← Chapters

အခန်း (၅၈၇-၅၈၈)

Vol. 47 Ch. 587-588

အခန်း (၅၈၇-၅၈၈)

Vol. 47 Ch. 587-588

အခန်း ၅၈၇ ရှေးဦးခေတ်သစ်၊ ကမ္ဘာဦးဖရိုဖရဲခန္ဓာ

သက်တမ်းတာအိုနယ်မြေ အတွင်း နှစ်ပေါင်းများစွာ ကျင့်ကြံနေစဉ် အတွင်း လုရှန်၊ ချန်ချွမ်နှင့် အခြားသူများသည် လူသားကမ္ဘာသို့ ခရီးသွားရန် စိတ်ကူးယဉ်တတ်ကြသည်။ လီယကဲ့သို့ ကျော်ကြားသော ဂုဏ်သတင်းမျိုးကို သူတို့လည်း တည်ဆောက်လိုကြသည်။

ကုအန်အပေါ် သူတို့ ကျေးဇူးရှိကြပြီး လူအများက ကုအန်ကို မေ့မသွားသင့်ဟု တွေးမိကြသည်။ အကယ်၍ ကုအန်က ထင်ပေါ်ကျော်ကြားမှုကို မလိုလားလျှင်ပင် တပည့်များ အနေဖြင့် သူတို့ဆရာ၏ မွန်မြတ်သော အမည်နာမကို ဖြန့်ဝေပေးရန် တာဝန်ရှိသည်။

အားလုံးက ကုအန်ကို စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကြည့်ကာ ဂိုဏ်းအမည်ကို အတည်ပြုပေးရန် စောင့်ဆိုင်းနေကြ၏။

ကုအန် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ "နယ်မြေရဲ့ နာမည်ကိုပဲ ငါတို့ အမည်အဖြစ် ယူလိုက်ရအောင်... ငါတို့မှာ ဂိုဏ်း၊ တံခါး၊ မျိုးနွယ်၊ လမ်းစဉ် ဆိုတာ မရှိဘူး...ထာဝရ ဆိုတာ အစမရှိခြင်းကို ရည်ညွှန်းပြီး ထာဝရတည်မြဲခြင်း နယ်ပယ်ကို ဆိုလိုတယ်... ငါက ထာဝရအမတ နယ်ပယ်ကို လိုက်စားမှာ ဖြစ်ပြီး မင်းတို့လည်း ငါ့ဆန္ဒကို ဆက်လက် ထိန်းသိမ်းပြီး... နောက်ဆုံးမှာ မဟာတာအို သုံးထောင်ရဲ့ ချည်နှောင်မှုတွေကနေ လွတ်မြောက်ပြီး စစ်မှန်တဲ့အမတတွေ ဖြစ်လာဖို့ မျှော်လင့်တယ်..."

ထိုစကားကို ကြားသောအခါ လူတိုင်း စိတ်လှုပ်ရှားသွားကြပြီး အမည်ကို ချီးကျူးလိုက်ကြ၏။

" ' ထာဝရ' ဆိုတာ တကယ် ကောင်းပါတယ်... နောက်ဆိုရင် ငါ့ကိုယ်ငါ 'ထာဝရ လုရှန်' လို့ မိတ်ဆက်တော့မယ်... နားထောင်ရတာ အာဏာစက် ပြင်းလိုက်တာ..."

"ဟားဟား... ငါလည်း သဘောကျတယ်... 'ဂိုဏ်း' တို့ 'တံခါး' တို့ ထည့်လိုက်ရင် ရိုးအီသွားမှာ..."

"နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါ 'ထာဝရ' ဟာ မဟာကမ္ဘာတစ်ထောင်ရဲ့ အဆန်းကြယ်ဆုံး နေရာ ဖြစ်လာပြီး လူအများ လိုက်ရှာပေမဲ့ လမ်းစ ရှာမတွေ့နိုင်တဲ့ နေရာ ဖြစ်လာလိမ့်မယ်..."

"ကောင်းလိုက်တာ... ငါတို့ အင်အားစုရဲ့ နာမည် ရပြီ ဆိုတော့ ပိုပြီး စိတ်အားထက်သန်လာပြီ... ဒီနေ့ကစပြီး ငါ 'ထာဝရ' အတွက် တိုက်ခိုက်တော့မယ်"

တပည့်များ၏ ဆွေးနွေးသံများကို နားထောင်ရင်း ကုအန် ခါးသီးစွာ ပြုံး၍ ခေါင်းခါလိုက်ပြီးနောက် ဘာမှ ဆက်မပြောဘဲ လှည့်ထွက်သွား၏။

နှစ်ထောင်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီး တပည့်များသည် အချင်းချင်း ဗဟုသုတများ ဖလှယ်ခဲ့ကြသည်။ တာအိုရတနာများကို မည်သို့ အသုံးပြုရမည်ကို သိရှိနားလည်ခဲ့ကြသလို ကုအန်၏ သဘောထားကိုလည်း နားလည်ထားကြသဖြင့် အလွဲသုံးစား လုပ်မည် မဟုတ်ပေ။

ကုအန် ထွက်သွားသည်နှင့် လူတိုင်း ပို၍ ရဲတင်းလာကြသည်။

ချန်ချွမ်က စိတ်လှုပ်ရှားစွာ မေးလိုက်၏။ "ပြောကြပါဦး... ငါ့ရဲ့ သံသရာဖြတ်တောက်ဓား က ပိုစွမ်းလား... ဒါမှမဟုတ် အကြီးအကဲလီရဲ့ ထာဝရကိုးပါး မြင့်မြတ်နှလုံးသားဓား က ပိုစွမ်းလား..."

အန်ရှင်းက သူ့ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ "အဲလို မေးခွန်းမျိုး မစဉ်းစားနဲ့... ငါတို့ အကြီးအကဲလီကို လေးစားမှု ပြသင့်တယ်"

လုရှန်က နှာမှုတ်လိုက်၏။ "သူ့ထက် သန်မာနေတာ ဘာဖြစ်လို့လဲ... လေးစားမှု ဆိုတာ စိတ်ထဲမှာ ထားရတာ... တနေ့ကျရင် သူ ငါတို့ရဲ့ ကယ်တင်မှုကို လိုအပ်ချင် လိုအပ်လာဦးမှာ... ငါ့အထင်တော့ တာအိုရတနာတွေက အမတလမ်းစဉ် အန္တိမ ရတနာတွေထက် ပိုစွမ်းတယ်... တာအိုရတနာထဲက မဟာတာအိုကို နားလည်သဘောပေါက်နိုင်ရင် သူ့ရဲ့ ကျယ်ပြန့်တဲ့ တာအိုဆန္ဒကို ခံစားမိမှာ... ငါတို့ 'ထာဝရ' ရဲ့ တာအိုရတနာတွေက သေချာပေါက် အစွမ်းအထက်ဆုံး မှော်ရတနာတွေ ဖြစ်လာမှာ..."

ထိုစကားကို ကြားသောအခါ အန်ရှင်း သူမလက်ထဲမှ ဘဝခြောက်ပါး ကြေးမုံ ကို ပြုံး၍ ကြည့်လိုက်၏။

သူမ မျက်နှာထား မတင်းမာတော့သည်ကို မြင်သောအခါ အခြားသူများလည်း ပြုံးလိုက်ကြပြီး တာအိုရတနာများ၏ စွမ်းအားအကြောင်း တက်ကြွစွာ ဆွေးနွေးကြသည်။

အန်ရှင်းသည် သူတို့နှင့် မျိုးဆက်တူ ဖြစ်သော်လည်း သတိမထားမိလိုက်ဘဲ ကြီးမားသော ဩဇာအာဏာကို တည်ဆောက်ထားပြီး ဖြစ်၏။ ကုအန် သူမကို အချစ်ဆုံး ဖြစ်ကြောင်း လူတိုင်း သိထားကြသည်။ ရှန်ကျန်းပင်လျှင် အန်ရှင်းရှေ့၌ သိပ်ပြီး ဆိုးသွမ်းရဲခြင်း မရှိပေ။

ဖူယို သရဲမယ်တော် သည် လူအုပ်ကြီး၏ နောက်ဆုံးတွင်ရပ်နေ၏။

သူမတွင် တာအိုရတနာ မရရှိသော်လည်း ဒါက ဖြစ်သင့်ဖြစ်ထိုက်သည်ဟု ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ကုအန်၏ တပည့် မဟုတ်ဘဲ အကျဉ်းသား တစ်ဦး အနေဖြင့် သက်တမ်းတာအိုနယ်မြေ သို့ ရောက်ရှိလာခဲ့သောကြောင့် ဖြစ်၏။

ကုအန် သူမကို ခေါ်ယူခဲ့ခြင်းသည် ရှင်းလင်းသော အချက်ပြမှု တစ်ခု ဖြစ်သည်။

သူမလည်း တာအိုရတနာ လိုချင်သည်လေ...

"ငါ့တာဝန်တွေကို ဒီတိုင်း ပုံမှန် လုပ်နေလို့ မဖြစ်တော့ဘူး... ပိုပြီး တက်ကြွရမယ်... သခင်လေးက ဆေးအပင်တွေ ခူးရတာ ကြိုက်တယ် ဆိုတော့... ဆေးဖက်ဝင် အပင် ထွက်နှုန်း တိုးအောင် နည်းလမ်း ရှာကြည့်ရမယ်..."

ဖူယို သရဲမယ်တော် သည် ဘေးပတ်ဝန်းကျင်မှ လူများကို ကြည့်ရင်း တွေးလိုက်မိ၏။

ပုံစံသစ် ပြန်လည် ဖွဲ့စည်းထားသော မဟာကမ္ဘာတစ်ထောင်တွင် နှစ်ပေါင်း တစ်သောင်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ရာ လူသားကမ္ဘာသည် ပုံစံသစ် တစ်မျိုး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မြင့်မြတ်ခုံရုံး လုံးဝ ပျက်စီးသွားပြီး ယခုအခါ ဂိုဏ်းတစ်ထောင် စစ်ပွဲ ဆင်နွှဲနေကြသည်။ ကမ္ဘာလောကကြီးသည် ယခင်ကထက် ပိုမို ကျယ်ပြန့်လာသဖြင့် မည်သည့်ဂိုဏ်းကမျှ ကမ္ဘာကို တိုက်ရိုက် စည်းလုံးညီညွတ်အောင် လုပ်နိုင်စွမ်း မရှိကြပေ။

ဂိုဏ်းပေါင်းများစွာ ရှိနေသော်လည်း ဤခေတ်ကာလကို တညီတညွတ်တည်း အမည်သတ်မှတ်ထားကြသည်။

ရှေးဦးခေတ်သစ်...

မဟာကမ္ဘာတစ်ထောင် အသစ် တည်ထောင်ခဲ့ပြီး ကောင်းကင်နှင့် မြေကြီး ဆုံတွေ့ကာ အရာအားလုံး အသစ်တဖန် ပွင့်လန်းလာသော အချိန်ကာလကို ရှေးဦး ဟု ခေါ်ဆိုကြပြီး အရာအားလုံး၏ အစဟု သတ်မှတ်ကြသည်။

ယခင်ခေတ်မှ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ရှေးဦးခေတ်သစ်သို့ ရောက်ရှိလာသော ဂိုဏ်းများသည် အုပ်စိုးသူ အဆင့် အင်အားစုများ ဖြစ်လာကြသည်။

အဓိပတိဂိုဏ်းသည် ထိုကဲ့သို့သော အင်အားစု တစ်ခု ဖြစ်၏။

ယခုအခါ အဓိပတိဂိုဏ်းသည် ပင်လယ်ခုနစ်စင်းနှင့် တိုက်ကြီးသုံးတိုက်ကို လွှမ်းမိုးထားပြီး ၎င်း၏ ဩဇာအာဏာသည် ယခင်က ကြယ်ခုနစ်ခုဝိညာဉ်နယ်ပယ်နှင့် ကြယ်ပင်လယ်ဖွဲ့စည်း တို့ထက်ပင် သာလွန်နေပြီ ဖြစ်သည်။

တတိယဆေးတောင်ကြားသည် ဂိုဏ်းချုပ် နေထိုင်ရာ နေရာ ဖြစ်သဖြင့် နှစ်ပေါင်း တစ်သောင်း ကြာမြင့်ပြီးသည့်တိုင် ဂုဏ်သရေရှိသော နေရာအဖြစ် တည်ရှိနေဆဲ ဖြစ်၏။

တောင်ကြားရှိ ဝါးတော တစ်ခုအတွင်းတွင် အဖြူရောင် ဝတ်ရုံပွပွ ဝတ်ဆင်ထားသော လုံချင်းသည် မြေကြီးပေါ်တွင် ခြေချိတ်ထိုင်နေသည်။ ဆံပင်ဖရိုဖရဲ ဖြစ်နေပြီး ငယ်ရွယ်သော ရုပ်သွင်များ ပျောက်ကွယ်သွားကာ ပိုမို တည်ငြိမ်ပြီး ခန့်မှန်းရခက်သော ပုံစံ ဖြစ်လာ၏။ တောအုပ်ထဲတွင် စစ်မှန်သော ဉာဏ်အလင်းရသူ တစ်ဦးကဲ့သို့ ဖြစ်နေသည်။

သူ့ရှေ့တွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ စစ်ခုံရုံးမှ ကျူးရှင်း ပင် ဖြစ်၏။

"ပုံစံသစ် ပြန်လည် ဖွဲ့စည်းထားတဲ့ မဟာကမ္ဘာတစ်ထောင်က ပြန်လည် တည်ဆောက်ထားတာနဲ့ မတူဘဲ ပြန်လည် မွေးဖွားလာသလို ဖြစ်နေတယ်... ကောင်းကင်နဲ့ မြေကြီး အန္တိမ ရတနာတွေ အများကြီး ပေါ်ထွက်လာတယ်... ဒီနှစ်တွေမှာ ငါလည်း အဲဒါတွေ လိုက်လုနေခဲ့တာ... မူလဘူတနှောင်ဖွဲ့ကင်းအမတ တွေရဲ့ ပိတ်ဆို့မှုကို ကြုံရမယ်လို့ မထင်ထားဘူး... စကြဝဠာရဲ့ နက်ရှိုင်းတဲ့ နေရာတွေမှာ ပုန်းအောင်းနေကြတဲ့ မသေမျိုး အဘိုးကြီးတွေ အကုန် ပြန်ထွက်လာကြပြီ..."

ကျူးရှင်းက သက်ပြင်းချလိုက်၏။ "မူလဘူတနှောင်ဖွဲ့ကင်းအမတ တွေနဲ့ တိုက်ခိုက်ပြီးမှ ဒီကမ္ဘာကြီးက မဟာကမ္ဘာတစ်ထောင်ရဲ့ အစိတ်အပိုင်း အစစ်အမှန် ဖြစ်လာပြီ ဆိုတာ သဘောပေါက်လိုက်တယ်... ငါရောက်ဖူးတဲ့ တခြား ကမ္ဘာကြီးတွေလိုပဲ ပြဿနာတွေ အမြဲ ရှိနေတတ်တယ်..."

လုံချင်း မျက်လုံးမဖွင့်ဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ... ထျန်းယီ ကို စုစည်းပြီး စစ်ခုံရုံး ကို အစားထိုးဖို့ ယုံကြည်မှု ပျောက်သွားပြီလား..."

ကျူးရှင်း ရယ်မောလိုက်၏။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အဲဒီ အန္တိမ ရတနာကို ငါ ရပြီးပါပြီ... အခု ခန္ဓာကိုယ် သန့်စင်ဆေးရည် ဖော်စပ်နေတာ... အများဆုံး နှစ်တစ်ရာပဲ... လုံထန် က ကမ္ဘာဦးဖရိုဖရဲခန္ဓာ ကို ကျင့်ကြံနိုင်တော့မှာ... ရှေးဦးခေတ်သစ်ရဲ့ ဒဏ္ဍာရီတွေကို လျှော့တွက်လို့ မရဘူး... ကမ္ဘာကြီးတိုင်း ဒီလိုအချိန်ကာလမျိုး ဖြတ်သန်းရစမြဲပဲ..."

သူ ပြောသော လုံထန် ဆိုသည်မှာ လုံချင်း၏ သား လုံထန် ဖြစ်သည်။

လုံထန်သည် ကျူးရှင်းကို ဆရာတင်ထားပြီး ကျူးရှင်းက လုံထန်ကို ပြုစုပျိုးထောင်ရာတွင် အလွန် အပ်နှံထားသည်။ သူတို့၏ ဆရာ တပည့် ဆက်ဆံရေးသည် သားအဖ ဆက်ဆံရေးထက်ပင် ပိုမို ရင်းနှီးကြ၏။

လုံချင်း ဒါကို ကြားရတာ မကြိုက်ပေ။

လုံကျွင်း ပေါ်လာကတည်းက ကျူးရှင်းသည် လုံချင်းကို သေလူတစ်ယောက်ကဲ့သို့ ဆက်ဆံလာပြီး လုံချင်း၏ သားကို ပြုစုပျိုးထောင်ရာတွင်သာ အာရုံစိုက်လာခဲ့သည်။

လုံချင်း စိတ်ဆိုးနေသည်ကို ကျူးရှင်း သတိပြုမိသော်လည်း လုံချင်း သယ်ဆောင်ထားသော ကံတရားကြောင့် ဖြစ်မည်ဟု ယူဆလိုက်သည်။ ထို့ကြောင့် သူက နှစ်သိမ့်လိုက်၏။ "လုံကျွင်း ပျောက်သွားတာ နှစ်ထောင်ပေါင်းများစွာ ရှိပြီ... စစ်ခုံရုံး ရော သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ် ရော ပေါ်မလာသေးဘူး... မင်းရဲ့ ကံကြမ္မာ ပြောင်းလဲသွားပြီ ထင်တယ်..."

လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းက စစ်ပွဲကြီးကို ပြန်တွေးမိတိုင်း ကျူးရှင်း တုန်လှုပ်နေဆဲ ဖြစ်သည်။

ထိုမျှ စွမ်းအားကြီးသော ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားသည် အလွယ်တကူ သုတ်သင်ခံလိုက်ရ၏။ ကုအန်၏ ရုပ်သွင်အစစ်ကို သူ မမြင်လိုက်ရသော်လည်း ထိုသူမှာ ဆရာသခင်ဓားအရှင် ဖြစ်မည်ဟု ခန့်မှန်းမိသည်။

သူတစ်ယောက်တည်း မဟုတ်ပေ။ လွတ်ငြိမ်းရာအမတ အဆင့်နှင့် တာအိုအသီးအဆင့် ရှိသူ အများစုသည်လည်း ထိုသို့ပင် ခန့်မှန်းကြသဖြင့် အဓိပတိဂိုဏ်း ကြီးထွားလာခြင်း ဖြစ်၏။

ယခုအခါ အဓိပတိဂိုဏ်းတွင် ကျူးရှင်း၏ စီမံခန့်ခွဲမှုအောက်၌ နတ်အတွေးအစစ်အမှန်အမတ အများအပြား ရှိနေပြီ ဖြစ်သည်။ ကုအန်နှင့် ကံတရား ဆက်နွယ်မှု ရှိသော အကြီးအကဲများမှလွဲ၍ အကြီးအကဲခန်းမသည် သွေးသစ် လောင်းပြီး ဖြစ်၏။

လုံချင်း မျက်ကွယ်တွင် ကျူးရှင်းသည် အဓိပတိဂိုဏ်း၌ အကြီးမားဆုံး အာဏာကို ပိုင်ဆိုင်ထားသည်။

လက်ရှိ အဓိပတိဂိုဏ်း၏ တပည့် အများစုသည် ရှေးဦးခေတ်သစ်တွင် မွေးဖွားလာသူများ ဖြစ်သဖြင့် ကျူးရှင်းကို ပြင်ပလူဟု မမြင်ကြပေ။ သူတို့ ဂိုဏ်းဝင်ချိန်တွင် ကျူးရှင်းသည် အဓိပတိဂိုဏ်း၏ အသန်မာဆုံး ပုဂ္ဂိုလ် ဖြစ်နေပြီ ဖြစ်ရာ ယနေ့ထက်တိုင် တပည့်အားလုံး သူ့ကို လေးစားအားကျကြသည်။

ဆရာသခင်ဓားအရှင် မှာမူ ဒဏ္ဍာရီ ဆန်ဆန် ဖြစ်နေပြီ ဖြစ်သည်။ သို့သော် ကောင်းကင်ဖာထေး စင်မြင့် ရှိနေခြင်းကြောင့် မည်သူကမျှ ဤဒဏ္ဍာရီ၏ မှန်ကန်မှုကို သံသယ မဝင်ကြပေ။

ကံကြမ္မာ ပြောင်းလဲသွားနိုင်ကြောင်း ကြားလိုက်ရသဖြင့် လုံချင်း မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ ကျူးရှင်းကို ကြည့်ပြီး မေးလိုက်၏။ "မဟာကမ္ဘာတစ်ထောင် အထွတ်အထိပ် ရောက်သွားရင် စစ်ခုံရုံး ကို ယှဉ်ပြိုင်နိုင်မလား"

ကျူးရှင်း စဉ်းစားလိုက်ပြီး "စစ်ခုံရုံး က မဟာကမ္ဘာတစ်ထောင် အများအပြားကို ထိန်းချုပ်ထားပြီး အဲဒီအထက်ကို ရောက်နေပြီ... ဒါပေမဲ့ မဟာကမ္ဘာတစ်ထောင်ရဲ့ အလားအလာက အကန့်အသတ် မရှိပါဘူး... တချို့ စွမ်းအားကြီးတဲ့ မဟာကမ္ဘာတစ်ထောင်တွေ ဆိုရင် စစ်ခုံရုံး တောင် မသွားရဲတဲ့ နယ်မြေတွေ ဖြစ်နေတတ်တယ်"

"အဲဒီလို မဟာကမ္ဘာတစ်ထောင်တွေ တကယ် ရှိလို့လား..."

လုံချင်း မျက်ခုံးပင့်၍ မေးလိုက်သည်။ အတိတ်ဘဝ မှတ်ဉာဏ်များ ပြန်ရထားသဖြင့် စစ်ခုံရုံး၏ စွမ်းအားကို သူ ကောင်းစွာ သိသည်။ သို့သော် သူသည် အတိတ်ဘဝက ဤစကြဝဠာတွင် မွေးဖွားခဲ့ခြင်း ဖြစ်ပြီး အခြားသော မဟာကမ္ဘာတစ်ထောင်များနှင့် မရင်းနှီးပေ။

"ရှိတာပေါ့... ဟုန်မုန့်၊ ကိုးပါးအန္တိမ၊ ထိုက်ရှီ၊ ထိုက်ချင်း၊ ထိုက်ဝေ့... ဒီ မဟာကမ္ဘာတစ်ထောင် ၅ ခုက စစ်ခုံရုံး မကျူးကျော်ရဲတဲ့ နေရာတွေပဲ... ငါ မရောက်ဖူးပေမဲ့ စစ်ခုံရုံးသခင်က ဒီကမ္ဘာတွေကို အရမ်း သတိထားတယ်... ပြီးတော့ မဟာကမ္ဘာတစ်ထောင် အပြင် တခြားသော တည်ရှိမှု အဆင့်တွေလည်း ရှိသေးတယ်... ကမ္ဘာ့စည်းမျဉ်းတွေအရ မရှိသင့်ပေမဲ့ သူတို့ဆီမှာလည်း မယုံနိုင်လောက်အောင် စွမ်းအားကြီးတဲ့ အင်အားစုတွေ ရှိနေတတ်တယ်"

ကျူးရှင်း ခေတ္တရပ်ပြီး လေးနက်စွာ ပြောလိုက်၏။ "စစ်ခုံရုံး က သန်မာပေမဲ့ အသန်မာဆုံးတော့ မဟုတ်သေးဘူး... မင်း မျှော်လင့်ချက် ထားနေသရွေ့ မင်းရဲ့ ကန့်သတ်ချက်က သူတို့ကို ကျော်လွန်သွားမှာပါ... လုံမျိုးနွယ် က စစ်ခုံရုံး ရဲ့ ဗဟိုချက်မ ဖြစ်နေတယ်လို့ ငါ အမြဲ ခံစားရတယ်... တနေ့ကျရင် လုံမျိုးနွယ် က စစ်ခုံရုံး ကို ကျော်တက်ပြီး အာဏာ ပြန်ရယူနိုင်မှာပါ"

ထိုစကားကို ကြားသောအခါ လုံချင်း၏ မျက်လုံးများ တက်ကြွလာ၏။

ထိုစဉ် အမျိုးသမီးတစ်ဦး သူတို့ဘေးတွင် ရုတ်တရက် ပေါ်လာသည်။

"အဖေ... ရဲချန်း ပြန်ရောက်လာပြီ... သူ့အဖေအတွက် တရားမျှတမှု လာတောင်းတာတဲ့... သူက အမတလမ်းစဉ် အန္တိမ ရတနာ ကို ကိုင်ဆောင်ထားပြီး ပထမပင်လယ် နယ်မြေ ကို ဖောက်ဝင်လာပြီ... ဒီနေ့ ထိုက်ချန်း တိုက်ကြီး ကို ရောက်လာနိုင်တယ်..."

ထိုအမျိုးသမီးမှာ လုံချင်း၏ သမီး လုံယာ ဖြစ်သည်။ ရဲချန်းအကြောင်း ပြောသောအခါ သူမ၏ မျက်နှာထား ရှုပ်ထွေးနေ၏။

လုံချင်းက တွေးတောဆင်ခြင်စွာ ပြောလိုက်သည်။ "နောက်ဆုံးတော့ သူ ကြီးပြင်းလာပြီပဲ... လွန်ခဲ့တဲ့ နှစ်ကိုးထောင်တုန်းက သူ့ကံကြမ္မာပုံစံက သာမန်မဟုတ်ဘူးလို့ ငါ ခံစားခဲ့ရတယ်"

သို့သော် ကျူးရှင်းက အထင်အမြင်သေးစွာ ပြောလိုက်၏။ "ကံကြမ္မာပုံစံ သာမန်မဟုတ်တာ ဘာအရေးကြီးလို့လဲ... သူ အဓိပတိဂိုဏ်းရဲ့ မျက်နှာကို မနင်းချေသင့်ဘူး... ပုဂ္ဂိုလ်ရေး ရန်ငြိုးတွေကို သီးသန့် ရှင်းလို့ ရတာပဲ... လာပါစေ... သူ့ပါရမီ ထူးခြားရင်တောင် နှစ်ကိုးထောင် ကျင့်ကြံရုံနဲ့ အဓိပတိဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို လှုပ်ခါဖို့ အများကြီး လိုသေးတယ် ဆိုတာ ငါ သိအောင် လုပ်ပြမယ်..."

လုံချင်း ခေတ္တ တွန့်ဆုတ်နေပြီးနောက် ပြောလိုက်၏။ "သူ့အသက်ကို အန္တရာယ် မပေးပါနဲ့... ဘာပဲဖြစ်ဖြစ် သူက တချိန်တုန်းက ငါ့တပည့် ဖြစ်ခဲ့ဖူးတာပဲ... နားလည်မှု လွဲတာ တချို့ကို မျက်နှာချင်းဆိုင် ရှင်းသင့်တယ် ထင်ပါတယ်..."

ကျူးရှင်း နှာမှုတ်လိုက်ပြီး နေရာမှ ပျောက်ကွယ်သွား၏။

သူ ထွက်သွားသည်နှင့် လုံယာ သက်ပြင်းချလိုက်သည်။ သူမ လုံချင်းအနားသို့ တိုးကပ်လာပြီး တိုးတိုးလေး ပြောလိုက်၏။ "အဖေ... ကြားတာတော့ ရဲချန်း က ကမ္ဘာဦးဖရိုဖရဲခန္ဓာ ကို ကျင့်ကြံထားတယ်တဲ့... ကောင်းကင်ကို အံ့အားသင့်စေပြီး သရဲတွေကို လန့်ဖျပ်စေတယ်တဲ့... ကွမ်ယွမ် သူတော်စင်ဂိုဏ်း က သူတော်စင်မလေးတောင် သူ့ကို လေးစားနေတာ... သူ့ကျင့်ကြံခြင်းအဆင့် မြင့်မားရုံသာမက အခု သူ့နောက်မှာ အားကောင်းတဲ့ ကျောထောက်နောက်ခံလည်း ရှိနေတယ်..."

လုံချင်းက သူမကို တစ်ချက် ကြည့်လိုက်ပြီး ပြန်ပြောလိုက်၏။

"ဒါဆို ဘာဖြစ်လဲ... မင်း ဘာပြောချင်တာလဲ"

လုံယာက စိုက်ကြည့်ပြီး ပြောလိုက်သည်။ "ဘာပြောချင်ရမှာလဲ... ကျွန်မ သတိပေးချင်ရုံပါ... ကျွန်မ သူ့အပေါ် အမှားလုပ်ခဲ့တာ မှန်ပါတယ်... ဒါပေမဲ့ သူ့ကို အဓိပတိဂိုဏ်းကနေ တကယ် တွန်းထုတ်လိုက်တာ အဖေလေ... အဖေက အဓိပတိဂိုဏ်းကို အရမ်း ဂရုစိုက်လွန်းတော့ ကိုယ့်တပည့် ဒုက္ခရောက်ခဲ့ရတာပေါ့"

ပြောပြီးသည်နှင့် လုံယာ ခြေဆောင့်ကာ ထွက်ခွာသွား၏။

လုံချင်း စိတ်မဆိုးပေ။ သူ အထက်ရှိ ဝါးတောကို မော့ကြည့်ပြီး ရေရွတ်လိုက်သည်။ "ဆရာ... ဒီလို အကျပ်အတည်းမျိုး ကြုံရင် ဆရာ ဘာရွေးချယ်မလဲ"

သူသည် နှစ်ပေါင်း တစ်သောင်း အတွင်း တပည့်များစွာ လက်ခံခဲ့သော်လည်း ဂိုဏ်းချုပ် တစ်ယောက် အနေဖြင့် အဓိပတိဂိုဏ်း၏ တပည့်များကို အမြဲ ဦးစားပေးခဲ့သည်။ သူ့တပည့်များသည် အဓိပတိဂိုဏ်း၏ အရင်းအမြစ်များကို ပိုမို ခံစားခွင့် ရရှိထားသဖြင့် ပိုမို သည်းခံနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။

ရဲချန်း ပြန်လာခြင်းသည် လုံချင်းကို မတုန်လှုပ်စေဘဲ သူ့ဆရာကိုသာ လွမ်းဆွတ်သွားစေ၏။

အခန်း ၅၈၈ ထိုက်ချင်း ရွှေအမတ ပြည့်စုံခြင်းအဆင့်

ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော် အတွင်း၌ ကုအန်သည် ဆေးဖက်ဝင် အပင်များ ခူးယူပြီးနောက် အဝေးတွင် ကျင့်ကြံနေကြသော ချန်လော့နှင့် ရွှီလင် တို့ကို လှမ်းကြည့်လိုက်၏။ သူတို့သည် အချုပ်အနှောင်မဲ့အမတ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ထိုအဆင့်မှ ပူပင်မဲ့အမတ အဆင့်သို့ တက်လှမ်းရန်မှာ အချိန်ကြာမြင့်သော လုပ်ငန်းစဉ် ဖြစ်သည်။

သက်တမ်းတာအိုနယ်မြေ မှ တပည့်များပင်လျှင် အချုပ်အနှောင်မဲ့အမတ အဆင့်ကို ကျော်ဖြတ်ရန် ကြိုးပမ်းနေကြဆဲ ဖြစ်၏။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ချန်ချွမ်သည် လျှို့ဝှက်ဆန်းကြယ်သော အကြောင်းနှင့် အကျိုး တိုက်ခိုက်မှုများကို ထပ်မံ မကြုံတွေ့ရတော့ပေ။ ထို့ကြောင့် ကုအန်သည် ချန်လော့နှင့် ရွှီလင် တို့ကို လွှတ်ပေးသင့်၊ မပေးသင့် စဉ်းစားနေမိသည်။

လူတိုင်းက နေရာတစ်ခုတည်းမှာပဲ အမြဲတမ်း ကျင့်ကြံနေချင်ကြတာမှ မဟုတ်တာ...

ပင်လယ်နက်နဂါးငါးကြင်း သည် ကုအန်၏ ဘေးသို့ ရောက်လာ၏။ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်ပြီး အမျိုးသမီး တစ်ဦးကဲ့သို့ နူးညံ့သိမ်မွေ့သော အလှတရား ရှိနေဆဲ ဖြစ်သော်လည်း လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းနှင့် ယှဉ်လျှင် ပိုမို ထင်ရှားသော အရှိန်အဝါကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။ အမျိုးသမီး မိစ္ဆာတစ်ကောင် မဟုတ်ကြောင်း ရှင်းလင်းစွာ သိသာနေ၏။

"ဆရာ... သူတို့ကို သွားခေါ်ပေးရမလား"

ပင်လယ်နက်နဂါးငါးကြင်း က လေးစားသမှုဖြင့် မေးလိုက်သည်။ သူသည်လည်း အချုပ်အနှောင်မဲ့အမတ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ချန်လော့နှင့် ရွှီလင် တို့ထက် များစွာ သာလွန်နေ၏။

ထိုနှစ်ယောက်နှင့် ယှဉ်လျှင် ပင်လယ်နက်နဂါးငါးကြင်း ၏ စိတ်နှလုံးသည် ရိုးရှင်းပြီး ကျင့်ကြံခြင်း တစ်ခုတည်းကိုသာ အာရုံစိုက်ထားသည်။

ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော် သို့ ဝင်ရောက်နိုင်ရန် သူသည် အခက်အခဲ များစွာကို ကျော်ဖြတ်ခဲ့ရသည်ကို မှတ်မိနေဆဲ ဖြစ်သဖြင့် ထွက်ခွာသွားရန် ဆန္ဒမရှိပေ။

"မလိုပါဘူး... မင်း ဘယ်လို မှော်ရတနာ လိုချင်လဲ..." ကုအန်က ကိုယ်လက်လှုပ်ရှား ပြုလုပ်ရင်း မေးလိုက်၏။

မှော်ရတနာ

ပင်လယ်နက်နဂါးငါးကြင်း ၏ မျက်လုံးများ တောက်ပလာသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် သူက ပြောလိုက်၏။

"ကျွန်တော် အလံကြီး တစ်ခု လိုချင်တယ်... သမုဒ္ဒရာကို ထိန်းချုပ်နိုင်မယ့် အလံမျိုးပေါ့..."

ကမ္ဘာ့နယ်နိမိတ် အပြင်ဘက်ရှိ ဖြစ်တည်မှုများကို သူ သိရှိထားပြီး ဖြစ်သော်လည်း သူ့စိတ်နှလုံးသည် သမုဒ္ဒရာနှင့်သာ သက်ဆိုင်နေဆဲ ဖြစ်သည်။

စာအုပ်များ ပိုမို ဖတ်ရှုလာသည်နှင့်အမျှ သူ့တွင် ရည်မှန်းချက် တစ်ခု ဖြစ်ပေါ်လာသည်။ သမုဒ္ဒရာကို လွှမ်းမိုးအုပ်ချုပ်ရန် ဖြစ်၏။

သမုဒ္ဒရာ အတွင်းရှိ သက်ရှိအားလုံး သူ့ကို သခင်အဖြစ် ကိုးကွယ်စေချင်သည်။

သူ့တောင်းဆိုချက်ကို ကြားသောအခါ ကုအန် အနည်းငယ် ခေါင်းငြိမ့်လိုက်ပြီး ဘာမှ မပြောပေ။

တာအိုရတနာ ဆယ်ခု သွန်းလုပ်ခဲ့သော်လည်း သူ မမောပန်းပေ။ အဘယ်ကြောင့်ဆိုသော် ဤလုပ်ငန်းစဉ် အတွင်း သူသည် မဟာတာအိုကို နားလည်သဘောပေါက်နေပြီး ပြန်ပြောင်းစဉ်းစားကြည့်လျှင် အလွန် ကောင်းမွန်သော ခံစားမှုမျိုး ရရှိနေသောကြောင့် ဖြစ်၏။

ထို့ကြောင့် သူသည် တာအိုရတနာများကို ဆက်လက် သွန်းလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ချန်လော့နှင့် ရွှီလင် တို့ကဲ့သို့သော လူတိုင်း တာအိုရတနာ ရရှိမည် မဟုတ်ပေ။

ကုအန် သူတို့ကို ကယ်တင်ခဲ့ခြင်းမှာ ချန်ချွမ်၏ မျက်နှာကို ထောက်ထား၍ ဖြစ်သည်။

ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ ကုအန်၏ စိတ်ခံစားမှုများ ပိုမို တည်ငြိမ်လာပြီး သူ့စိတ်နှလုံးထဲတွင် နေရာတစ်နေရာ ရရှိရန်နှင့် သူ့ဂရုစိုက်မှုကို ရရှိရန်မှာ ကောင်းကင်သို့ တက်လှမ်းရသည်ထက်ပင် ပိုမို ခက်ခဲလာ၏။

သူသည် သံယောဇဉ်ဟောင်းများကို တန်ဖိုးထားတတ်သူ ဖြစ်သည်။

"သွားကျင့်ကြံတော့... ငါ မကြာခင် ထွက်သွားတော့မယ်"

ပင်လယ်နက်နဂါးငါးကြင်း မထွက်ခွာလိုဘဲ ရပ်နေသည်ကို မြင်သောအခါ ကုအန်က နှင်ထုတ်လိုက်၏။

သူသည် နေရာတွင် ဆက်လက် ရပ်နေပြီး ပုန်းကွယ်စိတ်ဝိညာဉ်နန်းတော် အတွင်းရှိ ဆေးဥယျာဉ် အပိုင်းများကို လှမ်းကြည့်ရင်း သက်တမ်း အဆင့်ချိုးဖျက်ခြင်း လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်သည်။

[သင်သည် သက်တမ်း အဆင့်ချိုးဖျက်ခြင်း လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်သည်။ သင်၏ လက်ရှိ အဆင့်အပေါ် မူတည်၍ အောက်ပါ အဆင့်ချိုးဖျက်ရာ နေရာများကို သင့်အတွက် ရွေးချယ်ထားပါသည် -]

[၁။ ထာဝရကောင်းကင်ကိုးခု]

[၂။ အဝါရောင်ကောင်းကင်သို့ တက်လှမ်းခြင်း]

[၃။ ထိုက်ဝေ့ မြေကမ္ဘာအူတိုင်]

[၄။ မြေအောက်ကမ္ဘာ ပင်လယ်နက်]

[၅။ မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်း]

[၆။ မဟာတာအို လမ်းစဉ်]

[၇။ အသူရာ ချောက်နက်]

[၈။ မြူခိုး အမတနန်းတော်]

[၉။ လင်တောင်]

ဤနေရာ အများစုသည် ယခင်က ပေါ်လာဖူးသည်။ ယခုတစ်ကြိမ်တွင် ကုအန်သည် ထာဝရကောင်းကင်ကိုးခုကို တိုက်ရိုက် ဖယ်ထုတ်လိုက်၏။

သူသည် အမည်များကို ဂရုတစိုက် စဉ်းစားနေသည်။ လင်တောင် ကို သူ အလွန် စိတ်ဝင်စားနေ၏။

ဟွာရှာ ဒဏ္ဍာရီများထဲတွင် လင်တောင် သည် ဗုဒ္ဓဘာသာ ဂိုဏ်း၏ နယ်မြေ ဖြစ်သည်။ ယခု ကောင်းကင်နန်းတော် ပေါ်ထွက်လာပြီ ဖြစ်ရာ ဤလင်တောင်သည် ဒဏ္ဍာရီထဲမှ လင်တောင် ဟုတ်မဟုတ် သူ မသေချာပေ။

သိချင်စိတ် ရှိသော်လည်း ကုအန် လင်တောင်သို့ မသွားလိုပေ။

လင်တောင်၏ ဒီရေများသည် အလွန် နက်ရှိုင်းကြောင်း သူ ခံစားနေရသည်။ အခြားနေရာများသည် အလွန် ကျယ်ပြန့်သော ပုံစံရှိသော်လည်း လင်တောင်သည် တောင်တစ်လုံးတည်းကဲ့သို့ ဖြစ်နေ၏။ သက်တမ်း အဆင့်ချိုးဖျက်ရာ နေရာများသည် ယာယီ ဘေးကင်းသော်လည်း သူ စွန့်စားရမည်ကို မလိုလားပေ။

သူ့အတွက် အဆင့်ချိုးဖျက်ရာ နေရာသည် ကြီးမားလေ ပိုကောင်းလေ ဖြစ်သည်။ သို့မှသာ မူမမှန်မှုများ ဖြစ်ပေါ်လာလျှင်ပင် မည်သူကမျှ သက်တမ်းအတားအဆီး အတွင်းသို့ ကျူးကျော်ဝင်ရောက်နိုင်မည် မဟုတ်ပေ။

စဉ်းစားပြီးနောက် ကုအန်သည် မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်း သို့ သွားရန် ဆုံးဖြတ်လိုက်၏။

သင်္ချိုင်းထဲတွင် စွမ်းအားကြီးသော ဖြစ်တည်မှုများ ရှိမည် မဟုတ်၊ သို့မဟုတ် ရှိလျှင်လည်း ချိတ်ပိတ်ခံထားရပေလိမ့်မည်။

ထို့အပြင် အကြောင်းတစ်ခုခုကြောင့် မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်း ကို မြင်လိုက်ရသောအခါ ဤနေရာနှင့် ဆက်နွယ်မှု ရှိနေသည်ဟု ကုအန် ခံစားလိုက်ရ၏။

[မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်း သို့ ကူးပြောင်းရန် သက်တမ်း နှစ် ၁၀,၀၀၀,၀၀၀,၀၀၀ (၁၀ ဘီလီယံ) ကုန်ကျပါမည်။ ဆက်လက် လုပ်ဆောင်လိုပါသလား။]

ဆက်လုပ်မယ်။

ထိုအတွေး ပေါ်လာသည်နှင့် တပြိုင်နက် ကုအန် မခံစားရသည်မှာ ကြာပြီဖြစ်သော ထူးခြားသည့် အခြေအနေတစ်ခု သူ့ကို လွှမ်းခြုံသွား၏။ သူ မျက်လုံးမှိတ်လိုက်ရာ အာရုံများ အားလုံး ပျောက်ဆုံးသွားသည်။

ခေတ္တမျှ ကြာပြီးနောက် ကုအန်၏ ခြေထောက်သည် မြေကြီးနှင့် ထိတွေ့သည်ကို ခံစားလိုက်ရသည်။ သူသည် သက်တမ်းအတားအဆီးကို ချက်ချင်း ဖွင့်လိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်၏။

ပျက်စီးနေသော နန်းတော်များ၊ တိမ်တိုက်များအထိ ထိုးထွက်နေသော ရှေးဟောင်း ကျောက်တိုင်များ၊ မညီညာသော မြေပြင်၊ ပန်းမန် သစ်ပင်များ မရှိဘဲ သဲဝါရောင် မြေကြီးနှင့် ကျောက်တုံးများသာ ရှိသည်။ အဝေးမှ ဖုန်မှုန့်များသည် ကောင်းကင်သို့ လွင့်ပျံနေသဖြင့် မြင်ကွင်းအဆုံးကို ဝေဝါးနေစေ၏။

ကျယ်ပြန့်ပြီး ခြောက်သွေ့နေသည်။ ဤသည်မှာ ကုအန်၏ ပထမဆုံး အမြင် ဖြစ်သည်။

ဤနေရာတွင် တာအိုဝိညာဉ်ချီများ အလွန် သိပ်သည်းနေပြီး ထာဝရကောင်းကင်ကိုးခု ထက်ပင် ပိုမို သိပ်သည်းနေ၏။ သို့သော် တာအိုအရှိန်အဝါများမှာမူ သိပ်မများပြားဘဲ အကြောင်းနှင့် အကျိုး လမ်းစဉ် တစ်ခုတည်းသာ ထူးခြားစွာ တည်ရှိနေသည်။

ဤအချက်က ကုအန်အတွက် ကောင်းမွန်သည်။ သူသည် အခြား တာအိုလမ်းစဉ်များကို စတင် လေ့လာနေပြီ ဖြစ်သော်လည်း အကြောင်းနှင့် အကျိုး လမ်းစဉ်သည် သူ့အဓိက ဦးစားပေး ဖြစ်နေဆဲ ဖြစ်၏။

ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ရာ မည်သည့် သက်ရှိ၏ အရှိန်အဝါကိုမျှ ကုအန် မခံစားရပေ။

မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်း သည် သူ ထင်ထားသည်ထက် ပိုမို ကြီးမားနေပြီး သူ့စိတ်မျက်လုံးဖြင့် ကြည့်ရှု၍ မကုန်နိုင်အောင် ဖြစ်နေ၏။ ကမ္ဘာတစ်ခုလုံး သင်္ချိုင်းထဲတွင် ရှိနေသလား၊ သို့မဟုတ် ဤနေရာက ကမ္ဘာကို ဖုံးကွယ်ထားသလား ဆိုသည်ကို သူ သိချင်နေမိသည်။

သူ နေရာတွင် ထိုင်ချလိုက်ပြီး စွမ်းရည်ပြဘောင်ကွက်ကို ဖွင့်ကြည့်လိုက်၏။

[အမည် - ကုအန်]

[သက်တမ်း - ၂၀,၅၈၇ / ၃၃၈,၅၄၂,၇၀၉,၀၆၈]

[ခန္ဓာ - ကမ္ဘာဦးပြန်လည်မွေးဖွားခြင်းအမတခန္ဓာ]

[ကျင့်ကြံခြင်းအဆင့် - ဟန်ထျန်းရွှေအမတ ပြည့်စုံခြင်းအဆင့်]

...

သက်တမ်း နှစ်ဘီလီယံ ၃၃၀ ကျော်...

ဒီတစ်ခါတော့ အောင်မြင်စွာ အဆင့်ချိုးဖျက်နိုင်မှာ သေချာတယ်။

ကုအန် ယုံကြည်မှု ပြည့်ဝနေ၏။ ယခင် အဆင့်ချိုးဖျက်စဉ်က ကပ်ဘေးတစ်ခု ကျော်ဖြတ်တိုင်း နှစ်သန်းတစ်ရာ စောင့်ဆိုင်းခဲ့ရသည်။ ယခု သူသည် ဘက်စုံ တိုးတက်နေပြီ ဖြစ်ရာ ကပ်ဘေးကျော်ဖြတ်ရန် စောင့်ဆိုင်းရမည့် အချိန်သည် အဆပေါင်းများစွာ တိုးလာမည် မဟုတ်ဟု ယူဆရသည်။

သူသည် ကျင့်ကြံခြင်းအဆင့် အတွက် သက်တမ်း နှစ် ၁၀ ဘီလီယံကို ချက်ချင်း ရင်းနှီးမြှုပ်နှံလိုက်၏။

[သင်သည် ချီစုပ်ယူခြင်း ကျင့်စဉ်ကို နှစ်သန်း ၂၀၀ ကြာ ကျင့်ကြံခဲ့သည်။ တာအိုအရှင်သခင် စွမ်းရည် ၏ ကြီးမားသော အောင်မြင်မှုကို အသုံးပြု၍ ထိုက်ချင်း ရွှေအမတ အဆင့်ကို အတင်းအဓမ္မ ချိုးဖောက်ဝင်ရောက်ခဲ့သည်။ ကပ်ဘေးစတင် ကျော်ဖြတ်ခဲ့သော်လည်း ရွှေအမတ တာအိုဖြတ်တောက် ကပ်ဘေး သုံးထောင်ကို မခံနိုင်ခဲ့သဖြင့် ကပ်ဘေးကျော်ဖြတ်ခြင်း ကျရှုံးခဲ့သည်။]

[သင်သည် ချီစုပ်ယူခြင်း ကျင့်စဉ်ကို နှစ်သန်း ၄၀၀ ကြာ ကျင့်ကြံခဲ့သည်။ တာအိုအရှင်သခင် စွမ်းရည် ၏ ကြီးမားသော အောင်မြင်မှုကို အသုံးပြု၍ ထိုက်ချင်း ရွှေအမတ အဆင့်ကို အတင်းအဓမ္မ ချိုးဖောက်ဝင်ရောက်ခဲ့သည်။ ကပ်ဘေးစတင် ကျော်ဖြတ်ခဲ့သော်လည်း ရွှေအမတ တာအိုဖြတ်တောက် ကပ်ဘေး သုံးထောင်ကို မခံနိုင်ခဲ့သဖြင့် ကပ်ဘေးကျော်ဖြတ်ခြင်း ကျရှုံးခဲ့သည်။]

တကယ်ပဲ ထိုက်ချင်း ရွှေအမတ အဆင့်ပါလား...

နှစ်သန်း ၂၀၀ နေမှ ကပ်ဘေးတစ်ကြိမ် ကျော်ဖြတ်ရတယ် ဆိုတော့ မဆိုးပါဘူး။

လက်တွေ့တွင် ကပ်ဘေးကျရှုံးခြင်းသည် ပြင်းထန်သော ဒဏ်ရာရခြင်း၊ သို့မဟုတ် ပျက်စီးသွားခြင်း ဖြစ်စေနိုင်သည်။ ဤအဆင့်တွင် နှစ်သန်း ၂၀၀ အတွင်း ကျင့်ကြံခြင်းအဆင့်နှင့် အခြေအနေကို ပြန်လည် ကုစားနိုင်ခြင်းသည် ရှားပါးသော အရာဖြစ်သည်။

မကြာမီ သက်တမ်း နှစ် ၁၀ ဘီလီယံ ကုန်ဆုံးသွားပြီး ကြိုးပမ်းမှု အားလုံး ကျရှုံးသွား၏။

ကုအန် လုံးဝ မထိတ်လန့်ပေ။ ဒါက အစသာ ရှိသေးသည်။

နောက်ထပ် သက်တမ်း နှစ် ၁၀ ဘီလီယံ...

အသိပေးချက်များ တစ်ခုပြီး တစ်ခု ပေါ်လာသော်လည်း ကုအန်၏ အာရုံသည် အဝေးရှိ ကြီးမားသော နန်းတော်ကြီး တစ်ခုဆီသို့ ရောက်ရှိသွား၏။

ထိုနန်းတော်ကြီးသည် သူ့နေရာမှ မိုင်တစ်သန်းကျော် ကွာဝေးသည်။ ပတ်ဝန်းကျင်ရှိ အဆောက်အအုံများနှင့် ယှဉ်လျှင် ထူးကဲစွာ ခမ်းနားထည်ဝါနေပြီး တံခါးပေါက် တစ်ခုတည်းကပင် အမြင့်ပေ တစ်သောင်းကျော် ရှိနေ၏။

စောစောက ကုအန်သည် ထိုနန်းတော်ဆီမှ ဖျော့တော့ပြီး ထူးဆန်းသော အရှိန်အဝါ တစ်ခုကို ခဏတာ ခံစားလိုက်ရပြီး လျင်မြန်စွာ ပျောက်ကွယ်သွားသဖြင့် သူ စိတ်ထင်နေသလားဟု တွေးမိလိုက်သည်။

ဒီ မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်း က လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားပုံပဲ။

ဘောင်ကွက်ပေါ်ရှိ အသိပေးချက်များ ပျောက်ကွယ်သွားပြီးနောက် ကုအန်သည် နောက်ထပ် သက်တမ်း နှစ် ၁၀ ဘီလီယံကို ဆက်လက် ရင်းနှီးမြှုပ်နှံလိုက်၏။

ကျရှုံးတယ်။

ထပ်ထည့်တယ်။

ကျရှုံးတယ်။

ထပ်ထည့်တယ်။

နောက်ဆုံးတော့ အောင်မြင်သွားပြီ၏

[သင်သည် ချီစုပ်ယူခြင်း ကျင့်စဉ်ကို နှစ် ၅.၉ ဘီလီယံ ကြာ ကျင့်ကြံခဲ့သည်။ တာအိုအရှင်သခင် စွမ်းရည် ၏ ကြီးမားသော အောင်မြင်မှုကို အသုံးပြု၍ ထိုက်ချင်း ရွှေအမတ အဆင့်ကို အတင်းအဓမ္မ ချိုးဖောက်ဝင်ရောက်ခဲ့သည်။ ရွှေအမတ တာအိုဖြတ်တောက် ကပ်ဘေး သုံးထောင်ကို ခံနိုင်ရည် ရှိခဲ့ပြီး ကပ်ဘေးကျော်ဖြတ်ခြင်း အောင်မြင်ခဲ့သည်။ သင်၏ ကျင့်ကြံခြင်းအဆင့်သည် ထိုက်ချင်း ရွှေအမတ အစောပိုင်းအဆင့် သို့ ရောက်ရှိသွားသည်။]

[သင်သည် ချီစုပ်ယူခြင်း ကျင့်စဉ်ကို နှစ် ၁၀ ဘီလီယံ ကြာ ကျင့်ကြံခဲ့သည်။ သင်၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာခဲ့သည်။]

ကြီးမားသော တာအိုဝိညာဉ်ချီ ပမာဏ ကုအန်ထံသို့ ချက်ချင်း တိုးဝင်လာ၏။ သူ မရပ်တန့်ဘဲ သက်တမ်းများကို ဆက်လက် ရင်းနှီးမြှုပ်နှံလိုက်သည်။

ထိုက်ချင်း ရွှေအမတ အစောပိုင်းအဆင့် မှ အလယ်အလတ်အဆင့် သို့ ရောက်ရှိရန် လိုအပ်သော သက်တမ်းသည် သူ ထင်ထားသည်ထက် များစွာ ကျော်လွန်နေပြီး သက်တမ်း နှစ်ဘီလီယံ ၂၀ ကုန်ကျသွား၏။

တကယ်ကို ကြောက်စရာ ကောင်းလိုက်တာ...

သို့သော် အသက် နှစ်ဘီလီယံ ၂၀၀ ကျော် ရှိနေပြီ ဖြစ်သော ကောင်းကင်ကိုးခုအပြာရောင်ငှက်သည် ထိုက်ချင်း ရွှေအမတ အစောပိုင်းအဆင့် သာ ရှိသေးကြောင်း တွေးမိလိုက်သောအခါ စိတ်သက်သာရာ ရသွားသည်။

ဘာပဲဖြစ်ဖြစ် ဒါက ထိုက်ချင်း ရွှေအမတ အဆင့်လေ။ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာက သက်ရှိတွေ စိတ်ကူးတောင် မယဉ်နိုင်တဲ့ အဆင့်ပဲ။

သူသည် ကျင့်ကြံခြင်းအဆင့် ထိုက်ချင်း ရွှေအမတ ပြည့်စုံခြင်းအဆင့် သို့ ရောက်ရှိသည်အထိ သက်တမ်းများကို ဆက်လက် ရင်းနှီးမြှုပ်နှံလိုက်၏။ အစောပိုင်းအဆင့် မှ ပြည့်စုံခြင်းအဆင့် အထိ စုစုပေါင်း သက်တမ်း နှစ်ဘီလီယံ တစ်ရာနီးပါး ကုန်ကျသွားသည်။

သူ့တွင် သက်တမ်း နှစ် ၁၈၀ ဘီလီယံကျော် ကျန်ရှိနေသေးသည်။

ထိုအချိန်တွင် မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်း အတွင်း၌ မူမမှန်မှုများ စတင် ဖြစ်ပေါ်လာ၏။ တာအိုဝိညာဉ်ချီများသည် အရပ်မျက်နှာ အသီးသီးမှ တိုးဝင်လာပြီး ဖျက်ဆီးအားပြင်းသော လေဆင်နှာမောင်းများ ဖြစ်ပေါ်လာသည်။

ကောင်းကင်တွင် ရှေးဟောင်းစာလုံးများ ရံဖန်ရံခါ ပေါ်လာပြီး မိုးခြိမ်းသံကဲ့သို့ ဖိနှိပ်မှုများ ပြင်းထန်လာ၏။

ကုအန်သည် အဝေးမှ ကြီးမားသော နန်းတော်ကြီးဆီသို့ အကြည့်ပြန်ရောက်သွားသည်။

စောစောက သူ ခံစားလိုက်ရသော ထူးဆန်းသည့် အရှိန်အဝါ ပြန်လည် ပေါ်လာ၏။ သူ့မျက်လုံးများသည် တစ်ဝက်ပွင့်နေသော တံခါးကြီးကို စူးစိုက်ကြည့်နေသည်။ တံခါးနောက်ကွယ်တွင် အမှောင်ထု ရှိနေပြီး ဆိုးရွားသော အငွေ့အသက်များ ထွက်ပေါ်နေ၏။

ခေတ္တမျှ ကြာပြီးနောက် ကုအန်သည် မဟာတာအို အလင်းရောင်များအောက်တွင် နေရင်း မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ တံခါးပေါက်ထဲမှ ပုံရိပ်တစ်ခု ထွက်လာသည်ကို သူ တွေ့လိုက်ရသောကြောင့် ဖြစ်၏။

ထိုပုံရိပ်သည် သာမန်လူတစ်ယောက် အရွယ်အစားသာ ရှိပြီး တံခါးပေါက်ကြီး အတွင်း၌ ဖုန်မှုန့်လေး တစ်စကဲ့သို့ သေးငယ်နေသည်။

ပုံသဏ္ဌာန်အရ ကြည့်ရသည်မှာ လူတစ်ယောက် ဖြစ်ပုံရသည်။

All Chapters