← Chapters

အခန်း (၆၁၁-၆၁၂)

Vol. 49 Ch. 611-612

အခန်း (၆၁၁-၆၁၂)

Vol. 49 Ch. 611-612

အခန်း ၆၁၁ အတုမရှိသော ရွှေခေတ်ကာလ

ကုအန်က အဆင့်တက်ပြီးနောက် ချက်ချင်း ထွက်မသွားဘဲ သက်တမ်းအတားအဆီးအတွင်း ရပ်လျက် ချောက်နက် တာအိုပင်လယ်ကို စတင် လေ့လာဆင်ခြင်လိုက်၏။

ကောင်းကင်ဖွင့် တာလော့အမတအဆင့်သို့ ရောက်ရှိသွားပြီးနောက် ကုအန်၏ မျက်လုံးထဲတွင် ချောက်နက် တာအိုပင်လယ်မှာ ယခင်ကထက် ပိုမို ရှင်းလင်းလာခဲ့သည်။

ချောက်နက် တာအိုပင်လယ်အတွင်းရှိ ကမ္ဘာများနှင့် သက်ရှိအရေအတွက်မှာ ကောင်းကင်စိတ်ဝိညာဉ် မဟာကမ္ဘာ တည်ရှိရာ စကြဝဠာထက် ဆယ်ဆမက ပိုမို များပြားလှ၏။

ပိုမို အားကောင်းသော တာအိုစည်းမျဉ်းများ၊ ပိုမိုများပြားသော ဖန်ဆင်းခြင်း အခွင့်အလမ်းများက ပိုမို ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုများကို မွေးဖွားပေးရန် လုံလောက်ပေသည်။

ကုအန်သည် ကောင်းကင်ဖွင့် တာလော့အမတတစ်ပါးအဖြစ် အခြားသော တာလော့အမတ သုံးပါးကို ရှာဖွေတွေ့ရှိခဲ့ရာ တစ်ပါးမှာ ချောက်နက် ဧကရာဇ်မြို့တော်တွင် နေထိုင်ပြီး ကျန်နှစ်ပါးမှာမူ အမှောင်ထုထဲတွင် ပုန်းအောင်းနေကြသည်။

လွတ်လပ်သော အသိစိတ်ရှိသည့် နေရာတိုင်းတွင် ပဋိပက္ခများမှာ ရှောင်လွှဲ၍ မရနိုင်ချေ။ ထိုကောင်းကင်ဖွင့် တာလော့အမတ သုံးပါးမှာလည်း တညီတညွတ်တည်း ရှိမနေကြဘဲ သူတို့၏ ကံတရားများမှာ တစ်ဦးနှင့်တစ်ဦး အဟန့်အတား ဖြစ်နေကြသဖြင့် ချောက်နက် တာအိုပင်လယ်၏ ဗဟိုဒေသကို သုံးပိုင်း ပိုင်းခြားထားကြ၏။

ချောက်နက် တာအိုပင်လယ်အတွင်းရှိ အင်အားစုများကို လေ့လာခြင်းအပြင် ကုအန်သည် ဤနေရာရှိ ဖန်ဆင်းမှုများကိုလည်း စိတ်ဝင်စားနေမိသည်။

ထိုနေရာတွင် ထူးဆန်းသော လူမျိုးနွယ်စုများစွာ နေထိုင်ကြရာ အချို့မှာ သာမန်မျက်စိဖြင့် မမြင်နိုင်ဘဲ တာအိုအတွင်း၌သာ တည်ရှိနေကြပြီး အချို့မှာမူ မရေမတွက်နိုင်သော ဥက္ကာခဲများ စုစည်းမှုမှ ဖြစ်ပေါ်လာသော သက်ရှိများဖြစ်ကာ ပုံသဏ္ဌာန်မှာ အမြဲ ပြောင်းလဲနေတတ်သည်။

ထူးဆန်းအံ့သြဖွယ်ကောင်းသော ဖြစ်ရပ်ဆန်းများစွာမှာ ကုအန်၏ နှလုံးသားမျက်လုံးကို လာရောက် ရိုက်ခတ်နေ၏။

အရာသစ်များကို မြင်တွေ့ရခြင်းက ကုအန်ကို တာအိုအပေါ် နားလည်မှု ပိုမို နက်ရှိုင်းစေခဲ့သည်။

ကောင်းကင်ဖွင့် တာလော့အမတတစ်ပါးအနေနှင့် သူ၏ ကျင့်စဉ်စွမ်းအား အနှစ်သာရမှာ ရွှေအမတအဆင့်နှင့် လုံးဝ ကွာခြားလှပြီး ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ဖြစ်၏။ ထိုက်ချင်း ရွှေအမတအဆင့်မှ ကောင်းကင်ဖွင့် တာလော့အမတအဆင့်သို့ တက်လှမ်းခြင်းက ပိုမိုများပြားသော ဖန်ဆင်းခြင်းနှင့် နက်နဲသော လျှို့ဝှက်ချက်များကို ပေးစွမ်းသော်လည်း ကုအန် အသိသာဆုံး ခံစားလိုက်ရသည်မှာ စစ်မှန်သော စွမ်းအားပင် ဖြစ်သည်။

စစ်မှန်သော စွမ်းအား...

ရုပ်ခန္ဓာ၊ ဝိညာဉ်၊ အာရုံခံစားမှု၊ ကျင့်စဉ်စွမ်းအား အစရှိသည့် မည်သည့်ကဏ္ဍတွင်မဆို ချို့ယွင်းချက်မရှိဘဲ အဘက်ဘက်မှ အစွမ်းထက်နေခြင်း ဖြစ်၏။

ထိုက်ချင်း ရွှေအမတတစ်ပါးသည် ကောင်းကင်ဖွင့် တာလော့အမတတစ်ပါးကို မည်သို့မျှ မချေမှုန်းနိုင်ချေ။

မှန်ပေသည်။ ၎င်းမှာ လုံးဝ မဖြစ်နိုင်သော အရာပင်။ အသက်စွမ်းအား အနှစ်သာရမှာ ကွာဟချက် ကြီးမားလွန်းလှသည် မဟုတ်ပါလား။

ဤအဆင့်တက်မှုပြီးနောက် ကုအန်သည် ခေတ္တမျှ စိတ်လျှော့ကာ ကောင်းကင်ဖွင့် တာလော့အမတ၏ စွမ်းအားကို ခံစားနိုင်ပြီဟု ထင်မြင်မိ၏။

သို့သော်လည်း ထိုသို့ စိတ်လျှော့ခြင်းမှာ ဆေးအပင်များ ခူးဆွတ်ခြင်း ပြီးဆုံးပြီးမှသာ ဖြစ်ပေလိမည်။

ကောင်းကင်ဖွင့် တာလော့အမတအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကုအန်မှာ ပိုမို အစွမ်းထက်လာမည့် လမ်းစဉ်ကို ရပ်တန့်လိုခြင်း မရှိချေ။

ကောင်းကင်ဖွင့် တာလော့အမတအဆင့်မှာ လုံလောက်သေးသည် မဟုတ်ပါလား။ ကုအန်သည် သက်တမ်းအတားအဆီးအတွင်း ရပ်ကာ အချိန်အတော်ကြာအောင် ငေးကြည့်နေပြီးမှ နောက်ဆုံး၌ ပြန်လည် ပို့ဆောင်ရန် ရွေးချယ်လိုက်သည်။

အထက်တွင်မူ အစွမ်းထက်သော ပုံရိပ်များစွာ ဖြတ်သန်းသွားကြသော်လည်း ကုအန်၏ ထွက်ခွာသွားမှုကို မည်သူမျှ သတိမပြုမိကြချေ။

သက်တမ်းတာအိုနယ်မြေသို့ ပြန်ရောက်သောအခါ မိုးမသောက်သေးပေ။ ကုအန်သည် သစ်တောအတွင်း လှည့်လည်သွားလာရင်း ကောင်းကင်ဖွင့် တာလော့အမတ၏ အာရုံခံစားမှုဖြင့် စကြဝဠာကြီးကို ခံစားကြည့်နေ၏။

အဆင့်တက်ပြီးနောက် သူ၌ သက်တမ်း ဘီလီယံ ၂၀ သာ ကျန်ရှိတော့သည်။ ဤသည်မှာ သေမျိုးများအတွက် ထာဝရအသက်ကဲ့သို့ ထင်ရသော်လည်း ကုအန်အတွက်မူ စိုးရိမ်စရာ အခြေအနေ ဖြစ်၏။

ပိုမိုမြင့်မားသော အဆင့်တစ်ခုကို စိန်ခေါ်ရန်အတွက် သူ၌ အနည်းဆုံး သက်တမ်း ၂ ထရီလီယံခန့် ရှိရန် လိုအပ်ပေသည်။ ၂ ထရီလီယံဆိုသည်မှာပင် လုံလောက်မည် မဟုတ်ဟု သူ ခံစားနေရ၏။

ချောက်နက် တာအိုပင်လယ်နှင့် ကောင်းကင်နန်းတော်တို့က သူ့ကို လာရောက် မရှာဖွေသရွေ့ ကုအန်အတွက် အားယူရန် အချိန်အများကြီး ရှိနေသည်။ နောက်ထပ် နှစ်သန်းပေါင်း များစွာတိုင်အောင် သူ ဝင်ရောက်စွက်ဖက်ရမည့် အခြေအနေမျိုးနှင့် မကြုံတွေ့ရရန် သူ မျှော်လင့်မိ၏။

နေမင်း ထွက်ပေါ်လာသောအခါ ကုအန်သည် သူ၏ ဆေးဥယျာဉ်များကို စတင် စစ်ဆေးလေသည်။ သူ၏ တပည့်များမှာ သူ တစ်စုံတစ်ခု ပြောင်းလဲသွားကြောင်း ခံစားမိကြသော်လည်း မည်သည့်အရာ ပြောင်းလဲသွားသည်ကို တိတိကျကျ မပြောနိုင်ကြချေ။

နောက်ဆုံးတွင် ကုအန်က သူ၏ မျိုးဆက်များကို ကံတရားမှ လွတ်မြောက်အောင် ကူညီပေးခဲ့ပြီးနောက် ဖိအားအချို့ လျော့ကျသွားသဖြင့် ယခုကဲ့သို့ ပြောင်းလဲသွားခြင်း ဖြစ်မည်ဟုသာ တပည့်များက ယူဆလိုက်ကြသည်။

မွန်းတည့်ချိန် ရောက်မှသာ ကုအန်သည် သက်တမ်းနယ်မြေမှ ထွက်ခွာခဲ့၏။ သူသည် ကျန်းချုံး၏ ရှေ့သို့ ရုတ်တရက် ရောက်ရှိသွားသဖြင့် သူမကို လန့်သွားစေသည်။

အနည်းငယ် ညည်းညူပြီးနောက် ကျန်းချုံးသည် ကုအန်ကို ပျော်ရွှင်စွာ ဧည့်ခံကာ သူမ၏ ကိုယ်ပိုင် ဆေးဖက်ဝင်ဥယျာဉ်ထဲသို့ ခေါ်ဆောင်သွား၏။ ဤဥယျာဉ်တွင် မက်မွန်ပင်နှင့် ဆင်တူသော ဝိညာဉ်သစ်ပင်များကို စိုက်ပျိုးထားပြီး ပန်းရောင် အပွင့်များဖြင့် အလွန် လှပတင့်တယ်လှသည်။

သူတို့ ဝင်ထိုင်လိုက်ကြပြီးနောက် ကျန်းချုံးက ကုအန်အတွက် ဝိုင်ငှဲ့ပေးရင်း မေးလိုက်၏။

“ကောင်းကင်ယံက အဲဒီပုံရိပ်က နင်ပဲ မဟုတ်လား... ဝတ်စုံက ကွဲပြားနေပေမဲ့ နင့်ကို ငါ ချက်ချင်း မှတ်မိတယ်...”

ကုအန်က ပြုံး၍ ပြောလိုက်သည်။

“အဲဒါ ငါလည်း ဟုတ်တယ်... ငါလည်း မဟုတ်ဘူး... အဲဒါက ငါ့ရဲ့ အတိတ်ဘဝက ပုံရိပ်ပဲ... ငါ့ရဲ့ အတိတ်ဘဝက မျိုးဆက်တွေက သွေးစည်းဓမ္မရုပ်သွင်ကို စုစည်းပြီး ငါ့ရဲ့ အရင်ကိုယ်ကို ဆင့်ခေါ်လိုက်တာ”

ယခုနှစ်များအတွင်း ကျန်းချုံးသည် သက်တမ်းတာအိုနယ်မြေတွင် မကျင့်ကြံသော်လည်း ကုအန်၏ စောင့်ရှောက်မှုကို အမြဲ ရရှိခဲ့သည်။ ရံဖန်ရံခါ သူမသည် အကြောင်းမဲ့ ဉာဏ်အလင်းပွင့်မှုများ ရရှိတတ်၏။ သူမမှာ မိုက်မဲသူ မဟုတ်သဖြင့် သူမ၏ ပါရမီကြောင့် မဟုတ်ဘဲ ကုအန်က စောင့်ရှောက်ပေးနေခြင်း ဖြစ်ကြောင်း သိရှိထားသည်။

ကုအန်က ဘယ်တော့မှ မပြောသလို သူမကလည်း ဘယ်တော့မှ မမေးခဲ့ချေ။

ကျင့်ကြံမှုအဆင့် တိုးတက်ခြင်းထက် ကုအန်က သူမကို အမှတ်ရနေသေးခြင်းက သူမကို ပိုမို ပျော်ရွှင်စေသည် မဟုတ်ပါလား။

“အတိတ်ဘဝ ဟုတ်လား... ဒီလောက် ကျင့်ကြံမှုအဆင့် မြင့်မားနေတာဆိုတော့ နင့်ရဲ့ အတိတ်ဘဝက ဘယ်လောက်တောင် ကြာခဲ့ပြီလဲ...” ကျန်းချုံးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ကုအန်က သူမ၏ စူးစမ်းလိုစိတ်ကို ကျေနပ်အောင် ဝေဝေဝါးဝါးသာ ပြန်ဖြေလိုက်၏။

ဖြူစင်သော ဝတ်စုံကို ဝတ်ဆင်ထားပြီး နတ်မိမယ်တစ်ပါးနှင့် တူသော ကျန်းချုံးကို ကြည့်ရင်း ကုအန်သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀၀ ကျော်က သူတို့ ပထမဆုံး ဆုံတွေ့ခဲ့ပုံကို ပြန်လည် မြင်ယောင်လာခဲ့သည်။ ထိုစဉ်က ကျန်းချုံးမှာ အလွန် သနားစရာကောင်းသော အခြေအနေတွင် ရှိနေခဲ့သည် မဟုတ်ပါလား။

ယခုနှစ်များအတွင်း သူမ၏ အရှိန်အဝါမှာ ပိုမို ထူးခြားလာခဲ့သော်လည်း ချို့ယွင်းချက်တစ်ခုတော့ ရှိနေဆဲပင်။

သူမသည် ဖိနပ်စီးရသည်ကို မနှစ်သက်ဘဲ ခြေဗလာဖြင့်သာ သွားလာနေဆဲ ဖြစ်၏။

ကုအန်၏ အကြည့်ကို သတိပြုမိသွားသဖြင့် ကျန်းချုံးမှာ ရှက်ရွံ့ခြင်း မရှိဘဲ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ငါ့ရဲ့ ကိုယ်ပိုင်နယ်မြေထဲမှာမို့လို့ ဒီလို ပေါ့ပေါ့ပါးပါး နေတာပါ... အပြင်မှာဆိုရင်တော့ ငါက ပန်းပေါင်းစုံဂိုဏ်းရဲ့ တည်ထောင်သူ အကြီးအကဲ တစ်ယောက်လေ... ဟန်ပန်တစ်ခုတော့ ထိန်းရမှာပေါ့...”

ကုအန်က ပြုံး၍ မေးလိုက်၏။

“ပန်းပေါင်းစုံဂိုဏ်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အခုတလော ဘယ်လိုရှိလဲ...”

သူသည် အခြေအနေကို ကောင်းစွာ သိရှိထားသော်လည်း ကျန်းချုံးကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။

သူသည် အရာအားလုံးကို သိရှိထားသော်လည်း လူသားချင်း ဆက်ဆံရာတွင် စကားပြောဆိုခြင်းမှာ မရှိမဖြစ် လိုအပ်သည် မဟုတ်ပါလား။

ကျန်းချုံးသည်လည်း ကုအန်နှင့် စကားပြောခွင့် ရသည်ကို တန်ဖိုးထားသဖြင့် ပန်းပေါင်းစုံဂိုဏ်း တိုးတက်လာပုံများကို ပြောပြလေသည်။

အဓိပတိဂိုဏ်း ပိုမို အင်အားကြီးမားလာသည်နှင့်အမျှ တိုက်ကြီးပေါ်ရှိ ဂိုဏ်းများမှာ လက်အောက်ခံ ဖြစ်လာကြသလို အချို့မှာမူ နေရာပြောင်းရွှေ့ခဲ့ကြသည်။ ပန်းပေါင်းစုံဂိုဏ်းမှာ နောက်ပိုင်းတစ်ခုကို ရွေးချယ်ခဲ့ပြီး အဓိပတိဂိုဏ်းကလည်း သူတို့ကို အခက်အခဲ မဖြစ်စေဘဲ အထောက်အပံ့အချို့ပင် ပေးအပ်ခဲ့၏။

ပန်းပေါင်းစုံဂိုဏ်းမှာ ယခုအခါ ကျွန်းစုများပေါ်တွင် တည်ရှိပြီး အင်မော်တယ်ရှာဖွေခြင်းကျွန်းနှင့် ဆင်တူသော ကုန်သွယ်ရေးကျွန်းများကို တည်ဆောက်ထားသည်။ အနီးနားတွင် အစွမ်းထက်သော ဂိုဏ်းများ မရှိသဖြင့် တစ်ခုတည်းသော ခြိမ်းခြောက်မှုမှာ ပင်လယ်အတွင်းရှိ မိစ္ဆာကြီးများ၏ တိုက်ခိုက်မှုကြောင့် ဂိုဏ်းအတွင်း ဆုံးရှောက်မှုများ ရှိနေခြင်း ဖြစ်သည်။

ကျန်းချုံးမှာမူ အေးအေးဆေးဆေး နေထိုင်သော ဆရာသခင်တစ်ဦး ဖြစ်လာခဲ့ပြီး မကြာခဏ တံခါးပိတ်ကျင့်ကြံလေ့ရှိသဖြင့် ပြဿနာများဖြင့် ကြုံတွေ့ရခဲလှ၏။

“ဖွံ့ဖြိုးတိုးတက်မှုကတော့ တည်ငြိမ်ပါတယ်... ဒါပေမဲ့ သိပ်ပြီး တည်ငြိမ်လွန်းနေတော့ အလားအလာ မရှိသလို ဖြစ်နေတယ်...” ကျန်းချုံးက မှတ်ချက်ချလိုက်သည်။

သူမအနေနှင့် ပန်းပေါင်းစုံဂိုဏ်းမှ မထွက်ခွာလိုခြင်းမှာ ၎င်းမှာ သူမ ကိုယ်တိုင် တည်ထောင်ခဲ့သော ဂိုဏ်းဖြစ်ပြီး ပတ်သက်မှုများစွာ ရှိနေသောကြောင့် ဖြစ်၏။

ကုအန်က ပြုံး၍ နှစ်သိမ့်လိုက်သည်။

“စိတ်မပူပါနဲ့... မကြာခင်မှာ ကမ္ဘာပေါ်မှာ ကြီးမားတဲ့ အခွင့်အလမ်းတွေ ပေါ်ထွက်လာတော့မှာပါ... ပန်းပေါင်းစုံဂိုဏ်းလည်း အဲဒါတွေနဲ့ ကြုံတွေ့ရလိမ့်မယ်... အဓိကကတော့ အဲဒီ အခွင့်အလမ်းတွေကို ဆုပ်ကိုင်နိုင်ဖို့ပါပဲ...”

သူ ဆိုလိုသော အခွင့်အလမ်းများမှာ စစ်ခုံရုံးထံမှ ရရှိသော အမွေအနှစ်များ ဖြစ်သည်။ ကုအန်သည် ထိုအမွေအနှစ်များ၏ ထက်ဝက်ကို သေမျိုးကမ္ဘာ၏ မြေပြင်နှင့် ပင်လယ်အောက်ခြေတို့တွင် ဖြန့်ကြဲထားခဲ့ပြီး ဖြစ်၏။

ထက်ဝက်သာ ရှိသော်လည်း ၎င်းမှာ ကောင်းကင်စိတ်ဝိညာဉ် မဟာကမ္ဘာတစ်ခုလုံးကို ပြောင်းလဲပစ်ရန်နှင့် မကြုံစဖူးသော အမြင့်တစ်ခုသို့ တွန်းပို့ရန် လုံလောက်ပေသည်။

စစ်ခုံရုံး၏ ရတနာအချို့၊ ကျင့်စဉ်များနှင့် အဖိုးတန် ကောင်းကင်နှင့် မြေကြီး ရတနာများမှာ အနီးနားရှိ သမုဒ္ဒရာထဲတွင် ရှိနေကြသည်။ ကုအန်သည် ထိုအရာများကို ဦးစားပေးထားသဖြင့် ပန်းပေါင်းစုံဂိုဏ်းသာ ကောင်းကောင်း စီမံနိုင်ပါက အနာဂတ်တွင် ကမ္ဘာပေါ်ရှိ ထိပ်တန်းဂိုဏ်းကြီးတစ်ခု ဖြစ်လာနိုင်ပေသည်။

“တကယ်လား...” ကျန်းချုံးက အံ့အားသင့်စွာ မေးလိုက်သည်။

ကုအန်က ပြုံး၍ ပြန်ဖြေလိုက်၏။

“ငါက နင့်ကို ဘာလို့ လိမ်ရမှာလဲ... နောက်ထပ် နှစ်အနည်းငယ်ကြာရင် နင့်ရဲ့ ဂိုဏ်းကို ကာကွယ်နိုင်လောက်တဲ့ စွမ်းအားပေးနိုင်မယ့် ရတနာတစ်ခု ငါ ပေးဦးမှာပါ...”

သူ၏ အဆင့်မြင့်လေလေ ကုအန်မှာ ပိုမို ပေါ့ပေါ့ပါးပါး နေထိုင်လာလေလေ ဖြစ်သည်။ သူသည် နောက်ဆက်တွဲ အကျိုးဆက်များကို အများကြီး မစဉ်းစားတော့ဘဲ သူ ဖြစ်ချင်သည့်အတိုင်းသာ လုပ်ဆောင်တော့၏။ အထူးသဖြင့် နီးစပ်သူများကို စောင့်ရှောက်သည့် ကိစ္စတွင် ဖြစ်သည်။

ထိုစကားကို ကြားသောအခါ ကျန်းချုံးမှာ ပိုမို ပျော်ရွှင်သွားသည်။ သူမသည် မတ်တတ်ထရပ်ကာ ကုအန်၏ အနားသို့ တိုးကပ်လာပြီး သူ၏ ရင်ဘတ်ကို လက်ဖြင့် တို့ကာ ရယ်မောလိုက်၏။

“ဒီနေ့က ဘာနေ့မို့လို့ ငါ့အပေါ် ဒီလောက် ကောင်းနေရတာလဲ... ဒါမှမဟုတ် နင်လည်း နောက်ဆုံးတော့ သေမျိုးတွေလို ခံစားချက်တွေ ရှိလာပြီး ငါ့ကို လွမ်းနေလို့လား...”

ကုအန်က သူမကို တွန်းဖယ်လိုက်ပြီး နှာခေါင်းရှုံ့လိုက်၏။

“ပေါက်ကရတွေ မပြောစမ်းပါနဲ့... ငါက အဖိုးတန် ကျမ်းစာတွေကို ဖတ်နေတဲ့သူပါ...”

“ဘာတွေက အဖိုးတန်ကျမ်းစာတွေလဲ... အဲဒါက အဓိပတိ လျှို့ဝှက်ကျမ်းလိုမျိုး ညစ်ညမ်းတဲ့အရာတွေလား...”

ကျန်းချုံးက အဓိပတိ လျှို့ဝှက်ကျမ်းအကြောင်း ပြောလိုက်သဖြင့် ကုအန်မှာ အနည်းငယ် တောင့်တင်းသွားသည်။

“ဘာ အဓိပတိ လျှို့ဝှက်ကျမ်းလဲ... ငါ အဲဒါကို မသိဘူး...”

“ဟီးဟီး... အဲဒီကျမ်းကို ရေးတဲ့ ရှန်ကျန်းနဲ့ နင်နဲ့က ပတ်သက်မှု ရှိတယ်လို့ ငါ ကြားဖူးတယ်... နင်တို့နှစ်ယောက်တည်း ရှိတဲ့အခါ ဘာတွေလုပ်ပြီး ဘာတွေအကြောင်း ပြောကြတာလဲ... ငါ့ကိုရော ပြောပြလို့ မရဘူးလား...”

ကျန်းချုံးက အေးစက်စက် ပြောလိုက်သော်လည်း သူမ၏ မျက်ဝန်းများတွင် နောက်ပြောင်လိုစိတ်များ ပြည့်နှက်နေ၏။

သူမသည် ကုအန်၏ ထူးဆန်းသော အကျင့်များအပေါ် စိတ်မဆိုးသည့်အပြင် ထိုကဲ့သို့သော အကျင့်များက ကုအန်ကို ပိုမို လူပီသစေသည်ဟု သူမ ခံစားရသည်။

ဆရာသခင်ဓားအရှင်ဆိုသည်မှာ သူမ နားမလည်နိုင်လောက်အောင် အစွမ်းထက်လွန်းပြီး အဆင့်မြင့်လွန်းလှသည် မဟုတ်ပါလား။

အစွမ်းထက်သော ကုအန်ထက်စာလျှင် အတိတ်က စေ့စေ့စပ်စပ် တွက်ချက်တတ်သော ကုအန်ကို သူမ ပို၍ သဘောကျသည်။

သူတို့နှစ်ဦး အချင်းချင်း စနောက်နေကြပြီး ကုအန်က အဆက်မပြတ် ဆင်ခြေပေးနေသဖြင့် ကျန်းချုံးမှာ ပို၍ပင် စနောက်လိုစိတ် ပြင်းထန်လာ၏။

ညဦးပိုင်း ရောက်သည်အထိ ကုအန်သည် ကျန်းချုံး၏ နယ်မြေတွင် ဆက်လက်နေထိုင်ပြီး သူမအတွက် တာအိုတရားဟောကြားပေးနေလိုက်သည်။

ကြယ်တာရာများ တောက်ပနေပြီး အံ့မခန်း လှပသော အလင်းတိမ်တိုက်များ လှိမ့်ဝင်နေသည့် စကြဝဠာ နက်ရှိုင်းရာ တစ်နေရာ၌ ခရုပတ်လှေကားနှင့် ဆင်တူသော ဧရာမ အလင်းတိမ်တိုက်တစ်ခုပေါ်တွင် နန်းတော်များ လွင့်မျောနေပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော အဆောက်အအုံများ ရှိနေကြသည်။ ထိုနန်းတော်များမှာ သဲစေ့လေးများကဲ့သို့ ထင်ရသော်လည်း အဆောက်အအုံတစ်ခုချင်းစီမှာ အလွန် ကျယ်ပြောလှ၏။

ကျောက်ကမ်းပါးတစ်ခုပေါ်တွင် ကျိရှောင်ယုသည် ဖြူစင်သော အဝတ်အစားနှင့် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ကာ တရားထိုင်နေသည်။ သူမ၏ ခေါင်းပေါ်တွင် ငွေရောင်ပုတီးစေ့များ ပါရှိသော ဖီးနစ်သရဖူကို ဆောင်းထားပြီး နဖူးပေါ်ရှိ အနီရောင် တာအိုပုံစံမှာ သူမကို ပိုမို နက်နဲဆန်းကြယ်စေသည်။

ရုတ်တရက် သူမ၏ နောက်ကွယ်တွင် နေလမြေအောက်ဧကရာဇ် ပေါ်ထွက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ရိုသေစွာ ဦးညွှတ်လိုက်၏။

“ဧကရာဇ်ချန်က ကောင်းကင်စိတ်ဝိညာဉ် မဟာကမ္ဘာမှာ မကြုံစဖူးသော ကံကြမ္မာတစ်ခု ကြုံတွေ့ရတော့မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်... သူက ယင်ယန် အမတနယ်မြေကို ကောင်းကင်စိတ်ဝိညာဉ် မဟာကမ္ဘာအတွင်းသို့ ပြောင်းရွှေ့ချင်နေတာပါ... အခြားသော ဧကရာဇ်နှစ်ပါးကလည်း သဘောတူလိုက်ကြပါပြီ... မင်းသမီး... ကျုပ်တို့ ပြန်ရမယ့်အချိန် ရောက်ပါပြီ...”

ထိုစကားကို ကြားသောအခါ ကျိရှောင်ယု ဖြည်းညင်းစွာ မျက်လုံးများကို ဖွင့်လိုက်ရာ သူမ၏ အကြည့်တွင် တောက်ပသော အလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။ သူမ ကြည့်လိုက်သော နေရာရှိ တာအိုဝိညာဉ်ချီများနှင့် အလင်းတိမ်တိုက်များမှာ အချိန်နှင့် နေရာတို့ ရပ်တန့်သွားသကဲ့သို့ ငြိမ်သက်သွား၏။

သူမ၏ မျက်လုံးသူငယ်အိမ်များထဲတွင် ကောင်းကင်စိတ်ဝိညာဉ် မဟာကမ္ဘာ၏ ခမ်းနားသော ရှုခင်းများ ထင်ဟပ်နေပြီး သူမ၏ အကြည့်တွင် ဖော်ပြ၍ မရနိုင်သော အဓိပ္ပာယ်များ ပါဝင်နေသည်။

အခန်း ၆၁၂ သံသရာအသစ်တစ်ခု

ကျိရှောင်ယုက ပြန်မဖြေဘဲ အတွေးများထဲတွင် နစ်မြောလျက် ရှေ့ကိုသာ ငေးကြည့်နေသည်ကို မြင်သောအခါ နေလမြေအောက်ကမ္ဘာဧကရာဇ်က သူမ ဘာတွေးနေသည်ကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်၏။ သူက တိုးညှင်းစွာ ပြောလိုက်သည်။

“အရင်က ပြင်ပအင်အားစုတွေကို ချေမှုန်းခဲ့တဲ့လူက သူပဲ ဖြစ်ရမယ်... သူ ရှိနေသေးတာဆိုတော့ ကျုပ်တို့အနေနဲ့ ကောင်းကင်စိတ်ဝိညာဉ် မဟာကမ္ဘာမှာ ပိုပြီး ကောင်းကောင်း ပေါင်းစည်းနိုင်မှာပေါ့... ဘာလို့ ဒီလောက်အထိ ခေါင်းမာနေရတာလဲ”

ပြန်လည်မွေးဖွားခြင်းဧကရာဇ်တွင် ရှိနေသော မာနတရားကို သူ သိရှိထား၏။ ယခင်က သူသည် သူမကို ထောက်ခံပေးခဲ့ဖူးသည်။

ဒါပေမဲ့ အခုတော့...

ကုအန်က တကယ့်ကို အစွမ်းထက်လွန်းနေ၏။

ကုအန်၏ အစွမ်းထက်မှုကြောင့် နေလမြေအောက်ဧကရာဇ်မှာ သူနောက်သို့ လိုက်ရန် မကြိုးစားခြင်းမှာ နှမြောစရာကောင်းသည်ဟု ခံစားနေရသည်။

မည်သို့ပင် ကြည့်ပါစေ၊ ကုအန်နှင့် ဆုံတွေ့ရခြင်းမှာ ပြန်လည်မွေးဖွားခြင်းဧကရာဇ်အတွက်ရော ယင်ယန် အမတနယ်မြေ တစ်ခုလုံးအတွက်ပါ အကြီးမားဆုံးသော အခွင့်အလမ်းပင် ဖြစ်ပေသည်။

ကျိရှောင်ယုက ပြန်မပြောသေးပေ။ ထိုအခြေအနေကို မြင်သောအခါ နေလမြေအောက်ကမ္ဘာဧကရာဇ်က သက်ပြင်းချလိုက်ပြီး လှည့်ထွက်ရန် ပြင်လိုက်သည်။

သူ လှည့်လိုက်စဉ်မှာပင် ကျိရှောင်ယု၏ အသံ လွင့်ပျံ့လာ၏။

“သူတို့ကို ပြောလိုက်... ငါလည်း သဘောတူတယ်လို့...”

ထိုစကားကို ကြားသောအခါ နေလမြေအောက်ဧကရာဇ်က အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်ပြီး ကျိရှောင်ယုကို နောက်တစ်ကြိမ် ဦးညွှတ်လိုက်ကာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

ကျိရှောင်ယုက အဝေးသို့ လှမ်းကြည့်ရင်း တီးတိုးရေရွတ်လိုက်မိ၏။

“ငါ ဘယ်တော့မှ နင့်ကို မီအောင် လိုက်နိုင်မှာလဲ...”

မည်သူမျှ ပြန်မဖြေသော်လည်း သူမအတွက် အဖြေ မလိုအပ်ပေ။

သူမ၏ အတွေးများမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာဆီသို့ လွင့်မျောသွားခဲ့သည်။

ထိုစဉ်က ကုအန်မှာ ငယ်ရွယ်သေးသော်လည်း သူ၏ မျက်လုံးများမှာ အိမ်တော်အတွင်းရှိ အခြားသော ကလေးများနှင့် ကွဲပြားခြားနားနေခဲ့သည် မဟုတ်ပါလား။

အချိန်များက တအိအိ ကုန်ဆုံးသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းတစ်ထောင် ကုန်ဆုံးသွားခဲ့၏။

စစ်ခုံရုံး၏ ရတနာများကြောင့် သေမျိုးကမ္ဘာတွင် ရွှေခေတ်တစ်ခု တရားဝင် စတင်ပေါ်ပေါက်လာခဲ့သည်။ ပထမဆုံးသော စစ်ခုံရုံး၏ အထွတ်အထိပ်ရတနာကို တူးဖော်တွေ့ရှိခဲ့သဖြင့် တန်ခိုးရှင်များစွာကြားတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့၏။ ကံကောင်းထောက်မစွာဖြင့် မကြာမီမှာပင် ရတနာများ ပိုမို ပေါ်ထွက်လာသဖြင့် အငြင်းပွားမှုများမှာ လျော့နည်းသွားခဲ့သည်။

သေမျိုးကမ္ဘာရှိ ဂိုဏ်းတိုင်းမှာ ထိုရတနာများကို စတင် ရှာဖွေကြတော့သည်။ စစ်ခုံရုံး၏ အကြွင်းအကျန် အရေအတွက်မှာ သေမျိုးကမ္ဘာရှိ ကျင့်ကြံသူ အရေအတွက်ထက်ပင် ပိုမို များပြားလှ၏။ အမှန်စင်စစ်တွင် မဟာကမ္ဘာကြီး ပြန်လည်ဖွဲ့စည်းထားသည်မှာ မကြာသေးသဖြင့် လူသားမျိုးနွယ်မှာ ကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားခြင်း မရှိသေးပေ။

ချမ်ခွန်းဂိုဏ်းသည်လည်း ဤရေစီးကြောင်းတွင် ပါဝင်လာခဲ့သည်။ အန်ရှင်းသည် သက်တမ်းနယ်မြေသို့ သတင်းများကို မကြာခဏ ယူဆောင်လာလေ့ရှိသဖြင့် အခြားသူများကြားတွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်စေသည်။ ကံမကောင်းစွာဖြင့် ကုအန်က သူတို့ကို အပြင်ထွက်ခွင့် မပြုခဲ့ချေ။

ကုအန်၏ တည်ငြိမ်သော ဟန်ပန်က အပြင်လောကရှိ ရတနာများမှာ သူ၏ မျက်စိထဲ မဝင်ကြောင်း ပြသနေသဖြင့် သူတို့လည်း ငြိမ်သက်သွားကြ၏။

ကောင်းကင်ဖွင့်တာလော့အမတအဆင့်သို့ ရောက်ရှိပြီးနောက် ကုအန်၏ တာအိုဆန္ဒမှာ ပိုမို အားကောင်းလာခဲ့သဖြင့် သက်တမ်းနယ်မြေရှိ တပည့်များမှာ ပိုမို ဉာဏ်အလင်းပွင့်လာခဲ့ကြသည်။

သွေးကျဉ်းထောင်သူတော်စင်သည် ပူပင်မဲ့အမတအဆင့်သို့ ဦးဆုံး ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။ သူ၏ ပါရမီမှာလည်း မနိမ့်ကျလှပေ။ နိဗ္ဗာနအဆင့်သို့ မရောက်မီက သူသည်လည်း သက်တမ်း ၉,၉၉၉ နှစ်ဟူသော အကန့်အသတ်သို့ ရောက်ရှိခဲ့ဖူးသည်။ သက်တမ်းနယ်မြေအတွင်းတွင် ကောင်းကင်မိစ္ဆာကလေး တစ်ယောက်သာလျှင် သူ၏ ပါရမီကို ယှဉ်နိုင်ပေလိမည်။

ဤနှစ်ပေါင်းတစ်ထောင်အတွင်း ယင်ယန် အမတနယ်မြေသည် ကောင်းကင်စိတ်ဝိညာဉ် မဟာကမ္ဘာသို့ ဆင်းသက်လာခဲ့သည်။ တာအိုခုံရုံးက ၎င်းနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင် သဘောတူညီချက်အချို့ ရရှိကာ မဟာကမ္ဘာ၏ အစွန်းပိုင်းဒေသ တစ်ခုကို ယင်ယန် အမတနယ်မြေအတွက် ခွဲဝေပေးလိုက်သည်ကို ကုအန် မြင်တွေ့ခဲ့ရ၏။

ကောင်းကင်စိတ်ဝိညာဉ် မဟာကမ္ဘာသို့ ပြန်ရောက်လာပြီးနောက် ကျိရှောင်ယုသည် အဓိပတိဂိုဏ်းသို့ သွားရောက်လည်ပတ်ခြင်း မရှိသလို ကျိမိသားစုနှင့်လည်း မည်သည့်ပတ်သက်မှုမှ မပြုလုပ်ခဲ့ချေ။

ကုအန်သည် ကျိရှောင်ယု၏ ရင်ထဲမှ အသံကို ကြားနေရ၏။ သူမသည် သူ့အကြောင်းကို မကြာခဏ တွေးတောတတ်သော်လည်း သူမ၏ ဗီဇတွင် ပြင်းထန်သော အနိုင်လိုစိတ် ရှိနေသည်။ သူမသည် ကုအန်နှင့် တန်းတူ ရပ်တည်လိုခြင်း ဖြစ်ပေသည်။

ဤကိစ္စနှင့် ပတ်သက်၍ ကုအန်မှာ သူမကို လေးစားရုံမှတစ်ပါး မတတ်နိုင်တော့ချေ။

သူသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို သူ ဖြစ်ချင်သည့်အတိုင်း ဖြစ်အောင် လုပ်၍ မရနိုင်သည် မဟုတ်ပါလား။ ကျိရှောင်ယု၏ အတွေးအခေါ်က သူ့ကို မျှော်လင့်ချက်များ ပေးစွမ်းနေသည်။

သူသည် လူများစွာကို ကာကွယ်ပေးခဲ့ဖူးသော်လည်း သူ့အပေါ် မမှီခိုလိုသူမျိုးနှင့် ဆုံတွေ့ရခဲလှသဖြင့် သူ စူးစမ်းလိုစိတ် ဖြစ်ပေါ်နေမိ၏။

မင်းသမီးသုံး... ဆက်ပြီး ကြိုးစားပါဦး..နင် ဘယ်လောက်ပဲ ကြိုးစားပါစေ... ငါ့ကိုတော့ ဘယ်တော့မှ မီမှာ မဟုတ်ဘူး။

ကုအန်က ဂုဏ်ယူစွာ တွေးလိုက်ပြီး သူ၏ အကြည့်ကို အဝေးမှ ကောင်းကင်ယံရှိ အတားအဆီးတစ်ခုဆီသို့ လွှဲလိုက်သည်။ ထိုအတားအဆီးအတွင်းတွင် လုရှန်နှင့် ချန်ချွမ်တို့ ထပ်မံ ယှဉ်ပြိုင် တိုက်ခိုက်နေကြ၏။

နှစ်တစ်ထောင် တိုက်ပွဲ အခမ်းအနားများ ရှိသော်လည်း ဤနှစ်ယောက်မှာ သီးသန့် အမြဲ ယှဉ်ပြိုင်လေ့ရှိကြသည်။ သူတို့၏ ဆက်ဆံရေးမှာ အလွန် ကောင်းမွန်လှသဖြင့် ကုအန်လည်း ဝင်ရောက်မစွက်ဖက်ပေ။

ယခင်ဘဝက ရှောင်ချွမ်မှာ အဓိပတိဂိုဏ်း၏ အောက်ခြေအဆင့် တစ်ယောက်သာ ဖြစ်ခဲ့သည်။ လုရှန်မှာမူ သူ အားကျခဲ့ရသော ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ခဲ့၏။ ယခုအခါတွင်မူ သူတို့မှာ ညီအစ်ကိုအရင်းများကဲ့သို့ ဖြစ်နေကြပြီ ဖြစ်ရာ ကံတရားမှာ တကယ်ပင် လူကို စနောက်တတ်ပါပေသည်။

မဟုတ်ဘူး... ကံကြမ္မာဆိုတာ ဖော်ပြလို့ မရနိုင်လောက်အောင် ထူးဆန်းလှသည်ဟု ဆိုရပေလိမည်။

ကုအန် ခဏမျှ ကြည့်ရှုပြီးနောက် သူ၏ အကြည့်ကို အခြားအရပ်မျက်နှာသို့ လွှဲလိုက်ပြန်သည်။

ရှောင်ချွမ်နှင့် လုကျိုကျားတို့မှာ ကောင်းကင်စိတ်ဝိညာဉ် မဟာကမ္ဘာသို့ ပြန်လည်ဝင်စားပြီးပြီ ဖြစ်သလို ရဲလန်လည်း မကြာမီ ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်သည်။

ရဲလန်တွင် တာအိုဖျက်ဆီးကံတရားတံဆိပ် ပါရှိနေသဖြင့် သူမသည် သံသရာလမ်းစဉ်အတိုင်း ရှေ့သို့ တိုးလာနေပြီး ကောင်းကင်စိတ်ဝိညာဉ် မဟာကမ္ဘာနှင့် ပို၍ ပို၍ နီးကပ်လာနေသည်ကို ကုအန် ခံစားမိနေ၏။

သံသရာဆိုသည်မှာ ရှုပ်ထွေးလှသည်။ ပြန်လည်မွေးဖွားခြင်းက လူတစ်ယောက်ကို အခြားသော မဟာကမ္ဘာများဆီသို့ ပို့ဆောင်နိုင်သော်လည်း မိမိမွေးဖွားခဲ့သော ကမ္ဘာသည် ထိုသူအပေါ် ဆွဲဆောင်မှုတစ်ခု ရှိနေသဖြင့် မိမိ၏ မူလ မဟာကမ္ဘာသို့ အမြဲ ပြန်လည် ရောက်ရှိစေတတ်သည်။

ကုအန်သည် အဝေးမှနေ၍ ရဲလန်၏ ဝိညာဉ်နှင့် သူမ ဖြတ်သန်းခဲ့ရသော ဘဝပေါင်း ၁၇ ခုကို မြင်တွေ့နေရ၏။

မူလဘူတ သံသရာကျင့်စဉ်ကို ကျင့်ကြံထားသဖြင့် ရဲလန်သည် ဘဝတိုင်းတွင် သူမ၏ အတိတ်ဘဝ မှတ်ဉာဏ်များကို နိုးထစေခဲ့သည်။ သူမသည် မူလဘူတ သံသရာကျင့်စဉ်ကို ဆက်လက်ကျင့်ကြံကာ ကျင့်စဉ်စွမ်းအားများကို စုဆောင်းခဲ့သဖြင့် ဘဝတိုင်းတွင် သူမ၏ ပါရမီမှာ ပိုမို မြင့်မားလာခဲ့၏။

အတိတ်ဘဝ မှတ်ဉာဏ်များကြောင့် ဖြစ်နိုင်သော်လည်း သူမသည် အမြဲတမ်း တစ်ကိုယ်တည်းသာ သေဆုံးခဲ့ပြီး အိမ်ထောင်မပြုခဲ့ချေ။ သို့သော် သေခါနီး အချိန်တိုင်းတွင် သူမသည် နောက်ဘဝ၌ ကုအန်နှင့် ဆုံတွေ့ရမည်ဟု တွေးကာ ပျော်ရွှင်နေတတ်သည်။

တောင့်တမှုများဖြင့် သေဆုံးခဲ့ပြီး ဇဝေဇဝါဖြစ်မှုများဖြင့် ပြန်လည်မွေးဖွားလာခြင်း... ဤသည်မှာ သူမ၏ သံသရာပင်။

ရဲလန်၏ အတိတ်ဘဝ အတွေ့အကြုံများကို ကြည့်ရင်း ကုအန် စိတ်လှုပ်ရှားလာမိ၏။

ဒီကောင်မလေးကတော့ တကယ်ပဲ။

ဘာပဲဖြစ်ဖြစ် ရဲလန် နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။

သူမ မည်သည့်နေရာတွင် ပြန်လည်ဝင်စားမည်ကို ကုအန် တွက်ချက်ထားပြီးပြီ ဖြစ်၏။ သူ မတ်တတ်ထရပ်လိုက်ပြီး အန်ရှင်းကို မှာကြားစရာရှိသည်များကို မှာကြားကာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

သူသည် ထိုက်ချန်းတိုက်ကြီးထက်ပင် ပိုမို ကျယ်ပြောလှပြီး နန်းတွင်းမင်းဆက်များနှင့် မရေမတွက်နိုင်သော ဂိုဏ်းများ တည်ရှိရာ တိုက်ကြီးတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

မှတ်သားစရာကောင်းသည်မှာ ဤနေရာသည် တာအိုခုံရုံး၏ အုပ်ချုပ်မှုအောက်တွင် ရှိနေခြင်းပင်။

ကုအန်သည် တောင်ပေါ်သစ်တောတစ်ခုအတွင်း ပေါ်လာပြီး အရပ်မျက်နှာတစ်ခုသို့ စတင်လျှောက်လှမ်းလိုက်သည်။ လမ်းခရီးတွင် သူသည် ရဲလန်၏ ဤဘဝ ကံကြမ္မာကို တွက်ချက်လိုက်၏။

ဘဝပေါင်း ၁၇ ဘဝစာ စုဆောင်းမှုများကြောင့် မူလဘူတ သံသရာကျင့်စဉ်က ရဲလန်ကို ထူးခြားသော ပါရမီကို ပေးစွမ်းမည်ဖြစ်ရာ သူမ၏ ဘဝမှာ သာမန်မဟုတ်တော့ဘဲ တာအိုခုံရုံးနှင့်လည်း အကြောင်းနှင့်အကျိုး ပတ်သက်လာပေလိမည်။

ကုအန်မှာ ပြဿနာများကို မကြောက်ပေ။ သူသည် ယခုတစ်ကြိမ်တွင် ရဲလန်ကို မည်သည့်အခက်အခဲမှ မရှိဘဲ ချောမွေ့သော ဘဝတစ်ခုကို ပိုင်ဆိုင်စေရန် ဆုံးဖြတ်ထားခဲ့သည်။

တာအိုခုံရုံးအကြောင်း တွေးမိသောအခါ ကုအန်သည် ယခင် ပြန်လည်ဝင်စားသည့် ကိုယ်ခန္ဓာတစ်ခုဖြစ်သော လုဟန်ကို သတိရသွားသည်။ လုဟန်သည်လည်း သူ၏ ဘဝတွင် တာအိုခုံရုံးနှင့် အငြိုးအတေးများ ရှိခဲ့သည် မဟုတ်ပါလား။

မှန်၏။ ဤတာအိုခုံရုံးနှစ်ခုမှာ တစ်ခုတည်း မဟုတ်ပေ။

ကျယ်ပြန့်လှသော မဟာကမ္ဘာတစ်ထောင်အတွင်းတွင် တာအိုခုံရုံးဟူသော အမည်ကို အသုံးပြုသည့် အင်အားစုများစွာ ရှိကြသည်။

မည်သည့် တာအိုခုံရုံးခွဲဖြစ်စေကာမူ သူတို့၏ အမည်တွင် တာအိုဟူသော စကားလုံး ပါဝင်နေခြင်းကပင် သူတို့၏ ရည်မှန်းချက်မှာ ကြီးမားကြောင်း သက်သေပြနေပြီ ဖြစ်သည်။

အတန်ကြာ လမ်းလျှောက်ပြီးနောက် ကုအန်သည် တောင်ပေါ်အိမ်တော်တစ်ခုကို တွေ့လိုက်ရ၏။ ဤအိမ်တော်ရှိ ကျင့်ကြံသူများမှာ အခြေခံတည်ဆောက်ခြင်းအဆင့်သာ ရှိကြသည်။ သူတို့သည် အမတကျင့်ကြံခြင်းလမ်းစဉ်တွင် တိုးတက်ရန် မျှော်လင့်ချက် မရှိကြတော့သဖြင့် လောကီရေးရာများမှ ဖယ်ခွာကာ သာမန်ဘဝဖြင့် နေထိုင်ကြသူများ ဖြစ်သည်။

ကုအန်၏ အရှိန်အဝါမှာ ရုတ်တရက် ပျောက်ကွယ်သွား၏။ သူ၏ မှော်ရတနာများ ပျောက်ကွယ်သွားပြီး ရိုးရှင်းသော အနက်ရောင် ဝတ်စုံကို ဝတ်ဆင်လိုက်ကာ ခါးတွင် ယန်ဟုန်ဓားနှင့် ဝိညာဉ်ဖြူဓားတို့ကို ချိတ်ဆွဲလိုက်သည်။ သူ၏ ရုပ်ရည်မှာ ပြောင်းလဲခြင်း မရှိသော်လည်း အမတတစ်ပါးမှ သေမျိုးတစ်ဦးအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး သိုင်းလောကမှ သူရဲကောင်းတစ်ဦးနှင့် တူနေတော့သည်။

သူသည် အိမ်တော်တံခါးဝသို့ ချဉ်းကပ်၍ တံခါးကို ခေါက်လိုက်၏။

အသက်ရှူချိန် ဆယ်ချက်ကျော်ကြာပြီးနောက် တစ်စုံတစ်ယောက် လာဖွင့်ပေးသည်။ တံခါးကို လူငယ်အစေခံတစ်ဦးက ဖွင့်ပေးခြင်းဖြစ်ပြီး သူက ကုအန်ကို သတိထား၍ အကဲခတ်ကာ မေးလိုက်၏။

“ဘာကိစ္စရှိလို့လဲခင်ဗျ...”

ကုအန်က ပြုံး၍ ပြောလိုက်သည်။

“ကျုပ်နာမည်က ကုအန်ပါ... လောကအနှံ့ လှည့်လည်သွားလာနေတဲ့သူပါ... ဒီမှာ ရက်အနည်းငယ်လောက် တည်းခိုခွင့် တောင်းချင်လို့ပါ... ကျုပ် ခွင့်ပြုချက် ရနိုင်မလားလို့ သတင်းလေး ပါးပေးပါဦး... အလကား နေမှာတော့ မဟုတ်ပါဘူး...”

လူငယ်အစေခံက ငြင်းပယ်ရန် ပြင်လိုက်သော်လည်း ကုအန်၏ ကမ်းလှမ်းချက်ကို ကြားသောအခါ ခေတ္တမျှ ချီတုံချတုံ ဖြစ်သွားပြီး ပြောလိုက်၏။

“ဒီမှာ ခဏစောင့်နေဦး...”

ဒုန်း

တံခါး ပြန်ပိတ်သွားသည်။

အစွမ်းထက်လှသော ကောင်းကင်ဖွင့် တာလော့အမတတစ်ပါးမှာ သေမျိုးများ၏ တံခါးပိတ်ခြင်းကို ခံလိုက်ရ၏။

ကုအန်မှာမူ ရယ်စရာကောင်းသည်ဟုသာ ထင်မြင်မိသည်။ သူသည် စိတ်ဆိုးခြင်း လုံးဝ မရှိပေ။ ဘာပဲဖြစ်ဖြစ် ဤအိမ်တော်မှာ အနာဂတ်တွင် ရဲလန်၏ အိမ် ဖြစ်လာတော့မည် မဟုတ်ပါလား။

ခေတ္တကြာပြီးနောက် တံခါး ပြန်ပွင့်လာပြီး ကုအန်ကို အထဲသို့ ဖိတ်ခေါ်လိုက်ကြသည်။

နေရောင်ခြည်က ဖြာကျလာပြီး ဘေးနားရှိ ခြံစည်းရိုးနံရံကို လင်းလက်သွားစေသည်။ နံရံ၏ အက်ကွဲကြောင်းများကြားမှ အစိမ်းရောင် အညှောင့်လေးများ စတင် ထွက်ပေါ်လာပြီး ပို၍ ပို၍ လျင်မြန်စွာ ကြီးထွားလာ၏။

ခြံစည်းရိုးနံရံတစ်ခုလုံး ပေါင်းပင်များနှင့် စပျစ်နွယ်များ ဖုံးလွှမ်းသွားချိန်တွင် ဆယ့်ရှစ်နှစ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

တံခါးပွင့်လာပြီး အဝါရောင်ဝတ်စုံနှင့် မိန်းကလေးတစ်ဦး လျင်မြန်စွာ ထွက်လာရာ ကုအန်က နောက်မှ လိုက်ပါလာ၏။

အဝါရောင်ဝတ် မိန်းကလေးမှာ အသက် တစ်ဆယ့်ခြောက်၊ တစ်ဆယ့်ခုနစ်နှစ်ခန့် ရှိပုံရပြီး လှပသော ရုပ်ရည်နှင့် သက်ဝင်လှုပ်ရှားသော ကိုယ်လုံးကိုယ်ပေါက် ရှိသည်။ သူမ၏ ဆံပင်ရှည်များကို ကျစ်ဆံမြီး နှစ်ဖက် ကျစ်ထားပြီး ပခုံးပေါ်သို့ ချထား၏။ လှေကားထစ်များမှ ဆင်းပြီးနောက် သူမက ကုအန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“အစ်ကိုကု... ဒီနေ့ ဘယ်မှာ သွားဆော့ကြမလဲ... ဒီနားတစ်ဝိုက်မှာ မိစ္ဆာတစ်ကောင် နှောင့်ယှက်နေတယ်လို့ ကြားတယ်... သွားဖမ်းကြရအောင်လေ” အဝါရောင်ဝတ် မိန်းကလေးက မျှော်လင့်တကြီး မေးလိုက်ရာ သူမ၏ မျက်နှာတွင် လူငယ်တို့၏ တောက်ပသော အပြုံးများ ပြည့်နှက်နေပြီး နံနက်ခင်း နေရောင်ခြည်ကဲ့သို့ပင် ဖြစ်၏။

ကုအန်က သူမကို ကြည့်ပြီး သက်တမ်းထောက်လှမ်းခြင်းကို အသုံးပြုလိုက်သည်။

[ရှောင်လန် (ချီသန့်စင်ခြင်းအဆင့် တတိယအဆင့်) - ၁၇ / ၁၆၀ / ၉၉၉၉]

သူမ၏ အမြင့်ဆုံး သက်တမ်းမှာ နောက်ဆုံးတွင် ၉,၉၉၉ နှစ်သို့ ရောက်ရှိသွားပြီ ဖြစ်၏။

ရှောင်လန် မွေးဖွားလာစဉ်က သက်တမ်း အကန့်အသတ်မှာ နှစ်ပေါင်း ခုနစ်ထောင်သာ ရှိခဲ့သည်။ ယခုနှစ်များအတွင်း ကုအန်သည် သူ၏ ကိုယ်ပိုင် တာအိုဆန္ဒကို အသုံးပြု၍ သူမ၏ အိပ်မက်များအတွင်း ဉာဏ်အလင်းပွင့်အောင် ကူညီပေးခဲ့ခြင်း ဖြစ်သည်။

အရာအားလုံးက တိုက်ဆိုင်လှ၏။ ယနေ့သည် ရှောင်လန်၏ ဘဝတွင် အလှည့်အပြောင်းတစ်ခုနှင့် ကြုံတွေ့ရမည့်နေ့ ဖြစ်သည်။

ကုအန်က ပြုံးနေသဖြင့် ရှောင်လန် ရှက်သွားခဲ့၏။

သူမက ကုအန်ကို မျက်စောင်းထိုးလိုက်ပြီး မေးလိုက်သည်။

“အစ်ကိုကု... ဘာလို့ စကားမပြောတာလဲ... ဘာတွေ တွေးနေလို့လဲ...”

သူမ စကားမဆုံးမီမှာပင် တစ်စုံတစ်ခုကို အာရုံခံမိသဖြင့် လျင်မြန်စွာ လှည့်ကြည့်လိုက်သည်။

တောင်လမ်းအတိုင်း ငုံ့ကြည့်လိုက်ရာ သစ်တောထဲမှ ဖြူစင်သော ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရ၏။ အေးစက်လှပသော သူမ၏ မျက်နှာနှင့် နောက်ကျောတွင် လွယ်ထားသော စောင်းရှည်ကြောင့် သူမမှာ တောအုပ်အတွင်း လျှောက်လှမ်းနေသော နတ်မိမယ်တစ်ပါးနှင့် တူနေသဖြင့် ဤဒေသအတွင်းသာ နေထိုင်ခဲ့ဖူးသော ရှောင်လန်မှာ မှင်သက်သွားခဲ့ရသည်။

ဖြူစင်သော ဝတ်စုံနှင့် အမျိုးသမီး၏ အကြည့်က ရှောင်လန်အပေါ် ကျရောက်လာသည်။ သူမ၏ မျက်ဝန်းများမှာ တည်ငြိမ်နေသော်လည်း ထိုတည်ငြိမ်မှုမှာ အသက်ရှူချိန် နှစ်ချက်စာသာ ကြာလိုက်၏။ ထို့နောက် သူမ၏ မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျယ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်လန်၏ ရှေ့သို့ ရောက်ရှိလာကာ သူမ၏ ညာဘက် လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

“ရှင် ဘာလုပ်တာလဲ...”

ရှောင်လန်မှာ အလွန်လန့်သွားသဖြင့် အော်ဟစ်လိုက်ပြီး အမျိုးသမီး၏ လက်ကို ရုန်းထွက်ရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်၏။

ဖြူစင်သော ဝတ်စုံနှင့် အမျိုးသမီးက သူမကို စူးစိုက်ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။

“ဒီလို ခန္ဓာကိုယ်မျိုးက... လောကမှာ ရှားမှရှားပဲ...”

ကုအန်မှာမူ ဝင်ရောက်မစွက်ဖက်ဘဲ ထိုမြင်ကွင်းကို ကြည့်ရင်း သဘောကျနေမိ၏။

ဤအမျိုးသမီးမှာ ပူပင်မဲ့အမတအဆင့် ကျင့်ကြံမှု ရှိသည်။ သူမသည် ရှောင်လန်၏ ပထမဆုံးသော ဆရာဖြစ်လာပြီး ရှောင်လန်ကို အမတကျင့်ကြံခြင်း လမ်းစဉ်ပေါ်သို့ လမ်းပြပေးမည့်သူ ဖြစ်ပေလိမည်။

ကုအန်သည် ရုတ်တရက် အလွန် ကျေနပ်သွားမိ၏။

သမုဒ္ဒရာများမှာ လယ်ကွင်းများအဖြစ် ပြောင်းလဲသွားပြီး ကမ္ဘာကြီးမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ရာ လူ့လောကမှာလည်း အမှန်တကယ်ပင် ကွဲပြားခြားနားသော ရှုခင်းများ ရှိနေခဲ့ပြီ ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် နေ၊ လနှင့် ကြယ်တာရာများ ရှိနေဆဲဖြစ်သလို သူမသည်လည်း သူ၏ မျက်စိရှေ့တွင် ရှိနေသေးသည် မဟုတ်ပါလား။

All Chapters