← Chapters

အခန်း (၆၁၉-၆၂၀)

Vol. 50 Ch. 619-620

အခန်း (၆၁၉-၆၂၀)

Vol. 50 Ch. 619-620

အခန်း ၆၁၉ ဝိညာဉ်ဖြူဓား၏ ဇစ်မြစ်

ကုအန်သည် ယုံရှန်းဧကရာဇ်၏ ဘဝကို ပြန်ပြောင်းစဉ်းစားကြည့်ရာ ယောင်ရွှမ်နတ်မိမယ်နှင့် ပတ်သက်ခဲ့ဖူးသည်မှာ အမှန်ပင် ဖြစ်သည်။ သူတို့၏ ကျင့်ကြံမှုအဆင့်အရ ကလေးရရှိနိုင်ခြင်း၊ မရရှိနိုင်ခြင်းမှာ သူတို့၏ ဆန္ဒအပေါ်၌သာ မူတည်သည်။

စွန်းသည် ယုံရှန်းဧကရာဇ်၏ ကလေးဖြစ်နိုင်ပြီး ထို့ကြောင့်ပင် သူနှင့် အကြောင်းနှင့်အကျိုး ပတ်သက်မှုတစ်ခု ရှိနေသည်ဟု ကုအန် ခံစားရသည်။ သူ၏ ကျင့်ကြံမှုအဆင့် တက်လာသည်နှင့်အမျှ ဤခံစားချက်မှာ ပိုမို အားကောင်းလာခဲ့၏။

ပေတစ်ထောင် လက်ညှိုးကြီးကို မှီလျက် ငိုကြွေးနေသော ကလေးငယ်ကို သူ ဆက်လက် ကြည့်ရှုနေမိသည်။

ကလေးငယ်သည် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော စွမ်းအားကို သတိမပြုမိဘဲ သူ၏ ခံစားချက်များကို ထုတ်ဖော်ပြသရာ၌သာ အာရုံစိုက်နေပုံရ၏။

ကုအန်သည် သက်တမ်းအဆင့်ချိုးဖျက်ခြင်းက တစ်စုံတစ်ယောက်ကို ပြင်ပသို့ ပို့ဆောင်ပေးနိုင်ခြင်း ရှိမရှိ သိချင်နေမိသည်။

ထိုအတွေး ဝင်လာသည်နှင့် သူ အဖြေရလိုက်သည်။

မရပေ။

ဤအဖြေသည် သူ၏ စိတ်ထဲတွင် အကြောင်းမဲ့ ပေါ်လာခြင်းဖြစ်ပြီး သက်တမ်းအဆင့်ချိုးဖျက်ခြင်းမှ တုံ့ပြန်မှုတစ်ခု ဖြစ်နိုင်သည်။

အဖြေရလိုက်သဖြင့် သူ မဆင်မခြင် မလုပ်ရဲတော့ပေ။

မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်းသည် ရိုးရှင်းသော နေရာမဟုတ်ချေ။ ဤနေရာသည် တိုက်ရိုက် ထွက်ခွာ၍မရနိုင်အောင် ပိတ်ဆို့ထားသော ကျဥ်းထောင်နယ်မြေတစ်ခုနှင့် တူနေသည်။

အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ ကလေးငယ် ငိုကြွေးမှု ရပ်တန့်သွားသည်။ သူသည် လက်ညှိုးနံရံကို မှီလျက် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

ကုအန်သည် ကလေးငယ်၏ ကံကြမ္မာကို တွက်ချက်ကြည့်လိုက်သော်လည်း ယခင်ကကဲ့သို့ပင် မည်သည့်အရာမှ မပေါ်လာခဲ့ပေ။ သူသည် ပေတစ်ထောင် လက်ညှိုးကြီးဘက်သို့ လှည့်ကြည့်လိုက်ပြီး ဆက်လက် တွက်ချက်လိုက်သည်။

"ဟူးးးး"

ကုအန် အာမေဋိတ်သံ ပြုလိုက်ပြီး သူ၏ မျက်နှာထား တည်ကြည်လေးနက်သွားသည်။

ဤပေတစ်ထောင် လက်ညှိုးကြီးသည် နောင်တစ်ချိန်တွင် မျှော်လင့်ချက်မဲ့ ကောင်းကင်သင်္ချိုင်းမှ ဖောက်ထွက်လာပြီး မဟာကမ္ဘာတစ်ထောင်ပေါ်သို့ ကျရောက်လာလိမ့်မည်။ ၎င်းသည် ကောင်းကင်နှင့် ကမ္ဘာအနှံ့အပြားသို့ ကြီးမားသော ကပ်ဘေးတစ်ခု သယ်ဆောင်လာလိမ့်မည် ဖြစ်သည်။

မရေမတွက်နိုင်သော သက်ရှိများ မကောင်းမှုထဲသို့ ကျရောက်သွားသည်ကို သူ မြင်တွေ့လိုက်ရပြီး အမှောင်စွမ်းအားတစ်ခုက မဟာကမ္ဘာတစ်ထောင်၏ အစိတ်အပိုင်းများကို ဝါးမြိုသွားသည်ကိုလည်း မြင်တွေ့လိုက်ရသည်။

သူ တွက်ချက်မှုကို ရပ်တန့်လိုက်ပြီး မျက်မှောင်ကြီးများ တွန့်ချိုးထားမိသည်။

ဤလက်ညှိုးသည် ယောင်ရွှမ်နတ်မိမယ်ပိုင်ဆိုင်သည်။ ၎င်းကို အသုံးပြု၍ အနာဂတ်တွင် ယောင်ရွှမ်နတ်မိမယ်ကို သူ ရှာဖွေနိုင်ပေလိမည်။

သို့သော် ၎င်းသည် မရေမတွက်နိုင်သော သက်ရှိများအတွက် ပြုပြင်မရနိုင်သော ဘေးဒုက္ခများ သယ်ဆောင်လာမည်ဖြစ်ရာ ကုအန်အနေဖြင့် ယူဆောင်သွား၍ မရနိုင်ချေ။

သေချာ စဉ်းစားပြီးနောက် ကုအန်သည် ပေတစ်ထောင် လက်ညှိုးကြီးနှင့် ကလေးငယ်ကို လောလောဆယ် ထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။

စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် ကုအန်သည် ပြန်လည်ပို့ဆောင်ရန် ရွေးချယ်လိုက်သည်။

ဤပို့ဆောင်မှုအတွက် နောက်ထပ် သက်တမ်း ၁၀ ဘီလီယံ ကုန်ကျခဲ့သည်။

သို့သော် ယခုအခါ သူသည် ကောင်းကင်ဖွင့် တာလော့အမတအဆင့် ပြည့်စုံခြင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး အဆင့်ခွဲတစ်ခု တက်လှမ်းခြင်းကပင် သူ၏ စွမ်းအားကို များစွာ တိုးတက်စေခဲ့သည်။

ကောင်းကင်စိတ်ဝိညာဉ် မဟာကမ္ဘာသို့ ပြန်ရောက်လာပြီး မျက်လုံးများ ဖွင့်လိုက်သောအခါ ပတ်ဝန်းကျင် အခြေအနေမှာ ပြောင်းလဲခြင်း မရှိသော်လည်း ကောင်းကင်စိတ်ဝိညာဉ် မဟာကမ္ဘာမှာ အားနည်းသွားသကဲ့သို့ ခံစားလိုက်ရ၏။ မဟာကမ္ဘာတစ်ထောင်၏ ဤအစိတ်အပိုင်းမှာ အလွန် ကျိုးပဲ့လွယ်နေသဖြင့် သူ၏ အတွေးတစ်ချက်တည်းဖြင့်ပင် ပျက်စီးသွားနိုင်လောက်သည်။

သူသည် သဘာဝတရားကို ခံစားရင်း ရှောင်လန်၏ ကျင့်ကြံမှုအဆင့် တည်ငြိမ်သွားမည့်အချိန်ကို စောင့်ဆိုင်းရန်အတွက် တစ်နေရာသို့ လျှောက်သွားလိုက်သည်။

ကျင့်ကြံခြင်း လမ်းခရီးသည် မြစ်တစ်စင်းနှင့်တူပြီး ကျင့်ကြံသူများစွာ ရွက်လွှင့်နေကြသူများဖြစ်သည်။ အချို့က မြန်မြန် ရွက်လွှင့်နိုင်ကြပြီး အချို့က အခြားသူများကို ကျော်တက်သွားကြကာ အချို့မှာမူ နစ်မြုပ်သွားကြသည်။

ကုအန်သည် ကောင်းကင်စိတ်ဝိညာဉ် မဟာကမ္ဘာမှ သက်ရှိသတ္တဝါများကို ငုံ့ကြည့်ရင်း ဘဝ၏ အခြေအနေအမျိုးမျိုးကို တွေးတောဆင်ခြင်နေသည်။ ဤဖြစ်စဉ်က သူ့ကို လောက၏ အနှစ်သာရကို နားလည်စေသည်။

ကောင်းကင်နှင့်မြေကြီး မွေးဖွားခြင်းမှာ သူ့အတွက် မခက်ခဲသော်လည်း ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းများ လည်ပတ်ပုံတွင် ပိုမိုနက်နဲသော တာအိုသဘောတရားများ ပါဝင်နေလေသည်။

ကောင်းကင်နှင့်မြေကြီးများမှာ မရေမတွက်နိုင်အောင် များပြားလှသော်လည်း လည်ပတ်ပုံ စည်းမျဉ်းများမှာမူ အများအားဖြင့် ဆင်တူကြသည်။

ထိုအရာများ၏ အလယ်တွင် အရာအားလုံးကို ထောက်ပံ့ပေးထားသော ပိုမို သာလွန်သည့် စွမ်းအားတစ်ခု ရှိနေနိုင်သည်။

ကုအန်သည် ပေတစ်ထောင် လက်ညှိုးကြီးပေါ်မှ လျှို့ဝှက်ဆန်းကြယ်သော မဟာတာအို အရှိန်အဝါကို သတိရလိုက်မိသည်။

အဲဒါ ဘယ်လို မဟာတာအိုမျိုးလဲ... ဘာလို့ အဲဒီလောက် ထူးဆန်းနေရတာလဲ...

အချုပ်အနှောင်မဲ့အမတသို့ ရောက်ရှိပြီးနောက် ရှောင်လန်မှာ အလွန် စိတ်လှုပ်ရှားနေပြီး ပညာရှိ စုနှင့် အခြားတပည့်များကို သွားရောက်တွေ့ဆုံရန် ကုအန်ကို အတင်းဆွဲခေါ်သွားခဲ့သည်။

ပညာရှိ စုနှင့် အခြား အချုပ်အနှောင်မဲ့အမတ ဆရာများက ဤနေ့ရက် ရောက်လာမည်ကို ကြိုသိထားကြသော်လည်း ဤမျှ မြန်ဆန်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။

ရှောင်လန် ချီသန့်စင်ခြင်းအဆင့်တွင် ရှိနေစဉ်က ပညာရှိ စုသည်အချုပ်အနှောင်မဲ့အမတသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယခု ရှောင်လန် အချုပ်အနှောင်မဲ့အမတသို့ ရောက်ရှိချိန်တွင် ပညာရှိ စုမှာ အချုပ်အနှောင်မဲ့အမတ၌သာ ရှိနေဆဲပင်။

ဆရာတပည့် ဆက်ဆံရေး ကောင်းမွန်သော်လည်း ပညာရှိ စု၏ ရင်ထဲတွင် ခံစားချက်များ ရောပြွန်းနေသည်။ သို့သော် သူမသည် ထိုခံစားချက်များကို ကောင်းစွာ ဖုံးကွယ်ထားနိုင်သည်။

ဘေးမှ ရပ်ကြည့်နေသော ကုအန်သည် ရှောင်လန်ကို ဂုဏ်ပြုနေကြသူများကို ကြည့်ရင်း ဘဝဆိုသည်မှာ မတရားပါလားဟု တွေးမိကာ ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။

ထို့နောက် ရှောင်လန်သည် ရှောင်အိမ်တော်သို့ ပြန်လည်လည်ပတ်လိုကြောင်း ပြောသဖြင့် ပညာရှိ စုက မကန့်ကွက်ခဲ့ချေ။ ရှောင်လန်၏ လက်ရှိ ကျင့်ကြံမှုအဆင့်နှင့်ဆိုလျှင် သူမ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီ ဖြစ်သည်။ ပညာရှိ စုက သတိပေးစကားအချို့ ပြောကြားပြီးနောက် ရှောင်လန်နှင့် သူမ၏ အဖော် ထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။

အလယ်အလတ်အရွယ် အမျိုးသမီး ကျင့်ကြံသူတစ်ဦးက ခံစားချက်ပါပါ ပြောလိုက်၏။

"သူမက အချုပ်အနှောင်မဲ့အမတ ဖြစ်နေပြီ ဆိုပေမဲ့ ကုအန်ဆိုတဲ့ ကောင်လေးကို ရတနာလို သဘောထားတုန်းပဲ... ကုအန်က သူ့ကို ဘယ်လို ပြုစားထားမှန်း မသိပါဘူး"

ရှောင်လန် အချုပ်အနှောင်မဲ့အမတ မဖြစ်မီက ကုအန်သည် သူမအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာမည်ကို သူတို့ စိုးရိမ်ခဲ့ကြသည်။

ယခုအခါတွင်မူ ကုအန်အပေါ်ထားရှိသော ရှောင်လန်၏ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာကို သူတို့ အံ့ဩနေမိကြ၏။ ထိုကဲ့သို့သော ခံစားချက်မျိုးမှာ ရှားပါးလှသည် မဟုတ်ပါလား။

အကယ်၍ သူတို့ ဆက်လက် လက်တွဲသွားနိုင်ပါက လှပသော ပုံပြင်လေးတစ်ပုဒ် ဖြစ်လာပေလိမည်။

အပြန်ခရီးတွင် တိမ်တိုက်များကို စီးနင်းသူမှာ ရှောင်လန်ပင် ဖြစ်ပြီး သူမ၏ စိတ်အခြေအနေမှာ အနည်းငယ် မငြိမ်မသက် ဖြစ်နေသည်။ အဆင့်တက်ခြင်းကြောင့် ရရှိသော စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားပြီး အိမ်ပြန်ရမည်ဖြစ်၍ စိုးရိမ်စိတ်များ ဝင်ရောက်လာခြင်း ဖြစ်သည်။

နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီဖြစ်ရာ သူမ၏ မိဘများ ကွယ်လွန်သွားပြီဖြစ်ကြောင်း သူမ သိရှိထားသည်။ ရှောင်အိမ်တော် မရှိတော့မည်ကို၊ ရှောင်မိသားစု၏ မျိုးဆက်များ သူမကို မေ့သွားကြမည်ကို သူမ ကြောက်ရွံ့နေမိ၏။

"စိတ်မပူပါနဲ့... ဘာပြဿနာမှ ရှိမှာ မဟုတ်ပါဘူး... ပါရမီရှင်တွေမှာ ကိုယ်ပိုင် ကံတရား ရှိတယ်လို့ ပြောကြတယ်... အဲဒီ မမြင်ရတဲ့ စွမ်းအားက မင်းရဲ့ ပတ်ဝန်းကျင်က လူတွေကို ကာကွယ်ပေးနိုင်တယ်" ကုအန်က နှစ်သိမ့်ပေးလိုက်သည်။

ရှောင်လန်က ကုအန်ကို ကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

"အစ်ကိုကု... ရှင်မှာ နောင်တရစရာတွေ မရှိဘူးလား"

ငယ်စဉ်ကတည်းက ကုအန်သည် သူမ၏ ဘေးတွင် အမြဲ ရှိနေခဲ့သည်။ သူ ဝမ်းနည်းတာ၊ စိတ်ဓာတ်ကျတာ၊ ဒေါသထွက်တာမျိုး သူမ တစ်ခါမှ မမြင်ဖူးချေ။

သူသည် အမြဲတမ်း နူးညံ့သိမ်မွေ့ပြီး ရွှင်လန်းနေတတ်သည်။ အပျက်သဘောဆောင်သော ခံစားချက် အရိပ်အယောင်လေး တစ်ခုတောင် မမြင်ရပေ။

အခုချိန် ပြန်စဉ်းစားကြည့်လျင် ကုအန်မှာ မယုံနိုင်လောက်အောင် ပြီးပြည့်စုံလွန်းနေခဲ့သည်။

ရှောင်လန်၏ မျက်လုံးများထဲမှ စူးစမ်းလိုစိတ်များ ပိုမို ပြင်းထန်လာပြီး ကုအန်ကို ဖောက်ထွင်းမြင်ချင်နေသကဲ့သို့ ရှိနေသည်။

"ရှိတာပေါ့... မင်း ကြုံတွေ့ခဲ့သမျှ အရာအားလုံးကို ငါလည်း ကြုံတွေ့ခဲ့ဖူးတယ်... အများကြီး ကြုံတွေ့ပြီး လက်လွှတ်တတ်လာရင် သိပ်ပြီး ဝမ်းနည်းတော့မှာ မဟုတ်ဘူး" ကုအန်က ပြန်ဖြေလိုက်သည်။

ထိုစကားက ရှောင်လန်ကို ပိုမို ဇဝေဇဝါ ဖြစ်စေသဖြင့် သူမက မေးလိုက်၏။

"ရှင်က ကျွန်မထက် အသက် ၂၀ လောက်ပဲ ပိုကြီးတာလေ... ဘာလို့ နှစ်ထောင်ချီ ပိုကြီးတဲ့လူလို ပြောနေရတာလဲ..."

ကုအန် ရယ်မောလိုက်ပြီး ၏"အိပ်မက်ထဲမှာ ငါက မင်းထက် ပိုပြီး ကြုံတွေ့ခဲ့ရတယ်လေ..."

"တကယ်လား..."

"လန်အာ... အမတကျင့်ကြံခြင်းလမ်းစဉ်မှာ မင်းရဲ့ ရည်မှန်းချက်က ဘာလဲဆိုတာ တွေးဖူးလား..."

"တွေးဖူးတာပေါ့..."

"ပြောပြပါဦး..."

"ကျွန်မ တာအိုခုံရုံးရဲ့ သခင် ဖြစ်ချင်တယ်..."

ရှောင်လန်က ဂုဏ်ယူဝင့်ကြွားသော အပြုံးဖြင့် ပြောလိုက်ရာ ကုအန် ငေးငိုင်သွားမိသည်။

ရဲလန်သည် အာဏာကို အမြဲတမ်း မက်မောခဲ့သူ ဖြစ်သည်။ ဘဝအဆက်ဆက် ပြောင်းလဲခဲ့သော်လည်း အချို့အရာများက ပြောင်းလဲခြင်း မရှိပုံရ၏။

အာဏာမက်မောခြင်းက မကောင်းသော အရာမဟုတ်ပေ။ လူဆိုသည်မှာ ဘဝတွင် ရည်မှန်းချက် ရှိသင့်သည် မဟုတ်ပါလား။

"ငါ အသက်ရှင်နေတုန်း မင်း အောင်မြင်တာကို မြင်ချင်ပါတယ်..." ကုအန်က ရိုးသားစွာ ပြောလိုက်ရာ ရှောင်လန် ဖိအားများ ခံစားလိုက်ရသည်။

ဟုတ်တယ်... သူမရဲ့ အနာဂတ်က တောက်ပနေပေမယ့် အစ်ကိုကုအတွက်တော့ မသေချာဘူး။

ကုအန် ဝမ်းနည်းသွားမည်ကို စိုးရိမ်သဖြင့် ရှောင်လန် စကားလမ်းကြောင်း လွှဲလိုက်သည်။

ကမ္ဘာဦးခေတ်သစ်မှ ပါရမီရှင်များသည် ယခင်ခေတ်က ပါရမီရှင်များထက် များစွာ သာလွန်နေသဖြင့် ကျော်ကြားမှု လမ်းခရီးသည် သဘာဝကျကျပင် ပိုမို ခက်ခဲမည် ဖြစ်သည်။ ရှောင်လန်၏ ဂုဏ်သတင်းမှာ တာအိုခုံရုံးအတွင်း၌ ပျံ့နှံ့နေပြီ ဖြစ်သော်လည်း ကမ္ဘာလောက၏ မျက်လုံးထဲတွင်မူ သူမကို မသိရှိကြသေးပေ။

သူမသည် စမ်းသပ်မှုများ ပြုလုပ်ရန်၊ ရတနာများ ယှဉ်ပြိုင်လုယူရန်၊ လူဆိုးများကို အပြစ်ပေးပြီး မကောင်းမှုကို ဖယ်ရှားရန်အတွက် အပြင်ထွက်တော့မည် ဖြစ်သည်။ ပုံပြင်များထဲမှ အမတများကဲ့သို့ပင်။

သို့သော် သူမသည် ကုအန်အတွက် စိုးရိမ်နေမိ၏။

ကုအန်က စိတ်ချလက်ချ သွားနိုင်ကြောင်းနှင့် သူမကို ကျင့်ကြံခြင်းဂူထဲတွင် စောင့်နေမည်ဖြစ်ကြောင်း ပြောလိုက်မှသာ သူမ စိတ်သက်သာရာ ရသွားခဲ့သည်။

ရတနာများအတွက် စမ်းသပ်မှုများ ပြုလုပ်ခြင်းသည် တိုက်ပွဲများ ဖြစ်ပွားစေမည်မှာ မလွဲမသွေပင်။ သူမအနေဖြင့် ကုအန်၏ လုံခြုံရေးကို အာမခံနိုင်ခြင်း မရှိပေ။ ထို့အပြင် သူ အထင်လွဲသွားမည်ကိုလည်း စိုးရိမ်နေသဖြင့် တွန့်ဆုတ်နေမိခြင်း ဖြစ်သည်။

"ဒါနဲ့... အစ်ကိုကု... ဒီဝိညာဉ်ဖြူဓားရဲ့ ဇစ်မြစ်က ဘာလဲဟင်" ရှောင်လန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ဝိညာဉ်ဖြူဓားတွင် ထူးခြားချက် တစ်စုံတစ်ရာ ရှိနေကြောင်း သူမ သတိပြုမိနေပြီ ဖြစ်သည်။

"ဒီဓားကို ငါ့ကို ပေးခဲ့တဲ့လူက အမတတစ်ပါးဆီက ရခဲ့တာလို့ ပြောတယ်... မင်းနဲ့အတူ ကျင့်ကြံခြင်းလမ်းစဉ်ကို မလျှောက်လှမ်းခင်အထိ ငါ မယုံခဲ့ဘူး... သူ့ရဲ့ ဇစ်မြစ်ကို မင်းဘာသာ ရှာဖွေရလိမ့်မယ်... ငါလည်း ဘာမှ မတတ်နိုင်ဘူး"

အခန်း ၆၂၀ ခံစားချက် ရှိခြင်းနှင့် မရှိခြင်း

နှစ်ပေါင်းထောင်ချီ ကုန်ဆုံးသွားပြီးနောက် ရှောင်အိမ်တော်သည် လုံးဝ ပြောင်းလဲသွားခဲ့ပြီး ယခုအခါ ဒေသတွင်းတွင် အစွမ်းအထက်ဆုံး ကျင့်ကြံရေးမိသားစုဖြစ်သော ရှောင်မြို့ဟု လူသိများလာခဲ့သည်။ သူတို့၏ အဆင့်အတန်း မြင့်မားနေသော်လည်း ရှောင်မိသားစု၏ မျိုးဆက်များသည် ရှောင်လန်ကို အမြဲတမ်း သတိရနေကြပြီး သူမ၏ ပုံတူပန်းချီကားသည် ဘိုးဘေးခန်းမတွင် တည်ရှိနေကာ နောင်လာနောက်သားများ ကိုးကွယ်ရန်အတွက် ထားရှိထားဆဲ ဖြစ်သည်။

ရှောင်လန်သည် စိတ်လှုပ်ရှားနေသော ရှောင်မိသားစု၏ မျိုးဆက်များကို ကြည့်ရင်း သူမ၏ မောင်နှမများကို သတိရမိသဖြင့် မျက်ရည်များ ဝဲလာခဲ့သည်။

သူမ၏ ကျင့်ကြံမှုအဆင့်မှာ မြင့်မားပြီး ရှောင်မိသားစုဝင်များထက် အသက်ရှည်ရှည် နေထိုင်ခဲ့ရသော်လည်း အမှန်တကယ်တွင် သူမသည် အခက်အခဲများစွာ မကြုံတွေ့ခဲ့ရဘဲ ဘဝ၏ အချိန်အများစုကို တံခါးပိတ်ကျင့်ကြံရင်း ကုန်ဆုံးခဲ့သဖြင့် ငယ်ရွယ်သော မိန်းကလေးတစ်ဦး၏ စိတ်နေစိတ်ထား ရှိနေဆဲပင် ဖြစ်သည်။

ကုအန်သည် ရှောင်လန်ကို မိသားစုဝင်များ ဝိုင်းရံထားသည်ကို ကြည့်ရင်း ပြုံးလိုက်မိသည်။

သူ့အတိတ်ဘဝက ရဲလန်သည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို အိပ်မက်မက်ခဲ့ဖူးသော်လည်း ကံဆိုးစွာဖြင့် သူမတွင် သက်ရှိထင်ရှား ကျန်ရစ်သော မိသားစုဝင်များ မရှိခဲ့သလို မျိုးဆက်များလည်း မရှိခဲ့ချေ။

ရှောင်လန်သည် ရှောင်မြို့တွင် တစ်လကြာ နေထိုင်ခဲ့ရာ မြို့သူမြို့သားအားလုံးက ရှောင်မိသားစု၏ ရှေးဟောင်းဘိုးဘေး ပြန်လာကြောင်း သိရှိသွားကြပြီး အခြားမြို့များနှင့် ဂိုဏ်းများမှ ကျင့်ကြံသူများပင် လာရောက် ဂါရဝပြုကြသည်။

ထိုတစ်လအတွင်း ကုအန်သည် ရှောင်လန်ကို နေ့တိုင်း မြင်တွေ့နေရသော်လည်း ရှောင်မိသားစုဝင်များ အလွန် စိတ်အားထက်သန်နေသဖြင့် အတိတ်ကကဲ့သို့ အတူတကွ အချိန်မကုန်ဆုံးနိုင်ခဲ့ကြချေ။

ရှောင်မြို့မှ ထွက်ခွာလာသောအခါ ရှောင်လန်သည် တိမ်တိုက်များပေါ်တွင် ရပ်လျက် လက်နှစ်ဖက်ကို မြှောက်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"အခုကစပြီး ငါ့မှာ ရည်မှန်းချက်အသစ် ရှိပြီ... တာအိုခုံရုံးရဲ့ သခင်ဖြစ်ဖို့တင် မကဘူး... ရှောင်မိသားစုကို ထာဝရ ကြီးပွားတိုးတက်တဲ့ ကျင့်ကြံရေးမိသားစုကြီး ဖြစ်လာအောင် ကူညီပေးမယ်"

သူမ၏ တစ်ကိုယ်လုံးတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေပြီး ပါရမီရှင်များတွင်သာ ရှိသော အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။

ရှောင်လန်၏ ကြီးမားသော ရည်မှန်းချက်ကို ကုအန် သဘောကျမိသည်။ ဤသည်မှာ လူသားတို့၏ သာမန် ခံစားချက်တစ်ခု ဖြစ်ပြီး သူ အဓိပတိဂိုဏ်းကို စောင့်ရှောက်ပေးသကဲ့သို့ပင် ဖြစ်သည်။

ကုအန်သည် သူ၏ ကိုယ်ပိုင် ပြဿနာများကိုလည်း သိရှိထားသည်။ သူသည် ဝင်ရောက်မစွက်ဖက်ပါဟု အမြဲ ပြောလေ့ရှိသော်လည်း အမြဲတမ်း ဝင်ရောက်ကူညီမိနေသည်။

လုံထန်သည် အကောင်းဆုံး ဥပမာပင်။

တာအိုဆရာတစ်ဦး၏ ကျင့်ကြံမှုအဆင့် မည်မျှပင် မြင့်မားနေပါစေ သူတို့သည် နီးစပ်သူများကို အမြဲတမ်း စောင့်ရှောက်ပေးလေ့ ရှိသည်။

ကုအန် မေးခွန်းတစ်ခုကို ရုတ်တရက် တွေးမိလိုက်သည်။

အမတနတ်ဘုရားတွေမှာ ခံစားချက် ရှိတာ ကောင်းလား... မရှိတာ ကောင်းလား။

ကောင်းကင်တာအိုနဲ့ မဟာတာအိုမှာ ခံစားချက် ရှိလား။

ကုအန် နက်နက်ရှိုင်းရှိုင်း တွေးတောနေစဉ် ရှောင်လန်ကမူ သူ ဘာတွေးနေမှန်း မသိဘဲ သူမ၏ ကြီးမားသော ရည်မှန်းချက်များကို ဆက်လက် ပြောပြနေသည်။ ကောင်းကင်နှင့် မြေကြီးက သူမ၏ ဆုံးဖြတ်ချက်ကို သက်သေအဖြစ် မှတ်ယူစေလိုသည့်အလား အော်ဟစ်ပြောဆိုနေ၏။

ထိုက်ချန်မင်းဆက်၏ နန်းတော် ခန်းမဆောင်ကြီးအတွင်း၌ အရပ်ဘက်နှင့် စစ်ဘက် အရာရှိ ထောင်ပေါင်းများစွာသည် ဘေးတစ်ဖက်တစ်ချက်တွင် ရပ်လျက် ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဝင်ရောက်လာသည်ကို ကြည့်ရှုနေကြသည်။

ထိုအမျိုးသားမှာ လုံထန် ဖြစ်သည်။ သူသည် ထူထဲသော ငွေရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး ငွေရောင်နဂါးတစ်ကောင် သူ့ကို ရစ်ပတ်ထားသကဲ့သို့ ဖြစ်နေသည်။ သူ၏ ဦးထုပ်တွင် ဖီးနစ်အတောင်ပံနှစ်ခု တပ်ဆင်ထားပြီး အဖြူရောင် ဝတ်ရုံရှည်ကြီးမှာ သက်ရှိတစ်ခုကဲ့သို့ လွင့်မျောနေ၏။

လှေကားထစ်များ၏ ရှေ့တွင် ဧကရာဇ်ဝတ်ရုံ ဝတ်ဆင်ထားသော လီရွှမ်တောက်သည် လုံထန်ကို ကြည့်ရင်း ဂုဏ်ယူဝင့်ကြွားသော အပြုံးဖြင့် ပြည့်နှက်နေသည်။

ယန်ကျန့်သည်လည်း ခန်းမဆောင်အတွင်း ရပ်နေပြီး စစ်သူကြီးတစ်ဦးနှင့် မတူဘဲ အရာရှိဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူသည် လုံထန်ကို အကဲခတ်ကြည့်ရှုပြီး ခေါင်းအနည်းငယ် ညိတ်လိုက်၏။

ယခင်က လုံထန်နှင့်အတူ တာအိုခုံရုံးသို့ လိုက်ပါခဲ့သော လီယုလည်း ရောက်ရှိနေသည်။ သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်နေပြီး လုံထန်ကို လက်ပြနှုတ်ဆက်လိုက်၏။

လုံထန်သည် တည်ငြိမ်စွာဖြင့် လှေကားထစ်များဆီသို့ လျှောက်သွားပြီး ဒူးထောက်ကာ လီရွှမ်တောက်ကို အရိုအသေပြုလိုက်သည်။

လီရွှမ်တောက်က ပြုံး၍ ပြောလိုက်သည်။

"ထပါ... မင်းရဲ့ တိုက်ပွဲစွမ်းဆောင်ရည်တွေက ငါ့ကို ကျေနပ်စေတယ်..."

လုံထန် မတ်တတ်ထရပ်လိုက်သည်ကို မြင်သောအခါ အသက်ကြီးသော အရာရှိတစ်ဦးက စာလိပ်တစ်ခုကို ထုတ်ယူပြီး ဖတ်လိုက်၏။

"မဟာတပ်ဗိုလ်ချုပ်ကြီး လုံထန်သည် ရေမိစ္ဆာနယ်မြေကို ရှင်းလင်းခဲ့ပြီး အမှောင်မိစ္ဆာဧကရာဇ်ကို ခေါင်းဖြတ်သတ်ခဲ့ကာ ပင်လယ်ခုနစ်စင်းကို တုန်လှုပ်စေခဲ့ပြီး ထိုက်ချန်း၏ အာဏာစက်ကို မြှင့်တင်ပေးခဲ့သဖြင့် ကောင်းကင်ချီးကျူး ရေတပ်ဗိုလ်ချုပ်ကြီး ဘွဲ့တံဆိပ်နှင့် ပထမအဆင့် ရာထူးကို ချီးမြှင့်လိုက်သည်။ ထိုက်ချန်၏ ကံတရားကို ထာဝရ ခံစားခွင့်ရရှိမည်ဖြစ်ပြီး သူ၏ နတ်ဘုရားရုပ်တုကို နတ်စစ်သည်တော်အိမ်တော်တွင် ထားရှိမည် ဖြစ်သည်"

သူ၏ အသံမှာ အားကောင်းပြီး ခန်းမဆောင်ကြီးအတွင်း ပဲ့တင်ထပ်သွားသဖြင့် အရာရှိများကြားတွင် ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေသည်။

အများစုမှာ မယုံကြည်နိုင် ဖြစ်နေကြ၏။ ဧကရာဇ်က လုံထန်ကို ရက်ရက်ရောရော ဆုချမည်ဟု သိထားသော်လည်း ဤမျှလောက်အထိ ဖြစ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။

ပထမအဆင့် ရာထူးဆိုသည်မှာ တစ်ယောက်အောက် လူအများအထက် ဖြစ်သည်။

မဟာတပ်ဗိုလ်ချုပ်ကြီး ရာထူးကို ယခင်က ယန်ကျန့်တစ်ဦးတည်းသာ ရရှိခဲ့ဖူးသည်။

အရာရှိများ၏ အံ့ဩမှုကို လီရွှမ်တောက် အလွန် ကျေနပ်နေသည်။ သူသည် လုံထန်ကို အမြင့်ဆုံးသို့ တင်ပေးပြီး ကမ္ဘာပေါ်ရှိ လူတိုင်း လုံထန်၏ အမည်ကို သိရှိစေရန် ရည်ရွယ်ထားသည်။

မနာလိုမှုများ၊ မထီမဲ့မြင်ပြုမှုများ ရှိနေပါစေ၊ လုံထန်သည် အမြင့်သို့ ပျံသန်းရမည့် ကံပါလာပြီးသားပင် ဖြစ်သည်။

လီရွှမ်တောက်သည် ညာဘက်လက်ကို မြှောက်လိုက်ရာ ဓားပုံသဏ္ဌာန် ရွှေရောင်အမိန့်တော်တစ်ခု ကောင်းကင်မှ ဆင်းသက်လာပြီး လုံထန်၏ ရှေ့သို့ ကျရောက်လာသည်။

"ဒီနေ့ကစပြီး ဒီအမိန့်တော်ကို အသုံးပြုကာ ဘယ်တပ်ဖွဲ့ကိုမဆို ကွပ်ကဲနိုင်တယ်... ဒီအမိန့်တော်ကို မြင်တာနဲ့ ငါ့ကို မြင်တာလို့ သတ်မှတ်ရမယ်... အရင်စီရင်ပြီးမှ နောက်မှ အစီရင်ခံလို့ ရတယ်..." လီရွှမ်တောက်၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်သွားပြီး ခန်းမဆောင်ကြီးအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ ယန်ကျန့်ပင်လျှင် အံ့အားသင့်သွားရ၏။

လီယုမှာမူ မှင်သက်နေသည်။ ဧကရာဇ်က ဤမျှလောက်အထိ လုပ်ဆောင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သို့သော် လုံထန်နှင့် ကုအန်တို့၏ ဆက်ဆံရေးကို စဉ်းစားလိုက်သောအခါ သင့်လျော်သည်ဟု ယူဆလိုက်သည်။

ထိုက်ချန်မင်းဆက်သည် အစွမ်းထက်သော်လည်း ကမ္ဘာကို လွှမ်းမိုးရန် အလှမ်းဝေးနေသေးသည်။ ဆရာသခင်ဓားအရှင်၏ ထောက်ပံ့မှုဖြင့်သာ မျှော်လင့်ချက် ရှိနိုင်ပေလိမည်။

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး..."

လုံထန်သည် အမိန့်တော်ကို လက်ခံလိုက်ပြီး သူ၏ အသံမှာ တည်ငြိမ်ပြတ်သားနေသည်။

သူ အမိန့်တော်ကို လက်ခံလိုက်သောအခါ ဧကရာဇ်သည် ယခုနှစ်များအတွင်း လုံထိန်ကို မျက်နှာသာပေးရုံသာမက အခြားသော လုံမိသားစုဝင်များကိုပါ ရာထူးတိုးမြှင့်ပေးခဲ့သဖြင့် ထိုက်ချန်းမင်းဆက်တွင် ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတော့မည်ဟု အရာရှိများ ခံစားလိုက်ကြရသည်။

လုံထန်သည် ကောင်းကင်ကောင်းချီး မဟာဗိုလ်ချုပ်ကြီးအဖြစ် ခန့်အပ်ခံရပြီးနောက် လုံမိသားစုသည် ထိုက်ချန်မင်းဆက်၏ ထိပ်တန်းအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားပြီဖြစ်ရာ ပိုမိုနက်ရှိုင်းသော မိသားစုနောက်ခံရှိသူများပင် လုံမိသားစုကို အလေးအနက်ထား ဆက်ဆံရတော့မည် ဖြစ်သည်။

ရွှီး...

ပြင်းထန်သော လေတစ်ချက် ခန်းမဆောင်ကြီးထဲသို့ တိုက်ခတ်လာသဖြင့် လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။

လုံထိန် လှည့်ကြည့်လိုက်ပြီး မျက်လုံးများကို မှေးစင်းထားလိုက်၏။

ရုတ်တရက် ပုံရိပ်တစ်ခု သူ၏ ရှေ့တွင် ပေါ်လာပြီး လက်ဝါးဖြင့် တွန်းထုတ်လိုက်သည်။ ထိုသူမှာ ယန်ကျန့် ဖြစ်သည်။

ယန်ကျန့် လက်ဝါးရိုက်လိုက်သောအခါ ကြီးမားသော ကျင့်စဉ်စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး မမြင်ရသော ဖြစ်တည်မှုတစ်ခုကို တိုက်ခိုက်လိုက်သကဲ့သို့ စွမ်းအင်မြူခိုးများအဖြစ် ပြန့်ကျဲသွားသည်။

"ငါ့ရဲ့ မိစ္ဆာစစ်သည်တွေကို သတ်ဖြတ်ပြီးတော့ ကြွားဝါချင်နေသေးတာလား... ရယ်စရာပဲ..."

အေးစက်သော လှောင်ရယ်သံ ထွက်ပေါ်လာပြီး ယန်ကျန့်၏ မျက်နှာ ပြောင်းလဲသွားသည်။ စွမ်းအားကြီးမားသော မိစ္ဆာစွမ်းအားတစ်ခုက သူ၏ ကျင့်စဉ်စွမ်းအားကို ဖြိုခွင်းလိုက်ပြီး သူ့ကို နောက်ဆုတ်သွားစေသည်။

သူ နောက်ဆုတ်လိုက်သောအခါ လုံထန်နှင့် မတိုက်မိဘဲ လုံထန် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။

နဂါးပလ္လင်ပေါ်ရှိ လီရွှမ်တောက်သည်လည်း ကျင့်စဉ်စွမ်းအားကို စုစည်းရန် ကြိုးစားသော်လည်း ထိတ်လန့်စွာဖြင့် မတ်တတ်ထရပ်လိုက်မိသည်။

ဘေးတစ်ဖက်တစ်ချက်ရှိ ဝန်ကြီးများမှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး နာကျင်စွာ အော်ဟစ်နေကြ၏။

"ဧကရာဇ်ထိုက်ချန်း... ဒီနေ့ ဒါကို သတိပေးချက်လို့ မှတ်ယူလိုက်ပါ... မင်းရဲ့ ကောင်းကင်ကောင်းချီး မဟာဗိုလ်ချုပ်ကြီး သေကိုသေရမယ်... ပြီးတော့ သူ့အသားတွေကို ငါ့လက်အောက်ငယ်သားတွေကို ကျွေးပစ်မယ်..."

ထိုအေးစက်သော လှောင်ရယ်သံ ထပ်မံ ထွက်ပေါ်လာပြီး ခန်းမဆောင်အတွင်းရှိ မိစ္ဆာလေပြင်းများ ရပ်တန့်သွားသည်။ ယန်ကျန့်သည်လည်း အသံလာရာသို့ လိုက်လံဖမ်းဆီးရန် ခန်းမဆောင်ထဲမှ ပျောက်ကွယ်သွားတော့သည်။

လီရွှမ်တောက်သည် နဂါးပလ္လင်ရှေ့တွင် ရပ်လျက် မျက်မှောင်ကြုတ်ထားသော်လည်း ထိတ်လန့်ခြင်း မရှိပေ။ သူ၏ မျက်ဝန်းများတွင်မူ ထူးဆန်းသော အရောင်အဝါများ ရောနှောနေ၏။

လုံထန်သည် တမိစ္ဆာစွမ်းအားဖြင့် ချည်နှောင်ခံထားရပြီး ခုခံနိုင်စွမ်း ပျောက်ဆုံးနေသည်။ သူသည် မျက်လုံးများကိုပင် မဖွင့်နိုင်ဘဲ ကမ္ဘာကြီး လည်နေသကဲ့သို့၊ ဝိညာဉ် ပြောင်းပြန်လှန်နေသကဲ့သို့ ခံစားနေရ၏။

ဤခံစားချက်သည် အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေပြီး နောက်ဆုံးတွင် သူ မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။

မိစ္ဆာစွမ်းအားများ ပျောက်ကွယ်သွားသောအခါ သူ မျက်လုံးဖွင့်ကြည့်လိုက်ရာ မှိန်ပျပျ မြေအောက်ရင်ပြင်တစ်ခုတွင် ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။ ရင်ပြင်မှာ ကျယ်ဝန်းလှပြီး ရှေ့တွင် အချင်း ပေတစ်ထောင်ခန့်ရှိသော ယဇ်ပလ္လင်တစ်ခု ရှိနေသည်။ ယဇ်ပလ္လင်၏ နောက်တွင် ခမ်းနားထည်ဝါသော ကျောက်ရုပ်တုတစ်ခု ရှိနေပြီး ၎င်းမှာ အလွန် ကြမ်းတမ်းသော မိစ္ဆာတစ်ကောင် ဖြစ်ကာ ရုပ်တုမှပင် ကြီးမားသော ဖိနှိပ်မှုအရှိန်အဝါကို ထုတ်လွှတ်နေ၏။

လုံထန် လှည့်ကြည့်လိုက်ရာ အနီရောင်ကြိုးတစ်ချောင်းက သူ၏ သံချပ်ကာကို ရစ်ပတ်ထားပြီး ကျင့်စဉ်စွမ်းအားကို ပိတ်ဆို့ထားသဖြင့် သူ မတ်တတ်ထရပ်၍ မရနိုင်ကြောင်း တွေ့လိုက်ရသည်။

ရုတ်တရက် ပုံရိပ်တစ်ခု သူ၏ ရှေ့တွင် ပေါ်လာသည်။ ၎င်းမှာ သိမ်းငှက်ခေါင်းနှင့် မိစ္ဆာတစ်ကောင်ဖြစ်ပြီး ဖားလျားကျနေသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားကာ တောင်ငယ်တစ်လုံးခန့် ကြီးမားသည်။

လုံထန်ကို ကျောပေးထားသော မိစ္ဆာက ရုပ်တုဘက်သို့ လှည့်ကာ ပြောလိုက်၏။

"သခင်ကြီး... ကျွန်တော် တကယ် သည်းမခံနိုင်တော့ဘူး... ထိုက်ချန်မင်းဆက်ရဲ့ လွန်ကဲမှုတွေကို သည်းခံနိုင်ပေမဲ့ ဒီကောင်က ကျွန်တော့်ရဲ့ မိစ္ဆာစစ်သည်တွေကို သတ်ဖြတ်ခဲ့တယ်... သူ့ကို ကိုယ်တိုင် ဆုတ်ဖြဲပစ်မှ ဖြစ်မယ်..."

သူ၏ လေသံတွင် မကျေနပ်မှုများ ပြည့်နှက်နေသည်။

အက်ကွဲသော အသံတစ်သံ ထွက်ပေါ်လာ၏။

"ဒီလူ့နာမည်က ဘယ်သူလဲ... သူက အဲဒီပုဂ္ဂိုလ်နဲ့ ပတ်သက်မှု ရှိလား"

သိမ်းငှက်ခေါင်း မိစ္ဆာက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"သူ့နာမည်က လုံထန်ပါ... သူက အဲဒီပုဂ္ဂိုလ်နဲ့ ဘယ်လိုလုပ် ပတ်သက်နိုင်မှာလဲ... သခင်ကြီးက သတိထားလွန်းနေတာပါ... ဆရာသခင်ဓားအရှင်က ကောင်းကင်စိတ်ဝိညာဉ် မဟာကမ္ဘာကနေ ထွက်သွားတာ ကြာပါပြီ... သူသာ တကယ်ရှိနေရင် ကမ္ဘာကြီးကို စုစည်းမယ့်သူက တာအိုခုံရုံး မဟုတ်ဘဲ အဓိပတိဂိုဏ်း ဒါမှမဟုတ် ထိုက်ချန်းမင်းဆက် ဖြစ်နေလောက်ပြီပေါ့"

All Chapters