အခန်း (၅၉၃-၅၉၄)
Vol. 48 Ch. 593-594
အခန်း ၅၉၃ - ဗုဒ္ဓဧကရာဇ်၏ လမ်းစဉ်နှင့် ဗောဓိရွှေကိုယ်ခန္ဓာ
အသက် ၃ နှစ်အရွယ်တွင် သင်၏မိဘနှစ်ပါးမှာ ဖရိုဖရဲ အမတကြယ်တာရာမြစ်အတွင်း ကြယ်မိစ္ဆာမျိုးနွယ်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ သင်၏မိခင်မှာ စတေးခံသွားခဲ့ရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိထားသော ဖခင်ဖြစ်သူမှာ သင့်ကိုခေါ်ဆောင်၍ ဟင်းလင်းပြင်ဝဲဂယက်အတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့၏။
အသက် ၄ နှစ်အရွယ်တွင် ဖခင်ဖြစ်သူမှာ ဒဏ်ရာများရှိနေသည့်ကြားမှ သင့်ကိုခေါ်ဆောင်၍ လင်တောင်သို့ ဆက်လက်ဦးတည်ခဲ့သော်လည်း မဟာတာအိုလမ်းစဉ်ထက်တွင် တန်ခိုးကြီးကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံရကာ သေဆုံးသွားခဲ့ရသည်။ သင်၏ဖခင် တည်ရှိမှုမှာလည်း ဖျောက်ဖျက်ခြင်း ခံလိုက်ရ၏။ ထိုတန်ခိုးကြီးကျင့်ကြံသူမှာ သင့်ကို ကမ္ဘာငယ်လေးတစ်ခုသို့ ခေါ်ဆောင်သွားပြီး တပည့်အဖြစ် လက်ခံကာ အမတကျင့်စဉ်များကို သင်ကြားပေးခဲ့သည်။
ဒါက ကံဆိုးမှုလား။
သူတို့က ဒီလောက်တောင် မြန်မြန်ဆန်ဆန် သေဆုံးကုန်ကြတာလား။
ကုအန် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရ၏။ ဘာကြောင့် သက်တမ်းပြန်လည်ဝင်စားခြင်းတိုင်းက ဤမျှ ကြေကွဲစရာကောင်းစွာ စတင်နေရသနည်း။
ကောင်းကင်တာအိုက သူ့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေခြင်းလား။
အသက် ၆ နှစ်အရွယ်တွင် သင်သည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။ သင်၏ဆရာမှာ ကံဆိုးမိုးမှောင် ဘိုးဘေးဖြစ်ကြောင်း သိရှိခဲ့ရသော်လည်း သင်သည် မျက်စိမမြင်ရသည့်အတွက် မိမိဖခင်အား ထိုဘိုးဘေးက သတ်ခဲ့ခြင်းဖြစ်မှန်း မသိခဲ့ချေ။ သင်သည် ကံဆိုးမိုးမှောင် ဘိုးဘေး၏ အသက်ကယ်တင်ခြင်းနှင့် ကျွေးမွေးစောင့်ရှောက်မှုတို့အပေါ် ကျေးဇူးတင်ရှိနေခဲ့သည်။
အသက် ၁၂ နှစ်အရွယ်တွင် ကံဆိုးမိုးမှောင် ဘိုးဘေး၏ အကူအညီဖြင့် သင်သည် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့သည်။ ဘိုးဘေးက သူ၏ကျင့်စဉ်စွမ်းအားကို အသုံးပြု၍ သင်၏မျက်လုံးများကို ပြန်လည်ဖန်တီးပေးခဲ့သဖြင့် သင်သည် အလင်းပြန်ရရှိခဲ့၏။ သင်၏ဆရာအပေါ် ထားရှိသော ကျေးဇူးတရားမှာလည်း နောက်ထပ်အဆင့်တစ်ခုသို့ မြင့်တက်သွားခဲ့သည်။
အသက် ၁၆ နှစ်တွင် ကံဆိုးမိုးမှောင် ဘိုးဘေးက သင့်ကိုခေါ်ယူ၍ ကျင့်ကြံခြင်းလမ်းစဉ်နှစ်ခုကို ရွေးချယ်ခိုင်းခဲ့သည်။ ပထမတစ်ခုမှာ ဧကရာဇ်ကံကြမ္မာကို လိုက်လံရှာဖွေကာ တာအိုဧကရာဇ် ဖြစ်လာမည့်လမ်းစဉ်ဖြစ်ပြီး ဒုတိယတစ်ခုမှာ ကောင်းကင်တာအိုကဲ့သို့ပင် အသက်ရှည်ကျန်းမာမည့် ထာဝရအသက်လမ်းစဉ် ဖြစ်သည်။ သင်သည် မည်သည့်လမ်းကို ရွေးချယ်ရမည်နည်း။
ဆုံးဖြတ်ချက်က တော်တော်လေး မြန်တာပဲ။
ကောင်းကင်တာအိုကဲ့သို့ပင် အသက်ရှည်ရမည်ဆိုသော အချက်ကို မြင်လိုက်ရသောအခါ ကုအန်က ဗီဇအရပင် ငြင်းဆန်မိလိုက်၏။
ဤမျှ ဒုက္ခခံခဲ့ရပြီးနောက် သူသည် ကောင်းကင်တာအိုအပေါ် မည်သည့်နှစ်သက်မှုမှ မရှိတော့ချေ။ သူ၏ကျင့်ကြံမှုအဆင့်မှာ ကောင်းကင်တာအိုအပေါ် မှီခိုခြင်းမရှိသင့်ဟု သူ ယုံကြည်သည်။
သင်သည် တာအိုဧကရာဇ်လမ်းစဉ်ကို ရွေးချယ်လိုက်သောအခါ ကံဆိုးမိုးမှောင် ဘိုးဘေးက ကျေနပ်သည့် အပြုံးတစ်ခု ပြုံးလိုက်ပြီး သင့်ကို တာအိုဆန်းကြယ်ကျင့်စဉ် သင်ကြားပေးခဲ့သည်။
အသက် ၁၈ နှစ်အရွယ်တွင် သင်သည် ကျင့်ကြံရင်းနှင့် စိတ်ရိုင်းဝင်မှု ဖြစ်ပွားခဲ့သည်။ ထိုအခါ ကံဆိုးမိုးမှောင် ဘိုးဘေးက သင်၏ခန္ဓာကိုယ်ကို စစ်ဆေးရာမှ မျက်နှာပျက်သွားခဲ့၏။ သင်သည် သင်၏အစောပိုင်းအတွေ့အကြုံများကို အမှန်အတိုင်း ပြောပြခဲ့ရသဖြင့် ဘိုးဘေးက သင့်မိဘများအစား သင့်ကို လင်တောင်သို့ ပို့ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
အသက် ၁၉ နှစ်အရွယ်တွင် ကံဆိုးမိုးမှောင် ဘိုးဘေးက သင့်ကို လင်တောင်သို့ ခေါ်ဆောင်သွားခဲ့သည်။ သင်သည် တာလေယင်ကျောင်းတော်သို့ ရောက်ရှိပြီး ကောင်းကင်ဗုဒ္ဓနှင့် တွေ့ဆုံခဲ့၏။ ဘိုးဘေးက သင့်ကို ကယ်တင်ပေးရန် ကောင်းကင်ဗုဒ္ဓကို တောင်းဆိုခဲ့သည်။ ကောင်းကင်ဗုဒ္ဓက သင်၏ကံဆိုးမှုများကို ဖယ်ရှားရန်အတွက် ဗုဒ္ဓဂါထာများကို နှစ်ပေါင်းများစွာ ရွတ်ဖတ်ရမည်ဖြစ်ပြီး လင်တောင်သို့ အရင်ဝင်ရမည်ဟု မိန့်ကြားခဲ့သည်။ ဘိုးဘေးက သင့်ကို ကြည့်၍ ရွေးချယ်ခိုင်းသောအခါ သင်သည် လင်တောင်သို့ ဝင်ရန် ရွေးချယ်မည်လား။
ရွေးချယ်မှာပေါ့။
နောက်နေတာလား... အသက်ရှင်ဖို့ ၂ နှစ်ပဲ ကျန်တော့တဲ့အချိန်မှာ ကုအန်က တခြားအရာတွေကို ဂရုမစိုက်နိုင်တော့ချေ။ အသက်ရှင်ဖို့က ပထမဆုံးပဲ မဟုတ်ပါလား။
ဒါ့အပြင် ကံဆိုးမိုးမှောင် ဘိုးဘေးကလည်း လူကောင်းတစ်ယောက် မဟုတ်တာ သေချာနေသည်။ လင်တောင်ကတော့ အနည်းဆုံး ထာဝရအသက်အပေါ် ရန်ငြိုးမရှိလောက်ပေ။
သင်သည် လင်တောင်သို့ဝင်ရန် ရွေးချယ်လိုက်သဖြင့် ကောင်းကင်ဗုဒ္ဓက သင့်ကို တပည့်အဖြစ် ကိုယ်တိုင်လက်ခံခဲ့သည်။ ထာဝရအသက်(ယုံရှန်း)ဟူသော အမည်ကိုလည်း ဆက်လက်ထိန်းသိမ်းစေပြီး သင် အမှန်တကယ် အသက်ရှည်ပါစေဟု ဆုတောင်းပေးခဲ့၏။ ကံဆိုးမိုးမှောင် ဘိုးဘေးက သင့်ကို စကားအနည်းငယ် မှာကြားပြီးနောက် ထွက်ခွာသွားခဲ့သည်။ သင်သည် ဘိုးဘေး၏ နောက်ကျောကိုကြည့်ကာ ခွဲခွာရမည်ကို နှမျောတသဖြစ်နေခဲ့၏။
အသက် ၂၀ အရွယ်တွင် သင်၏အတွင်းမှ ကံဆိုးမှုများမှာ ပေါက်ကွဲထွက်လာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ဗုဒ္ဓ၏ အကူအညီကြောင့် ထိုကံဆိုးမှုများကို ယာယီဖိနှိမ်နိုင်ခဲ့၏။ ကောင်းကင်ဗုဒ္ဓ၏ လမ်းညွှန်မှုအောက်တွင် သင်သည် ဗောဓိမြင့်မြတ်သစ်ပင်ရှေ့သို့ ရောက်ရှိလာခဲ့ပြီး ဗုဒ္ဓဂါထာတစ်ခုကို ရရှိခဲ့သည်။ သင်သည် ထိုသစ်ပင်အောက်တွင် ကျမ်းစာများဖတ်ရင်း ကျင့်ကြံရမည်ဖြစ်သည်။
အသက် ၂၃ နှစ်တွင် သင်၏ကျင့်ကြံမှုအဆင့်မှာ တိုးတက်လာခဲ့ပြီး ဗုဒ္ဓတာအိုအပေါ် ကိုယ်ပိုင်နားလည်မှုများ ရရှိလာခဲ့၏။
ကျန်ရှိသော အချက်ပြမှုများမှာ ကျင့်ကြံခြင်းအကြောင်းများသာ ဖြစ်သည်။
ကောင်းကင်ဗုဒ္ဓက ယုံရှန်း အပေါ် မည်သည့်မကောင်းကြံမှုမှ မပြုလုပ်သည်ကို တွေ့ရသောအခါ ကုအန်က လင်တောင်ကို စတင်သဘောကျလာခဲ့သည်။
ဒီအတိုင်းပဲ ဆက်လုပ်... လောကကြီးကို တွေ့ကြုံဖို့ဆိုပြီး လမ်းတစ်ဝက်နဲ့ ထွက်မသွားပါနဲ့။
ကုအန် ဤသို့ တွေးလိုက်မိ၏။ သူ့အတွက်မူ ပြန်လည်ဝင်စားသည့် ကိုယ်ခန္ဓာမှရရှိသော အခွင့်အရေးမှာ အရေးကြီးဆုံးမဟုတ်ချေ။ သူသည် ထိုကိုယ်ခန္ဓာမှ ရရှိသော အတွေ့အကြုံများကို အခြေခံ၍ မဟာတာအိုအပေါ် နားလည်မှုကို မြှင့်တင်ရန်သာ အဓိကထားခြင်းဖြစ်သည်။ အဆင့်မြင့်လေလေ မဟာတာအိုကို ပိုမိုနားလည်လေလေ ဖြစ်၏။
လင်တောင်သို့ ဝင်ရောက်ပြီးနောက် ကုအန်မှာ ကျင့်ကြံခြင်းဆိုင်ရာ အထောက်အပံ့များ လိုအပ်ခြင်းမရှိတော့ချေ။ သူသာ စိတ်နှစ်ပြီး ကျင့်ကြံပါက အဆင့်မြင့်မားသော နယ်ပယ်တစ်ခုသို့ သေချာပေါက် ရောက်ရှိနိုင်မည်ဖြစ်သည်။
အချက်ပြမှုများမှာ အလွန်လျင်မြန်စွာ ပေါ်ထွက်လာ၏။ အသက် ၃၀၀ အရွယ်တွင် ကုအန်သည် နိဗ္ဗာနအဆင့်သို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။ ထိုကာလအတွင်း သူသည် ကံဆိုးမှုများ၏ တန်ပြန်မှုကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသော်လည်း ကောင်းကင်ဗုဒ္ဓက အချိန်မီ ဝင်ရောက်ကူညီပေးခဲ့သည်။
ဗောဓိသစ်ပင်အောက်တွင် တစ်ချိန်လုံး နေထိုင်နေရသဖြင့် သူသည် မည်သည့်ရွေးချယ်မှုကိုမှ မပြုလုပ်ခဲ့ရချေ။ ကုအန်က ဘေးမှသာ ကြည့်နေနိုင်ခဲ့သည်။
ပြန်လည်ဝင်စားခြင်း၏ အချိန်ကာလများမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ယုံရှန်းမှာ အသက် ၉၀၀၀ သို့ ရောက်ရှိသွားပြီဖြစ်သည်။
"အသက် ၉၀၀၀ အရွယ်တွင် သင်သည် ဗောဓိသစ်ပင်အောက်၌ တရားထိုင်ရင်း ဗုဒ္ဓတာအိုကို သိမြင်နားလည်ခဲ့သည်။ သဘာဝတရား၏ ဝိညာဉ်စွမ်းအင်များမှာ သင့်ထံသို့ တစ်ဟုန်ထိုး စီးဝင်လာပြီး ကောင်းကင်ဖြစ်စဉ်များကို ဖြစ်ပေါ်စေခဲ့သဖြင့် ကောင်းကင်ဗုဒ္ဓနှင့် အခြားဗုဒ္ဓများ၏ အာရုံစိုက်ခြင်းကို ခံခဲ့ရ၏။ သင်သည် ဗောဓိရွှေကိုယ်ခန္ဓာကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပြီး သင်၏ပါရမီက လင်တောင်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။"
ကုအန့်အမြင်တွင် လင်တောင်၌ ထိုက်ချင်းရွှေအမတတစ်ပါး သေချာပေါက် ပုန်းအောင်းနေပေလိမည်။ ထိုမျှ အင်အားကြီးသော အဖွဲ့အစည်းကပင် ဗောဓိရွှေကိုယ်ခန္ဓာကြောင့် တုန်လှုပ်သွားသည်ဆိုခြင်းမှာ ၎င်းက သာမန်အရာမဟုတ်ကြောင်း ပြသနေ၏။
"အသက် ၉၁၀၀ အရွယ်တွင် သင်သည် ဗောဓိသစ်ပင်အောက်၌ တရားထိုင်နေစဉ် လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ်က ရုတ်တရက် တိုက်ခိုက်လာခဲ့သည်။ သူ သင့်ထံသို့ ရောက်ခါနီးအချိန်မှာပင် ကောင်းကင်ဗုဒ္ဓက ပေါ်လာပြီး သူ့ကို ချေမှုန်းပစ်လိုက်၏။ သင်သည် လျှို့ဝှက်ဆန်းကြယ်မှောင်ဧကရာဇ်၏ ဇစ်မြစ်ကို မေးမြန်းခဲ့သော်လည်း ကောင်းကင်ဗုဒ္ဓက ခန့်မှန်းရခက်ကြောင်းသာ မိန့်ကြားပြီး ထွက်ခွာသွားခဲ့သည်။ သင်သည် ထိုဧကရာဇ်နှင့် သင့်အကြား တစ်စုံတစ်ခု ပတ်သက်နေသည်ဟု အမြဲခံစားနေရသဖြင့် အကြောင်းနှင့်အကျိုး လမ်းစဉ်ကို စတင်လေ့လာခဲ့သည်။"
"အသက် ၉၂၃၄ နှစ်အရွယ်တွင် သင်သည် ပူပင်မဲ့အမတအဆင့်သို့ ရောက်ရှိခဲ့သည်။ အဆင့်တက်ပြီးနောက် သင်သည် အမတဧကရာဇ်မျက်လုံးနှင့် ဆက်သွယ်မှုကို ခံစားလိုက်ရ၏။ ထိုမျက်လုံးမှတစ်ဆင့် သင်၏အစောပိုင်းအတွေ့အကြုံများကို ပြန်လည်မြင်ယောင်လာခဲ့သည်။ အကယ်၍ ထိုမျက်လုံးသာ အခိုးမခံရဘဲ ကံဆိုးမှုများနှင့် ကျိန်စာမတိုက်ခံရပါက သင်၏မိဘများ သေဆုံးမည်မဟုတ်ချေ။ သင်သည် ကောင်းကင်ဗုဒ္ဓထံသို့ သွား၍ ကလဲ့စားချေလိုကြောင်း ပြောပြသော်လည်း ဗုဒ္ဓက ခွင့်မပြုဘဲ တာအိုအသီးအဆင့်သို့ ရောက်မှသာ လင်တောင်မှ ထွက်ခွာရန် မိန့်ကြားခဲ့သည်။"
ကောင်းကင်ဗုဒ္ဓက ယုံရှန်းကို တားဆီးလိုက်သည်ကို တွေ့ရသဖြင့် ကုအန် သက်ပြင်းချနိုင်သွား၏။ ပူပင်မဲ့အမတအဆင့်လေးနှင့်များ ကလဲ့စားချေဖို့ ကြိုးစားနေတာလား။
ရှေ့တွင် ကျင့်ကြံခြင်းဆိုင်ရာ အချက်ပြမှုများစွာ ရှိနေသေးသည်။
ရှေ့တွင် ထိုင်နေသော ရှန်ကျန်းက ကုအန်မှာ စာမဖတ်ဘဲ ငေးငိုင်နေသည်ကို တွေ့သောအခါ မမေးဘဲ မနေနိုင်တော့ချေ။ "ကုအန်... ရှင် အခုလေးတင် အဆင့်တက်သွားတာလား"
ကုအန်က သူမကိုတစ်ချက်ကြည့်၍ "ငါ့ရဲ့ လက်ရှိအဆင့်က အလွယ်တကူ ကျော်ဖြတ်နိုင်တဲ့ အဆင့်လို့ မင်းထင်နေတာလား... ငါက မဟာတာအိုအပေါ် နားလည်မှုအသစ်လေး ခံစားနေယုံလေးပါ"
သူသည် ဘေးနားရှိလူများကိုလည်း လျှို့ဝှက်ချက်အချို့ ထားရှိပေလိမည်။ ဤသည်မှာ အန္တရာယ်ကင်းသော လိမ်ညာမှုတစ်ခုသာ ဖြစ်သည်။ အမတကျင့်ကြံခြင်းလမ်းစဉ်မှာ ထူးဆန်းသော နည်းလမ်းများစွာဖြင့် ပြည့်နှက်နေပြီး နီးစပ်သူများမှတစ်ဆင့် သူ၏သတင်းအချက်အလက်များ မရည်ရွယ်ဘဲ ပေါက်ကြားသွားနိုင်သည် မဟုတ်ပါလား။
ရှန်ကျန်းက ဆက်ပြီး "အစောက ငါ ဖိုခနောက်ထဲက မြင်ကွင်းကို အာရုံစိုက်နေတုန်းမှာ ရွှေဗုဒ္ဓတစ်ပါးက မီးတောက်တွေကြားထဲမှာ အစမ်းသပ်ခံနေတာကို တွေ့လိုက်ရတယ်... အဲဒါက ဘာကို ဆိုလိုတာလဲ"
ရွှေဗုဒ္ဓတစ်ပါး ဟုတ်လား။
ကုအန် စိတ်ဝင်စားသွား၏။ သူ၏ ပြန်လည်ဝင်စားသည့် ကိုယ်ခန္ဓာက ဗောဓိရွှေကိုယ်ခန္ဓာကို ဖွဲ့စည်းလိုက်သည့် အချိန်မှာပင် ရှန်ကျန်းက ရွှေဗုဒ္ဓကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ထိုအရာနှစ်ခုကြားတွင် တစ်စုံတစ်ခု ပတ်သက်မှုရှိနေသည်မှာ ထင်ရှားလှ၏။
"ဆက်ပြီး ခံစားကြည့်လိုက်ပါ... မမြင်ရတော့တဲ့အချိန်ကျမှ ငါ့ကို အသေးစိတ် ပြန်ပြောပြပေါ့..." ကုအန်က စဉ်းစားဆင်ခြင်လျက် အကြံပြုလိုက်သည်။
ရှန်ကျန်းက ခေါင်းညိတ်၍ ပြန်လည်အာရုံစိုက်သွား၏။
ကုအန်ကလည်း ပြန်လည်ဝင်စားခြင်း အချက်ပြမှုများကို ဆက်လက်ကြည့်ရှုနေလိုက်သည်။
"အသက် ၅၇၃၆၂ နှစ်အရွယ်တွင် သင်သည် ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့ပြီး နတ်အတွေးအစစ်အမှန်အမတ ဖြစ်လာခဲ့သည်။"
"အသက် ၅၇၃၈၉ နှစ်အရွယ်တွင် သင်သည် မဟာကောင်းကင်မိုးကြိုးဂါထာကို တတ်မြောက်ခဲ့သည်။ ကောင်းကင်ဗုဒ္ဓက များစွာနှစ်သက်သဖြင့် လင်တောင်၏ အဖိုးတန်ရတနာဖြစ်သော လူ့ဘဝပုတီးစေ့များကို ချီးမြှင့်ခဲ့၏။"
...
"အသက် ၆၈၅၇၂ နှစ်အရွယ်တွင် သင်သည် ကပ်ဘေးကို ကျော်လွှား၍ လွတ်ငြိမ်းရာအမတ ဖြစ်လာခဲ့သည်။ သင်သည် အမတဧကရာဇ်မျက်လုံး၏ နတ်ဘုရားစွမ်းရည်များကို နိုးထစေခဲ့ပြီး ထိုမျက်လုံးကို ပြန်လည်ရယူရန် ပြင်းပြစွာ ဆန္ဒရှိနေခဲ့သည်။"
"အသက် ၈၉၀၀၂ နှစ်အရွယ်တွင် သင်သည် ကပ်ဘေးကို ကျော်လွှား၍ အာကာပြင်တာအိုအမတ ဖြစ်လာခဲ့ပြီး သင်၏ကျင့်ကြံမှုကို စတင်တည်ငြိမ်အောင် ပြုလုပ်ခဲ့သည်။"
"အသက် ၉၀၀၀၀ အရွယ်တွင် ကောင်းကင်ဗုဒ္ဓက သင့်ကို လင်တောင်မှ ထွက်ခွာခွင့်ပြုခဲ့သည်။ မခွဲခွာမီ ဗုဒ္ဓက မြူခိုးအမတနန်းတော်မှ တပည့်တစ်ဦးကို သွားရောက်ခေါ်ယူရန် တာဝန်ပေးခဲ့ပြီး ထိုသူက သေချာပေါက် သဘောတူလိမ့်မည်ဟု မိန့်ကြားခဲ့၏။ သင်သည် သံသယများစွာဖြင့် လင်တောင်မှ ထွက်ခွာလာခဲ့သည်။"
"အသက် ၉၀၁၃၄ နှစ်အရွယ်တွင် သင်သည် အဝါရောင်ကောင်းကင်သို့ တက်လှမ်းနေသည့် ကျင့်ကြံသူတစ်စုနှင့် တွေ့ဆုံခဲ့သည်။ သူတို့မှာ နတ်ဆိုးများ၏ နှောင့်ယှက်ခြင်းကို ခံနေရသဖြင့် သင်က ကူညီပေးခဲ့၏။ သင်တို့နှစ်ဖက်လုံးမှာ လမ်းကြောင်းတူနေသဖြင့် ထိုကျင့်ကြံသူများက သင်နှင့်အတူ ခရီးသွားရန် ဆုံးဖြတ်လိုက်ကြသည်။"
တခြားလူတွေ နောက်ကလိုက်လာပြီဆိုကတည်းက ဒုက္ခတွေ လာတော့မယ်ဆိုတာ ကုအန် သိလိုက်၏။
ထို့နောက်တွင် ပြဿနာများစွာနှင့် ကြုံတွေ့ခဲ့ရသော်လည်း ကုအန်မှာ မည်သည့်ရွေးချယ်မှုကိုမှ မပြုလုပ်ခဲ့ရချေ။ ထိုပြဿနာများမှာ ယုံရှန်းအတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်သောကြောင့်လည်း ဖြစ်နိုင်ပေသည်။
"အသက် ၉၀၁၅၂ နှစ်အရွယ်တွင် သင်သည် စကြဝဠာနယ်ပယ်တစ်ခုသို့ ရောက်ရှိခဲ့ရာ ရုတ်တရက်ဆိုသလို မဟာတာအိုစစ်မှန်သောမီးများက အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာပြီး သင့်ကို လွှမ်းခြုံသွားခဲ့သည်။ သင်သည် စကြဝဠာအတွင်းမှ ထွက်မပြေးနိုင်ဘဲ ကျင့်စဉ်စွမ်းအားဖြင့်သာ ခုခံနေခဲ့ရ၏။ ထိုမီးများက ပိုမိုပြင်းထန်လာပြီး လူများကို ဆက်တိုက် ဝါးမြိုနေခဲ့သည်။ သင်သည် လူ့ဘဝပုတီးစေ့များကို အသုံးပြု၍ အသက်ရှင်သူများကို ကာကွယ်ပေးခဲ့ပြီး သင်ကိုယ်တိုင်မှာမူ ဗောဓိရွှေကိုယ်ခန္ဓာကို အသုံးပြု၍ အသည်းအသန် ခုခံနေခဲ့ရသည်။"
"အသက် ၉၀၁၅၃ နှစ်အရွယ်တွင် သင်၏လူ့ဘဝပုတီးစေ့များမှာ အရည်ပျော်သွားပြီး သင်ကာကွယ်ထားသော ကျင့်ကြံသူများအားလုံးလည်း သေဆုံးသွားခဲ့ရသည်။ သင်တစ်ဦးတည်းသာ ဗောဓိရွှေကိုယ်ခန္ဓာကို အမှီပြု၍ အသက်လုနေရစဉ်မှာပင် မှောင်မိုက်သော နက်ရှိုင်းရာမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး မိမိကိုယ်ကိုယ် ရွှမ်မိစ္ဆာဧကရာဇ်ဟု မိတ်ဆက်ခဲ့သည်။ သင်သည် သူ၏ထံမှ အမတဧကရာဇ်မျက်လုံး၏ အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် သင့်မျက်လုံးကို ခိုးယူသူမှာ သူဖြစ်ကြောင်း သိရှိသွားခဲ့သည်။ မိဘများ၏ သေဆုံးမှုကို သတိရကာ သင်သည် ဒေါသတကြီး တိုက်ခိုက်လိုက်၏။"
"ကျင့်ကြံမှုအဆင့် ကွာခြားချက် ကြီးမားလွန်းသဖြင့် သင်သည် ရွှမ်မိစ္ဆာဧကရာဇ်ကို မယှဉ်နိုင်ခဲ့ချေ။ သူ သင့်ကို သတ်ဖြတ်တော့မည့်ဆဲဆဲမှာပင် ရွှေရောင်လက်ဝါးကြီးတစ်ခုက စကြဝဠာကို ဖြတ်ကျော်ကာ ရောက်ရှိလာပြီး ရွှမ်မိစ္ဆာဧကရာဇ်ကို တွန်းလှန်လိုက်သည်။ သင် ပြန်ကြည့်လိုက်သောအခါ ၎င်းမှာ သင်၏ဆရာ ကောင်းကင်ဗုဒ္ဓ၏ လက်ဖြစ်ကြောင်း သိလိုက်ရ၏။ သင် ဗုဒ္ဓကို မည်မျှပင် ခေါ်သော်လည်း သူက မည်သည့်တုံ့ပြန်မှုမှ မပြုခဲ့ချေ။ သင်သည် ပျက်စီးသွားသော စကြဝဠာအတွင်းမှ ထွက်ခွာလာခဲ့ရတော့သည်။"
အခန်း ၅၉၄ ကောင်းကင်ခိုးယူအမတဂိုဏ်းနှင့် ထာဝရအသက်ဧကရာဇ်
ကောင်းကင်ဗုဒ္ဓ၏ လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ ကုအန်မှာ ယန်ရှန်း၏ဆရာဖြစ်သူ ဓားတစ်သောင်းဘိုးဘေးကို ရုတ်တရက် သတိရသွား၏။
ဒုက္ခများဖြင့် ပြည့်နှက်နေသော ဘဝမျိုးမှာပင် ထိုဘဝကို လင်းလက်စေမည့်သူများ၊ မျှော်လင့်ချက်နှင့် နွေးထွေးမှုကို ဆောင်ကြဉ်းပေးမည့်သူများ အမြဲရှိနေတတ်သည် မဟုတ်ပါလား။
အချက်ပြချက်များမှာ ဆက်လက်ပေါ်ထွက်လာ၏။ ရွှမ်မိစ္ဆာဧကရာဇ်ကို ရှုံးနိမ့်ပြီးနောက် ထာဝရအသက်ဧကရာဇ်သည် အမတဧကရာဇ်မျက်လုံးကို ပြန်လည်ရယူရန် အစီအစဉ်ကို ယာယီစွန့်လွှတ်လိုက်သည်။ ထို့နောက် သူသည် ကောင်းကင်ဗုဒ္ဓ ပေးအပ်ထားသော တာဝန်ကို ထမ်းဆောင်ရန် မြူခိုးအမတနန်းတော်သို့ ဦးတည်လိုက်၏။
"အသက် ၉၁၁၈၁ နှစ်အရွယ်တွင် သင်သည် မြူခိုးအမတနန်းတော်သို့ ပြန်ရောက်လာခဲ့သည်။ သင်သည် ကျင်းလန်အမတအိမ်တော်သို့ ပြန်သွားခဲ့ရာ သင်၏မိဘများသေဆုံးမှုအတွက် အလွန်အမင်း ဝမ်းနည်းပူဆွေးနေသော အိမ်တော်သခင်နှင့် တွေ့ဆုံခဲ့ရ၏။ သူက သင့်ကို စတင်နှစ်သိမ့်ပေးခဲ့ပြီး သင်ကလည်း ကောင်းကင်ဗုဒ္ဓ ပေးအပ်လိုက်သော တာဝန်အကြောင်းကို ပြောပြလိုက်သည်။ အိမ်တော်သခင်က မငြင်းဆန်သည့်အပြင် သင့်ကို မြူခိုးအမတနန်းတော်သို့ တက်ကြွစွာဖြင့် ခေါ်ဆောင်သွားခဲ့၏။ လမ်းခရီးတွင် လင်တောင်နှင့် မြူခိုးအမတနန်းတော်တို့၏ ဆက်ဆံရေးကို သိရှိခဲ့ရသည်။ လက်ရှိ မြူခိုးအမတနန်းတော်၏ အရှင်သခင်မှာ ကောင်းကင်ဗုဒ္ဓ၏ မိတ်ဆွေရင်းဖြစ်ပြီး ယခင်က မြူခိုးအမတနန်းတော်သို့ တပည့်များ ပို့လွှတ်၍ ကျင့်ကြံစေခဲ့ဖူး၏။ ယခုအခါ မြူခိုးအမတနန်းတော်မှ တပည့်များကို လင်တောင်သို့ ခေါ်ဆောင်၍ ကျင့်ကြံရမည့်အချိန် ရောက်ရှိလာခြင်း ဖြစ်သည်။"
"သင်သည် မြူခိုးတာအိုဧကရာဇ်နှင့် တွေ့ဆုံခဲ့ရာ ထိုသူမှာလည်း ကောင်းကင်ဗုဒ္ဓကဲ့သို့ပင် နက်နဲဆန်းကြယ်သူဖြစ်ကြောင်း ခံစားလိုက်ရ၏။ သေချာစွာ စဉ်းစားပြီးနောက် သင်သည် မြူခိုးအမတနန်းတော်၏ ပါရမီရှင်တစ်ဦးဖြစ်သော ယောင်ရွှမ်နတ်မိမယ်ကို တပည့်အဖြစ် လက်ခံလိုက်သည်။ ထို့နောက် သင်သည် ယောင်ရွှမ်ကိုခေါ်၍ လင်တောင်သို့ ပြန်လည်ထွက်ခွာလာခဲ့၏။"
"အသက် ၉၁၁၈၂ နှစ်အရွယ်တွင် သင်နှင့် ယောင်ရွှမ်တို့သည် မဟာတာအိုလမ်းစဉ်သို့ ရောက်ရှိလာကြသည်။ သင်သည် ဝိညာဉ်အိုင်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုနေရာ၌ တရားထိုင်ကာ တာအိုကို ဆင်ခြင်ရန် ဆုံးဖြတ်လိုက်သည်။"
ယုံရှန်းက ယောင်ရွှမ်ကို ခေါ်သွားသည်ကို မြင်သောအခါ ကုအန်မှာ စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခုကို ခံစားလိုက်ရ၏။
ယောင်ရွှမ် သေဆုံးသွားမည်ဆိုပါက ထိုအရာက ယုံရှန်း အပေါ် များစွာ သက်ရောက်မှုရှိလိမ့်မည်ဟုလည်းကောင်း သူ အမြဲခံစားနေရသည်။
ကံကောင်းထောက်မစွာဖြင့် သူ ထင်သလို ဖြစ်မလာခဲ့ချေ။ ဆယ်စုနှစ်အနည်းငယ် ကြာပြီးနောက် သူတို့နှစ်ယောက်လုံး လင်တောင်သို့ ဘေးကင်းစွာ ပြန်ရောက်ခဲ့ကြသည်။ ထိုဖြစ်စဉ်တစ်လျှောက်လုံးတွင် ကုအန်မှာ မည်သည့်ရွေးချယ်မှုကိုမှ ပြုလုပ်ခဲ့ရခြင်း မရှိပေ။
သို့သော်လည်း သူတို့ လင်တောင်သို့ ရောက်ရှိသည့် နှစ်မှာပင် ယောင်ရွှမ်က ယုံရှန်းအပေါ် သူမ၏ အချစ်ကို ဖွင့်ဟပြောကြားခဲ့သည်။ ယုံရှန်းမှာ လင်တောင်၏ တပည့်ဖြစ်လာသော်လည်း ယောင်ရွှမ်မှာ ကျင့်ကြံရန်သာ လာခြင်းဖြစ်ပြီး သူမ ပြန်သွားပါက မြူခိုးအမတနန်းတော်၏ တပည့်အဖြစ်သာ ရှိနေဦးမည်ဖြစ်ရာ လင်တောင်၏ စည်းကမ်းချက်များက သူမကို ကန့်သတ်ထားနိုင်ခြင်း မရှိချေ။
ယခုတစ်ကြိမ်တွင် ကုအန် ရွေးချယ်မှုတစ်ခု ပြုလုပ်ရပြီဖြစ်သည်။ သူသည် အတိတ်အတွေ့အကြုံများကို သေချာစွာ ပြန်လည်သုံးသပ်လိုက်၏။ ထာဝရအသက်ဧကရာဇ်သည် ယောင်ရွှမ်အပေါ် မည်သည့်ခံစားချက်မှ မရှိကြောင်း အတည်ပြုပြီးနောက် သူမ၏အချစ်ကို ငြင်းပယ်လိုက်သည်။
"သင်သည် ယောင်ရွှမ်၏ အချစ်ကို ငြင်းပယ်လိုက်၏။ သူမသည် စိတ်ဆိုးခြင်း၊ ဝမ်းနည်းခြင်း မရှိဘဲ တစ်ချက်ရယ်မောကာ သင်၏ဗုဒ္ဓနှလုံးသားကို တစ်နေ့တွင် သူမ ဖြိုခွင်းပစ်မည်ဟု ပြောကြားခဲ့သည်။ ယောင်ရွှမ် ထွက်သွားပြီးနောက် သင်သည် ဗောဓိမြင့်မြတ်သစ်ပင်ထံသို့ ပြန်လှည့်သွားပြီး သင်၏ အတွင်းစိတ်ခံစားချက်များနှင့် ပတ်သက်၍ သစ်ပင်ကို မေးမြန်းခဲ့သည်။"
ကျင့်ကြံခြင်း နှစ်ကာလများမှာ ဆက်လက်ကုန်ဆုံးနေ၏။ သက်တမ်းကို ခိုးယူနိုင်စွမ်း မရှိသော်လည်း ယုံရှန်း၏ ကျင့်ကြံမှုအရှိန်မှာ အလွန်လျင်မြန်လှသည်။
နောက်ပိုင်းတွင် မည်သည့်ရွေးချယ်မှုမှ မရှိသလို ပြင်းထန်သော စမ်းသပ်မှုများလည်း မရှိသော်လည်း ကုအန်မှာမူ စိတ်ဝင်တစားဖြင့်သာ စောင့်ကြည့်နေ၏။
အသက် ၃သိန်းအရွယ်တွင် သူသည် မူလဘူတနှောင်ဖွဲ့ကင်းအမတ ဖြစ်လာခဲ့သည်။
အသက် ၁သန်းအရွယ်တွင် သူသည် ကောင်းကင်တက်လှမ်းခြင်းနှောင်ဖွဲ့ကင်းအမတ ဖြစ်လာခဲ့၏။
သံသရာကပ်ဘေးများကို ရင်ဆိုင်ရခြင်းမရှိဘဲ ဗောဓိမြင့်မြတ်သစ်ပင်အောက်၌ ကျင့်ကြံရုံဖြင့် သူ၏ထူးခြားသော ပါရမီကြောင့် ဗုဒ္ဓများ၏ ချီးမွမ်းခြင်းကို အမြဲတစေ ခံခဲ့ရသည်။
"အသက် ၁၀၀၄၂၃၆ နှစ်အရွယ်တွင် ယောင်ရွှမ်နတ်မိမယ်က သင့်ထံ လာရောက်လည်ပတ်ခဲ့သည်။ သူမက တာအိုဧကရာဇ်ဘွဲ့ကို ရယူရန် တာအိုဧကရာဇ်လမ်းစဉ်သို့ သွားရောက်တော့မည်ဟု ပြောကြားခဲ့၏။ သင်သည်လည်း ထိုလမ်းစဉ်ကို လိုက်စားနေသူဖြစ်မှန်း သိရှိရသဖြင့် သူမနှင့်အတူ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။"
"အသက် ၁၀၀၄၂၅၀ အရွယ်တွင် သင်နှင့် ယောင်ရွှမ်တို့သည် မဟာတာအိုလမ်းစဉ်သို့ ရောက်ရှိလာကြသည်။ ယောင်ရွှမ်က ကောင်းကင်တာအိုကံကြမ္မာကို ရယူရန် မြူခိုးအမတနန်းတော်မှ ပေးအပ်လိုက်သော မှော်ရတနာကို ထုတ်ယူလိုက်၏။ သင်တို့နှစ်ယောက် တာအိုအကြောင်း ဆွေးနွေးငြင်းခုံကြရာတွင် ယောင်ရွှမ်၏ ကျင့်ကြံမှုမှာ သင့်အောက် မနိမ့်ကျသည်ကို တွေ့ရသဖြင့် သင် အံ့အားသင့်သွားခဲ့သည်။"
"အသက် ၁၀၀၄၃၆၇ နှစ်အရွယ်တွင် သင်နှင့် ယောင်ရွှမ်တို့သည် ထိုက်ရှီးမဟာကမ္ဘာမှ တာအိုရှာဖွေသူတစ်ဦး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ပြင်းထန်သော တိုက်ပွဲတစ်ခုအပြီးတွင် သင်၏ကိုယ်ပေါ်၌ ကံကြမ္မာအသစ်တစ်ခု စုစည်းလာသည်ကို သတိပြုမိလိုက်ပြီး တာအိုဧကရာဇ်အပေါ် ပိုမိုနက်နဲသော နားလည်မှုများ ရရှိလာခဲ့၏။"
"အသက် ၁၀၀၄၄၅၂ အရွယ်တွင် ယောင်ရွှမ်နတ်မိမယ်မှာ တာအိုဧကရာဇ်ဘွဲ့ကို ရယူရန် ကြိုးပမ်းနေကြသော တာအိုရှာဖွေသူတစ်သောင်းကို အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့ပြီး သင့်ထက်စော၍ တာအိုဧကရာဇ်ဘွဲ့ကို ရရှိသွားခဲ့သည်။"
"အသက် ၁၀၀၄၅၃၂ အရွယ်တွင် သင်ကိုယ်တိုင်လည်း တာအိုရှာဖွေသူတစ်သောင်းကို အနိုင်ယူနိုင်ခဲ့သဖြင့် ကောင်းကင်တာအိုကံကြမ္မာမှာ သင့်ကိုယ်ထံ စုစည်းလာပြီး အထွတ်အထိပ်တာအိုဧကရာဇ်ဘွဲ့ကို ရရှိကာ သင်၏ကျင့်ကြံမှုမှာလည်း တစ်ဟုန်ထိုး မြင့်တက်သွားခဲ့သည်။"
"အသက် ၁၀၀၄၅၇၆ နှစ်အရွယ်တွင် သင်နှင့် ယောင်ရွှမ်တို့သည် သင်၏ဆရာဖြစ်သူ ရွှမ်မိစ္ဆာဧကရာဇ်နှင့် မထင်မှတ်ဘဲ တွေ့ဆုံခဲ့ကြသဖြင့် သင် အလွန်ဝမ်းသာသွားခဲ့၏။ သို့သော်လည်း ပြန်လည်ဆုံတွေ့စဉ်မှာပင် ရွှမ်မိစ္ဆာဧကရာဇ်(ကံဆိုးမိုးမှောင် ဘိုးဘေး)က သင့်ကို ရုတ်တရက် တိုက်ခိုက်လိုက်သည်။ ယောင်ရွှမ်၏ အကူအညီဖြင့် သင်တို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်သော်လည်း သူ့ကို မယှဉ်နိုင်ခဲ့ချေ။ သူက ယောင်ရွှမ်ကို ဖမ်းဆီးလိုက်ပြီး သူမ၏ ဝိညာဉ်ကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ကာ သင်၏ဗောဓိရွှေကိုယ်ခန္ဓာကို ဖျက်သိမ်းရန် ခိုင်းစေခဲ့သည်။ သင်၏ ဗောဓိရွှေကိုယ်ခန္ဓာကို ဖျက်သိမ်းမည်လော..."
အချက်ပြချက်က နောက်ဆုံးတော့ ရောက်လာပြီဖြစ်၏။
ရွှမ်မိစ္ဆာဧကရာဇ်မှာ အမှန်တကယ်ပင် မကောင်းသော ရည်ရွယ်ချက်များ ရှိနေခဲ့သည်။ ထိုသူမှာ ယုံရှန်း၏ဖခင်ကို သတ်ခဲ့သူဖြစ်ပြီး ယုံရှန်းကို လင်တောင်သို့ ပို့ဆောင်ခဲ့ခြင်းမှာလည်း လင်တောင်၏ အစွမ်းကို အသုံးပြု၍ ယုံရှန်း၏ ကံဆိုးမှုများကို ဖယ်ရှားပေးရန် မျှော်လင့်ခဲ့ခြင်း ဖြစ်ပေလိမည်။
ယောင်ရွှမ်နတ်မိမယ်နှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့ပြီး မဟာတာအိုလမ်းစဉ်တွင် အတူတကွ သွားလာခဲ့ကြသဖြင့် အချစ်ဟု မဆိုနိုင်သော်လည်း သူမမှာ ယုံရှန်း၏ နှလုံးသားထဲတွင် အရေးပါသော နေရာတစ်ခု ရှိနေသည်မှာ အမှန်ပင်။
ကုအန် ချီတုံချတုံ ဖြစ်နေစဉ်မှာပင် ရှန်ကျန်း၏ အခြေအနေမှာ တစ်မျိုးဖြစ်နေသည်ကို သတိပြုမိလိုက်၏။ ရှန်ကျန်းမှာ ရှေ့တွင် ထိုင်နေဆဲဖြစ်သော်လည်း မျက်လုံးများမှာ ဟာလာဟင်းလင်းဖြစ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ဆိုးတစ်ခုကို မြင်မက်နေရသကဲ့သို့ ရှိနေသည်။ ကုအန်က သူမ၏ ရင်ထဲမှ အသံကို ကြားလိုက်ရ၏။
ကုအန်၏ အမူအရာမှာ တစ်မျိုးဖြစ်သွားပြီး ဤသည်မှာ အဓိပ္ပာယ်မရှိဟု ခံစားလိုက်ရသည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
ရှန်ကျန်း၏ ရင်ထဲမှ ခံစားချက်မှာ ယောင်ရွှမ်နတ်မိမယ် ရင်ဆိုင်နေရသော အခြေအနေနှင့် အလွန်တူညီနေသည်ကို သူ တွေ့ရှိလိုက်ရ၏။
ကုအန်နှင့် ယောင်ရွှမ်တို့ကြားတွင် ပြန်လည်ဝင်စားခြင်းနှင့် ပတ်သက်သော ဆက်နွယ်မှုတစ်ခု ရှိနေခြင်းလော။ ကုအန် ခဏမျှ စဉ်းစားပြီးနောက် လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်သည်။
ကောင်းကင်ဗုဒ္ဓက ဝင်ရောက်ကူညီလိမ့်မည်ဟု သူ လောင်းလိုက်၏။ ရွှမ်မိစ္ဆာဧကရာဇ်နှင့် နှိုင်းယှဉ်ပါက ကောင်းကင်ဗုဒ္ဓမှာ သူ၏ စစ်မှန်သော ဆရာပင် မဟုတ်ပါလား။
[သင်သည် သင်၏ဗောဓိရွှေကိုယ်ခန္ဓာကို ကိုယ်တိုင်ဖျက်သိမ်းရန် ရွေးချယ်လိုက်၏။ သင် ဗောဓိရွှေကိုယ်ခန္ဓာကို ဖျက်သိမ်းနေသည်ကို မြင်သောအခါ ယောင်ရွှမ်နတ်မိမယ်မှာ အလွန်အမင်း စိတ်ထိခိုက်သွားခဲ့သည်။ သူမသည် ရွှမ်မိစ္ဆာဧကရာဇ်၏ ဖိနှိပ်မှုကို ချိုးဖျက်လိုက်ပြီး သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့၏။ မဟာတာအိုလမ်းစဉ်ရှိ ကံကြမ္မာများမှာ ယောင်ရွှမ်နတ်မိမယ်ထံသို့ ရူးသွပ်စွာ စုစည်းလာခဲ့သည်။ တန်ခိုးကြီးသူ အချို့မှာလည်း ထိုနေရာသို့ အပြေးအလွှား ရောက်ရှိလာကြ၏။ အခြေအနေမှာ မဟန်တော့သည်ကို မြင်သောအခါ ရွှမ်မိစ္ဆာဧကရာဇ်မှာ ထွက်ပြေးရန် ကြိုးစားသော်လည်း ယောင်ရွှမ်နတ်မိမယ်၏ မဟာနတ်ဘုရားစွမ်းရည်ဖြင့် ချေမှုန်းခြင်း ခံလိုက်ရကာ ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။]
ဟာ... ယောင်ရွှမ်နတ်မိမယ်က ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား။
[သင်သည် ဗောဓိရွှေကိုယ်ခန္ဓာကို ဖျက်သိမ်းလိုက်သဖြင့် သင်၏ ကျင့်စဉ်စွမ်းအားမှာ မတည်မငြိမ်ဖြစ်ပြီး ဝိညာဉ်မှာလည်း ဖရိုဖရဲဖြစ်သွားခဲ့သည်။ သတိမလစ်မီမှာပင် ယောင်ရွှမ်နတ်မိမယ် သင့်ထံသို့ ပျံသန်းလာသည်ကို မြင်လိုက်ရ၏။]
[အသက် ၁၇၃၂၁၂၁ နှစ်အရွယ်တွင် သင် နောက်ဆုံး၌ နိုးလာခဲ့သည်။ သင်သည် မှောင်မိုက်သော ကမ္ဘာတစ်ခုတွင် ရောက်နေပြီး ဘေးနား၌ မီးပုံတစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။ အံ့အားသင့်စရာမှာ ရွှမ်မိစ္ဆာဧကရာဇ်၏ ပုံရိပ်ကို မြင်လိုက်ရခြင်း ဖြစ်သည်။ သင်က သူ့ကို ဗီဇအရ တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း သင့်တွင် မည်သည့်ကျင့်စဉ်စွမ်းအားမှ မရှိတော့ကြောင်း တွေ့ရှိလိုက်ရ၏။ ရွှမ်မိစ္ဆာဧကရာဇ်က သင့်ကို မသတ်သည့်အပြင် သင်၏အမတဧကရာဇ်မျက်လုံးကို သူ ဘာကြောင့် ယူခဲ့ရကြောင်း ရှင်းပြခဲ့သည်။]
[အမတဧကရာဇ်မျက်လုံးမှာ ကမ္ဘာဦးဧကရာဇ်နယ်မြေမှ အထွတ်အထိပ် နတ်ဘုရားစွမ်းရည်တစ်ခုဖြစ်ကြောင်း သိရှိရသည်။ ပိုင်ရှင် သေဆုံးသွားလျှင်ပင် အမတဧကရာဇ်မျက်လုံးမှာ သံသရာစည်းမျဉ်းများမှတစ်ဆင့် ပြန်လည်ဝင်စားနိုင်၏။ သင်၏အမတဧကရာဇ်မျက်လုံး၏ ယခင်ပိုင်ရှင်မှာ ကောင်းကင်နန်းတော်ကို ပြစ်မှားခဲ့ဖူးသည်။ အကယ်၍ အမတဧကရာဇ်မျက်လုံးသာ ရင့်ကျက်လာပါက ကောင်းကင်နန်းတော်က သတိပြုမိသွားမည်ဖြစ်ရာ ရွှမ်မိစ္ဆာဧကရာဇ်က သင့်ကို ကာကွယ်ရန်အတွက် ထိုမျက်လုံးကို ယူခဲ့ခြင်း ဖြစ်သည်။ သင့်အပေါ်ရှိ ကံဆိုးမှုမှာလည်း သူ လုပ်ခဲ့ခြင်းမဟုတ်ဘဲ အမတဧကရာဇ်မျက်လုံး၏ ယခင်ပိုင်ရှင်ထံမှ ကျန်ရှိနေသော ကျိန်စာဖြစ်ပြီး ထိုကျိန်စာမှာ သံသရာလည်သော်လည်း ပျောက်ကွယ်မသွားခဲ့ချေ။]
[အမှန်တရားကို သိရှိပြီးနောက် သင်သည် မိမိကိုယ်ကိုယ် သံသယဝင်လာပြီး သင့်ကြောင့် မိဘများ သေဆုံးခဲ့ရသည်ဟု ယုံကြည်လာခဲ့သည်။ ထို့ပြင် ရွှမ်မိစ္ဆာဧကရာဇ်မှာ ကမ္ဘာဦးဧကရာဇ်နယ်မြေမှ လာသူဖြစ်ကြောင်းလည်း သိရှိခဲ့ရ၏။ သင့်အပေါ်ရှိ အမတဧကရာဇ်မျက်လုံး၏ အမှတ်အသားကို မြင်သောအခါ သူက ထိုမျက်လုံးကို လိုချင်တပ်မက်ခဲ့သည်။ ရွှမ်မိစ္ဆာဧကရာဇ်က သင်သည် သင်၏အမတဧကရာဇ်မျက်လုံး၏ ယခင်ပိုင်ရှင်ဖြစ်သော ကောင်းကင်ခိုးယူသူဧကရာဇ်၏ အမွေအနှစ်ကို ဆက်ခံရန်၊ ကောင်းကင်ခိုးယူသူအမတဂိုဏ်းကို ပြန်လည်စုစည်းရန်နှင့် ကောင်းကင်နန်းတော်၏ အုပ်ချုပ်မှုကို တော်လှန်ရန် မျှော်လင့်နေခဲ့သည်။ သင်သည် ကောင်းကင်ခိုးယူသူအမတဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာမည်လောဟူ၍ ချီတုံချတုံ ဖြစ်နေခဲ့၏။]
ကောင်းကင်နန်းတော်နဲ့ပဲ ပြန်ပတ်သက်နေပြန်ပြီလား...
မဟာတာအိုရဲ့ ကျယ်ပြောတဲ့လောကကြီးထဲမှာ ကောင်းကင်နန်းတော်က ဘယ်လိုအခန်းကဏ္ဍက ပါဝင်နေတာလဲ...
ကုအန်သည် ဘေးကင်းရာကို ရွေးချယ်ရန်အတွက် ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်း ပြုလုပ်လိုက်၏။
[သင်သည် ကောင်းကင်ခိုးယူသူအမတဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လာရန် ငြင်းပယ်လိုက်သည်။ ရွှမ်မိစ္ဆာဧကရာဇ်က စိတ်မဆိုးသည့်အပြင် အမတဧကရာဇ်မျက်လုံးကို သင့်ထံ ပြန်ပေးခဲ့၏။ ထို့ပြင် ယောင်ရွှမ်နတ်မိမယ်မှာ သင့်ကို ကယ်တင်ပြီးနောက် တာအိုစည်းမျဉ်းများ၏ တန်ပြန်မှုကို ခံရကာ သံသရာချောက်နက်အတွင်းသို့ ပြုတ်ကျသွားပြီး မည်သည့်အခါမျှ ပြန်လည်လွတ်မြောက်နိုင်တော့မည် မဟုတ်ကြောင်း သင့်ကို ပြောကြားခဲ့သည်။ သင်သည် သူမကို ဘယ်တော့မှ ပြန်ရှာတွေ့နိုင်တော့မည် မဟုတ်ချေ။ သင်က ထိုအရာကို မယုံကြည်ဘဲ ယောင်ရွှမ်နတ်မိမယ်ကို ရှာတွေ့အောင် ရှာမည်ဟု တိတ်တဆိတ် သစ္စာဆိုလိုက်သည်။]
[အသက် ၁၁၀၆၃၅၁၁ နှစ်အရွယ်တွင် သင်သည် အမတဧကရာဇ်မျက်လုံးကို အပြည့်အဝ ပေါင်းစပ်နိုင်ခဲ့ပြီး ၎င်း၏ပြင်းထန်သော နတ်ဘုရားစွမ်းရည်များကို အသုံးပြု၍ သင်၏ဗောဓိရွှေကိုယ်ခန္ဓာနှင့် ကျင့်စဉ်စွမ်းအားအားလုံးကို ပြန်လည်ရယူနိုင်ခဲ့သည်။ သင်၏ ကျင့်ကြံမှုအဆင့်မှာလည်း အနည်းငယ် မြင့်တက်လာခဲ့၏။ သင်သည် ယောင်ရွှမ်နတ်မိမယ်ကို ရှာဖွေရန်အတွက် မဟာကမ္ဘာသုံးထောင်သို့ စတင်ခရီးထွက်ခဲ့သည်။ ရွှမ်မိစ္ဆာဧကရာဇ်ကလည်း သင့်နောက်သို့ လိုက်ရန် ရွေးချယ်ခဲ့ရာ သင် မည်မျှပင် ငြင်းဆန်သော်လည်း သူ့ကို မောင်းထုတ်၍ မရခဲ့ချေ။]
ထို့နောက်တွင် ယုံရှန်းမှာ စွန့်စားခန်းများကို စတင်ခဲ့ပြီး အချက်ပြချက်များတွင် နေရာအသစ်များစွာ ပေါ်ထွက်လာခဲ့၏။
စွန့်စားခန်းများတွင် ပဋိပက္ခများမှာ မလွဲမသွေ ဖြစ်ပေါ်လာတတ်ပြီး ကုအန်သည်လည်း သေရေးရှင်ရေးနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များကို မကြာခဏ ပြုလုပ်ခဲ့ရသည်။
အကယ်၍ သူ့ကို သတ်လိုသူနှင့် တွေ့လျှင် ထိုသူက ရှုံးနိမ့်ပြီး အသနားခံသော်လည်း ကုအန်မှာ လုံးဝ ညှာတာခြင်း မရှိပေ။
အကယ်၍ ဘေးဒုက္ခနှင့် ကြုံနေသော သတ္တဝါများကို တွေ့၍ ကယ်တင်နိုင်လျှင် ယုံရှန်းကို ဝင်ရောက်ကယ်တင်စေသည်။
ဤဖြစ်စဉ်တွင် ထာဝရအသက်၏ ပင်ကိုယ်စရိုက်မှာ ပေါ်လွင်လာသည်ကို ကုအန် ခံစားလိုက်ရ၏။ ဤကောင်လေးမှာ ဗီဇအရပင် အလွန် ခေါင်းမာပြီး ပြတ်သားသူ ဖြစ်သည်။
နောက်ပိုင်းတွင် ယုံရှန်း သည် ရွှမ်မိစ္ဆာဧကရာဇ်ကိုပင် သူ၏အလုပ်များကို လုပ်ခိုင်းလာခဲ့၏။ သူ သတ်ဖြတ်လိုက်သော ရန်သူဦးရေ များပြားလာသည်နှင့်အမျှ ထာဝရအသက်၏ ကျော်ကြားမှုမှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။ နောက်ဆုံးတွင် တစ်စုံတစ်ယောက်က သူ၏ အမတဧကရာဇ်မျက်လုံးမှာ ကောင်းကင်ခိုးယူသူဧကရာဇ်ထံမှ လာခြင်းဖြစ်ကြောင်း သိရှိသွားခဲ့သဖြင့် သူ၏ဂုဏ်သတင်းမှာလည်း ရုတ်တရက်ဆိုသလို ဆိုးယုတ်သွားခဲ့၏။ လင်တောင်ကပင် သူ့ကို ဖမ်းဆီးရန် လူများလွှတ်ခဲ့ပြီး သူ၏ကျင့်စဉ်စွမ်းအားကို စွန့်လွှတ်ရန်နှင့် အမတဧကရာဇ်မျက်လုံးကို ပေးအပ်ရန် တောင်းဆိုခဲ့သည်။
ယောင်ရွှမ်နတ်မိမယ်ကို ရှာဖွေရန်အတွက် အမတဧကရာဇ်မျက်လုံး၏ စွမ်းအား လိုအပ်သဖြင့် ယုံရှန်းမှာ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ရာ ကုအန်ကို ရွေးချယ်ခွင့်မပေးဘဲ လင်တောင်မှ ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ တောင်းဆိုချက်ကို တိုက်ရိုက် ငြင်းပယ်လိုက်သည်။ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီး ယုံရှန်းမှာ လင်တောင်နှင့် ရန်သူများ ဖြစ်သွားခဲ့၏။
"ဒီလမ်းစဉ်က ရှောင်လွှဲလို့မရတဲ့ အရာပဲ..."
ကုအန် အချက်ပြချက်ကို ကြည့်ရင်းနှင့် သက်ပြင်းချလိုက်မိ၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်ခိုးယူသူဧကရာဇ်မှာ မည်သို့သော မကောင်းမှုများကို ပြုလုပ်ခဲ့သဖြင့် လင်တောင်က ယုံရှန်းကို တိုက်ရိုက် သတိထားနေရသနည်းဟု သူ သိချင်လာခဲ့သည်။
ကောင်းကင်ခိုးယူသူဧကရာဇ်မှာ ကောင်းကင်နန်းတော်၏ ချေမှုန်းခြင်းကို ခံခဲ့ရသည်ဆိုခြင်းမှာ ကောင်းကင်နန်းတော်က မကောင်းမှုလုပ်ခဲ့ခြင်း မဟုတ်ဘဲ ဆိုးယုတ်မှုကို ဖယ်ရှားခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
နောက်ပိုင်းတွင် လူများစွာက ယုံရှန်းကို လာရောက်နှောင့်ယှက်ကြ၏။ အချို့မှာ အငြိုးအတေးကြောင့်ဖြစ်ပြီး အချို့မှာမူ ကောင်းကင်တာအိုကံကြမ္မာကို ရယူရန်အတွက် ကောင်းကင်ခိုးယူသူဧကရာဇ်၏ စွမ်းအားကို ဖျက်ဆီးလိုကြခြင်း ဖြစ်သည်။ လင်တောင်ကလည်း လက်မလျှော့ဘဲ ဗုဒ္ဓများကို တစ်ပါးပြီးတစ်ပါး လွှတ်၍ လိုက်လံဖမ်းဆီးခဲ့ရာ ထာဝရအသက်နှင့် ရွှမ်မိစ္ဆာဧကရာဇ်တို့မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်။
အဆက်မပြတ် တိုက်ခိုက်နေရသည့်ကြားမှ ယုံရှန်းက မိမိကိုယ်ကိုယ် ဧကရာဇ်အဖြစ် ကြေညာခဲ့ပြီး ယုံရှန်းဧကရာဇ်ဟု လူသိများလာခဲ့သည်။ ကျင့်ကြံသူများစွာမှာ သူ၏အမည်ကို ကြားသည်နှင့် ပတ်သက်မိမည်စိုးသဖြင့် ချက်ချင်း ထွက်ပြေးကြ၏။
ကုအန် စတင်စိုးရိမ်လာခဲ့သည်။ အခြေအနေမှာ ပိုမိုဆိုးရွားလာသည်နှင့်အမျှ ကောင်းကင်နန်းတော်က စောစီးစွာ သတိပြုမိသွားမည်ဖြစ်ရာ ယုံရှန်းမှာ မည်မျှပင် အစွမ်းထက်စေကာမူ ကောင်းကင်နန်းတော်၏ လက်ချက်ဖြင့် သေဆုံးသွားမည်ကို သူ ကြောက်ရွံ့နေမိသည်။
[အသက် ၁၁၁၃၆၈၉၂ နှစ်အရွယ်တွင် သင်နှင့် ရွှမ်မိစ္ဆာဧကရာဇ်တို့သည် ထိုက်ကျယ်မဟာကမ္ဘာသို့ ဝင်ရောက်ခဲ့ကြသည်။ သင်သည် သံသရာစည်းမျဉ်းများကို ဝင်ရောက်နှောင့်ယှက်ခဲ့သဖြင့် ထိုက်ကျယ်မဟာကမ္ဘာ၏ ခုခံမှုကို ရင်ဆိုင်ခဲ့ရ၏။ ပြင်းထန်သော တိုက်ပွဲတစ်ခုအပြီးတွင် သင်သည် ထိုက်ကျယ်မဟာကမ္ဘာ၏ နယ်မြေသခင်ကို ဖမ်းဆီးခဲ့ပြီး သံသရာအတွင်းသို့ ခြေလှမ်းလှမ်းကာ ထိုက်ကျယ်မဟာကမ္ဘာ၏ ယင်ယန်ကို ဖရိုဖရဲ ဖြစ်စေခဲ့သည်။]
ထိုက်ကျယ်မဟာကမ္ဘာ... ကုအန် ထိုနယ်မြေကို မှတ်မိနေ၏။ ဆန်းကြယ်နယ်မြေသခင်ဖြစ်သော ဗုဒ္ဓအင်မော်တယ် ပို့ဆောင်ခြင်း ခံခဲ့ရသည့် မဟာကမ္ဘာဖြစ်ပြီး ယခုအခါ အလွန်ကျယ်ပြောလှကာ ကောင်းကင်စိတ်ဝိညာဉ်မဟာကမ္ဘာထက် များစွာ သာလွန်နေပြီ ဖြစ်သည်။
လက်ရှိ ထိုက်ကျယ်မဟာကမ္ဘာတွင် ယုံရှန်းဧကရာဇ်၏ ဒဏ္ဍာရီများ ကျန်ရှိနေဦးမလားဆိုသည်ကိုမူ သူ မသိနိုင်တော့ချေ။