အခန်း (၆၀၃-၆၀၄)
Vol. 49 Ch. 603-604
အခန်း ၆၀၃ သတ်ဖြတ်ခြင်းနတ်ဘုရားနှင့် ပိုမိုကြီးမားသော အကြောင်းနှင့်အကျိုး
လုံချင်း၏ နောက်မှ သွေးရောင်လွှမ်းသော ပုံရိပ်ကို ကြည့်ပြီး စစ်ခုံရုံးမှ လူတိုင်း တုန်လှုပ်သွားကြသည်။ ထိုပုံရိပ်၏ အရှိန်အဝါသည် အလွန်တရာ အစွမ်းထက်လှပြီး အထူးသဖြင့် ၎င်းကိုင်ဆောင်ထားသော လှံရှည်မှာ စကြဝဠာတစ်ခုလုံးကို ပြိုလဲသွားစေနိုင်လောက်သည့် အန္တရာယ်ရှိသော အငွေ့အသက်များကို ထုတ်လွှတ်နေသောကြောင့် ဖြစ်သည်။
မရေမတွက်နိုင်သော ဓမ္မရုပ်သွင်များအကြားတွင် ထိုသွေးရောင်ပုံရိပ်သည် တောင်ငယ်များကို ငုံ့ကြည့်နေသော ထိုက်တောင်သဖွယ် မတ်မတ်ရပ်နေသဖြင့် လုံချင်းကိုယ်တိုင်ပင် အံ့အားသင့်သွားရ၏။
လုံချင်း၏ စိတ်ထဲတွင် အသန်မာဆုံးမှာ ဧကရာဇ်လုံရှင်း ဖြစ်သင့်သည်။ သူသည် ဧကရာဇ်လုံရှင်း၏ ပုံရိပ်ဖြစ်သော ထိုဧရာမရုပ်သွင်ကို ဖော်ထုတ်နိုင်ခဲ့ပြီး ဖြစ်သည်။
သို့သော် ဧကရာဇ်လုံရှင်းသည် ဤသွေးရောင်ပုံရိပ်၏ ရှေ့တွင် အလွန် အားနည်းနေပုံ ပေါက်နေ၏။ ကောင်းကင်နဂါးကျင့်စဉ်ကို တတ်မြောက်ပြီးနောက် လုံချင်းသည် သူ၏ ဓမ္မရုပ်သွင်ကို ပေါ့ပေါ့ဆဆ မထုတ်ဖော်ရဲခဲ့ချေ။ အကြောင်းမှာ သူ၌ အခွင့်အရေး တစ်ကြိမ်သာ ရှိသောကြောင့် ဖြစ်သည်။ ဤသည်မှာ သွေးရောင်ပုံရိပ်နှင့် သူ၏ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။ တစ်နည်းနည်းဖြင့် သူသည် ဤပုံရိပ်၏ အမည်နာမကို သိရှိနေ၏။
"လုံမျဲ့"
လုံချင်းသည် ဤအမည်ကို ကြားဖူးသည်။ ဧကရာဇ်လုံရှင်း၏ မြေး၊ လုံကျွင်း၏ သား ဖြစ်သည်။
လုံမျဲ့သည် လုံမျိုးနွယ်တွင် ပါရမီအရှိဆုံး ဖြစ်သည်ဟု လုံကျွင်းက ကြွားဝါပြောဆိုသည်ကို သူ ကြားဖူးသော်လည်း ဧကရာဇ်လုံရှင်း၏ ပုံရိပ်ကို မြင်ပြီးနောက် ဧကရာဇ်လုံရှင်းကသာ အသန်မာဆုံးဖြစ်မည်ဟု သူ ယုံကြည်ခဲ့သည်။
ယနေ့တွင်မူ လုံမျိုးနွယ်၏ အသန်မာဆုံး ပုဂ္ဂိုလ်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ အမှန်တကယ် နားလည်လိုက်ပြီ ဖြစ်သည်။
လုံချင်း၏ အရေပြားများ အက်ကွဲလာပြီး သွေးများ အဆက်မပြတ် စီးကျလာ၏။ သူသည် လျင်မြန်စွာပင် သွေးလူသားတစ်ဦး အဖြစ် ပြောင်းလဲသွားသော်လည်း သူ၏ မျက်ဝန်းများမှာမူ အလွန် တောက်ပနေသည်။
လုံမျဲ့သည် သူ၏ ကိုယ်ပိုင်အစွမ်းဖြင့် စစ်ခုံရုံးမှ တန်ခိုးရှင်များစွာကို ရင်ဆိုင်နေရသည့် စစ်မြေပြင်ကို လွှမ်းမိုးထားနိုင်သော စွမ်းအားကို ပြသနေ၏။
အဝေးမှ ကျူး ကောင်းကင်အရှင်သည် လုံမျဲ့ကို ကြည့်ရင်း မျက်မှောင်ကြီးများ ကျုံ့ထားသည်။
မူလဘူတရွှေအမတ ဆယ်ပါးတောင် ဒီဓမ္မရုပ်သွင်ကို မဖျက်ဆီးနိုင်ဘူးတဲ့လား။
ဒီဓမ္မရုပ်သွင်ရဲ့ ဇစ်မြစ်က ဘာလဲ။
ကျင့်စဉ်အစွမ်းများ ထုတ်သုံးနေကြသော မူလဘူတရွှေအမတများမှာလည်း အလားတူပင် တုန်လှုပ်နေကြသည်။ သူတို့၏ စွမ်းအားသည် စကြဝဠာကို ဖျက်ဆီးနိုင်စွမ်း ရှိသော်လည်း ကောင်းကင်တာအိုကို မထိခိုက်စေရန် ထိန်းသိမ်း၍ သူတို့၏ ကျင့်စဉ်စွမ်းအားများကို စုစည်းကာ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ သို့သော် သူတို့ ပစ်မှတ်ထားသော ဖြစ်တည်မှုမှာ ပိုမိုပြင်းထန်သော သက်ရောက်မှုကို ခံစားရသင့်သည်။
သို့သော် လုံမျဲ့၏ ဓမ္မရုပ်သွင်က သူတို့၏ တိုက်ခိုက်မှုများကို လွယ်ကူစွာ ခုခံနေ၏။ သူတို့ မည်သို့ တည်ငြိမ်နိုင်ပါတော့မည်နည်း။
လုံချင်းသည် ညာဘက်လက်ကို မနည်းအားယူ၍ မြှောက်လိုက်ရာ ချက်ချင်းဆိုသလိုပင် လှံရှည်ကိုင်ဆောင်ထားသော လုံမျဲ့ဓမ္မရုပ်သွင်က ရှေ့သို့ တိုးဝင်သွားပြီး မူလဘူတရွှေအမတ အများအပြားကို ပြင်းထန်စွာ တွန်းလှန်လိုက်သဖြင့် လေလှိုင်းများ ဖြစ်ပေါ်လာကာ စစ်ခုံရုံး အလင်းလမ်းကြောင်းကြီးကို တုန်ခါသွားစေသည်။
ရုတ်ခြည်းဆိုသလိုပင် ဓမ္မရုပ်သွင်အားလုံးသည် မြားများကဲ့သို့ စစ်ခုံရုံး အလင်းလမ်းကြောင်းဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြသည်။
လုံချင်းသည် ကောင်းကင်နဂါးကျင့်စဉ်ကို ဆက်လက်အသုံးပြုနေပြီး ဓမ္မရုပ်သွင်များကို အဆက်မပြတ် ဖော်ထုတ်ကာ တိုက်ပွဲထဲသို့ ဝင်ရောက်စေလျက် ရှိရာ လုံမျဲ့ဓမ္မရုပ်သွင်ကမူ လုံချင်း၏ နောက်တွင် ဆက်လက်၍ ကာကွယ်ပေးနေသည်။
"အားလုံး... ဆုတ်ခွာကြ..."
တာအိုခုံရုံးမှ တန်ခိုးရှင်ကြီးတစ်ဦးက ကျယ်လောင်စွာ အမိန့်ပေးလိုက်ရာ ဦးဆောင်သူ ရှိသွားသဖြင့် တွန့်ဆုတ်နေသော အခြားကျင့်ကြံသူများသည်လည်း အဝေးမှ စောင့်ကြည့်ရန် လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။
လုံမျိုးနွယ်၏ ဓမ္မရုပ်သွင်များသည် စစ်တပ်ကြီးတစ်တပ်အလား စစ်ခုံရုံး အလင်းလမ်းကြောင်းပေါ်သို့ လျင်မြန်စွာ တက်ရောက်သွားကြပြီး စစ်ခုံရုံးမှ ကျင့်ကြံသူများလည်း တိုက်ပွဲထဲသို့ ပိုမိုများပြားစွာ ဝင်ရောက်လာကြသည်။
ဖန်းရွှမ်သည် ဓားကို ဆွဲထုတ်၍ တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်ပြီး သူ၏ အကြည့်များက သွေးရောင်လွှမ်းသော လုံမျဲ့၏ ပုံရိပ်ပေါ်တွင် စွဲမြဲနေကာ ရင်ထဲ၌ အံ့ဩမှင်သက်မှုများ ပြည့်နှက်နေ၏။
အချုပ်အနှောင်မဲ့အမတတစ်ပါးက ဒီလောက် အစွမ်းထက်တဲ့ ဖြစ်တည်မှုကို ဆင့်ခေါ်နိုင်တယ်တဲ့လား... ဒါက လုံမျိုးနွယ်ရဲ့ အစွမ်းလား။
စစ်ခုံရုံး၏ အထက်ပိုင်းလူကြီးများက လုံမျိုးနွယ်ကို ဘာကြောင့် အမြစ်ပြတ် သုတ်သင်ချင်နေကြသလဲဆိုသည်ကို ယခင်က သူ နားမလည်ခဲ့သော်လည်း ယခုအခါ သူ နားလည်သွားပြီ ဖြစ်သည်။
ဤကဲ့သို့သော ရန်သူမျိုးနှင့် ရင်ဆိုင်ရပါက အပြီးတိုင် ရှင်းလင်းပစ်ရန် လိုအပ်သည်မှာ အမှန်ပင်။ သို့သော် ထိန်းချုပ်မရသော အခြားအတွေးတစ်ခု သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။
ဒီအထက်ပိုင်းလူကြီးတွေက စစ်ခုံရုံးကို လုံမျိုးနွယ်ဆီကနေ ဘယ်လို လုယူခဲ့ကြတာလဲ။
ဖန်းရွှမ် အတွေးများ နစ်မြောနေစဉ် ဓားအလင်းတန်းတစ်ခု သူ၏ ခေါင်းပေါ်မှ ဖြတ်သန်းသွားပြီး အာကာသနှင့် ပြင်းထန်စွာ ရိုက်ခတ်ကာ လှံရှည်ကိုင်၍ ကာကွယ်နေဆဲဖြစ်သော လုံမျဲ့ဓမ္မရုပ်သွင်ကို ထိမှန်သွားသည်။
စွမ်းအားကြီးမားသော အင်အားနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုလှိုင်းများက အဝေးမှ ကြည့်ရှုနေကြသော ကောင်းကင်စိတ်ဝိညာဉ် ကျင့်ကြံသူများကို ဖုန်မှုန့်များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားစေသည်။ စစ်ခုံရုံးဘက်မှ ကျင့်ကြံသူများမှာမူ ကံတရားစွမ်းအား၏ ကာကွယ်မှုကြောင့် ဘေးအန္တရာယ်မှ ကင်းဝေးခဲ့ကြ၏။ အဝေးမှ ကြည့်လျှင် စွမ်းအင်အတားအဆီးတစ်ခုက စစ်ခုံရုံး အလင်းလမ်းကြောင်းကို လွှမ်းခြုံထားပြီး သက်ရောက်မှုအားလုံးကို ကာကွယ်ပေးထားသည်ကို တွေ့ရသည်။
သက်တမ်းတာအိုနယ်မြေ၊ ခြံဝင်းတစ်ခုအတွင်း၌ လူတိုင်းသည် ရတနာသွန်းလုပ်သည့် မီးဖိုထက်ပေါ်ရှိ မှန်ကို စူးစိုက်ကြည့်ရှုနေကြသည်။ လုံမျဲ့ဓမ္မရုပ်သွင်နှင့် ကျူး ကောင်းကင်အရှင်တို့၏ အားပြိုင်မှုကို ကြည့်ရင်း သူတို့၏ ရှေ့မှ ကြီးမားလှသော စွမ်းအားကြောင့် တိတ်တဆိတ် ကြောက်ရွံ့နေကြ၏။ ထိုစွမ်းအားများ၏ ရှေ့တွင် ရှိရှိသမျှသော သက်ရှိအားလုံးမှာ ပြောပလောက်စရာ မရှိအောင် သေးငယ်နေသကဲ့သို့ ခံစားရသည်။
ထို့အပြင် ကျူး ကောင်းကင်အရှင်၏ အရှိန်အဝါသည် ကောင်းကင်စိတ်ဝိညာဉ်မဟာကမ္ဘာအတွင်းထိပင် ရောက်ရှိလာနိုင်သည်။ သူတို့မှာ သက်တမ်းနယ်မြေ၏ ကာကွယ်မှုကြောင့် အဆင်ပြေနေသော်လည်း ပြင်ပပတ်ဝန်းကျင်မှာ တုန်ခါနေပြီး သေမျိုးများအတွက် ကပ်ဘေးတစ်ခု ဖြစ်နေ၏။
အန်ရှင်းသည် ကုအန်ကို မနေနိုင်ဘဲ လှမ်းကြည့်လိုက်ရာ သူမ၏ ဆရာသခင်က တိုက်ပွဲကို တည်ငြိမ်စွာ ကြည့်ရှုနေဆဲဖြစ်သည်ကို တွေ့ရသဖြင့် နားမလည်နိုင် ဖြစ်သွားသည်။
"ဆရာသခင်က ဘာလို့ လက်မပါသေးတာလဲ... ဒါက ဆရာ့ပုံစံ မဟုတ်ပါဘူး... ပြီးတော့ ဒီကပ်ဘေးက ချင်းအာဆီကနေ စတာလေ... ဆရာက ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး"
"ဆရာသခင်က တုံ့ပြန်ဖို့ အစီအစဉ် ရှိပြီးသားမို့လို့များလား... ဖြစ်နိုင်တယ်... ဆရာက အမြဲတမ်း ဒီလိုပဲ... ဂရုမစိုက်သလို ပြောတတ်ပေမယ့် နောက်ဆုံးကျရင် အမြဲတမ်း ဝင်ပါတတ်တာပဲဟာ..."
ထိုသို့ တွေးမိလိုက်သောအခါ အန်ရှင်း၏ စိတ်ထဲမှ ရှုပ်ထွေးမှုများ ပျောက်ကွယ်သွားပြီး စိတ်လှုပ်ရှားမှုဖြင့် အစားထိုးသွားသည်။
သူမ၏ နှလုံးသားထဲတွင် ဆရာသခင်သည် သက်ရှိအားလုံးကို ကာကွယ်ပေးတတ်သော မဟာကရုဏာရှင်တစ်ဦး ဖြစ်ကြောင်း သူမ အကြိမ်ကြိမ် မြင်တွေ့ခဲ့ဖူးသည်။
ဆရာသခင် ထွက်ခွာသွားချင်လျှင်ပင် သူ၏ အထောက်အထားကို ဖုံးကွယ်ပြီး ကမ္ဘာ၏ အခြားတစ်နေရာတွင် ပုန်းအောင်းနေလိမ့်မည်။ ၎င်းက ဆရာသခင်၏ နှလုံးသားထဲတွင် ဤမြေနှင့် သံယောဇဉ်ကို ဖြတ်တောက်နိုင်ခြင်း မရှိကြောင်း ပြသနေသည်။
ကုအန်သည် မှန်ထဲမှ ပုံရိပ်ကို စိုက်ကြည့်ရင်း လူအုပ်ကြီး၏ အတွေးများကို ကြားနေရသည်။ အထူးသဖြင့် အန်ရှင်း၏ အတွေးများကို ဖြစ်၏။
သူ စိတ်သက်သာရာ ရသလိုလို၊ ဘာလုပ်ရမှန်းမသိ ဖြစ်သလိုလို ခံစားလိုက်ရသည်။ အန်ရှင်းက သူ့ကို အမြဲယုံကြည်နေသဖြင့် စိတ်သက်သာရာ ရသော်လည်း အန်ရှင်း၏ စိတ်ထဲတွင် သူ၏ ပုံရိပ်မှာ ကြီးကျယ်လွန်းနေသဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်ရခြင်း ဖြစ်သည်။
ကုအန်တွင် ဖြေရှင်းရန် နည်းလမ်း အမှန်တကယ် ရှိပါသည်။
လုံမျိုးနွယ်၏ အငြိုးအတေးနှင့် ကံတရားမှ မြစ်ဖျားခံသော ဤကပ်ဘေးသည် ယခင် ကပ်ဘေးများနှင့် မတူညီချေ။ ဤသည်မှာ သူ၏ ဝင်စားခြင်းကိုယ်ခန္ဓာမှ စတင်ခဲ့သော လုံမိသားစု၏ ကပ်ဘေးဖြစ်ရာ သူက သဘာဝကျကျပင် ဖြေရှင်းပေးရမည် ဖြစ်သည်။
သို့သော် သူသည် ကုအန်အဖြစ် ဖြေရှင်းမည်မဟုတ်ဘဲ လုံကျန့်အဖြစ် ဖြေရှင်းမည် ဖြစ်သည်။ ဤကပ်ဘေးတွင် အပြစ်မဲ့သူများကို စတေးခံမည် မဟုတ်ပေ။ စစ်ခုံရုံးက ဆိုးသွမ်းလေလေ သူ၏ သတ်ဖြတ်လိုစိတ်ကို ပိုမို ဆွပေးလေလေ ဖြစ်သည်။
သူ၏ မျက်ဝန်းများတွင် ထူးဆန်းသော ခရမ်းရောင်သန်းသည့် ရွှေရောင်မီးတောက်များ တဖျပ်ဖျပ် လက်နေ၏။
"မင်း သူတို့နဲ့ ပူးပေါင်းလိုက်ပြီလား"
ကုအန်သည် မှန်ထဲရှိ လုံမျဲ့ဓမ္မရုပ်သွင်ကို စိုက်ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် တီးတိုးရေရွတ်လိုက်သည်။ လုံမျဲ့ဓမ္မရုပ်သွင်ထံမှ ကောင်းကင်တာအို၏ အရှိန်အဝါ ထွက်ပေါ်နေသည်ကို သူ ခံစားမိလိုက်၏။
ဤအရှိန်အဝါသည် ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားနှင့် ထာဝရကောင်းကင်နတ်ဘုရားတို့၏ အရှိန်အဝါနှင့် ဆင်တူသည်။
လုံမျဲ့က လုံမျိုးနွယ်၏ ကံတရားမှ လွတ်မြောက်နိုင်ခဲ့ခြင်းမှာ မဆန်းတော့ပေ။ ပိုမိုအားကောင်းသော စွမ်းအားတစ်ခုက သူ့ကို ကံတရားမှ ကာကွယ်ပေးထားခြင်း ဖြစ်သည်။ သို့သော် ဤတစ်ကြိမ်တွင် မတူညီတော့ချေ။ လုံချင်းသည် သွေးစည်းမှလာသော ကံတရားကို အသုံးပြုနေခြင်းဖြစ်ရာ လုံမျဲ့အနေဖြင့် သူ၏ ရုပ်ခန္ဓာကို မပြောင်းလဲသရွေ့ သွေးစည်းတွင် တွယ်ကပ်နေသော ကံတရားမှာ ရှိနေဦးမည် ဖြစ်သည်။
ကျူး ကောင်းကင်အရှင်သည် မူလဘူတရွှေအမတ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီး အခြားသော မူလဘူတရွှေအမတ ၁၆ ပါးနှင့် ပူးပေါင်းထားသော်လည်း ထူးဆန်းစွာပင် လုံမျဲ့ဓမ္မရုပ်သွင်ကို မအနိုင်ယူနိုင်သေးပေ။
လုံမျဲ့၏ အစစ်အမှန်ကိုယ်သည် လက်ရှိတွင် မည်သည့် ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိနေပြီလဲဆိုသည်ကို ကုအန် သိချင်နေမိသည်။
ထို့အပြင် ဤမူလဘူတရွှေအမတများတွင် စစ်ခုံရုံးနှင့် မတူညီသော ကံတရားအရှိန်အဝါမျိုး ရှိနေသည်ကို ကုအန် သတိပြုမိလိုက်၏။ သူတို့သည် စစ်ခုံရုံးမှ လာခြင်းဖြစ်သော်လည်း ပိုမိုပြင်းထန်သော အခြားအင်အားစုများ၏ ကံတရားကို သယ်ဆောင်ထားကြသည်။ ဆိုလိုသည်မှာ ဤမူလဘူတရွှေအမတများတွင် အခြားနောက်ခံများ ရှိနေခြင်း ဖြစ်သည်။
ဒီတိုက်ပွဲရဲ့ နောက်ကွယ်မှာ အခြား တွက်ချက်ကြံစည်မှုတွေ ရှိနေပုံပဲ...
ကုအန်သည် အမတဧကရာဇ် ပေါ်ထွက်လာမည့်အရေးကို မျှော်လင့်လာမိသည်။ ပိုမိုရှုပ်ထွေးသော ပြဿနာများထဲတွင် ပါဝင်ပတ်သက်ရမည်ကို ကုအန် သိပ်ပြီး ဂရုမစိုက်လှပေ။ ဤတိုက်ပွဲက သူ့ကို သက်တမ်း အမြောက်အမြား ရိတ်သိမ်းခွင့် ပေးမည်မှာ သေချာသလို အချိန်အတန်ကြာပြီးနောက် ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ချိုးဖျက်ဝင်ရောက်နိုင်ကောင်း ဝင်ရောက်နိုင်ပေလိမ့်မည်။
ကျယ်ပြောလှသော ကမ္ဘာမြေပြင်ပေါ်တွင် မရေမတွက်နိုင်သော သားရဲများသည် အချင်းချင်း သတ်ဖြတ်နေကြပြီး မြေကြီးများ ကွဲအက်ကာ သွေးများ မြစ်ချောင်းသဖွယ် စီးဆင်းနေပြီး အလောင်းများ ပုံတောင်နေ၏။
မြေပြင်ပေါ်တွင် တိုက်ပွဲများ ပြင်းထန်နေသော်လည်း ကောင်းကင်ယံမှာမူ ထူးကဲစွာ တောက်ပနေပြီး တိမ်တိုက်များ ထပ်နေသဖြင့် ကောင်းကင်ယံကို ပိုမို ကျယ်ပြန့်နေသကဲ့သို့ ဖြစ်စေသည်။
သွေးရောင်သံချပ်ကာ ဝတ်ဆင်ထားသော မြင့်မားသည့် ပုံရိပ်တစ်ခုသည် တိမ်တိုက်များကြားတွင် မာန်ဝံ့စွာ ရပ်နေ၏။ သူ၏ လက်များကို သဘာဝအတိုင်း ချထားပြီး ပခုံးသံချပ်ကာမှာ နဂါးပုံသဏ္ဌာန် ရှိသည်။ သူ၏ ဆံပင်ဖြူများမှာ လေထဲတွင် လွင့်မျောနေပြီး နဖူးပေါ်တွင် သွေးရောင်ပန်းပွင့် အမှတ်အသားတစ်ခု ပါရှိသည်။ သူ၏ မျက်နှာမှာ ချောမောသော်လည်း မျက်ဝန်းများမှာ အလွန် အေးစက်နေ၏။
သူသည် အောက်ဘက်ရှိ သတ်ဖြတ်မှုများကို ငုံ့ကြည့်နေပြီး မျက်နှာအမူအရာ ပြောင်းလဲခြင်း မရှိသော်လည်း ကောင်းကင်နဂါးကျင့်စဉ်ကို အသုံးပြုနေသော လုံချင်း၏ ပုံရိပ်မှာ သူ၏ မျက်ဝန်းထဲတွင် တဖျပ်ဖျပ် လက်နေသည်။
သူ၏ ပုံသဏ္ဌာန်သည် လုံမျဲ့ဓမ္မရုပ်သွင်နှင့် ထပ်တူပင် ဖြစ်သည်။ သူ၏ ဘေးတွင် လှံရှည်တစ်ချောင်း ထောင်ထားပြီး လှံတံကို သွေးရောင်ကြေးခွံများ ဖုံးလွှမ်းထားကာ လှံသွားမှာ နဂါးအစစ်၏ လက်သည်းကဲ့သို့ ရှိပြီး ထိပ်ဖျားမှ အေးစက်သော အလင်းရောင်များ ထွက်ပေါ်နေသည်။
ပုံရိပ်တစ်ခု ခုန်တက်လာပြီး သူ၏ ဘေးတွင် ရပ်လိုက်သည်။ ထိုသူမှာ အနီရောင် ဗူးသီးခြောက်ပေါ်တွင် ရပ်နေသော ဝတ်ရုံစိမ်း တာအိုဆရာ ဖြစ်သည်။ သူသည် အမတတစ်ပါး၏ ဟန်ပန်ရှိပြီး မထီမဲ့မြင် ပြုံးနေသော အပြုံးတစ်ခုကို ဆင်မြန်းထား၏။
"သတ်ဖြတ်ခြင်းနတ်ဘုရား... တစ်ယောက်ယောက်က မင်းရဲ့စွမ်းအားကို သုံးနေပြန်ပြီလား... မင်း သူတို့ကို ဘယ်လောက်ကြာကြာ ကာကွယ်ပေးမှာလဲ..." ဝတ်ရုံစိမ်း တာအိုဆရာက စနောက်သော လေသံဖြင့် မေးလိုက်သည်။
သတ်ဖြတ်ခြင်းနတ်ဘုရား၏ အမူအရာမှာ အေးစက်နေဆဲဖြစ်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"သုံးနေတယ်လို့ ပြောလို့မရပါဘူး... အဲဒါ သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းပါ..."
ဝတ်ရုံစိမ်း တာအိုဆရာက လက်ကို မြှောက်၍ ရှေ့တွင် စက်ဝိုင်းတစ်ခု ဝိုင်းလိုက်ရာ ကောင်းကင်စိတ်ဝိညာဉ်မဟာကမ္ဘာ၏ အပြင်ဘက်ရှိ တိုက်ပွဲကို ထင်ဟပ်ပြသနေသော ပုံရိပ်ယောင်တစ်ခု ပေါ်လာသည်။
လုံမျဲ့ဓမ္မရုပ်သွင်မှာ အလွန် ထင်ရှားပေါ်လွင်နေ၏။ ၎င်း၏ ခြေရင်းတွင် ပြင်းထန်သော အလင်းရောင်များက လုံချင်း၏ ဘေးပတ်လည်တွင် စုစည်းနေပြီး လုံချင်းသည် ဓမ္မရုပ်သွင်ကို အဆက်မပြတ် ခိုင်မာအောင် ပြုလုပ်နေသည်။
ဆက်တိုက်ထွက်ပေါ်နေသော ဓမ္မရုပ်သွင်များသည် စစ်ခုံရုံး အလင်းလမ်းကြောင်းကို ဝင်ရောက်တိုက်ခိုက်နေကြပြီး ကျူး ကောင်းကင်အရှင်သည် အထက်မှ ဆင်းသက်လာကာ လုံမျဲ့ဓမ္မရုပ်သွင်ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေသည်။
မူလဘူတရွှေအမတ ၁၆ ပါးသည် လုံမျဲ့ဓမ္မရုပ်သွင်ကို ဝိုင်းရံထားပြီး နတ်ဘုရားစွမ်းရည်များနှင့် ဂါထာမန္တန်များကို အဆုံးအစမရှိ ထုတ်ဖော်နေကြသဖြင့် စကြဝဠာတစ်ခုလုံး တုန်ခါနေ၏။
စကြဝဠာ၏ အစွန်းဘက်များတွင် တွန့်လိမ်နေသော သက်တံ့ရောင်စဉ်များ ပေါ်ထွက်နေပြီး တုန်ခါမှုများမှာ မဟာတာအိုထံမှ လာခြင်းဖြစ်သည်။
"အချုပ်အနှောင်မဲ့အမတတစ်ပါးကို တိုက်ခိုက်ဖို့ ဒီလောက်များတဲ့ မူလဘူတရွှေအမတတွေ သုံးထားတာ... တော်တော် ဖြုန်းတီးတာပဲ... မင်းရဲ့စွမ်းအားသာ မပါရင် ဒီကောင် သေတာ ကြာလှပြီ... ဒါကို သူ့ရဲ့ အရည်အချင်းလို့ ခေါ်လို့ရသေးလား..." ဝတ်ရုံစိမ်း တာအိုဆရာက တစ်ဝက်ပြုံး တစ်ဝက်မဲ့ဖြင့် မေးလိုက်သည်။
သတ်ဖြတ်ခြင်းနတ်ဘုရားသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ ပြောလိုက်၏။
"ဒါက ငါ့အဘိုး ဖန်တီးခဲ့တဲ့ ကောင်းကင်နဂါးကျင့်စဉ်လို့ခေါ်တဲ့ နတ်ဘုရားစွမ်းရည်တစ်ခုပဲ... သွေးစည်းကံတရား ရှိသူအားလုံးကို သွေးစည်းကနေတစ်ဆင့် စုစည်းပြီး သူတို့ကိုယ်စား တိုက်ခိုက်ပေးမယ့် ဓမ္မရုပ်သွင်တွေ ဖွဲ့စည်းခွင့်ပြုတာ... ဒီကလေးက ဒီလောက်များတဲ့ ဓမ္မရုပ်သွင်တွေကို ဆင့်ခေါ်ထားတာဆိုတော့ သူ့ရဲ့ သက်တမ်း ကုန်ခမ်းတော့မှာ... ဒါ သူ့ရဲ့ နောက်ဆုံးတိုက်ပွဲပဲ..."
"နောက်ဆုံးတိုက်ပွဲ ဟုတ်လား... ငါ မထင်ပါဘူး... မင်း အမြဲတမ်း ဒီလိုပြောပြီး နောက်ဆုံးကျရင် ဝင်ပါတာချည်းပဲ... မင်းသာ ဝင်မပါရင် လုံမျိုးနွယ် ပျက်စီးသွားတာ ကြာလှပြီ..." ဝတ်ရုံစိမ်း တာအိုဆရာက ခေါင်းခါလိုက်သည်။
ထိုစကားကို သတ်ဖြတ်ခြင်းနတ်ဘုရား ပြန်မပြောချေ။
ဝတ်ရုံစိမ်း တာအိုဆရာက ဆက်ပြောလိုက်၏။
"မင်း အဆင့်ချိုးဖျက်ပြီး ပိုမြင့်တဲ့ အဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ပါဘူး... မင်းရဲ့ အမတရာထူး တိုးမြှင့်ခံရနိုင်တယ်... တကယ်လို့ မဟာကမ္ဘာသုံးထောင်ဆီ ပြန်ပြောင်းရွှေ့ခံရရင် မင်းရဲ့ မျိုးဆက်တွေကို ကာကွယ်ပေးနိုင်မှာပါ..."
ကျူး ကောင်းကင်အရှင်၏ ပုံရိပ်သည် သတ်ဖြတ်ခြင်းနတ်ဘုရား၏ မျက်လုံးထဲတွင် တောက်ပနေ၏။ သူ၏ အကြည့်များမှာ အလွန် အေးစက်နေပြီး ကောင်းကင်နဂါး ဓမ္မရုပ်သွင်များကို အဆက်မပြတ် ဖျက်ဆီးကာ သူ၏ ဓမ္မရုပ်သွင်ထံသို့ ချဉ်းကပ်လာသော ကျူး ကောင်းကင်အရှင်ကို ကြည့်နေသည်။
"ဒီတစ်ကြိမ်တော့ ကံတရားကနေ လွတ်မြောက်ဖို့ ခက်ခဲလိမ့်မယ်... ပိုပြီး အစွမ်းထက်တဲ့ ဖြစ်တည်မှုတွေ ချဉ်းကပ်လာနေပြီ..." သတ်ဖြတ်ခြင်းနတ်ဘုရားက လေးနက်စွာ ပြောလိုက်ပြီး ခေတ္တရပ်ကာ ဆက်ပြောလိုက်၏။
"ကိစ္စမရှိပါဘူး... ငါရှိနေသရွေ့ သွေးစည်းက ဆက်လက် တည်ရှိနေမှာပါ... ငါ ပြန်ရောက်ရင် ဒီလူတွေကို မဟာတာအိုရဲ့ နာကျင်စရာအကောင်းဆုံး ပြစ်ဒဏ်ကို ခံစားစေရမယ်"
အခန်း ၆၀၄ ဘိုးဘေးနဂါး စစ်ပွဲနှင့် စကြဝဠာကို ပိုင်းဖြတ်သော ဓား
တောက်ပသော အလင်းရောင်များ အဆက်မပြတ် လက်နေသည့် စကြဝဠာ ဟင်းလင်းပြင်ထဲတွင် လုံမျဲ့ဓမ္မရုပ်သွင်သည် လက်ထဲမှ လှံရိပ်ကို ဝှေ့ယမ်းကာ အရပ်မျက်နှာအနှံ့မှ ရောက်ရှိလာသော နတ်ဘုရားစွမ်းရည် တိုက်ခိုက်မှုများကို ပိတ်ဆို့နေပြီး တားဆီး၍မရနိုင်သော အရှိန်အဝါကို ထုတ်ဖော်နေသည်။
ပိုမိုများပြားသော စစ်ခုံရုံး တန်ခိုးရှင်များသည် ဘေးပတ်လည်မှ တိုက်ခိုက်မှုတွင် ပါဝင်လာကြပြီး နေရာအနှံ့ ဖြန့်ကျက်ကာ ခမ်းနားသော အရှိန်အဟုန်ဖြင့် စစ်ခင်းကျင်းလာကြ၏။
လုံမျဲ့ဓမ္မရုပ်သွင်၏ ခေါင်းပေါ်တွင် အလင်းတိမ်တိုက်များ လှိမ့်ဝင်နေပြီး နဂါးနှင့် ဖီးနစ်ပုံရိပ်များ ယှက်နွှယ်နေကာ အခြားသော တောက်ပသည့် ကောင်းကင်နှင့်မြေကြီးတစ်ခု ဆင်းသက်လာသကဲ့သို့ ဖြစ်နေသည်။
တိုက်ပွဲတွင် ပါဝင်လာသော စစ်ခုံရုံး တန်ခိုးရှင် အရေအတွက် များပြားလာသည်နှင့်အမျှ တိုက်ပွဲ၏ နောက်ဆက်တွဲ ဂယက်များမှာလည်း လျင်မြန်စွာ ပြင်းထန်လာပြီး တွင်းနက်များ အဆက်မပြတ် ပျက်စီးနေသဖြင့် ကောင်းကင်စိတ်ဝိညာဉ် ကျင့်ကြံသူများသည် တွင်းနက်များထဲသို့ ပြန်လည်ထွက်ပြေးရခြင်း သို့မဟုတ် အမြန်ဆုံး ဆုတ်ခွာရခြင်းများ ပြုလုပ်နေရသည်။
ထွက်ပြေးနေသော ကျင့်ကြံသူများသည် နောက်လှည့်ကြည့်ကြရာ သူတို့၏ မျက်နှာပေါ်မှ ထိတ်လန့်မှုကို ဖုံးကွယ်၍ မရနိုင်ကြပေ။
"လုံချင်းလို့ခေါ်တဲ့ အဲဒီလူက ဘယ်သူလဲ... သူ့ရဲ့ ကျင့်ကြံမှုအဆင့် အရှိန်အဝါက အချုပ်အနှောင်မဲ့အမတ အဆင့်ပဲ ရှိတာပါ..."
"ငါ တစ်ခါမှ မကြားဖူးဘူး... ဒါပေမဲ့ သူ သုံးနေတဲ့ နတ်ဘုရားစွမ်းရည်တွေက သိပ်ကြောက်ဖို့ကောင်းတယ်... အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ အများကြီးကို စိန်ခေါ်နိုင်တာ မဆန်းပါဘူး..."
"ဒါဆို ချီစုပ်ယူပြီး ကျင့်ကြံတာအပြင် နတ်ဘုရားစွမ်းရည်တွေကို ကျင့်ကြံရင်လည်း အောင်မြင်နိုင်တာပဲ"
"အဲဒီလူတွေက လုံချင်းဆိုတဲ့လူကို ပစ်မှတ်ထားနေကြတာဆိုတော့ ငါတို့ ဝင်မပါသင့်တာ အမှန်ပဲ..."
"ဒီနေ့ တိုက်ပွဲက ငါတို့ရဲ့ မျက်စိကို တကယ် ဖွင့်ပေးလိုက်တာပဲ... မဟာကမ္ဘာထဲမှာ ငါတို့က ဗိုလ်ကျစိုးမိုးနေကြပေမယ့် ပြင်ပကောင်းကင်မှာ ငါတို့ထက် သန်မာတဲ့ ဖြစ်တည်မှုတွေ အများကြီး ရှိနေတာပဲ..."
ကောင်းကင်စိတ်ဝိညာဉ် ကျင့်ကြံသူများသည် ထွက်ပြေးရင်း ဆွေးနွေးနေကြသည်။ ယနေ့တိုက်ပွဲကြောင့် လုံချင်းဆိုသော အမည်နာမကို သူတို့ ဘယ်တော့မှ မေ့ပျောက်နိုင်တော့မည် မဟုတ်ချေ။
အခြားတစ်ဖက်တွင် ကျူး ကောင်းကင်အရှင်သည် မူလဘူတရွှေအမတများ ဝိုင်းရံထားသော စက်ဝိုင်းရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ဝတ်ရုံလက်ထဲမှ ရွှေကျည်ပွေ့တစ်ခုကို ထုတ်ယူလိုက်ရာ ၎င်းမှာ ရွှေရောင်သံကြိုးကိုးချောင်းနှင့် ဆက်သွယ်ထားပြီး အောက်ခြေတွင် ငွေပြာရောင် ကျောက်မျက်ရတနာတစ်ခု မြှုပ်နှံထားသည်။ ၎င်း လှုပ်ခါလိုက်သည်နှင့် ထူးဆန်းသော မဟာတာအိုစွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး စကြဝဠာထဲရှိ သက်ရှိအားလုံးကို မူးဝေသွားစေသည်။
လုံချင်းသည် ကောင်းကင်နဂါးကျင့်စဉ်ကို အသုံးပြုသော လက်အနေအထားကို ဆက်လက်ထိန်းသိမ်းထားသည်။ သူ၏ ခန္ဓာကိုယ်မှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး တံတောင်ဆစ်နှင့် ပခုံးတို့တွင် ဖြူဖွေးသော အရိုးများကို ဝိုးတဝါး မြင်နေရ၏။
ကျူး ကောင်းကင်အရှင်၏ လက်ထဲမှ ရွှေကျည်ပွေ့ကို စိုက်ကြည့်ရင်း လုံချင်းသည် ပြင်းထန်သော ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။ အခြားသော ဓမ္မရုပ်သွင်များက စစ်ခုံရုံး အလင်းလမ်းကြောင်းကို မလှုပ်ခါနိုင်သည်ကို တွေ့ရသဖြင့် သူ စိတ်ပျက်အားငယ်သွားမိသည်။
"ငါ အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီ... အစွမ်းအထက်ဆုံး ဘိုးဘေးတွေကိုတောင် ဆင့်ခေါ်ခဲ့ပြီးပြီ... ဘာလို့ သူတို့ကို မနိုင်သေးတာလဲ..."
လုံချင်း ဇဝေဇဝါ ဖြစ်သွားသည်။ တိုက်ပွဲမစမီက သူသည် ယုံကြည်မှုအပြည့်ရှိပြီး သေမင်းကို ရင်ဆိုင်ရန် ဆုံးဖြတ်ထားခဲ့သည်။
သို့သော် စစ်ခုံရုံးကို လက်တွေ့ ရင်ဆိုင်ရသောအခါမှသာ သူ၏ မျိုးနွယ်စု ဘာကြောင့် ဤကဲ့သို့သော ကံကြမ္မာနှင့် ကြုံတွေ့ရသလဲဆိုသည်ကို သူ နားလည်သွားခဲ့၏။
လုံထန်၊ လုံယာနှင့် အခြားသော မျိုးဆက်များကို တွေးမိလိုက်သည်နှင့် သူသည် မကြုံစဖူး ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
သူသည် မျိုးဆက်များနှင့် ဆက်နွယ်မှုကို ဖြတ်တောက်ရန် အခွင့်အရေး မရခဲ့သေးချေ။ အကယ်၍ သူသေဆုံးပါက သူတို့လည်း သေဆုံးရပေလိမည်။
ကောင်းကင်စိတ်ဝိညာဉ်မဟာကမ္ဘာတစ်ခုလုံးပင် ပျက်စီးသွားနိုင်သည်။ လုံချင်း၏ မျက်လုံးများတွင် အမုန်းတရားများ ပြည့်နှက်လာသည်။ ထိုကဲ့သို့သော အဖြစ်မျိုး အဖြစ်ခံမည် မဟုတ်ပေ။
"စစ်ခုံရုံး..."
လုံချင်း အံကြိတ်၍ တိုးညှင်းစွာ ဟိန်းဟောက်လိုက်သည်။ သူ၏ သွေးစွမ်းအင်များ ဆူပွက်လာပြီး လုံမျဲ့ဓမ္မရုပ်သွင်၏ အရှိန်အဝါ ရုတ်တရက် မြင့်တက်လာ၏။
ကျူး ကောင်းကင်အရှင်သည် သူ၏ ပုံမှန်မဟုတ်သော အခြေအနေကို သတိပြုမိသဖြင့် လက်ထဲမှ ရွှေကျည်ပွေ့ကို ချက်ချင်း လွှဲရိုက်လိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခုနှင့်အတူ ပူပြင်းသော အပူလှိုင်းတစ်ခုက လုံချင်းနှင့် ဓမ္မရုပ်သွင်များကို လွှမ်းခြုံသွားသည်။
တစ်ခဏအတွင်း မရေမတွက်နိုင်သော ဓမ္မရုပ်သွင်များ ဆက်တိုက် ပျက်စီးသွားပြီး လုံချင်းမှာ အရိုးစုသာ ကျန်ရစ်ကာ သူ၏ ဝိညာဉ်ခန္ဓာကိုယ်လည်း ပေါ်ထွက်လာသည်။
လုံမျဲ့ဓမ္မရုပ်သွင်သည် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး အပြည့်အဝ ခုခံကာကွယ်သည့် အနေအထားသို့ ပြောင်းလဲလိုက်၏။
အစီအရင်၏ အပြင်ဘက်တွင် စစ်ခုံရုံး ကျင့်ကြံသူအားလုံး ဤမြင်ကွင်းကို ကြည့်ရှုနေကြပြီး သူတို့၏ မျက်နှာများတွင် ရူးသွပ်သော စိတ်လှုပ်ရှားမှုများ ပေါ်နေသည်။
ဖန်းရွှမ်သည်လည်း ထိုနည်းတူပင် ရွှေကျည်ပွေ့ကို စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများ ပူလောင်နေသည်။ ၎င်းမှာ စစ်နတ်ဘုရား ရွှေကျည်ပွေ့ဟု ခေါ်သော စစ်ခုံရုံး၏ ရတနာဖြစ်ပြီး စစ်ခုံရုံး ကျင့်ကြံသူတိုင်း လိုချင်တပ်မက်သော ရတနာဖြစ်လေသည်။
စစ်နတ်ဘုရား ရွှေကျည်ပွေ့သည် စကြဝဠာတစ်ခုလုံးကို တောက်ပသွားစေပြီး ကြယ်များ လျင်မြန်စွာ လောင်ကျွမ်းသွားကာ တာအိုဝိညာဉ်ချီများမှာ ပူပြင်းသော မြူခိုးများအဖြစ် လောင်ကျွမ်းသွားသည်။ ဤရွှေရောင်အလင်းသည် အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်စွမ်း ရှိပုံရ၏။
လုံမျဲ့ဓမ္မရုပ်သွင်သည် လက်မောင်းကို လှုပ်ခါလိုက်ရာ လက်ထဲမှ လှံရိပ်သည် ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး သွေးနဂါးကောင်ရေ ထောင်ပေါင်းများစွာအဖြစ် ပြောင်းလဲကာ ကြီးမားသော ရွှေရောင်အလင်းကို ဖြိုခွင်းလျက် ကျူး ကောင်းကင်အရှင်ကို ဦးစွာ ဝင်ရောက်တိုက်ခိုက်လိုက်သည်။
ကျူး ကောင်းကင်အရှင်၏ မျက်လုံးများ အေးစက်သွားပြီး ခုန်တက်လိုက်ကာ စစ်နတ်ဘုရား ရွှေကျည်ပွေ့ကို မြင့်မားစွာ မြှောက်၍ လုံမျဲ့ဓမ္မရုပ်သွင်ထံသို့ ရိုက်ချလိုက်သည်။ သူ၏ ပုံရိပ်မှာ လုံမျဲ့ဓမ္မရုပ်သွင်ထက် မငယ်သည့်အပြင် မြင့်မားသော နေရာမှ ရှိနေခြင်းက သူ့ကို မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ပေးစွမ်းနေသည်။
လုံမျဲ့ဓမ္မရုပ်သွင်၏ ပုံရိပ်သည် ကောင်းကင်စိတ်ဝိညာဉ်မဟာကမ္ဘာ၏ ကောင်းကင်ယံတွင် ထင်ဟပ်နေပြီး ကျူး ကောင်းကင်အရှင်က လုံမျဲ့ဓမ္မရုပ်သွင်၏ ခေါင်းပေါ်သို့ ခုန်တက်လိုက်သောအခါ သူ၏ ပုံရိပ်ကိုလည်း ကောင်းကင်စိတ်ဝိညာဉ်မဟာကမ္ဘာမှ သက်ရှိများ မြင်တွေ့လိုက်ရသည်။
ဤမြင်ကွင်းသည် သက်ရှိအားလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။ မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့၏ မျက်ခွံများ တရစပ် လှုပ်ခါသွားကြ၏။
ဘုန်း
လုံမျဲ့ဓမ္မရုပ်သွင်သည် လှံကို မြှောက်၍ ထိုးစိုက်လိုက်ရာ အထက်ရှိ အလင်းတိမ်တိုက် တိုက်ရိုက် ကွဲလွင့်သွားသည်။ ကြီးမားသော မှော်စွမ်းအားသည် သွေးလေနီကြမ်းကို သယ်ဆောင်လျက် အထက်သို့ တက်သွားပြီး စကြဝဠာ၏ အထွတ်အထိပ်ကို ထိုးဖောက်တော့မည့်အလား ရှိနေသည်။ ကျူး ကောင်းကင်အရှင်သည် စစ်နတ်ဘုရား ရွှေကျည်ပွေ့ကို ကိုင်၍ သွေးလေနီကြမ်းကို ပိတ်ဆို့လိုက်၏။
သို့သော် ခဏမျှသာ ကြာသည်။ ကျူး ကောင်းကင်အရှင်သည် ရုတ်တရက် ပြင်းထန်သော တိုက်ခိုက်မှု မုန်တိုင်းတစ်ခုကို ဖောက်ခွဲလိုက်ပြီး စစ်နတ်ဘုရား ရွှေကျည်ပွေ့ကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်ရာ လုံမျဲ့ဓမ္မရုပ်သွင်ကလည်း လက်ထဲမှ လှံရိပ်ကို အလားတူ ပြန်လည်ဝှေ့ယမ်းလိုက်သည်။
မရေမတွက်နိုင်သော ပုံရိပ်ယောင်များ ပေါက်ကွဲထွက်လာပြီး ကမ္ဘာနှစ်ခု တိုက်မိသကဲ့သို့ ဖြစ်သွား၏။ မြေကြီးနှင့် တောင်များ ပြိုကွဲကာ သမုဒ္ဒရာများ ပျက်စီးပြီး ကောင်းကင်သားရဲများ ဟိန်းဟောက်လျက် တစ်ကောင်နှင့်တစ်ကောင် တိုးဝင်တိုက်ခိုက်ကြကာ နှစ်ဖက်စလုံး ပုံရိပ်ယောင်အဖြစ် ပျောက်ကွယ်သွားကြသည်။
အမျိုးမျိုးသော စိတ်ကူးယဉ်ဆန်သည့် မြင်ကွင်းများ ပေါ်ထွက်လာပြီး ကြည့်ရှုသူများကို မျက်စိကျိန်းစေ၏။
ဤသည်မှာ တာအိုအသီးကမ္ဘာနှစ်ခု၏ တိုက်ပွဲ၊ တာအိုချင်း ထိပ်တိုက်တွေ့ဆုံမှု ဖြစ်သည်။ တာအိုသည် အရာအားလုံးကို မွေးဖွားပေးသဖြင့် သူတို့၏ လှုပ်ရှားမှုတိုင်းတွင် ပြောင်းလဲမှုပေါင်းများစွာ ပါဝင်နေ၏။ စောင့်ကြည့်နေကြသော စစ်ခုံရုံး ကျင့်ကြံသူများလည်း အလားတူပင် အံ့အားသင့်နေကြပြီး အနားမကပ်နိုင်ဘဲ အပြင်ဘက်မှ အစီအရင်ကို မနည်းထိန်းသိမ်းထားကြရသည်။
လုံမျဲ့ဓမ္မရုပ်သွင်၏ အောက်တွင် အရိုးစု၌ ဝိညာဉ်သာ တွယ်ကပ်ကျန်ရှိတော့သော လုံချင်းသည် သူ၏ စိတ်ဆန္ဒကို ထိန်းထားဆဲပင်။
သူသည် ဘေးပတ်လည်ရှိ အရာများကို ရှင်းလင်းစွာ မမြင်ရတော့ချေ။ သူ၏ မျက်လုံးထဲတွင် အရာအားလုံး တုန်ခါနေပြီး အမြင်အာရုံများ ပို၍ ပို၍ ဝေဝါးလာသည်။ သူသည် သားသမီးများကို တွေးရန် ကြိုးစားသော်လည်း သူ၏ စိတ်ဆန္ဒကို မကြုံစဖူး လေးလံမှုတစ်ခုက ဆွဲချနေ၏။
သူ စိတ်ပျက်အားငယ်တော့မည့်ဆဲဆဲတွင် ပုံရိပ်တစ်ခုကို ဗမသိစိတ်အရ သတိရလိုက်မိသည်။
"ဆရာသခင်..."
တိမ်ပင်လယ်အထက်တွင် သတ်ဖြတ်ခြင်းနတ်ဘုရားနှင့် ဝတ်ရုံစိမ်း တာအိုဆရာတို့သည် ပုံရိပ်ယောင်ထဲမှ တိုက်ပွဲကို ကြည့်ရှုနေဆဲပင်။ ဝတ်ရုံစိမ်း တာအိုဆရာက အံ့ဩစွာဖြင့် လျှာကို တောက်ခေါက်လိုက်သည်။
"သူ လက်လျှော့တော့မယ်... မင်းရဲ့ ဓမ္မရုပ်သွင် ပျောက်ကွယ်တော့မယ်..."
သူ၏ အကြည့်ရာလမ်းကြောင်းအတိုင်း ပုံရိပ်ယောင်ထဲရှိ လုံမျဲ့ဓမ္မရုပ်သွင်သည် တိုက်ခိုက်မှုကို ထိန်းသိမ်းထားဆဲ ဖြစ်သော်လည်း ကိုယ်ပေါ်ရှိ သွေးရောင်အလင်းမှာ မှေးမှိန်လာနေပြီ ဖြစ်သည်။