အခန်း (၅၉၇-၅၉၈)
Vol. 48 Ch. 597-598
အခန်း ၅၉၇ ကောင်းကင်တာအို၏ ဖန်ဆင်းခြင်း၊ နှစ်ပေါင်းတစ်သောင်းကြာ သံယောဇဉ်
ယုံရှန်းဧကရာဇ်၏ မှတ်ဉာဏ်များကို ဆက်ခံပြီးနောက် ကုအန်၏ ဘဝမှာ ပုံမှန်အတိုင်း ပြန်လည် အေးချမ်းသွားသည်။ သက်တမ်းတာအိုနယ်မြေရှိ သူ၏ တပည့်များမှာ သူ အမတဧကရာဇ်မျက်လုံးကို ကျင့်ကြံအောင်မြင်ပြီးကြောင်း မသိရှိကြဘဲ ကုအန်က တာအိုရတနာများကို ဆက်လက် သွန်းလုပ်နေခဲ့၏။
ပင်လယ်နက်နဂါးငါးကြင်းအတွက် တာအိုရတနာ တစ်ခု ဖန်တီးပေးခြင်းအပြင် ကျန်းချုံး၊ လုံချင်း၊ ယန်ကျန့်နှင့် ကျန်းပုခုတို့အတွက်လည်း ကြိုတင်ပြင်ဆင်ပေးနေသည်။
သို့သော်လည်း မည်သည့်အချိန်တွင် ပေးမည်ဆိုသည်ကမူ သူ၏ စိတ်ဆန္ဒအပေါ်၌သာ မူတည်ပေသည်။
ရတနာသွန်းလုပ်ခြင်း၊ ဆေးပင်ခူးခြင်းနှင့် ရံဖန်ရံခါ တပည့်များကို လမ်းညွှန်ပြသခြင်းတို့ဖြင့် အချိန်များ ကုန်ဆုံးနေ၏။ ထိုကဲ့သို့သော ဘဝစည်းချက်များကြားတွင် အချိန်စက်ဝန်းမှာ လျင်မြန်စွာ လည်ပတ်နေသည်။
မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းတစ်ထောင် ကုန်ဆုံးသွားခဲ့သည်။
ကောင်းကင်စိတ်ဝိညာဉ်မဟာကမ္ဘာ၏ ကမ္ဘာဦးခေတ်သစ်တွင် ဖန်တီးမှုများမှာ အဆက်မပြတ် ဖြစ်ပေါ်နေသည်။ ပါရမီရှင်များ မွေးဖွားလာရုံသာမက အဆင့်မြင့် ကောင်းကင်နှင့်မြေကြီး ရတနာများလည်း ပေါ်ထွက်လာနေသည်။
ရတနာများကို သွန်းလုပ်ခြင်းဖြင့်သာ ရရှိနိုင်သည် မဟုတ်ပေ။ ကောင်းကင်နှင့်မြေကြီး ကိုယ်တိုင်ကလည်း မူလဘူတရတနာများကို မွေးဖွားပေးနိုင်၏။ မူလဘူတရတနာများသည် ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းများကို ပိုမိုလွယ်ကူစွာ လှုံ့ဆော်နိုင်ပြီး ကြီးမားသော စွမ်းအားများ ပါဝင်သည်။ ထိုရတနာများကို ပိုင်ဆိုင်သူများမှာ လောကကို ခြယ်လှယ်နိုင်သော တန်ခိုးရှင်များ ဖြစ်လာရန် လွယ်ကူပေသည်။
ထိုနောက်ခံအခြေအနေကြောင့် သေမျိုးကမ္ဘာတွင် ကောင်းကင်တာအိုအကြောင်း ပြောဆိုဆွေးနွေးမှုများ ပြန်လည်ပျံ့နှံ့လာခဲ့သည်။ အထွတ်အထိပ်ရတနာ ရရှိသူများကို ကောင်းကင်တာအို၏ မျက်နှာသာပေးမှု ရရှိသူများအဖြစ် သတ်မှတ်ကြသဖြင့် သက်ရှိအားလုံးက ကောင်းကင်တာအိုကို ပိုမို ကြောက်ရွံ့ လေးစားလာကြသည်။
တစ်နေ့တွင် ကုအန်သည် တာအိုရတနာတစ်ခု သွန်းလုပ်ပြီးစီးသွားပြီးနောက် ရတနာအသစ်အတွက် အခြေခံကို ဆုံးဖြတ်ပြီးသည်နှင့် ရှန်ကျန်းကိုပင် နှုတ်မဆက်ဘဲ ထွက်ခွာသွားခဲ့သည်။
ရှန်ကျန်းက သိပ်ပြီး ဂရုမစိုက်လှပေ။ သူမသည် မီးဖိုအတွင်းရှိ တာအိုရတနာကို အာရုံစိုက်နေပြီး ယခင်က မခံစားဖူးသော တာအိုအငွေ့အသက်မျိုးကို ခံစားလိုက်ရသည်။
"သူက ဘယ်လိုလုပ် ဒီလောက်များပြားတဲ့ မဟာတာအိုစွမ်းအားတွေကို ပိုင်ဆိုင်ထားရတာလဲ"
ရှန်ကျန်း တီးတိုးရေရွတ်လိုက်မိသည်။ သူမ၏ အမြင်တွင် မဟာတာအိုစွမ်းအား တစ်မျိုးတည်းကို တတ်မြောက်ထားလျှင်ပင် သက်ရှိအားလုံး၏ အထက်တွင် ရပ်တည်နိုင်ပြီဖြစ်သော်လည်း ကုအန်ကမူ နက်နဲ၍ ခန့်မှန်းရခက်သော မဟာတာအိုစွမ်းအား ဒါဇင်ကျော်ကို ထုတ်ပြခဲ့သည်။
သူမသည် ထပ်မံ၍ အများကြီး တွေးတောမနေတော့ဘဲ ရေရွတ်ရုံသာ ရေရွတ်လိုက်ပြီး တာအိုကို ဆင်ခြင်ခြင်း၌သာ အာရုံစိုက်လိုက်၏။
ပြီးခဲ့သော နှစ်ထောင်ပေါင်းများစွာအတွင်း သူမသည် တာအိုကို ဆင်ခြင်ရင်း နှလုံးသားထဲတွင် ဆန္ဒတစ်ခု အမြစ်တွယ်လာခဲ့သည်။ သူမသည် တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ ရှိသော်လည်း မည်သည့်အရာဖြစ်ကြောင်း သူမကိုယ်တိုင် မသဲကွဲပေ။ သို့သော် ဤတောင့်တမှုကို မသိစိတ်အရ ခံစားနေရသည်။
ဤတောင့်တမှုက သူမကို ဘဝ၏ ပထမပိုင်းထက် ပိုမို ကြိုးစားအားထုတ်စေခဲ့ပြီး မိမိကိုယ်ကို ပေါ့ပေါ့ဆဆ နေခွင့်မပြုတော့ချေ။
အခြားတစ်နေရာတွင် ကုအန်သည် ချောက်ကမ်းပါးအစွန်းသို့ ရောက်ရှိလာပြီး အောက်ဘက်ရှိ တောင်လမ်းကို ငုံ့ကြည့်လိုက်သည်။ တောင်လမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင် တောင်များ မြင့်မားစွာ တည်ရှိနေပြီး နေရောင်ခြည်ကို ပိတ်ဆို့ထား၏။ ကျောက်ကမ်းပါး မျက်နှာပြင်တွင် မြက်ပင်များနှင့် စပျစ်နွယ်များ ဖုံးလွှမ်းနေသဖြင့် တိတ်ဆိတ်ခြောက်သွေ့သော လေထုကို ဖန်တီးထားသည်။
ထိုအချိန်၌ စာအုပ်သေတ္တာ လွယ်ထားသော စာပေပညာရှင်တစ်ဦးသည် သစ်သားတုတ်ကောက်ကို အားပြု၍ လျှောက်လှမ်းလာနေ၏။ တောင်လမ်းမှာ ကျောက်လှေကားထစ်များ မရှိဘဲ မတ်စောက်နေပြီး ချွန်ထက်သော ကျောက်တုံးများပေါ်တွင် ပေါင်းပင်များ ဖုံးလွှမ်းနေသဖြင့် သူ၏ ခရီးမှာ နှေးကွေးနေသည်။
ထိုစာပေပညာရှင်မှာ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ ဝင်စားသူ ဖြစ်သည်။
ကုအန်၏ အကြည့်အောက်တွင် မြေခွေးဖြူလေးတစ်ကောင်သည် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ နောက်မှ လိုက်ပါလာသည်။
မြေခွေးဖြူလေးသည် နှစ်ပေါင်းတစ်သောင်းကြာ ရှာဖွေခဲ့ပြီးနောက် နောက်ဆုံးတွင် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ ဝင်စားသူကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက အစ်ကိုအကြီးဆုံးသည် ညီအငယ်ဆုံးကို ကယ်တင်ရန် မြို့ထဲမှ လူဆိုးတစ်ဦးကို သတ်ခဲ့သဖြင့် အာဏာပိုင်များ၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ထိုအချိန်တွင် မြေခွေးဖြူသုံးကောင်က ကတိအတိုင်း အငယ်ဆုံးညီကို ပြန်လည်အသက်သွင်းပေးခဲ့သည်။ သို့သော် သွေးစွန်းခဲ့ပြီဖြစ်သဖြင့် လူသတ်လိုစိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ တစ်စုံတစ်ယောက်က သူတို့ကို ဒုက္ခပေးလာလျှင် ထိုသူကို သတ်ဖြတ်ရန် နည်းလမ်းရှာကြတော့သည်။ နောက်ဆုံးတွင် အမတကျင့်ကြံခြင်းဂိုဏ်းက သူတို့ကို တွေ့ရှိသွားခဲ့သည်။
သူတို့၏ ကျင့်ကြံမှုအဆင့် နိမ့်ကျသဖြင့် ကျင့်ကြံသူများ၏ ဖမ်းဆီးခြင်းကို မခုခံနိုင်ခဲ့ကြပေ။ သူတို့ ဖမ်းဆီးခံလိုက်ရပြီး အငယ်ဆုံးညီမှာလည်း သူ၏ မိစ္ဆာစွမ်းအားကြောင့် ဂိုဏ်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ဆယ်စုနှစ်များစွာ ကြာပြီးနောက် အငယ်ဆုံးညီသည် မြေခွေးဖြူသုံးကောင်ကို ကယ်တင်ရန် အခွင့်အရေး ရရှိခဲ့သော်လည်း နှစ်ကောင်မှာ ဆိုးရွားစွာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူသည် အသက်ရှင်ကျန်ရစ်သော မြေခွေးတစ်ကောင်ကိုသာ ခေါ်ဆောင်၍ ထွက်ပြေးနိုင်ခဲ့၏။ ထိုမြေခွေးမှာ အသက်ရှင်နေသော်လည်း သေလုမျောပါး ဖြစ်နေသည်။
အသက်ရှင်ကျန်ရစ်သော မြေခွေးဖြူလေး၏ အမည်မှာ စုကျင်း ဖြစ်သည်။ သူမသည် ပြင်းထန်စွာ ဒဏ်ရာရထားသဖြင့် ထွက်ပြေးလွတ်မြောက်စဉ် တစ်လျှောက်လုံး အငယ်ဆုံးညီ၏ ကာကွယ်မှုအပေါ် မှီခိုခဲ့ရသည်။ သူမသည် ပြည့်တန်ဆာတစ်ဦးအသွင် ပြောင်းလဲခဲ့ဖူးသဖြင့် အမတကျင့်ကြံခြင်းဂိုဏ်းက သူတို့ကို လိုက်လံဖမ်းဆီးခဲ့၏။ ကျင့်ကြံသူများက သူတို့နှစ်ဦး၏ ဆက်ဆံရေးအပေါ် မလိုတမာ ခန့်မှန်းကြပြီး ကောလာဟလများ ဖြန့်ကြသဖြင့် သူတို့၏ ဂုဏ်သတင်းမှာ ပျက်စီးခဲ့ရပြီး ကျင့်ကြံသူ ပိုမိုများပြားစွာ လိုက်လံဖမ်းဆီးလာကြသည်။
လောကီသားများနှင့် အမတကျင့်ကြံခြင်းလောက နှစ်ခုစလုံး၏ ဖိနှိပ်မှုအောက်တွင် အငယ်ဆုံးညီနှင့် စုကျင်းတို့အကြား သံယောဇဉ်များ ဖြစ်ပေါ်လာခဲ့သည်။
အငယ်ဆုံးညီက စုကျင်း၏ ဘေးကင်းရေးအတွက် သူမကို မိစ္ဆာမျိုးနွယ်နယ်မြေသို့ ပို့ဆောင်ပေးချိန်တွင် သူမ လွတ်မြောက်စေရန် ကာကွယ်ပေးရင်း ကျင့်ကြံသူတစ်ဦး၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်။
ဤကဲ့သို့သော ကြေကွဲဖွယ်ရာ ဇာတ်လမ်းများမှာ ဤလောကတွင် မထူးဆန်းလှပေ။ စုကျင်းသည် ကံကောင်းစွာဖြင့် မိစ္ဆာမျိုးနွယ်မှ တန်ခိုးရှင်တစ်ဦး၏ တပည့်ဖြစ်လာခဲ့ပြီး ပြန်လည်ဝင်စားခြင်း နည်းစနစ်ကိုပင် ရရှိခဲ့သည်။
သူမသည် အငယ်ဆုံးညီကို နှစ်ပေါင်းတစ်သောင်းကြာ ရှာဖွေခဲ့ပြီးနောက် ဤဘဝတွင် နောက်ဆုံး၌ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အမှန်စင်စစ်တွင် ကုအန်၏ ကံတရားလွှမ်းမိုးမှုကြောင့်သာ သူမ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားသည် ကုအန်၏ ကံတရားအောက်တွင် ရှိနေသဖြင့် ကုအန်၏ ဆန္ဒမပါဘဲ သူမ မည်သို့မျှ ရှာတွေ့နိုင်မည် မဟုတ်ချေ။
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားသည် အကြိမ်ရာပေါင်းများစွာ ဝင်စားခဲ့ပြီး ဘဝအမျိုးမျိုးကို ဖြတ်သန်းခဲ့ရသည်။ သေဆုံးတိုင်း သူ၏ ဆန္ဒအာရုံ ခေတ္တနိုးထကာ သံသရာအတွေ့အကြုံများကို ခံစားရလေ့ရှိသည်။
ကုအန်သည် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ စိတ်နေစိတ်ထား ပြောင်းလဲမှုကို အာရုံခံမိသဖြင့် သူ့ကို အခွင့်အရေး ပေးခဲ့ခြင်း ဖြစ်သည်။
ဤဘဝတွင် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ အမည်မှာ ပိုင်ရှန့် ဖြစ်သည်။ သူသည် ဝေးလံခေါင်သီသော မြို့လေးတစ်မြို့မှ လာသူဖြစ်ပြီး နန်းတွင်းစာမေးပွဲ ဖြေဆိုရန် မြို့တော်သို့ သွားရောက်နေခြင်း ဖြစ်၏။
သူသည် တောင်လမ်း၏ အမြင့်ဆုံးနေရာသို့ ရောက်ရှိလာသောအခါ ရှေ့တွင် ဆင်းရမည့်လမ်းကို တွေ့လိုက်ရသည်။ သူ ရပ်တန့်လိုက်ပြီး စာအုပ်သေတ္တာကို ချကာ ချွေးများကို သုတ်လိုက်၏။
သူ ခေါင်းလှည့်၍ လာရာလမ်းကို ပြန်ကြည့်လိုက်သောအခါ မဆုံးနိုင်အောင် ရှည်လျားပြီး ခမ်းနားထည်ဝါစွာ တည်ရှိနေသော သစ်တောကြီးကို တွေ့လိုက်ရသည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ရင်ထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်လျှံလာ၏။
"ငါ့ရဲ့ စာပေလေ့လာမှုက အကျိုးမပေးဘူး ဆိုရင်တောင် မိုင်ပေါင်းထောင်ချီ ခရီးသွားခဲ့ရတဲ့ ဒီဘဝက တန်ပါသေးတယ်"
ပိုင်ရှန့်သည် ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။ သူ၏ ချောမောသော မျက်နှာပေါ်တွင် ဂုဏ်ယူကျေနပ်သော အပြုံးတစ်ခု ပျံ့နှံ့နေ၏။
ရုတ်တရက် အောက်ဘက်ရှိ မြက်ခင်းထဲမှ မြေခွေးဖြူလေးတစ်ကောင်ကို သူ တွေ့လိုက်ရသဖြင့် ပြုံးကာ လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်သည်။
"မြေခွေးလေး... ငါတို့ ပြန်တွေ့ကြပြန်ပြီ... မင်း ငါ့ကို မခွဲနိုင်ဘူးလား"
သူ၏ စကားကို ကြားသောအခါ စုကျင်းသည် မြက်ခင်းထဲမှ ချက်ချင်း ထွက်လာပြီး တောင်ပေါ်သို့ အပြေးတက်ကာ ပိုင်ရှန့်၏ ခြေထောက်ကို ချစ်ခင်စွာ ပွတ်သပ်လိုက်သည်။
ပိုင်ရှန့်က သဘောကျသွားပြီး သူ၏ ရိက္ခာခြောက်အချို့ကို ထုတ်ယူကာ သူမကို တစ်ဖဲ့ ကျွေးလိုက်၏။
ကုအန်သည် တောင်ထိပ်မှနေ၍ လူနှင့် မြေခွေး ပြန်လည်ဆုံတွေ့ကြသည့် ပျော်ရွှင်ဖွယ် မြင်ကွင်းကို ငုံ့ကြည့်နေသည်။
စာပေပညာရှင်များနှင့် မိစ္ဆာတို့၏ ဇာတ်လမ်းများကို မြင်သောအခါ ကုအန်သည် သူ၏ ယခင်ဘဝမှ ရှေးဟောင်း "လျောင်ကျိုင်းပုံပြင်များ" ကို သတိရသွားသည်။ ကောင်းကင်စိတ်ဝိညာဉ်မဟာကမ္ဘာတွင် လူသားများနှင့် မိစ္ဆာများအကြား ချစ်ခြင်းမေတ္တာမှာ မထူးဆန်းသော်လည်း ရှုပ်ထွေးမှုများတော့ မများပြားလှချေ။ အင်အားကွာခြားမှုကြောင့် လူသားအနည်းငယ်သာ မိစ္ဆာကို သစ္စာဖောက်ပြီး အသက်ရှင်ကျန်ရစ်လေ့ရှိသည်။
ဤဘဝတွင် ပိုင်ရှန့်နှင့် စုကျင်းတို့၏ ဇာတ်လမ်းမှာ ဝမ်းနည်းဖွယ် အဆုံးသတ်ရန် ကံပါလာသော်လည်း ကုအန် ဝင်ရောက်စွက်ဖက်လိုက်ပါက အရာအားလုံး ပြောင်းလဲသွားနိုင်သည်။
ကုအန်သည် စုကျင်းကို အသုံးပြု၍ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကို စမ်းသပ်ရန် ရည်ရွယ်ထားသည်။
အကယ်၍ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားသာ ကရုဏာတရား ကင်းမဲ့နေဆဲဖြစ်ပါက သံသရာထဲတွင် ဆက်လက် ကျင်လည်နေရဦးမည် ဖြစ်သည်။
ကုအန် ကောင်းကင်နန်းတော်ကို မကြောက်ရွံ့တော့သည့်အချိန် ရောက်မှသာ ၎င်း၏ ပျက်သုဉ်းချိန် ရောက်ရှိလာပေလိမည်။
အချိန်အနည်းငယ် ရနေသဖြင့် ကုအန်သည် ဝင်ရောက်စွက်ဖက်ရန် ဆုံးဖြတ်လိုက်သည်။ သူ လှည့်ထွက်ပြီး သစ်တောထဲသို့ လျှောက်သွားလိုက်၏။ ချက်ချင်းဆိုသလိုပင် သူ၏ ဝတ်စားဆင်ယင်မှုမှာ ခရီးသွား သိုင်းလောကသားတစ်ဦးအသွင် ပြောင်းလဲသွားသည်။ ဖုန်မှုန့်များ ပေကျံနေသော်လည်း ရဲရင့်သော သိုင်းသမားတစ်ဦး၏ ဟန်ပန် ရှိနေ၏။ သူသည် ခမောက်ဝိုင်းကြီးကို ဆောင်းထားပြီး ခါးတွင် ယန်ဟုန်ဓားကို ချိတ်ဆွဲထားသည်။
စုကျင်းသည် မုန့်ကို ကိုက်စားရင်း ပိုင်ရှန့်ကို မက်မောစွာ စိုက်ကြည့်နေသည်။
ပိုင်ရှန့်ကို ကြည့်ရင်း သူမ ငေးငိုင်နေမိ၏။
နှစ်ပေါင်းထောင်ချီ ကြာပြီးနောက် သူသည် လုံးဝ ကွဲပြားခြားနားသွားပြီ ဖြစ်သည်။
သူမ၏ မှတ်ဉာဏ်ထဲတွင် ရှောင်ဝူသည် ဤကဲ့သို့သော ဟန်ပန်မျိုး မရှိဘဲ မျက်နှာတွင် အမြဲ စိုးရိမ်ပူပန်မှုများ ရှိနေတတ်သည်။ သို့သော် သူမ ကျင့်ကြံထားသော လျှို့ဝှက်နည်းစနစ်အရ ဤလူသား၏ ဝိညာဉ်မှာ ရှောင်ဝူ၏ ဝိညာဉ်အစစ်အမှန်ဖြစ်ကြောင်း ပြောပြနေသည်။
"ဒီဘဝမှာတော့ မင်းကို လုံးဝ ဒုက္ခမရောက်စေရဘူး" စုကျင်း တိတ်တဆိတ် တွေးလိုက်၏။
ရုတ်တရက်သူမ ခေါင်းလှည့်ကြည့်လိုက်ရာ သူမ၏ လှုပ်ရှားမှုကို ပိုင်ရှန့် သတိပြုမိသွားပြီး မော့ကြည့်လိုက်သည်။ အနီးနားရှိ သစ်ပင်များ လှုပ်ခါသွားပြီး သစ်တောထဲမှ လူတစ်ယောက် ထွက်လာသည်ကို သူတို့ တွေ့လိုက်ရ၏။
ကုအန်၏ ဝတ်စားဆင်ယင်မှုကို မြင်သောအခါ ပိုင်ရှန့်မှာ ဓားပြဖြစ်မည်စိုး၍ ကြောက်လန့်သွားသည်။
သူသည် စုကျင်းကို စာအုပ်သေတ္တာထဲသို့ အမြန်ထည့်လိုက်ပြီး ကုအန်ဘက်သို့ လှည့်ကာ တည်ငြိမ်ချင်ယောင် ဆောင်လိုက်၏။
ကုအန်က ခေါင်းမော့လိုက်ရာ ခမောက်ဝိုင်းအောက်မှ နုပျိုသော်လည်း ရာသီဥတုဒဏ်ခံထားရပုံပေါက်သော မျက်နှာကို မြင်လိုက်ရသည်။ ပိုင်ရှန့် ချက်ချင်း စိတ်သက်သာရာ ရသွားပြီး ကုအန်မှာ လူကောင်းတစ်ယောက်ဟု ခံစားလိုက်ရ၏။
"ကျုပ်နာမည်က ကုအန်ပါ... ဒီအတိုင်း ဖြတ်သွားတာပါ... ဒီနေရာမှာ လူတစ်ယောက် တွေ့ရတာ ရှားလို့ လာနှုတ်ဆက်တာပါ... ခင်ဗျားကို လန့်သွားအောင် မလုပ်မိပါဘူးနော်..." ကုအန်က ဖော်ရွေသော အပြုံးဖြင့် ပြောလိုက်သည်။
ပိုင်ရှန့်က အမြန် လက်ကာပြပြီး "လန့်သွားတာလား... မဟုတ်ပါဘူးဗျာ... ကျုပ်နာမည်က ပိုင်ရှန့်ပါ... လူစီရင်စုကနေ လာတာပါ... နန်းတွင်းမြို့တော်ကို သွားမလို့"
ကုအန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ "စာမေးပွဲ သွားဖြေမလို့လား"
"ဟုတ်ပါတယ်... အစ်ကိုကုကရော ဘယ်ကိုသွားမလို့လဲ..."
"တိုက်ဆိုင်လိုက်တာ... ကျုပ်လည်း နန်းတွင်းမြို့တော်ကို သွားမလို့... ကျုပ်တို့ အတူသွားကြမလား... ကျုပ် ခင်ဗျားကို ကာကွယ်ပေးမယ်လေ... အပြန်အလှန်အနေနဲ့ ခင်ဗျားက ကျုပ် အဖော်လုပ်ပေးပြီး စာပေအကြောင်း ပြောပြပေါ့... ခင်ဗျားတို့လို ပညာတတ်တွေက ကျုပ်မသိတာတွေ အများကြီး သိတယ်လေ... ကျုပ်က ငယ်ငယ်ကတည်းက သိုင်းကျင့်လာတာဆိုတော့ ပညာကောင်းကောင်း မသင်ခဲ့ရဘူး... တကယ်တော့ ကျုပ်က စာပေပညာရှင်တွေရဲ့ လောကကို အမြဲ အားကျနေတာ..." ကုအန်က ရယ်မောလျက် ပြောလိုက်ရာ သူ၏ ပေါ့ပါးသော ဟန်ပန်ကြောင့် ပိုင်ရှန့်က သူ့ကို ပိုမို သဘောကျသွားသည်။
သူတို့နှစ်ဦး ထိုင်၍ စကားစမြည်ပြောကြရာ အလွန်လိုက်ဖက်ညီကြောင်း တွေ့ရှိလိုက်ရ၏။
ရုတ်တရက် စုကျင်းက စာအုပ်သေတ္တာထဲမှ ခုန်ထွက်လာသဖြင့် ကုအန် လန့်သွားသည်။ ပိုင်ရှန့်က အလျင်အမြန် မိတ်ဆက်ပေးပြီး သူနှင့် မြေခွေးဖြူလေးတို့ ရေစက်ဆုံခဲ့ပုံကို ရှင်းပြလိုက်သည်။
"မြေခွေးတွေက သိပ်ပြီး ဉာဏ်ကောင်းကြတာ... သမိုင်းတစ်လျှောက်မှာ စာပေပညာရှင်တွေနဲ့ မြေခွေးဝိညာဉ်တွေရဲ့ ပုံပြင်တွေ အများကြီး ရှိတယ်လေ... အစ်ကိုပိုင်... ခင်ဗျား သတိထားရမယ်... သူက မိစ္ဆာ ဖြစ်ကောင်းဖြစ်နိုင်တယ်..." ကုအန်က စနောက်လိုက်သည်။
စုကျင်းသည် ကုအန်ကို မျက်စောင်းထိုးလိုက်ပြီး စကားများလွန်းသည်ဟု တွေးလိုက်၏။
ပိုင်ရှန့်၏ ချောမောသော မျက်နှာမှာ ရဲသွားပြီး ကမန်းကတန်း ပြန်ပြောလိုက်သည်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူက မိစ္ဆာဆိုရင်တောင် ကျုပ်တို့ကြားမှာ အဲဒီလို ဇာတ်လမ်းမျိုး ဖြစ်လာစရာ အကြောင်းမရှိပါဘူး..."
ထိုစကားကို ကြားလိုက်သည်နှင့် စုကျင်းသည် ကုအန်ကို စိတ်အနှောင့်အယှက်ဖြစ်စွာ ကြည့်လိုက်သော်လည်း ပိုင်ရှန့်ကမူ သူမ၏ မျက်ဝန်းမှ အပြောင်းအလဲကို သတိမပြုမိလိုက်ချေ။
အခန်း ၅၉၈ ပထမဆုံး ကပ်ဘေး၊ တာအိုခုံရုံး
ကုအန်နှင့် စုကျင်းတို့သည် ပိုင်ရှန့်နှင့်အတူ နန်းတွင်းမြို့တော်သို့ လိုက်ပါသွားကြသည်။ လမ်းခရီးတစ်လျှောက်တွင် ပျော်ရွှင်စရာများနှင့် ရယ်မောသံများ ပြည့်နှက်နေသဖြင့် ပိုင်ရှန့်မှာ တစ်ခါမျှ မပျော်ရွှင်ဖူးလောက်အောင် ပျော်ရွှင်နေ၏။ ထိုကာလအတွင်း ကုအန်သည် ဆေးအပင်များ ခူးရန်သွားသည့်အခါတိုင်း သူ၏ ကိုယ်ပွားကို အသုံးပြု၍ အစားထိုးထားလေ့ရှိသည်။
စုကျင်းသည် နှစ်ပေါင်းတစ်သောင်း သက်တမ်းရှိသော မိစ္ဆာကြီးဖြစ်ပြီး နိဗ္ဗာနအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ကုအန်၏ ကိုယ်ပွားနှင့် အစစ်အမှန်ကိုယ် ပြောင်းလဲသွားသည်ကို ရိပ်မိခြင်း မရှိချေ။
မျက်စိတစ်မှိတ်အတွင်း နှစ်ဝက် ကုန်ဆုံးသွားခဲ့သည်။
သူတို့သည် နန်းတွင်းမြို့တော်သို့ မရောက်သေးသော်လည်း စာမေးပွဲဖြေဆိုရန် နှစ်နှစ်ခန့် လိုသေးသဖြင့် ပိုင်ရှန့်မှာ အလျင်လိုခြင်း မရှိပေ။ သူသည် ခရီးသွားရင်း ဗဟုသုတရှာမှီးလိုသဖြင့် စောစီးစွာ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
ထိုနေ့တွင် မိုးဖွဲဖွဲရွာနေ၏။ ပိုင်ရှန့်နှင့် ကုအန်တို့သည် တောင်ပေါ်ရှိ ဇရပ်ငယ်လေးတစ်ခုတွင် အနားယူနေကြသည်။ စုကျင်းသည် စာအုပ်သေတ္တာထဲမှ ခုန်ထွက်လာပြီး ပိုင်ရှန့်၏ ပခုံးပေါ်သို့ တက်ကာ မျက်နှာပေါ်မှ မိုးရေများကို သုတ်ပေးနေသကဲ့သို့ လျှာဖြင့် လျက်ပေးနေ၏။
ပိုင်ရှန့်သည် သူမ၏ ချစ်ခင်မှုကို နေသားကျနေပြီဖြစ်၍ သိပ်ပြီး ဂရုမစိုက်တော့ချေ။ သူသည် ဒေသန္တရဓလေ့ထုံးတမ်းများနှင့် ယဉ်ကျေးမှုများအကြောင်း ကုအန်နှင့် ဆွေးနွေးနေသည်။ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သော်လည်း စာအုပ်များထဲတွင် ဖတ်ဖူးသဖြင့် သူ အလွန်စိတ်လှုပ်ရှားနေ၏။ မိုးရွာနေခြင်းက သူ၏ စိတ်ဓာတ်ကို မကျဆင်းစေနိုင်ပေ။
ကုအန်သည် ဝိုင်ဘူးသီးခြောက်ကို ကိုင်၍ မော့သောက်ရင်း ပိုင်ရှန့်ပြောပြသော အတိတ်နှင့် ပစ္စုပ္ပန်အကြောင်းများ၊ ဤနေရာတွင် မွေးဖွားခဲ့သော လက်ရာမြောက်သည့် အနုပညာများနှင့် ဝမ်းနည်းပူဆွေးဖွယ် ဇာတ်လမ်းများကို နားထောင်နေသည်။
ပိုင်ရှန့် စကားပြောလွန်းသဖြင့် ပါးစပ်ခြောက်လာသောအခါ ကုအန်က ဝိုင်ဘူးသီးခြောက်ကို ပစ်ပေးလိုက်သည်။ ပိုင်ရှန့်က ဖမ်းယူပြီး ပါးစပ်ထဲသို့ တိုက်ရိုက် မော့သောက်လိုက်၏။
"ဒီနားတစ်ဝိုက်မှာ သရဲတစ္ဆေတွေ ရှိတယ်လို့ ကြားဖူးတယ်... အမှန် ဟုတ်မဟုတ်တော့ မသိဘူး... ကျုပ် သိုင်းပညာ လေ့လာလာတာ နှစ်သုံးဆယ်ကျော်ပြီ... မိစ္ဆာတွေ သရဲတွေ တစ်ခါမှ မတွေ့ဖူးဘူး"
ကုအန်က ယန်ဟုန်ဓားကို ကိုင်ရင်း စိတ်အားထက်သန်စွာ ပြောလိုက်သည်။
စုကျင်းက သူ့ကို မျက်စောင်းထိုးလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသည်ဟု တွေးလိုက်၏။
သူမ ပြောချင်သော်လည်း ပိုင်ရှန့် ကြောက်သွားမည်စိုးသဖြင့် မပြောဘဲ နေလိုက်သည်။
ပိုင်ရှန့်က ရယ်မောလျက် ပြောလိုက်၏။
"တကယ်ရှိရင် ကျုပ်လည်း တွေ့ချင်သားပဲ..."
"ခင်ဗျားက ကြက်တစ်ကောင်လောက်တောင် အားမရှိဘဲနဲ့ သရဲတွေကို မကြောက်ဘူးလား..."
"လူဆိုတာ တစ်နေ့ သေရမှာပဲလေ... သရဲတွေ မိစ္ဆာတွေ တစ်ခါမှ မမြင်ဖူးဘဲ အေးအေးဆေးဆေး နေသွားရမယ့်အစား မိစ္ဆာတွေ သရဲတွေရဲ့ လက်ချက်နဲ့ သေရမယ်ဆိုရင်တောင် ကျုပ် နောင်တရမှာ မဟုတ်သလို ကြောက်လည်း မကြောက်ပါဘူး..."
ပိုင်ရှန့်က အေးဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်ရာ သူ၏ မျက်ဝန်းများမှာ တောက်ပနေ၏။
ပိုင်ရှန့်မှာ အားနည်းပုံပေါက်သော်လည်း အမှန်တကယ်တွင် စွမ်းအင်များ ပြည့်ဝနေပြီး အရာအားလုံးကို စိတ်ဝင်စားကာ တိုက်ခိုက်လိုစိတ် ပြင်းပြနေသည်ဟု ကုအန် ခံစားလိုက်ရသည်။
ဤကောင်လေးတွင် မွေးရာပါ ဇွဲလုံ့လ ရှိနေပြီး ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ ဝင်စားသူဖြစ်ရခြင်းနှင့် ထိုက်တန်ပေသည်။
ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားသည် ဝင်စားသည့်ဘဝတိုင်းတွင် ဇစ်မြစ်မတူညီကြသော်လည်း မူလပင်ကိုယ်စရိုက်အချို့ကို ထိန်းသိမ်းထားလေ့ရှိသည်။ ထို့ကြောင့်လည်း ပိုင်ရှန့်က စုကျင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခြင်း ဖြစ်ပေလိမည်။
ကုအန်က ပြုံး၍ ပြောလိုက်သည်။
"ခင်ဗျား စာပဲ ဖတ်မနေနဲ့... သိုင်းပညာလည်း လေ့လာသင့်တယ်"
ပိုင်ရှန့်က မတ်တတ်ထရပ်လိုက်ပြီး ဝိုင်ဘူးသီးခြောက်ကို ကိုင်လျက် ကိုယ်ဟန်အနေအထားတစ်ခု ပြုလုပ်ကာ အဆင်မပြေသော လက်သီးသိုင်းကွက်အချို့ကို ကစားပြလိုက်သည်။ ထို့နောက် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။
"စာပေရော သိုင်းပညာရော ထူးချွန်တာ ပိုမကောင်းဘူးလား... ကျုပ်ကို ဓားသိုင်းတစ်ကွက်လောက် သင်ပေးပါလား... ဓားသိုင်းနဲ့ ကဗျာက လိုက်ဖက်တယ်လို့ ကျုပ် ထင်တယ်"
"ကောင်းပြီလေ... အခုပဲ စကြတာပေါ့"
"တကယ်လား"
ကုအန်၏ စကားကို ကြားသောအခါ ပိုင်ရှန့်မှာ အလွန်ဝမ်းသာသွားပြီး ဓားသိုင်းကျင့်ရန် ကုအန်ကို ချက်ချင်း ဆွဲခေါ်သွားတော့သည်။
ဓားသိုင်းသင်ကြားပေးသောအခါ ကုအန်သည် ပိုင်ရှန့်အပေါ် အပြုံးမပျက် ဆက်ဆံခြင်း မရှိတော့ဘဲ ရံဖန်ရံခါ ဓားလက်ကိုင်ရိုးဖြင့် ပိုင်ရှန့်၏ ကိုယ်နေဟန်ထားကို ပြင်ပေးလေ့ရှိသဖြင့် စုကျင်းမှာ ဒေါသထွက်နေရ၏။
ပိုင်ရှန့်က သူမကို လက်ခံနိုင်မည့်အချိန်ရောက်လျှင် ကုအန်ကို ပြန်လည်လက်စားချေမည်ဟု သူမ တွေးထားသည်။
ထိုသို့ တွေးနေစဉ်မှာပင် ကုအန်က အားပိုထည့်လိုက်သဖြင့် ပိုင်ရှန့်မှာ နာကျင်စွာ အော်ဟစ်လိုက်ရာ သူမ ပို၍ စိတ်ဆိုးသွား၏။
"နာမှာ ကြောက်ရင် လက်လျှော့လိုက်လို့ ရတယ်နော်"
"ကိစ္စမရှိဘူး... ကျုပ် တောင့်ခံနိုင်ပါတယ်"
ကုအန်က တမင်သက်သက် မေးလိုက်ခြင်းဖြစ်ပြီး ပိုင်ရှန့်၏ အဖြေကို ကြားလိုက်ရသဖြင့် စုကျင်းမှာ သည်းခံနေရုံမှတစ်ပါး မတတ်နိုင်တော့ချေ။
နောက်ပိုင်းရက်များတွင် သူတို့ အနားယူတိုင်း ပိုင်ရှန့်က ဓားသိုင်းကျင့်ရန် ကုအန်ကို ပူဆာလေ့ရှိသည်။
စုကျင်း၏ အမြင်တွင် ဤဓားသိုင်းမှာ သာမန်မျှသာဖြစ်ပြီး အချိန်ဖြုန်းနေခြင်းသာ ဖြစ်သည်။ နောက်ပိုင်းတွင် ပိုင်ရှန့်ကို အမတကျင့်စဉ် သင်ကြားပေးရန် သူမ ရည်ရွယ်ထားသည်။ အမတလမ်းစဉ်သို့ လျှောက်လှမ်းမှသာ သူမနှင့်အတူ ထာဝရ ရှိနေနိုင်မည် မဟုတ်ပါလား။
နောက်ထပ် နှစ်ဝက် ကုန်ဆုံးသွားခဲ့သည်။
နွေဦးရာသီ အစသို့ ရောက်ရှိလာ၏။
ကုအန်နှင့် ပိုင်ရှန့်တို့သည် နန်းတွင်းမြို့တော်၏ တံခါးဝသို့ ရောက်ရှိလာကြသည်။ ခမ်းနားထည်ဝါသော မြို့တံခါးကြီးကို မြင်လိုက်ရသဖြင့် ပိုင်ရှန့်မှာ လက်များကို မြှောက်၍ အားပါးတရ အော်ဟစ်လိုက်မိသည်။
သူ၏ ပခုံးပေါ်တွင် ရှိနေသော စုကျင်းက မြေခွေးမျက်လုံးများကို မှေးစင်းလိုက်ရာ လေးလံသော မိစ္ဆာချီစွမ်းအင်ကို အာရုံခံလိုက်မိ၏။
မြို့ထဲတွင် မိစ္ဆာများ ရှိနေပြီး ပြဿနာတက်တော့မည့် ပုံပေါ်သည်။
"ကောင်းကင်ဘုံသားတော်ရဲ့ ခြေရင်းအောက်က နန်းတွင်းမြို့တော်ဆိုတော့ ခမ်းနားထည်ဝါလိုက်တာ... ကောင်းကင်အလိုကျ ကံတရားရဲ့ ပန်းတိုင်... ဒါက ကောင်းကင်အောက်မှာ အစည်ကားဆုံး နေရာပဲ..." ပိုင်ရှန့်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ကုအန်က ပြုံး၍ ပြောလိုက်၏။
"ဒီလောကမှာ မင်းဆက်တစ်ခုတည်း ရှိတာမှ မဟုတ်တာ... ကောင်းကင်အလိုကျ ကံတရားအကြောင်း ဒီလိုပြောတာက နည်းနည်းတော့ လွန်လွန်းရာကျမနေဘူးလား"
ပိုင်ရှန့်က ကုအန်ကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။
"ခင်ဗျား အခြားမင်းဆက်တွေကို ရောက်ဖူးလို့လား..."
"မရောက်ဖူးပါဘူး"
"ဒါဆိုရင် ဒါက အကြီးကျယ်ဆုံးမြို့တော်လို့ ယုံကြည်ထားလိုက်ကြရအောင်"
ပိုင်ရှန့်သည် စာအုပ်သေတ္တာကို မလျက် နန်းတွင်းမြို့တော်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။
လမ်းလျှောက်ရင်း သူက နောက်ပြန်လှည့်ကာ နန်းတွင်းမြို့တော်သို့ လာရခြင်း ရည်ရွယ်ချက်ကို ကုအန်အား မေးလိုက်၏။
ကုအန်က ဝေ့လည်ောင်ပတ် လုပ်နေသဖြင့် စုကျင်းမှာ ပို၍ သတိထားမိလာသည်။
မြို့တံခါးရှေ့မှ လူအုပ်ကြီးမှာ များပြားလှသဖြင့် သူတို့သည် လူအုပ်ထဲသို့ ရောနှောဝင်ရောက်သွားပြီး ချက်ချင်း ပျောက်ကွယ်သွားကြတော့သည်။
တစ်ချိန်တည်းမှာပင် သေမျိုးကမ္ဘာ ၏ အခြားတစ်ဖက်တွင်..
လီယသည် တောင်ထိပ်ပေါ်တွင် ရပ်၍ အောက်ဘက်ရှိ တောင်ကြားကို ငုံ့ကြည့်နေသည်။ တောင်ကြားထဲတွင် ပေါင်းပင်များ ထူထပ်စွာ ပေါက်ရောက်နေပြီး ရှေးဟောင်းအဆောက်အအုံများ၏ ပုံရိပ်ကို ဝိုးတဝါး မြင်နေရ၏။
ဤနေရာသည် နက်နဲတောင်ကြားဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက အဓိပတိဂိုဏ်းသို့ သူ စတင်ဝင်ရောက်စဉ်က နေထိုင်ခဲ့သော နေရာဖြစ်သည်။
လီယသည် တောင်ကြားကို ကြည့်ရင်း အတွေးများထဲတွင် နစ်မြောနေ၏။ သူ့နောက်မှ လူတစ်ယောက် လျှောက်လာ၏။ ထိုသူမှာ လုံချင်း ဖြစ်သည်။
"အကြီးအကဲလီ... တစ်ယောက်ယောက်ကို ရှင်းခိုင်းလိုက်ရမလား" လုံချင်းက မေးလိုက်ရာ သူ၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုများ ပေါ်လွင်နေသည်။
စစ်ခုံရုံး၏ တိုက်ခိုက်မှု နီးကပ်လာသည်နှင့်အမျှ သူ၏ ကျင့်ကြံမှုမှာ ပိုမို ပြင်းထန်လာခဲ့၏။ လီယ ပြန်မလာခဲ့လျှင် သူ၏ ကျင့်ကြံခြင်းကို ရပ်နားခဲ့မည် မဟုတ်ချေ။
လီယသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး မျက်နှာတွင် မုတ်ဆိတ်မွေးများ ရှိနေကာ ဆံပင်များကို ပေါ့ပေါ့ပါးပါး စည်းနှောင်ထားသဖြင့် အမတကျင့်ကြံသူတစ်ဦးနှင့် မတူဘဲ သိုင်းလောကမှ လှည့်လည်သွားလာသူတစ်ဦးနှင့် တူနေသည်။
"မလိုပါဘူး... ဒီအတိုင်း လာကြည့်တာပါ... ကျွန်တော့်ကို အထူးတလည် လိုက်ပို့ပေးစရာ မလိုပါဘူး... ကျွန်တော် မကြာခင် ပြန်တော့မှာ" လီယက နက်နဲတောင်ကြားကို ကြည့်ရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။
သူ၏ မျက်လုံးထဲတွင် တောင်ကြားရှိ ပေါင်းပင်များ ပျောက်ကွယ်သွားပြီး ဆေးဖက်ဝင်အပင် စိုက်ခင်းများဖြင့် အစားထိုးသွားသည်ကို မြင်ယောင်နေ၏။ လူငယ်လေးသုံးဦး ဆော့ကစားနေသည်ကိုလည်း သူ မြင်နေရသည်။
ထိုစကားကို ကြားပြီးနောက် လုံချင်းက ခေါင်းအနည်းငယ်ညိတ်ကာ လှည့်ထွက်သွားလိုက်သည်။
လီယ စိတ်ရှုပ်ထွေးနေသည်ကို သူ သိသော်လည်း ဝင်ရောက်စွက်ဖက်ရန် ဆန္ဒမရှိပေ။ မိမိ၏ သေရေးရှင်ရေးထက် ပိုကြီးမားသော စိုးရိမ်မှုမျိုး ရှိနိုင်ပါဦးမလား။
နှစ်ပေါင်းထောင်ချီ ကုန်ဆုံးလာသည်နှင့်အမျှ လုံချင်းမှာ ပိုမို စိတ်မသက်မသာ ဖြစ်လာပြီး ကပ်ဘေးတစ်ခု ကျရောက်တော့မည့် ခံစားချက်မျိုး အမြဲ ရှိနေသည်။
လုံချင်း ထွက်သွားပြီးနောက် လီယသည် ထိုနေရာမှာပင် ဆက်လက်ရပ်နေပြီး အတွေးထဲတွင် နစ်မြောနေ၏။
ဆန်းကြယ်အမတနတ်ဘုရားဝိညာဉ်က သူ၏ ပခုံးပေါ်တွင် ပေါ်လာပြီး ပြောလိုက်သည်။
"ကြည့်နေတုန်းပဲလား... သခင်က မသေသေးပါဘူး... ထွက်သွားရုံပါ..."
"ငါ သူ့အတွက် စိတ်မပူပါဘူး... မထွက်သွားခင် ဒီနေရာကို နောက်ဆုံးတစ်ခေါက် လာကြည့်တာပါ... ငါ ဘယ်တော့မှ ပြန်မလာဖြစ်လောက်တော့ဘူး" လီယက ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားသောအခါ ဆန်းကြယ်အမတနတ်ဘုရားဝိညာဉ်က ခေါင်းစောင်း၍ အံ့အားသင့်စွာ မေးလိုက်၏။
"မင်း ဘယ်ကို သွားမလို့လဲ... ငါ့ကို မပြောပြသေးဘူးလား... မင်း အဲဒီ အံ့ဖွယ်သိုင်းကို ကျင့်ကြံပြီးကတည်းက မင်းရဲ့ အတွင်းစိတ်ကို ငါ မကြားရတော့ဘူး... မင်းရဲ့ ကိုယ်ထဲမှာ နေရတာ လူစိမ်းတစ်ယောက်လို ခံစားနေရတယ်"
နောက်ဆုံးတွင် ၎င်း၏ လေသံမှာ ညည်းညူသံ ပါနေသည်။
"ငါ ပြင်ပကောင်းကင်ကို သွားမလို့... ဘယ်နေရာလဲဆိုတာတော့ မသေချာဘူး... ကုအန်ရဲ့ ခြေရာနောက်ကို လိုက်ချင်သလို ကျန်းပုခုကိုလည်း ရှာချင်တယ်... ဆန်းကြယ်နယ်မြေသခင်ရဲ့ စွမ်းအားက ရှိနေသေးတယ်လို့ မင်း ပြောတယ် မဟုတ်လား... ကျန်းပုခု အသက်ရှင်နေလောက်သေးတယ်"
ထိုသို့ပြောပြီးနောက် လီယသည် လှည့်ထွက်လိုက်ပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။
သူ ခုန်တက်လိုက်ရာ ဓားအလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ကောင်းကင်ကို ထိုးဖောက်သွားတော့သည်။
မြေပြင်နှင့် ဝေးကွာလာသည်နှင့်အမျှ ကောင်းကင်ပြာမှာ အနက်ရောင်သို့ ပြောင်းလဲသွားပြီး ကြယ်များ ပေါ်ထွက်လာကာ လျင်မြန်စွာ တောက်ပလာကြသည်။
ရုတ်တရက် အထက်မှ စွမ်းအားကြီးမားသော ကျင့်စဉ်စွမ်းအားတစ်ခု ဆင်းသက်လာသဖြင့် လီယ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ၏ ရှေ့တွင် ဓားတစ်ချောင်း ဖြစ်ပေါ်လာပြီး ထိုကျင့်စဉ်စွမ်းအားကို အတင်းအဓမ္မ ဖြတ်တောက်လိုက်၏။
"ရပ်လိုက်..."
မိုးခြိမ်းသံကဲ့သို့ အော်ဟစ်သံတစ်ခု ကောင်းကင်ယံမှ ထွက်ပေါ်လာသဖြင့် လီယ အရှိန်လျှော့လိုက်ရသည်။
သူ မော့ကြည့်လိုက်ရာ ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားသော လူတစ်ယောက်သည် လှံရှည်ကို ကိုင်လျက် ပေထောင်ပေါင်းများစွာ အကွာတွင် ရပ်တန့်နေသည်ကို တွေ့လိုက်ရ၏။
"ကောင်းကင်တာအိုအမိန့် မရှိဘဲ ကောင်းကင်စိတ်ဝိညာဉ်မဟာကမ္ဘာကနေ ထွက်ခွာခွင့် မပြုဘူး..." ငွေရောင်သံချပ်ကာဝတ် လူက အမိန့်ပေးသံဖြင့် လီယကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
လီယက လှောင်ရယ် ရယ်လိုက်ပြီး မေးလိုက်၏။
"ကောင်းကင်တာအိုအမိန့် ဟုတ်လား... ကောင်းကင်စိတ်ဝိညာဉ်မဟာကမ္ဘာမှာ အဲဒီလို စည်းကမ်းမျိုး ဘယ်တုန်းက ရှိသွားတာလဲ"
လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်လုံးလုံး သူသည် ဓားတာအိုကို ဆင်ခြင်ရင်း တံခါးပိတ်ကျင့်ကြံနေခဲ့ရာ ထွက်လာသောအခါတွင် ကောင်းကင်တာအိုအမိန့် ဆိုသည်ကို မကြားဖူးသဖြင့် ဇဝေဇဝါ ဖြစ်နေသည်။
သို့သော် တစ်ဖက်လူ၏ လေသံမှာ ကောင်းကင်စိတ်ဝိညာဉ်မဟာကမ္ဘာတစ်ခုလုံးကို ထိန်းချုပ်ထားသကဲ့သို့ ဖြစ်နေသဖြင့် သူ၏ နောက်ခံမှာ သာမန်မဟုတ်ကြောင်း ထင်ရှားလှသည်။ လီယအတွက်မူ ရယ်စရာကောင်းနေ၏။
မဟာကမ္ဘာကြီး ပြန်လည်ဖွဲ့စည်းတာ မကြာသေးဘူး... အဲဒီလောက် အင်အားကြီးတဲ့ အဖွဲ့အစည်း ပေါ်လာပြီလား...
ပြင်ပကောင်းကင်မှ အင်အားစုတစ်ခု ဆင်းသက်လာပြီး ကောင်းကင်စိတ်ဝိညာဉ်မဟာကမ္ဘာကို အချိန်တိုအတွင်း အုပ်ချုပ်လိုက်ခြင်းလော...
ငွေရောင်သံချပ်ကာဝတ် လူက ပြန်ဖြေလိုက်သည်။
"ဒီကောင်းကင်စည်းမျဉ်းကို တာအိုခုံရုံးက ချမှတ်ထားတာ နှစ်တစ်ထောင် ရှိပြီ... မင်းကို ငါ အကြံပေးမယ်... မဆင်မခြင် မလုပ်နဲ့... ငါ့ရဲ့အထက်မှာ လွတ်ငြိမ်းရာအမတတစ်ပါး စောင့်ကြပ်နေတယ်... မင်း ငါ့ကို ကျော်ဖြတ်နိုင်ရင်တောင် ပြင်ပကောင်းကင်ကို ရောက်မှာ မဟုတ်ဘူး... တကယ်လို့ မင်း ငါ့ကို ဒဏ်ရာရအောင် လုပ်ခဲ့ရင် တာအိုခုံရုံးကို စိန်ခေါ်တာလို့ သတ်မှတ်ပြီး ဘယ်တော့မှ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး..."
တာအိုခုံရုံး
လီယ မျက်မှောင်ကြုတ်သွားသည်။ သူ လောကကြီးနှင့် အဆက်ပြတ်နေခဲ့သည်မှာ နှစ်ပေါင်းသုံးထောင်သာ ရှိသေးသည်။ တာအိုခုံရုံးဆိုသည်က ဘယ်လိုလုပ် ရုတ်တရက် ပေါ်လာရတာလဲ။
သေချာ စဉ်းစားကြည့်လိုက်သောအခါ ယနေ့ခေတ် မဟာကမ္ဘာမှာ ကျယ်ပြောလှပြီး အဆုံးအစ မရှိပေ။ လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကပင် သူ၏ ဗဟုသုတမှာ အပေါ်ယံမျှသာ ရှိသေးသည်။ ဤကမ္ဘာ၏ အတိုင်းအတာကို သူ အပြည့်အဝ မသိရှိခဲ့ချေ။ တာအိုခုံရုံးဆိုသည်မှာ ကမ္ဘာ၏ အခြားတစ်ဖက်မှ အုပ်စိုးသူ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
"အဲဒီလို ကောင်းကင်စည်းမျဉ်းက ဘာရည်ရွယ်ချက် ရှိလို့လဲ... သက်ရှိအားလုံးကို ဒီကမ္ဘာထဲမှာ ပိတ်လှောင်ထားဖို့လား..." လီယက လှောင်ပြောင်သရော်သည့် လေသံဖြင့် မေးလိုက်သည်။
ငွေရောင်သံချပ်ကာဝတ် လူ၏ မျက်ခုံးများ တွန့်သွားပြီး ပြောလိုက်သည်။
"မင်းရဲ့ဓားက သာမန်မဟုတ်ဘူး... မင်းက လေးစားလောက်တဲ့ တန်ခိုးရှင်တစ်ဦး ဖြစ်မှာပဲ... မင်းက ပြီးခဲ့တဲ့ ခေတ်ကတည်းက အသက်ရှင်လာတာ ဖြစ်ရမယ်... ငါ မင်းကို ပြောပြမယ်... ကြောက်မက်ဖွယ်ကောင်းတဲ့ ကပ်ဘေးတစ်ခု ကျရောက်လာတော့မယ်... ဒါက ကမ္ဘာဦးခေတ်နောက်ပိုင်း မဟာကမ္ဘာတစ်ခုလုံးကို ထိခိုက်စေမယ့် ပထမဆုံး ကပ်ဘေးပဲ... ဒီအချိန်မှာ ပြင်ပကောင်းကင်ကို သွားတာက သေလမ်းရှာတာနဲ့ အတူတူပဲ... တာအိုခုံရုံးက မင်းရဲ့ အကျိုးကို ကြည့်ပြီး လုပ်ပေးနေတာ... မဟာကမ္ဘာရဲ့ အင်အားကို စုစည်းပြီး ပြင်ပကောင်းကင်က ခြိမ်းခြောက်မှုကို စုပေါင်း ခုခံကာကွယ်ချင်လို့..."