အခန်း (၅၇၁-၅၇၂)
Vol. 45 Ch. 571-572
အခန်း ၅၇၁ ဆရာသခင်၊ မူလဘူတနှောင်ဖွဲ့ကင်းအမတ ဆိုတာ ဘာလဲ
ဆောင်းဦး ရာသီသို့ ရောက်ရှိလာပြီ ဖြစ်၍ သက်တမ်းတာအိုနယ်မြေ အတွင်းရှိ တောအုပ်ကြီးသည်လည်း အဝါရောင်သမ်းကာ ရွက်ဟောင်းများ
ကြွေကျစ ပြုလာပြီ ဖြစ်သည်။
ကုအန်က စမ်းချောင်းလေး တစ်ခုဘေးတွင် အန်ရှင်းအား ကျင့်စဉ် လမ်းညွှန်ပြသပေးနေသည်။
ချမ်ခွန်းဂိုဏ်းမှ တပည့်များ၏ မျက်လုံးထဲတွင် နက်ရှိုင်းလွန်းသော နတ်မိမယ် တစ်ပါး ဖြစ်နေသည့် အန်ရှင်းသည် ယခုအခါ စိတ်ညစ်နေသော မျက်နှာထားဖြင့် ကုအန်၏ စကားများကို နားမလည်နိုင် ဖြစ်နေသည်။
ထိုအခိုက်အတန့်တွင် အန်ရှင်း ရုတ်တရက် ရှက်ရွံ့မိသွားသည်။
သူမ ချမ်ခွန်းဂိုဏ်းမှ တပည့်များကို သင်ကြားပေးစဉ်က ဉာဏ်ရည်နိမ့်ပါးသော တပည့်များနှင့် တွေ့ရသောအခါ စိတ်မရှည် ဖြစ်ခဲ့ဖူးသည်။
သို့သော် ယခု သူမ၏ ဆရာက သင်ကြားရန် ခက်ခဲသော သူမကို စိတ်ရှည်လက်ရှည် သင်ကြားပေးနေပြီး မျက်နှာတွင် အပြုံးတစ်ခုကိုပင် ဆင်မြန်းထားသည်။
သူမ လျှောက်လှမ်းရမည့် လမ်းခရီး ရှည်လျားသေးကြောင်း ခံစားလိုက်ရသည်။
...
ကုအန် ပြုံးနေရခြင်း အကြောင်းရင်းမှာ လီယ အရိုက်ခံနေရပြန်သောကြောင့် ဖြစ်ကြောင်း သူမ မသိရှာပေ။ အခြားသူများက အဓိပတိ နတ်ဆိုးဘုံမှ မိစ္ဆာဆိုးများကို အဖွဲ့လိုက် ပူးပေါင်းတိုက်ခိုက်နေကြသော်လည်း လီယ တစ်ယောက်တည်းသာ မိစ္ဆာအုပ်စု၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရသည်။
လီယသည် ထွက်ပြေးနေရသော်လည်း ပါးစပ်သရမ်းခြင်းကို မလျှော့ပေ။ ဖမ်းမိလုနီးပါး ဖြစ်တိုင်း ပိုမို ပြင်းထန်သော စွမ်းအားကို ထုတ်ဖော်၍ ဝိုင်းရံထားခြင်းကို ဖောက်ထွက်လေ့ရှိသည်။
သူသည် ရုပ်ပိုင်းဆိုင်ရာ အကန့်အသတ်ကို ကျော်လွန်သွားပြီ ဖြစ်ပြီး တိုက်ပွဲအတွင်း ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေသည်ဟု တွေးကာ စိတ်လှုပ်ရှားနေသည်။
ကုအန် လီယ၏ စိတ်ထဲမှ အသံကို ကြားနေရသဖြင့် ပို၍ပင် သဘောကျနေမိသည်။
အို... စီနီယာအစ်ကို... ခင်ဗျားရဲ့ အလားအလာတွေက ကျွန်တော် ဖန်တီးပေးထားတာပါဗျာ…
ထိုသို့ တွေးမိရင်း ကုအန်က အန်ရှင်းဘက်သို့ လှည့်၍ …
"နားမလည်ရင်လည်း ဖြည်းဖြည်းပေါ့... ဉာဏ်အလင်းပွင့်ဖို့ အာရုံမစိုက်ဘဲ အသုံးမကျတဲ့ ကိစ္စတွေကို တွေးနေရင် အလကားပဲ..."
ထိုစကားကို ကြားသောအခါ အန်ရှင်း လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
သူမ၏ လွင့်ပါးနေသော အတွေးများကို ရပ်တန့်လိုက်ပြီး ယခင် သင်ကြားခဲ့သော တာအိုသဘောတရားများကို ပြန်လည် ဆင်ခြင်သုံးသပ်လိုက်သည်။
ကုအန်က သူမ၏ စိတ်အာရုံ ပြန်လည် စုစည်းလာသည်ကို သတိထားမိပြီး သူမ၏ သဘောထားကို ကျေနပ်သွားသည်။
လီယ အပြင် အခြားသော မိတ်ဟောင်းဆွေဟောင်းများသည်လည်း အနည်းနှင့်အများ ဒုက္ခရောက်နေကြသည်။
လက်ရှိအချိန်ကာလတွင် အခွင့်အရေးကို လုယူရန်အတွက် တိုက်ပွဲများနှင့် သတ်ဖြတ်ခြင်းများကို ရှောင်လွှဲ၍ မရနိုင်ပေ။
သို့သော် ကုအန် အစိုးရိမ်ဆုံးမှာ ကျူရှီး ဖြစ်သည်။ ကျူရှီးသည် အာကာပြင်တာအိုအမတ အဆင့်သို့ ဝင်ရောက်သွားပြီ ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်မှ ပြန်လည်ဝင်စားခြင်း အရှိန်အဝါများ ထွက်ပေါ်နေကာ ရှန့်ထျန်း သူတော်စင် ဘဝမှ ကံကြမ္မာပုံစံကို ပြန်လည် ရရှိသွားပြီ ဖြစ်ကြောင်း ထင်ရှားနေသည်။
ပြောစရာ ရှိသည်မှာ ကျူရှီးက အဆင့်တက်လှမ်းရန် ပြင်ပကောင်းကင်သို့ မသွားခဲ့ခြင်း ဖြစ်သည်။ သူတို့ ရှေးဟောင်း လျှို့ဝှက်နယ်မြေ တစ်ခုတွင် ပုန်းအောင်းနေခဲ့ကြပြီး သူမ၏ အဆင့်တက်လှမ်းမှုက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ တစ်ခုလုံးကို လွှမ်းခြုံသွားသော လှုပ်ခတ်မှုကြီး ဖြစ်စေခဲ့သည်။ သို့သော် အဓိပတိ နတ်ဆိုးဘုံမှ ပရမ်းပတာ ဖြစ်အောင် ပြုလုပ်နေသဖြင့် ဂိုဏ်းအသီးသီးက အမှန်တရားကို စုံစမ်းရန် အပြည့်အဝ အာရုံမစိုက်နိုင်ခဲ့ကြပေ။
အာကာပြင်တာအိုအမတအဆင့်သို့ ရောက်ရှိနေသော ကျူရှီးက ပိုမို မြင့်မားသော အဆင့်တစ်ခုသို့ တက်လှမ်းရန် ပြင်ဆင်နေခဲ့သည်။
မူလဘူတနှောင်ဖွဲ့ကင်းအမတ အဆင့်…
အင်မော်တယ် ရှာဖွေသူ အကြောင်းကို ကုအန် စိတ်ဝင်စားနေသည်။ သူသည် ပြန်လည်ဝင်စားသူ တစ်ဦး ဖြစ်သော်လည်း ဤဘဝတွင် ကျင့်ကြံမှုအဆင့် မမြင့်မားလှပေ။ ဒီလူက ကျူရှီးကို အတင်းအဓမ္မ အဆင့်တက်လှမ်းစေရန် အခြားသော စွမ်းအားများကို မည်သို့ အသုံးပြုနေသနည်း။
ဤစွမ်းအားများက ကုအန်ကို သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ အရှိန်အဝါကို သတိရစေသည်။
သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် သည်လည်း ကောင်းကင်နန်းတော်မှ နတ်ဘုရားတစ်ပါး ဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်ဧကရာဇ်၏ မှတ်ဉာဏ်များအရ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ အရှိန်အဝါသည် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားနှင့် မတူသော်လည်း ကောင်းကင်တာအို အရှိန်အဝါနှင့် သက်ဆိုင်နေဆဲ ဖြစ်သည်။
အင်မော်တယ် ရှာဖွေသူ ငှားရမ်း အသုံးပြုနေသော စွမ်းအားသည် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် နှင့် ဆင်တူသော်လည်း ကွာခြားချက်များ ရှိနေသည်။
ကုအန် သေချာ အာရုံခံကြည့်လိုက်ရာ ဤစွမ်းအားသည် သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်နှင့် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား တို့နှင့် အဆင့်တူညီနိုင်ကြောင်း ခံစားလိုက်ရသည်။
သုံးဦးစလုံးနှင့် နှိုင်းယှဉ်ကြည့်လျှင် မည်သူကမှ သိသိသာသာ ပိုမို သန်မာခြင်း မရှိကြပေ။
စိတ်ဝင်စားစရာပဲ... ကောင်းကင်နန်းတော် အတွင်းမှာတင် အကြောင်းနှင့် အကျိုး ပဋိပက္ခ တစ်ခုခု ရှိနေပုံရတယ်…
ကမ္ဘာလောကကို စောင့်ကြည့်နေရင်း ကုအန်က သင်ကြားမှုများကို ထပ်ခါတလဲလဲ ပြောဆိုနေသည်။ အန်ရှင်း အလွတ်ရပြီးသား အကြောင်းအရာများ ဖြစ်သော်လည်း ကုအန်က အသံထဲတွင် တာအိုစိတ်ဆန္ဒကို ထည့်သွင်းထားသဖြင့် နားထောင်သူတိုင်း တစ်ကြိမ် နားထောင်တိုင်း အသစ် အသစ်သော နားလည်မှုများကို ရရှိစေသည်။
အန်ရှင်း၏ ဝိညာဉ်အရင်းမြစ် အရည်အချင်းက သာမန်အဆင့်သာရှိသော်လည်း သူမ၏ နားလည်သဘောပေါက်နိုင်စွမ်းမှာ မဆိုးလှပေ။ သူမ ဤအဆင့်ထိ ရောက်လာရန်အတွက် တာအို သင်ကြားပေးရုံဖြင့်ပင် အားထုတ်မှု အတော်အတန် ပြုလုပ်ခဲ့ရသည်။
"ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကို အခုချိန်ထိ တောင့်ခံထားနိုင်စေတဲ့ အရာက ဘယ်လို ဖြစ်တည်မှုမျိုးလဲ ဆိုတာ ကြည့်ရသေးတာပေါ့..."
ကုအန် အန်ရှင်းကို ကြည့်ရင်း စိတ်ထဲတွင် တွေးလိုက်သည်။
နောက်တစ်နှစ် ဆောင်းဦးရာသီတွင် ဝိညာဉ်ကိုးပါးတိုက်ကြီး အတော်လေး ငြိမ်သက်နေသော်လည်း ထိုက်ချန်တိုက်ကြီးနှင့် ကမ္ဘာအနှံ့အပြားတွင်မူ ပိုမို ပြင်းထန်သော လှုပ်ခတ်မှုများကို ခံစားနေရသည်။
အဓိပတိ နတ်ဆိုးဘုံဘက်က တစ်စုံတစ်ရာကို အာရုံခံမိသကဲ့သို့ ပိုမို ရူးသွပ်လာကာ ကမ္ဘာတစ်ဝှမ်းလုံးရှိ သက်ရှိများသည်လည်း ဖိနှိပ်မှုကို ခံစားနေကြရသည်။
...
"ကမ္ဘာကြီး တကယ်ပဲ ပျက်စီးတော့မှာ မဟုတ်ပါဘူးနော်..."
ညနေဆည်းဆာ အချိန်တွင် လုရှန်သည် ကုအန်ဘေးတွင် ရပ်၍ အဝေးသို့ လှမ်းကြည့်နေသည်။
လုရှန်၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။ နယ်မြေအပြင်ဘက်မှ ထွက်ပေါ်လာသော ဖိနှိပ်မှု အရှိန်အဝါကို သူ ခံစားနေရပြီး ကောင်းကင်နှင့် မြေပြင်ကြားရှိ အရာအားလုံးကို တုန်ခါသွားစေကာ ဝိညာဉ်စွမ်းအင်များပင် ဂဏှာမငြိမ် ဖြစ်နေသည်။
သူ နယ်မြေအပြင်ဘက်မှ အခြေအနေကို အာရုံခံမိခြင်းမှာ ကုအန် သူ့ကို အထူးခွင့်ပြုထားသောကြောင့် ဖြစ်သည်။
တိတိကျကျ ပြောရလျှင် နယ်မြေအတွင်းရှိ လူတိုင်းကို ခံစားခွင့် ပြုထားခြင်း ဖြစ်သည်။
ဤကဲ့သို့သော အချိန်မျိုးတွင် နယ်မြေအတွင်းရှိ လူများကို အသိပေးထားရန် လိုအပ်ပြီး သို့မှသာ သူတို့ ရရှိထားသော အရာများကို တန်ဖိုးထားတတ်ကြမည် ဖြစ်သည်။
"တကယ်ပဲ ကမ္ဘာပျက်ကိန်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်..."
ကုအန် တိုးတိုးလေး ပြောလိုက်ရာ လုရှန် လန့်ဖျပ်သွားပြီး သူ့ကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။
"အဲဒါဆို ကျွန်တော်တို့ကရော..."
ကုအန်၏ စွမ်းရည်နှင့်ဆိုလျှင် ပြင်ပကောင်းကင်သို့ သေချာပေါက် ထွက်ပြေးနိုင်မည် ဖြစ်သော်လည်း အဘယ်ကြောင့် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာတွင် ပုန်းအောင်းနေရန် ရွေးချယ်သနည်း။
"ဒီကပ်ဘေးက သက်ရှိအားလုံးကို ပျက်စီးစေလိမ့်မယ်... ပြီးရင် ကောင်းကင်နှင့် မြေပြင် ပျက်စီးမယ်... စကြဝဠာကြီးတောင် ပြိုကွဲသွားနိုင်တယ်..."
ကုအန် အနာဂတ်အကြောင်း သူတို့ကို စတင် ပြောပြလိုက်သည်။ သူ့အသံက လုရှန်၏ စိတ်ထဲတွင် လေးနက်သော ပုံရိပ်များကို တစ်ခုပြီးတစ်ခု ဖန်တီးပေးနေသဖြင့် လုရှန်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။
"ဘာလို့ ဒီလို ဖြစ်ရတာလဲ... ဘယ်သူက ဒီလို ဖြစ်အောင် လုပ်တာလဲ... ကောင်းကင်နှင့် မြေပြင်ရဲ့ သဘာဝလား... ဒါမှမဟုတ် ကောင်းကင်တာအိုလား..."
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ကောင်းကင်တာအို သဘောတရား ကမ္ဘာအနှံ့ ပျံ့နှံ့ခဲ့ပြီး သက်ရှိအားလုံး ထိုအရာ တည်ရှိကြောင်း သိရှိလာကြသည်။
မမြင်နိုင်သော နေရာတွင် အရာအားလုံးကို ထိန်းချုပ်ထားသည်မှာ ကောင်းကင်တာအို ဖြစ်သည်။
ကံကြမ္မာ၊ သံသရာအားလုံး ကောင်းကင်တာအို အတွင်းတွင် ရှိကြသည်။
မဟာတာအိုကို လေ့လာပါ... ကောင်းကင်တာအိုကို လိုက်နာပါ…
"လူတွေ ကိုးကွယ်အားကျနေတဲ့ အမတနတ်ဘုရားတွေ ငါတို့ကမ္ဘာကြီးကို မကျေနပ်ကြလို့ ဖြစ်နိုင်တယ်... မကြာခင် အမှန်တရားကို မင်း ကိုယ်တိုင် မြင်ရပါလိမ့်မယ်..."
ကုအန်က နက်ရှိုင်းသော အဓိပ္ပာယ်ဖြင့် ပြောလိုက်တော့
လုရှန်က မသိစိတ်ဖြင့် မေးလိုက်၏။
"'မကြာခင်' ဆိုတာ ဘယ်လောက်ကြာဦးမှာလဲ..."
စကားဆုံးသည်နှင့် မြေပြင် တုန်ခါသွားပြီး ကြီးမားကျယ်ပြန့်သော ဖိနှိပ်မှု အင်အားစုတစ်ခု ဆင်းသက်လာကာ ကောင်းကင်နှင့် မြေပြင်ကြားရှိ အရာအားလုံးကို လွှမ်းခြုံသွားသည်။
လုရှန် ထိုအင်အားစုကြောင့် ချက်ချင်း ထိတ်လန့်သွားပြီး မျက်လုံးများ ပြူးကျယ်ကာ မယုံကြည်နိုင်သော အမူအရာ ဖြစ်ပေါ်လာသည်။
ထိုအချိန်တွင် သူတို့နောက်၌ ပုံရိပ်များ ရုတ်တရက် ပေါ်လာကြသည်။
ထိုပုံရိပ်များမှာ အန်ရှင်း၊ ရှန်ကျန်းနှင့် အခြားသူများ ဖြစ်ကြသည်။
သူတို့သည် ကုအန်ကို စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။ ရုတ်တရက် ကျရောက်လာသော ဖိနှိပ်မှု အင်အားစုကြီးက အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းလှသဖြင့် ကုအန်ကို အလိုအလျောက် ရှာဖွေမိကြခြင်း ဖြစ်သည်။
ကုအန် လှည့်မကြည့်ဘဲ အဝေးသို့ လှမ်းကြည့်ကာ ပြောလိုက်သည်
"သေချာ ကြည့်ထားကြ... ဒီကမ္ဘာကြီးရဲ့ သရုပ်မှန်ကို မှတ်သားထားကြ... တစ်နေ့ကျရင် မင်းတို့ ကိုယ်တိုင် ဒီလို စိတ်ပျက်အားငယ်မှုမျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်..."
ထိုစကားကို ကြားသောအခါ အန်ရှင်း စကားပြောရန် ပြင်လိုက်စဉ် ကောင်းကင်နှင့် မြေပြင်ကို တုန်ခါစေသော မိုးခြိမ်းသံကြီး တစ်ခု ထွက်ပေါ်လာသည်။
ကုအန် လက်ကို ဝှေ့ယမ်းလိုက်ရာ သူတို့ရှေ့တွင် အလင်းဖန်သားပြင် တစ်ခု ပေါ်လာပြီး ကျယ်ပြောသော တိုက်ကြီးတစ်ခုကို ပြသနေသည်။
ထိုအချိန်တွင် ထိုတိုက်ကြီး ကွဲအက်နေပြီး ဖုန်မှုန့်များ ထွက်ပေါ်ကာ ခမ်းနားသော အရှိန်အဟုန်ဖြင့် ရှိနေသည်။ သေချာ ကြည့်လိုက်လျှင် ကြီးမားသော လှိုင်းတံပိုးများကြား၌ နွယ်ပင်များ ပေါ်ထွက်လာပြီး ဧရာမ မိစ္ဆာကြီး တစ်ကောင် မြေပြင်ထဲမှ ထိုးထွက်လာတော့မည့်အလား ဖြစ်နေသည်။
"အဲဒါ ဘာလဲ..."
ရှန်ကျန်း မနေနိုင်ဘဲ မေးလိုက်သော်လည်း
မည်သူကမှ သူမကို မဖြေကြပေ။
ကုအန်လည်း ရှင်းပြမနေဘဲ သူတို့ကို ဆက်ကြည့်ခိုင်းထားသည်။
တိုက်ကြီးပေါ်တွင် ဖုန်မှုန့်များ ပိုမို များပြားလာသည်နှင့်အမျှ အလင်းဖန်သားပြင်ပေါ်မှ မြင်ကွင်း ကျယ်ပြန့်သွားပြီး ပင်လယ်ပြင် ဧရိယာများကို ပိုမို ပြသလာကာ တိုက်ကြီးတခုလုံး လှိုင်းတံပိုးများအောက်သို့ နစ်မြုပ်သွားသည်။
မကြာမီ အန်ရှင်းနှင့် အခြားသူများ၏ မျက်နှာ အမူအရာများ ပြောင်းလဲလာပြီး အချို့မှာ သရဲတစ္ဆေမြင်လိုက်ရသကဲ့သို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
သူတို့အားလုံး ကြီးမားသော လှိုင်းတံပိုးများကြားမှ လုံးဝန်းသော အသီးကြီး တစ်လုံး မြင့်တက်လာသည်ကို တွေ့လိုက်ရသည်။
ထိုအသီး၏ မျက်နှာပြင်တွင် ရွှေရောင် တာအိုပုံစံများ ဖုံးလွှမ်းထားသည်။ ၎င်းသည် တိုက်ကြီးထက် ပိုကြီးမားပြီး အဆက်မပြတ် မြင့်တက်လာကာ ပို၍ ပို၍ ကြီးထွားလာသည်။
ချန်ချွမ် အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားပြီး လက်ညှိုးထိုးကာ အံ့သြတကြီး ပြောလိုက်လေသည်။
"ဟိုမှာ ကြည့်လိုက်... မြန်မြန်..."
အားလုံး လှည့်ကြည့်လိုက်ကြရာ မိုးကုပ်စက်ဝိုင်းတွင် ဧရာမ အရာဝတ္ထုကြီး တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုအရာမှာ အလင်းဖန်သားပြင်ပေါ်မှ လျှို့ဝှက်ဆန်းကြယ်သော ဧရာမ အသီးကြီးပင် ဖြစ်သည်။
"အဲဒါ ကောင်းကင်နှင့်မြေပြင် တာအိုအသီးပဲ... ကောင်းကင်နှင့် မြေပြင်ရဲ့ အနှစ်သာရ အစစ်အမှန်ပေါ့... အဲဒါမရှိရင် ကောင်းကင်နှင့် မြေပြင် ဆိုတာ ရှိလာမှာ မဟုတ်သလို ကောင်းကင်နှင့်မြေပြင် ထဲက အရာအားလုံးလည်း ရှိလာမှာ မဟုတ်ဘူး..." ကုအန်က မိတ်ဆက်ပေးလိုက်သည်။
မည်သူ့ကိုမျှ မေးခွန်းထုတ်ခွင့် မပေးဘဲ သူ ဆက်ပြောလိုက်ပြန်သည်။
"တစ်ယောက်ယောက်က မူလဘူတနှောင်ဖွဲ့ကင်းအမတအဆင့်ကို ရောက်ရှိသွားလို့ ကောင်းကင်နှင့်မြေပြင် တာအိုအသီး ပေါ်ထွက်လာတာပဲ..."
မူလဘူတနှောင်ဖွဲ့ကင်းအမတ ဟုတ်လား…
သွေးအကျဉ်းထောင်သူတော်စင်က စိတ်မရှည်ဟန်ဖြင့်မေးလိုက်သည်။
"ဆရာသခင်...မူလဘူတနှောင်ဖွဲ့ကင်းအမတ ဆိုတာ ဘာလဲ..."
အခန်း ၅၇၂ ကောင်းကင်ပြိုပြီ….
"နိဗ္ဗာနအဆင့် ပြီးရင်... အချုပ်အနှောင်မဲ့အမတ၊ မြေလျှောက်အမတ၊ ကောင်းကင်စျန်အမတ၊ ပူပင်မဲ့အမတ၊ ကမ္ဘာဦးအမတ၊ တာအိုနယ်ဆန်းကြယ်အမတ၊ နတ်အတွေးအစစ်အမှန်အမတ၊ လွတ်ငြိမ်းရာအမတ ဆိုပြီး အဆင့်တွေ ရှိတယ်”
ကုအန်၏ အသံ လူတိုင်းဆီသို့ ပျံ့လွင့်သွားရာ သူတို့၏ မျက်လုံးများ ပြူးကျယ်သွားသည်။
သူတို့ သေချာ နားမလည်မှာ စိုး၍ ကုအန်က ထပ်ဖြည့်ပြောလိုက်ရပြန်သည်
"အာကာပြင်တာအိုအမတ နဲ့ မူလဘူတနှောင်ဖွဲ့ကင်းအမတတွေက လွတ်ငြိမ်းရာအမတအဆင့်မှာ ရှိနေသေးပေမဲ့ အဆင့်တစ်ခုချင်းစီရဲ့ ကွာခြားချက်က အမတလမ်းစဉ်ကိုးခု ကို ကျော်လွန်သွားပြီ... အာကာပြင်တာအိုအမတအဆင့် ရောက်တာနဲ့ တာအိုအသီးကို ကျင့်ကြံရတယ်... တာအိုအသီး ဆိုတာက..."
ဤနေရာတွင် ခဏး ရပ်လိုက်ပြီး မိုးကုပ်စက်ဝိုင်းရှိ လျှို့ဝှက်ဆန်းကြယ်သော ဧရာမ အသီးကြီးကို လှည့်ကြည့်လိုက်သည်။
တာအိုအသီး…
ချန်ချွမ်က ”ဆရာသခင်... ဒီ ကောင်းကင်နှင့်မြေပြင် တာအိုအသီးက ကျင့်ကြံသူ တစ်ယောက်ရဲ့ တာအိုအသီး ဖြစ်နိုင်မလား..."
အခြားသူများလည်း ကုအန်ကို ကြည့်ကာ မျက်နှာထားအလွန် တင်းမာနေကြပြီး အဖြေကို စောင့်မျှော်နေကြသည်။
ကုအန်က "ဟုတ်တယ်... ကောင်းကင်နှင့်မြေပြင် တာအိုအသီး ဆိုတာ ကျင့်ကြံသူ တစ်ယောက်ရဲ့ တာအိုအသီး အစစ်အမှန်ပဲ... ပြီးတော့ ကောင်းကင်နဲ့မြေပြင်ရဲ့ ကပ်ဘေးဆိုတာ သူ့ကို သတ်ဖြတ်ခဲ့တဲ့ ရန်သူတွေ ယူဆောင်လာတာပဲ..."
ထိုစကားကို ကြားသောအခါ အားလုံး တုန်လှုပ်သွားကြပြီး ဆက်လက် ကြီးထွားနေသော ကောင်းကင်နှင့်မြေပြင် တာအိုအသီးကို လှည့်ကြည့်လိုက်ကြကာ ယခင်ကထက် ပိုမို အားငယ်သွားကြသည်။
ဒီလို အမြင့်ကို ရောက်ဖို့ နှစ်ပေါင်း ဘယ်လောက်ကြာအောင် ကျင့်ကြံခဲ့ရမလဲ... ဒါပေမဲ့ ဒီလို ပုဂ္ဂိုလ်မျိုးတောင် အသတ်ခံခဲ့ရတယ်ဆိုရင်…
ကောင်းကင်နှင့်မြေပြင် ဖန်တီးရှင်ကို သတ်ဖြတ်နိုင်တဲ့ ဖြစ်တည်မှုမျိုးက ဘယ်လို ပုံစံမျိုးလဲ ဆိုတာ သူတို့ စိတ်ကူးတောင် မယဉ်နိုင်ကြပေ။
ဒါပေမဲ့ သူတို့ တစ်ခုတော့ သိလိုက်သည်။
ကောင်းကင် ပြိုကျပြီ…
ရှန်ကျန်းကတော့ ကောင်းကင်နှင့်မြေပြင် တာအိုအသီးကို ကြည့်ရင်း ပန်းချီဆွဲချင်စိတ် ပြင်းပြလာသဖြင့် နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။
အန်ရှင်းက ကုအန်ကို တွန့်ဆုတ်သော မျက်နှာဖြင့် ကြည့်ကာ မေးလိုက်သည်။
"ဆရာ... ကောင်းကင်နဲ့မြေပြင် တာအိုအသီး မပေါ်ခင်က ဖိအားကို... ကျွန်မ အရင်က ကြုံဖူးသလို ခံစားနေရတယ်... ဘာလို့လဲ..."
သူမ၏ စကားကို ကြားသောအခါ အခြားသူများ အန်ရှင်းကို အံ့သြစွာ ကြည့်လိုက်ကြသည်။
သူမလည်း မူလဘူတနှောင်ဖွဲ့ကင်းအမတနဲ့ တွေ့ဖူးတာလား…
ကုအန်က အန်ရှင်းကို တစ်ချက် ကြည့်လိုက်ရာ မျက်လုံးထဲတွင် ကျေနပ်မှု အရိပ်အယောင်များ ပေါ်လာသည်။
"မင်း တကယ် တွေ့ဖူးပါတယ်... သူမ နာမည်က ကျူရှီး... ရှန့်ထျန်း သူတော်စင်ဝင်စားသူလေ..."
ရှန့်ထျန်း သူတော်စင် ဝင်စားသူ…
ထိူအခါ ထျန်းယောင်အာ၏ မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာပြီး
"မြင့်မြတ်ခုံရုံး သခင်လား..."
"အင်း..."
ကုအန်က 'အင်း' ဟု အတည်ပြုလိုက်သည်ကို ကြားသောအခါ အားလုံး ပို၍ စိတ်လှုပ်ရှားသွားကြပြီး ရှန့်ထျန်း သူတော်စင် အကြောင်း ဒဏ္ဍာရီများကို ဆွေးနွေးကြတော့သည်။
ထိုစဉ် ကုအန် ဆက်စကားမပြောတော့ဘဲ လေထုထဲတွင် ပျောက်ကွယ်သွားကာ ကျန်ရှိသော အတွေ့အကြုံများကို သူတို့ဘာသာ ခံစားခွင့် ပြုလိုက်သည်။
ကောင်းကင်နှင့်မြေပြင် တာအိုအသီး ပေါ်ထွက်လာသည်နှင့် ကမ္ဘာတစ်ဝှမ်းရှိ ဂိုဏ်းများ အားလုံး တုန်လှုပ်သွားကြပြီး ထိပ်သီး ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး ကောင်းကင်နှင့်မြေပြင် တာအိုအသီးဆီသို့ ပျံသန်းသွားကြသည်။
လီယပင်လျှင် ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓားကို စီးနင်း၍ ထိုနေရာသို့ သွားနေသည်။
အဝေးမှနေ၍ ကောင်းကင်နှင့်မြေပြင် တာအိုအသီးကို လှမ်းကြည့်လိုက်ရာ အသီးတစ်ခုလုံးကို သူ့မျက်လုံးထဲတွင် ထင်ဟပ်စေရန် မစွမ်းသာပေ။
သူ့ပခုံးပေါ်တွင် ရပ်နေသော ဆန်းကြယ်အမတဝိညာဉ် သည်လည်း မယုံကြည်နိုင်သော မျက်နှာထား ဖြစ်နေသည်။
"အဲဒါ ဘာကြီးလဲ..."
ဆန်းကြယ်အမတဝိညာဉ်က တုန်ရီသော အသံဖြင့် မေးလိုက်သည်။
ကောင်းကင်နှင့်မြေပြင် တာအိုအသီးကို မြင်လိုက်ရသည်နှင့် အလိုအလျောက် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
ကောင်းကင်နှင့်မြေပြင် တာအိုအသီး၏ ကြီးမားမှုက သက်ရှိအားလုံး၏ အမြင်အာရုံကို တုန်လှုပ်စေခဲ့ပြီး ဤကဲ့သို့သော ဖန်တီးမှုမျိုးနှင့် ရင်ဆိုင်ရသောအခါ သက်ရှိများအားလုံး ရိုသေလေးစားမှုကိုသာ ခံစားရပြီး မည်သည့် မလေးမစား ပြုမှုကိုမျှ မလုပ်ရဲကြပေ။
လီယသည်လည်း ဖိအားကို ခံစားလိုက်ရပြီး ပျံသန်းနှုန်း စတင် နှေးကွေးလာသည်။
အသိစိတ်က ဤအရာသည် သူ လုယူနိုင်သည့် အရာ မဟုတ်ကြောင်း ပြောနေသော်လည်း သူ့နှလုံးသားထဲမှ အခြားအသံတစ်ခုကမူ ဤထိပ်တန်း အခွင့်အရေးကို အရယူရန် တိုက်တွန်းနေသည်။
လီယ တွန့်ဆုတ်နေစဉ် ပုံရိပ်များစွာ သူ့ခေါင်းပေါ်မှ ဖြတ်ကျော်၍ အရှိန်အဟုန်ဖြင့် သွားနေကြသည်။
ကြောက်ရွံ့ခြင်း မရှိသော လူများစွာကို မြင်လိုက်ရသောအခါ လီယ၏ စိတ်ထဲတွင် သတ္တိများ ပိုမို ဖြစ်ထွန်းလာသည်။
လူများရင် အားရှိတယ်... ငါလည်း ရချင်ရမှာပေါ့…
လီယ အံကိုကြိတ်၍ ရှေ့သို့ ချက်ချင်း အရှိန်မြှင့်လိုက်သည်။
…
ကြီးမားခမ်းနားသော ကောင်းကင်နှင့်မြေပြင် တာအိုအသီးကြီးက ကုန်းမြေနှင့် ပင်လယ်ပြင် အထက်တွင် ပျံဝဲနေပြီး ကျူရှီးနှင့် အင်မော်တယ် ရှာဖွေသူတို့က ကောင်းကင်နှင့်မြေပြင် တာအိုအသီး၏ ထိပ်ဆုံးတွင် ရပ်၍ တောက်ပသော ကြယ်တာရာ ကောင်းကင်ကို မော့ကြည့်နေကြသည်။
ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို လွှမ်းခြုံထားသော ကောင်းကင်တာအို အလင်းလွှာ ပါးလွှာလာပြီး အချိန်မရွေး လုံးဝ ပျောက်ကွယ်သွားတော့မည့်အလား ဖြစ်နေသည်။
ကျူရှီးက ကိုယ်ကျပ် ရွှေရောင်ဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်လိုက်ပြီး သူမ၏ ဆံပင်ရှည်များကို ဖီးနစ်သရဖူအောက်တွင် သပ်ရပ်စွာထုံးဖွဲ့ ထားပြီး သူ့ပခုံးပေါ်တွင် ရွှေနဂါးနှစ်ကောင် ရှိကာ နောက်ကျောတွင် အနီရောင် အလင်းကွင်းတစ်ခု ပျံဝဲနေသည်။
ထိုအချိန်တွင် သူမသည် အထွတ်အထိပ် အာဏာရှင် ဆန်သော အရှိန်အဝါကို ထုတ်လွှတ်နေပြီး မျက်ခုံးများတွင် သက်ရှိအားလုံးကို မထီမဲ့မြင်ပြုသော အေးစက်မှုများ ပေါ်လွင်နေသည်။
မြင့်မြတ်ခုံရုံးသခင်၊ ရှန့်ထျန်း...
မူလဘူတနှောင်ဖွဲ့ကင်းအမတ …
အင်မော်တယ်ရှာဖွေသူက မော့ကြည့်၍ သက်ပြင်းချလိုက်ပြီး…
"မမြင်နိုင်တဲ့ လူမိုက်တွေ များလွန်းတယ်…”
သူ့အသံ ဆုံးသည်နှင့် အထက် ကောင်းကင်ယံတွင် ကြီးမားသော တွင်းနက်ကြီး တစ်ခု ပေါ်လာပြီး သွေးနီရောင် လေလှိုင်းများ ထွက်ပေါ်လာကာ လက်တံများသဖွယ် တွန့်လိမ်နေကြသည်မှာ ကြောက်မက်ဖွယ် ကောင်းလှသည်။
"ကောင်းကင်ဝိညာဉ် မဟာကမ္ဘာက ပျက်စီးနေတဲ့ ခေတ်ကာလမှာ မူလဘူတနှောင်ဖွဲ့ကင်းအမတကို မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ..."
အာဏာရှင်ဆန်သော အသံတစ်သံ ကောင်းကင်နှင့် မြေပြင်ကြား ပဲ့တင်ထပ်သွားပြီး သက်ရှိအားလုံး ကြားလိုက်ရသည်။
ကျူရှီး မော့မကြည့်ဘဲ အောက်ဘက်က ကောင်းကင်နှင့်မြေပြင် တာအိုအသီးကိုသာ ငုံ့ကြည့်လိုက်သည်။
ရွှေရောင် သင်္ကေတ တစ်ခုချင်းစီကကိုယ်ပိုင် အလင်းရောင်ဖြင့် တောက်ပနေပြီး ဆန်းကြယ်နေပုံ ပေါ်သည်။
အင်မော်တယ် ရှာဖွေသူက လေသံတိုးတိုးဖြင့် "အဓိပတိ နတ်ဆိုးဘုံက အဓိပတိ နတ်ဆိုးဧကရာဇ် ရောက်လာပြီ... ကောင်းကင်နှင့်မြေပြင် တာအိုအသီးကို ပေါင်းစည်းချင်ရင် သူ့ကို အရင် ရှင်းမှ ရမယ်..."
သူ့အသံ ဆုံးသည်နှင့် အရပ်မျက်နှာ အသီးသီးမှ အရွယ်အစား အမျိုးမျိုးရှိသော တွင်းနက်များ ပေါ်လာပြီး ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာသည်။
သူတို့ စုစည်းထားသော စွမ်းအားများက ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေသည်။
ကျူရှီး မျက်လုံး မပင့်ဘဲ “ကောင်းပြီ..”ဟုသာ စကားတစ်လုံးတည်း ပြောလိုက်သည်။
…..
ဘုန်း... ဘုန်း... ဘုန်း…
နန်းတော်ကြီး တုန်ခါသွားပြီး အမြင့်ဆုံး ထိုင်ခုံတွင် ထိုင်နေသော ကျန်းချုံး မျက်မှောင်ကြုတ်လိုက်သည်။
သူမ၏ အကြည့်များ နန်းတော်တံခါး အပြင်ဘက်သို့ ရောက်သွားရာ ကောင်းကင် မဲမှောင်နေပြီး လျှပ်စီးများ လက်ကာ မိုးခြိမ်းသံများ မြည်ဟည်းနေသည်ကို တွေ့လိုက်ရသည်။
လေပြင်းများက တောအုပ်များကို ဖျက်ဆီးနေပြီး ဝေးကွာသော ကောင်းကင် အစွန်းတွင် ကြောက်မက်ဖွယ် ဧရာမ အရာဝတ္ထုကြီး တစ်ခုကို ဝေဝါးဝါး မြင်တွေ့နေရသည်။
ကောင်းကင်နှင့်မြေပြင် တာအိုအသီး…
ကောင်းကင်နှင့်မြေပြင် တာအိုအသီးကို ကြည့်ရင်း ကျန်းချုံး အလွန် စိတ်မသက်မသာ ဖြစ်မိသည်။
ကမ္ဘာပျက်ကိန်းနှင့် ရင်ဆိုင်နေရသလို ကောင်းကင်နှင့် မြေပြင်၏ နောက်ဆုံးနေ့ရောက်နေသလို ခံစားနေရသည်။
ထိုအချိန်တွင် အမျိုးသမီး ကျင့်ကြံသူ တစ်ဦး ခန်းမဆောင်ထဲသို့ လျင်မြန်စွာ ပျံသန်း ဝင်ရောက်လာပြီး လှေကားထစ်များ ရှေ့တွင် ဆင်းသက်ကာ ကျန်းချုံးကို ဂါရဝပြုလိုက်သည်။
"ဆရာသခင်... မိစ္ဆာဆိုး ထွက်သွားပါပြီ... ဝေးကွာတဲ့ နေရာက လျှို့ဝှက်ဆန်းကြယ် ဧရာမ အသီးကြီးဆီ ဦးတည်သွားပုံ ရပါတယ်... ဂိုဏ်းကာကွယ်ရေး ဖွဲ့စည်းပုံကို ပိတ်လိုက်ရမလား..." အမျိုးသမီး ကျင့်ကြံသူက မေးလိုက်သည်။
လျှို့ဝှက်ဆန်းကြယ် ဧရာမ အသီးကြီး အကြောင်း ပြောသောအခါ သူမ၏ အသံ ခေတ္တ တုံ့ဆိုင်းသွားသည်။
ကျန်းချုံး သူမကို စိုက်ကြည့်၍"ဒီကောင်းကင်နှင့် မြေပြင်ရဲ့ ယုတ်မာမှုကို မင်း ခံစားမိတယ် မဟုတ်လား... ပိတ်သင့်တယ်လို့ ထင်လား..."
အမျိုးသမီး ကျင့်ကြံသူက အားလျှော့ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"ဆရာသခင်... ဒီဖွဲ့စည်းပုံအတွက် သုံးစွဲရတဲ့ အရင်းအမြစ်တွေက တကယ် ကြီးမားလွန်းပါတယ်... ဒီအတိုင်း ဆက်သွားရင် ကျွန်မတို့ကို အလွယ်တကူ ဆွဲချသွားနိုင်တယ်... ဒီနှစ်တွေမှာ ဆရာသခင်က ကျွန်မတို့ကို အပြင်ထွက်ခွင့်၊ ယှဉ်ပြိုင်ခွင့် မပေးခဲ့ဘူး..."
သူမ၏ အသံတွင် နာကြည်းမှု အရိပ်အယောင်များ ပါဝင်နေသည်။
"တိုက်ပွဲဝင်ဖို့ သွားကြတဲ့ တခြားဂိုဏ်းက ကျင့်ကြံသူတွေကို မင်း မြင်ဖူးမှာပါ... သူတို့ဆီမှာ တူညီတဲ့ အချက်တစ်ခုကို သတိမထားမိဘူးလား..."
"ဘယ်အချက်လဲ ဆရာသခင်.."
"သူတို့အားလုံး ရူးသွပ်လာကြတယ်... ရဲတင်းလာကြတယ်... စွဲလမ်းလာကြတယ်... ဒီလမ်းကို ခြေချလိုက်တာနဲ့ ပြန်လှည့်လို့ မရတော့သလိုပဲ... ငါ့ရဲ့ လက်ရှိ ဆုံးဖြတ်ချက်က မှန်ကန်လား မသေချာပေမဲ့... ပန်းပေါင်းစုံဂိုဏ်းက တပည့်တွေသာ အဲဒီလို ဖြစ်သွားရင်... ကြာရင် ဂိုဏ်းတခုလုံးပျက်စီးမှာပဲ..."
ကျန်းချုံး၏ စကားကြောင့် အမျိုးသမီး ကျင့်ကြံသူ တိတ်ဆိတ်သွားသည်။
ထိုလူများ၏ မျက်နှာများကို သူမ သေချာ ပြန်စဉ်းစားကြည့်ရာ ရူးသွပ်သော အမူအရာဖြင့် ပုံမှန် မဟုတ်ကြကြောင်း တွေ့လိုက်ရသည်။
နန်းတော်ကြီးတခုလုံး ဆက်လက်၍ ပြင်းထန်စွာ တုန်ခါနေပြီး ပူလိုက် အေးလိုက် လေပြင်းများ ရံဖန်ရံခါ တိုက်ခတ်နေသည်။
အမျိုးသမီး ကျင့်ကြံသူ ထွက်သွားရန် ပြင်လိုက်စဉ် ဖိနှိပ်မှု အပြည့်ပါသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ရှန့်ထျန်း... ငါ မင်းကို လျှော့တွက်မိတာ အမှန်ပဲ... ဒါပေမဲ့ မင်းရွေးချယ်လိုက်တဲ့ လမ်းက မင်းကို သေချာပေါက် ပျက်စီးစေလိမ့်မယ်..."
ဤသည်မှာ ကြောက်ရွံ့မှု အရိပ်အယောင်များ ပါဝင်နေသော အဓိပတိ နတ်ဆိုးဧကရာဇ်၏ အသံ ဖြစ်သည်။
ကျန်းချုံးက အသံပိုင်ရှင် မည်သူဖြစ်ကြောင်း မသိသော်လည်း ရှန့်ထျန်း၏ ဒဏ္ဍာရီကို သိသည်။
"မိစ္ဆာတွေ သောင်းကျန်းနေတယ်... အမတနတ်ဘုရားတွေ အချင်းချင်း တိုက်ခိုက်နေကြတယ်... နိဗ္ဗာနအဆင့် ရောက်နေရင်တောင် ဒီလို ကပ်ဘေးမျိုးနဲ့ ကြုံလာရရင် ငါတို့အဖြစ်က သေမျိုးတွေနဲ့ ဘာကွာခြားလို့လဲ..."
ကျန်းချုံး၏ အသံတွင် စိတ်ခံစားမှုများ ရှုပ်ထွေးနေပြီး သူမ၏ တပည့်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
"ဒီလို ရှုပ်ထွေးနေတဲ့ အချိန်မျိုးမှာ ငါတို့ သေမျိုးတွေ လုပ်နိုင်တဲ့ အကောင်းဆုံး အရာက ပုန်းနေဖို့ပဲ... မီးထဲ တိုးတဲ့ ပိုးဖလံတွေလို တစ်ခုခုကို ရဖို့ ကြိုးစားနေတာမျိုး မဟုတ်ဘူး... ငါတို့က အဲဒီလို အခွင့်အရေးမျိုးအတွက် ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး..."