင်ဓားအရှင်၏ လေးစားဖွယ် အဆင့်အတန်း မှေးမှိန်သွားမည် မဟုတ်သလို မည်သူကမှလည်း သူ့အာဏာကို စိန်ခေါ်ရဲမည် မဟုတ်ပေ။
ဂိုဏ်းအကြီးအကဲ တစ်ဦးက
"ထိုက်ချန်မင်းဆက်က ပင်လယ်တော်တော်များများကို လွှမ်းမိုးထားပြီးပြီ... အဓိပတိဂိုဏ်းက ပိုအားကောင်းလာတယ်ဆိုပေမဲ့ နယ်မြေချဲ့ထွင်တဲ့ နေရာမှာတော့ ထိုက်ချန်မင်းဆက်လောက် မလိုလားဘူး... ငါ ထင်တာကတော့ ထိုက်ချန်မင်းဆက်ကို ဖိနှိပ်မယ့်အစား အဓိပတိဂိုဏ်း တိုးတက်ဖို့ကိုပဲ အာရုံစိုက်သင့်တယ်... အဓိပတိဂိုဏ်း လုံလောက်တဲ့အထိ အားကောင်းလာရင် ထိုက်ချန်မင်းဆက် အလိုလို ပြန်ရောက်လာလိမ့်မယ်"
ထိုစကားကို ကြားသောအခါ အမျိုးသမီးအကြီးအကဲ တစ်ဦးက မနေနိုင်ဘဲ ပြန်ပြောလိုက်သည်။
"တိုးတက်အောင် လုပ်မယ်... ဘယ်လို လုပ်မှာလဲ... ငါတို့က ဂိုဏ်းတစ်ခုလေ... ငါတို့တပည့်တွေရဲ့ အဓိက တာဝန်က ကျင့်ကြံဖို့ပဲ... နယ်မြေချဲ့ထွင်ဖို့ မဟုတ်ဘူး... ပြီးတော့ ငါတို့က ဖြောင့်မတ်တဲ့တာအိုလမ်းစဉ်ကို လိုက်နာတယ်လို့ ကြွေးကြော်ထားပြီးမှတော့ လုယက်တိုက်ခိုက်တာတွေ မလုပ်သင့်ဘူး"
သူမ၏ စကားကို လူအများက သဘောတူကြသည်။
ရုတ်တရက် ကျူးရှင်း ကရယ်မောလိုက်ပြီး "တိုးတက်ဖို့ လမ်းစရှာနေတာလား... ခင်ဗျားတို့အတွက် အခွင့်အရေး ရောက်လာပြီ"
အားလုံးက သူ့ကို ချက်ချင်း ကြည့်လိုက်ကြပြီး မျှော်လင့်ချက်များ ပြည့်နှက်နေကြသည်။
ကျူးရှင်းက အလွန် အောင်မြင်သော တာအိုပညာရှင်ဖြစ်သဖြင့် သူ့ စကားက မှန်ကန်နိုင်ပေသည်။ ထို့အပြင် ကျူးရှင်း သည် လုံချင်းနှင့်အတူ နှစ်ပေါင်းထောင်ချီ လက်တွဲလာခဲ့ပြီး အဓိပတိဂိုဏ်းကို မကြာခဏ ကူညီပေးခဲ့သဖြင့် ကြီးမားသော ဂုဏ်သတင်းကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့်လည်း လုံချင်းတယောက် ကြီးမားသော အာဏာကို လျင်မြန်စွာ ကိုင်စွဲနိုင်ခဲ့ခြင်း ဖြစ်သည်။
အခန်း ၅၆၄ ကောင်းကင်ဝိညာဉ်၏ နိဂုံး၊ အနှိုင်းမဲ့ စွမ်းအား
ကျီဟန်ထျန်းက ကျူးရှင်းကို ကြည့်၍ လေးစားစွာ မေးလိုက်သည်။ "စီနီယာကို မေးမြန်းပါရစေ... အဲဒီ အခွင့်အရေး ဆိုတာ ဘာများပါလိမ့်..."
ကျူးရှင်းက ပြုံးလိုက်ပြီး…"အမတမင်းဆက် မကြာခင် ပြိုကွဲတော့မယ်... အဲဒါက အခွင့်အရေးပဲ"
အမတမင်းဆက် ပြိုကွဲတော့မယ် ဟုတ်လား။
အကြီးအကဲများ တုန်လှုပ်သွားကြသည်။ သူတို့အတွက်မူ အမတမင်းဆက်နှင့် မြင့်မြတ်ခုံရုံးတို့သည် မဟာကောင်းကင်နှင့် မြေပြင်ကြားက ဧရာမ အင်အားစုကြီးများ ဖြစ်ကြပြီး ကမ္ဘာမြေကို လွှမ်းမိုးထားသော အရှင်သခင်အဆင့် အင်အားစုများ ဖြစ်ကြသည်။
ကမ္ဘာလောကတွင် ဖြစ်ပေါ်နေသော ပရမ်းပတာ အခြေအနေများသည် ဤအင်အားစုကြီး နှစ်ခုကြားမှ တိုက်ပွဲများကြောင့် ဖြစ်သည်။
မရေမတွက်နိုင်သော ကပ်ဘေးများကို ကျော်ဖြတ်ပြီး ရပ်တည်လာခဲ့သည့် အမတမင်းဆက်က ယခုအခါ မည်သို့ ကျဆုံးနိုင်မည်နည်း။
...
လုံချင်းသည်လည်း အံ့သြသွားပြီး ကျူးရှင်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ကျူးရှင်းက "ဧကရာဇ်ယန်ရှင်း ပျက်စီးသွားကတည်းက အမတမင်းဆက်က ဧကရာဇ်အသစ် တင်မြှောက်ခဲ့ပေမဲ့ အတွင်းပိုင်း ပဋိပက္ခတွေကို သူ လုံးဝ မငြိမ်းသတ်နိုင်ခဲ့ဘူး... နှစ်ထောင်ချီ ကြာမြင့်ခဲ့ပြီ... ချန်ထျန်း(ကမ္ဘာသစ်ပင်) သစ်ပင်ကြီးလည်း နောက်ဆုံးတော့ လဲပြိုရတော့မယ်... ဒါပေမဲ့ သူ့ရဲ့ လဲပြိုမှုနဲ့အတူ မြေပြင်ပေါ်က သက်ရှိအားလုံးအတွက် အားအင်တွေ ပါလာလိမ့်မယ်... တာအိုသိုင်းတွေ၊ မှော်ရတနာတွေ၊ ဒါမှမဟုတ် မြေကမ္ဘာရဲ့ ကံတရားတွေပဲ ဖြစ်ဖြစ်ပေါ့... အမတမင်းဆက်ရဲ့ ကျဆုံးမှုကနေ အဓိပတိဂိုဏ်းအနေနဲ့ အများကြီး အကျိုးအမြတ် ရနိုင်တယ်..."
ဤစကားများက အကြီးအကဲများ၏ နှလုံးသားကို စိတ်လှုပ်ရှားမှု လှိုင်းတံပိုးများ ထစေခဲ့သည်။
သူတို့ အမတမင်းဆက် မည်သည့်အချိန်တွင် ကျဆုံးမည်ကို မေးမြန်းကြရာ ကျူးရှင်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံး၍ "မကြာခင်ပဲ..."ဟု ပြောလိုက်လေသည်။
အမတမင်းဆက် ကျဆုံးတော့မည့် သတင်းက ကမ္ဘာအနှံ့သို့ လေပွေသဖွယ် ပျံ့နှံ့သွားပြီး ကြီးမားသော တုန်လှုပ်ခြောက်ခြားမှုကို ဖြစ်ပေါ်စေခဲ့သည်။
အမတမင်းဆက်သာ မရှိတော့လျှင် မြင့်မြတ်ခုံရုံးက ကမ္ဘာကို လွှမ်းမိုးသွားမည် မဟုတ်လော။ ကမ္ဘာကြီးက ငြိမ်းချမ်းသော ခေတ်ကာလကို ကြိုဆိုရမည် မဟုတ်လော။
အမတကျင့်ကြံသူ ကိုးဆယ်ရာခိုင်နှုန်း၏ နှလုံးသားထဲတွင် ထိုသို့သော အတွေးများ ပေါ်လာကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ပိုမိုများပြားသော သက်ရှိများနှင့် အင်အားစုများက အမတမင်းဆက်၏ ကျဆုံးမှုကို စတင် မျှော်လင့်လာကြသည်။ ဤအချက်က အမတမင်းဆက်၏ အတွင်းပိုင်း အုပ်စုပြိုကွဲမူများကို ပိုမို ပြင်းထန်စွာ တိုက်ခိုက်လာစေရန် တွန်းအားပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
အမတမင်းဆက်၏ ပြိုကွဲမှုသည် ကောင်းကင်အလိုကျ ကံတရား၏ ဦးတည်ချက် ဖြစ်နေသကဲ့သို့ပင်။ ထိုကဲ့သို့သော ကြီးမားသည့် အရှိန်အဟုန်အောက်တွင် မြင့်မြတ်ခုံရုံးမှာမူ အလွန် တိတ်ဆိတ်ငြိမ်သက်နေသည်။
အကြောင်းမှာ ဧကရာဇ်ယန်ရှင်းက အခြားသော မဟာကမ္ဘာတစ်ခုကို ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ ဘေးသို့ ရွှေ့ပြောင်းထားခဲ့သောကြောင့် ထိုနေရာတွင်လည်း အင်အားကြီးမားသော အင်အားစုများ ထွက်ပေါ်လာနေသည်။ အမတမင်းဆက် ကျဆုံးတော့မည်ဟု ကြားသိရသောအခါ တစ်ဖက်ရှိ အင်အားစုများသည် အခွင့်အရေး လက်လွတ်မည်ကို စိုးရိမ်သကဲ့သို့ ပိုမို လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာကြသည်။
ဤနောက်ခံအခြေအနေများနှင့်အတူ နောက်ထပ် ဆယ်နှစ် ကုန်ဆုံးသွားခဲ့သည်။
စကြဝဠာ၏ နက်ရှိုင်းသော နေရာ၊ အသံမဲ့ပျက်ဆီးခြင်းနယ်မြေ အတွင်းတွင် မဟာတာအိုမြူခိုးများ လှုပ်ရှားနေပြီး စကြဝဠာကြီးကို တိတ်ဆိတ်ငြိမ်သက်သွားစေသည်။
စကြဝဠာ၏ အဆုံးသတ်ကို ကိုယ်စားပြုသော နယ်နမိတ်တံခါးပေါက်က မယိမ်းမယိုင် တည်ရှိနေပြီး နယ်နမိတ်တံခါးပေါက်အောက်တွင် တရားထိုင်နေသော ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားသည် ပြင်းထန်သော ကောင်းကင်တာအို အလင်းတန်းများကို ထုတ်လွှတ်နေပြီး တောက်ပခမ်းနားနေသည်။
ပြင်းထန်သော အလင်းတန်းများအောက်တွင် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ ပုံရိပ်က နယ်နမိတ်တံခါးပေါက်ထက်ပင် ပိုမို ထည်ဝါနေသကဲ့သို့ ရှိသည်။
ရုတ်တရက်နယ်နမိတ်တံခါးပေါက်မှ အနီရောင်အလင်းတန်း တစ်ခု ဖြာထွက်လာပြီး အနည်းငယ် တုန်ခါသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား မျက်လုံးများကို ဖွင့်လိုက်ရာ အေးစက်သော အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး သဘာဝရန်သူနှင့် တွေ့လိုက်ရသကဲ့သို့ မဟာတာအို မြူခိုးများကို ဖြိုခွင်းပစ်လိုက်သည်။
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားသ မတ်တတ်ထရပ်လိုက်ရာ သူ့ ပတ်ဝန်းကျင်ရှိ စကြဝဠာ ဟင်းလင်းပြင်သည် တွန့်လိမ်သွားသည်။
သူသည် ညာဘက်လက်ကို မြှောက်၍ အဝေးသို့ လှမ်းကိုင်လိုက်သည်။ လက်သီးကို ဆုပ်လိုက်သည်နှင့် နယ်နမိတ်တံခါးပေါက် မျက်နှာပြင်ပေါ်မှ အနီရောင်အလင်းတန်း ရုတ်တရက် ပျောက်ကွယ်သွားပြီး အရာအားလုံး ငြိမ်သက်သွားပြန်သည်။
သက်တမ်းတာအိုနယ်မြေအတွင်းရှိ ကန်ရေပြင်ဘေးတွင်….
ရွှံ့စေးဖြင့် အိုးလုပ်နေသော ကုအန် ခေါင်းမော့ကြည့်လိုက်ရာ အမတမင်းဆက်ကြီးကို လွှမ်းခြုံထားသော ကြီးမားလှသည့် ကံတရားများ ချက်ချင်း ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
ကံတရား မရှိတော့သဖြင့် အမတဝိညာဉ်များကို နှောင်ဖွဲ့ထားသော စည်းမျဉ်းများ ရုတ်တရက် ပျောက်ကွယ်သွားပြီး အမတဝိညာဉ်များကို စည်းလုံးစေသော သာလွန်အင်အားသည်လည်း ပျက်ပြယ်သွားသည်။
ထို့နောက်တွင်မူ အမတမင်းဆက်သည် မကြုံစဖူး ပရမ်းပတာ အခြေအနေများနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
သတ်ဖြတ်ခြင်း၊ လုယက်ခြင်း၊ ကလဲ့စားချေခြင်း စသည်ဖြင့် နိဗ္ဗာနအဆင့်တွင် မွေးဖွားလာသော အမတဝိညာဉ်များပင်လျှင် လူ့သဘာဝ၏ မှောင်မိုက်သော ဘက်ခြမ်းကို ထုတ်ဖော်လာကြသည်။
အမတမင်းဆက် တည်ရှိရာ တိုက်ကြီးသည် အချိန်တိုအတွင်း၌ပင် လူသားကမ္ဘာ၏ ငရဲခန်းအဖြစ် ပြောင်းလဲသွားလေသည်။
ကြီးမားသော အာဏာကို ကိုင်စွဲထားသူများက ကိုယ်ကျိုးစီးပွားကို စတင် ရှာဖွေလာကြပြီး သူတို့၏ ဟန်ဆောင်မျက်နှာဖုံးများကို ခွာချကာ အမတမင်းဆက်မှ သာမန်ပြည်သူများ ကြောက်ရွံ့ရသည့် ဖြစ်တည်မှုများ အဖြစ် ပြောင်းလဲသွားကြသည်။
ကုအန်သ ဤအဖြစ်အပျက်များကို ကြည့်ရှုရင်း အိုးကို ဆက်လက် ပုံဖော်နေသည်။
ပြန်လည်ဝင်စားခြင်းများစွာကို ဖြတ်သန်းပြီးနောက် ကုအန်၏ တာအိုနှလုံးသားက ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ မဟာတာအို ဖန်တီးထားသော ကမ္ဘာများထဲတွင် ကြေကွဲဖွယ် မြင်ကွင်းများ နေရာတိုင်း၌ ရှိနေသည်။
လူသားကမ္ဘာ၏ ကြေကွဲဖွယ်ရာများကို မြင်တွေ့ရခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုနှင့် ခံစားမှုများကို မကျော်ဖြတ်နိုင်လျှင် ဉာဏ်အလင်းပွင့်ခြင်းကို မည်သို့ ရရှိနိုင်မည်နည်း။
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား ကိုယ်တိုင် အမတမင်းဆက်၏ ကံတရားကို ဖျက်သိမ်းလိုက်သဖြင့် ကောင်းကင်စိတ်ဝိညာဉ်နယ်မြေ၏ အဆုံးသတ်ကို ကုအန် မြင်တွေ့လိုက်ရသည်။
ကောင်းကင်နှင့်မြေပြင်၏ နှလုံးသားကို ကိုယ်စားပြုသော ကောင်းကင်နှင့်မြေပြင်တာအိုအသီး အနာဂတ်တွင် ပေါ်ထွက်လာမည်ဖြစ်ပြီး ကမ္ဘာလောကရှိ အစွမ်းထက်သူများ ထိုအရာဆီသို့ စုရုံးရောက်ရှိလာကြလိမ့်မည်။ တစ်စုံတစ်ယောက်က ထိုတာအိုအသီး၏ စွမ်းအားကို ရရှိသွားသောအခါ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား ပေါ်လာမည်ဖြစ်ပြီး ဤတစ်ကြိမ်တွင်မူ သူသည် အရာအားလုံးကို ဖျက်ဆီးပစ်လိမ့်မည်။
စကြဝဠာအတွင်းရှိ မဟာကမ္ဘာ၏ အစိတ်အပိုင်းများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကြလိမ့်မည်။
ထိုကြီးမားကျယ်ပြန့်သော ပျက်စီးခြင်း မြင်ကွင်းထဲတွင် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား နောက်လှည့်၍ နယ်နမိတ်တံခါးပေါက်ဆီသို့ လျှောက်လှမ်းသွားသည်။
သူ နယ်နမိတ်တံခါးပေါက်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် တံခါးပေါက်သည်လည်း ပြာမှုန့်အဖြစ် ပြောင်းလဲသွားပြီး ဤစကြဝဠာ၊အပိုင်းပိုင်းအစစ ဖြစ်နေသော မဟာကောင်းကင်နှင့် မြေပြင် ပျောက်ကွယ်သွားမည် ဖြစ်ကြောင်း ပြသနေသည်။
ဤအနာဂတ်ကို ကြည့်ရင်း ကုအန်တယောက် အန်ဟောင်၊ လီယနှင့် အခြားသူများအကြောင်း မတွေးဘဲ မနေနိုင်တော့ပေ။
သူ့တွင် သက်တမ်းနယ်မြေနှင့် ကိုယ်ပိုင် ကျင့်ကြံမှုအဆင့် ရှိနေသဖြင့် စကြဝဠာ ပျက်စီးသွားလျှင်ပင် သူ ဂရုစိုက်ရသော သူများကို အသက်ရှင်လျက် ထားနိုင်စွမ်း ရှိလေသည်။
သို့သော်လည်း အန်ဟောင်၊ လီယ၊ လုံချင်းနှင့် ရွှမ်ထျန်းရီတို့က နယ်မြေအတွင်း ငြိမ်သက်စွာ နေထိုင်မည့်သူများ မဟုတ်သလို သူတို့တွင်လည်း ထည့်သွင်းစဉ်းစားရမည့် ချစ်ရသူများ ရှိနေကြသည်။
လူသားကမ္ဘာကြီးက ပိုက်ကွန်တစ်ခုကဲ့သို့ ဖြစ်ပြီး လူတစ်ဦးစီသည် မဟာကောင်းကင်နှင့် မြေပြင် တစ်ခုလုံးကို ဆက်သွယ်ထားသော မရေမတွက်နိုင်သည့် ဆက်ဆံရေးများနှင့် ယှက်နွှယ်နေကြသည်။
လူတစ်ယောက်သည် မပြောပလောက် အရေးမပါသော သူ ဖြစ်နိုင်သကဲ့သို့ လူတစ်ယောက်သည် အရေးကြီးသော၊ မရှိမဖြစ်သော သူလည်း ဖြစ်နိုင်ပေသည်။
ကုအန်တွင် ရွေးချယ်စရာ နှစ်ခုသာ ရှိသည်။
ပထမတစ်ခုမှာ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကို သုတ်သင်၍ ကောင်းကင်နန်းတော်ကို အပြစ်ပြုရန်ဖြစ်ပြီး၊ ဒုတိယတစ်ခုမှာမူ သေချင်ယောင်ဆောင်၍ သူတစ်သက်လုံး နေထိုင်ခဲ့သော ကမ္ဘာကြီးကို စွန့်လွှတ်လိုက်ရန် ဖြစ်သည်။
သူ ဆုံးဖြတ်ချက်ချရန် မလောပေ။
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကို သုတ်သင်ရန် ရွေးချယ်လိုက်လျှင်ပင် တတ်နိုင်သမျှ အချိန်ဆွဲရန် ကြိုးစားရဦးမည် ဖြစ်သည်။
သူ အချိန်ဆွဲနိုင်လေလေ၊ သက်တမ်း ပိုမို စုဆောင်းနိုင်လေလေဖြစ်ပြီး နောက်ဆက်တွဲ လိုက်လာမည့် ကောင်းကင်နန်းတော်၏ ပြဿနာများကို ဖြေရှင်းရန် ယုံကြည်မှု ပိုရှိလေလေ ဖြစ်သည်။
"ပြဿနာနဲ့ ကြုံလာတဲ့အခါ မလောနဲ့... မတုန်လှုပ်နဲ့... စကားတစ်ခွန်းပဲ ရှိတယ်... အချိန်ဆွဲတာပဲ"
ကုအန်က အေးဆေးသက်သာစွာ ပြောလိုက်သည်။ သူ့ လက်ထဲမှ အိုးသည် ယခုအခါ ဖိုခနောက် ပုံသဏ္ဌာန် ပေါ်လာပြီး မျက်နှာပြင်တွင် နဂါးတစ်ကောင်ဖြင့် တန်ဆာဆင်ထားသကဲ့သို့ ဖြစ်နေသည်။
သူ့ဘေးတွင် ရပ်နေသော သွေးအကျဥ်းထောင်သူတော်စင်က သိချင်စိတ်ဖြင့် "သခင်... ဘာကို ဆိုလိုတာလဲ"
သွေးကျဥ်းထောင်သူတော်စင်သည် ကောင်းကင်နှင့်မြေပြင်၏ ပြောင်းလဲမှုများကို အာရုံခံမိသော်လည်း ဘာတွေပြောင်းလဲနေသည်ကို အတိအကျ မသိပေ။ ကမ္ဘာကြီး ပိုမို တင်းမာလာပြီး ပိုမို အန္တရာယ်များလာသည်ဟုသာ ခံစားနေရသည်။
"ဘယ်ကိစ္စကိုမဆိုပေါ့."
ကုအန်၏ အဖြေက သွေးအကျဥ်းထောင်သူတော်စင်၏ မျက်လုံးများကို အရောင်တောက်သွားစေသည်။ သူ့ဆရာက သူ့ကို လမ်းညွှန်နေသည်ဟု ခံစားလိုက်ရသည်။
"သခင်... ဒီလို ကမ္ဘာပျက်မတတ် ဖရိုဖရဲ ဖြစ်နေတာတွေ ပြီးဆုံးဖို့ နှစ်ပေါင်း ဘယ်လောက် ကြာဦးမှာလဲ..."
ကုအန်က လက်ထဲမှ အိုးကို ကြည့်၍ "မင်း ထင်ထားတာထက် ပိုမြန်လိမ့်မယ်... ဒါပေမဲ့ မင်း ထင်ထားတာထက်လည်း ပိုဆိုးလိမ့်မယ်..."
အန်ဟောင် ဘာတွေတွေးနေသည်ကို သူ သိသည်။ လူငယ်လေး၏ မြင့်မားသော ရည်မှန်းချက်များကို သူ နားလည်သည်။
သို့သော် အန်ဟောင်တွင် အခွင့်အရေး မည်မျှပင် ရှိပါစေ၊ ကောင်းကင်နှင့်မြေပြင် တာအိုအသီး၏ စွမ်းအားနှင့် ပေါင်းစည်းလိုက်လျှင်ပင် သူသည် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ပေ။
'ထားလိုက်ပါတော့လေ... လောကကြီးရဲ့ အရေးကိစ္စများက သူထင်သလောက် မလွယ်ကူကြောင်း လူငယ်လေး သဘောပေါက်သွားတော့လဲ တမျိုးကောင်းတာပဲ’
အန်ဟောင် စိတ်ပျက်အားငယ်သွားမည့် အချိန်ကို သူ စောင့်မည်။ ထိုအခါမှသာ သူ လှုပ်ရှားမည်။
ထိုသို့ တွေးရင်း အန်ဟောင်၏ ပြောင်းလဲမှုကို မျှော်လင့်စောင့်စားနေလေတော့သည်။
အန်ဟောင်သည် နေရာတိုင်းတွင် ကောင်းမွန်သော်လည်း ခံစားချက်များကို လုံလောက်စွာ တန်ဖိုးမထားတတ်ပေ။
သူ့နှလုံးသားထဲတွင် ကုအန်နှင့် အန်ရှင်းတို့ဖြင့်သာ ပြည့်နေပြီး သူသည် တစ်ကိုယ်တည်း မွေးဖွားလာသူ ဖြစ်ကြောင်း၊ ကျေးဇူးကြွေးကိုသာ ပြန်ဆပ်ရန်လိုကြောင်း အမြဲ ခံစားနေရသည်။ သူ့အပေါ် ကြင်နာမှု မပြခဲ့သော ဇနီးသည်ကိုမူ သူ စွန့်ပစ်နိုင်ခဲ့သည်။
အန်ဟောင်၏ ကျင့်ကြံမှုအဆင့်နှင့် ဆိုလျှင် သွေးသားတော်စပ်သူများ အသက်ရှင်နေသေးကြောင်း အာရုံခံမိမည် ဖြစ်သော်လည်း သူ အသိအမှတ် မပြုခဲ့ပေ။ ဤအချက်က ကုအန်ကို မနှစ်မြို့စေခဲ့ပေ။
ရိုးရိုးရှင်းရှင်း ပြောရလျှင် အန်ဟောင်ထံတွင် တာဝန်သိစိတ် ကင်းမဲ့နေခဲ့၏။
သို့သော်လည်း အန်ဟောင်တွင် အားနည်းချက်များ ရှိနေသောကြောင့်သာ ကုအန် သူ့ကို လမ်းပြပေးရန် ပိုမို စိတ်အားထက်သန်နေခြင်း ဖြစ်သည်။
အကယ်၍ လူငယ်လေးသာ ပြီးပြည့်စုံနေပါက သူ့အနေဖြင့် အကြံဉာဏ်ပေးရန် ခက်ခဲပေလိမ့်မည်။
"ပိုဆိုးမယ်... ဘယ်လောက်တောင် ဆိုးမှာလဲ..."
သွေးအကျဥ်းထောင်သူတော်စင်က မေးလိုက်သည်။
ကုအန်က သူ့ကို တစ်ချက် ကြည့်လိုက်ရာ မျက်လုံးများမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး သွေးအကျဥ်းထောင်သူတော်စင်၏ နဖူးထဲသို့ တိုးဝင်သွားသဖြင့် သူ့ကို နေရာမှာပင် တောင့်တင်းသွားစေသည်။
ထို့နောက် ကုအန်က အိုးကို ဆက်လက် ပုံဖော်နေခဲ့သည်။
အချိန် အတော်ကြာပြီးနောက်….
သွေးအကျဥ်းထောင်သူတော်စင် တွန့်ခနဲ ဖြစ်ကာ နိုးလာပြီး ပြင်းထန်စွာ အသက်ရှူနေရသည်။ တစ်ကိုယ်လုံး တုန်ယင်နေပြီး နဖူးပေါ်မှ ချွေးများ မိုးရေသဖွယ် ကျဆင်းလာကာ မျက်လုံးထဲတွင် သွေးရောင်များ လွှမ်းခြုံလာသည်။
သူက ကုအန်ကို ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်လိုက်ပြီး "ဆရာသခင်... အဲဒီ ပုံရိပ်က ဘယ်သူပါလဲ"
"ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား..."
အကြောင်းနှင့်အကျိုးကို သီးခြားခွဲထုတ်ထားသော နယ်မြေအတွင်း ဖြစ်သည့်အတွက် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား တွေ့ရှိသွားမည်ကို ကုအန် မကြောက်ပေ။
ထိုအမည်ကို ကြားပြီးနောက် သွေးအကျဥ်းထောင်သူတော်စင် အလွတ်မှတ်သားလိုက်သည်။ သူက ကုအန်ကို ကြည့်၍ တစ်စုံတစ်ရာ ထပ်ပြောချင်သော်လည်း တွန့်ဆုတ်နေသည်။
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ အစွမ်းထက်မြက်မှုက သူ့ကို နက်ရှိုင်းစွာ တုန်လှုပ်စေခဲ့သည်။ တစ်စုံတစ်ယောက်က ဤမျှ စွမ်းအားကြီးမားနိုင်သည်ဟု သူ စိတ်ကူးမယဉ်ခဲ့မိပေ။
ကျယ်ပြောလှသော ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကြီးတခုလုံး ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ လက်ချက်ဖြင့် ချက်ချင်း ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ တစ်ခုတည်း မဟုတ်ဘဲ အခြားသော မရေမတွက်နိုင်သည့် ကမ္ဘာများလည်း ပျက်စီးသွားခဲ့သည်။
သွေးကျဥ်းထောင်သူတော်စင်သည် သူ့ဆရာနှင့် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားတို့အနက် မည်သူက ပိုသန်မာသနည်းဟု ကုအန်ကို မေးမြန်းချင်သော်လည်း ပြစ်မှားမိမည် စိုးသဖြင့် မမေးရဲပေ။
သွေးအကျဥ်းထောင်သူတော်စင်က ကုအန်ကို အစွမ်းကုန် ရိုသေလေးစားသော်လည်း ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ စွမ်းအားကို မြင်တွေ့လိုက်ရပြီးနောက် ကုအန်၏သန်မာမှုက အနှိုင်းမဲ့ ဖြစ်သည်ဟု ထပ်မံ ယုံကြည်ရန် ခက်ခဲသွားသည်။