← Chapters

အခန်း (၅၆၉-၅၇၀)

Vol. 45 Ch. 569-570

အခန်း (၅၆၉-၅၇၀)

Vol. 45 Ch. 569-570

အခန်း ၅၆၉ နတ်ဘုရားလည်းမဟုတ်၊ မိစ္ဆာလည်းမဟုတ်

မိုးတိမ်တိုက်များ တလိပ်လိပ်တက်လာပြီး မိုးခြိမ်းသံများ အဆက်မပြတ် မြည်ဟည်းနေ၏။

ကြီးမားသော ပင်လယ်လှိုင်းတံပိုးများ ဒေါသတကြီး ကြွတက်လာပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ လေပြင်းများ တိုက်ခိုက်နေသည်။

ထိုကြောက်မက်ဖွယ် လှိုင်းတံပိုးများကြားတွင် အလောင်းများ မျောပါနေသည်ကို ဝေဝါးဝါး မြင်တွေ့နေရသည်။

အဝေးသို့ လှမ်းကြည့်လိုက်လျှင် ကောင်းကင်နှင့် ပင်လယ်ကြား၌ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်ကို တွေ့ရမည် ဖြစ်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများစွာတို့က ပေပေါင်း သောင်းနှင့်ချီ မြင့်မားသော မိစ္ဆာကြီး တစ်ကောင်ကို ဝိုင်းဝန်း တိုက်ခိုက်နေကြသည်။

ထိုမိစ္ဆာကြီးသည် လူသားပုံသဏ္ဌာန် ရှိသော်လည်း ကိုယ်ခန္ဓာ တစ်ခုလုံး အမည်းရောင် အမွေးများ ဖုံးလွှမ်းထားပြီး အနက်ရောင် သံချပ်ကာ ဝတ်ဆင်ကာ ဦးချိုပါသော သံဦးထုပ်ကို ဆောင်းထားသဖြင့် မိစ္ဆာဘုံမှ စစ်နတ်ဘုရား တစ်ပါးနှင့် တူနေသည်။ သူသည် ကြောက်မက်ဖွယ် ကောင်းသော ဓားကြီးကို ကိုင်ဆောင်၍ ပင်လယ်ကို ခွဲကာ ကောင်းကင်ကို ပိုင်းဖြတ်နိုင်သည့် အကြွင်းမဲ့ ရက်စက်သော စွမ်းအားဖြင့် တိုက်ခိုက်နေသည်။

ကျင့်ကြံသူများ၏ အလောင်းများ မိုးရေထဲမှ တဖြုတ်ဖြုတ် ကြွေကျလာပြီး မဲမှောင်နေသော ပင်လယ်ပြင်ထဲသို့ ကျဆင်းကာ လှိုင်းတံပိုးများအောက်သို့ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။

ဝိညာဉ်ကိုးပါးတိုက်ကြီး၏ အစွန်အဖျားတွင် မိုင်ပေါင်းများစွာ ဝေးကွာသော နေရာမှ ကမ်းပါးစွန်းတစ်ခုပေါ်၌ လီရွှမ်ယွီနှင့် ထန်ချိုင်တို့ ထိုတိုက်ပွဲကို အဝေးမှ လှမ်းကြည့်နေကြသည်။

လှိုင်းတံပိုးများ ကမ်းခြေကို ရိုက်ခတ်ပြီး သူတို့၏ ဝတ်စုံများကို စိုစွတ်စေသော်လည်း ဂရုမစိုက်နိုင်ကြပေ။

"သိပ်ကြောက်စရာ ကောင်းတာပဲ... ဒီလောက် အစွမ်းထက်တဲ့ မိစ္ဆာတွေ ကမ္ဘာအနှံ့မှာ သောင်းကျန်းနေကြတာလား..."

ထန်ချိုင်က လီရွှမ်ယွီကို ကြည့်၍ အံ့သြတကြီး ရေရွတ်လိုက်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က ပြင်ပကောင်းကင်မှ ဥက္ကာခဲများစွာ ကျဆင်းလာပြီး ကမ္ဘာမြေကို တုန်လှုပ်စေခဲ့သည်။ မကြာမီမှာပင် လူ့လောကတခုလုံး ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။ ရက်အနည်းငယ်သာ ကြာသေးသော်လည်း ပြင်ပကောင်းကင်မှ မိစ္ဆာများက ဝိညာဉ်ကိုးပါးတိုက်ကြီးကို ခြိမ်းခြောက်နေပြီ ဖြစ်သည်။

...

လီရွှမ်ယွီက "အပြင်ဘက်က မိစ္ဆာချီက တကယ်ကိုသိပ်သည်းလိုက်တာ... အန်ရှင်း ငါတို့ကို ဘာလို့ ဒီမှာ နေစေချင်တာလဲဆိုတာ မဆန်းတော့ပါဘူး..."

ထန်ချိုင်က "အစ်မ... လီယ ဒုက္ခရောက်နေပြီလို့ မထင်ဘူးလား... သူ့စိတ်ဓာတ်နဲ့ဆိုရင် ဒီလို တိုက်ပွဲမျိုးထဲကို တန်းပြီး ပြေးဝင်သွားမှာ သေချာတယ်... သူ ထပ်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရမှာကို ကျွန်မ တကယ် ကြောက်တယ်..."

"စိတ်မပူပါနဲ့... သူ့မှာ ကံတရား ရှိပါတယ်... သူ့အသက်ဓာတ်က ငါတို့နှစ်ယောက်စလုံးထက် ပိုသန်မာတယ်..."

လီရွှမ်ယွီ ခေါင်းခါလိုက်ပြီး လှည့်ထွက်သွားသည်။

ထန်ချိုင်က ပင်လယ်အစွန်အဖျားမှ တိုက်ပွဲကို နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်လိုက်ပြီး လီရွှမ်ယွီ၏ နောက်သို့ လိုက်သွားသည်။ သူမ ထိုမိစ္ဆာကြီး၏ ကျင့်ကြံမှုအဆင့်ကို သိချင်နေသော်လည်း ကံဆိုးသည်မှာ လီရွှမ်ယွီပင်လျှင် အတိအကျ မမြင်နိုင်ပေ။

သူတို့၏ အတွေ့အကြုံများက ကမ္ဘာလောက၏ အစိတ်အပိုင်း သေးငယ်မှု တစ်ခုသာ ဖြစ်သည်။

တိုက်ကြီးတိုင်းနှင့် ပင်လယ်ပြင်တိုင်းတွင် အဓိပတိ နတ်ဆိုးဘုံမှ မိစ္ဆာများ ကျရောက်နေပြီး နေ့စဉ်နှင့်အမျှ မရေမတွက်နိုင်သော သက်ရှိများ သေဆုံးနေကြရသည်။

လူ့လောက၏ ကောင်းကင်ပြင်တခွင်လုံး မဲမှောင်နေပြီး မဟာကောင်းကင်နှင့် မြေပြင် တစ်ခုလုံးကို လွှမ်းခြုံထားသော ကပ်ဘေးတစ်ခု ကျရောက်လာပြီ ဖြစ်ကြောင်း ပြသနေသည်။ အဓိပတိ နတ်ဆိုးဘုံက သတ်ဖြတ်ခြင်း သက်သက်အတွက် ရောက်လာခြင်း ဖြစ်သည်။

…

မြင့်မြတ်နယ်မြေရှိ နန်းတော်တစ်ခု အတွင်းတွင်…..

ပုံရိပ် ခုနစ်ခု စုဝေးနေကြပြီး အသံမဲ့ပျက်စီးခြင်းနယ်မြေ၏ ပလ္လင်ကို အချိန်အတော်ကြာ တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်။

ထိုစဉ်အမျိုးသမီး တစ်ဦးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်လေသည်။

"သခင်ကြီး ပြန်မလာသေးဘူး... တစ်ခုခု ဖြစ်သွားတာများလား..."

ထိုစကားကို ကြားသောအခါ ကျန်ခြောက်ဦး၏ မျက်နှာများ မဲမှောင်သွားသည်။ အသံမဲ့ပျက်စီးခြင်းနယ်မြေ ပျောက်ဆုံးနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ။ အစပိုင်းတွင် သူတို့ မစိုးရိမ်ခဲ့ကြသော်လည်း ယခု အဓိပတိ နတ်ဆိုးဘုံ၏ တိုက်ခိုက်မှုနှင့်အတူ နတ်ဘုရားဧကရာဇ် ပျောက်ဆုံးနေခြင်းက သူတို့ကို စိုးရိမ်ပူပန်စေသည်။

"အဓိပတိ နတ်ဆိုးဘုံက အမြဲတမ်း အရိပ်ထဲမှာ ပုန်းနေခဲ့တာ... အခု သူတို့တွေ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို ကြီးမားတဲ့ အတိုင်းအတာနဲ့ ကျူးကျော်လာပြီ ဆိုတော့... နောက်ကွယ်ကနေ တစ်ယောက်ယောက် လမ်းညွှန်နေမှာကို စိုးရိမ်မိတယ်... အဲဒီလူက ဟိုတစ်ယောက် ဖြစ်လောက်တယ်..."

လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးက လေးနက်စွာ ပြောလိုက်သည်။

သူက 'ဟိုတစ်ယောက်' ဆိုသည်မှာ မည်သူဖြစ်ကြောင်း အတိအကျ မပြောသော်လည်း အားလုံး နားလည်ကြသည်။

ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား…

ဤမဟာကောင်းကင်နှင့် မြေပြင်၏ အထွတ်အထိပ် ဖြစ်တည်မှု…

ခန်းမဆောင်ကြီးတခုလုံး တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ သူတို့အားလုံး မူလဘူတနှောင်ဖွဲ့ကင်းအမတ အဆင့် အနည်းဆုံး ရှိကြသော်လည်း ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကို တွေးမိလိုက်သည်နှင့် ကျောချမ်းသွားကြပြီး ပုန်ကန်လိုစိတ် သို့မဟုတ် ကြံစည်လိုစိတ် အားလုံး ပျောက်ကွယ်သွားကြသည်။

ထိုစဉ်မှာပင် နန်းတော်ကြီး တုန်ခါလာပြီး ဖယောင်းတိုင်မီးများ တဖျပ်ဖျပ် ယိမ်းခါလာကာ အချိန်မရွေး ငြိမ်းသွားတော့မည့်အလား ဖြစ်လာသည်။

ထို့ကြောင့်

ခုနစ်ဦးစလုံး တံခါးပေါက်ဝသို့ လှည့်ကြည့်လိုက်ကြသည်။

”မြင့်မြတ်ခုံရုံး မရှိတော့တဲ့နောက် ကောင်းကင်နန်းတော်က ပိုသန်မာလာပုံရတယ်... ဒါပေမဲ့ အရင်ကလို ထက်မြက်မှုတော့ ပျောက်ဆုံးသွားသလိုပဲ..."

အေးစက်သော အသံတစ်သံ ခန်းမဆောင် အပြင်ဘက်မှ ထွက်ပေါ်လာပြီး မိုးခြိမ်းသံသဖွယ် မြင့်မြတ်နယ်မြေ တစ်ခုလုံး ပဲ့တင်ထပ်သွားကာ မြင့်မြတ်ခုံရုံး အတွင်းရှိ သက်ရှိအားလုံး ကြားလိုက်ရသည်။

ခန်းမဆောင်ထဲမှ ခုနစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ကြပြီး မည်သူကမှ ဦးစွာ စကားမပြောရဲကြပေ။

မြင့်မြတ်ခုံရုံး၏ လုံခြုံရေးထက် အသံမဲ့ပျက်စီးခြင်းနယ်မြေ ဘယ်ရောက်နေသလဲဆိုတာကို သူတို့ ပိုသိချင်ကြသည်။

နတ်ဘုရားဧကရာဇ် သေဆုံးသွားနိုင်သည် ဟူသော ဖြစ်နိုင်ချေကို သူတို့ လုံးဝ ထည့်မစဉ်းစားကြပေ။ သူတို့၏ စိတ်ထဲတွင် သည် မသေနိုင်သော အမတ တစ်ပါး ဖြစ်သည်။

မြင့်မြတ်ခုံရုံးလို အင်အားစုကြီးပင်လျှင် အဓိပတိ နတ်ဆိုးဘုံ၏ တိုက်ခိုက်မှုကို ခံရသည် ဆိုပါက အခြားသော ဂိုဏ်းများ အနေဖြင့် မည်သို့ ရှိမည်နည်း။

ထိုက်ချန်တိုက်ကြီးရှိ ဂိုဏ်းကြီးများသည်လည်း ကပ်ဘေးနှင့် ရင်ဆိုင်နေရသည်။

ဆရာသခင်ဓားအရှင်၏ ကာကွယ်မှုကို ဆုံးရှုံးခဲ့ရသည်မှာ နှစ်ပေါင်း ကိုးထောင်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော အဓိပတိဂိုဏ်းသည်လည်း ခုခံကာကွယ်ရေး တိုက်ပွဲများထဲသို့ တစ်ဖန် ပြန်လည် ဝင်ရောက်လာရသည်။

...

နွေဦးမှ ဆောင်းဦးသို့ ပြောင်းလဲကာ မျက်စိတစ်မှိတ် အတွင်းမှာပင် နှစ်ပေါင်း သုံးရာ ကုန်လွန်သွားခဲ့သည်။

လူ့လောကသည် မိစ္ဆာများ လွတ်လပ်စွာ သွားလာနေပြီး လူနှင့် သရဲ ခွဲခြားရန် ခက်ခဲသော ထူးဆန်းသည့် အခြေအနေသို့ ရောက်ရှိသွားကာ သက်ရှိအားလုံး ကြောက်ရွံ့မှုများဖြင့် ရှင်သန်နေရသည်။

ထိုက်ချန်တိုက်ကြီး၏မြောက်ပင်လယ် တောင်တန်း အတွင်းတွင်….

ရွှမ်မြှောင် ခြံဝင်းထဲရှိ ဆေးပေါင်းအိုးရှေ့တွင် ထိုင်၍ မဲမှောင်နေသော တိမ်တိုက်များကို မော့ကြည့်ကာ စိုးရိမ်ပူပန်နေသည်။

သူသည် ခေါင်မိုးစွန်းပေါ်မှ တောင်စောင့်နတ်ကို လှည့်ကြည့်၍ မေးလိုက်သည်။

"တောင်စောင့်နတ်... ဒီကမ္ဘာကြီးမှာ အဓိပတိ နတ်ဆိုးဘုံကို မောင်းထုတ်နိုင်တဲ့သူ တစ်ယောက်မှ မရှိတော့ဘူးလား..."

နှစ်ပေါင်း သုံးရာ ကုန်လွန်သွားခဲ့ပြီ ဖြစ်ပြီး အဓိပတိ နတ်ဆိုးဘုံ၏ အမည်သည်လည်း နေရာအနှံ့ ပျံ့နှံ့နေပြီ ဖြစ်သည်။ လူ့လောကကို ဖျက်ဆီးနေသော မိစ္ဆာဆိုးများအားလုံး အဓိပတိ နတ်ဆိုးဘုံမှ လာကြောင်း လူတိုင်း သိကြသည်။

အမတမင်းဆက် ကျဆုံးသွားခဲ့ပြီး မြင့်မြတ်ခုံရုံးသည်လည်း အဓိပတိ နတ်ဆိုးဘုံ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ကမ္ဘာကြီး တစ်ခုလုံး အမှောင်ထု ဖုံးလွှမ်းနေပြီး တိမ်တိုက်များ ထူထပ်လွန်းသဖြင့် မျှော်လင့်ချက် ရောင်ခြည်များ ပျောက်ကွယ်နေသည်။

ရွှမ်မြှောင်က မြောက်ပင်လယ် တောင်တန်းတွင် သီးခြားနေထိုင်သော်လည်း ရံဖန်ရံခါ ဖြတ်သန်းသွားသော ကျင့်ကြံသူများနှင့် မိစ္ဆာများကြောင့် ကမ္ဘာ့အဖြစ်အပျက်များကို သိရှိနေရသည်။

ယခုအခါ ထိုက်ချန်တိုက်ကြီးသည်လည်း အဓိပတိ နတ်ဆိုးဘုံ၏ လက်ပါးစေများကြောင့် ဒုက္ခရောက်နေပြီ ဖြစ်သည်။

အဓိပတိ နတ်ဆိုးဘုံမှ အစွမ်းထက်သော မိစ္ဆာများက လူသားကမ္ဘာ သို့ ရောက်ရှိလာသည်နှင့် လက်ပါးစေများစွာကို စုဆောင်းကြသည်။ သူတို့က မိစ္ဆာများကို ပိုမို မွေးမြူနိုင်ကြပြီး အဓိပတိ နတ်ဆိုးဘုံ၏ သြဇာအာဏာကို ကမ္ဘာအနှံ့ လျင်မြန်စွာ ချဲ့ထွင်နိုင်ကြသည်။

"ရှိတာပေါ့..." ကုအန်က ခေါင်မိုးစွန်းပေါ်တွင် ထိုင်၍ ဝါးချောင်းကို ဓားဖြင့် သွေးရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"မဟုတ်ရင် အခုချိန်ဆို လူသားကမ္ဘာ မှာ သက်ရှိ တစ်ကောင်မှ ကျန်တော့မှာ မဟုတ်ဘူး..."

အဓိပတိ နတ်ဆိုးဘုံ ကျူးကျော်လာမှုကြောင့် လူ့ပြည်လောက အကြီးအကျယ် ဒုက္ခရောက်နေသော်လည်း သူရဲကောင်းများစွာကိုလည်း မွေးထုတ်ပေးခဲ့သည်။ ယခုအခါ များစွာသော ထိပ်သီး ကျင့်ကြံသူများက အဓိပတိ နတ်ဆိုးဘုံက တည်ထောင်ထားသော ပင်မမြို့တော်ကို ဝိုင်းရံတိုက်ခိုက်ရန် ပြင်ဆင်နေကြပြီး အဓိပတိ နတ်ဆိုးဘုံကို ခုခံကာကွယ်သူ နေရာသို့ ရောက်ရှိစေရန် ဖိအားပေးနေကြသည်။

ကုအန်သည် အဓိပတိ နတ်ဆိုးဘုံအတွက် အသုံးချခံနယ်ရုပ် တစ်ခုမျှသာ ဖြစ်သည်။ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားက ကောင်းကင်နှင့်မြေပြင် တာအိုအသီးကို ဆွဲထုတ်ရန် အဓိပတိ နတ်ဆိုးဘုံ၏ စွမ်းအားကို အသုံးပြုနေခြင်း ဖြစ်သည်။ကြည့်ရသည်မှာ

ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား ကိုယ်တိုင် သက်ရှိအားလုံးကို သုတ်သင်ရန် မဖြစ်နိုင်ပုံ ရသည်။

မမြင်ရသော စွမ်းအားတစ်ခုက ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကို ထိန်းချုပ်ထားသကဲ့သို့ ဖြစ်နေသဖြင့် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ နောက်ကွယ်ရှိ ကောင်းကင်နန်းတော်ကို ကုအန် ပိုမို စိတ်ဝင်စားလာသည်။

ကောင်းကင်နန်းတော်တွင် မည်သို့သော အမိန့်အာဏာများ ရှိသနည်း။ အင်အားကြီးမားမှုနှင့် အားနည်းမှု အဆင့်အတန်းများကို မည်သို့ ခွဲခြားထားသနည်း။

ထိုစကားကို ကြားသောအခါ ရွှမ်မြှောင် ၏ မျက်လုံးထဲမှ စိုးရိမ်မှုများ လျော့ပါးသွားသည်။

တောင်ပေါ်တွင် နှစ်ပေါင်း ကိုးထောင်ကျော် သီးခြားနေထိုင်ခဲ့ပြီးနောက် သူသည်လည်း ကိုယ်ပိုင် အမြင်များ ရှိလာခဲ့ချေသည်။

ဖြတ်သွားဖြတ်လာများ၏ ဒုက္ခများကို သူ စာနာမိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ ဘာမှ ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း နားလည်လာသည်။ ထို့အပြင် ဒုက္ခဆင်းရဲများက ပျောက်ကွယ်သွားမည် မဟုတ်ဘဲ လူများသည် အမြဲတမ်း ဒုက္ခခံစားနေရမည်သာ ဖြစ်သည်။ ကွာခြားချက်မှာ သူ မြင်နိုင်ခြင်း ရှိမရှိသာ ဖြစ်သည်။

စူးရှသော နဂါးဟိန်းသံ တစ်ခု ကောင်းကင်နှင့် မြေပြင်ကြား ပဲ့တင်ထပ်သွားသည်။ ရွှမ်မြှောင် မော့ကြည့်လိုက်ရာ တိမ်တိုက်များကြားတွင် တောင်တန်းကြီး တစ်ခုသဖွယ် တွန့်လိမ်နေသော နဂါးအမြီးတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုနဂါးသည် အစိမ်းရောင် အကြေးခွံများ ရှိသော်လည်း ရွှေရောင် အလင်းတန်းများ ထုတ်လွှတ်နေသည်။

"ဒါ နတ်ဘုရားလား... မိစ္ဆာလား..."

အဓိပတိ နတ်ဆိုးဘုံ ဆင်းသက်လာကတည်းက နဂါးများ အပါအဝင် ကောင်းကင်သားရဲများကို ရံဖန်ရံခါ မြင်တွေ့ဖူးသော်လည်း ဤနဂါးအမြီးသည် ဖော်ပြမရနိုင်သော မြင့်မြတ်မှု တစ်မျိုး ရှိနေသည်ဟု သူ ခံစားရသည်။

မျက်နှာဖုံး တပ်ဆင်ထားသော ကုအန်သည် မော့ကြည့်၍ "နတ်ဘုရားလည်း မဟုတ်ဘူး... မိစ္ဆာလည်း မဟုတ်ဘူး... လမ်းပျောက်နေတဲ့ ဝိညာဉ်တစ်ခုသာသာပါပဲ..."

ထိုအရာသည် နဂါးစစ်စစ် မဟုတ်ဘဲ တစ်စုံတစ်ယောက်၏ ဓမ္မပုံရိပ်သာ ဖြစ်သည်။

ကုအန်လည်း အနည်းငယ် သိချင်စိတ် ဖြစ်မိသည်။

လုံမျိုးနွယ်ထဲမှာ ဒီလို ပါရမီရှင်မျိုး တကယ် ရှိနေတာလား။

ထိုပုဂ္ဂိုလ်သည် လုံရှင်းလည်း မဟုတ်၊ လုံမျဲ့ လည်း မဟုတ်ပေ။

ကုအန်၏ အကြည့်က အဓိပတိဂိုဏ်း၏ တတိယဆေးတောင်ကြားသို့ ရောက်ရှိသွားသည်။

လုံချင်း၏ ကောင်းကင်နဂါး နည်းစနစ် ကျင့်ကြံမှုတွင် တိုးတက်မှုများ ရှိလာခဲ့သည်။ လုံကျွင်း၏ နယ်မြေအတွင်းတွင် သူသည် ဓမ္မပုံရိပ် ၁၂ ခုကို စုစည်းနိုင်ခဲ့ပြီး တစ်ခုမှာ ရွှေနဂါးကြီး ရစ်ပတ်ထားကာ အရှိန်အဝါ ကြီးမားနေသည်။

"လမ်းပျောက်နေတဲ့ ဝိညာဉ် ဟုတ်လား..."

ရွှမ်မြှောင်၏ သိချင်စိတ် ပိုမို ကြီးထွားလာပြီး ထိုနဂါးအမြီးကို စိုက်ကြည့်နေသည်။

ထိုအချိန်တွင် သူ တစ်ဦးတည်းသာ မဟုတ်ဘဲ တိုက်ကြီးတစ်ခုလုံးရှိ သက်ရှိများလည်း ထိုနဂါးအမြီးကို မော့ကြည့်နေကြသည်။

သေမျိုးဝိညာဉ်များက သူတို့အတွက် မိစ္ဆာများကို နှိမ်နင်းပေးရန် အစစ်အမှန်နဂါး ဆင်းသက်လာသည်ဟု ထင်မှတ်နေကြသည်။ ပိုမိုများပြားသော သေမျိုးဝိညာဉ်များ ဒူးထောက်၍ နဂါးအမြီးကို ဦးခိုက်ကာ ဆုတောင်းနေကြသည်။

လုံကျွင်း၏ နယ်မြေအတွင်းတွင် တတိယဆေးတောင်ကြား၏ ပတ်ဝန်းကျင် ကမ်းပါးများနှင့် မခြားနားသော်လည်း အမှန်တကယ်တွင်မူ သူတို့ သီးခြား အတိုင်းအတာ တစ်ခုတွင် ရှိနေကြသည်။

လုံချင်း မျက်လုံးဖွင့်၍ လှည့်ကြည့်လိုက်ရာ ရုတ်တရက် အံ့အားသင့်သွားသည်။

အခန်း ၅၇၀ ကောင်းကင်တာအို တောင်ထွတ်၊ ကောင်းကင်ဧကရာဇ်….

"သူက ဘယ်သူလဲ..."

ရွှေနဂါးကြီး ရစ်ပတ်ထားသော ဓမ္မပုံရိပ်ကို ကြည့်ရင်း လုံချင်းက လုံကျွင်းကို မေးလိုက်သည်။

လုံကျွင်းက ရွှေနဂါး ဓမ္မပုံရိပ်ကို ကြည့်၍ ရှုပ်ထွေးသော အမူအရာဖြင့် "သူက အရင်တုန်းက မင်းပဲ... မင်းရဲ့ ဘိုးဘေးပေါ့... မင်းလိုပဲ သူကလည်း လုံမျိုးနွယ်ရဲ့ လက်ကျန်ပဲ... သူ့ကို ကူညီဖို့ ငါ နှစ်ကာလတွေကို ဖြတ်သန်းခဲ့ရတယ်... သူ ကျရှုံးခဲ့ပေမဲ့ လုံမျိုးနွယ်အတွက် မျိုးဆက်တစ်ခု ချန်ထားခဲ့နိုင်ပြီး မျှော်လင့်ချက် ရောင်ခြည်တစ်ခု ပေးခဲ့တယ်..."

လုံကျွင်း အခြားသော ဘိုးဘေးများကို ရှာဖွေခဲ့ဖူးသည်ကို လုံချင်း မထင်မှတ်ထားခဲ့ပေ။ ယခုမူ သူသည် အထူးခြားဆုံး မဟုတ်ကြောင်း နားလည်လိုက်သည်။

"သူ့အကြောင်း ပြောပြလို့ ရမလား..."

လုံချင်းက သူဖော်ထုတ်နိုင်ခဲ့သော ဓမ္မပုံရိပ် တစ်ခုချင်းစီ၏ ဘဝအကြောင်းကို သိချင်စိတ်ဖြင့် မေးလိုက်သည်။

လုံကျွင်းက ဝေးကွာသော အတိတ်ကာလတွင် နေထိုင်သော်လည်း သူ၏ မျိုးဆက်အားလုံး၏ ဘဝများကို မြင်တွေ့နိုင်စွမ်း ရှိသည်။

…

ယခုတစ်ကြိမ်တွင် သူ မဖုံးကွယ်ထားဘဲ လုံမျိုးနွယ်ဝင် တစ်ဦး၏ ဘဝဇာတ်ကြောင်းကို စတင် ပြောပြလိုက်သည်။

လုံမုန့်သည် မိဘမရှိဘဲ မွေးဖွားလာပြီး မိသားစုက ချန်ထားခဲ့သော အစေခံများ၏ ကာကွယ်မှုပင် မရရှိခဲ့ပေ။ မဟာကောင်းကင်နှင့် မြေပြင်တွင် စွန့်ပစ်ခံခဲ့ရပြီး ဂိုဏ်းတစ်ခုမှ ကျင့်ကြံသူ တစ်ဦးက ခေါ်ယူ မွေးစားခဲ့သည်။

သူ့ဘဝ၏ ပထမပိုင်းက လုံမျိုးနွယ်၏ သွေးစည်းကို မနိုးထမီအထိ အတော်လေး တည်ငြိမ်ခဲ့သော်လည်း သွေးစည်း နိုးထလာသောအခါ စစ်ခုံရုံး၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။

သူ့ဆရာ ပြာကျသွားခဲ့ရပြီး ဇနီးနှင့် ကလေးများ အသတ်ခံခဲ့ရကာ ဂိုဏ်းတူများလည်း သတ်ဖြတ်ခံခဲ့ရသည်။ လုံကျွင်းသာ အချိန်မီ ဝင်မကူညီခဲ့ပါက လုံမျိုးနွယ်၏ မျိုးဆက် လုံမုန့်နှင့်အတူ ပြတ်တောက်သွားမည် ဖြစ်သည်။

လုံမုန့်ကို ကယ်တင်ပြီးနောက် လုံကျွင်း သူ့ကို လုံမျိုးနွယ်၏ လျှို့ဝှက်နည်းစနစ်များကို သင်ကြားပေးခဲ့သည်။

ကျင့်ကြံစဉ်ကာလအတွင်း လုံမုန့်က ကောင်းကင်နဂါး ဓမ္မပုံရိပ်နှင့် ပတ်သက်၍ ကိုယ်ပိုင် နားလည်မှုကို တည်ဆောက်နိုင်ခဲ့သည်။

လုံမုန့်၏ ဓမ္မပုံရိပ်မှ ပြသနေသော ရွှေနဂါးသည် ဆန္ဒစွမ်းအား၏ ပုံရိပ်ဖြစ်ပြီး တိုက်ပွဲတွင် သူ့ကို ပိုမို အာရုံစိုက်နိုင်စေပြီး စွမ်းအားကြီးမားစေသည်။

တစ်ချိန်က လုံမုန့်သည် လုံကျွင်းအတွက် အကန့်အသတ်မရှိသော မျှော်လင့်ချက်များကို ပေးစွမ်းခဲ့သည်။ ကံဆိုးသည်မှာ လုံမုန့်သည်လည်း အသံမဲ့ပျက်စီးခြင်းနယ်မြေ၏ လက်ချက်ဖြင့် အဆုံးသတ်ခဲ့ရပြီး သူ၏ မြေးသည်လည်း ဧကရာဇ်၏ ဝင်ရောက်ပူးကပ်မှုကို ခံခဲ့ရသည်။

"အသံမဲ့ပျက်စီးခြင်းနယ်မြေ... အမြဲတမ်း သူပဲ... သူနဲ့ စစ်ခုံရုံးနဲ့ ဘယ်လို ပတ်သက်နေတာလဲ... ဘာလို့ သူက ငါတို့ကို အမြဲတမ်း ဝင်ပူးကပ်နေတာလဲ..."

လုံချင်းက ဒေါသတကြီး မေးလိုက်ရာ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

"သူက စစ်ခုံရုံးနဲ့ တိုက်ရိုက် မပတ်သက်ဘူး... ဒါပေမဲ့ လုံမျိုးနွယ်ရဲ့ သွေးစည်း ပါရမီကို လိုချင်နေတာ... သူ့ရဲ့ အကန့်အသတ်ကို ရောက်နေပြီး ဆက်မတက်လှမ်းနိုင်တော့လို့ ဖြစ်နိုင်တယ်..."

လုံချင်း အသက်ပြင်းပြင်း ရှူလိုက်ပြီး လက်သီးကို တင်းတင်းဆုပ်ကာ "ဒီဘဝမှာ သူ့ကို ကိုယ်တိုင် သတ်ခွင့်ရဖို့ မျှော်လင့်တယ်..."

လုံကျွင်း တိတ်ဆိတ်နေပြီး ဆက်လက် စကားမပြောတော့ပေ။

ထို့နောက် လုံချင်း မျက်လုံးများကို မှိတ်၍ ကောင်းကင်နဂါး ဓမ္မပုံရိပ်ကို ဆက်လက် ကျင့်ကြံနေသည်။

အဓိပတိ နတ်ဆိုးဘုံ ပေါ်ထွက်လာကတည်းက အန္တရာယ်ကို ခံစားရသည်။ အဓိပတိဂိုဏ်း၏ ကြီးမားသော အင်အားကို ဘေးဖယ်ထားပြီး ကောင်းကင်နဂါး ဓမ္မပုံရိပ်ကို ကျွမ်းကျင်ပိုင်နိုင်စေရန် လုံးလုံးလျားလျား မြှုပ်နှံထားသည်။

လုံမုန့်၏ အဖြစ်အပျက်များကို ကြားသိရသောအခါ လုံချင်း၏ ဆုံးဖြတ်ချက် ပိုမို ခိုင်မာလာသည်။

သူ ကောင်းကင်နဂါး ဓမ္မပုံရိပ်ကို ကျွမ်းကျင်ပိုင်နိုင်ရမည်။ စစ်ခုံရုံးကို သုတ်သင်ရမည်။ အသံမဲ့ပျက်စီးခြင်းနယ်မြေ ကို သတ်ဖြတ်ရမည်။ လုံမျိုးနွယ်၏ ကံကြမ္မာကို ဖြေရှင်းရမည်။

ဝေးကွာသော တောင်စောင့်နတ် ကျောင်းဆောင်တွင်…

လုံမုန့်၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် ကုအန် မတ်တတ်ထရပ်လိုက်သည်။ထို့နောက် ရွှမ်မြှောင် ကို နှုတ်ဆက်ပြီးနောက် ခေါင်မိုးစွန်းပေါ်မှ ပျောက်ကွယ်သွားသည်။

ထို့နောက် ကုအန်သည် အင်မော်တယ်ရှာဖွေခြင်းကျွန်းတွင် နေ့တစ်ဝက်ခန့် အချိန်ကုန်ဆုံးပြီးမှ သက်တမ်းတာအိုနယ်မြေ သို့ အေးဆေးစွာ ပြန်လာခဲ့သည်။

မိစ္ဆာများ၏ နှောင့်ယှက်မှုကြောင့် အင်မော်တယ်ရှာဖွေခြင်းကျွန်းရှိ လေထုအခြေနေ ပိုမို တင်းမာနေသည်။ အစောင့်အကြပ် အရေအတွက် နှစ်ဆ တိုးထားပြီး မိစ္ဆာဆိုးများ၏ တိုက်ခိုက်မှုကို အချိန်မရွေး ခုခံရန် အသင့်ရှိနေခဲ့သည်။

ကုအန် တောအုပ်ကို ဖြတ်သန်း လျှောက်လှမ်းနေစဉ် အေးဆေး လမ်းလျှောက်နေပုံ ပေါ်သော်လည်း အမှန်တကယ်တွင်မူ ကောင်းကင်နှင့် မြေပြင်၏ ကံကြမ္မာကို တွက်ချက်နေခြင်း ဖြစ်သည်။

သူနှင့် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား ကြားမှ နောက်ဆုံး တိုက်ပွဲ နီးကပ်လာပြီ ဖြစ်သည်။

အဓိပတိ နတ်ဆိုးဘုံက ကောင်းကင်နှင့်မြေပြင် တာအိုအသီးကို ဆွဲထုတ်လိုက်သည်နှင့် နှစ်ပေါင်း တစ်သောင်းနီးပါး ကြာမြင့်ခဲ့သော ခေတ်ကာလ တစ်ခု အဆုံးသတ်သွားပေလိမ့်မည်။

အကယ်၍ ကုအန်သာ မလှုပ်ရှားပါက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။

ကမ္ဘာလောကတွင် ထိပ်သီး ကျင့်ကြံသူ မည်မျှပင် ရှိပါစေ၊ ပါရမီရှင်များ၏ အရည်အချင်း မည်မျှပင် မြင့်မားပါစေ၊ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား ရှေ့တွင် မည်သည့်အရာမှ အရေးပါတော့မည် မဟုတ်ပေ။

ကုအန် အချက်အလက်ဇယားကို ကြည့်လိုက်ရာ သက်တမ်းမှာ နှစ်ပေါင်း ၈၆၀ ဘီလီယံကျော် ရှိနေပြီ ဖြစ်သဖြင့် ယုံကြည်မှု အပြည့် ရှိနေသည်။

ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားနှင့် ယှဉ်လျှင် သူသည် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို ဖန်တီးခဲ့သော ဖြစ်တည်မှု…. ထိုအရာ မည်သည့်နေရာတွင် ပုန်းအောင်းနေသည်ကို ပိုမို စိတ်ဝင်စားမိသည်။

အဓိပတိ နတ်ဆိုးဘုံ ရောက်ရှိလာပြီးနောက် မဟာ ကောင်းကင်နှင့် မြေပြင်၏ ကောင်းကင်တာအို ကံကြမ္မာ စတင် ပျောက်ကွယ်လာပြီး အာကာသနှင့် ကောင်းကင်နှင့် မြေပြင်၏ ကံကြမ္မာနှင့် တူညီသော အချည်းနှီး ဖြစ်တည်မှုကို ရရှိလာသော်လည်း သက်ရှိများ ပိုင်ဆိုင်သော အသက်စွမ်းအား တစ်မျိုး ထပ်ပေါင်း ပါဝင်လာသည်။

ကောင်းကင်တာအို ရွှေအမြုတေနှင့် ကောင်းကင်နှင့်မြေပြင် တာအိုအသီး နှစ်ခုစလုံး တည်ရှိနေသေးခြင်းက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို ဦးဆောင် ဖန်တီးခဲ့သော ဖြစ်တည်မှုက လုံးဝ ပျက်စီးသွားခြင်း မဟုတ်ဘဲ ပြန်လည် ရှင်သန်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေကြောင်း သက်သေပြနေသည်။

မဟာ ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံထားသော ကောင်းကင်တာအို အလင်းလွှာသည် ကာကွယ်ရန်လော သို့မဟုတ် ချုပ်နှောင်ရန်လော ဆိုသည်မှာ မကြာမီ အဖြေပေါ်လာပေလိမ့်မည်။

…

သန်းခေါင်ယံ အချိန်တွင် မိစ္ဆာတိမ်တိုက် တစ်ခု ကောင်းကင်ကို ဖုံးလွှမ်းထားသဖြင့် ကမ္ဘာမြေပေါ်ရှိ သက်ရှိများ ကြယ်တစ်လုံးမျှ မမြင်ရပေ။

တောင်တန်းများ ဝန်းရံထားသော တောင်ကြားတစ်ခု အတွင်းတွင် ကျူရှီး ကန်ရေပြင်ဘေး၌ တရားထိုင်နေပြီး တောက်ပနေသော ရေမျက်နှာပြင်ကို ငေးမောကြည့်ရှုနေသည်။

ထိုစဉ် အင်မော်တယ် ရှာဖွေသူ သူမအနားသို့ လျှောက်လာပြီး ဝတ်စုံကို သိမ်း၍ မြေပြင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။

"ကြောက်နေလား..."

အင်မော်တယ် ရှာဖွေသူက ကန်ရေပြင်ကို ကြည့်၍ တိုးတိုးလေး မေးလိုက်သည်။

"ကြောက်တာပေါ့... ဒါပေမဲ့ ကောင်းကင်နှင့် မြေပြင် ပျက်စီးမယ့်အရေး၊ စကြဝဠာ ပြိုကွဲမယ့်အရေးနဲ့ ရင်ဆိုင်ရရင်တော့ ဓားထုတ်ရုံကလွဲပြီး ရွေးချယ်စရာ မရှိဘူး..."

အင်မော်တယ် ရှာဖွေသူက ပြုံး၍ "ကမ္ဘာ့အခြေအနေက တဖြည်းဖြည်း ပိုရှုပ်ထွေးလာတယ်... စစ်ခုံရုံး၊ နက်ရှိုင်းသော ချောက်နက်၊ အဓိပတိ နတ်ဆိုးဘုံ၊ ဓားတာအိုမြစ်... အင်အားစုတွေ အများကြီး အသာစီးရဖို့ ပြိုင်ဆိုင်နေကြတယ်... ပိုရှုပ်လေ ပိုကောင်းလေပဲ... သူက အရမ်း မောက်မာတယ်... သူ့စွမ်းရည်က မဟာ ကောင်းကင်နှင့် မြေပြင်ထဲက အရာအားလုံးကို ဖိနှိပ်ဖို့ လုံလောက်တယ်လို့ ယုံကြည်နေတာ..."

သူ့ လေသံတွင် လှောင်ပြောင်မှု အရိပ်အယောင်များ ပါဝင်နေသည်။

ထိုစကားကို ကြားသောအခါ ကျူရှီး လှည့်ကြည့်၍ မေးလိုက်သည်။

"ကောင်းကင်နှင့်မြေပြင် တာအိုအသီးက ဘယ်မှာ ပုန်းနေတာလဲ... ဘယ်တော့ ပေါ်လာမှာလဲ..."

သူမ လုပ်နိုင်သမျှ ပြင်ဆင်မှု အားလုံး ပြုလုပ်ထားပြီး ကောင်းကင်နှင့်မြေပြင် တာအိုအသီး ပေါ်ထွက်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနေသည်။

"သူ ပေါ်လာဖို့က မင်းအပေါ် မူတည်တယ်..."

အင်မော်တယ် ရှာဖွေသူက အေးဆေးစွာ ပြောလိုက်သည်။

"ဒီကမ္ဘာကြီးက သူ့ရဲ့ ကိုယ်ပိုင် မူလဘူတနှောင်ဖွဲ့ကင်းအမတကို မွေးဖွားပေးလိုက်တဲ့အခါ ကောင်းကင်နှင့်မြေပြင် တာအိုအသီး ပေါ်လာလိမ့်မယ်... မင်း အချိန်မရွေး အာကာပြင်တာအိုအမတ အဆင့်ကို ဝင်ရောက်နိုင်တယ်... ပြီးတော့ ငါ သင်ပေးထားတဲ့ နတ်ဘုရားစွမ်းရည်တွေနဲ့ ဆိုရင် မင်း မူလဘူတနှောင်ဖွဲ့ကင်းအမတ အဖြစ် ခဏလေး ရပ်တည်လိုက်ရင်တောင် ကောင်းကင်နှင့်မြေပြင် တာအိုအသီး ပေါ်လာလိမ့်မယ်..."

"မဟာကမ္ဘာ ဖြစ်ဖြစ်၊ ကမ္ဘာငယ်လေး ဖြစ်ဖြစ် သူတို့မှာ ခံနိုင်ဝန် အကန့်အသတ် ကိုယ်စီ ရှိကြတယ်... ဒီပျက်စီးနေတဲ့ ကမ္ဘာကြီးက မူလဘူတနှောင်ဖွဲ့ကင်းအမတ တစ်ပါးကိုပဲ လက်ခံနိုင်စွမ်း ရှိတယ်..."

ထိုစကားကို ကြားပြီးနောက် ကျူရှီး မျက်မှောင်ကြုတ်ကာ တွန့်ဆုတ်နေမိသည်။

အင်မော်တယ် ရှာဖွေသူက "ရှန်းထျန်း... ကောင်းကင်တာအိုရဲ့ အထွတ်အထိပ်မှာရှိပြီး အမတနတ်ဘုရားတွေကို အမိန့်ပေးနိုင်တဲ့ သူက ဘယ်သူလဲဆိုတာ မင်း သိလား..."

"ဘယ်သူလဲ..."

"အဲဒီလို ပုဂ္ဂိုလ်မျိုးကို ကောင်းကင်ဧကရာဇ်လို့ ခေါ်တယ်... ကောင်းကင်ဧကရာဇ် ဖြစ်ဖို့အတွက် လူသားပြန်လည်ဝင်စားခြင်း ကပ်ဘေး ၁၂၉,၆၀၀ ကို ခံနိုင်ရည် ရှိရမယ်... လူသားပြန်လည်ဝင်စားခြင်း ကပ်ဘေး ဆိုတာ မင်းသိထားတဲ့ ဝင်စားခြင်း ကပ်ဘေးနဲ့ မတူဘူး... မင်း ဘယ်နှစ်ကြိမ်ပဲ ပြန်လည်ဝင်စားပါစေ... ကယ်တင်ရှင် အဖြစ် ဆောင်ရွက်မှသာ လူသားပြန်လည်ဝင်စားခြင်း ကပ်ဘေး တစ်ကြိမ်ကို ကျော်ဖြတ်နိုင်မှာ... ကယ်တင်ရှင် ဖြစ်ဖို့အတွက် အခုလို ကာလမျိုးကို စောင့်ရတယ်..."

ထိုစကားကို ကြားသောအခါ ကျူရှီး မျက်လုံးများ ပြူးကျယ်သွားသည်။

လူသားပြန်လည်ဝင်စားခြင်း ကပ်ဘေး ၁၂၉,၆၀၀…

ဒီလောက် ကာလကြာရှည်စွာ ခံစားရမယ့် ဒုက္ခတွေကို သူမ စိတ်ကူးမယဉ်နိုင်ပေ။

အင်မော်တယ် ရှာဖွေသူက တွေးတောစရာ ကောင်းသော လေသံဖြင့် ပြောလိုက်သည်

"မင်း အခု ရင်ဆိုင်နေရတဲ့ အကျပ်အတည်းက ပြန်ပြင်လို့ မရတော့ဘူးလို့ ထင်ရပေမဲ့... အဲဒီ မြင့်မြတ်တဲ့ ကောင်းကင်ဧကရာဇ်က ဉာဏ်အလင်းပွင့်ဖို့အတွက် ဒီလို အကျပ်အတည်းမျိုး ၁၂၉,၆၀၀ ကို ရင်ဆိုင်ခဲ့ရတယ်... ဒါ့အပြင် မင်း ရင်ဆိုင်နေရတဲ့ အကျပ်အတည်းက အများကြီး သက်သာပါသေးတယ်... ဘာလို့လဲဆိုတော့ မင်းမှာ အကူအညီ ရှိတယ်... သူ့မှာ မရှိခဲ့ဘူး... သူက သေမျိုးဘဝကနေ စတင်ခဲ့ရပြီး သူ့ရဲ့ ကိုယ်ပိုင် ကောင်းကင်အလိုကျ ကံတရားကို အကြိမ်ကြိမ် ချိုးဖျက်ခဲ့ရတယ်... ဒါမှ ကောင်းကင်တာအိုကို အမိန့်ပေးနိုင်စွမ်း ရှိလာတာ..."

"မင်းရဲ့ ကံကြမ္မာပုံစံက ပြိုင်ဘက်ကင်းတယ်... ပြီးတော့ အသန်မာဆုံး ဖြစ်ချင်တဲ့ ဆန္ဒ မင်းမှာ ရှိတယ်... ဒါပေမဲ့ အသန်မာဆုံး ဖြစ်လာဖို့ လမ်းခရီးဟာ အခက်အခဲတွေနဲ့ ပြည့်နှက်နေပြီး မရပ်မနား တိုးတက်ဖို့ လိုအပ်တယ် ဆိုတာ မင်း နားလည်ထားရမယ်..."

ကျူရှီး အသက်ပြင်းပြင်း ရှူလိုက်ပြီး သူမ၏ အကြည့်များ တဖြည်းဖြည်း ပြတ်သားလာသည်။

ကောင်းကင်ဧကရာဇ် မည်မျှ စွမ်းအားကြီးမားသည်ကို သူမ မသိသော်လည်း ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား ဆိုသော အတားအဆီးကို ဦးစွာ ကျော်ဖြတ်ရမည် ဖြစ်ကြောင်း သူမ သိသည်။

"သေရမယ် ဆိုရင်တောင် ငါ တိုက်ခိုက်ရမယ်... အထူးသဖြင့် နောက်ဆုတ်စရာ လမ်းမရှိတော့တဲ့ အချိန်မှာပေါ့..." အင်မော်တယ် ရှာဖွေသူ၏ လေသံမှာ ခိုင်မာနေပြီး ကိုယ့်ကိုယ်ကိုယ် ပြောနေသကဲ့သို့ ရှိသည်။

All Chapters