အခန်း (၅၆၅-၅၆၆)
Vol. 45 Ch. 565-566
အခန်း ၅၆၅ လုံမျိုးနွယ်၏ အသန်မာဆုံးသူ
သွေးအကျဉ်းထောင်သူတော်စင်၏ အတွေးကို ကြားသောအခါ ကုအန် အသံထွက်၍ ရယ်မောမိလုနီးပါး ဖြစ်သွားသော်လည်း မိမိကိုယ်ကို အမြန် ထိန်းချုပ်လိုက်သည်။
သို့သော် သွေးကျဉ်းထောင်သူတော်စင်၏ သံသယကို ဖြေရှင်းမပေးခဲ့ပေ။ ထိုသူ့ကို စိုးရိမ်ပူပန်မှုများဖြင့်သာ ဆက်လက် ရှိနေစေလိုသည်။
သွေးအကျဉ်းထောင်သူတော်စင်က ပြီးခဲ့သည့် နှစ်များအတွင်း အနည်းငယ် ပေါ့လျော့နေခဲ့သဖြင့် ဤသည်က သူ့အတွက် ထိုက်တန်သော အပြစ်ဒဏ်ပင် ဖြစ်သည်။
ကုအန် စကားမပြောလိုသည်ကို မြင်သောအခါ သွေးအကျဉ်းထောင်သူတော်စင်၏ စိတ်ထဲ၌ ဝေခွဲမရ ဖြစ်မှုများ တိုးပွားလာသော်လည်း ထုတ်ဖော် မမေးမြန်းရဲချေ။ ထို့ကြောင့် အတွင်းစိတ်မှ ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများကို ဘေးဖယ်၍ အခြားအရာတစ်ခုပေါ်သို့ အာရုံပြောင်းလိုက်သည်။
သူ့ဆရာသည် ထိုပုဂ္ဂိုလ်နှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိလျှင်ပင် ဆရာ့ထံ၌ သေချာသော မဟာဗျူဟာ ရှိပြီးသား ဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက ပုံမှန်နေ့ရက်များတွင် ဤမျှ အေးဆေးသက်သာ နေနိုင်မည် မဟုတ်ပေ။
ထိုသို့ တွေးမိသောအခါ သွေးအကျဉ်းထောင်သူတော်စင်၏ စိတ်နှလုံးသည် တဖြည်းဖြည်း တည်ငြိမ်လာသည်။ တဖန် ကုအန်၏ ရွှံ့ရုပ်တု လုပ်နေမှုကို ကြည့်လိုက်ရာ လှုပ်ရှားမှုတိုင်းတွင် နက်ရှိုင်းသော အဓိပ္ပာယ်များ ပါဝင်နေသည်ဟု ခံစားလိုက်ရသည်။
...
ယနေ့တွင် ဆရာသခင်က ကမ္ဘာလောက၏ ကံကြမ္မာကို သူ့အား ပြသခဲ့ခြင်းမှာ စိတ်ကူးပေါက်ရာ လုပ်ဆောင်ခြင်း မဟုတ်သည်မှာ သေချာသည်။ ဤသည်က သူ့ကို သတိပေးလိုက်ခြင်း ဖြစ်နိုင်သည်။
အေးချမ်းတိတ်ဆိတ်သော နှစ်ကာလများ၏ အောက်တွင် ကပ်ဘေးတစ်ခု အမြဲတစေ ပျိုးထောင်နေစမြဲပင်။
သွေးအကျဉ်းထောင်သူတော်စင်ကတော့ ဤကမ္ဘာလောကအတွက် ဝမ်းနည်းပူဆွေးမိသည်။ ကြီးမားသော ဂိုဏ်းကြီးများနှင့် အင်အားကြီးသော မင်းဆက်များ ကောင်းကင်အလိုကျ ကံတရားနှင့် ကောင်းကင်တာအိုကို လိုက်စားရင်း အဆက်မပြတ် ပြိုင်ဆိုင် တိုက်ခိုက်နေကြသည်။ သို့သော်လည်း အဆုံးသတ်တွင် အကြွင်းမဲ့ အာဏာစက်နှင့် ရင်ဆိုင်ရပြီး ကောင်းကင်နှင့် မြေပြင် အတူတကွ ပျက်စီးသွားသောအခါ သူတို့၏ ကြံစည်မှု အားလုံးသည်လည်း အဓိပ္ပာယ်မဲ့သွားရသည်။
ယခင်က သွေးအကျဉ်းထောင်သူတော်စင်သည် သူ၏ ဆရာသခင်၌ ဤမျှ ကြီးမားသော စွမ်းအားများ ရှိပါလျက် အဘယ်ကြောင့် သီးခြားခွဲထွက်၍ ကျင့်ကြံနေသနည်းဟု တွေးတောခဲ့ဖူးသည်။ ယခုမှပင် သူ နားလည်သွားတော့သည်။
သူ့ဆရာက အရာအားလုံးကို ထွင်းဖောက်မြင်နေခဲ့ခြင်း ဖြစ်သည်။
သွေးအကျဉ်းထောင်သူတော်စင်က ကုအန်၏ လက်ထဲမှ ရွှံ့စေးကို ငေးကြည့်ရင်း အတိတ်ကို ပြန်လည် ဆင်ခြင်သုံးသပ်နေမိသည်။
……………
အမတမင်းဆက်၏ ကံတရားကို ဖြိုခွင်းပြီးနောက် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားက တစ်ဖန်ပြန်၍ တရားထိုင်နေပြီး ကုအန်သည်လည်း ပြင်ပကိစ္စများကို အာရုံမစိုက်တော့ဘဲ လက်ရှိ အလုပ်ကိုသာ အာရုံစိုက်နေသည်။
နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အရာများမှာ ကမ္ဘာလောကအတွက် အရှုပ်ထွေးဆုံး ကာလများ ဖြစ်လာပေလိမ့်မည်။
ထိုကဲ့သို့သော ပရမ်းပတာ အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ မြင့်မြတ်ခုံရုံးသည် ပုံမှန်မဟုတ်ဘဲ အမတမင်းဆက်မှ ကျန်ရစ်ခဲ့သော နယ်မြေများကို အတင်းအဓမ္မ သိမ်းပိုက်ခြင်း မပြုဘဲ မြင့်မြတ်နယ်မြေသို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။ ဤအချက်က ကမ္ဘာလောကရှိ အင်အားစုများ၏ ရူးသွပ်မှုကို ပိုမို လောင်စာဖြည့်ပေးလိုက်သလို ဖြစ်သွားပြီး အားလုံးက ဤအခွင့်အရေးကို အသုံးချ၍ တက်လှမ်းလိုကြသည်။
အဓိပတိဂိုဏ်းနှင့် ထိုက်ချန်မင်းဆက်တို့သည်လည်း ထိုနည်းတူပင် ဖြစ်ကြသည်။
အမြင့်ဆုံး အာဏာပိုင်များမှသည် သာမန် ပြည်သူလူထုအထိ ဤအခြေအနေသည် မကြုံစဖူး အခွင့်အရေး တစ်ရပ် ဖြစ်ကြောင်းနှင့် ကမ္ဘာ့အခင်းအကျင်းကို အဆုံးအဖြတ် ပေးမည့် အခိုက်အတန့် ဖြစ်ကြောင်း သိရှိကြသည်။ ပြည်တွင်း ပဋိပက္ခ အားလုံးကို ဘေးဖယ်ထားလိုက်ကြပြီး အာဏာရှိသူများက နေ့ရက်များ ကုန်လွန်လာသည်နှင့်အမျှ ပိုမို ရဲတင်းလာကာ ရည်မှန်းချက် ကြီးမားလာကြသည်။
အဓိပတိဂိုဏ်းက ပြင်ပနယ်ပယ်များကို အသည်းအသန် စူးစမ်းရှာဖွေနေချိန်တွင် လုံချင်းမှာမူ လုံကျွင်း၏ အမိန့်ဖြင့် တတိယဆေးတောင်ကြားတွင် အကျယ်ချုပ် ကျခံနေရသည်။
ညနေခင်း တစ်ခု၌…..
ကမ်းပါးစွန်းတစ်ခုပေါ်တွင် တရားထိုင်နေသော လုံချင်းက မျက်လုံးများကို ဖွင့်၍ မလှမ်းမကမ်းတွင် စာဖတ်နေသော လုံကျွင်းကို လှည့်ကြည့်မိသည်။
လုံကျွင်းက 'နတ်ဘုရားများ ခန့်အပ်ခြင်း' စာအုပ်ကို ကိုင်ဆောင်၍ စိတ်ဝင်တစား ဖတ်ရှုနေသဖြင့် လုံချင်းကို အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်စေသည်။
သူ ထိုစာအုပ်ကို အကြိမ်ကြိမ် ဖတ်ပြီးသား ဖြစ်သော်လည်း ထပ်၍ ဖတ်နေပြန်၏။
လုံကျွင်း သူ့အား ကောင်းကင်နဂါး ဓမ္မပုံရိပ်ကို သင်ကြားပေးပြီးနောက် အဘယ်ကြောင့် သင်ကြားမှုကို အလေးမထားဘဲ အပြင်ထွက်ခွင့်ပင် ပိတ်ပင်ထားသည်ကို လုံချင်း နားမလည်နိုင်ပေ။
အရေးကြီးဆုံး အချက်မှာ လုံကျွင်း၏ ရှေ့တွင် ကျုးရှင်းပင်လျှင် စကားတစ်ခွန်းမျှ မဟရဲချေ။
ကောင်းကင်နဂါး ဓမ္မပုံရိပ်ကို လေ့လာခြင်းသည် လုံမိသားစု၏ ကံတရားအတွက် ဖြစ်သည်။ လုံချင်း ဤတာဝန်ကို လက်ခံလိုသော်လည်း တစ်ခါတစ်ရံတွင် မိသားစု၏ ကျိန်စာကို ချိုးဖျက်ရန်အတွက်သာ အသက်ရှင်နေရခြင်းက အမှန်တကယ် အဓိပ္ပာယ် ရှိပါသလားဟု တွေးမိသည်။
သူ့အနားတွင် ရှိစဉ်က ကျင့်ကြံခြင်းကို ဘယ်သောအခါမျှ အတင်းအကျပ် မတိုက်တွန်းခဲ့ဖူးသော ဆရာသခင်ကို သူ သတိရမိသည်။ ယခုမူ သူသည် အခြားသူတစ်ဦး၏ ဖိအားပေးမှုဖြင့် ကျင့်ကြံနေရပြီဖြစ်သည်။
ကံတရားကို ထမ်းရွက်ရခြင်းက မလွယ်ကူကြောင်း ပြောခဲ့ဖူးသည့် ဆရာသခင်၏ စကားကို နောက်ဆုံးတွင် နားလည်သွားခဲ့ချေပြီ။
သူ့ကံကြမ္မာပုံစံကို ပြန်လည် မရရှိမီ အချိန်ကာလသည် သူ့ဘဝ၏ အပျော်ရွှင်ဆုံး အချိန်များ ဖြစ်ခဲ့သည်။ ကောင်းကင်နဂါးနည်းစနစ်ကို ကျင့်ကြံလေလေ၊ အတိတ်ကို ပိုမို လွမ်းဆွတ်လေလေ ဖြစ်သည်။
လူတစ်ယောက်သည် မည်မျှပင် သည်းခံနိုင်စွမ်း ရှိစေကာမူ ပေါက်ကွဲမည့် နေ့ရက် ရောက်လာစမြဲပင်။
လုံချင်း ပေါက်ကွဲလုနီးပါး ဖြစ်လာပြီး မနေနိုင်ဘဲ ပြောလိုက်လေတော့သည်။
"ကမ္ဘာကြီး ဒီလောက် ဖရိုဖရဲ ဖြစ်နေတာကို... ခင်ဗျားပြောတဲ့ စစ်ခုံရုံးက လာမှာပဲလား..."
လုံကျွင်းက ခေါင်းပင် မမော့ဘဲ….
"ရောက်နေပြီ... သူတို့ မြင့်မြတ်ခုံရုံးမှာ ရှိနေတယ်..."
လုံချင်း မျက်မှောင်ကြုတ်လိုက်ပြီး… "ဒါဆို သူတို့ ဘာလို့ မလှုပ်ရှားကြသေးတာလဲ..."
"မင်းကို သတ်လိုက်တာက စစ်ခုံရုံး ကိုယ်စား လုပ်ဆောင်လိုက်သလို ဖြစ်သွားလိမ့်မယ်... ဒါပေမဲ့ ဒီကမ္ဘာကြီးမှာ သူတို့ မငြင်းဆန်နိုင်တဲ့ အခွင့်အရေးတွေ ရှိနေတယ်... ဒါကြောင့်လည်း ငါ ဒီခေတ်ကို လာဖို့ ရွေးချယ်ခဲ့တာ... လောလောဆယ် ငါ မလုပ်နိုင်တာတွေ အများကြီး ရှိတယ်..."
လုံကျွင်း၏ အဖြေက လုံချင်းကို နှုတ်ဆိတ်သွားစေသည်။
မငြင်းဆန်နိုင်တဲ့ အခွင့်အရေးတွေ...
သူလည်း လိုချင်တာပေါ့...
သူလည်း ပိုသန်မာချင်တယ်... ကမ္ဘာကျော်ချင်တယ်... တက်ကြွတဲ့ ဘဝမျိုးနဲ့ ရှင်သန်ချင်တာပေါ့…
ရုတ်တရက် လုံကျွင်းက"ဒီစာအုပ်ထဲက ဟုန်ကျွင်း တာအိုဆရာက တာအိုလမ်းစဉ်ကို ရရှိဖို့ မရေမတွက်နိုင်တဲ့ အထီးကျန် နှစ်ကာလတွေကို သည်းခံခဲ့တာ.. ဒါမှမဟုတ် အခက်အခဲတွေကို ရုန်းကန်ကျော်ဖြတ်ပြီး ရရှိခဲ့တာကို မင်း ဘယ်လိုထင်လဲ"
ထိုစကားကို ကြားသောအခါ လုံချင်း မျက်လုံးလှန်ကြည့်မိသည်။
လုံကျွင်းက ကိုယ့်ကိုယ်ကိုယ် ဟုန်ကျွင်းတာအိုဆရာနှင့် နှိုင်းယှဉ်မြင်ယောင်ပြီး စွဲလမ်းနေခြင်းများ ဖြစ်နေမလား။
သူသည်လည်း 'နတ်ဘုရားများ ခန့်အပ်ခြင်း' စာအုပ်ကို တစ်ချိန်က စွဲလမ်းခဲ့ဖူးသဖြင့် ဟုန်ကျွင်း တာအိုဆရာသည် ထိုအထဲတွင် အသန်မာဆုံးနှင့် အဆန်းကြယ်ဆုံး ဖြစ်တည်မှုမှန်း သိပေသည်။
"အနည်းဆုံးတော့ ဟုန်ကျွင်း တာအိုဆရာက အခက်အခဲတွေ ကြုံရတဲ့အခါ အနာဂတ် မျိုးဆက်တွေအပေါ် မျှော်လင့်ချက် ပုံမချခဲ့ဘူး..." လုံချင်းက ထေ့ငေါ့ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လုံကျွင်း တိတ်ဆိတ်သွားကာ ကမ်းပါးထိပ်တွင် လေတိုက်သံများသာ ကျန်ရစ်သည်။
လုံချင်း တွေးလေလေ ပို၍ စိတ်ပျက်လေလေ ဖြစ်လာသည်။ လုံမျိုးနွယ်၏ တာဝန်ကို သူတယောက်တည်း အဘယ်ကြောင့် ထမ်းဆောင်ရမည်နည်း။
ဘဝပေးကံတရားက ကြီးမားလွန်းလှသည်။
သူ့အတွက် တိုက်ခိုက်ပေးရန် ဘိုးဘေးများ၏ ဓမ္မပုံရိပ်များကို အတင်းအကျပ် ကျင့်ကြံခိုင်းနေသည်။ သူ ဘာကြောင့် ဒီလောက် ပုန်ကန်ချင်နေရတာလဲ။
အကယ်၍ ဘိုးဘေးများသာ ထိုမျှ စွမ်းအားကြီးမားလျှင် လုံမျိုးနွယ်က ဘာကြောင့် ဒီလို အခြေအနေ ရောက်နေရတာလဲ။
လုံမျိုးနွယ်တွင် စစ်ခုံရုံးကို တွန်းလှန်နိုင်သည့် အင်အားရှိသည်ဟု လုံချင်း အမှန်တကယ် မယုံကြည်ပေ။
သူ တွေးလေ ဒေါသထွက်လေ ဖြစ်ပြီး ဒေါသနှင့်အတူ နှလုံးသား၏ နက်ရှိုင်းသော နေရာတွင် ယုံကြည်မှု ကင်းမဲ့ခြင်းများ ဖြစ်ပေါ်လာသည်။ထိုအခါ
ချီနှင့် သွေးများ ဆူပွက်လာပြီး မူးဝေလာသကဲ့သို့ ခံစားလိုက်ရသည်။
သူ့မျက်လုံးထဲမှ ကမ္ဘာလောကကြီး အဆက်မပြတ် တုန်ခါနေပြီး ညနေဆည်းဆာ အလင်းရောင်အောက်မှ ကောင်းကင်အမိုးခုံးသည်ပင် အလွန် ခြောက်သွေ့ကာ လှပနေသဖြင့် နိဂုံးတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် စိတ်နှလုံး အနည်းငယ် သက်သာရာ ရသွားသကဲ့သို့ ခံစားလိုက်ရသည်။
အကယ်၍ သူ ယခု လဲကျသေဆုံးသွားလျှင်လည်း သိပ်မဆိုးလှပေ။
ဘဝဆိုတာ သေဆုံးဖို့အတွက် ဖြစ်လာတာဆိုရင် ဘာလို့ စောစော မသေနိုင်ရမှာလဲ။
လုံချင်း တဖြည်းဖြည်း ကိုယ်ခန္ဓာကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ဘေးသို့ ယိုင်လဲကျသွားသည်။
ထိုစဉ် လက်တစ်ဖက်က သူ့ခေါင်းကို ဖမ်းထိန်းလိုက်ပြီး ပြုတ်ကျမသွားအောင် တားဆီးပေးလိုက်သည်။
ဝေဝါးနေသော အမြင်အာရုံထဲတွင် ပုံရိပ်တစ်ခု သူ့ရှေ့တွင် ပေါ်လာပြီး ကမ်းပါးစွန်းတွင် ရပ်ကာ သူ့ကို ကျောပေးထားသည်ကို တွေ့လိုက်ရသည်။
ထိုပုံရိပ်က အလွန် ခမ်းနားထည်ဝါပြီး ကမ္ဘာမြေကို တုန်လှုပ်စေသော အရှိန်အဝါကို ထုတ်လွှတ်နေသဖြင့် တားဆီးမရနိုင်သော သူရဲကောင်းဆန်မှုနှင့် မဆုတ်မနစ်သော စိတ်ဓာတ်ကို ခံစားလိုက်ရသည်။
ရုတ်တရက်….
လုံချင်း၏ ကမ္ဘာကြီး ပြန်လည် ကြည်လင်လာသဖြင့် အလျင်အမြန် သတိပြန်ဝင်လာပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ထထိုင်လိုက်သောအခါ ရှေ့မှ ပုံရိပ် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ အရာအားလုံးက စိတ်ထင်ယောင်ထင်မှား ဖြစ်ခဲ့သည့်အလားပင်။
သူ့ကို တွဲထူထားသူမှာ လုံကျွင်း ဖြစ်နေသည်။
လုံချင်း ကမန်းကတန်း မတ်တတ်ထရပ်လိုက်ပြီး စောစောက သူမြင်ခဲ့သော ပုံရိပ်ကို ရှာဖွေလိုက်သည်။
အကြောင်းရင်း မသိရသော်လည်း ထိုပုံရိပ်က အလွန် စွမ်းအားကြီးမားပြီး လုံမျိုးနွယ်၏ ရန်သူတော်ကြီးကို ဖြေရှင်းနိုင်စွမ်း ရှိလိမ့်မည်ဟု သူ ခံစားလိုက်ရသည်။
သူ့ဘေးတွင် ရပ်နေသော လုံကျွင်းက "စောစောက မင်း ဘာမြင်လိုက်လဲ..."ဟု မေးလိုက်တော့လုံချင်းက မစဉ်းစားဘဲ ပြန်ဖြေလိုက်သည်။
"လူတစ်ယောက်ကို မြင်လိုက်တယ်... သူက ကျွန်တော့်ကို ကျောပေးထားတယ်... သူက..."
ထိုပုံရိပ်ကို ရှာမတွေ့တော့သဖြင့် လုံကျွင်းဘက်သို့ လှည့်လိုက်ရာ လုံကျွင်း၏ မျက်နှာပေါ်တွင် စိတ်သက်သာရာရသွားသော အမူအရာကို တွေ့လိုက်ရသဖြင့် မနေနိုင်ဘဲ မေးလိုက်မိသည်။
"အဲဒီလူက ဘယ်သူလဲဆိုတာ ခင်ဗျား သိလား..."
"မင်း ကောင်းကင်နဂါး ဓမ္မပုံရိပ်ကို ကျင့်ကြံတဲ့အခါ ပထမဆုံး မြင်ရမယ့်သူက ဧကရာဇ် လုံရှင်းပဲ... အဲဒါ ငါ့အဖေရဲ့ ပုံရိပ်လေ... တကယ်တော့ ကောင်းကင်နဂါး ဓမ္မပုံရိပ်ကို ကျင့်ကြံဖို့အတွက် ပြင်းထန်တဲ့ စိတ်ခံစားမှု လှုံ့ဆော်မှု လိုအပ်တယ်... ဒါကြောင့် ငါ မင်းကို တိကျတဲ့ လမ်းညွှန်မှု မပေးခဲ့တာ... မင်းဘာသာ စတင်နိုင်မယ့် အချိန်ကို ငါ စောင့်နေခဲ့တာပါ..."
"ဧကရာဇ် လုံရှင်း..."
လုံချင်း တီးတိုး ရေရွတ်လိုက်မိပြီး စောစောက ပုံရိပ် သူ့မျက်လုံးထဲတွင် ပြန်လည် ထင်ဟပ်လာသည်။
လုံကျွင်းက သူ့ကို ကြည့်၍ ပြောလိုက်ပြီး… "တကယ်တော့ လုံမျိုးနွယ်က အရမ်း သန်မာပါတယ်... လူအများစုက မတော်တဆမှုတွေကြောင့် သေဆုံးခဲ့ရတာ၊ ဒါမှမဟုတ် အရွယ်မတိုင်ခင် ကြွေလွင့်ခဲ့ရတာပဲ... တကယ်လို့ လုံမျိုးနွယ်သာ စစ်ခုံရုံးနဲ့ ယှဉ်ရင် အရမ်း အားနည်းနေမယ် ဆိုရင် သူတို့ ငါတို့ကို ဒီလောက်အထိ အငြိုးတကြီး ဖိနှိပ်နေမှာ မဟုတ်ဘူး..."
ဤစကားများက လုံချင်း၏ နှလုံးသားထဲမှ မျှော်လင့်ချက်မဲ့မူများကို သိသိသာသာ လျော့ပါးသွားစေသည်။
"ဧကရာဇ် လုံရှင်းက ကျွန်တော်တို့ လုံမျိုးနွယ်ရဲ့ အသန်မာဆုံးသူလား..."
"ကောင်းကင်နဂါး ဓမ္မပုံရိပ်ရဲ့ အစွမ်းအထက်ဆုံး အချက်က မင်း ဆင့်ခေါ်လိုက်တဲ့ ဘိုးဘေးတွေက သူတို့ရဲ့ စွမ်းအား အကန့်အသတ်ကို ထုတ်ပြနိုင်တာပဲ... ဘာလို့လဲဆိုတော့ ကောင်းကင်နဂါး ဓမ္မပုံရိပ်ကို ကျင့်ကြံတဲ့အခါ မတူညီတဲ့ လူတွေက မတူညီတဲ့ စွမ်းအားရှိတဲ့ ဘိုးဘေးတွေကို ဆင့်ခေါ်နိုင်လို့ပဲ... တကယ်လို့ မင်းသာ ငါ့သားကို ဆင့်ခေါ်နိုင်မယ် ဆိုရင် ငါတို့မှာ မျှော်လင့်ချက် ပိုရှိလာလိမ့်မယ်..."
"ဒါပေါ့... တကယ်လို့ မင်းသာ လုံမိသားစုဝင် အားလုံးကို ဆင့်ခေါ်နိုင်မယ် ဆိုရင် အဲဒါက အမျှော်လင့်ရဆုံး အခိုက်အတန့် ဖြစ်လာမှာပါ..."
"ခင်ဗျားသားက ဧကရာဇ် လုံရှင်းထက် ပိုသန်မာတယ်ဆိုတာ သေချာလို့လား..."
ဧကရာဇ် လုံရှင်း၏ ပြိုင်ဘက်ကင်းသော ပုံရိပ်ကို သူ မေ့မရနိုင်ပေ။
အခြားသော လုံမိသားစုဝင် တစ်ဦးဦးက ဧကရာဇ် လုံရှင်းထက် ပိုမို သန်မာနိုင်မည်ဟု သူ မယုံကြည်ပေ။
အခန်း ၅၆၆ ကောင်းကင်နှင့် မြေပြင် အမတကို သုတ်သင်ရန် လုံလောက်ရုံသာ…
"မင်း သူ့ရဲ့ ဓမ္မပုံရိပ်ကို ကျင့်ကြံနိုင်ပြီ ဆိုရင်တော့... သူက မျှော်လင့်ချက် အားလုံးကို ထမ်းဆောင်နိုင်တယ်ဆိုတာ နားလည်လာလိမ့်မယ်..."
လုံကျွင်း အဝေးတစ်နေရာသို့ လှည့်ကြည့်ရင်း တီးတိုး ပြောလိုက်ရင်း သူ့ မျက်လုံးထဲတွင် လွမ်းဆွတ်မှု အရိပ်အယောင်များ အတိုင်းသားပေါ်လွင်နေသည်။
လုံချင်းတယောက် ဧကရာဇ် လုံရှင်းအကြောင်းကို ဆက်လက် စိတ်ကူးယဉ်နေမိသည်။ အချိန် အတန်ကြာပြီးနောက် ဧကရာဇ် လုံရှင်း၏ စွမ်းဆောင်ချက်များအကြောင်းကို သူ စတင် မေးမြန်းတော့သည်။
လုံချင်းက ကောင်းကင်နဂါး ဓမ္မပုံရိပ်၏ တံခါးပေါက်သို့ ဝင်ရောက်လာပြီ ဖြစ်သဖြင့် လုံကျွင်း၏ သဘောထား ပြောင်းလဲသွားပြီး ဧကရာဇ် လုံရှင်း၏ အကြောင်းများကို စတင် ပြောပြလေရာ လုံချင်းမှာ စိတ်ဝင်တစား နားထောင်နေမိသည်။
လုံချင်း ဇာတ်လမ်းများကို နားထောင်လေလေ စိတ်နှလုံး ပိုမို တည်ငြိမ်လာလေလေ ဖြစ်သည်။
လုံမျိုးနွယ်၏ အတိတ်ကို နားလည်ခြင်းက လုံမျိုးနွယ်အပေါ် နားလည်မှုကို နက်ရှိုင်းစေပြီး ဂုဏ်ယူမှုနှင့် ရှက်ရွံ့မှုတို့ကို ပိုမို ခိုင်မာစေသည်။
…
"ငါ့အမြင်အရတော့ ခေတ်အဆက်ဆက်မှာ လုံမျိုးနွယ်က ဒီနေ့လို ကံကြမ္မာမျိုးနဲ့ ကြုံရတာ ထိုက်တန်ပါတယ်... အင်အားကြီးမားတဲ့ အချိန်တုန်းက ပတ်ဝန်းကျင် အားလုံးကို ဖိနှိပ်ခဲ့သလို အစွန်းရောက်တဲ့ ပါရမီရှင် အများအပြားကိုလည်း မွေးထုတ်ပေးခဲ့တယ်... ဒါပေမဲ့ လုံမျိုးနွယ်က စစ်ခုံရုံးရဲ့ ဖိနှိပ်မှုကိုတော့ မခံသင့်ဘူး... လုံမျိုးနွယ်ရဲ့ ကံကြမ္မာကို ချိုးဖျက်ပြီး စစ်ခုံရုံးကို ဖျက်ဆီးလိုက်တာက ငါတို့ရဲ့ ကံကြွေးကို ဆပ်လိုက်တာပဲ... ဘာလို့လဲဆိုတော့ စစ်ခုံရုံးကို ငါတို့ ဖန်တီးခဲ့တာလေ... ဒါပေမဲ့ သူတို့က စစ်ခုံရုံးရဲ့ နာမည်နဲ့ အပြစ်တွေ ကျူးလွန်ခဲ့ကြတယ်... လုံမျိုးနွယ်ကနေ စတင်ခဲ့တာမို့ လုံမျိုးနွယ်နဲ့ပဲ အဆုံးသတ်ရမယ်..."
လုံကျွင်းက လေးနက်စွာ ပြောလိုက်ပြီး ခေတ္တရပ်နားကာ."မင်းရဲ့ မျိုးဆက်တွေကတော့ လုံမျိုးနွယ် အမည်ကို မခံယူသင့်တော့ဘူး..."
ထိုစကားကို ကြားသောအခါ လုံချင်း ခေါင်းမခါခဲ့ပေ။ သူသည် ဧကရာဇ် လုံရှင်း၏ ဇာတ်လမ်းများထဲတွင် စီးမျောနေဆဲ ဖြစ်သည်။
ဧကရာဇ် လုံရှင်း၏ ကျောပြင်ကိုသာ မြင်ခဲ့ရသော်လည်း ချက်ချင်းပင် ကြည်ညိုလေးစားစိတ်များ ပြင်းပြစွာ ဖြစ်ပေါ်လာခဲ့သည်။
ဤသို့ဖြင့် ကောင်းကင်နဂါး ဓမ္မပုံရိပ်ကို စတင် မျှော်လင့်လာမိသည်။
အနည်းဆုံးတော့ ကောင်းကင်နဂါး ဓမ္မပုံရိပ်ကို ကျွမ်းကျင်ပိုင်နိုင်သွားပြီ ဆိုလျှင် ဧကရာဇ် လုံရှင်း၏ ခမ်းနားထည်ဝါမှုကို သူ မြင်တွေ့နိုင်မည် မဟုတ်ပါလော။
...
နှစ်ပေါင်း တစ်ရာ ကြာပြီးနောက် လောကတွင် အခင်းအကျင်းအသစ် တစ်ခု ဖြစ်လာခဲ့သည်။
ဝိညာဉ်ကိုးပါးတိုက်ကြီးသည် နောက်ဆုံးတွင် ကြီးမားသော ပရမ်းပတာ ဝဲဂယက်ထဲသို့ ရောက်ရှိသွားပြီး ကျင့်ကြံသူများစွာ ဤတိုက်ကြီးထဲသို့ ထွက်ပြေး ဝင်ရောက်လာကြသဖြင့် တိုက်ကြီး၏ အခြေအနေ လှုပ်ခတ်လာသည်။
တိုက်ကြီး၏ အစွန်းတစ်နေရာတွင်….
ကမ်းခြေတစ်ခုပေါ်သို့ အမျိုးသမီး နှစ်ဦး ကောင်းကင်ယံမှ ဆင်းသက်လာကြပြီး မြေပြင်သို့ ရောက်သည်နှင့် စွမ်းအင်များ စတင် ကျင့်ကြံရန် အလျင်အမြန် ထိုင်ချလိုက်ကြသည်။
တစ်ဦးမှာ အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး နုနယ်သော မိတ်ကပ်များ လိမ်းခြယ်ထားကာ ဆံပင်များ အနည်းငယ် ရှုပ်ပွနေသည်။ အခြားတစ်ဦးမှာမူ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး ပိုမို လှပကာ လူ့ပြည်သို့ ရောက်လာသော နတ်သမီး တစ်ပါးကဲ့သို့ ဖြစ်နေသော်လည်း မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ပြင်းထန်သော ဒဏ်ရာများ ရရှိထားပုံ ပေါ်သည်။
အစိမ်းရောင်ဝတ် အမျိုးသမီးက မျက်လုံးများကို ဖွင့်၍ အဖြူရောင်ဝတ် အမျိုးသမီးကို ကြည့်ကာ"အစ်မ... ကျွန်မတို့ ဒီမှာ စိတ်ချရပါ့မလား..."
လီရွှမ်ယွီဟု အမည်ရသော အဖြူရောင်ဝတ် အမျိုးသမီးက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး အဝေးတစ်နေရာသို့ လှည့်ကြည့်ကာ အားပျော့သောလေသံဖြင့်
"ပြောရခက်တယ်..." ဟုသာ ပြန်ဖြေလိုက်သည်။
ထန်ချိုင်ဟု အမည်ရသော အစိမ်းရောင်ဝတ် အမျိုးသမီးက လီရွှမ်ယွီ၏ စကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
"ကျွန်မတို့ ဘယ်လောက်ကြာကြာ ထပ်ပြေးရဦးမှာလဲ... လီယကို ကျွန်မတို့ ဘယ်လို ရှာတွေ့မှာလဲ..."
ထန်ချိုင်က စိုးရိမ်တကြီး မေးလိုက်သော်လည်း လီရွှမ်ယွီ ပြန်မဖြေခဲ့ပေ။ ဒဏ်ရာ ကုသရန်သာ မျက်လုံးများကို ပြန်မှိတ်လိုက်သည်။
ထိုအခြေအနေကို မြင်သောအခါ ထန်ချိုင်လည်း ဒဏ်ရာ ကုသရန် မျက်လုံးများကို မှိတ်လိုက်သည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး
တစ်နာရီခန့် အကြာတွင်….
ရုတ်တရက် ပင်လယ်ပြင် အဆုံးမှ လေပြင်းတစ်ချက် တိုက်ခတ်လာသဖြင့် အမျိုးသမီး နှစ်ဦးစလုံး လန့်နိုးသွားကြသည်။
"သွားကြစို့... သူတို့ ငါတို့ကို လွှတ်ပေးမယ့်ပုံ မပေါ်ဘူး..." လီရွှမ်ယွီက မတ်တတ်ထရပ်ရင်း ပြောလိုက်သည်။
သူမ၏ ယိမ်းယိုင်နေပြီး လဲကျလုနီးပါး ဖြစ်သွားသော်လည်း ထန်ချိုင်က အချိန်မီ တွဲထူပေးလိုက်သည်။ထို့နောက်
အချိန်ဆွဲမနေဘဲ ထန်ချိုင်က မှော်ရတနာ တစ်ခုကို ဆင့်ခေါ်လိုက်ပြီး လီရွှမ်ယွီကို တွဲကူ၍ တိုက်ကြီး၏ အတွင်းပိုင်းသို့ ပျံသန်း ထွက်ခွာသွားသည်။
သူတို့ ထွက်ခွာသွားပြီး မကြာမီမှာပင် မရေမတွက်နိုင်သော ကျီးကန်းမည်းကြီးများ ကောင်းကင်ယံမှ ထိုးဆင်းလာကြကာ ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး အရှိန်အဟုန် ပြင်းစွာဖြင့် တိုက်ကြီး အတွင်းသို့ ပျံသန်း ဝင်ရောက်သွားကြသည်။
မှော်ရတနာကို ထိန်းချုပ်နေသော ထန်ချိုင်သည် တစ်စုံတစ်ရာကို အာရုံခံမိသကဲ့သို့ နောက်သို့ လှည့်ကြည့်လိုက်ရာ မျက်နှာ အကြီးအကျယ် ပျက်သွားပြီး မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။
"သူတို့က အရမ်း မြန်တာပဲ... ဘယ်လို လုပ်ကြမလဲ..."
ထန်ချိုင်က ဘေးနားရှိ လီရွှမ်ယွီကို ကြည့်၍ တိုးတိုးလေး မေးလိုက်သည်။
လီရွှမ်ယွီသည် ပြင်းထန်သော ဒဏ်ရာများ ရရှိထားသော်လည်း အမြဲတမ်း ထန်ချိုင်၏ အားထားရာ ဖြစ်ခဲ့သည်။ လမ်းတစ်လျှောက် သူမကို ကာကွယ်ပေးခဲ့ရခြင်းကြောင့်သာ မဟုတ်လျှင် လီရွှမ်ယွီ ဤမျှ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့မည် မဟုတ်ပေ။
လီရွှမ်ယွီ၏ မျက်နှာမှာ တည်ငြိမ်နေပြီး "ငါ့ကို ထားခဲ့ပြီး မင်း ထွက်ပြေးလိုက်... သူတို့က အဓိက ငါ့ကို ပစ်မှတ်ထားတာ..."
ထိုစကားကို ကြားသောအခါ ထန်ချိုင် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး "အစ်မ ဘာတွေ လျှောက်ပြောနေတာလဲ... အစ်မကို ဘေးကင်းအောင် ကာကွယ်ပေးပါ့မယ်လို့ လီယကို ကျွန်မ ကတိပေးထားတယ်..."
"ငါတို့ အတူတူ သေရင်သေ... မဟုတ်ရင် မင်း အသက်ရှင်ပြီး လီယကို ရှာပြီး ငါ့အတွက် လက်စားချေပေး..." ဟုလီရွှမ်ယွီက ပြတ်သားသော လေသံဖြင့် ပြောလိုက်တော့
ထန်ချိုင် တိတ်ဆိတ်သွားခဲ့သည်။
လီရွှမ်ယွီက ထန်ချိုင်၏ လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်၍ စိုက်ကြည့်နေသဖြင့်
ထန်ချိုင် အံကိုကြိတ်၍ မှော်ရတနာကို ထိန်းချုပ်ကာ အောက်ဘက်သို့ ပျံသန်း ဆင်းသက်လိုက်သည်။
အမျိုးသမီး နှစ်ဦး တောအုပ်တစ်ခုထဲသို့ ဆင်းသက်လိုက်ကြပြီး ထန်ချိုင်က လီရွှမ်ယွီကို သစ်ပင်တစ်ပင်ရှေ့တွင် ထိုင်စေလိုက်သည်။
"မြန်မြန် သွားတော့... အချိန်ဆွဲမနေနဲ့..."
လီရွှမ်ယွီက ထိုင်လိုက်ရင်း ပြောလိုက်သည်။ သူမ၏ မျက်နှာမှာ ပို၍ ဖြူဖပ်ဖြူရော် ဖြစ်လာသော်လည်း ဆက်လက် တိုက်တွန်းနေဆဲပင်။
ထန်ချိုင် မတ်တတ်ထရပ်လိုက်ပြီး အပြင်ဘက်သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ ရပ်တန့်လိုက်သည်။
သူမသည် အင်္ကျီလက်စကို ဆုပ်ကိုင်ထားပြီး ထွက်ခွာသွားရန် မစွမ်းသာပေ။
လီရွှမ်ယွီက သူမကို ကြည့်လိုက်ရာ မျက်လုံးများထဲတွင် စိတ်သက်သာရာရမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သူမ စကားပြောရန် ပြင်လိုက်စဉ်မှာပင် တောအုပ်နက်ထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။
"မင်းတို့က ပြင်ပက လာတဲ့သူတွေလား..."
လီရွှမ်ယွီနှင့် ထန်ချိုင်တို့ နှစ်ဦးစလုံး လှည့်ကြည့်လိုက်ကြရာ တောအုပ်ထဲမှ ဝါးခြင်းတောင်း တစ်ခုကို ကိုင်ဆောင်၍ လမ်းလျှောက်ထွက်လာသော အဝါရောင် ဝတ်စုံနှင့် နတ်သမီး တစ်ပါးကဲ့သို့သော အမျိုးသမီး တစ်ဦးကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခု ရှိနေသည်။
ရောက်လာသူမှာ အန်ရှင်း ဖြစ်သည်။
လီရွှမ်ယွီ မျက်မှောင်ကြုတ်၍ အန်ရှင်းကို သေချာ ကြည့်လိုက်သည်။
"ရှင်က ဘယ်သူလဲ... ဘာလို့ ဒီမှာ ရှိနေတာလဲ..."
အမှန်စင်စစ် သူမသည် နိဗ္ဗာနအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး သူမ၏ အာရုံခံနိုင်စွမ်းအရ မိုင်တစ်ထောင် ပတ်လည်တွင် မည်သည့် သက်ရှိမှ မရှိပေ။ အန်ရှင်း သူတို့အနားသို့ မည်သို့ တိတ်တဆိတ် ရောက်လာနိုင်သနည်း။
သူမ မည်သို့ သတိမထားမိဘဲ နေမည်နည်း။
အန်ရှင်းက ပြုံး၍ "ကျွန်မ နာမည်က အန်ရှင်း ပါ... ဒီနား ဖြတ်သွားတုန်း ရှင်တို့နှစ်ယောက်နဲ့ ရေစက်ပါတာ တွက်ချက်မိလို့ လာကူညီတာပါ..."
သူမ၏ စိတ်ထဲတွင် သိချင်နေသည်မှာ မည်သူက အကြီးအကဲလီ၏ ညီမ ဖြစ်ပြီး မည်သူက အကြီးအကဲလီ၏ ချစ်သူ ဖြစ်သနည်း ဟူ၍ ဖြစ်သည်။
သူမ၏ အကြည့်က အကြီးအကဲလီနှင့် ရုပ်ရည် အနည်းငယ် တူညီသော လီရွှမ်ယွီထံသို့ ရောက်သွားသည်။ ထို့ကြောင့် လီရွှမ်ယွီက အကြီးအကဲလီ၏ ညီမ ဖြစ်တန်ရာသည်ဟု ခန့်မှန်းလိုက်သည်။
လီရွှမ်ယွီသည် အန်ရှင်း ဆိုသော အမည်ကို ရင်းနှီးနေသကဲ့သို့ ခံစားရပြီး တစ်နေရာရာတွင် ကြားဖူးသလို ရှိသော်လည်း မမှတ်မိပေ။ ကျင့်ကြံသူ တစ်ဦးဦးက ဆင်တူသော အမည်ကို ပြောဖူးခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
"ရှင်က ကျွန်မတို့ကို ဘယ်လို ကူညီနိုင်မှာလဲ... ကျွန်မတို့ ဘာကို ရှောင်ပြေးနေလဲဆိုတာ ရှင် သိလို့လား..."
ထန်ချိုင်က သတိထားပြီး မေးလိုက်သည်။
"ရှင်တို့မှာ ရွေးချယ်စရာ မရှိဘူးလေ...ရှင် သူ့ကို ထားမသွားနိုင်ဘူး မဟုတ်လား..."
ထန်ချိုင် တိတ်ဆိတ်သွားသည်။
ထိုအချိန်မှာပင် တောအုပ်နက်ထဲမှ မရေမတွက်နိုင်သော ကျီးကန်းမည်းကြီးများ တိုက်ခိုက်လာကြသည်။ အမှောင်ထုက အရာအားလုံးကို မျိုချလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် ထန်ချိုင်၏ မျက်နှာထား အကြီးအကျယ် ပျက်သွားပြီး လီရွှမ်ယွီသည်လည်း အလိုအလျောက် လက်ကို မြှောက်လိုက်မိသည်။
အန်ရှင်း အလျင်အမြန် လှည့်လိုက်ရာ သူမ၏ လက်ထဲတွင် ကလောင်တံရှည် တစ်ချောင်း ပေါ်လာသည်။ တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကျီးကန်းများ ပြာကျသွားပြီး အမည်းရောင် မြူခိုးများအဖြစ် ပြောင်းလဲကာ တောအုပ်ထဲတွင် ပျံ့နှံ့သွားသည်။
ထန်ချိုင် မျက်လုံးများ ပြူးကျယ်သွားပြီး လီရွှမ်ယွီပင်လျှင် အန်ရှင်း၏ လုပ်ရပ်ကြောင့် ထိတ်လန့်သွားရသည်။
လေပြည်က အန်ရှင်း၏ ဆံပင်ရှည်များနှင့် ဝတ်စုံကို တိုက်ခတ်နေ၏။ သူမက ခေါင်းကို အနည်းငယ် စောင်း၍ လီရွှမ်ယွီနှင့် ထန်ချိုင်ကို မျက်လုံးထောင့်မှ ကြည့်ကာ ပြုံးလိုက်သည်။
"ဒါက ရှင်တို့ကို ကူညီလိုက်တယ်လို့ ပြောလို့ရမလား..."
ထန်ချိုင်က ကြောင်တောင်တောင်နှင့်… "ရပါတယ်... ဒါပေမဲ့ တကယ့် လိုက်ဖမ်းနေတဲ့သူတွေက အနောက်မှာ ကျန်ခဲ့သေးတယ်..."
"သူက ဘယ်အဆင့်လဲ..."
"ကောင်းကင်စျန်အမတအဆင့်..."
"တိုက်ဆိုင်လိုက်တာ... ကျွန်မလက်ထဲက ကလောင်တံက ကောင်းကင်နှင့် မြေပြင် အမတကို သုတ်သင်ဖို့ လုံလောက်ပါတယ်..."
အန်ရှင်းက သူမလက်ထဲမှ ကံကြမ္မာဆုံးဖြတ်ကလောင်တံကို မြှောက်ပြ၍ အောင်နိုင်သူ အပြုံးဖြင့် ပြုံးလိုက်သည်။
နေရောင်ခြည်သည် သစ်ရွက်များကြားမှ ဖြာကျလာပြီး သူမအပေါ် ကျရောက်နေသဖြင့် ထန်ချိုင်၏ မျက်လုံးထဲတွင် သူမပုံစံက အလွန် ထူးခြားနေပုံ ပေါ်သည်။
ဤကဲ့သို့သော အမူအရာမျိုးကို ယခင်က လီယထံ၌သာ သူမ မြင်တွေ့ဖူးသည်။ မည်သည့် ပြဿနာကိုမဆို ဖြေရှင်းနိုင်သည်ဆိုသော အကြွင်းမဲ့ ယုံကြည်မှုမျိုး ဖြစ်သည်။
လီရွှမ်ယွီပင်လျှင် အန်ရှင်းထံ၌ ယုံကြည်လောက်စရာ အရှိန်အဝါ ရှိကြောင်း ဝန်ခံလိုက်ရသည်။
ရုတ်တရက် သူမ သတိရမိလိုက်၏။ အန်ရှင်းဆိုသော အမည်ကို သူမ ယခင်က ကြားဖူးသည်။ လီယ ပြောပြဖူးခြင်း ဖြစ်ဟန်တူသည်။ သို့သော် အဘယ်ကြောင့် ထိုအမည်ကို ထည့်ပြောခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။
လွန်ခဲ့သော ကာလကြာမြင့်စွာက ကိစ္စ ဖြစ်သောကြောင့် ဖြစ်သည်။
အကယ်၍ ဤအမျိုးသမီးက လီယကို သိသည်ဆိုလျှင် သူမကို ယုံကြည်၍ ရနိုင်၏။
အန်ရှင်းက ကလောင်တံကို သိမ်းလိုက်ပြီး နောက်သို့ လှည့်ကာ ပြုံးလိုက်ပြီး… "ကျွန်မနဲ့ လိုက်ခဲ့ပါ... ဒဏ်ရာ ကုသဖို့ နေရာတစ်ခုကို ခေါ်သွားပေးမယ်... ဝိညာဉ်ကိုးပါးတိုက်ကြီးကို ပထမဆုံးအကြိမ် ရောက်ဖူးတာ မဟုတ်လား... ဒီမှာ ခဏလောက် နေလို့ရပါတယ်... ကံကောင်းရင် အခွင့်အရေးကောင်းတွေ ရချင်ရနိုင်တယ်..."
ထန်ချိုင်က ကမန်းကတန်း ကျေးဇူးတင်စကား ဆိုလိုက်ပြီး"စီနီယာ... ဘာလို့ ကျွန်မတို့ကို ကူညီချင်ရတာလဲ..."
မမေးဘဲနှင့် သူမ စိတ်မချနိုင်ပေ။
"ကျွန်မ လီယကို သိတယ်... ဒီလောက်ဆို လုံလောက်ပြီလား..."
ထိုစကားကို ကြားသောအခါ ထန်ချိုင် ဝမ်းသာသွားခြင်း မရှိဘဲ သံသယများအရိပ်ငွေ့များသာ မျက်လုံးထဲတွင် ပေါ်လာသည်။