အခန်း (၅၈၁-၅၈၂)
Vol. 46 Ch. 581-582
အခန်း ၅၈၁ ကောင်းကင်ကိုးခု အပြာရောင်ငှက်၊ ထိုက်ချင်း ရွှေအမတ
နေရောင်ခြည်သည် တောက်ပနေပြီး သစ်ရွက်များကြားရှိ နေရာလပ်များမှတဆင့် ဖြတ်သန်းဝင်ရောက်ကာ တောအုပ်အတွင်းရှိ မြက်ခင်းပြင်ပေါ်တွင် အလင်းကွက်များ ဖြစ်ပေါ်နေသည်။
အန်ရှင်းသည် စမ်းချောင်းဘေးရှိ ကျောက်တုံးပေါ်တွင် ထိုင်၍ လူငယ်၊ လူရွယ် တစ်စုကို တာအိုသင်ကြားနေသည်။ သူမ၏ အသံမှာ ဖမ်းစားနိုင်လွန်းလှသဖြင့် သစ်ပင်ပေါ်မှ ငှက်များပင် ခေါင်းစောင်း၍ နားထောင်နေကြ၏။
သူမသင်ကြားနေသည်မှာ နေ့ဝက်ခန့် ရှိနေပြီ ဖြစ်သည်။ သူမ၏ စိတ်ရှည်သည်းခံနိုင်စွမ်းမှာ ယခင်ကထက် ပိုမို ကြီးမားလာပြီး မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခု အမြဲ ချိတ်ဆွဲထားသည်။
ချန်ခွန်းဂိုဏ်းသားများ သူမ၏ တာအိုတရားများတွင် ဈာန်ဝင်စားနေကြသည်ကို မြင်လိုက်ရသောအခါ အန်ရှင်းသည် ခေါင်းလှည့်၍ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သော်လည်း ကုအန်ကို ရှာမတွေ့ပေ။ သို့သော် သူမ၏ ဆရာ ဤနေရာတွင် ရှိနေဆဲ ဖြစ်ကြောင်း သူမ ယုံကြည်သည်။
အမှန်တကယ်ပင် သူ ရှိနေ၏။
ဆယ်ကိုက်ခန့်အကွာ သစ်ပင်အိုကြီး တစ်ပင်ပေါ်တွင် ကုအန်သည် သစ်ကိုင်းပေါ်၌ လဲလျောင်းရင်း သူ၏ စွမ်းရည်ပြဘောင်ကွက်ကို ကြည့်ကာ တွေဝေနေသည်။
[အမည် - ကုအန်]
[သက်တမ်း - ၉,၅၅၅ / ၈၉,၉၀၄,၅၇၂,၆၁၁]
[ခန္ဓာ - ရှေးဦးဖရိုဖရဲခန္ဓာ]
[ကျင့်ကြံခြင်းအဆင့် - ဟန်ထျန်း ရွှေအမတ ပြည့်စုံခြင်းအဆင့်]
...
မဟာကမ္ဘာတစ်ထောင် ပြန်လည်ဖွဲ့စည်းပြီးကတည်းက နှစ်ပေါင်း တစ်ရာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုဖြစ်စဉ်သည် ကပ်ဘေးသင့်သော ဖြစ်စဉ်တစ်ခု ဖြစ်သော်လည်း အန်ဟောင်နှင့် ကောင်းကင်စိတ်ဝိညာဉ်အမတအရှင်တို့၏ ကာကွယ်မှုအောက်တွင် သက်ရှိအားလုံး ထိခိုက်မှု မရှိခဲ့ကြပေ။ သူတို့သည် နက်ရှိုင်းသော အိပ်မက်တစ်ခု မက်နေသကဲ့သို့သာ ခံစားလိုက်ကြရ၏။
အိပ်မက်မှ နိုးထလာသောအခါ ဂိုဏ်းကြီးများ အားလုံးသည် ကမ္ဘာလောကကြီး အဆုံးအစမရှိ ကျယ်ပြန့်သွားကြောင်း သတိပြုမိလိုက်ကြသည်။ ကောင်းကင်စျာန်အမတအဆင့် အထက်ရှိ ပြင်ပကောင်းကင်သို့ ပျံသန်းသွားကြသော သူများပင်လျှင် လက်ရှိ ကမ္ဘာကြီးကို ကြည့်၍ အံ့အားသင့်နေကြရ၏။
ကမ္ဘာကြီး၏ အဆုံးအစမဲ့ ကျယ်ပြန့်မှု၊ ပိုမို ထူထဲလာသော ကောင်းကင်တာအို အလင်းလွှာနှင့် စကြဝဠာကြီးသည် ပိုမို မှိန်ဖျော့သွားခြင်းတို့ ဖြစ်ပေါ်နေသည်။
အန်ဟောင်သည် စကြဝဠာ အတွင်းရှိ ကမ္ဘာအများအပြားကို စုစည်း၍ လုံးဝ အသစ်စက်စက် ဖြစ်သော ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။
ကောင်းကင်ဝိညာဉ် မဟာကမ္ဘာသစ်သည် ယခင် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာထက် အဆပေါင်း တစ်သောင်းကျော် ပိုမို ကြီးမားသည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်း အတွင်း၌ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ တစ်ခုတည်းသာ ကောင်းကင်တာအို ကပ်ဘေးများနှင့် ကြုံတွေ့ခဲ့ရသည် မဟုတ်ဘဲ အခြားသော မဟာကမ္ဘာများလည်း ထပ်တူ ကြုံတွေ့ခဲ့ရ၏။ ဆရာသခင်ဓားအရှင်၏ ကာကွယ်မှု မရှိပါက များစွာသော ကမ္ဘာများသည် သက်ရှိများ မျိုးသုဉ်းသွားခဲ့ရပြီး ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို ပြန်လည် ဖွဲ့စည်းပြီးနောက်တွင် ကောင်းကင်နှင့် မြေကြီးသည် ကျယ်ပြန့်သော်လည်း ခြောက်သွေ့နေ၏။
ကမ္ဘာလောကကြီး အဆုံးအစမရှိ ကျယ်ပြန့်လာပြီး သက်ရှိ အရေအတွက်မှာ ကမ္ဘာသစ်၏ လက်ခံနိုင်စွမ်း ပမာဏနှင့် နီးစပ်ခြင်းပင် မရှိသေးသဖြင့် ကောင်းကင်တာအို ကပ်ဘေးများလည်း လျော့နည်းသွားသည်။
သဘာဝ ဝိညာဉ်စွမ်းအားများတွင် ဆူပွက်လှုပ်ရှားမှုများ မရှိတော့ပေ။ ဧကရာဇ်ယန်ရှင်း၏ အဆိုပြုချက်ကို အန်ဟောင်က အကောင်အထည် ဖော်လိုက်သဖြင့် အရာအားလုံးသည် ပိုမို ကောင်းမွန်သော ဘက်သို့ ပြောင်းလဲ တိုးတက်နေကြ၏။
ထည့်သွင်း ပြောဆိုရမည့် အချက်မှာ အန်ဟောင် စတေးခံလိုက်ပြီးနောက် သူ့ဇနီးနှင့် သားသမီးများသည် ကြီးမားသော စကြဝဠာ ကံတရားကို ရရှိခဲ့ကြသည်။ နှစ်ပေါင်း တစ်ရာ အတွင်း၌ပင် အန်မိသားစုထဲ၌ အလားအလာရှိ သက်တမ်း နှစ်ရှစ်ထောင် ပိုင်ဆိုင်သော ပါရမီရှင်တစ်ဦး မွေးဖွားလာသည်ကို ကုအန် မြင်တွေ့ခဲ့ရသည်။
ကမ္ဘာလောက၏ မျက်နှာသာပေးမှုကြောင့်လား၊ သို့မဟုတ် အန်ဟောင်၏ ဆန္ဒက သူ့မျိုးဆက်များကို စောင့်ရှောက်ပေးနေခြင်းလား ဆိုသည်ကို ကုအန် မသေချာပေ။ သို့သော် သူ၏ တွက်ချက်မှုများအရ အန်မိသားစုသည် လာမည့် နှစ်ပေါင်း တစ်သောင်း အတွင်း ထွန်းတောက်လာမည် ဖြစ်ပြီး ကမ္ဘာလောက၏ အားအကောင်းဆုံး မိသားစုကြီးများထဲမှ တစ်ခု ဖြစ်လာပေလိမ့်မည်။
လက်ရှိတွင် ကုအန် တွေဝေနေရခြင်းမှာ သူတစ်ပါး ကိစ္စများကြောင့် မဟုတ်ဘဲ ကိုယ်ပိုင် ကိစ္စများကြောင့်ပင်။
သူသည် သူ၏ တာအိုသိုင်းကွက်များကို ဦးစွာ ဘက်စုံ မြှင့်တင်ရန် စီစဉ်ထားသည်။ ထို့နောက် နောက်ထပ် သက်တမ်း နှစ်ဘီလီယံ နှစ်ရာခန့် စုဆောင်းပြီးပါက ပိုမြင့်သော အဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းမည် ဖြစ်သည်။
သက်တမ်း ဘီလီယံ ၉၀ နီးပါး ဆိုသည်မှာ ကြီးမားသော ပမာဏဟု ထင်ရသော်လည်း အမှန်တကယ်တွင် ကဏ္ဍစုံ မြှင့်တင်မည် ဆိုပါက မကြာမီ ကုန်ဆုံးသွားပေလိမ့်မည်။
ကိစ္စမရှိပါဘူး... သူ တိုးတက်အောင် လုပ်ရမယ်...
ကောင်းကင်စိတ်ဝိညာဉ်အမတအရှင်သည် မဟာကမ္ဘာတစ်ထောင်၏ မဟာတာအို စည်းမျဉ်းများကို ပုံစံသစ် ပြန်လည် တည်ဆောက်ခဲ့ပြီး ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား မသေဆုံးသေးသဖြင့် ကောင်းကင်နန်းတော်၏ သတိပြုမိမှုကို ယာယီ ရှောင်လွှဲထားနိုင်သော်လည်း သူ သန်မာလာစေရန် အရှိန်အဟုန်ကို ထိန်းသိမ်းထားရပေမည်။
ယခုတစ်ကြိမ် စွမ်းအား မြှင့်တင်ပြီးပါက ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား ကိစ္စကို စတင် ဖြေရှင်းရတော့မည်။
ကုအန်သည် သူ၏ သက်တမ်း အဆင့်ချိုးဖျက်ခြင်း လုပ်ဆောင်ချက်ကို စတင် အသုံးပြုလိုက်၏။
[သင်သည် သက်တမ်း အဆင့်ချိုးဖျက်ခြင်း လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်သည်။ သင်၏ လက်ရှိ အဆင့်အပေါ် မူတည်၍ အောက်ပါ အဆင့်ချိုးဖျက်ရာ နေရာများကို သင့်အတွက် ရွေးချယ်ထားပါသည် -]
[၁။ အဝါရောင်ကောင်းကင်သို့ တက်လှမ်းခြင်း]
[၂။ ထာဝရကောင်းကင်ကိုးခု]
[၃။ ချောက်နက် တာအိုပင်လယ်]
[၄။ မဟာတာအို လမ်းစဉ်]
[၅။ အရှေ့ပင်လယ် ကောင်းကင်နန်းတော်]
[၆။ ရှေးဦးဧကရာဇ် နယ်မြေ]
[၇။ နက်နဲသော ချောက်နက် နတ်ဘုရားရေကန်]
[၈။ ရွှေအမတ ဘိုးဘေးသစ်ပင်]
[၉။ လင်တောင်]
သူ့ရှေ့တွင် ပေါ်လာသော ရွေးချယ်စရာများကို ကြည့်ရင်း ကုအန် စိတ်လှုပ်ရှားသွားမိသည်။ အများစုမှာ သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။ မဟာတာအို၏ အဆုံးအစမဲ့ ကျယ်ပြန့်မှုကြောင့် စိတ်လှုပ်ရှားရခြင်း ဖြစ်သည်။
မဟာတာအို လမ်းစဉ်သည် မဟာကမ္ဘာ သုံးထောင်ကို ဆက်သွယ်ထားပြီး မဟာကမ္ဘာ၏ အပြင်ဘက်တွင် ပိုမို ဆန်းကြယ်သော နေရာများစွာ ရှိနေသေးသည်။
ကုအန်၏ ယခင် အဆင့်ချိုးဖျက်ခြင်းက သူ့ကို ထာဝရကောင်းကင်ကိုးခုသို့ ခေါ်ဆောင်သွားခဲ့ပြီး ထိုနေရာသည် သူ့အပေါ် နက်ရှိုင်းသော အမှတ်တရများ ချန်ထားရစ်ခဲ့၏။
အတန်ကြာ စဉ်းစားပြီးနောက် ထာဝရကောင်းကင်ကိုးခုသို့ ပြန်သွားခြင်းသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ကြောင်း သူ ခံစားလိုက်ရသည်။
အခြားနေရာများကို သူ မရေရာပေ။ ထာဝရကောင်းကင်ကိုးခုတွင် စွမ်းအားကြီးသော ဖြစ်တည်မှုများ ရှိသော်လည်း အရေအတွက် နည်းပါးလွန်းသည်။
ဆုံးဖြတ်ချက်ချပြီးနောက် ကုအန်သည် ကူးပြောင်းမူလုပ်ဆောင်ရန်အတွက် ထာဝရကောင်းကင်ကိုးခုကို ရွေးချယ်လိုက်၏။
[ထာဝရကောင်းကင်ကိုးခုသို့ ကူးပြောင်းရန် သက်တမ်း နှစ် ၁၀ ဘီလီယံ ကုန်ကျပါမည်။ ဆက်လက် လုပ်ဆောင်လိုပါသလား။]
ဆက်လုပ်မယ်။
ရွေးချယ်မှု ပြုလုပ်ပြီးနောက် ကုအန် မျက်လုံးမှိတ်လိုက်ရာ အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေသော မူးဝေသည့် ခံစားမှု ပြန်လည် ပေါ်လာ၏။
ခေတ္တမျှ ကြာပြီးနောက် ကုအန် မျက်လုံးဖွင့်လိုက်ရာ အဆုံးအစမဲ့ ကျယ်ပြန့်သော တိမ်ပင်လယ်ကြီးကို တွေ့လိုက်ရသည်။ ခမ်းနားထည်ဝါပြီး ကြီးမားကျယ်ပြန့်လှ၏။ ကောင်းကင်က မြင့်မားနေဆဲ ဖြစ်ပြီး ကုန်းမြေကို မမြင်ရပေ။ မည်သည့် အရပ်မျက်နှာကို ကြည့်သည် ဖြစ်စေ တိမ်ပင်လယ်နှင့် ကောင်းကင်ကိုသာ မြင်တွေ့နေရသည်။
သူသည် သက်တမ်းအတားအဆီးကို ချက်ချင်း ဖွင့်လိုက်ပြီး နေရာတွင်ပင် ထိုင်၍ တရားမှတ်လိုက်၏။
စကားတစ်ခွန်းမှ မဆိုဘဲ သူ စတင်၍ ဆင့်ကဲပြောင်းလဲမှု ပြုလုပ်ကာ အဆင့်မြှင့်တင်လိုက်သည်။
သူ့ခန္ဓာကိုယ်ကနေ စမယ်။
ကုအန်သည် အကြိမ်တိုင်းတွင် သက်တမ်း တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး ဖြည်းညှင်းစွာ လုပ်ဆောင်နေ၏။
ရှေးဦးတာအိုရွှေခန္ဓာ မှ ရှေးဦးဖရိုဖရဲခန္ဓာ အဖြစ်သို့ ပြောင်းလဲရန် သက်တမ်း သန်း ၄၀၀ နီးပါး ကြာမြင့်ခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ သေချာပေါက် ပို၍ ကြာမြင့်ပေလိမ့်မည်။
နှစ်ပေါင်း ၁ သန်း ပြီး ၁ သန်း ကုန်ဆုံးသွားသော်လည်း ကုအန်သည် တည်ငြိမ်နေပြီး နှမြောသည့် အရိပ်အယောင် အနည်းငယ်မျှ မပြပေ။
နောက်ဆုံးတွင် ရှေးဦးဖရိုဖရဲခန္ဓာ မှ ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းအမတခန္ဓာ သို့ ရောက်ရှိရန် သက်တမ်း ၅ဘီလီယံခန့် ကြာမြင့်ခဲ့သည်။
နောက်ဆုံး အသိပေးချက် ပေါ်လာသည်နှင့် ကြီးမားသော တာအိုဝိညာဉ်ချီ လှိုင်းလုံးကြီး ကုအန်ထံသို့ တိုးဝင်လာ၏။
အဆုံးမဲ့ တိမ်ပင်လယ်ကြီးသည် အချိန်တိုအတွင်း ဆူပွက်လှုပ်ရှားလာသည်။ ကံကောင်းသည်မှာ ယခင် အဆင့်ချိုးဖျက်စဉ်ကလောက် ပြင်းထန်ခြင်း မရှိပေ။
ကုအန် မျက်လုံးမှိတ်၍ ဈာန်ဝင်လိုက်၏။
တစ်နာရီခန့် ကြာပြီးနောက် သူ့ခန္ဓာကိုယ် ပြောင်းလဲခြင်း အောင်မြင်သွားသည်။
ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းအမတခန္ဓာ နှင့်အတူ သူ့ခန္ဓာကိုယ် သန်မာလာရုံသာမက မဟာတာအို၏ စွမ်းအားသည် သူ့အသားကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ သံသရာစက်ဝန်း၏ တိုက်စားခြင်းကိုလည်း မခံရတော့ပေ။ သူ့သက်တမ်း ကုန်ဆုံးသွားလျှင်ပင် သူ့ခန္ဓာကိုယ်က ထာဝရ တည်တံ့နေနိုင်မည် ဖြစ်သည်။ ယခုဆိုလျှင် သူသည် ငါးတစ်ကောင် ရေထဲ ကူးခတ်သကဲ့သို့ ရုပ်ခန္ဓာဖြင့် သံသရာစက်ဝန်းထဲသို့ ချောမွေ့စွာ ဝင်ရောက်နိုင်ပြီ ဖြစ်၏။
ကုအန် မျက်လုံးဖွင့်လိုက်ပြီး သူ့စွမ်းရည်ပြဘောင်ကွက်ရှိ ကျင့်စဉ်ကဏ္ဍကို ကြည့်လိုက်သည်။
အဓိက ကျင့်စဉ်ဖြစ်တဲ့ မဟာတာအို၏ လွတ်လပ်ခြင်းနှင့် ဆန္ဒကျမ်း ကို အရင် အဆင့်မြှင့်မယ်။
သူသည် ဆင့်ကဲပြောင်းလဲရန်အတွက် သက်တမ်းများကို စတင် ရင်းနှီးမြှုပ်နှံလိုက်၏။
သက်တမ်း ၃၆ သန်းကို တစ်ကြိမ်တည်း ရင်းနှီးမြှုပ်နှံလိုက်ရာ မဟာတာအို၏ လွတ်လပ်ခြင်းနှင့် ဆန္ဒကျမ်း သည် တာအိုအရှင်သခင် စွမ်းရည် အဖြစ်သို့ မြင့်တက်သွားပြီး နက်ရှိုင်းသော နားလည်သဘောပေါက်မှု အဆင့်သို့ ရောက်ရှိသွားသည်။
တာအိုဝိညာဉ်ချီများ သူ့ထံသို့ ထပ်မံ တိုးဝင်လာပြီး အဆုံးမဲ့ တာအိုသိုင်းကွက် မှတ်ဉာဏ်များ သူ့ခေါင်းထဲတွင် ပေါက်ကွဲထွက်ပေါ်လာ၏။
တာအိုအရှင်သခင် စွမ်းရည် သည် အမည်နှင့် လိုက်ဖက်စွာပင် မဟာတာအိုကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိသည်။ ကျွမ်းကျင်ပိုင်နိုင်သွားပါက ကုအန်သည် မည်သည့် မဟာတာအို အမျိုးအစားကိုမဆို နားလည်သဘောပေါက်နိုင်ပြီး မည်သည့် မဟာတာအိုနှင့် ရင်ဆိုင်ရသည် ဖြစ်စေ အချိန်တိုအတွင်း ၎င်း၏ အားနည်းချက်များကို ရှာဖွေနိုင်မည် ဖြစ်သည်။ အရေးကြီးဆုံးမှာ ဤစွမ်းရည်သည် မဟာတာအို သုံးထောင်ကို စွမ်းအားတစ်ခုတည်း အဖြစ် ပေါင်းစည်းနိုင်ခြင်း ဖြစ်ပြီး အရှင်သခင် စွမ်းအား ဟု သင့်လျော်စွာ အမည်ပေးထား၏။
နောက်ထပ် နာရီဝက်ခန့် ကြာပြီးနောက် ကုအန်သည် တာအိုအရှင်သခင် စွမ်းရည် ကို အောင်မြင်စွာ တတ်မြောက်သွားသည်။ သူသည် ၎င်းကို နက်နက်ရှိုင်းရှိုင်း ခံစားကြည့်ရန် အချိန်မယူဘဲ အခြားသော တာအိုသိုင်းကွက်များကို ဆက်လက် မြှင့်တင်လိုက်၏။
တာအိုသိုင်းကွက် မည်သည့်အဆင့် ရောက်နေသည် ဖြစ်စေ သက်တမ်း ဆင့်ကဲပြောင်းလဲမှုသည် ကုအန်ကို နာရီဝက် အတွင်း တတ်မြောက်စေနိုင်ခြင်းက ကြီးမားသော အားသာချက် တစ်ခု ဖြစ်သည်။
မဟာကမ္ဘာတစ်ထောင် စိတ်အလိုကျ လေဟာနယ်စွမ်းရည် ကို နေနှင့်လ အတ္တမဲ့ နတ်ဘုရားတာအို အဖြစ် အဆင့်မြှင့်တင်လိုက်ရာ သက်တမ်း နှစ် သန်း ၅၀ နီးပါး ကုန်ဆုံးသွား၏။
ဤစွမ်းရည်သည် ကုအန်၏ ကျင့်ကြံခြင်းအဆင့်နှင့် အရှိန်အဝါကို ဖုံးကွယ်ရန် ကူညီပေးသည်။ သူ့ထက်မြင့်သော အဆင့်ရှိသူများပင် သူ့ကို ထိုးဖောက်မမြင်နိုင်ပေ။ သို့သော် ကျင့်ကြံခြင်းအဆင့် ကွာဟချက် ကြီးမားလွန်းပါက ဖုံးကွယ်၍ ရချင်မှ ရပေလိမ့်မည်။ ထို့ကြောင့် ဤစွမ်းရည်ကို သူ ဆက်လက် မြှင့်တင်နေခြင်း ဖြစ်၏။
နေနှင့်လ အတ္တမဲ့ နတ်ဘုရားတာအို သည် ပိုမို လွှမ်းမိုးနိုင်စွမ်း ရှိပြီး ကုအန်ကို မဟာတာအို စည်းမျဉ်းများထဲသို့ ပျောက်ကွယ်သွားစေနိုင်သည်။ သူ ထိုနေရာတွင် ရှိနေလျှင်ပင် မည်သူကမျှ သူ့ကို သတိထားမိမည် မဟုတ်ပေ။ သူသည် သူ့အရှိန်အဝါကို နေ၊ လ၊ ကြယ်တာရာများ အဖြစ်သို့ပင် ပြောင်းလဲနိုင်ပြီး ပြီးပြည့်စုံစွာ ဖုံးကွယ်ထားနိုင်သည်။
အမွေအနှစ် လက်ခံရရှိရန် နောက်ထပ် နာရီဝက် ကြာမြင့်ပြန်၏။
အမွေအနှစ် လက်ခံပြီးနောက် ကုအန်၏ မျက်လုံးများက လျှို့ဝှက်စွမ်းရည်များ ကဏ္ဍသို့ ရောက်ရှိသွားပြီး သူ၏ တိုက်ခိုက်ရေး နည်းစနစ်များကို အဆင့်မြှင့်တင်ရန် ပြင်ဆင်လိုက်သည်။
ထိုစဉ်မှာပင် ဟန်ထျန်းရွှေအမတအဆင့်ထက် များစွာ သာလွန်သော ကြီးမားကျယ်ပြန့်သည့် အရှိန်အဝါတစ်ခု ကျဆင်းလာသဖြင့် ကုအန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ သူ မော့ကြည့်လိုက်သည်။
ကောင်းကင်တွင် ဧရာမ အပြာရောင်ငှက်ကြီး တစ်ကောင် ပေါ်လာပြီး တောင်ပံများကို ဖြန့်ကျက်ထားရာ နေကိုပင် ကွယ်သွားစေသည်ကို တွေ့လိုက်ရ၏။ ၎င်း၏ အမွေးအတောင်များမှာ သက်တံရောင်စဉ်များကဲ့သို့ တောက်ပနေပြီး ဖန်ဆင်းခြင်းခေတ်မှ နတ်ဘုရားငှက် တစ်ကောင်ကဲ့သို့ အဆုံးမဲ့ ရှေးကျပြီး မြင့်မြတ်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
ဤအပြာရောင်ငှက်ကြီးသည် ကုအန် မြင်ဖူးသမျှထဲတွင် အကြီးမားဆုံးသော သတ္တဝါ ဖြစ်သည်။ ထာဝရကောင်းကင်ကိုးခု၏ နောက်ခံနှင့် ယှဉ်ကြည့်လျှင်ပင် ကောင်းကင်အမိုးခုံးသည် ၎င်းကို ဆံ့အောင် မထည့်ထားနိုင်သကဲ့သို့ ဖြစ်နေ၏။
ကုအန်သည် ထိုအပြာရောင်ငှက်ကြီးထံသို့ သက်တမ်းထောက်လှမ်းခြင်း တစ်ခု ပစ်လွှတ်လိုက်သည်။
[ကောင်းကင်ကိုးဆင့် အပြာရောင်ငှက် (ထိုက်ချင်း ရွှေအမတ အစောပိုင်းအဆင့်) - ၂၁၈,၇၂၆,၉၂၉,၇၀၂ / ၅၀,၀၀၀,၀၀၀,၀၀၀,၀၀၀ // ၅၀,၀၀၀,၀၀၀,၀၀၀,၀၀၀]
အသက် နှစ်ဘီလီယံ နှစ်ရာကျော်...
သက်တမ်းက နှစ်ပေါင်း ထရီလီယံ ငါးဆယ်...
တကယ့်ကို ကြောက်စရာ ကောင်းလိုက်တာ...သူ့ကို သတ်လိုက်ရင် သက်တမ်း တစ်ထရီလီယံ ရနိုင်မယ့် စွမ်းရည် ပွင့်သွားမှာပဲ။
သို့သော် "ထိုက်ချင်း ရွှေအမတ" ဆိုသော စာသားကြောင့် ကုအန် စိတ်ကူးယဉ်ရုံသာ တတ်နိုင်လိုက်၏။ အကယ်၍ ကုအန်တွင် သတ်နိုင်စွမ်း ရှိလျှင်ပင် သူ လုပ်လိမ့်မည် မဟုတ်ပေ။
ဒါက သူ့စရိုက် မဟုတ်ချေ။
ထို့အပြင် ကောင်းကင်ကိုးခု အပြာရောင်ငှက်၏ နောက်ကွယ်တွင် ကောင်းကင်ကိုးခုအမတဧကရာဇ် ကဲ့သို့သော ပိုမို စွမ်းအားကြီးသည့် အမတများ ရှိနေမည်ဟု သူ သံသယ ရှိနေသည်။
ကုအန်သည် ကောင်းကင်ကိုးခု အပြာရောင်ငှက်၏ သက်တမ်းကို အံ့သြနေစဉ်မှာပင် ငှက်ကြီးသည် ရုတ်တရက် အောက်သို့ ဆင်းသက်လာပြီး မိုင်တစ်သောင်း အကွာတွင် နားလိုက်၏။
မိုင်တစ်သောင်း ဆိုသည်မှာ သေမျိုးများအတွက် ဝေးကွာသော ခရီးတစ်ခု ဖြစ်သော်လည်း ကောင်းကင်ကိုးဆင့် အပြာရောင်ငှက်အတွက်မူ ခြေသည်းတစ်ချက် လှုပ်လိုက်ရုံဖြင့် ကုအန်၏ နယ်မြေသို့ ရောက်ရှိနိုင်ပေသည်။ ဤအချက်က ကုအန်ကို တင်းမာသွားစေပြီး အချိန်မရွေး ကူးပြောင်းခြင်းဖြင့် ထွက်ပြေးရန် အသင့်ပြင်ထားလိုက်၏။
ကောင်းကင်ကိုးခု အပြာရောင်ငှက်သည် တောင်ပံများကို ခေါက်၍ တိမ်ပင်လယ်ပေါ်တွင် နားလိုက်ရာ ၎င်း၏ ဦးခေါင်းမှာ မမှီနိုင်လောက်အောင် မြင့်မားနေသည်။
ထို့နောက် ကောင်းကင်ကိုးခု အပြာရောင်ငှက်၏ ခေါင်းပေါ်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်ကို ကုအန် တွေ့လိုက်ရ၏။ ကောင်းကင်ကိုးခုအမတဧကရာဇ် ဟု လူသိများသော အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီး ဖြစ်သည်။
ယခင်ကကဲ့သို့ပင် ကုအန်သည် ကောင်းကင်ကိုးခုအမတဧကရာဇ် အပေါ် သက်တမ်းထောက်လှမ်းခြင်း ပြုလုပ်၍ မရနိုင်ဘဲ ဖြစ်နေ၏။ ၎င်းက သူမ၏ ရုပ်ခန္ဓာအစစ် မရောက်ရှိလာကြောင်း ညွှန်ပြနေသည်။
စွမ်းအားကြီးသော ဖြစ်တည်မှု နှစ်ခု သူ့ဘေးတွင် ပေါ်လာသဖြင့် ကုအန် ဆက်လက်၍ အဆင့်တက်မှု မလုပ်ရဲတော့ပေ။ ကောင်းကင်ကိုးခုအမတဧကရာဇ် နှင့် ကောင်းကင်ကိုးခုအပြာရောင်ငှက် ထွက်ခွာသွားမည့် အချိန်ကို စောင့်ဆိုင်းပြီးမှ ပြန်စရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ သူတို့ မထွက်ခွာဘဲ နေနေပါက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာသို့ ပြန်လည် ကူးပြောင်းရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
အခန်း ၅၈၂ သံသရာစက်ဝန်းထဲသို့ ဝင်ရောက်ခြင်း
ကောင်းကင်ကိုးခုအမတဧကရာဇ်သည် ကောင်းကင်ကိုးဆင့် အပြာရောင်ငှက်၏ ခေါင်းပေါ်တွင် ရပ်၍ တိမ်ပင်လယ်ကို ငုံ့ကြည့်နေသည်။ သူမ၏ အကြည့်က ကုအန်ကို စိတ်လှုပ်ရှားသွားစေပြီး အချိန်မရွေး ပြန်လည် ကူးပြောင်းရန် အသင့်ပြင်ထားလိုက်၏။
ကူးပြောင်းခြင်း တစ်ခေါက်လျှင် သက်တမ်း နှစ် ၁၀ ဘီလီယံ ကုန်ကျမည် ဖြစ်ပြီး အသွားအပြန် ဆိုလျှင် နှစ် ၂၀ ဘီလီယံ ကုန်ကျမည် ဖြစ်သည်။ ကုအန် အနေဖြင့် သဘာဝကျစွာပင် အလွယ်တကူ ပြန်မသွားလိုပေ။
ကောင်းကင်ကိုးခုအမတဧကရာဇ်သည် သက်တမ်းအတားအဆီးကို ရှာမတွေ့သလို ကောင်းကင်ကိုးဆင့် အပြာရောင်ငှက်လည်း သတိမထားမိပေ။
ခေတ္တမျှ ကြာပြီးနောက် ကလေးဆန်သော အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာ၏။
"အရှင်မ... အမတတစ်သောင်း ညီလာခံကြီးကို တကယ် မသွားတော့ဘူးလား..."
အပြာရောင်ငှက် စကားမပြောသော်လည်း ထိုအသံသည် အပြာရောင်ငှက်ဆီမှ လာကြောင်း ကုအန် အာရုံခံစားမိ၏။
ကောင်းကင်ကိုးခုအမတဧကရာဇ်သည် အဝေးကို လှမ်းကြည့်ရင်း အေးစက်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။ "ပျင်းစရာကြီး... ငါ အကြိမ်ကြိမ် သွားဖူးတယ်... ဘာမှ ထူးတာ မဟုတ်ဘူး... အပေါ်ယံ ဟန်ပြတွေချည်းပဲ... ပြီးတော့ အမတတစ်သောင်း ညီလာခံက ပေးတဲ့ အခွင့်အရေးတွေလည်း ငါ မလိုပါဘူး..."
"အရှင်မ... ထာဝရကောင်းကင်ကိုးခုက ထူးခြားတဲ့ နေရာ ဖြစ်ပေမဲ့ တခြား အမတ ကျင့်ကြံသူ မဟာစွမ်းအားရှင်တွေနဲ့ တာအိုဆွေးနွေးတာက အရှင်မရဲ့ ကျင့်ကြံမှုကို ပိုအထောက်အကူ ဖြစ်စေမှာပါ..."
"မင်း သွားချင်ရင် ငါ့အစား သွားလိုက်လေ..."
"အရှင်မ မသွားရင် ကျွန်တော်လည်း သွားစရာ အကြောင်းမရှိတော့ပါဘူး... ထားလိုက်ပါတော့... မသွားတော့ဘူး... ဒါနဲ့ အရှင်မ... ဒီနေရာက ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်က ဘာကြောင့် ဖြစ်တာလို့ ထင်လဲ"
ကောင်းကင်ကိုးခု အပြာရောင်ငှက်သည် စကားလမ်းကြောင်း လွှဲလိုက်ပြီး အဆုံးမဲ့ တိမ်ပင်လယ်ကို လှည့်ပတ်ကြည့်ရှုကာ ပြောလိုက်၏။
ကောင်းကင်ကိုးခုအမတဧကရာဇ်က မျက်နှာသေဖြင့် ပြောလိုက်သည်။ "မဟာကမ္ဘာတစ်ထောင်ရဲ့ အထက်မှာ ရှိနေတဲ့ ထာဝရကောင်းကင်ကိုးခုဟာ မဟာတာအိုတွေ ဆုံစည်းရာ နေရာပဲ... ဒီမှာ ဖြစ်ပေါ်တဲ့ မူမမှန်မှုက အောက်ကမ္ဘာကနေ မြစ်ဖျားခံတာ ဖြစ်နိုင်တယ်... ငါတောင် တိုက်ရိုက် ဆုံးဖြတ်လို့ မရဘူး..."
ထိုစကားကို ကြားသောအခါ ကောင်းကင်ကိုးခု အပြာရောင်ငှက်သည် တွေးတောလိုက်ပြီး ၎င်း၏ ငှက်မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်များ လက်ခနဲ ဖြစ်သွား၏။
မဟာကမ္ဘာတစ်ထောင်ရဲ့ အထက်မှာလား...
ကုအန်သည် ထိုသတင်းအချက်အလက်ကို ဖမ်းမိလိုက်ပြီး ထာဝရကောင်းကင်ကိုးခုနှင့် ပတ်သက်၍ ပိုမို စပ်စုချင်စိတ် ဖြစ်ပေါ်လာသည်။
ကောင်းကင်ကိုးခုအမတဧကရာဇ်က ကောင်းကင်နန်းတော်နဲ့ ပတ်သက်မှု မရှိတာများလား...
ကုအန်သည် ကောင်းကင်ကိုးဆင့် အပြာရောင်ငှက်ထံမှ ကောင်းကင်တာအို ကံကြမ္မာကို မခံစားရသလို ကောင်းကင်ကိုးခုအမတဧကရာဇ်မှာလည်း ရုပ်ခန္ဓာအစစ် မဟုတ်သဖြင့် ဘာမှ အာရုံမခံနိုင်ပေ။ အကယ်၍ သူ မျက်လုံးမှိတ်ထားလိုက်ပါက သူမ ရှိနေကြောင်းပင် သတိပြုမိမည် မဟုတ်ချေ။
ခေတ္တမျှ ကြာပြီးနောက် ကောင်းကင်ကိုးခုအမတဧကရာဇ်သည် လေထဲသို့ ခုန်တက်ကာ အဝေးသို့ ပျံသန်းသွား၏။ ကောင်းကင်ကိုးခုအပြာရောင်ငှက်သည်လည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားပြီး မကြာမီ တိမ်ပင်လယ်၏ အဆုံးတွင် ပျောက်ကွယ်သွားကြသည်။
ကုအန်သည် စိတ်လျှော့လိုက်ပြီး စိတ်ရှည်စွာ စောင့်ဆိုင်းနေ၏။
တစ်နာရီခန့် ကြာပြီးနောက် ကောင်းကင်ကိုးခု အပြာရောင်ငှက်၏ အရှိန်အဝါကို အာရုံမခံစားရတော့သဖြင့် စွမ်းရည်ပြဘောင်ကွက်ကို ပြန်ဖွင့်ကာ ဆက်လက် အဆင့်မြှင့်တင်လိုက်သည်။
နောက်တစ်ခုက ထာဝရအန္တိမဓားနတ်ဘုရား...
ဓားတာအိုမြစ်နှင့် ပေါင်းစပ်ထားသော မြင့်မြတ်သော နှလုံးသား ဓားတာအို ကို သူ တတ်မြောက်ထားပြီး သီးခြားလွတ်လပ်သော ဖြစ်တည်မှုဟု သတ်မှတ်ခံထားရသော်လည်း မြင့်မြတ်သော နှလုံးသား ဓားတာအို တစ်ခုတည်းကိုသာ အားကိုး၍ မရကြောင်း သူ ခံစားရသည်။ သူ့ဝှက်ဖဲ အဖြစ် ပိုမို သန်မာသော ဓားသိုင်းကွက်များ လိုအပ်သည်။
ထာဝရအန္တိမဓားနတ်ဘုရား သည် တာအိုသတ်ဖြတ်ဓားသုံးထောင် အဖြစ်သို့ ပြောင်းလဲသွားပြီး ကျွမ်းကျင်အဆင့်သို့ ရောက်ရှိကာ သက်တမ်း နှစ် သန်း ၈၀ ရှစ်ဆယ် ကုန်ကျသွား၏။
အမွေအနှစ် လက်ခံရယူနေသည့် နာရီဝက် အတွင်း ကောင်းကင်ကိုးခုအမတဧကရာဇ်နှင့် ကောင်းကင်ကိုးခုအပြာရောင်ငှက် ပြန်မလာကြသဖြင့် ကုအန်သည် သက်တမ်းများကို ဆက်လက် ရင်းနှီးမြှုပ်နှံ၍ ဆင့်ကဲပြောင်းလဲမှု လုပ်ဆောင်လိုက်သည်။
ဆန်းကြယ်အဝါရောင် ထာဝရတာအိုခြေလှမ်း သည် တာအိုမဲ့ ကောင်းကင်ပိုက်ကွန်ခြေလှမ်း အဖြစ်သို့ ပြောင်းလဲသွားပြီး ပေါင်းစပ်အဆင့်သို့ ရောက်ရှိကာ သက်တမ်း နှစ်သန်း ၄၀ ကုန်ကျသွား၏။
ကောင်းကင်ခရမ်းရောင် သူတော်စင် တာအိုခန္ဓာ သည် ဟုန်မုန့် လေဟာနယ်ရွှေခန္ဓာ အဖြစ်သို့ ပြောင်းလဲသွားပြီး ပေါင်းစပ်အဆင့်သို့ ရောက်ရှိကာ သက်တမ်း နှစ် ၇၆ သန်း ကုန်ကျသွား၏။
အဓိကကျသော တာအိုသိုင်းကွက်များကို အဆင့်မြှင့်တင်ပြီးနောက် ကုအန်သည် မဟာဝိညာဉ်ဖမ်းယူခြင်း အမတစွမ်းရည် ကို အာရုံစိုက်လိုက်သည်။
ဤစွမ်းရည်သည် ဝိညာဉ်ရှာဖွေခြင်း ကို ပြုလုပ်နိုင်သော်လည်း ရန်သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလေ ဝိညာဉ်ရှာဖွေရန် ပိုမို ခက်ခဲလေ ဖြစ်သဖြင့် အဆင့်မြှင့်တင်ရန် လိုအပ်သည်။
ဤသည်မှာ လွန်ခဲ့သော နှစ်များစွာက ကျန်းချုံး သင်ပေးခဲ့သော ဝိညာဉ်ဖမ်းယူခြင်း စွမ်းရည် ကို ပြောင်းလဲထားခြင်း ဖြစ်သည်။
ကုအန်သည် သက်တမ်း သန်း ၁၃၀ ကို တမုဟုတ်ချင်း အသုံးပြုလိုက်ရာ မဟာဝိညာဉ်ဖမ်းယူခြင်း အမတစွမ်းရည် သည် အဆင့်များစွာ ခုန်တက်သွားပြီး နောက်ဆုံးတွင် ကပ်ဘေးအန္တိမမျက်လုံး အဖြစ်သို့ ပြောင်းလဲသွား၏။
ကပ်ဘေးအန္တိမမျက်လုံး သည် ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်နိုင်ရုံသာမက ရန်သူကို ကံဆိုးမိုးမှောင်ကျစေနိုင်ပြီး ကပ်ဘေး၏ သဘောသဘာဝကို အသုံးပြုသူ၏ စိတ်ကူးစိတ်သန်းဖြင့် ပုံဖော်နိုင်သည်။
အလွန် လွှမ်းမိုးနိုင်စွမ်းရှိသော နတ်ဘုရားစွမ်းရည် တစ်ခုပင်။
ဒီလောက်ဆို ရပြီ...
ကုအန်သည် ဆက်လက်၍ ဆင့်ကဲပြောင်းလဲမှု မလုပ်ရဲတော့ပေ။ သက်တမ်းအတားအဆီး အတွက် သုံးစွဲရမည့် ပမာဏကို ထည့်တွက်လိုက်လျှင် သူ့၌ သက်တမ်း ၂၃ ဘီလီယံသာ ကျန်ရှိတော့ပြီး ပြန်လည် ကူးပြောင်းရန်အတွက် သက်တမ်း ၁၀ ဘီလီယံ လိုအပ်နေသေးသည်။
အဆင့်ဆင့် တိုးတက်ပြောင်းလဲမှုများနှင့် တိုးတက်မှုများစွာ ပြုလုပ်ပြီးနောက် ကုအန်သည် လုံးဝပြောင်းလဲသွားသည်ဟု ခံစားခဲ့ရသည်။ သူ၏ ကျင့်ကြံမှုအဆင့် မတက်မလာသော်လည်း သူ၏ ခွန်အားမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ယခုဆိုလျှင် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကို ကိုင်တွယ်ရသည်မှာ လွယ်ကူပေလိမ့်မည်။ ဤသို့ တွေးလိုက်ပြီးနောက် ကုအန် မတ်တတ်ရပ်လိုက်သည်။ အမြဲမပြတ် လှုပ်ရှားနေသော တိမ်ပင်လယ်ကို နောက်ဆုံးအကြိမ် ကြည့်ရှုလိုက်၏။ နောက်တစ်ကြိမ် အဆင့်ချိုးဖျက်သည့်အခါ နေရာပြောင်းရတော့မည် ဖြစ်သည်။
ကောင်းကင်ကိုးခုအမတဧကရာဇ်နှင့် ကောင်းကင်ကိုးဆင့် အပြာရောင်ငှက်တို့ မကြာသေးမီက ပေါ်လာခြင်းသည် တိုက်ဆိုင်မှု မဟုတ်ပေ။ သူ့နေရာကို စုံစမ်းရန် ရည်ရွယ်ချက် ရှိနေကြခြင်း ဖြစ်ရမည်။ သူတို့၏ စကားများက တိုက်ရိုက် မရည်ညွှန်းသော်လည်း သူ သတိရှိရပေမည်။
ကုအန် ပြန်လည် ကူးပြောင်းရန် ရွေးချယ်လိုက်ရာ သူ တွေးလိုက်သည်နှင့် တစ်ပြိုင်နက် နေရာမှ ပျောက်ကွယ်သွား၏။
...
ကုအန်သည် ချန်ခွန်းဂိုဏ်း အနီးရှိ တောအုပ်ထဲသို့ ပြန်လည် ရောက်ရှိလာရာ အန်ရှင်းနှင့် အခြားသူများကို မတွေ့ရတော့ပေ။
သူ့ကို ရှာမတွေ့သဖြင့် အန်ရှင်းသည် ဆောင်သို့ ပြန်သွားပြီး ကျင့်ကြံနေသည်။
ကုအန် အလျင်လိုခြင်း မရှိပေ။ သူ သစ်ပင်ပေါ်မှ ခုန်ဆင်းပြီး စမ်းချောင်းကို ဖြတ်ကျော်ကာ စမ်းချောင်းဘေးရှိ ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ထိုင်လိုက်၏။
ညာဘက်လက်ကို မြှောက်၍ လက်ဖဝါး ဖြန့်လိုက်ရာ ကျောက်စရစ်ခဲ အရွယ်အစားရှိသော ဦးခေါင်းခွံတစ်ခု သူ့လက်ဝါးပေါ်တွင် ပေါ်လာသည်။ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ ဦးခေါင်းခွံပင် ဖြစ်၏။
ဆံပင်ဖရိုဖရဲ ဖြစ်နေသော ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားသည် မျက်လုံးဖွင့်ပြီး ကုအန်ကို မော့ကြည့်လိုက်ရာ သူ့မျက်နှာထားမှာ တည်ငြိမ်သွားသည်။
ရာစုနှစ်တစ်ခုကြာ ဖိနှိပ်ခံထားရပြီးနောက် သူသည် စိတ်ကို ပြင်ဆင်ထားပြီး ဖြစ်ရာ မည်သည့် ရလဒ်ကိုမဆို ရင်ဆိုင်ရန် အသင့်ရှိနေ၏။
ကုအန်၏ မျက်လုံးအိမ်များသည် ရုတ်တရက် အနီရောင်ရင့်ရင့် ပြောင်းလဲသွားပြီး သူ့ကို ကြည့်နေသော ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ မျက်လုံးအိမ်များလည်း အလိုအလျောက် ပြူးကျယ်သွားကာ မျက်နှာအမူအရာမှာ ထိုင်းမှိုင်းသွားသည်။
ကပ်ဘေးအန္တိမမျက်လုံး...
သူသည် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ မှတ်ဉာဏ်များကို စတင် မွှေနှောက်ရှာဖွေလိုက်၏။
နံနက်ခင်း နေရောင်ခြည် ဖြာကျနေပြီး ကုအန်၏ အရိပ်မှာ ရှည်လျားစွာ ကျရောက်နေသည်။
အချိန်အတော်ကြာပြီးနောက်။
ကုအန်၏ မျက်လုံးများ ပုံမှန်အရောင်သို့ ပြန်လည် ရောက်ရှိသွားပြီး မျက်မှောင်ကြုတ်လိုက်မိ၏။
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ မှတ်ဉာဏ်များမှာ ရိုးရှင်းလွန်းလှသည်။ နယ်နိမိတ်တံခါးအောက်တွင် နှစ်ပေါင်းများစွာ တရားထိုင်နေခဲ့သဖြင့် သူ့မှတ်ဉာဏ် အများစုမှာ ဗလာဖြစ်နေပြီး ကောင်းကင်နန်းတော်နှင့် သက်ဆိုင်သည်ဟု ယူဆရသည်။
သို့သော် ကုအန်သည် အသုံးဝင်သော အချက်အလက် အချို့ကို ရရှိခဲ့သည်။ ဥပမာအားဖြင့် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားက ကောင်းကင်စိတ်ဝိညာဉ်အမတအရှင်ကို ဘာကြောင့် လုပ်ကြံခဲ့သနည်း ဆိုသည်ပင်..။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားသည် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို ဖျက်ဆီးပစ်နိုင်ခဲ့သော်လည်း ကောင်းကင်စိတ်ဝိညာဉ်အမတအရှင် ကိုင်ဆောင်ထားသော ကမ္ဘာအပြစ်ပေး တာအိုပုလဲ ကို လိုချင်ခဲ့သည်။
မဟာတာအိုမှ မွေးဖွားလာသော ကမ္ဘာအပြစ်ပေး တာအိုပုလဲ သည် တိုက်ပွဲတွင် အသုံးပြုနိုင်ရုံသာမက တာအိုကို နားလည်သဘောပေါက်ရန်အတွက်လည်း အသုံးပြုနိုင်သည့် အန္တိမ ရတနာတစ်ခု ဖြစ်ပြီး အဆုံးမဲ့ အံ့ဖွယ်အသုံးပြုမှုများ ရှိသည်။
ကောင်းကင်စိတ်ဝိညာဉ်အမတအရှင်သည် ပုလဲ၏ ပိုင်ရှင် လာရောက်ရှာဖွေမည်ကို ကြောက်ရွံ့သဖြင့် ပုလဲကို အလွယ်တကူ မသုံးရဲခဲ့ပေ။
ကမ္ဘာအပြစ်ပေး တာအိုပုလဲ ၏ ပိုင်ရှင်မှာ ကျီဝေ့ဧကရာဇ် ဖြစ်သည်။ ကောင်းကင်ဝိညာဉ်အမတအရှင်၏ မှတ်ဉာဏ်မှတဆင့် ကျီဝေ့ဧကရာဇ်ကို ကုအန် မြင်တွေ့ခဲ့ရ၏။
ဤကျီဝေ့ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ် သူ့သက်တမ်းတစ်လျှောက် တွေ့ကြုံခဲ့ဖူးသော ပြိုင်ဘက်ကင်း ကျီဝေ့ဧကရာဇ်နှင့် ထပ်တူ တူညီနေသည်။
ကျီဝေ့ဧကရာဇ်သည် ကျီဝေ့ဧကရာဇ်၏ ဝင်စားသော ကိုယ်ခန္ဓာ ဖြစ်မည်ဟု ကုအန် ခန့်မှန်းလိုက်၏။
မဟာစွမ်းအားရှင်များသည် ကောင်းကင်ဘုံများအနှံ့ ပုံရိပ်ယောင်များ စေလွှတ်တတ်ပြီး ဝင်စားခြင်းများ ဖန်တီးတတ်ကြသည်မှာ အဆန်းမဟုတ်ပေ။
တူညီသော အဆင့်ရှိသူ ရာပေါင်းများစွာကို တိုက်ခိုက်နိုင်ပြီး ရန်သူများကို ဆုတ်ခွာသွားအောင်ပင် လုပ်နိုင်သော ကျီဝေ့ဧကရာဇ်မှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။ ကျီဝေ့ဧကရာဇ်၏ ဝင်စားသူ ဖြစ်နေခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
ကုအန် အတွေးနယ်ချဲ့နေစဉ် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား အသိပြန်ဝင်လာ၏။ သူ လန့်သွားပြီး ကုအန်ကို ကြည့်ကာ မေးလိုက်သည်။ "မင်း... ငါ့ကို ဘာလုပ်လိုက်တာလဲ..."
ကုအန်က သူ့ကို ငုံ့ကြည့်ပြီး မေးလိုက်၏။ "မင်း သေချင်လား... သက်ရှင်ချင်လား..."
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ ကမ္ဘာပျက်ကပ်ဘေး ဖန်တီးမှုများသည် ကောင်းကင်နန်းတော်နှင့် သက်ဆိုင်သလားဟု ကုအန် မေးမြန်းခဲ့စဉ်က ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားသည် သူ့ကိုယ်ကျိုးအတွက်သာ ဖြစ်ကြောင်း ဝန်ခံခဲ့သဖြင့် ကုအန် သူ့ကို လေးစားစိတ် အနည်းငယ် ဖြစ်မိသွားသည်။
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားသည် ရဲရင့်ပြီး တာဝန်ယူတတ်သည်။ ဤသို့သော လူတစ်ယောက်ကို တိုက်ရိုက် သတ်ပစ်လိုက်ရမည်မှာ နှမြောစရာ ကောင်းလှ၏။
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ ဖျက်ဆီးမှုများသည် သက်ရှိများအတွက် ဆိုးရွားသော်လည်း စကြဝဠာ ရှုထောင့်မှ ကြည့်လျှင် သူသည် စကြဝဠာ စည်းမျဉ်းများကို ကာကွယ်ခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား အသက်ရှင်ချင် မရှင်ချင် ဆိုသည်မှာ သူ့သဘောထား အပေါ် မူတည်ပေလိမ့်မည်။
ကုအန်၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား မျက်မှောင်ကြုတ်လိုက်၏။ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် သူက ပြောလိုက်သည်။ "ငါ မင်းကို အလုပ်အကျွေး ပြုဖို့ မဖြစ်နိုင်ဘူး... ဒီနေ့ ငါ့ကံကြမ္မာက ငါစိုက်ခဲ့တာ ငါပြန်ရိတ်သိမ်းရတာပါပဲ... အရင်တုန်းက ရတနာကို မမက်မောဘဲ ကောင်းကင်တာအို နောက်ကိုသာ လိုက်ခဲ့မယ် ဆိုရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူး... ငါ့ကို သတ်လိုက်ပါတော့..."
ထိုသို့ ပြောပြီးနောက် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား မျက်လုံးမှိတ်လိုက်၏။
ရုတ်တရက် ကုအန်က မေးလိုက်သည်။ "မင်း သေမျိုး ဖြစ်ဖူးလား..."
ထိုစကားကို ကြားသောအခါ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား မျက်လုံးဖွင့်ပြီး ကုအန်ကို အံ့သြစွာ ကြည့်လိုက်၏။
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ မှတ်ဉာဏ်ထဲတွင် သူသည် ကောင်းကင်ဘုံ၏ မျက်နှာသာပေးခံရသော ကလေးတစ်ဦး အဖြစ် မွေးဖွားလာပြီး ငယ်စဉ်ကတည်းက ကျီဝေ့ဧကရာဇ်၏ တပည့် အဖြစ် လက်ခံခြင်း ခံခဲ့ရသည်။ မွေးဖွားလာကတည်းက လူအများအထက်တွင် ရှိနေခဲ့၏။
ကုအန်က သူ့ကို ငုံ့ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။
"မင်းကို အခု သတ်လိုက်ရင် မင်းအတွက် သက်သာလွန်းရာ ရောက်သွားလိမ့်မယ်... လူသားကမ္ဘာကို သွားပြီး လူသားတွေရဲ့ ရုန်းကန်ရမှုတွေကို ခံစားကြည့်လိုက်ပါဦး... အမတနတ်ဘုရားတွေရဲ့ မျက်လုံးထဲမှာ သေမျိုးဝိညာဉ်တွေက ဖုန်မှုန့်တွေနဲ့ မခြားနားဘူး ဆိုပေမဲ့... အသက်ရှင်ရပ်တည်နိုင်ဖို့ သေမျိုးဝိညာဉ်တွေ ဘယ်လောက် ကြိုးစားရတယ် ဆိုတာ မင်း ဘယ်လိုလုပ် သိနိုင်မှာလဲ..."
စကားဆုံးသည်နှင့် ကုအန် လက်ကို ပက်လက်လှန်လိုက်ပြီး ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကို စမ်းချောင်းထဲသို့ ပစ်ချလိုက်၏။
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား ပြုတ်ကျသွားစဉ် ကုအန်ကို လှမ်းကြည့်လိုက်သည်။ သူ့အမြင်တွင် ကုအန်သည် အလွန် ခမ်းနားထည်ဝါနေ၏။ အမှန်တကယ်ပင် သူသည် လူသားတို့၏ ဒုက္ခဆင်းရဲများကို နားမလည်ခဲ့ပေ။ သို့သော် ထိုအချိန်တွင် သေမျိုးများ အမတနတ်ဘုရားများကို မည်သို့ မော့ကြည့်ကြသလဲ ဆိုသည်ကို သူ နားလည်လိုက်သည်။
သူ့အမြင်အာရုံ လျင်မြန်စွာ အမှောင်ကျသွား၏။
ကုအန် သူ့ကို လွှတ်ချလိုက်ပြီးနောက် သူ့ဘုရားစိတ်အာရုံကို အသုံးပြု၍ သံသရာစက်ဝန်းထဲသို့ ပို့ဆောင်လိုက်သည်။
တာအိုအရှင်သခင် စွမ်းရည် နှင့် နေနှင့်လ အတ္တမဲ့ နတ်ဘုရားတာအို တို့ကို ဆင်ခြင်သုံးသပ်ပြီးနောက် ကုအန်သည် သံသရာလမ်းကြောင်းကို ရိုးရှင်းစွာ ထိန်းချုပ်နိုင်ပြီး ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကို ဝင်စားစေနိုင်သည်။ ယင်းက သူ့အတွက် မခက်ခဲပေ။
သူ့လက်ကနေ မလွတ်မြောက်နိုင်အောင် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကို ကောင်းကင်ဝိညာဉ် မဟာကမ္ဘာထဲ၌ မွေးဖွားစေလိုက်၏။
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားသည် တာအိုကာကွယ်ရေး နတ်ဘုရား အနှစ်သာရ ဖြင့် ချည်နှောင်ခံထားရပြီး သူ့ဝိညာဉ်လည်း တံဆိပ်ခတ်ခံထားရ၏။ ကုအန်သာ လှုပ်ရှားမပေးလျှင် သူသည် သံသရာစက်ဝန်းထဲတွင် ထာဝရ ပိတ်မိနေပြီး လွတ်မြောက်နိုင်မည် မဟုတ်ပေ။