အခန်း (၅၈၅-၅၈၆)
Vol. 47 Ch. 585-586
အခန်း ၅၈၅ လုချိုရှန်း၏ ဒဏ္ဍာရီ
ညသည် ရေပြင်ကဲ့သို့ ငြိမ်သက်နေပြီး မြေခွေးဖြူ သုံးကောင်က လောင်တကို သားကောင်တစ်ကောင်ကဲ့သို့ စိုက်ကြည့်နေကြ၏။
သူတို့၏ အကြည့်အောက်တွင် လောင်တသည် စိတ်ထဲတွင် ရုန်းကန်နေရပြီး သူ့ကျောပေါ်ရှိ ရှောင်ဝူမှာ အသက်ရှူသံ ပျောက်ဆုံးသွားပြီ ဖြစ်ကာ ခန္ဓာကိုယ် တောင့်တင်းလာသဖြင့် သူ့စိတ်နှလုံး ပိုမို ပူပန်လာရသည်။
သူသည် သူတောင်းစားတစ်ယောက် ဖြစ်ပြီး လူ့အဖွဲ့အစည်း၏ အနိမ့်ဆုံး အလွှာတွင် နေထိုင်ရသဖြင့် လူများစွာ၏ စော်ကားမှုကို ခံရသော်လည်း လူသတ်ရန် တခါမျှ မတွေးဖူးပေ။ အများဆုံး သူလုပ်ချင်သည်မှာ သူ့ကို အနိုင်ကျင့်သူများကို ပြန်လည် ရိုက်နှက်ရုံသာ ဖြစ်သည်။
သူ့အမြင်တွင် လူသတ်ခြင်းသည် ခွင့်မလွှတ်နိုင်သော လုပ်ရပ်တစ်ခု ဖြစ်၏။
သို့သော် သူ့ညီလေး ရှောင်ဝူက သူ့အကူအညီကို စောင့်မျှော်နေဆဲ ဖြစ်သည်။
လောင်တ အသက်ပြင်းပြင်း ရှူလိုက်ပြီး မြေခွေးဖြူ သုံးကောင်ကို မော့ကြည့်ကာ အံကြိတ်၍ ပြောလိုက်သည်။ "ဒီလောက်ပါပဲလား... ကျွန်တော့်အသက်ကို ယူပြီး ညီလေးကို ကယ်ပေးပါ... ပြီးတော့ ကျွန်တော့်ညီလေးကို တစ်သက်လုံး အစေခံခိုင်းလိုက်ပါ"
ရှောင်ဝူသည် မသန်စွမ်းတစ်ဦး ဖြစ်ပြီး တစ်ကိုယ်တည်း ရပ်တည်ရန် ခက်ခဲလှ၏။ အကယ်၍ ဤမိစ္ဆာ သုံးကောင်နှင့် ဆက်နွယ်ခွင့် ရခဲ့ပါက ပိုမိုကောင်းမွန်သော လမ်းစတစ်ခုကို ရှာတွေ့နိုင်ပေလိမ့်မည်။
မိစ္ဆာများသည် အမတ နတ်ဘုရားများလောက် မစွမ်းဆောင်နိုင်သော်လည်း သာမန်လူများနှင့် ယှဉ်လျှင် ကွာခြားလွန်းလှသည်။ အကယ်၍ မိစ္ဆာများက ရှောင်ဝူ ခြေထောက်ပြန်ကောင်းအောင် လုပ်ပေးနိုင်မယ် ဆိုရင်ရော...
လောင်တ ပြောသည်ကို ကြားသောအခါ မြေခွေးဖြူ သုံးကောင် မှင်သက်သွားပြီး တခစ်ခစ် ရယ်မောလိုက်ကြ၏။
"မင်းညီက မသန်စွမ်းလေ... သူက ငါတို့ကို ပြုစုရမှာလား... ငါတို့က သူ့ကို ပြုစုရမှာလား..."
"သေမျိုး... မင်း တွေးတာ များလွန်းနေပြီ..."
"ဒီလို သူရဲဘောကြောင်တဲ့ ကောင်က ငါတို့ အစေခံ ဖြစ်ဖို့တောင် အရည်အချင်း မမီဘူး..."
မိစ္ဆာများ၏ လှောင်ပြောင်မှုကို ခံရသော်လည်း လောင်တ ဒေါသမထွက်ဘဲ ပို၍သာ စိုးရိမ်ပူပန်လာသည်။
သူ့ညီကို ကယ်တင်ဖို့ အခွင့်အရေး ရလာမှတော့ သူ ဘယ်လိုလုပ် လက်လွှတ်လိုက်လို့ ဖြစ်မှာလဲ။
"မင်း မြို့ထဲသွားပြီး လူသတ်ပေးမယ် ဆိုရင် ငါတို့ မင်းညီကို ပုံမှန် ပြန်ဖြစ်အောင် လုပ်ပေးနိုင်တယ်... ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေကို ပြန်ပြင်ပေးနိုင်တယ်... မြို့ထဲမှာ လူဆိုးတွေ အများကြီးပဲ...မင်းက မင်းညီ တစ်ယောက်တည်းကို ကယ်တင်တာ မဟုတ်ဘူး..."
မြေခွေးဖြူ တစ်ကောင်က နက်ရှိုင်းသော အဓိပ္ပာယ် ပါဝင်သည့် စကားကို ပြောလိုက်ရာ လောင်တ၏ မျက်လုံးများထဲတွင် အလင်းရောင်သစ်တစ်ခု တောက်ပလာ၏။
ထိုအချိန်၌ပင် ကုအန်သည် အနီးနားရှိ သစ်ပင်အောက်တွင် ရပ်၍ ထိုမြင်ကွင်းကို ကြည့်နေသည်။ ဤမြေခွေးဖြူ သုံးကောင်သည် အဆင့် ၂ မိစ္ဆာများ ဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် နှင့် ညီမျှသော်လည်း လူအသွင် မပြောင်းလဲနိုင်သေးပေ။ သူတို့ ပြောသည်မှာ အမှန်ပင် ဖြစ်ပြီး လောင်တကို အသုံးချ၍ မြို့ထဲရှိ လူဆိုးများကို သတ်ဖြတ်စေလိုခြင်း ဖြစ်သည်။
အနီးနားတွင် အမတ ကျင့်ကြံရေး ဂိုဏ်းများ ရှိနေသဖြင့် မိစ္ဆာများ ဆိုးသွမ်းပါက ဖမ်းဆီးသတ်ဖြတ်ခံရမည်ကို ကြောက်ရွံ့ကာ ကိုယ်တိုင် မလှုပ်ရှားရဲကြပေ။ လောင်တကို ကြားခံအဖြစ် အသုံးပြုခြင်းက လူတိုင်းကို လှည့်စားရန် လုံလောက်သည်ဟု ယူဆထားကြ၏။
ကုအန် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် မရှိပေ။ ဤကိစ္စကြောင့် လူများ သေဆုံးလျှင်လည်း သူ ဂရုစိုက်မည် မဟုတ်ပေ။
ယခင်က သက်ရှိများကို သူ အများအပြား ကယ်တင်ခဲ့ဖူးပြီ ဖြစ်ရာ ယခု လူတစ်ယောက်၏ အသက်ရှင်ခြင်း၊ သေဆုံးခြင်းအတွက် တွန့်ဆုတ်နေမည် မဟုတ်ပေ။ သို့သော် တစ်စုံတစ်ယောက်က သူ့စိတ်ကို အမှန်တကယ် လှုပ်ရှားစေခဲ့လျှင် သူ ဆန္ဒရှိသလို လုပ်ဆောင်ပေလိမ့်မည်။
နောက်ဆုံးတွင် လောင်တ သဘောတူလိုက်၏။ သူသည် ရှောင်ဝူကို ချထားခဲ့ပြီး မြို့ထဲသို့ တစ်ယောက်တည်း ပြန်သွားသည်။
သူ ထွက်သွားသည်နှင့် မြေခွေးဖြူ သုံးကောင်သည် ရှောင်ဝူကို ဝိုင်းရံ၍ သူ့ဝိညာဉ်ကို ကာကွယ်ရန် မန္တန် ရွတ်ဆိုလိုက်ကြ၏။
ရှောင်ဝူ၏ သက်တမ်းနှင့် အန္တိမ သက်တမ်းသည် ၁၅ နှစ်သာ မဟုတ်ပေ။ အမှန်တကယ်ပင် သူတို့၌ ရှောင်ဝူ၏ အသက်ကို ကယ်တင်ရန် နည်းလမ်းများ ရှိသော်လည်း ယနေ့မှစ၍ ရှောင်ဝူ အနေဖြင့် မိစ္ဆာများနှင့် ပတ်သက်မှုကို ဖြတ်တောက်ရန် ခက်ခဲပေလိမ့်မည်။
ကုအန် ခေတ္တမျှ ကြည့်ရှုပြီးနောက် နေရာမှ ပျောက်ကွယ်သွား၏။
မြေခွေးဖြူ သုံးကောင်က ကံတရားကို ပြောင်းလဲပေးခဲ့သော်လည်း ရှောင်ဝူ၏ ဘဝသည် အမတ အဖြစ် တက်လှမ်းရန် ကံပါမလာပေ။ ဤသည်မှာ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား အတွက် ကုအန် စိတ်ကူးထားသော ပြစ်ဒဏ် ဖြစ်၏။
ကုအန်သည် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ မွေးဖွားခြင်းနှင့် ဘဝအတွေ့အကြုံများကို တမင်တကာ ခြယ်လှယ်မည် မဟုတ်သော်လည်း သူ့အသက်ကို ကန့်သတ်ထားမည် ဖြစ်သည်။
နွေရာသီ ညလေညှင်းသည် အနည်းငယ် အေးစက်နေ၏။
မြေခွေးဖြူ တစ်ကောင် ရုတ်တရက် တုန်ယင်သွားပြီး တိုးညှင်းစွာ ပြောလိုက်သည်။ "ဘာလို့ ငါ စိုးရိမ်နေတာလဲ မသိဘူး... ဒါက ပြဿနာ ဖြစ်လာနိုင်တယ်လို့ ခံစားနေရတယ်..."
သူမ ဘေးရှိ မြေခွေးက စိုက်ကြည့်ပြီး ဆူငေါက်လိုက်၏။ "ဘာကြောက်စရာ ရှိလို့လဲ... နင်က မြို့စားအိမ်တော်က ကာမဂုဏ်လိုက်စားတဲ့ သခင်လေးရဲ့ မယားငယ် သွားလုပ်ချင်လို့လား"
"မလုပ်ချင်ပါဘူး... သူက ရွံစရာ ကောင်းလိုက်တာ..."
"အဓိက က သူ အနိုင်ကျင့်လွန်းလို့ သူ့ကို သတ်ရမှာ... ဟိုကောင် ပြန်ရောက်လာရင် ငါတို့ရဲ့ သိုင်းပညာတွေ သူ့ကို သင်ပေးလိုက်ကြစို့..."
"အဲလိုပဲ လုပ်ရမှာပေါ့..."
မြေခွေးဖြူ သုံးကောင်၏ အသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် တောအုပ်ကြီးသည် တိတ်ဆိတ်၊ ဖိစီး၍ ကြောက်မက်ဖွယ် ကောင်းသော ငြိမ်သက်ခြင်းထဲသို့ ကျရောက်သွား၏။
...
သဲများ ကောင်းကင်အထိ ပြည့်နှက်နေသော ကျောက်ကမ်းပါး တစ်ခုတွင် ဆံပင်ဖြူများဖြင့် ကျန်းပုခုသည် အစွန်းတွင် ရပ်နေ၏။ အင်္ကျီမပါဘဲ သွေးကန်ကြီးကို ငုံ့ကြည့်နေသည်။
သူ့ခန္ဓာကိုယ် အပေါ်ပိုင်းသည် ကြွက်သားများဖြင့် ပြည့်နှက်နေပြီး စွမ်းအားများ ပြည့်ဝနေ၏။ သွေးကြောများ လိမ်ယှက်နေသဖြင့် ပို၍ ကြောက်မက်ဖွယ် ကောင်းနေသည်။
သဲပြင်ထဲမှ ဗုဒ္ဓခေါင်းတစ်လုံး ပျံတက်လာသည်။ ဗုဒ္ဓအင်မော်တယ် ပင် ဖြစ်၏။
ဗုဒ္ဓအင်မော်တယ်သည် ကျန်းပုခုကို ကြည့်လိုက်ရာ သူ့ကျောက်သားမျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာ ပေါ်နေသည်။
သူသည် ကျန်းပုခုကို အတင်းအကျပ် ကျင့်ကြံစေခဲ့သော်လည်း ကျန်းပုခုသည် သူ့တာအိုနှင့် ဤမျှ လိုက်ဖက်ညီလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ သူ့မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့၏။
အကယ်၍ သူ ကျန်းပုခုကို ဝင်ရောက်ပူးကပ်နိုင်ခဲ့လျှင် နောက်ဘဝတွင် ယခုဘဝထက် သာလွန်နိုင်ပေလိမ့်မည်။ ထိုသို့ တွေးမိတိုင်း နောင်တရမိသည်။
သို့သော် သတ္တိမည်မျှ ရှိစေကာမူ သူ မဆင်မခြင် မလုပ်ရဲပေ။ ကုအန်၏ ဖိအားကို တွေးမိလိုက်ရုံဖြင့် ကြောက်ရွံ့၍ တုန်လှုပ်သွားရ၏။
ကျန်းပုခုက ဗုဒ္ဓအင်မော်တယ် ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။ "ဆန်းကြယ်နယ်မြေသခင် အခု ဘယ်မှာလဲ..."
ဗုဒ္ဓအင်မော်တယ်က ပြန်ဖြေလိုက်၏။ "မင်းဆန္ဒအတိုင်း ငါ သူ့ကို မဟာကမ္ဘာတစ်ထောင်ဆီ ပို့လိုက်ပါပြီ... သူ အခု အရမ်း ဘေးကင်းပါတယ်..."
"ခင်ဗျား ကျွန်တော့်ကို လိမ်တာ သိရရင်တော့ ဒီကျေးဇူးက အမုန်းတရား ဖြစ်သွားလိမ့်မယ်..."
"စိတ်ချပါ... ငါ ဒီလောက်ထိ လုပ်ပေးပြီးမှတော့ ဘာလို့ သူ့ကို သတ်ရမှာလဲ..."
"သူ ထိုက်ကျယ် မဟာကမ္ဘာ မှာ ရှိနေတာပါ... မင်း ကျင့်ကြံလို့ ပြီးရင် အဲဒီ မဟာကမ္ဘာဆီ ပို့ပေးမယ်... အဲဒီမှာ အခွင့်အရေးတွေ အများကြီး ရှိပြီး အမတ နတ်ဘုရားတွေရဲ့ ထိန်းချုပ်မှုလည်း အားနည်းတယ်... မင်း ကြီးထွားဖို့အတွက် အကောင်းဆုံး နေရာပဲ..."
ကျန်းပုခု၏ ရိုင်းစိုင်းမှုကို ဗုဒ္ဓအင်မော်တယ် စိတ်မဆိုးဘဲ တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
နှစ်ထောင်ပေါင်းများစွာ ကုန်ဆုံးသွားပြီ ဖြစ်ရာ သူသည် စိတ်သဘောထား ပြောင်းလဲသွားပြီး ကျန်းပုကူ၏ အနာဂတ်ကို စတင် မျှော်လင့်လာသည်။
ကျန်းပုကူ၏ နောက်ကွယ်တွင် အလွန် စွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ဦး ရှိနေသည်။ သူတို့က ကျန်းပုခုကို ဆရာတင်စေချင်သည်မှာ အခွင့်အရေး တစ်ခုဟု မြင်သောကြောင့် ဖြစ်သည်။ သူ့ကျင့်ကြံခြင်းအဆင့် မည်မျှ မြင့်မားပါစေ နောက်ခံ လိုအပ်ပေသည်။ တနေ့ ကောင်းကင်နန်းတော်က သူ့ကို တွေ့ရှိသွားပါက ကျန်းပုခု နောက်ကွယ်မှ ပုဂ္ဂိုလ်ကို အားကိုးနိုင်ပေမည်။
ဗုဒ္ဓအင်မော်တယ်၏ အဖြေကို ကြားသောအခါ ကျန်းပုကူ ဆက်မမေးတော့ပေ။ ဤနယ်မြေတွင် နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် သူ့စိတ်နှလုံး ငြိမ်းချမ်းသွားခဲ့ပြီ ဖြစ်သည်။
သူ မခုခံနိုင်သော တွက်ချက်မှုများကို တွေးတောနေမည့်အစား အချိန်ကို အသုံးချ၍ ကြိုးစား ကျင့်ကြံခြင်းက ပိုကောင်းပေသည်။
သူ ညာဘက်လက်ကို မြှောက်လိုက်ရာ သွေးလေပြင်းတစ်ခု လက်ဖဝါးထဲမှ ထွက်ပေါ်လာပြီး ဝဲဂယက်ငယ်လေး တစ်ခု ဖြစ်ပေါ်လာ၏။ တစ်ခဏချင်းတွင် ကောင်းကင်မှ သဲဝါများ အရှိန်အဟုန်ဖြင့် ရောက်ရှိလာပြီး သူ့ညာဘက်လက်ကို မြှင့်တင်လိုက်ရာ လက်ဖဝါးပေါ်တွင် သဲဝါရောင် လေဆင်နှာမောင်း တစ်ခု ပေါ်လာကာ ပိုမို ကြီးမားလာသည်။
ဗုဒ္ဓအင်မော်တယ် အံ့သြစွာ မေးလိုက်၏။ "မင်း ဒီနယ်မြေရဲ့ ကောင်းကင်နဲ့ မြေကြီး စွမ်းအားကို အာရုံခံနိုင်နေပြီလား..."
"ဟုတ်တယ်... သိပ်မခက်ပါဘူး... ကျွန်တော် သိချင်တာက တခြား မဟာကမ္ဘာတွေမှာရော ကောင်းကင်နဲ့ မြေကြီး စွမ်းအားကို ထိန်းချုပ်နိုင်မလား ဆိုတာပဲ..." ကျန်းပုခုက ပြန်ဖြေလိုက်သည်။
ဗုဒ္ဓအင်မော်တယ် ပြုံးလိုက်ပြီး ပြောလိုက်၏။ "ရတာပေါ့... ငါဖွင့်ခဲ့တဲ့ မဟာကမ္ဘာက မသေးဘူး... ပြီးတော့ ဒီနယ်မြေ တည်ရှိခဲ့တာ အရမ်း ကြာနေပြီ... ဒီနယ်မြေကို မင်း ထိန်းချုပ်နိုင်ရင် တခြား မဟာကမ္ဘာတွေရဲ့ ကောင်းကင်နဲ့ မြေကြီး စွမ်းအားကိုလည်း သုံးနိုင်မှာပါ..."
ထိုစကားကို ကြားသောအခါ ကျန်းပုကူ၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး မာန်တက်သော အပြုံးတစ်ခု ပေါ်လာသည်။
ထိုအချိန်တွင် ကုအန် နှင့် လီယ အကြောင်း တွေးမိလိုက်၏။
နှစ်ပေါင်းများစွာ ကျင့်ကြံနေစဉ် အတွင်း သူသည် ထိုလူနှစ်ဦးကို မကြာခဏ သတိရတတ်ပြီး မိတ်ဆွေဟောင်းများကို သတိရခြင်းဖြင့် သူ ဘယ်ကလာသလဲ၊ အနာဂတ်တွင် ဘယ်ကို သွားမလဲ ဆိုသည်ကို ပြန်လည် အမှတ်ရစေသည်။
"ကုအန်... လီယ... ကျွန်တော် ဘယ်လောက် သန်မာလာပြီလဲ ဆိုတာ ခင်ဗျားတို့ တွေးတောင် ကြည့်နိုင်မှာ မဟုတ်ဘူး... ကျွန်တော့်ရဲ့ ကြီးထွားမှုကို ခင်ဗျားတို့ မြင်စေချင်လိုက်တာ..."
ကျန်းပုခုသည် ခံစားချက်များ ပြင်းထန်လာပြီး ပိုမို သန်မာလာကာ ယုံကြည်မှုများ တိုးပွားလာ၏။
အကယ်၍ ကုအန် နှင့် လီယ သေဆုံးသွားပြီ ဆိုလျှင် ကျန်းပုခုသည် သံသရာစက်ဝန်းမှတဆင့် သူတို့ကို လိုက်ရှာပေလိမ့်မည်။
အမတ ကျင့်ကြံခြင်း ဆိုတာ ကိုယ့်ဆန္ဒတွေကို ဖြည့်ဆည်းဖို့ မဟုတ်ဘူးလား။
သူ့ဆန္ဒမှာ ကုအန်၊ လီယ တို့နှင့်အတူ အရက်သောက်ပြီး စကြဝဠာ အနှံ့ ခရီးသွားရန် ဖြစ်သည်။
ဗုဒ္ဓအင်မော်တယ်သည် ကျန်းပုခု လက်ထဲမှ လေဆင်နှာမောင်းကို ကြည့်ရင်း အခြားလူတစ်ယောက်ကို သတိရသွားပြီး ကျန်းပုခု အနေဖြင့် ထိုလူနှင့် ယှဉ်ပြိုင်ခွင့် ရပါဦးမည်လောဟု တွေးတောနေမိသည်။
"ဗုဒ္ဓအင်မော်တယ်... ကျွန်တော် ထွက်သွားဖို့ ဘယ်လောက် လိုသေးလဲ..."
"မလောပါနဲ့... ငါ မင်းကို သင်ပေးစရာ နတ်ဘုရားစွမ်းရည် တစ်ခု ကျန်သေးတယ်... အဲဒါ တတ်မြောက်သွားရင် မင်း ထွက်သွားလို့ ရပြီ..."
"ဟော... ဘာစွမ်းရည်လဲ..."
"မဟာကမ္ဘာ သုံးထောင်ကို ဖြတ်သန်းသွားလာနိုင်ပြီး မဟာတာအိုမြစ် တစ်လျှောက် လွတ်လပ်စွာ လှည့်လည်နိုင်မယ့် စွမ်းရည်ပဲ"
"တကယ် ရတယ် ဆိုရင်တော့ ခင်ဗျား ပြောတဲ့ ကံတရား မြစ် ကို ကျွန်တော် သေချာပေါက် သွားရမယ်..."
ကျန်းပုခု က ကံတရား မြစ် အကြောင်း ပြောလာသဖြင့် ဗုဒ္ဓအင်မော်တယ် ပြုံးလိုက်ပြီး ပြောလိုက်၏။ "မင်း ကံတရား မြစ် ကို သွားမယ် ဆိုရင် လူတစ်ယောက်ကို သတိထားရမယ်..."
"ဘယ်သူလဲ..."
"သူ့နာမည်က လုချိုရှန်း... သူ့ရဲ့ တာအိုကျင့်ကြံမှုက နက်နဲပြီး ခန့်မှန်းလို့ မရနိုင်ဘူး... သူက ကံတရား မြစ် ထဲ ဝင်လာတဲ့ လူတိုင်းကို ရှာဖွေပြီး မေးခွန်းတချို့ မေးတတ်တယ်... မင်း သူ့ကို ပြစ်မှားလို့ မဖြစ်ဘူး"
လုချိုရှန်း
ကျန်းပုခု ထိုနာမည်ကို မှတ်သားထားလိုက်သည်။ ဗုဒ္ဓအင်မော်တယ်ပင် ကြောက်ရွံ့ရသော ပုဂ္ဂိုလ် ဖြစ်သဖြင့် သူ ရန်စ၍ ရမည့်သူ မဟုတ်ကြောင်း နားလည်လိုက်၏။
...
ရှောင်ဝူ ပြန်လည် အသက်ရှင်လာပြီးကတည်းက နှစ်ပေါင်း တစ်ရာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကုအန်သည် သူ့ထံ သွားရောက်လည်ပတ်ခြင်း မရှိဘဲ ရံဖန်ရံခါသာ လှမ်းကြည့်လေ့ရှိ၏။
ယခုနှစ်တွင် လီယ၏ နာမည်သည် ဝိညာဉ်ကိုးပါးတိုက်ကြီး ပေါ်၌ တဖန် ပျံ့နှံ့လာပြန်သည်။
လီယနှင့် လှုပ်ခါခြင်းအလင်းရောင်သူတော်စင်ဂိုဏ်းမှ သူတော်စင်တို့သည် သူတို့၏ ကံကြမ္မာ အကြွေးများကို ဖြေရှင်းရန်အတွက် လူသားကမ္ဘာတောင်ထိပ် တွင် အသက်လုပွဲ တစ်ခု စီစဉ်ထားကြသည်။ တိုက်ပွဲရက် မရောက်သေးသော်လည်း သတင်းများမှာ နေရာအနှံ့ ပျံ့နှံ့နေပြီ ဖြစ်၏။
ယနေ့ ကျယ်ပြန့်လှသော ကောင်းကင်ဝိညာဉ် မဟာကမ္ဘာတွင် လီယနှင့် လှုပ်ခါခြင်းအလင်းရောင် သူတော်စင်ဂိုဏ်းမှ သူတော်စင် နှစ်ဦးစလုံးသည် ကမ္ဘာကျော် ပါရမီရှင်များ ဖြစ်ကြသည်။
"လီယ ဒီလောက် နာမည်ကြီးလာမယ်လို့ မထင်ထားဘူး... ကမ္ဘာလောကကြီးက သာမန်ပါပဲလား... အရင်တုန်းက လီယက ငါ့ကို ပြန်တိုက်နိုင်တဲ့ အင်အားတောင် မရှိခဲ့ပါဘူး..."
လုရှန်သည် သူ့အတိတ်က အောင်မြင်မှုများကို ကြွားလုံးထုတ်နေပြီး အန်ရှန့်ထျန်၊ ကျန်းရှီ၊ ချန်ချွမ်း၊ ထျန်းချင် နှင့် ထျန်းပိုင် တို့က နားထောင်နေကြသည်။
သက်တမ်းတာအိုနယ်မြေ အတွင်း နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် အချုပ်အနှောင်မဲ့အမတ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့ ပိုင်ဆိုင်ထားသော နတ်ဘုရားစွမ်းရည်များနှင့် မန္တန်များကြောင့် သူတို့သည် ယုံကြည်မှု ပြည့်ဝနေကြပြီး ပြင်ပကမ္ဘာမှ မည်သည့် ရွယ်တူ ကျင့်ကြံသူမျှ သူတို့ကို ယှဉ်နိုင်မည် မဟုတ်ဟု ခံစားနေကြ၏။
ထျန်းပိုင်က ခေါင်းစောင်းပြီး ပြောလိုက်သည်။ "လီယဆီမှာ ကမ္ဘာ့နံပါတ်တစ် နတ်ဘုရားဓား ရှိတယ်လေ... ရှင်ရဲ့ ကျင့်ကြံခြင်းအဆင့်က သူ့ထက် မြင့်နေရင်တောင် သူ့ကို နိုင်ဖို့ မလွယ်လောက်ဘူး..."
လုရှန်က မျက်လုံးပြူးကြည့်ပြီး ပြောလိုက်၏။ "မှော်ရတနာကို အားကိုးတာက သူရဲကောင်း မဟုတ်ဘူး... ငါက ငါ့ရဲ့ ရုပ်ခန္ဓာကိုပဲ ယုံတယ်..."
ထိုစဉ် အန်ရှင်း ရုတ်တရက် ပေါ်လာပြီး ပြောလိုက်သည်။ "မင်းတို့ ဘယ်လို မှော်ရတနာ လိုချင်လဲ ဆိုတာ စဉ်းစားထားကြ... ဆရာက လူတိုင်းအတွက် မှော်ရတနာ လုပ်ပေးဖို့ ပြင်ဆင်နေတယ်..."
ထိုစကားကို ကြားသောအခါ အားလုံးက လုရှန်ကို ဝိုင်းကြည့်လိုက်ကြ၏။
လုရှန်၏ မျက်နှာ နီရဲသွားပြီး ဟန်ဆောင် ချောင်းဟန့်လိုက်သည်။ "ဘာလို့ ငါ့ကို ကြည့်နေကြတာလဲ... ငါ့မှာ အကြံဉာဏ်တွေ ရှိပြီးသားပဲ..."
အခန်း ၅၈၆ နှစ်တစ်သောင်းကြာ ရတနာ သွန်းလုပ်ခြင်း၊ ကုအန်၏ ဂိုဏ်း
လုရှန်၏ စကားကို ကြားသောအခါ ထျန်းပိုင် ၊ ကျန်းရှီနှင့် အခြားသူများ မျက်လုံးလှန်မကြည့်ဘဲ မနေနိုင်ကြပေ။ သူတို့ လုရှန်ကို ကပ်တွယ်နေကြခြင်း မဟုတ်ဘဲ မိမိတို့ လိုချင်သော မှော်ရတနာများအကြောင်း ဆွေးနွေးနေကြခြင်းသာ ဖြစ်၏။
အန်ရှင်းက မှတ်တမ်းတင်ပေးရန် တာဝန်ယူထားသည်။ သူတို့၏ လိုအပ်ချက်များကို မှတ်သားပြီးနောက် အခြားသူများကို လိုက်လံ မေးမြန်းရန် ထွက်ခွာသွား၏။
တစ်နာရီခန့် ကြာသောအခါ အန်ရှင်း ကုအန်၏ ခြံဝင်းထဲသို့ ရောက်ရှိလာသည်။ ထိုအချိန်တွင် ကုအန်သည် ဒယ်အိုးကြီး တစ်လုံး၏ ရှေ့တွင် ထိုင်နေ၏။ သူ့ညာဘက်လက်တွင် သန့်စင်ခြင်းသုံးပါး မီးတောက်များ တောက်လောင်နေပြီး သူ့လက်ထဲမှ မီးတောက်များကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။
"ဆရာ... အားလုံးကို မေးပြီးပါပြီ" အန်ရှင်းက ကုအန်၏ ဘေးတွင် ရပ်၍ စာရွက်အထပ်လိုက်ကို ကိုင်ကာ တိုးညှင်းစွာ ပြောလိုက်၏။
သူမ အနည်းငယ် ထူးဆန်းနေသည်။ သူမ ဆရာနှင့် အခြားသူများ၏ စွမ်းရည်အရ ဘာလို့ သူမကို ဟိုပြေးဒီပြေး ခိုင်းနေရသနည်း။
တိုက်ရိုက် ဆက်သွယ်လို့ ရနေတာပဲကို...
သူမ ဆရာက သူမကို စနေသည်ဟု ထင်မှတ်သော်လည်း တပည့်တစ်ယောက် အနေဖြင့် သူမ ဘာတတ်နိုင်မည်နည်း။
"ဘေးမှာ ခဏ ထားလိုက်... ပြီးရင် ဆရာ့ကို ကူညီပေး..."
ကုအန်က သန့်စင်ခြင်းသုံးပါး မီးတောက်များကို ဒယ်အိုးအောက်သို့ ပစ်ထည့်လိုက်ပြီးနောက် ပြောလိုက်သည်။ သူ့စကားဆုံးသည်နှင့် ရှားပါးသတ္တုများနှင့် ဆေးဖက်ဝင် အပင်များစွာ သူ့လက်မောင်းထဲမှ ပျံထွက်လာ၏။
အန်ရှင်း၏ မျက်လုံးများ တောက်ပလာသည်။ သူမသည် ပစ္စည်းသွန်းလုပ်ခြင်း ပညာရပ်ကို သင်ယူလိုနေသည်မှာ ကြာပြီ ဖြစ်သလို သူမနှင့် ကိုက်ညီသော မှော်ရတနာ တစ်ခုကိုလည်း လိုချင်နေသည်။
ကုအန်သည် ထိုင်နေရင်း အဝေးမှ မန္တန်များ ရွတ်ဆိုကာ သွန်းလုပ်ရေး ပစ္စည်းများကို ဒယ်အိုးထဲသို့ ထည့်သွင်းနေ၏။
အန်ရှင်း ဒယ်အိုးနားသို့ ကပ်သွားပြီး သူမ၏ နတ်ဘုရားစိတ်အာရုံကို အသုံးပြုကာ အတွင်းပိုင်းကို ချောင်းကြည့်လိုက်သည်။
ကုအန်သည် သူ့ကိုယ်ပိုင် တာအိုဆန္ဒကို အသုံးပြု၍ မှော်ရတနာများကို သွန်းလုပ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ၎င်းသည် သူ့လမ်းစဉ်အတွက် ထူးခြားသော မှော်ရတနာများ ဖြစ်လာမည် ဖြစ်ပြီး အချိန်ကြာမြင့်မည့် လုပ်ငန်းစဉ် တစ်ခုလည်း ဖြစ်၏။
နောက်တစ်နေ့ နေ့လည်ခင်း ရောက်သောအခါ ကုအန်သည် အန်ရှင်းကို စောင့်ကြည့်ရန် ထားရစ်ခဲ့ပြီး ဆေးဖက်ဝင် အပင်များ ရှာဖွေရန် တစ်ကိုယ်တည်း ထွက်ခွာသွားသည်။
ဤတာဝန်သည် အရေးကြီးသည်။ သူသည် သူ့လူသတ်ချင်စိတ်နှင့် လောဘများကို ထိန်းချုပ်ထားပြီး ဖြစ်ရာ ရိတ်သိမ်းခြင်း ကိစ္စတွင် ပေါ့ဆ၍ မဖြစ်ပေ။
သူ၏ နှစ်စဉ် သက်တမ်း ရိတ်သိမ်းမှုသည် နှစ်သန်းသုံးဆယ် ဝန်းကျင်တွင် ရှိနေသည်။ သူ ဆက်လက် တိုးတက်အောင် လုပ်ဆောင်နိုင်သော်လည်း အလွန်အကျွံ အားထုတ်ခြင်း၊ သို့မဟုတ် ပြဿနာများကို ဆွဲဆောင်ခြင်းမျိုး မဖြစ်စေလိုပေ။
ကောင်းကင်ဝိညာဉ် မဟာကမ္ဘာသည် စည်းကမ်းတကျ ပြန်လည် ဖြစ်ပေါ်လာပြီး လောလောဆယ်တွင် ပြင်ပအင်အားစုများ၏ တိုက်ခိုက်မှုနှင့် မကြုံတွေ့ရသေးပေ။ ကုအန်အတွက်မူ ဤသည်မှာ အကောင်းဆုံးသော ဘဝပုံစံ ဖြစ်၏။ သို့သော် ကံတရားသည် ခန့်မှန်းရ ခက်ခဲလှသည်။ ဤငြိမ်းချမ်းမှုကို ဖျက်ဆီးမည့် အခြား မဟာကမ္ဘာများမှ ဖြစ်တည်မှုများ၏ အာရုံစိုက်ခြင်းကို မခံရအောင် သူ သတိထားရပေမည်။
အထူးသဖြင့် ကောင်းကင်နန်းတော် ပင်။
ကောင်းကင်တာအိုသည် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာကို လွှမ်းမိုးထားသရွေ့ ကုအန် အနေဖြင့် ကောင်းကင်နန်းတော်၏ ခြိမ်းခြောက်မှုကို လစ်လျူရှု၍ မရနိုင်ပေ။
အချိန်များသည် မြှားတစ်စင်းကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် နှစ်တစ်ထောင် ကုန်လွန်သွားခဲ့၏။
သက်တမ်းတာအိုနယ်မြေ အတွင်း နေ့လည်ခင်း အချိန်၌ ဖြစ်သည်။
ကုအန်သည် လှုပ်ကုလားထိုင်ပေါ်တွင် လဲလျောင်းရင်း သူ့စွမ်းရည်ပြဘောင်ကွက်ကို ဖွင့်ကြည့်လိုက်သည်။
[အမည် - ကုအန်]
[သက်တမ်း - ၁၁,၅၈၇ / ၇၈,၇၄၆,၃၄၆,၂၀၁]
[ခန္ဓာ - ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းအမတခန္ဓာ]
[ကျင့်ကြံခြင်းအဆင့် - ဟန်ထျန်းရွှေအမတ ပြည့်စုံခြင်းအဆင့်]
...
သက်တမ်း ဘီလီယံ ရှစ်ဆယ် နီးပါး...
မည်သည့်အချိန်တွင် အဆင့်ချိုးဖျက်ရမည်ကို ကုအန် စဉ်းစားနေမိသည်။ သူသည် ကိုယ့်ကိုယ်ကိုယ် ဘက်စုံ မြှင့်တင်ထားပြီး ဖြစ်သည်။ သီအိုရီအရ သက်တမ်း ဘီလီယံ တစ်ရာဖြင့် အောင်မြင်စွာ အဆင့်ချိုးဖျက်နိုင်သော်လည်း ကျရှုံးနိုင်ခြေ အမြဲ ရှိနေသည်။
သက်တမ်း ဘီလီယံ နှစ်ရာ ရရှိသည်အထိ စောင့်ဆိုင်းပြီးမှ အဆင့်ချိုးဖျက်ခြင်းက ပိုကောင်းပေလိမ့်မည်။
ကုအန် မတ်တတ်ရပ်လိုက်ပြီး ထျန်းယောင်အာထံ သတင်းပို့လိုက်၏။ မကြာမီ ထျန်းယောင်အာ ခြံဝင်းထဲသို့ ရောက်ရှိလာပြီး ကုအန်ကို စိတ်လှုပ်ရှားစွာ ကြည့်ကာ မေးလိုက်သည်။
"သခင်လေး... ကျွန်မရဲ့ မှော်ရတနာ ရပြီလား..."
လွန်ခဲ့သော နှစ်တစ်ထောင်က လူတိုင်းအတွက် မှော်ရတနာများ သွန်းလုပ်ပေးမည်ဟု ကုအန် ပြောကြားခဲ့ကတည်းက သူတို့အားလုံး စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။ စောင့်ဆိုင်းရလေ မျှော်လင့်ချက်များ ပိုမို မြင့်မားလာလေ ဖြစ်၏။
ကုအန်၏ တာအိုကျင့်ကြံမှုဖြင့် မှော်ရတနာ သွန်းလုပ်ခြင်းသည် စိန်ခေါ်မှု မဟုတ်ပေ။ အချိန်ကြာမြင့်သော လုပ်ငန်းစဉ် ဖြစ်နေခြင်းက အချက်တစ်ချက်ကို ညွှန်ပြနေသည်။
သူတို့၏ မှော်ရတနာများ အလွန် စွမ်းအားကြီးမားလိမ့်မည်...
ကုအန် ပြုံး၍ ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် လက်စွပ်ကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင် ဖဲပြားတစ်ခု ဒယ်အိုးကြီးထဲမှ ပျံထွက်လာ၏။ ၎င်းသည် တိမ်တိုက်များ စီးဆင်းနေသကဲ့သို့ လျင်မြန်ပေါ့ပါးပြီး ထျန်းယောင်အာ၏ လက်ထဲသို့ ကျရောက်သွားသည်။
ထျန်းယောင်အာ၏ မျက်လုံးများ တောက်ပသွားပြီး ဖဲပြားကို ချက်ချင်း သဘောကျသွား၏။
"ဒါက 'နှစ်ကာလ ရောင်စုံတိမ်တိုက် ဖဲပြား' ပဲ... မဟာတာအိုရဲ့ ဆန္ဒတွေ ထည့်သွင်းပြီး ငါကိုယ်တိုင် သွန်းလုပ်ထားတဲ့ တာအိုရတနာ တစ်ခုပေါ့... နေ့စဉ် ကျင့်ကြံတဲ့အခါ အဲဒါကို အာရုံစိုက်ပြီး ကျင့်ကြံလို့ ရတယ်... မင်းရဲ့ လက်ရှိ တာအိုကျင့်ကြံမှုက သူ့ရဲ့ စွမ်းအားအစစ်အမှန်ကို ထုတ်သုံးဖို့ မလုံလောက်သေးဘူး..." ကုအန်က အတိုချုံး ရှင်းပြလိုက်သည်။
သူ့အသံဆုံးသည်နှင့် နှစ်ကာလ ရောင်စုံတိမ်တိုက် ဖဲပြားမှ တောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ထျန်းယောင်အာကို လွှမ်းခြုံသွားကာ သူမ နေရာတွင် တောင့်တင်းသွား၏။
သူမသည် မှတ်ဉာဏ်များကို စတင် လက်ခံရရှိနေသည်။ ၎င်းမှာ ကုအန်၏ နောက်ထပ် လက်ရာတစ်ခု ဖြစ်ပြီး တာအိုရတနာက သခင်ကို အသိအမှတ် ပြုလာအောင် မည်သို့ လုပ်ဆောင်ရမည်ကို သင်ကြားပေးနေခြင်း ဖြစ်သည်။
အန်ရှင်းသည် ဘေးတွင် ထိုင်၍ ဇဝေဇဝါ ကြည့်နေမိ၏။ နှစ်များစွာ အတွင်း နှစ်ကာလ ရောင်စုံတိမ်တိုက် ဖဲပြား မည်သို့ ဖြစ်ပေါ်လာသည်ကို သူမ မမြင်တွေ့ခဲ့ရပေ။ အချိန်အများစုတွင် ကုအန် မရှိဘဲ သူမသာ စောင့်ကြည့်နေခဲ့ရခြင်း ဖြစ်သည်။
တာအိုရတနာ ပြီးစီးနေသည်မှာ ကြာပြီဟုပင် သူမ သံသယ ဝင်မိသေးသည်။
သံသယရှိလျှင် သူမ မေးတတ်၏။ သူမ ဆရာနှင့် ရင်ဆိုင်ရချိန်တွင် ဘယ်တော့မှ မျိုသိပ်မထားတတ်ပေ။
"ဒါက တာအိုရတနာ... မဟာတာအိုရဲ့ ရတနာလေ..." ကုအန်က ပြန်ဖြေလိုက်၏။ "သူ့ရဲ့ ပုံဖော်ခြင်း လုပ်ငန်းစဉ်ကို မင်း မြင်နိုင်မှာ မဟုတ်ဘူး... မင်းရဲ့ တာအိုနဲ့ အာရုံခံမှ ရမှာ... မင်း အခုထိ မတွေ့ရှိသေးဘူး ဆိုတာက မင်းရဲ့ တာအို မလုံလောက်သေးလို့ပဲ..."
ထိုစကားများက အန်ရှင်းကို ရှက်ရွံ့သွားစေသည်။
ကုအန်သည် သူတို့ကို တာအိုအကြောင်း မကြာခဏ ဟောပြောလေ့ရှိပြီး ဟောပြောချက်တိုင်းသည် ဖန်ဆင်းခြင်း ကိစ္စရပ်များ ဖြစ်သည်။ ပြင်ပကမ္ဘာမှ ကျင့်ကြံသူများ တစ်သက်လုံး မကြုံတွေ့နိုင်သော အခွင့်အရေးကြီး ဖြစ်သော်လည်း သူမ တာအိုကို နားမလည်သေးသဖြင့် ရှက်ရွံ့မိခြင်း ဖြစ်၏။
သူမ မသိသည်မှာ သူ၏ တာအိုဆန္ဒသည် လုံလောက်အောင် သန်မာနေပြီ ဖြစ်သည်။ သူထက် သန်မာသော နတ်အတွေးအစစ်အမှန်အမတ များစွာပင် သူ၏ တာအိုဆန္ဒကို မယှဉ်နိုင်ကြပေ။
သက်တမ်းနယ်မြေရှိ လူတိုင်းသည် သူတို့၏ အဆင့်ထက် ကျော်လွန်၍ တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း ကုအန် ပြောနိုင်သော်လည်း အကျယ်တဝင့် ရှင်းမပြရန် ရွေးချယ်လိုက်သည်။
ဟန်ထျန်းရွှေအမတ တစ်ပါးကို ဆရာတင်ထားရမှတော့ ဤမျှ အောင်မြင်မှုမျိုး ရရှိသည်မှာ မျှော်လင့်ထားပြီးသား ဖြစ်၏။
ထျန်းယောင်အာ မှတ်ဉာဏ်များကို ပေါင်းစပ်နေဆဲ အချိန်တွင် ကုအန် လှည့်၍ အဝေးကို လှမ်းကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ "အခုထိ လက်မလျှော့သေးဘူးပေါ့လေ..."
သူ့စကားကို ကြားသောအခါ အန်ရှင်း စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ "ဆရာ... ဘယ်သူ့ကို ပြောတာလဲ... ထန်ချိုင်လား..."
လွန်ခဲ့သော နှစ်ရာပေါင်းများစွာက မနေနိုင်တော့ဘဲ ထန်ချိုင်သည် လီယကို ရှာဖွေရန် ထွက်ခွာသွားခဲ့သည်။ ထွက်မသွားခင် နယ်မြေအပြင်ဘက် တောအုပ်ထဲမှနေ၍ သူမကို နှုတ်ဆက်သွားခဲ့သေး၏။
ကုအန်က ပြုံး၍ ပြောလိုက်သည်။ "သူ မဟုတ်ပါဘူး... မင်း တစ်ခါမှ မမြင်ဖူးတဲ့ မိစ္ဆာလေး တစ်ကောင် အကြောင်း ပြောတာပါ..."
သူ အကျယ်တဝင့် မရှင်းပြလိုသည်ကို မြင်သောအခါ အန်ရှင်း ဆက်မမေးတော့ပေ။
သူမ အမြင်တွင် မကြာခဏ အပြင်ထွက်လေ့ရှိသော သူမ ဆရာသည် နေရာအနှံ့ အခွင့်အရေးများ ဖြန့်ကြဲထားခဲ့ခြင်း ဖြစ်မည်။ သက်တမ်းတာအိုနယ်မြေသို့ လူသစ်များ မည်သည့်အချိန် ရောက်လာမည်ကို တွေးတောနေမိ၏။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြန်သည်။
ထျန်းယောင်အာ တာအိုရတနာ ရရှိသွားသော သတင်းသည် နယ်မြေတစ်ခုလုံးကို လှုပ်ခတ်သွားစေ၏။ ထို့နောက် နှစ်ကာလ ရောင်စုံတိမ်တိုက် ဖဲပြားသည် နယ်မြေ၏ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားပြီး အတွင်းရှိ လူအားလုံးကို လှုပ်ရှားမရအောင် ဖိနှိပ်ထားလိုက်သည်။ အန်ရှင်း အပါအဝင် လူတိုင်း ရူးသွပ်လုမတတ် ဖြစ်သွားကြရ၏။
နှစ်ကာလ ရောင်စုံတိမ်တိုက် ဖဲပြားသည် သူမ ဆရာ၏ ကံကြမ္မာဆုံးဖြတ်ကလောင်တံ ပြီးလျှင် ဒုတိယ အစွမ်းအထက်ဆုံး ဖြစ်သည်ဟုပင် အန်ရှင်း ခံစားလိုက်ရသည်။ သူမ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
ကုအန်သည် နှစ်တစ်ထောင်လျှင် တာအိုရတနာ တစ်ခု ထုတ်လုပ်ပေးသည်။
ဒုတိယမြောက် တာအိုရတနာ ရရှိသူမှာ ရှန်ကျန်း ဖြစ်ပြီး သူမ၏ ရတနာ အမည်မှာ လေဟာနယ် ပြန်လည်မွေးဖွားခြင်း ဂူချင် ဖြစ်သည်။ ၎င်း၏ ကြိုးများသည် ကံတရား၊ အကြောင်းနှင့် အကျိုး၊ သံသရာစက်ဝန်း တို့ကိုပင် တုန်လှုပ်စေနိုင်ပြီး အလွန် လွှမ်းမိုးနိုင်စွမ်း ရှိ၏။
နောက်တစ်ယောက်မှာ သွေးကျဥ်းထောင်သူတော်စင် ဖြစ်ပြီး ကောင်းကင်ခွဲ သွေးကျဉ်းထောင်ဓား အမည်ရှိ ဓားတစ်လက် ရရှိခဲ့သည်။ ၎င်းတွင် သတ်ဖြတ်ခြင်း မဟာတာအို ပါဝင်ပြီး ဖျက်ဆီးခြင်း ဥပဒေသများကို ထိန်းချုပ်နိုင်ကြောင်း အရိပ်အမြွက် ပြသနေ၏။
ကျန်းရှီသည် အမတသတ်ဓားပျံ ကို ရရှိခဲ့သည်။ ၎င်းသည် တိုက်ခိုက် သတ်ဖြတ်ရန်အတွက် နောက်ထပ် တာအိုရတနာ တစ်ခု ဖြစ်ပြီး 'နတ်ဘုရားများ ခန့်အပ်ခြင်း' ထဲမှ အမတသတ်ဓားပျံ ကို အမှတ်ရစေသဖြင့် ကုအန် အလွန် သဘောကျသည်။
ထျန်းချင် သည် ယန်ဟုန်လင်းလုံ မျှော်စင် ကို ရရှိခဲ့ပြီး ထျန်းပိုင်သည် ဝိညာဉ်ဖြူ သလင်းမျှော်စင် ကို ရရှိခဲ့သည်။ နှစ်ခုစလုံးသည် အခြား ရတနာများထက် မနိမ့်ကျသော တာအိုရတနာများ ဖြစ်ကြပြီး အတူတကွ ပေါင်းစပ်လိုက်လျှင် စွမ်းအား ပိုမို ကြီးမားသည်။ ရဲလန်၏ ဝိညာဉ်ဖြူဓား နှင့် ကုအန်၏ ယန်ဟုန်ဓား ကို အစွဲပြု၍ အမည်ပေးထားခြင်း ဖြစ်၏။
အန်ရှန့်ထျန်သည် နတ်ဘုရားတုန်လှုပ် လှံတံ ကို ရရှိခဲ့သည်။ ၎င်း၏ အနှစ်သာရမှာ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး သတ်ဖြတ်ခြင်း စွမ်းအားတွင် ကောင်းကင်ခွဲ သွေးကျဉ်းထောင်ဓား ပြီးလျှင် ဒုတိယ လိုက်သည်။
ချန်ချွမ်သည် သံသရာဖြတ်တောက်ဓား ကို ရရှိခဲ့ပြီး သံသရာလမ်းကြောင်းကို နားလည်သဘောပေါက်နိုင်စေသည်။ သူ၏ အတိတ်ဘဝကို ကိုယ်တိုင် ပြန်လည် အမှတ်ရနိုင်ရန် ကုအန် မျှော်လင့်ထားခြင်း ဖြစ်၏။
လုရှန်သည် ကောင်းကင်ငြိမ်း ကမ္ဘာတည် ပုတီးစေ့ ၁၂ လုံး ကို ရရှိခဲ့သည်။ ၎င်းသည် ငွေရောင် ပုတီးစေ့ ၁၂ လုံး ဖြစ်ပြီး တစ်လုံးစီသည် ကမ္ဘာများကို ဖန်တီးနိုင်၊ ဝါးမြိုနိုင်ကာ ဝါးမြိုခြင်း လမ်းစဉ်ကို ထည့်သွင်းထားသည်။
အန်ရှင်းသည် ဘဝခြောက်ပါး ကြေးမုံ ကို ရရှိခဲ့ပြီး သံသရာစက်ဝန်းကို ထင်ဟပ်စေနိုင်ကာ အခြားသူများကို သံသရာထဲသို့ ပို့ဆောင်နိုင်သည်။
တာအိုရတနာများ သွန်းလုပ်နေစဉ် အတွင်း ကုအန်သည် ဤမဟာတာအိုများကိုလည်း တွေးတော ဆင်ခြင်ခဲ့သည်။
မဟာတာအို သုံးထောင်သည် နေရာတိုင်းတွင် ရှိနေပြီး တာအိုအရှင်သခင် စွမ်းရည် သည် ကုအန်ကို တိုက်ရိုက် ကူညီပေးနိုင်သည်။
ဤတာအိုရတနာများ အားလုံးသည် အမတလမ်းစဉ် အန္တိမ ရတနာများကို ကျော်လွန်နိုင်စွမ်း ရှိပြီး ပိုင်ရှင်များ၏ မဟာတာအို အောင်မြင်မှုများနှင့်အတူ ဆက်လက် သန်မာလာမည် ဖြစ်ရာ ကန့်သတ်ချက်ကို ခန့်မှန်း၍ မရနိုင်ပေ။
အနည်းဆုံးတော့ ဤတာအိုရတနာများသည် လီယလက်ထဲမှ ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓား ထက် သန်မာပေသည်...
နှစ်တစ်ထောင်လျှင် တာအိုရတနာ တစ်ခု... ဖူယို သရဲမယ်တော် မှလွဲ၍ လူတိုင်း တာအိုရတနာ ရရှိခဲ့ကြရာ ကိုးနှစ်ထောင် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ယခု အသက် နှစ်သောင်းကျော်နေပြီ ဖြစ်သော ကုအန်သည် သက်တမ်း နှစ်ဘီလီယံ သုံးရာလေးဆယ်ကျော် ပိုင်ဆိုင်ထားပြီ ဖြစ်၏။
နေရောင်ခြည် ဖြာကျနေချိန်တွင် လူတိုင်း အန်ရှင်းကို ဝိုင်းရံ၍ သူမ၏ ဘဝခြောက်ပါး ကြေးမုံ အကြောင်း မေးမြန်းနေကြရာ သူမ၏ မျက်နှာတွင် စိတ်လှုပ်ရှားသော အပြုံးများ ပြည့်နှက်နေသည်။
"နောက်ဆုံးတော့ အလုပ်ပြီးပြီ... အဆင့်ချိုးဖျက်ရမယ့် အချိန် ရောက်ပြီ..."
ကုအန် တိတ်ဆိတ်စွာ တွေးလိုက်မိ၏။
လွန်ခဲ့သော နှစ်ကိုးထောင်ကို ပြန်ကြည့်လိုက်လျှင် အချိန်များ မည်မျှ လျင်မြန်စွာ ကုန်ဆုံးသွားသည်ကို သူကိုယ်တိုင် အံ့သြမိသည်။
ပြင်ပ ခြိမ်းခြောက်မှုများ မရှိသဖြင့် ဤနှစ်ကိုးထောင်သည် ထူးခြားမှု မရှိဘဲ ထပ်တလဲလဲ နေ့ရက်များသာ ဖြစ်ခဲ့၏။
နှစ်ကာလ ရောင်စုံတိမ်တိုက် ဖဲပြားကို သွန်းလုပ်ခြင်းမှ စတင်၍ ကုအန်သည် တပည့်များအတွက် တာအိုရတနာများ ဖန်တီးပေးရန် နှစ်ပေါင်း တစ်သောင်း အချိန်ယူခဲ့ရသည်။ ဤလုပ်ငန်းစဉ်မှတဆင့် သူ ဆက်လက် ကျင့်ကြံခဲ့ရာ နှစ်ပေါင်း တစ်သောင်း ကြာပြီးနောက် သက်တမ်း ဆင့်ကဲပြောင်းလဲမှု မလုပ်လျှင်ပင် သူ့စွမ်းအားများ သိသိသာသာ တိုးတက်လာခဲ့၏။
"ဆရာ... ဆရာ့အပြင် တာအိုရတနာ သွန်းလုပ်နိုင်တဲ့သူ ရှိသေးလား..." ချန်ချွမ်က ကုအန်ကို စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
သံသရာဖြတ်တောက်ဓား ကို ကိုင်ထားပြီး နှစ်ပေါင်း နှစ်ထောင် ကြာသည့်တိုင် သူ သဘောကျနေဆဲ ဖြစ်၏။
အခြားသူများလည်း ကုအန်ကို ဝိုင်းကြည့်လိုက်ကြသည်။
ကုအန်က ပြုံး၍ ပြောလိုက်၏။ "ရှိကောင်း ရှိနိုင်ပါတယ်... ဒါပေမဲ့ မင်းတို့ရဲ့ တာအိုရတနာတွေကို ငါ့ရဲ့ မဟာတာအိုနဲ့ သွန်းလုပ်ထားတာ... နောင်အနာဂတ်မှာ မင်းတို့ရဲ့ တာအိုရတနာတွေကို ပိုသန်မာလာအောင် ငါ ကူညီပေးနိုင်သလို... အဲဒါတွေကို သုံးပြီး မင်းတို့နဲ့ ဆက်သွယ်လို့လည်း ရတယ်"
ထိုစကားကို ကြားသောအခါ လူတိုင်း ပို၍ စိတ်လှုပ်ရှားသွားကြသည်။ ဆိုလိုသည်မှာ နောင်အနာဂတ်တွင် သူတို့ အပြင်ထွက်သွားလျှင်ပင် ကုအန်ကို အချိန်မရွေး အားကိုးနိုင်မည် မဟုတ်ပါလော။
"ဆရာ... ဂိုဏ်းတစ်ခု ထောင်လိုက်ပါလား... တပည့်တွေ အများကြီး လက်ခံစရာ မလိုပါဘူး... အနည်းဆုံးတော့ ဆိုင်းဘုတ်တစ်ခု တင်လို့ ရတာပေါ့... နောက်ဆို ကျွန်တော်တို့ မိတ်ဆက်တဲ့အခါ ဘယ်အမတဂိုဏ်းကလဲ ဆိုတာ ကြေညာလို့ ရသလို... ဆရာ့ဂုဏ်သတင်းကိုလည်း တိုးတက်စေမှာလေ..."
သွေးကျဥ်းထောင်သူတော်စင်က ရုတ်တရက် အကြံပြုလိုက်ရာ အခြားသူများလည်း ထောက်ခံကြ၏။ ဤအစီအစဉ်ကို သူတို့ ဆွေးနွေးနေသည်မှာ ကြာပြီ ဖြစ်ပြီး အဆိုပြုရန် အချိန်ကောင်း စောင့်နေခဲ့ကြခြင်း ဖြစ်သည်။
ကုအန်သည် သူတို့၏ ဆွေးနွေးမှုများကို ကြားသိခဲ့ပြီး ဖြစ်သလို ဤကိစ္စကိုလည်း စဉ်းစားနေခဲ့သည်။