← Chapters

အခန်း (၅၉၉-၆၀၀)

Vol. 48 Ch. 599-600

အခန်း (၅၉၉-၆၀၀)

Vol. 48 Ch. 599-600

အခန်း ၅၉၉ - ကပ်ဘေး ဆိုက်ရောက်ခြင်း

အတိတ်ကသာဆိုလျှင် လီယသည် တာအိုခုံရုံး၏ ပိတ်ဆို့ထားမှုကို တွန့်ဆုတ်ခြင်းမရှိဘဲ သေချာပေါက် ထိုးဖောက်ဝင်ရောက်ခဲ့မည် ဖြစ်သော်လည်း ယခုအခါ ငွေရောင်သံချပ်ကာဝတ်လူ၏ ကပ်ဘေးအကြောင်း ပြောကြားချက်ကို ကြားလိုက်ရသဖြင့် စိတ်ကိုလျှော့၍ သေချာစွာ စဉ်းစားလိုက်မိသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀၀ ခန့်က ဖြစ်ပွားခဲ့သော မဟာတိုက်ပွဲကြီးကို သူ ကောင်းကောင်းမှတ်မိနေသေး၏။ ထိုတိုက်ပွဲတွင် ပြင်ပကောင်းကင်မှ တန်ခိုးရှင်များ ပါဝင်ပတ်သက်ခဲ့သည်မှာ ထင်ရှားသည်။

လီယသည် ငွေရောင်သံချပ်ကာဝတ်လူကို နက်နဲစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် အောက်ဘက်သို့ ပြန်လှည့်၍ ပျံသန်းသွားလိုက်သည်။

ငွေရောင်သံချပ်ကာဝတ်လူသည် လီယ တိမ်ပင်လယ်အတွင်းသို့ ပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးမှ အထက်သို့ ဖြည်းညင်းစွာ ပြန်တက်သွား၏။

ဆန်းကြယ်အမတနတ်ဘုရားဝိညာဉ်က လီယ၏ ပခုံးပေါ်တွင် ထိုင်လျက် စနောက်လိုက်သည်။

"မင်း တကယ်ပဲ မဆင်မခြင် မလုပ်တော့ပါလား... ငါ့အတွက်တော့ စိမ်းနေသလိုပဲ..."

လီယက နှာခေါင်းရှုံ့လိုက်ပြီး ပြန်ပြောလိုက်၏။

"ငါက ထွက်သွားဖို့ အလောတကြီး မဖြစ်ပါဘူး... ဒါ့အပြင် တကယ်လို့ ကမ္ဘာကြီး ဒုက္ခရောက်နေတယ်ဆိုရင် ငါ ဒီမှာနေပြီး အဓိပတိဂိုဏ်းကို ကာကွယ်ပေးရမယ်..."

သူ့ဘဝ၏ ဤအခြေအနေသို့ ရောက်ရှိလာရန်အတွက် ကုအန်၏ ကာကွယ်စောင့်ရှောက်မှုအပြင် အဓိပတိဂိုဏ်း၏ ထောက်ပံ့မှုကလည်း ကြီးမားခဲ့သည်။ ယခုအချိန်ထိ သူသည် မိမိကိုယ်ကိုယ် အဓိပတိဂိုဏ်း၏ တပည့်တစ်ဦးအဖြစ် မှတ်ယူထားဆဲဖြစ်သည်။

ဆန်းကြယ်အမတဝိညာဉ်က သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။

"မင်း တကယ်ပဲ ရင့်ကျက်လာပြီပဲ..."

"ဘာလေသံလဲ... လူကြီးက ကလေးကို ပြောနေသလိုပဲ..."

လီယက ဆန်းကြယ်အမတနတ်ဘုရားဝိညာဉ်ကို ပခုံးပေါ်မှ ဆွဲချလိုက်ပြီး ရင်ခွင်ထဲထည့်ကာ အားရပါးရ ပွတ်သပ်လိုက်သည်။

လေနုအေးလေးက တိမ်ပင်လယ်နှင့်အတူ တိုက်ခတ်လာ၏။ လီယသည် ဆန်းကြယ်အမတနတ်ဘုရားဝိညာဉ်နှင့် စနောက်နေရင်း ရုတ်တရက်ဆိုသလို ဘာမှ ပြောင်းလဲသွားခြင်း မရှိပါလားဟု ခံစားလိုက်ရသည်။

မိုးသောက်ချိန် ကုအန်သည် ခေါင်မိုးစွန်းပေါ်တွင် ထိုင်၍ နေထွက်လာသည်ကို ကြည့်ရှုနေပြီး သူ၏ အကြည့်များက အဝေးတစ်နေရာသို့ ရောက်ရှိနေ၏။

သူသည် ကောင်းကင်စိတ်ဝိညာဉ်မဟာကမ္ဘာကို ရှာဖွေနေသော စစ်ခုံရုံးကို လှမ်းမြင်နေရသည်။

ကောင်းကင်စိတ်ဝိညာဉ်အမတအရှင်က တာအိုစည်းမျဉ်းများကို ပြန်လည်ပုံဖော်ခဲ့သဖြင့် ကောင်းကင်စိတ်ဝိညာဉ်မဟာကမ္ဘာအသစ်မှာ မဟာတာအိုလမ်းစဉ်နှင့် ခေတ္တအဆက်အသွယ် ပြတ်နေသလို ဖြစ်နေသည်။ ထို့ကြောင့် စစ်ခုံရုံးအနေဖြင့် ကောင်းကင်စိတ်ဝိညာဉ်မဟာကမ္ဘာကို တိုက်ရိုက်ရှာဖွေတွေ့ရှိရန် ခက်ခဲနေခြင်း ဖြစ်၏။ သို့သော်လည်း အကြောင်းနှင့်အကျိုး တွက်ချက်မှုများမှတစ်ဆင့် စစ်ခုံရုံးမှာ ကောင်းကင်စိတ်ဝိညာဉ်မဟာကမ္ဘာနှင့် ပို၍ ပို၍ နီးကပ်လာနေပြီ ဖြစ်သည်။

"အမတဧကရာဇ်"

ကုအန် ဤအမည်နာမကို စဉ်းစားလိုက်၏။ သတ်ဖြတ်ခြင်းနတ်ဘုရားဧကရာဇ်၏ မှတ်ဉာဏ်ထဲတွင် စစ်ခုံရုံး၏ အရှင်သခင်မှာ အမတဧကရာဇ် ဖြစ်သည်။ ဤအမတဧကရာဇ်၏ ကျင့်စဉ်စွမ်းအားမှာ ခန့်မှန်းရခက်လောက်အောင် နက်နဲလှပြီး ယခုတစ်ကြိမ် သူ လိုက်ပါလာမလားဆိုသည်ကိုမူ မသေချာသေးချေ။

ကုအန်သည် ချဉ်းကပ်လာနေသော စစ်ခုံရုံး၏ တပ်ဖွဲ့များအတွင်းမှ မူလဘူတရွှေအမတ တစ်ဒါဇင်ကျော်၏ အရှိန်အဝါများကို အာရုံခံမိနေပြီး စစ်ခုံရုံးမှ တန်ခိုးရှင်များလည်း ဆက်တိုက် ရောက်ရှိလာနေသည်။ အခြေအနေအရ သူတို့သည် လုံမျိုးနွယ်၏ မျိုးဆက်အားလုံးကို သတ်ဖြတ်ချေမှုန်းရန် ဆုံးဖြတ်ထားပုံရ၏။

ကုအန်မှာ အနည်းငယ်မျှ စိုးရိမ်ပူပန်ခြင်း မရှိသည့်အပြင် မဟာတိုက်ပွဲကြီး ရောက်ရှိလာမည်ကိုပင် မျှော်လင့်နေမိသည်။ ထိုတိုက်ပွဲအတွင်း သူသည် သက်တမ်းများကို အများအပြား ရိတ်သိမ်းနိုင်မည် မဟုတ်ပါလား။

ပုံမှန်အားဖြင့် ကုအန်သည် သတ်ဖြတ်ခြင်းကို မပြုလုပ်လိုသော်လည်း တစ်စုံတစ်ယောက်က သူ့ကို ခြိမ်းခြောက်လာပါက တရားသဖြင့် သတ်ဖြတ်ရန် အခွင့်အရေးပင် ဖြစ်သည်။

"အစ်ကိုကု... မင်္ဂလာနံနက်ခင်းပါ..."

ပိုင်ရှန့်၏ ရယ်မောသံက ခြံဝင်းအတွင်းမှ ထွက်ပေါ်လာသဖြင့် ကုအန် ငုံ့ကြည့်လိုက်ရာ ပိုင်ရှန့်က သူ့ကို လက်ပြနှုတ်ဆက်နေသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် သူက ပြုံး၍ ခေါင်းညိတ်တုံ့ပြန်လိုက်သည်။

"ဒီနေ့လည်း စာဖတ်ဦးမှာလား..." ကုအန်က မေးလိုက်သည်။

နန်းတွင်းစာမေးပွဲ ဖြေဆိုရန် အချိန်လိုသေး၏။ သူတို့ နန်းတွင်းမြို့တော်သို့ ရောက်ရှိနေသည်မှာ တစ်လခန့် ရှိပြီဖြစ်ပြီး နေ့တိုင်းလိုလို ပိုင်ရှန့်က ဖတ်စရာစာအုပ် ရှာဖွေရန် မြို့ထဲသို့ လျှောက်သွားလေ့ရှိသည်။

စုကျင်း၏ အကူအညီဖြင့် ပိုင်ရှန့်သည် လမ်းခရီးတွင် ငွေကြေးအမြောက်အမြား ရရှိခဲ့သဖြင့် ယခုအခါ သူဌေးတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

ပိုင်ရှန့်က ရယ်မောလျက် ပြောလိုက်၏။

"ဒီနေ့ စာမဖတ်တော့ဘူး... မြို့ထဲမှာ အမတတစ်ပါးက တပည့်လက်ခံနေတယ်လို့ ကြားတယ်... အမတအစစ် ဟုတ်မဟုတ် သွားကြည့်ချင်လို့... အစ်ကိုကု လိုက်မလား..."

ကုအန် ခေါင်းခါလိုက်ပြီး "မင်းပဲ သွားလိုက်ပါ... ငါက သောက်ဖော်သောက်ဖက် သွားရှာလိုက်ဦးမယ်..."

"ခင်ဗျားကလည်း သောက်ဖို့ပဲ..."

ခဏကြာ စကားပြောပြီးနောက် ပိုင်ရှန့်သည် စုကျင်းနှင့်အတူ ထွက်ခွာသွားခဲ့သည်။

ကုအန်သည် ပိုင်ရှန့် ထွက်ခွာသွားသည်ကို ကြည့်နေရင်း နန်းတွင်းမြို့တော်၌ ကျရောက်လာမည့် ကပ်ဘေး ပြီးဆုံးသွားပါက သူလည်း ထွက်ခွာရမည့်အချိန် ရောက်ပြီဖြစ်ကြောင်း သိလိုက်၏။

ပိုင်ရှန့်နှင့်အတူ တစ်နှစ်ကြာ လိုက်ပါခဲ့ပြီးနောက် သူ၏ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အနာဂတ်တွင် ပိုင်ရှန့်နှင့် စုကျင်းတို့ကြား မည်သို့ပင် ဖြစ်ပျက်ပါစေ ကုအန်က အဝေးမှသာ စောင့်ကြည့်နေတော့မည် ဖြစ်သည်။

နန်းတွင်းမြို့တော်မှာ နေ့စဉ်နှင့်အမျှ စည်ကားသိုက်မြိုက်နေ၏။ သေမျိုးများ၏ မျက်လုံးထဲတွင် ဤမင်းဆက်သည် လောက၌ အင်အားအကြီးဆုံးဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးကိုပင် ပြောင်းလဲနိုင်စွမ်းရှိသည်ဟု ထင်မြင်နေကြသည်။

ကမ္ဘာကြီးမှာ ကျယ်ပြောလှပြီး မည်မျှပင် ကြီးမားခိုင်ခံ့သည်ဟု ထင်ရသော အရာများဖြစ်စေကာမူ မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားနိုင်ကြောင်း သူတို့ မသိရှိကြချေ။

အကယ်၍ ကုအန်သာ ဝင်ရောက်မစွက်ဖက်ပါက ဤမင်းဆက်သည် ရက်ပိုင်းအတွင်း ပျက်သုဉ်းသွားမည်ဖြစ်ပြီး နိဗ္ဗာနအဆင့်ရှိသော စုကျင်းပင်လျှင် တားဆီးနိုင်မည် မဟုတ်ပေ။

ကျရောက်လာမည့် ကပ်ဘေးသည် ပိုင်ရှန့်၏ စိတ်နေစိတ်ထားကို ပြောင်းလဲစေမည်ဖြစ်ပြီး ယခင်က မရှိဖူးသော အမတကျင့်ကြံလိုစိတ်ကို မီးတောက်သဖွယ် တောက်လောင်စေပေလိမည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားသည်နှင့်အမျှ ကုအန်၏ အတွေးများ လွင့်မျောသွားခဲ့၏။

ညနေစောင်းသို့ ရောက်ရှိလာသည်။

ညအချိန် နီးကပ်လာသည်နှင့်အမျှ မြို့ထဲတွင် မီးရောင်များ တစ်ခုပြီးတစ်ခု လင်းလက်လာပြီး နန်းတွင်းမြို့တော်မှာ ပိုမို စည်ကားလာကာ ဆူညံသံများက ကုအန်၏ နားထဲသို့ ရောက်ရှိလာသည်။

သူသည် ခေါင်မိုးစွန်းပေါ်တွင် ထိုင်နေဆဲဖြစ်ပြီး သူ၏ အကြည့်ရာလမ်းကြောင်းအတိုင်း နန်းတွင်းမြို့တော်ဆီသို့ မှောင်မိုက်သော တိမ်တိုက်ကြီးများ လှိမ့်ဝင်လာကာ လေးလံသော ဖိအားကို ဖြစ်ပေါ်စေသည်။

ထိုအချိန်၌ မြို့ထဲရှိ အခြားလမ်းတစ်လမ်းတွင် ပိုင်ရှန့်သည် လူအုပ်ကြား၌ ခြေဖျားထောက်လျက် စင်မြင့်တစ်ခုကို လှမ်းကြည့်နေသည်။ စင်မြင့်ပေါ်တွင် မျက်နှာဖုံးတပ်ထားသော တာအိုဆရာတစ်ဦးက ဓားကခုန်မှုကို ပြသနေပြီး မိစ္ဆာကဲ့သို့ ဝတ်ဆင်ထားသော တပည့်ငါးဦးက သူ့ကို ဝိုင်းရံထားကြသည်။

တာအိုဆရာ၏ ဓားကစားကွက်များမှာ ရံဖန်ရံခါ လေကဲ့သို့ လျင်မြန်ထက်မြက်သဖြင့် ကြည့်ရှုသူများ၏ အားပေးသံများ ထွက်ပေါ်လာ၏။

ပိုင်ရှန့်၏ ပခုံးပေါ်တွင် ရှိနေသော စုကျင်းမှာ ကောင်းကင်ယံသို့ မော့ကြည့်နေသည်ကို သူ သတိမထားမိလိုက်ချေ။

"ဒီမိစ္ဆာအငွေ့အသက်က..."

စုကျင်း၏ မျက်ဝန်းများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပေါ်လာသည်။ နန်းတွင်းမြို့တော်က ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကြီးကို ဆွဲဆောင်မိလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။

မဖြစ်ဘူး...

သူမ ခေါင်းလှည့်၍ ပိုင်ရှန့်ကို ကြည့်လိုက်ပြီး သူ၏ မျက်နှာကို လျှာဖြင့် လျက်လိုက်သည်။

"ရပ်လိုက်... ကြည့်လို့ပြီးရင် မင်း စားဖို့ တစ်ခုခု ဝယ်ကျွေးမယ်..."

ပိုင်ရှန့်က စင်မြင့်ကို စိတ်ဝင်တစား စိုက်ကြည့်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

စုကျင်း စိုးရိမ်လာပြီး ပိုင်ရှန့်၏ လည်ပင်းကို ကိုက်လိုက်ရာ သူ နာကျင်သွားပြီး လည်ပင်းကို လက်ဖြင့် အုပ်လိုက်မိသည်။ သူ စကားမပြောနိုင်မီမှာပင် သူမသည် မြေကြီးပေါ်သို့ ခုန်ဆင်းပြီး အပြင်ဘက်သို့ ပြေးထွက်သွား၏။

လူအုပ်ကြီးမှာ များပြားလှသဖြင့် သူမ ဒုက္ခရောက်မည်ကို စိုးရိမ်သောကြောင့် ပိုင်ရှန့်မှာ သူမနောက်သို့ လိုက်ရုံမှတစ်ပါး မတတ်နိုင်တော့ချေ။

လူအုပ်ကြားမှ တိုးထွက်ပြီးနောက် မလှမ်းမကမ်းရှိ သစ်ပင်အောက်တွင် ထိုင်နေသော စုကျင်းကို တွေ့လိုက်ရသဖြင့် ပိုင်ရှန့် အပြေးသွားလိုက်သည်။

"မင်း..."

ပိုင်ရှန့်က စုကျင်းကို ဆူပူရန် ပြင်လိုက်စဉ်မှာပင် သူမသည် ရုတ်တရက် အသွင်ပြောင်းလဲသွားပြီး ဆွဲဆောင်မှုရှိသော မျက်နှာနှင့် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့သည်။ ပိုင်ရှန့်မှာ အလွန်လန့်သွားသဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိ၏။

ဖြောင်း...

စုကျင်းက ပိုင်ရှန့်၏ လက်ကောက်ဝတ်ကို ဆွဲပြီး သူမ၏ ရှေ့သို့ ဆွဲယူလိုက်သည်။

"နားထောင်... ငါ တစ်ခါပဲ ပြောမယ်... အော်ဟစ်မနေနဲ့... မိစ္ဆာကြီးတစ်ကောင် ဆင်းသက်လာတော့မယ်... မြို့ထဲက လူအားလုံး အစားခံရလိမ့်မယ်... ငါက သူ့ကို မယှဉ်နိုင်ဘူး... ငါ မင်းကိုပဲ ကာကွယ်ပေးနိုင်မှာ... မင်း အခု ငါနဲ့ လိုက်ခဲ့ရမယ်"

စုကျင်းသည် ပိုင်ရှန့်ကို စိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်ပြီး သူ့ကို ဆွဲလျက် မြို့တံခါးဘက်သို့ စတင်လျှောက်သွားသည်။

"ခဏနေဦး..."

ပိုင်ရှန့် သတိပြန်ဝင်လာပြီး ကမန်းကတန်း ပြောလိုက်၏။ သူသည် လက်ကို ရုန်းထွက်ရန် ကြိုးစားသော်လည်း စုကျင်း၏ ဆုပ်ကိုင်ထားမှုမှ လွတ်မြောက်အောင် မလုပ်နိုင်ခဲ့ချေ။

စုကျင်းက လှည့်ကြည့်လိုက်ရာ မျက်မှောင်ကြုတ်ထားသည်ကို တွေ့လိုက်ရသည်။

ပိုင်ရှန့်က အလျင်အမြန် ပြောလိုက်၏။

"မင်း မြို့ထဲကလူအကုန်လုံးကို မကယ်နိုင်ရင်တောင် အနည်းဆုံး အစ်ကိုကုကိုတော့ ခေါ်သွားပေးပါ..."

စုကျင်းက နှာခေါင်းရှုံ့လိုက်ပြီး "ငါက ဘာလို့ သူ့ကို ခေါ်သွားရမှာလဲ..."

"ငါတို့ အတူတူ ခရီးသွားလာခဲ့ကြတာပဲ... ညီအစ်ကိုတွေလို ဖြစ်နေပါပြီ... ဘယ်လိုလုပ် သူ့ကို ပစ်ထားခဲ့နိုင်မှာလဲ..." ပိုင်ရှန့်က တောင်းပန်တိုးလျှိုးသည့် လေသံဖြင့် ပြောလိုက်၏။

စုကျင်းမှာ မိစ္ဆာမဖြစ်နေသည်ကို လန့်သွားသော်လည်း သူမက သူ့ကို ဒုက္ခပေးမည် မဟုတ်ဟု ယုံကြည်သည်။ အကယ်၍ ဒုက္ခပေးလိုပါက လမ်းခရီးမှာကတည်းက စားပစ်လိုက်ပြီ ဖြစ်ရာ ယနေ့အထိ စောင့်နေစရာ အကြောင်းမရှိပေ။

"ကောင်းပြီလေ..."

စုကျင်းက စိတ်မရှည်စွာ ပြောလိုက်ပြီးနောက် ပိုင်ရှန့်ကို သူတို့ တည်းခိုရာသို့ ခေါ်ဆောင်သွားခဲ့သည်။

ဂျိန်း...

မိုးခြိမ်းသံများ မြည်ဟည်းလာသော်လည်း နန်းတွင်းမြို့တော် အတွင်းရှိ လူများမှာ အန္တရာယ်ကို သတိမပြုမိကြသေးချေ။

ထိုမိုးတိမ်တိုက်များ အတွင်းတွင် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ကြီးတစ်ခု လှုပ်ရှားနေပြီး သွေးရောင်လွှမ်းသော မျက်လုံးတစ်စုံက လူ့ကမ္ဘာကို ငုံ့ကြည့်နေ၏။

ရုတ်တရက်...

မရေမတွက်နိုင်သော မိစ္ဆာငှက်များက တိမ်ပင်လယ်ထဲမှ ထွက်ပေါ်လာပြီး နန်းတွင်းမြို့တော်ဆီသို့ ပျံသန်းလာကြသည်။ သူတို့၏ တောင်ပံခတ်သံများမှာ ပေါင်းစပ်သွားပြီး မြို့ပြ၏ ဆူညံသံများကို ချက်ချင်း လွှမ်းမိုးသွားကာ မြို့သူမြို့သားများကို ထိတ်လန့်သွားစေ၏။

သစ်တောထဲတွင် အန်ရှင်းသည် စမ်းချောင်းဘေးရှိ ကျောက်တုံးပေါ်၌ ထိုင်ကာ လက်ထဲမှ ဘဝခြောက်ပါးကြေးမုံကို ကစားနေသည်။

ခြေသံများ နီးကပ်လာပြီး ချမ်ခွန်းဂိုဏ်း၏ ဂိုဏ်းချုပ် ရီချင်းရှန် ရောက်ရှိလာ၏။ သူ၏ ဆံပင်များမှာ ဖြူနေသော်လည်း မျက်နှာမှာ နုပျိုနေဆဲဖြစ်ပြီး ကျယ်ဝန်းသော ဝတ်ရုံကို ဝတ်ဆင်ထားကာ ဂိုဏ်းချုပ်တစ်ဦး၏ အရှိန်အဝါကို ဖုံးကွယ်ထား၍ မရနိုင်ပေ။

သူသည် အန်ရှင်း၏ နောက်သို့ ရောက်လာပြီး ဦးညွှတ်ကာ ပြောလိုက်သည်။

"စီနီယာ... တာအိုခုံရုံးက လူလွှတ်လိုက်ပါတယ်... ကမ္ဘာကြီးမှာ ကပ်ဘေးကြီးတစ်ခု ကျရောက်တော့မယ်တဲ့... ဂိုဏ်းအားလုံး ပူးပေါင်းပြီး ရန်သူကို တွန်းလှန်ရမယ်လို့ ပြောတယ်... ကပ်ဘေး ရောက်လာရင် တာအိုခုံရုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ ချမ်ခွန်းဂိုဏ်းကို ကောင်းကင်တာအိုအမိန့် လက်ခံစေချင်နေကြတယ်... ဒါပေမဲ့ အဲဒီ ကောင်းကင်သီအိုရီက ချမ်ခွန်းဂိုဏ်းရဲ့ ကံတရားကို ထည့်ဝင်ရမယ်ဆိုတော့ ကျွန်တော် နည်းနည်း တွန့်ဆုတ်နေမိတယ်..."

အန်ရှင်းက ပြန်ဖြေလိုက်၏။

"တွန့်ဆုတ်နေတယ်ဆိုရင် ငြင်းလိုက်ပေါ့..."

နောက်ပိုင်းတွင် သူမသည် ဘဝခြောက်ပါးကြေးမုံအပေါ် နားလည်မှုအသစ်များ ရရှိထားပြီး ရီချင်းရှန်သာ လာမခေါ်ပါက အပြင်ထွက်ချင်မည် မဟုတ်ချေ။

"ဒါပေမဲ့ တာအိုခုံရုံးက အင်အားကြီးတယ်... သူတို့နဲ့ ယှဉ်လိုက်ရင် ကျွန်တော်တို့ ချမ်ခွန်းဂိုဏ်းက လမင်းကြီးရဲ့ အရောင်အဝါအောက်က ဆန်စေ့လောက် အလင်းရောင်လေးလို ဖြစ်နေမှာ... ငြင်းလိုက်ရင် တာအိုခုံရုံးက ကျွန်တော်တို့ကို ပစ်မှတ်ထားလာမလား..." ရီချင်းရှန်က မျက်မှောင်ကြုတ်လျက် စိုးရိမ်တကြီး မေးလိုက်သည်။

"ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒမရှိတာနဲ့ ရန်သူလို သတ်မှတ်မယ်ဆိုရင် တာအိုခုံရုံးမှာ ကမ္ဘာကြီးကို ပခုံးနဲ့ထမ်းထားနိုင်လောက်တဲ့ စိတ်ဓာတ်မရှိဘူးဆိုတဲ့ သဘောပဲ... သူတို့က အခွင့်ကောင်းယူပြီး ဂိုဏ်းအားလုံးကို တွက်ချက်ကြံစည်ချင်နေကြတာ... အဲဒီလိုဂိုဏ်းမျိုးက နောက်ကျရင် ရန်သူ ဖြစ်လာမှာပဲ..."

အန်ရှင်းက ပေါ့ပေါ့ပါးပါး ပြောရင်း မတ်တတ်ထရပ်လိုက်ကာ ရီချင်းရှန်ဘက်သို့ လှည့်ကြည့်ပြီး မေးလိုက်၏။

"ဒါပဲလား..."

ရီချင်းရှန် အံ့အားသင့်သွားပြီး ပြန်ဖြေလိုက်သည်။

"နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်... ဂိုဏ်းထဲက တစ်ယောက်က ဉာဏ်အလင်းပွင့်ပြီး ရူးသွပ်သွားတယ်... စီနီယာ သွားကြည့်ပေးလို့ ရမလား..."

"ဘာလို့ ဒီကို ခေါ်မလာတာလဲ..."

"အမှန်အတိုင်း ပြောရရင် သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ဂိုဏ်းထဲမှာ ထိပ်တန်းလို့ ပြောလို့ရတယ်... ကျွန်တော်တို့ သူ့ကို မထိန်းနိုင်ဘူး... သူက သူ့ရဲ့ ကျင့်ကြံခြင်းဂူထဲမှာ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားပြီး ကောင်းကင်ပြိုကျတော့မယ်လို့ အော်ဟစ်နေတယ်... သူ ဒီလောက် ကြောက်လန့်တာမျိုး တစ်ခါမှ မမြင်ဖူးဘူး... တာအိုခုံရုံး ပြောတဲ့ ကပ်ဘေးနဲ့များ သက်ဆိုင်နေမလားလို့..." ရီချင်းရှန် ထပ်မံ မျက်မှောင်ကြုတ်လိုက်မိသည်။

သူ မပြောပြသော အခြားအရာတစ်ခု ရှိသေး၏။

အမှန်စင်စစ်တွင် ယခုနှစ်များအတွင်း ကျင့်ကြံနေစဉ် သူကိုယ်တိုင်လည်း စိတ်မငြိမ်မသက် ဖြစ်နေပြီး ခေါင်းပေါ်တွင် ကပ်ဘေးတစ်ခု ဆိုင်းငံ့နေသကဲ့သို့ ခံစားနေရသည်။

ရီချင်းရှန် (ယခင်အမည် ရီရှောင်လျန်)

အခန်း ၆၀၀ စစ်ခုံရုံး ဒဏ္ဍာရီ၊ ကံတရားကို ရင်ဆိုင်ခြင်း

နံနက်ခင်းတွင် နေရောင်ခြည်သည် မီးခိုးများဖုံးလွှမ်းနေသော နန်းတွင်းမြို့တော်၏ အပျက်အစီးများကြားသို့ ဖြာကျလာသည်။ နေရာတိုင်းတွင် သွေးစွန်းနေသော အလောင်းများနှင့် ပြိုကျနေသော နံရံများကို တွေ့မြင်နေရ၏။

ဖုန်မှုန့်များနှင့် ပြာများ ပေကျံနေသော ပိုင်ရှန့်သည် အပျက်အစီးများပေါ်တွင် ရပ်လျက် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းများကို ကြည့်နေသည်။ သူ၏ မျက်ဝန်းများမှာ တုန်ရီနေပြီး မြင်တွေ့နေရသည့်အရာများကို လက်မခံနိုင် ဖြစ်နေ၏။

သူ အစည်ကားဆုံးဟု ထင်မှတ်ခဲ့သော မြို့ကြီးမှာ တစ်ညတည်းဖြင့် အပျက်အစီးပုံ ဖြစ်သွားခဲ့သည်။ သူ စောစောက မြင်တွေ့ခဲ့ရသော မျက်နှာဖုံးတစ်ဝက်ကျိုးနေသည့် ဓားသမား၏ မြင်ကွင်းက သူ့ကို ပိုမို ထိခိုက်စေခဲ့၏။

"ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ..."

ပိုင်ရှန့် တီးတိုးရေရွတ်လိုက်မိပြီး သူ၏ အသံမှာ တုန်ရီနေသည်။

သူသည် အိပ်မက်ဆိုးတစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားနေရပြီး ထိုအိပ်မက်ဆိုးမှ မည်သို့မျှ နိုးထ၍ မရနိုင်တော့ချေ။

သူ အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်ပြီးနောက် ချက်ချင်း အောက်သို့ဆင်းကာ ကုအန်ကို စတင်ရှာဖွေလိုက်သည်။

သူသည် အလောင်းများကြားတွင် တိုးဝှေ့ရှာဖွေရင်း ကြောက်ရွံ့မှုနှင့် ရွံရှာမှုများကို မျိုးသိပ်ထားရ၏။

နေမင်းကြီး မြင့်တက်လာပြီး မွန်းတည့်ချိန် ရောက်သည်အထိ ကုအန်ကို ရှာမတွေ့သေးပေ။ သူ၏ လက်များမှာ သွေးစိမ်းရှင်ရှင်များဖြင့် ပေကျံနေပြီ ဖြစ်သည်။

ပင်ပန်းနွမ်းနယ်လွန်းသဖြင့် သူသည် လမ်းမပေါ်သို့ လဲကျသွားပြီး ခေါင်းထောင်ကြည့်ရန်ပင် အားမရှိတော့ချေ။

နံနက်ခင်းတစ်ခုလုံး ရှာဖွေပြီးနောက် သူ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှု မရှိတော့ဘဲ ထုံထိုင်းမှုသာ ကျန်ရှိတော့သည်။

ပုံရိပ်တစ်ခု သူ၏ ရှေ့တွင် ပေါ်လာ၏။ သူသည် ထိုသူ၏ ဖိနပ်ကို မြင်နေရသော်လည်း စကားပြောရန် အားမရှိတော့ပေ။

စုကျင်းသည် ပိုင်ရှန့်ကို ငုံ့ကြည့်ပြီး သက်ပြင်းချလိုက်သည်။

"မင်း ပြောဖူးတယ် မဟုတ်လား... ပျင်းစရာကောင်းတဲ့ ဘဝနဲ့ နေရတာထက် မိစ္ဆာတွေ သရဲတွေရဲ့ လက်ချက်နဲ့ သေရတာ ပိုကောင်းတယ်ဆို... မနေ့ညက သေမျိုးတွေ တစ်သက်လုံး မမြင်ရနိုင်တဲ့ မဟာမိစ္ဆာကြီးကို မင်း မြင်တွေ့ခဲ့ရတယ်လေ... ကံကောင်းတယ်လို့ မခံစားရဘူးလား"

ပိုင်ရှန့် ခေါင်းငိုက်စိုက်ကျသွားပြီး အားနည်းသော အသံဖြင့် မေးလိုက်၏။

"မင်းကလည်း အဲဒီလို မိစ္ဆာမျိုးပဲလား"

"ငါက သူတို့လို သတ်ဖြတ်ရတာ မကြိုက်ဘူး... ဒါပေမဲ့ ငါ လူတွေ သတ်ဖူးတယ်... မိစ္ဆာတွေ သတ်ဖူးတယ်..." စုကျင်း၏ အဖြေက ပိုင်ရှန့်ကို တိတ်ဆိတ်သွားစေသည်။

စုကျင်းက ဆက်ပြောလိုက်၏။

"မင်းက သဘာဝလွန်စွမ်းအားတွေကို မြင်တွေ့ခဲ့ရပြီးပြီဆိုတော့ နောင်ကျရင် ငါနဲ့အတူ အမတကျင့်စဉ် လိုက်ကျင့်မလား..."

"အစ်ကိုကုကို... ရှာပေးပါ"

ပိုင်ရှန့် မနည်းအားယူ၍ ပြောလိုက်သည်။ ထိုစကားလုံးအနည်းငယ် ပြောပြီးနောက် သူ လုံးဝ အားကုန်သွားပြီး သတိလစ်ကာ ရှေ့သို့ မှောက်ကျသွား၏။ ကံကောင်းထောက်မစွာဖြင့် စုကျင်းက သူ့ကို အချိန်မီ ဖမ်းထိန်းလိုက်နိုင်သည်။

စုကျင်းသည် ပိုင်ရှန့်ကို ပွေ့ဖက်ထားရင်း ပြုံးလိုက်မိသည်။ သူမသည် ဤအခိုက်အတန့်ကို နှစ်ပေါင်းတစ်သောင်းကြာ စိတ်ကူးယဉ်ခဲ့ဖူးပြီး ယခုမှ လက်တွေ့ ဖြစ်လာခဲ့ခြင်း ဖြစ်၏။

"စိတ်မပူပါနဲ့... လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက မင်း ငါ့ကို အသက်ပေးပြီး ကာကွယ်ခဲ့သလို ဒီဘဝမှာ ငါ မင်းကို သေချာပေါက် ကာကွယ်ပေးမှာပါ"

စုကျင်း တီးတိုးရေရွတ်လိုက်ပြီး ပိုင်ရှန့်ကို ပွေ့ချီကာ ကောင်းကင်ယံသို့ ပျံတက်သွားသည်။

သူမ၏ စိတ်အာရုံက မြို့တစ်ခုလုံးကို လွှမ်းခြုံလိုက်ပြီးနောက် အပြင်ဘက်သို့ ဆက်လက် ဖြန့်ကျက်လိုက်၏။

"ထူးဆန်းတယ်... သူ ဘယ်ရောက်သွားတာလဲ... မိစ္ဆာ စားသွားတာများလား..."

စုကျင်း တွေးမိလိုက်သော်လည်း သိပ်ပြီး အာရုံမထားတော့ချေ။ သူမသည် ပိုင်ရှန့်အတွက် ရှာဖွေပေးခဲ့ပြီးပြီဖြစ်ရာ ရှာမတွေ့ခြင်းမှာ သူမ၏ အပြစ်မဟုတ်ပေ။

သူမသည် ပိုင်ရှန့်ကို ပွေ့လျက် အဝေးသို့ ပျံသန်းသွားရာ မျက်စိတစ်မှိတ်အတွင်း မိုးကုပ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားတော့သည်။

အထက်မှ တိမ်တိုက်များ ကွဲသွားပြီး နေရောင်ခြည်သည် ပျက်စီးနေသော နန်းတွင်းမြို့တော်ပေါ်သို့ ကျရောက်လာ၏။ တဖြည်းဖြည်းနှင့် မကောင်းဆိုးဝါး အငွေ့အသက်များ ပျောက်ကွယ်သွားတော့သည်။

သက်တမ်းတာအိုနယ်မြေအတွင်း၌ ခြံဝင်းထဲတွင် ကုအန်သည် လှုပ်ကုလားထိုင်ပေါ်၌ လှဲလျက် စာဖတ်နေပြီး ရံဖန်ရံခါ ရှန်ကျန်းကို ရတနာသွန်းလုပ်သည့် မီးဖိုနောက်အောက်ရှိ ထိုက်ချင်းစစ်မှန်သောမီးကို မည်သို့ထိန်းချုပ်ရမည်နည်းဟု လမ်းညွှန်ပြသပေးနေသည်။

ပိုင်ရှန့်နှင့် လမ်းခွဲခဲ့သည်မှာ ဆယ်နှစ်ပင် ရှိခဲ့ပြီ။

ရှန်ကျန်းက ကုအန်ဘက်သို့ လှည့်ကြည့်ပြီး မေးလိုက်၏။

"ကုအန်... အဲဒီ တာအိုခုံရုံးရဲ့ ဇစ်မြစ်က ဘာလဲ... ချမ်ခွန်းဂိုဏ်းထဲမှာတော့ တာအိုခုံရုံးက ကမ္ဘာကြီးတစ်ခုလုံးကို စုစည်းမယ့် ဂိုဏ်းဖြစ်လာမယ်လို့ ပြောနေကြတယ်..."

ကုအန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"မြင့်မြတ်ခုံရုံးလိုပါပဲ... တာအိုခုံရုံးကလည်း တစ်ချိန်တုန်းက မဟာကောင်းကင်နှင့်မြေကြီးရဲ့ အစိတ်အပိုင်းတစ်ခုကို အုပ်စိုးခဲ့ဖူးတယ်... မဟာကမ္ဘာတစ်ထောင် ပြန်လည်ဖွဲ့စည်းပြီးနောက် သူတို့ လျင်မြန်စွာ ကြီးထွားလာခဲ့ကြတာ... သူတို့ ဒီလိုလုပ်နိုင်တာက အစွမ်းထက်တဲ့ တန်ခိုးရှင်တစ်ဦး ကျောထောက်နောက်ခံ ရှိနေလို့ပါ..."

"သူက ဘယ်လောက် အစွမ်းထက်လဲ...ရှင်နဲ့ ယှဉ်ရင်ရော..." ရှန်ကျန်းက မျက်ခုံးပင့်လျက် မေးလိုက်၏။

ကုအန် ရယ်မောလိုက်ပြီး "မတိုက်ခိုက်ဖူးတော့ ပြောရခက်တယ်"

"အင်းပါ... ရှင် ဒီလိုပြောပုံထောက်ရင် အဲဒီလူက နင့်ပြိုင်ဘက် မဟုတ်လောက်ပါဘူး"

ရှန်ကျန်းက မျက်စောင်းထိုးလိုက်သည်။ သူမ၏ စိတ်ထဲတွင် ကုအန်ကို လေးစားအားကျနေကြောင်း ကုအန် ကြားနေရ၏။

သူမ၏ လေသံက မဟုတ်သလို ဖြစ်နေသော်လည်း အမှန်တကယ်တွင် ကုအန်၏ အစွမ်းကို အံ့ဩနေခြင်း ဖြစ်သည်။

ကုအန်က စာမျက်နှာကို လှန်လိုက်ရင်း ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် တာအိုခုံရုံးအနေနဲ့ ကောင်းကင်စိတ်ဝိညာဉ်မဟာကမ္ဘာကို စုစည်းဖို့ အိပ်မက်မက်နေတာက စောလွန်းပါသေးတယ်..."

"ရှင်က အနာဂတ်ကို ဘယ်လောက်အထိ မြင်နိုင်လို့လဲ..." ရှန်ကျန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

အမှန်တကယ်တွင် သူမသည် ကုအန်၏ ကျင့်ကြံမှုအဆင့်ကို အလွန်သိချင်နေသော်လည်း မမေးရဲသဖြင့် ထိန်းချုပ်ထားခဲ့ရသည်။ ယခုအခါ အခွင့်အရေးရသဖြင့် သူမ လက်လွတ်မခံဘဲ မေးလိုက်ခြင်း ဖြစ်သည်။

"ထပ်မမေးနဲ့တော့... ကောင်းကင်အလိုကျ ကံတရားကို ထုတ်ပြောလို့ မရဘူး"

ကုအန်က မေးခွန်းကို ရှောင်လွှဲလိုက်ပြီးနောက် တစ်ဖက်သို့ လှည့်ကာ ရှန်ကျန်းကို ကျောပေးလိုက်သည်။

ရှန်ကျန်းက နှာခေါင်းရှုံ့လိုက်ပြီး ရတနာသွန်းလုပ်သည့် ဖိုခနောက်အတွင်းမှ တာအိုရတနာကို ဆက်လက် အာရုံစိုက်လိုက်၏။

ခြံဝင်းအတွင်း၌ တိတ်ဆိတ်ငြိမ်သက်သွားပြီး ရံဖန်ရံခါ လေတိုက်သံသာ ကြားနေရသည်။

မီးဖိုအောက်ရှိ သန့်စင်ခြင်း ၃ ပါး မီးလျှံမှာ ဘယ်တော့မှ မငြိမ်းတော့မည့်အလား အဆက်မပြတ် တောက်လောင်နေသည်။ မီးတောက်များ လှုပ်ခါနေစဉ် အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွား၏။

နွေဦးပေါက်လိုက် ဆောင်းဦးရောက်လိုက်နှင့် သံသရာလည်နေသည်။

နှစ်ပေါင်းငါးရာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ နှစ်ပေါင်းငါးရာ ကြာပြီးနောက်တွင်လည်း ကုအန်သည် ထိုကုလားထိုင်ပေါ်၌ပင် လှဲနေဆဲဖြစ်ပြီး ရှန်ကျန်းသည်လည်း မီးဖိုရှေ့တွင် ထိုင်နေဆဲပင်။

ကုအန် လှည့်လိုက်ပြီး မတ်တတ်ထရပ်ကာ "သူရဲကောင်းခရီးသွားမှတ်တမ်း" စာအုပ်ကို ရင်ဘတ်ထဲ ထည့်လိုက်သည်။ ထို့နောက် ယန်ဟုန်ဓားကို ကောက်ယူပြီး ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်၏။

ဓားကျွတ်သံကြောင့် ရှန်ကျန်း လန့်သွားသည်။ သူမ ခေါင်းလှည့်ကြည့်လိုက်ရာ ကုအန်က ဓားကို ကိုင်တွယ်နေသည်ကို တွေ့လိုက်ရ၏။ သူမက ဘာလုပ်နေတာလဲဟု မေးရန် ပြင်လိုက်စဉ် ရုတ်တရက် သူမ၏ အမူအရာ ပြောင်းလဲသွားပြီး အပေါ်သို့ မော့ကြည့်လိုက်သည်။

သူမ တစ်ယောက်တည်း မဟုတ်ပေ။ သက်တမ်းတာအိုနယ်မြေအတွင်းရှိ လူတိုင်း ထိတ်လန့်သွားကြပြီး မော့ကြည့်လိုက်ကြ၏။

သူတို့၏ အထက်ရှိ ပြာလဲ့သော ကောင်းကင်ယံတွင် အမည်းစက်များ စတင်ပေါ်လာပြီး လျင်မြန်စွာ ကျယ်ပြန့်လာကာ တွင်းနက်ကြီးများသဖွယ် ဖြစ်သွားသည်။ ကောင်းကင်တစ်ခုလုံးတွင် ဟာလာဟင်းလင်းပေါက်ကြီး တစ်ထောင်ခန့် ဖြစ်ပေါ်လာ၏။

"အဲဒါ ဘာကြီးလဲ..." ရှန်ကျန်း မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

ကုအန်က မော့မကြည့်ဘဲ ယန်ဟုန်ဓားကို ဖြည်းညင်းစွာ ဝှေ့ယမ်းလျက် ပြန်ဖြေလိုက်၏။

"အဲဒါက မဟာကမ္ဘာတစ်ထောင်ရဲ့ အပြင်ဘက်က လာတဲ့ စွမ်းအားကြီး အဖွဲ့အစည်းတစ်ခုပဲ... စစ်ခုံရုံးလို့ ခေါ်တယ်..."

"စစ်ခုံရုံး".

ရှန်ကျန်း ထိုအမည်ကို တစ်ခါမှ မကြားဖူးပေ။ သူမက အံ့အားသင့်စွာ မေးလိုက်သည်။

"ဘာလို့ အဲဒီ ဂိုဏ်းကြီးတွေက ကိုယ့်ကိုယ်ကိုယ် 'ခုံရုံး' ဆိုပြီး နာမည်ပေးရတာ ကြိုက်ကြတာလဲ... မြင့်မြတ်ခုံရုံး၊ တာအိုခုံရုံး၊ စစ်ခုံရုံးတဲ့... နင့်စာအုပ်ထဲက ကောင်းကင်နန်းတော်ဆိုတာကရော အစစ် မဟုတ်လောက်ပါဘူးနော်"

သူမသည် နတ်ဘုရားများ ခန့်အပ်ခြင်းနှင့် အနောက်ရပ်သို့ ခရီးသွားခြင်း ဇာတ်လမ်းများကို အမှန်တကယ် ဖြစ်ပျက်ခဲ့သည်ဟု အမြဲ သံသယဝင်ခဲ့ဖူးသည်။ ယခု စဉ်းစားကြည့်လိုက်သောအခါ အလွန် ဖြစ်နိုင်ချေရှိသည်ဟု တွေးမိလိုက်၏။ ကုအန်၏ ကျင့်စဉ်စွမ်းအားမှာ သူမ စိတ်ကူး၍ရသည်ထက် ကျော်လွန်နေသည် မဟုတ်ပါလား။

"ပြောလို့မရဘူး... ပြောလို့မရဘူး" ကုအန်က အဓိပ္ပာယ်ပါသော အပြုံးဖြင့် ပြောလိုက်သည်။

သူသည် စစ်ခုံရုံးကို ရှင်းလင်းရန် မည်သည့် ဓားသိုင်းကို သုံးရမလဲဟု စဉ်းစားနေခြင်း ဖြစ်သည်။

ထိုအချိန်တွင် သူ တစ်စုံတစ်ခုကို ခံစားလိုက်ရသဖြင့် အဝေးတစ်နေရာသို့ လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများတွင် ပုံမှန်မဟုတ်သော အလင်းရောင်များ လက်ခနဲ ဖြစ်သွား၏။

သူသည် အဓိပတိဂိုဏ်း ရှိရာဘက်သို့ ကြည့်နေခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဝေးလံခေါင်သီသော ထိုက်ချန်တိုက်ကြီး၌

လုံချင်း၏ မျှော်စင်အောက်တွင် ကျူးရှင်းနှင့် ရဲချန်းတို့ ရောက်ရှိနေကြသည်။ လုံချင်း၏ ကိုယ်ထဲမှ ကောင်းကင်ထောက်ပံ့သူဘိုးဘေး၏ ဝိညာဉ် ပေါ်ထွက်လာပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ မျက်မှောင်ကြီးများ ကျုံ့ထား၏။

"စစ်ခုံရုံးက တကယ် ကြောက်ဖို့ကောင်းတာပဲ" ကောင်းကင်ထောက်ပံ့သူဘိုးဘေး တီးတိုးရေရွတ်လိုက်သည်။

ကျူးရှင်းသည်လည်း ကောင်းကင်ယံကို မော့ကြည့်နေပြီး မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်နေ၏။

ကောင်းကင်ထောက်ပံ့သူဘိုးဘေးက သူ့ဘက်သို့ လှည့်ကြည့်ပြီး မေးလိုက်သည်။

"မင်းလည်း စစ်ခုံရုံးက မဟုတ်ဘူးလား... မင်းက အဓိပတိဂိုဏ်းကို စစ်ခုံရုံးနေရာ အစားထိုးစေချင်တယ်လို့ ကြားတယ်..."

ရဲချန်းသည်လည်း ကျူးရှင်းကို ကြည့်လိုက်ရာ ကောင်းကင်ထောက်ပံ့သူဘိုးဘေး၏ လေသံတွင် လှောင်ပြောင်သရော်မှုများ ပါနေသည်ကို သတိပြုမိလိုက်၏။

ကျူးရှင်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။

"စစ်ခုံရုံးက ဒီလောက်အထိ အင်အားကြီးလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး... ကြည့်ရတာ အဲဒီ ပုဂ္ဂိုလ်ကြီးက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီး အကြာကြီး ပျောက်နေတဲ့ တန်ခိုးရှင်တွေကို ပြန်ခေါ်လိုက်ပုံရတယ်..."

"ထူးဆန်းတယ်... သူက လုံမျိုးနွယ်ကို မုန်းတီးတာ ထင်ရှားပေမယ့် အဲဒီ စစ်နတ်ဘုရားတွေလောက်ပဲ လွှတ်လိုက်တာပါ..."

ကောင်းကင်ထောက်ပံ့သူဘိုးဘေးက ခန့်မှန်းပြောဆိုလိုက်၏။

"ဘာပဲဖြစ်ဖြစ် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားတောင် ကျဆုံးသွားပြီဆိုတော့ စစ်ခုံရုံးက လာရဲသေးတယ်ဆိုရင် သူတို့မှာ ယုံကြည်မှုတစ်ခုခု ရှိလို့ပဲ နေမှာ..."

ကျူးရှင်း ပြန်မပြောနိုင်ချေ။ သူ၏ ရင်ထဲတွင် ဗြောင်းဆန်နေသည်။

စစ်ခုံရုံး ရောက်ရှိလာခြင်း၏ ဖိနှိပ်မှုအရှိန်အဝါကြောင့် သူ ကြောက်ရွံ့တုန်လှုပ်နေမိ၏။ ထိုစစ်နတ်ဘုရားများနှင့် ရင်ဆိုင်ရမည့်အပြင် အထူးသဖြင့် ထိုပုဂ္ဂိုလ်ကြီးနှင့် ရင်ဆိုင်ရမည့် အခြေအနေကို သူ တွေးပင် မတွေးရဲပေ။

ထိုပုဂ္ဂိုလ်ကြီးသည် စစ်ခုံရုံး၏ ဒဏ္ဍာရီဖြစ်သည်။ သူသည် မူလဘူတနှောင်ဖွဲ့ကင်းအမတအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ထိုပုဂ္ဂိုလ်ကြီးကို တစ်ခါမျှ မတွေ့ဖူးချေ။

ဂျိန်း...

မျှော်စင်တံခါး ပွင့်သွားပြီး လုံချင်း လမ်းလျှောက်ထွက်လာသည်။ သူသည် လှေကားထစ်များအတိုင်း မှန်မှန်လျှောက်ဆင်းလာပြီး မျက်နှာထားမှာ တည်ငြိမ်နေ၏။

လှေကားခြေရင်းတွင် လူတစ်ယောက် ရုတ်တရက် ပေါ်လာပြီး ထိုသူမှာ လုံချင်း၏ သား လုံထန် ဖြစ်သည်။

"အဖေ... ကောင်းကင်ပေါ်က ထူးဆန်းတဲ့ ဖြစ်ရပ်တွေက ဘာလဲ... ဘာလို့ ကျွန်တော့်ရဲ့ သွေးတွေ ဆူပွက်ပြီး ထိန်းမရ ဖြစ်နေတာလဲ... ပြီးတော့ ကျွန်တော် ခံစားနေရတာက.."

လုံထိန်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

လုံချင်းက လှေကားထစ်တွင် ရပ်လိုက်ပြီး သူ့ကို ငုံ့ကြည့်ကာ ပြောလိုက်၏။

"ရန်လိုမုန်းတီးမှုတွေ... သတ်ဖြတ်လိုစိတ်တွေ ခံစားနေရတယ် မဟုတ်လား"

လုံထိန် မျက်လုံးပြူးသွားပြီး ထပ်မေးလိုက်သည်။

"အဖေ... အဖေရော အဲဒီလို ခံစားနေရလား"

လုံချင်းက လှေကားထစ်များအတိုင်း ဆက်ဆင်းလာပြီး ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်သည်။

"တချို့ကိစ္စတွေက မင်းကို ပြောပြဖို့ နောက်ကျလွန်းနေပြီ... မင်း သိဖို့လည်း မလိုပါဘူး... ဒီအတိုင်း ကြည့်နေလိုက်..."

"ဒီအတိုင်း ကြည့်နေရုံပဲလား... အဖေ... အဖေ ဘာလုပ်မလို့လဲ..." လုံထန် ထပ်မံ မျက်မှောင်ကြုတ်လိုက်မိပြီး စိုးရိမ်ပူပန်မှုများ မြင့်တက်လာသည်။

လုံချင်းက သူ၏ ရှေ့သို့ ရောက်လာရာ မည်သည့်အချိန်တွင်မဆို ပျောက်ကွယ်သွားနိုင်မည့် ခံစားချက်မျိုး ပေးစွမ်းနေသဖြင့် လုံထန်က အလိုအလျောက် လက်လှမ်းလိုက်ပြီး လုံချင်း၏ ဝတ်ရုံကို လှမ်းဆွဲလိုက်မိ၏။

ကျူးရှင်း၊ ရဲချန်းနှင့် ကောင်းကင်ထောက်ပံ့သူဘိုးဘေးတို့သည် လုံမျိုးနွယ်၏ ကံတရားကို သိရှိထားကြသဖြင့် တိတ်ဆိတ်နေကြပြီး လုံချင်းကိုသာ စိုက်ကြည့်နေကြသည်။

ရဲချန်း လက်သီးကို တင်းတင်းဆုပ်ထားမိပြီး ဝမ်းနည်းကြေကွဲနေ၏။

စစ်ခုံရုံးက ဤမျှ လျင်မြန်စွာ ရောက်ရှိလာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

နှစ်ပေါင်းငါးရာဆိုသည်မှာ သေမျိုးများအတွက် ကြာရှည်သော်လည်း သူ့အတွက်မူ အဆင့်တက်ရန် မလုံလောက်သလို ဆရာ့ကို ကူညီရန်လည်း လုံလောက်ခြင်း မရှိချေ။

ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံထားသော ကြီးမားသည့် ဖိနှိပ်မှုအရှိန်အဝါကို ခံစားလိုက်ရုံဖြင့် ဤကံတရားတွင် သူ ဝင်ပါ၍ မရနိုင်ကြောင်း ရဲချန်း သိလိုက်သည်။

ဒါပေမဲ့...

ဆရာ ဘယ်လို ရင်ဆိုင်မှာလဲ...

ရဲချန်းသည် သူ၏ ကျင့်ကြံမှုအဆင့်က ဆရာ့ထက် များစွာ မသာလွန်ကြောင်း သိထားသော်လည်း ဆရာ၏ တည်ငြိမ်မှုက သူ့ကို မျှော်လင့်ချက်များ ပေးစွမ်းနေသည်။

All Chapters