← Chapters

အခန်း (၆၂၁-၆၂၂)

Vol. 50 Ch. 621-622

အခန်း (၆၂၁-၆၂၂)

Vol. 50 Ch. 621-622

အခန်း ၆၂၁ မဟာကမ္ဘာတစ်ထောင်၏ နတ်ဘုရား

သိမ်းငှက်ခေါင်း မိစ္ဆာ၏ အသံသည် မြေအောက်ရင်ပြင်တွင် ပဲ့တင်ထပ်နေသော်လည်း သူ "သခင်ကြီး" ဟု ခေါ်ဝေါ်သော ရှေးဟောင်းအသံရှင်က ချက်ချင်း ပြန်မဖြေခဲ့ချေ။

လုံထန်သည် ဆရာသခင်ဓားအရှင်၏ အကြောင်းကို ကြားလိုက်ရသော်လည်း သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိသလို ဆရာသခင်ဓားအရှင်နှင့် သူ၏ ပတ်သက်မှုကိုလည်း ထုတ်ဖော်မပြောခဲ့ပေ။

မြေအောက်ရင်ပြင်သည် တိတ်ဆိတ်သွား၏။

သိမ်းငှက်ခေါင်း မိစ္ဆာသည် မြေကြီးပေါ်တွင် လဲလျောင်းနေသော လုံထန်ကို လှည့်ကြည့်လိုက်သည်။ သူ၏ ညာလက်ကို မြှောက်လိုက်ရာ လက်ဖဝါးသည် သိမ်းငှက်ခြေသည်းကဲ့သို့ ရှည်လျားချွန်ထက်သွားပြီး ထိပ်ဖျားများတွင် အေးစက်သော အလင်းရောင်များပင် လက်နေသည်။

သူသည် လုံထန်ကို အေးစက်သော အပြုံးဖြင့် ငုံ့ကြည့်နေပြီး မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ဖုံးကွယ်မထားနိုင်အောင် ဖြစ်နေ၏။

လုံထန်သည် သူ့ကို မော့ကြည့်လိုက်ရာ မျက်နှာထားမှာ တည်ငြိမ်နေဆဲဖြစ်ပြီး ကြောက်ရွံ့မှု အရိပ်အယောင် မရှိပေ။

လုံထိန်၏ တည်ငြိမ်မှုကို မြင်သောအခါ သိမ်းငှက်ခေါင်း မိစ္ဆာ၏ ဒေါသများ ထွက်ပေါ်လာပြီး မျက်နှာထား ကြမ်းတမ်းသွားကာ လုံထန်ဆီသို့ ခြေသည်းကို မြှောက်လိုက်သည်။

"ခဏနေဦး..."

ရှေးဟောင်းအသံ ရုတ်တရက် ထွက်ပေါ်လာပြီး ကြမ်းတမ်းသော မိစ္ဆာကျောက်ရုပ်တုမှ မိစ္ဆာချီစွမ်းအင်များ ထွက်ပေါ်လာကာ အသွင်ပြောင်း မိစ္ဆာတစ်ကောင်အဖြစ် လျင်မြန်စွာ စုစည်းသွားသည်။

၎င်းမှာ တိရစ္ဆာန်သားရေဖြင့် ပြုလုပ်ထားသော အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်ကြီးရွယ်အိုတစ်ဦး ဖြစ်ပြီး တစ္ဆေတစ်ကောင်အလား လေထဲတွင် ပျံဝဲနေသည်။ သူ၏ ဆံပင်ဖြူများ ဖားလျားကျနေပြီး မျက်နှာအများစုကို ဖုံးအုပ်ထားကာ မျက်မှောင်ကြုတ်လျက် လုံထန်ကို စိုက်ကြည့်နေ၏။

"သူ့နာမည်က လုံထန်ဆိုတော့... အဓိပတိဂိုဏ်းချုပ် လုံချင်းနဲ့ ဘယ်လို ပတ်သက်မှု ရှိလဲ" သက်ကြီးရွယ်အိုက မေးလိုက်သည်။ သူသည် လုံထန်နှင့် ပတ်သက်သော အကြောင်းနှင့်အကျိုးကို ကြိုတင်မမြင်နိုင်သဖြင့် စိတ်မသက်မသာ ဖြစ်နေပြီး ပြင်းထန်သော ကြောက်ရွံ့မှုကို ခံစားနေရသည်။

ကပ်ဘေးတစ်ခု ကျရောက်တော့မည်ဟု သူ ခံစားနေရ၏။

သိမ်းငှက်ခေါင်း မိစ္ဆာက သခင်ကြီးကို လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

"သူက အဓိပတိဂိုဏ်းချုပ်နဲ့ ပတ်သက်နေရင်ရော ဘာဖြစ်လဲ... အရင်တုန်းက ပြင်ပကောင်းကင် အင်အားစု တိုက်ခိုက်တုန်းက ဆရာသခင်ဓားအရှင် ပေါ်မလာခဲ့ဘူးလေ... ပြီးတော့ ဒီနှစ်တွေအတွင်း လုံမိသားစုရဲ့ မျိုးဆက်တွေ ထိခိုက်နစ်နာခဲ့ရတာတောင် ရန်သူတွေ အကုန်လုံး အသတ်မခံရပါဘူး..."

အဓိပတိဂိုဏ်းချုပ်သည် ဆရာသခင်ဓားအရှင်၏ တပည့်ဖြစ်ကြောင်း သူ သိရှိထားသည်။

သို့သော် ဆရာသခင်ဓားအရှင်၏ တပည့်မှာ တစ်ယောက်တည်း မဟုတ်ပေ။ ယန်ကျန့်လည်း အပါအဝင် ဖြစ်သည်။ ယန်ကျန့်သည် ထိုက်ချန်မင်းဆက်၏ စစ်ပွဲများတွင် ကူညီတိုက်ခိုက်ပေးစဉ် တန်ခိုးရှင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရဖူးပြီး သေရေးရှင်ရေး အခြေအနေများစွာကို ဖြတ်ကျော်ခဲ့ရသော်လည်း ဆရာသခင်ဓားအရှင် ဝင်ရောက်ကူညီသည်ကို တစ်ခါမျှ မတွေ့ဖူးချေ။

ယန်ကျန့်၏ ရန်သူများ လွတ်လပ်စွာ သွားလာနေဆဲဖြစ်သဖြင့် သိမ်းငှက်ခေါင်း မိစ္ဆာသည် သူ၏ သခင်ကြီး သတိထားလွန်းနေသည်ဟု ခံစားရသည်။

သူ၏ သခင်ကြီးသည် ဆရာသခင်ဓားအရှင်ကို ကြောက်ရွံ့နေပြီး လွတ်ငြိမ်းရာအမတတစ်ပါး၏ အရှိန်အဝါပင် မရှိတော့ဟု သူ ထင်မှတ်နေမိ၏။

အနက်ရောင်ဝတ် မိစ္ဆာသည် နေရာရွှေ့ပြောင်းလိုက်ပြီး လုံထန်၏ ရှေ့တွင် ပေါ်လာရာ သိမ်းငှက်ခေါင်း မိစ္ဆာလည်း လှည့်ကြည့်လိုက်သည်။

"မင်းနဲ့ အဓိပတိဂိုဏ်းက လုံမိသားစု ဘယ်လို ပတ်သက်လဲ..."

အနက်ရောင်ဝတ် မိစ္ဆာက လုံထိန်ကို လေးနက်စွာ မေးလိုက်၏။

လုံထိန်က နှာခေါင်းရှုံ့လိုက်ပြီး "သတ်ချင်သတ်... ဆုတ်ဖြဲချင်ဆုတ်ဖြဲ... ခင်ဗျားသဘောပဲ"

ဤမိစ္ဆာကြီးသည် ဆရာသခင်ဓားအရှင်ကို အလွန် ကြောက်ရွံ့နေကြောင်း သူ သိရှိလိုက်ပြီး သူ၏ ဘိုးဘေးများကို အရှက်ရစေလိုခြင်း မရှိပေ။

သူ၏ သဘောထားက အနက်ရောင်ဝတ် မိစ္ဆာကို ပိုမို စိုးရိမ်သွားစေသည်။ လုံထန်သည် ယုံကြည်မှု အပြည့်ရှိနေသည် မဟုတ်ပါလား။

သိမ်းငှက်ခေါင်း မိစ္ဆာက မျက်မှောင်ကြုတ်လျက် "သခင်ကြီး... ကျွန်တော့်ကို သတ်ခွင့်ပေးပါ..."

အနက်ရောင်ဝတ် မိစ္ဆာက သူ့ကို လှည့်ကြည့်လိုက်ပြီး မျက်လုံးများ စူးရှသွားကာ အသံနက်ကြီးဖြင့် ပြောလိုက်သည် "မင်းသာ သတ်ရဲရင် သတ်ပြီးနေပြီပေါ့... ဘာလို့ ငါ့ရှေ့ကို ခေါ်လာသေးတာလဲ... မင်းလည်း မသေချာလို့ မင်းအပေါ်က ဖိအားတွေကို ငါ့ဆီ လွှဲချချင်နေတာ မဟုတ်လား"

သိမ်းငှက်ခေါင်း မိစ္ဆာ မျက်လုံးများ ပြူးကျယ်သွားပြီး ပြန်ပြောချင်သော်လည်း သခင်ကြီး၏ အကြည့်ကြောင့် ထိန်းချုပ်လိုက်ရသည်။

မှန်ပါ၏။ သခင်ကြီး ပြောသကဲ့သို့ပင် သူ ဒေါသထွက်နေသော်လည်း ရင်ထဲတွင်မူ ပါးစပ်က ပြောသလောက် မရဲရင့်ပေ။

ဆရာသခင်ဓားအရှင်၏ ဂန္တဝင် လွှမ်းမိုးမှုမှ လက်တုံ့ပြန်ခြင်းကို သူ အမှန်တကယ် မကြောက်ရွံ့ပါက လုံထန် မိစ္ဆာစစ်သည်များကို သတ်ဖြတ်နေစဉ်ကတည်းက လက်ပိုက်ကြည့်နေမည် မဟုတ်ချေ။

နောက်ပိုင်းတွင် သူ စဉ်းစားလေလေ ပိုဒေါသထွက်လေလေ ဖြစ်လာပြီး လုံထန် ရာထူးတိုးမြှင့်ခံရသည်ကို ကြားလိုက်ရသောအခါ ဒေါသပေါက်ကွဲသွားကာ လုံထန်ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

သူသည် နတ်အတွေးအစစ်အမှန်အမတတစ်ပါး ဖြစ်သဖြင့် လုံထန်အနေဖြင့် ခုခံနိုင်စွမ်း မရှိခဲ့ပေ။

"ဒါ့အပြင် မင်းက ထိုက်ချန်မင်းဆက်ကို လျှော့တွက်လွန်းနေတယ်... တစ်ယောက်ယောက်က လိုက်လာနေပြီ" အနက်ရောင်ဝတ် မိစ္ဆာက အေးစက်စွာ ပြောလိုက်၏။

သိမ်းငှက်ခေါင်း မိစ္ဆာ၏ မျက်နှာ မည်းမှောင်သွားသည်။

အနက်ရောင်ဝတ် မိစ္ဆာသည် လုံထန်ကို ပြန်ကြည့်လိုက်ပြီး အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် လုံထန်၏ တည်ငြိမ်သော မျက်နှာကို မြင်ရလေ ပို၍ စိုးရိမ်လေ ဖြစ်လာသည်။

သူလည်း ဒေါသထွက်လာ၏။

ငတုံးကောင်...မင်းက ဘယ်လိုလုပ် ဒီလောက်ကြီးမားတဲ့ ဘေးဒုက္ခကို ဖန်တီးခဲ့တာလဲ။

ရတနာများ အဆုံးအစမရှိ ပေါ်ထွက်နေသော ယနေ့ခေတ် ကမ္ဘာကြီးတွင် သူသည်လည်း အကူအညီ လိုအပ်သဖြင့် ဤတပည့်ကို ပံ့ပိုးပေးခဲ့ခြင်း ဖြစ်သည်။

ယခုအခါ သူ နောင်တရနေမိ၏။အနက်ရောင်ဝတ် မိစ္ဆာသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး "သူ့ကို ပြန်ပို့လိုက်... သူ့ကို ဘာဒဏ်ရာမှ မရစေနဲ့..."

"ဘာ..."

သိမ်းငှက်ခေါင်း မိစ္ဆာ၏ မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားပြီး မယုံကြည်နိုင်မှုနှင့် ဒေါသများ ပြည့်နှက်နေသော မျက်လုံးများဖြင့် သခင်ကြီးကို ကြည့်လိုက်သည်။

အနက်ရောင်ဝတ် မိစ္ဆာအိုကြီးထံမှ ကြီးမားသော အရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသဖြင့် သိမ်းငှက်ခေါင်း မိစ္ဆာ နောက်သို့ ယိုင်သွားခဲ့ရ၏။

"သူ့ကို ပြန်ပို့မလား... ဒါမှမဟုတ် ဆရာတပည့် ဆက်ဆံရေးကို ဖြတ်မလား... ငါ အခုပဲ ထွက်သွားလိုက်မယ်..." အနက်ရောင်ဝတ် မိစ္ဆာအိုကြီးက ပြတ်သားစွာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ သိမ်းငှက်ခေါင်း မိစ္ဆာ ထိတ်လန့်သွားသည်။

လုံထန်သည် ဆရာနှင့် တပည့်နှစ်ယောက်၏ ရန်ပွဲကို ကြည့်ရင်း ဆူညံသည်ဟု ခံစားနေရ၏။

အသုံးမကျတဲ့နှစ်ကောင်

လုံထန်သည် ဖမ်းဆီးခံရပြီးနောက် မကြောက်ရွံ့ခြင်းမှာ အားကိုးစရာ ရှိနေသောကြောင့် မဟုတ်ဘဲ သေချင်နေသောကြောင့် ဖြစ်သည်။ သူသည် သံသရာထဲသို့ ဝင်ရောက်လိုနေသည် မဟုတ်ပါလား။

သူသည် မိစ္ဆာနှစ်ကောင်ကို ဂရုမစိုက်တော့ဘဲ မျက်လုံးများ မှိတ်ကာ ကောင်းကင်နဂါး ပြန်လည်ဝင်စားခြင်း နည်းစနစ်ကို ဆင်ခြင်နေလိုက်တော့သည်။

ကုအန်သည် လုံထိန်၏ အခြေအနေကို တစ်ချက်ကြည့်ရုံသာ ကြည့်ပြီး သိပ်အာရုံမစိုက်တော့ချေ။ ကောင်းကင်စိတ်ဝိညာဉ် မဟာကမ္ဘာတွင် ဤကဲ့သို့သော ဖြစ်ရပ်မျိုး မကြာခဏ ဖြစ်ပွားလေ့ရှိပြီး သူ၏ မိတ်ဆွေဟောင်းများစွာလည်း အလားတူ အခြေအနေများနှင့် ကြုံတွေ့ခဲ့ရဖူးသည်။

သူတို့သည် ကုအန်နှင့် ပတ်သက်နေကြောင်း သိရှိသွားသည်နှင့် ရန်သူများမှာ မကြာခဏ တွန့်ဆုတ်သွားပြီး အချင်းချင်း ရန်ဖြစ်ကြသည်အထိ ဖြစ်တတ်ကြသည်။

ကုအန်သည် ခြံဝင်းအတွင်း၌ စာဖတ်နေပြီး "သူရဲကောင်းခရီးသွားမှတ်တမ်း" ကို စိတ်ဝင်တစား ဖတ်ရှုနေဆဲပင်။

ယခုအခါ အချုပ်အနှောင်မဲ့အမတ ဖြစ်နေပြီဖြစ်သော ရွှမ်ထျန်းရီ သည် ခရီးများ ပိုမို ထွက်လာပြီး ရောက်ရှိရာ နေရာတိုင်းအတွက် စာအုပ်တစ်အုပ် ရေးသားခဲ့သည်။ အချို့ဇာတ်လမ်းများမှာ လုပ်ကြံဖန်တီးထားခြင်း ဖြစ်ပြီး အချို့မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

ရွှမ်ထျန်းရီ သည် သူ၏ မူလဇစ်မြစ်ကို ဘယ်တော့မှ မမေ့ပျောက်ခြင်းအပေါ် ကုအန် အလွန် လေးစားမိသည်။

သူ၏ အဆင့် မည်မျှပင် မြင့်မားနေပါစေ၊ သူသည် ဟန်ဆောင်မှု ကင်းမဲ့စွာဖြင့် အတိတ်က ဇာတ်လမ်းများကို ရေးသားနေဆဲပင်။

ရွှမ်ထျန်းရီ သည် ကုအန်ကို ကျေနပ်စေရန် "သူရဲကောင်းခရီးသွားမှတ်တမ်း" ကို ရေးသားခဲ့ခြင်း မဟုတ်ပေ။ သူတို့ မတွေ့ဆုံခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး သူ၏ ရေးသားမှုမှာ ကိုယ့်အတွက်ကိုယ်သာ ဖြစ်သည်။

ကုအန်၏ "သူရဲကောင်းခရီးသွားမှတ်တမ်း" စာအုပ်ကို အမတကျင့်ကြံခြင်းလောကမှ ဝယ်ယူထားခြင်း ဖြစ်ပြီး ရွှမ်ထျန်းရီ ကို မည်သည့် အကြံပြုချက်မှ မပေးခဲ့ဖူးချေ။

အန်ရှင်းသည် သူ့ဘေးတွင် ရုတ်တရက် ပေါ်လာပြီး ပြောလိုက်သည်။

"ဆရာသခင်... ချမ်ခွန်းဂိုဏ်းက မူလဘူတ ဝိညာဉ်သစ်ပင် တစ်ပင်ကို လုယူဖို့ စီစဉ်နေပါတယ်... ရီချင်းရှန်က ကျွန်မကို ကူညီပေးဖို့ ပြောလာတယ်... အဲဒီသစ်ပင်ကို ကျွန်မတို့ နယ်မြေနားမှာ စိုက်လို့ရမယ်လို့ ပြောတယ်..."

ကုအန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။

"မင်း ပါဝင်ချင်ရင် လုပ်လိုက်ပေါ့..."

သူသည် အန်ရှင်းအပေါ် သိပ်ပြီး တင်းကျပ်လေ့မရှိပေ။ နှစ်များတစ်လျှောက် သူမသည် ချမ်ခွန်းဂိုဏ်းကို အကြိမ်ကြိမ် ကူညီခဲ့ပြီး နာမည်ကျော်ကြားနေပြီ ဖြစ်သည်။

ချမ်ခွန်းဂိုဏ်းသည် ဖြောင့်မတ်သော လမ်းစဉ်ကို လိုက်နာသောကြောင့် ကုအန်က အန်ရှင်း၏ ပါဝင်ပတ်သက်မှုကို ခွင့်ပြုထားခြင်း ဖြစ်သည်။ အခြားဂိုဏ်းများက အကျိုးအမြတ်အတွက် တိုက်ခိုက်နေကြသော်လည်း ချမ်ခွန်းဂိုဏ်းသည် အသက်ကို ဦးစားပေးပြီး မည်သည့် သက်ရှိမဆို ခြိမ်းခြောက်ခံရပါက ဝင်ရောက်ကူညီလေ့ရှိကာ မည်သည့်တာဝန်တွင်မဆို အသက်ရှင်သန်ရေးကို ဦးစားပေးလေ့ရှိသည်။

သူရဲကောင်းဆန်စွာ ပြုမူခြင်းသည် ချမ်ခွန်းဂိုဏ်း တပည့်များ၏ မူဝါဒဖြစ်သည်။ ယနေ့ခေတ်တွင် လူများစွာသည် အသက်ရှည်ရန်သက်သက် မဟုတ်ဘဲ အမတသူရဲကောင်းများ ဖြစ်လာရန်အတွက် ချမ်ခွန်းဂိုဏ်းသို့ ဝင်ရောက်ကြသည်။

"ဒါဆို ကျွန်မ သွားလိုက်ပါဦးမယ်... ကျွန်မတို့ နယ်မြေအပြင်ဘက်က သစ်တောတွေကို ပြုပြင်ပြီး ဆေးဖက်ဝင်အပင်တွေ ပိုစိုက်ဖို့အတွက် ဖူယိုသရဲမယ်တော်နဲ့ တိုင်ပင်ထားပါတယ်... အပြင်လောကကို လူ့လောကရဲ့ မြင့်မြတ်နယ်မြေ ဖြစ်လာစေချင်တယ်..." အန်ရှင်းက ရယ်မောလျက် တိုးညှင်းစွာ ပြောလိုက်သည်။

ယခုအခါ သူမသည် ကောင်းကင်စျာန်အမတအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး တာအိုရတနာ ဘဝခြောက်ပါးကြေးမုံကို ကိုင်ဆောင်ထားကာ အမတလမ်းစဉ် ကိုးဆင့်ရှိ သက်ရှိအားလုံးကို ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

ကုအန် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး စာအုပ်ကိုသာ ဆက်လက် အာရုံစိုက်နေလိုက်သည်။

အန်ရှင်းက စာအုပ်မျက်နှာဖုံးကို ကြည့်ပြီး 'ဒီစာအုပ်ကိုပဲ ဖတ်နေပြန်ပြီ... ဘယ်လိုလုပ်ပြီး မငြီးငွေ့တာလဲ မသိဘူး...' ဟု တွေးမိလိုက်၏။

သူမသည် ကုအန်ကို ဦးညွှတ်နှုတ်ဆက်ပြီး ရတနာသွန်းလုပ်သည့် မီးဖိုရှေ့တွင် ရှိနေသော ရှန်ကျန်းနှင့် စကားအနည်းငယ် ပြောပြီးနောက် ထွက်ခွာသွားခဲ့သည်။

ညနေစောင်းသို့ ရောက်သောအခါ ကုအန်သည် "သူရဲကောင်းခရီးသွားမှတ်တမ်း" စာအုပ်ကို ချလိုက်ပြီး မတ်တတ်ထရပ်ကာ ခြေလက်ဆန့်လိုက်သည်။

သူသည် ရှန်ကျန်းကို ကြည့်ပြီး မေးလိုက်၏။

"အပြင် ခဏထွက်မလား..."

ရှန်ကျန်း လှည့်ကြည့်လိုက်ပြီး နားမလည်စွာဖြင့် "ဒါဆို ဘယ်သူက ရတနာသွန်းလုပ်တဲ့ မီးဖိုကို စောင့်မှာလဲ"

"တကယ်တော့ အမြဲတမ်း စောင့်ကြည့်နေစရာ မလိုပါဘူး... ဘယ်သူမှ မရှိရင်လည်း တာအိုရတနာက အောင်မြင်စွာ ဖြစ်ပေါ်လာနိုင်ပါတယ်..." ကုအန်က ပြန်ဖြေလိုက်သည်။

ယင်းက ရှန်ကျန်းကိုမျက်လုံးများ ပြူးကျယ်သွားပြီး ဆဲဆိုလုနီးပါး ဖြစ်သွား၏။

သူမသည် ဒေါသကို မြိုသိပ်လိုက်ပြီး မေးလိုက်သည်"ဒါဆို ဘယ်ကို ခေါ်သွားချင်တာလဲ"

ကုအန်က ပြန်ဖြေလိုက်၏။

"မဟာကမ္ဘာတစ်ထောင်ရဲ့ နတ်ဘုရားတွေနဲ့ သွားတွေ့မလို့..."

"နတ်ဘုရားတွေ..."

ရှန်ကျန်း၏ ဒေါသများ ပျောက်ကွယ်သွားပြီး စူးစမ်းလိုစိတ်ဖြင့် အစားထိုးသွားသည်။

အခန်း ၆၂၂ ကံတရား၏ စနောက်မှု

ညကောင်းကင်ယံအောက်တွင် မီးတောက်များ တဖျပ်ဖျပ် လက်နေသော တောင်စောင်းတစ်ခု၌ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ ဝင်စားသူ ပိုင်ရှန့်သည် မီးပုံရှေ့တွင် ခြေချိတ်ထိုင်လျက် ဒဏ်ရာများကို ကုသရန် ကျင့်ကြံအားထုတ်နေ၏။

အနီးနားရှိ တောင်ထိပ်ပေါ်မှနေ၍ တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေသည်ကို သူ သတိမထားမိခဲ့ချေ။

"သူက မဟာကမ္ဘာတစ်ထောင်ရဲ့ ကောင်းကင်နတ်ဘုရားလား"

ရှန်ကျန်းသည် ပိုင်ရှန့်ကို ငုံ့ကြည့်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

သူမအမြင်တွင် ပိုင်ရှန့်မှာ သာမန်လူတစ်ယောက်နှင့် တူပြီး ကောင်းကင်နတ်ဘုရားတစ်ပါးနှင့် လုံးဝ မတူချေ။

ပိုင်ရှန့်သည် နိဗ္ဗာနအဆင့်သို့ ရောက်ရှိပြီးဖြစ်သော်လည်း လောကတွင် အရေးမပါသော သူတစ်ယောက်သာ ဖြစ်နေဆဲဖြစ်ပြီး ယခုအခါ သူ၏ ဘဝတွင် အကြီးမားဆုံးသော စမ်းသပ်မှုနှင့် ရင်ဆိုင်နေရသည်။

သူ့အတွက် အရေးအကြီးဆုံး သူသည် ပြိုင်ဘက်ကင်း မိစ္ဆာတစ်ကောင်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး မိစ္ဆာဧကရာဇ်ကတော် ဖြစ်လာတော့မည် ဖြစ်သည်။ ထိုသတင်းသည် မိစ္ဆာနယ်မြေအနှံ့ ပျံ့နှံ့သွားပြီး အရပ်ရပ်မှ မိစ္ဆာဘုရင်များက ဂုဏ်ပြုရန် ပြင်ဆင်နေကြသည်။ အကယ်၍ သူသည် ချစ်သူကို ကယ်တင်လိုပါက မိစ္ဆာနယ်မြေရှိ မိစ္ဆာမျိုးနွယ်တစ်ခုလုံးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

သူ၏ ဖိအားများမှာ ကြီးမားလှပြီး အခြားရွေးချယ်စရာ မရှိသဖြင့် လူသူကင်းမဲ့သော တောင်တန်းများနှင့် တောရိုင်းနယ်မြေများတွင် တစ်ကိုယ်တည်း ကျင့်ကြံနေရခြင်း ဖြစ်သည်။

ကုအန်သည် ပိုင်ရှန့်၏ စိတ်ရှုပ်ထွေးမှုများကို ခံစားမိသဖြင့် "သူက ဝင်စားထားတဲ့ ကောင်းကင်နတ်ဘုရားတစ်ပါးပါ... သူ့ရဲ့ အားနည်းပုံပေါက်နေတာကို မယုံပါနဲ့... သူ့ရဲ့ ဝိညာဉ်က ကမ္ဘာပေါ်မှာ အသန်မာဆုံး ဖြစ်တည်မှုပဲ"

ရှန်ကျန်းက 'နင်နဲ့ယှဉ်ရင် ဘယ်လိုနေလဲ' ဟု မေးချင်သော်လည်း မေးခွန်းက မလိုအပ်ဘူးဟု ခံစားလိုက်ရသည်။

"သူ အတော်လေး ဒုက္ခရောက်နေပုံရတယ်..." ရှန်ကျန်းက ပိုင်ရှန့်ကို စိုက်ကြည့်ရင်း တိုးညှင်းစွာ ပြောလိုက်သည်။

ကုအန်က သူမကို တစ်ချက်ကြည့်ပြီး စိတ်ထဲတွင် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

သူမ၏ ကျင့်ကြံမှုအဆင့် မမြင့်မားသော်လည်း ဉာဏ်အလင်းပွင့်လာသည်နှင့်အမျှ သူမ၏ အာရုံခံစားနိုင်စွမ်းမှာ တိုးတက်လာခဲ့သည်။

မဟာတာအိုကို အာရုံခံစားနိုင်စွမ်းနှင့် ပတ်သက်လျှင် ရှန်ကျန်းသည် သက်တမ်းနယ်မြေရှိ တပည့်များထဲတွင် အသန်မာဆုံး ဖြစ်ပြီး ထူးခြားသော လမ်းစဉ်တစ်ခုကို လျှောက်လှမ်းနေသူ ဖြစ်သည်။

ကုအန်သည် ပိုင်ရှန့်နှင့် စုကျင်းတို့၏ ဇာတ်လမ်းအကျဉ်းချုပ်နှင့် သူတို့ ရင်ဆိုင်နေရသော လက်ရှိအခြေအနေကို ပြောပြလိုက်၏။

စုကျင်းသည် နတ်အတွေးအစစ်အမှန်အမတအဆင့်ရှိသော မိစ္ဆာတစ်ကောင်၏ ဖမ်းဆီးခြင်းကို ခံထားရပြီး ထိုမိစ္ဆာမှာ ဒေသတွင်းတွင် အစွမ်းအထက်ဆုံး ဖြစ်သည်။ စုကျင်းသာ တောင်းပန်ခြင်း မပြုခဲ့ပါက ပိုင်ရှန့်မှာ ထိုမိစ္ဆာ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

အတူတကွ ကျင့်ကြံခဲ့သော နှစ်များအတွင်း ဤလူသားနှင့် မိစ္ဆာတို့သည် ချစ်သူများ ဖြစ်လာခဲ့ကြပြီး စုကျင်းသည် ပိုင်ရှန့်ကို မရေမတွက်နိုင်သော အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့ဖူးသည်။

အနာဂတ်တွင် စုကျင်းမရှိဘဲ မည်သို့ နေထိုင်ရမည်ကို သူ စဉ်းစား၍ပင် မရနိုင်တော့ချေ။

အထူးသဖြင့် စုကျင်း ခံစားရမည့် ဒုက္ခများကို တွေးမိသောအခါ သူ၏ နှလုံးသားမှာ နာကျင်ကွဲအက်လုမတတ် ဖြစ်နေရ၏။

ထိုဇာတ်လမ်းကို ကြားပြီးနောက် ရှန်ကျန်း စိတ်ဝင်စားသွားသည်။

သူမသည် သာမန်အမျိုးသမီးတစ်ဦး မဟုတ်သဖြင့် ပိုင်ရှန့်နှင့် စုကျင်းတို့၏ ဇာတ်လမ်းကြောင့် မျက်ရည်ကျခြင်း မရှိဘဲ အခြားမေးခွန်းတစ်ခုကို တွေးတောနေမိသည်။

သံသရာကွာဟချက်ကို ကျော်ဖြတ်ပြီး ဝင်စားထားတဲ့ ကောင်းကင်နတ်ဘုရားကို စုကျင်းက ဘယ်လိုလုပ် ရှာတွေ့နိုင်ခဲ့တာလဲ...

ကုအန်က နောက်ကွယ်မှ ခြယ်လှယ်နေသည်ဟု သူမ သံသယဝင်နေမိ၏။

"ဆင်းသွားပြီး သူနဲ့ တွေ့ကြရအောင်..."

ကုအန်က ပြောပြီးသည်နှင့် တောင်အောက်သို့ စတင် လျှောက်ဆင်းသွားရာ ရှန်ကျန်းလည်း နောက်မှ ကပ်လိုက်သွားသည်။

ကုအန်၏ နောက်မှ လိုက်ရင်း သူမက မေးလိုက်သည်။ "နင် သူ့ကို ကူညီမှာလား..."

ဤမျှ အစွမ်းထက်သော ကောင်းကင်နတ်ဘုရားတစ်ပါးက သံသရာဒုက္ခကို ခံစားနေရသည်ကို တွေးမိသောအခါ ကောင်းကင်နှင့်မြေကြီး ပြန်လည်မဖွဲ့စည်းမီက ဖြစ်ပွားခဲ့သော ကမ္ဘာပျက်မတတ် တိုက်ပွဲကြီးကို ရှန်ကျန်း သတိရလိုက်မိသည်။

ကုအန်ကို သိထားသည့်အတိုင်း သူသည် ကောင်းကင်နတ်ဘုရားကို လှောင်ပြောင်လိုခြင်း မဟုတ်ဘဲ သေမျိုးဝိညာဉ်များ၏ ဆင်းရဲဒုက္ခကို နားလည်စေပြီး သက်ရှိအားလုံး လိုလားတောင့်တသော ကောင်းကင်အမတတစ်ပါး ဖြစ်လာစေချင်ခြင်းသာ ဖြစ်သည်။

ရှေးယခင်ကတည်းက အမတနတ်ဘုရားများနှင့် ပတ်သက်သော ဒဏ္ဍာရီများစွာ ရှိခဲ့သော်လည်း ကမ္ဘာလောကကို ကယ်တင်ရန် ဆင်းသက်လာသော စစ်မှန်အမတနတ်ဘုရားများမှာ ရှားပါးလှသည်။ ကျင့်ကြံသူများအတွက် အမတနတ်ဘုရားများမှာ ရည်မှန်းချက်တစ်ခုသာ ဖြစ်သည်။

ကျင့်ကြံသူများသည် အမတနတ်ဘုရားများကို တောင့်တကြခြင်းမှာ သူတို့ ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကြောင့် မဟုတ်ဘဲ မသေနိုင်သော စွမ်းရည်ကြောင့်သာ ဖြစ်သည်။

ရှေ့မှ လျှောက်သွားရင်း ကုအန်က ရယ်မောကာ ပြောလိုက်၏။

"သူ့ကို ကူညီတာက အဲဒီမိစ္ဆာတွေကို ကူညီတာနဲ့ အတူတူပါပဲ..."

မည်သို့ပင်ဆိုစေ ပိုင်ရှန့်သည် သာမန်လူ မဟုတ်ပေ။

ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရား၏ ဆန္ဒအာရုံ နိုးထလာသည်နှင့် ထိုမိစ္ဆာများကို ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်ရန် အတွေးတစ်ချက်သာ လိုအပ်သည်။

အကယ်၍ ကုအန်က ထိုမိစ္ဆာများကို ကူညီပြီး ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားကို ဖိနှိပ်ပေးလိုက်ပါက သူတို့ ထိုကဲ့သို့သော အဆုံးသတ်မျိုး ကြုံတွေ့ရမည် မဟုတ်ပေ။ သို့သော် ကုအန်က ဘာကြောင့် သူတို့ကို ကူညီရမည်နည်း။

သူတစ်ပါး၏ ချစ်သူကို အတင်းအဓမ္မ လက်ထပ်ယူခြင်းသည် ကိုယ်ကျင့်တရားနှင့် မညီညွတ်သော လုပ်ရပ်တစ်ခု ဖြစ်သည် မဟုတ်ပါလား။

ရှန်ကျန်းသည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းပြီး ကုအန်၏ ဘေးသို့ ရောက်လာကာ ပိုင်ရှန့်ထံသို့ အတူတကွ ချဉ်းကပ်သွားကြသည်။

ကုအန်၏ ကျင့်စဉ်စွမ်းအား အကူအညီဖြင့် ပိုင်ရှန့်သည် ရှန်ကျန်း၏ အရှိန်အဝါကို မခံစားမိသလို သူတို့၏ ခြေသံများကိုလည်း မကြားရပေ။

သူတို့နှစ်ဦး ပိုင်ရှန့်၏ ရှေ့တည့်တည့်သို့ ရောက်သောအခါမှသာ ကုအန်က ချောင်းဟန့်လိုက်သဖြင့် ပိုင်ရှန့် လန့်ဖျပ်ပြီး မျက်လုံးများကို ဖွင့်လိုက်သည်။

သူ၏ ရှေ့တွင် လူနှစ်ယောက် ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ ပိုင်ရှန့် ကြောက်လန့်သွားပြီး ချက်ချင်း ခုန်ထလိုက်ကာ အကွာအဝေးတစ်ခု ယူလိုက်ပြီး ကုအန်နှင့် ရှန်ကျန်းကို သတိထား၍ ကြည့်လိုက်၏။

သူတို့ကို မိစ္ဆာများ အသွင်ပြောင်းထားသည်ဟု အလိုအလျောက် တွေးမိလိုက်သည်။ သူ သတိမထားမိဘဲ အနားရောက်အောင် ချဉ်းကပ်လာနိုင်သည်ကို ထောက်ဆ၍ သူတို့၏ ကျင့်ကြံမှုအဆင့်မှာ သူ့ထက် မြင့်မားမည်မှာ သေချာသည်။

မိစ္ဆာဧကရာဇ် လွှတ်လိုက်တဲ့ လက်အောက်ငယ်သားတွေလား။

ပိုင်ရှန့် ဓားကို ဆွဲထုတ်ပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

ကုအန်က သူ့ကို ကြည့်ပြီး ရယ်မောကာ "မင်း ငါ့ကို မမှတ်မိဘူးလား..."

ထိုစကားကို ကြားသောအခါ ပိုင်ရှန့်က တွန့်ဆုတ်စွာဖြင့်ပြန်မေး၏။ "ခင်ဗျားက..."

သူသည် ကုအန်နှင့် သိကျွမ်းခဲ့သညမှာ ၁နှစ်ပင်မပြည့်ပဲ ယခု နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် ကုအန်ကို မေ့ပျောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ အမတကျင့်ကြံခြင်း၏ စွမ်းအားကို ပထမဆုံး မြင်တွေ့ခဲ့ရစဉ်က မြို့ထဲတွင် သေဆုံးသွားခဲ့သော မိတ်ဆွေဟောင်းတစ်ယောက်ကို ရံဖန်ရံခါ သတိရမိရုံသာ ရှိသည်။

"ငါ ကုအန်လေ... အစ်ကိုပိုင်... မင်း မေ့သွားပြီလား... နန်းတွင်းစာမေးပွဲ ဖြေတုန်းက မင်းနဲ့အတူ လိုက်ခဲ့ဖူးတယ်လေ... ပြီးတော့ မင်းကို ဓားသိုင်းတောင် သင်ပေးခဲ့ဖူးသေးတယ်..." ကုအန်က ခါးသက်သက်ပြုံးပြီး ပြောလိုက်သည်။

ထိုစကားကို ကြားပြီးနောက် ပိုင်ရှန့် အာရုံစိုက်ကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားသည်။ သို့သော် ကုအန်ကို ချက်ချင်း မယုံကြည်ဘဲ မိစ္ဆာ၏ ပုံရိပ်ယောင်အတတ်ကြောင့် ဖြစ်မည်ဟု တွေးကာ သူ့ကိုယ်သူ ဆိတ်ဆွဲလိုက်၏။

ရှန်ကျန်းက သူ၏ အပြုအမူကို မြင်ပြီး ပါးစပ်အုပ်ကာ ရယ်မောလိုက်မိသည်။

ကုအန်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။

"ငါတို့က အသွင်ပြောင်းထားတဲ့ မိစ္ဆာတွေ မဟုတ်ပါဘူး... မင်း ထင်သလိုသာဆိုရင် ငါတို့က မင်းကို လှည့်စားနေမှာ မဟုတ်ဘူး... တန်းပြီး သတ်လိုက်မှာပေါ့..."

ပိုင်ရှန့်က ဟုတ်မှန်သည်ဟု တွေးလိုက်သော်လည်း သေဆုံးသွားပြီဟု ထင်မှတ်ထားသော အတိတ်က မိတ်ဆွေဟောင်းတစ်ယောက်က သက်ရှိထင်ရှားနှင့် သူ့ရှေ့တွင် ရပ်နေသည်ဟူသော အချက်ကို လက်မခံနိုင်သေးပေ။

ကုအန်က သူ ဘာတွေးနေသည်ကို သိနေသည့် အချက်ကို သူ သတိမမူမိခဲ့ချေ။

"အစ်ကိုကု... အဲဒီတုန်းက ခင်ဗျား ဘယ်ရောက်သွားတာလဲ..."

ပိုင်ရှန့်က ရှက်ရွံ့စွာ မေးလိုက်သည်။ အချိန်ကာလ ကြာမြင့်ခဲ့ပြီဖြစ်၍ သူတို့၏ သံယောဇဉ်မှာ မှေးမှိန်သွားခဲ့ပြီ ဖြစ်၏။

ကုအန်သည် မီးပုံရှေ့တွင် ဝင်ထိုင်လိုက်ပြီး ပိုင်ရှန့်ကို ပြန်လာရန် လက်ပြလိုက်သည်။

ရှန်ကျန်းသည် ကုအန်၏ ဘေးတွင် ကျက်သရေရှိစွာ ဝင်ထိုင်လိုက်ရာ ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်နေသည်။ သူမ၏ ဒူးခေါင်းများက ကုအန်ဘက်သို့ ဦးတည်နေသဖြင့် ကုအန်ကို အဓိကပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြောင်း ထင်ရှားနေ၏။

ပိုင်ရှန့် အသက်ပြင်းပြင်း ရှူလိုက်ပြီး မီးပုံဘက်သို့ ပြန်လာခဲ့သည်။ သူသည် အကြံအစည် ကုန်ခမ်းနေပြီဖြစ်ပြီး စုကျင်းကို မကယ်တင်နိုင်ပါက အသက်ရှင်နေရခြင်းမှာ အဓိပ္ပာယ် မရှိတော့ပေ။

သူ၏ မျက်လုံးများ ပြတ်သားသွားပြီး ယခင်နေရာတွင် ပြန်ထိုင်လိုက်သည်။

"ငါ့အကြောင်း ပြောနေလို့လည်း အပိုပါပဲ... မင်း စုကျင်းကို ကယ်ချင်လား..." ကုအန်က မီးပုံကို တုတ်ချောင်းဖြင့် ထိုးရင်း မေးလိုက်၏။

ပိုင်ရှန့်၏ မျက်လုံးများ တောက်ပလာပြီး မေးလိုက်သည်။

"ခင်ဗျားမှာ နည်းလမ်းရှိလား... သူ့ကို ကယ်တင်ဖို့ ကူညီပေးနိုင်ရင် ဘယ်လိုပေးဆပ်မှုမျိုးမဆို ကျွန်တော် ပေးဆပ်ပါ့မယ်..."

ကုအန်က သူ့ကို ကြည့်လိုက်ရာ သူ၏ အကြည့်များ စူးရှသွားပြီး "မင်း သေရမယ် ဆိုရင်ရော..."

"ကျွန်တော် လိုလိုလားလားပါပဲ..." ပိုင်ရှန့်က တွန့်ဆုတ်ခြင်းမရှိဘဲ ဖြေလိုက်၏။

ကုအန်က ဆက်ပြောလိုက်သည်။

"မင်းသေသွားရင် သူက တခြားတစ်ယောက်နဲ့ လက်ထပ်ရမှာပဲ... အခုနဲ့ ဘာကွာခြားမှာလဲ... အဲဒီမိစ္ဆာက သူ့ကို သတ်ချင်တာမှ မဟုတ်တာ..."

ပိုင်ရှန့်၏ မျက်နှာအနည်းငယ် ပြောင်းလဲသွားသော်လည်း အံကြိတ်၍ ပြောလိုက်၏။

"ကွာခြားတာပေါ့... သူ လိုချင်တဲ့ ပျော်ရွှင်မှုကို ရှာဖွေစေချင်တယ်... အတင်းအကျပ် အနိုင်ကျင့်ခံရတာမျိုး မဖြစ်စေချင်ဘူး... သူ့ကို ကယ်တင်နိုင်မယ်ဆိုရင် ကျွန်တော် အချိန်မရွေး သေပေးနိုင်တယ်..."

ဤမြင်ကွင်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက အစ်ကိုကြီးသည် နံပါတ်ငါးကို ကယ်တင်ခဲ့စဉ်က အဖြစ်အပျက်ကို ကုအန်အား သတိရသွားစေသည်။ ထိုစဉ်ကလည်း ယခုကဲ့သို့ပင် စုကျင်းသည် အစ်ကိုကြီးကို မျှော်လင့်ချက် ပေးခဲ့သော်လည်း အစ်ကိုကြီး၏ အသက်ကို ပေးဆပ်ခဲ့ရသည် မဟုတ်ပါလား။

ကံတရားက လူတွေကို တကယ်ပဲ ကစားတတ်ပါပေ၏။

ကုအန်သည် မီးပုံကို ငုံ့ကြည့်ရင်း စုကျင်းကို ကယ်တင်သင့် မကယ်တင်သင့် စဉ်းစားနေ၏။

ပိုင်ရှန့်က ထပ်မေးလိုက်သည်။

"အဲဒီ မိစ္ဆာဧကရာဇ်က အမတလမ်းစဉ် ရှစ်ဆင့်မြောက်ဖြစ်တဲ့ နတ်အတွေးအစစ်အမှန်အမတ အဆင့်ရှိတယ်... သူ့ထက် သန်မာတဲ့ ပုဂ္ဂိုလ်ကို ခင်ဗျား သိလို့လား..."

သူ၏ မေးခွန်းကြောင့် ကုအန်ဘေးမှ အမျိုးသမီး ရယ်မောလိုက်သည်ကို သူ သတိပြုမိလိုက်သည်။ သူမ၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်မှာ သူ့ကို လှောင်ပြောင်နေသကဲ့သို့ ရှိနေ၏။

ကုအန်က အေးအေးဆေးဆေး ပြောလိုက်သည်။

"မလောပါနဲ့... ငါ ပုံပြင်လေးတစ်ပုဒ် ပြောပြမယ်..."

ပိုင်ရှန့်၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် လောင်ကျွမ်းနေသဖြင့် ပုံပြင်နားထောင်ချင်စိတ် မရှိသော်လည်း သူ မငြင်းဆန်နိုင်မီ ကုအန်က စတင်ပြောပြလိုက်၏။

"ပြင်ပကောင်းကင်၊ စကြဝဠာရဲ့ နက်ရှိုင်းရာတစ်နေရာမှာ နယ်နမိတ်တံခါးလို့ခေါ်တဲ့ တံခါးပေါက်ကြီးတစ်ခု ရှိတယ်... အဲဒီအောက်မှာ ကောင်းကင်စိတ်ဝိညာဉ်နတ်ဘုရားလို့ခေါ်တဲ့ နတ်ဘုရားတစ်ပါး နေထိုင်တယ်..."

ပြင်ပကောင်းကင်...

နတ်ဘုရား...

ပိုင်ရှန့် ရုတ်တရက် စိတ်ဝင်စားသွားပြီး ကုအန် ဆက်ပြောမည့် ပုံပြင်ကို အာရုံစိုက် နားထောင်လိုက်သည်။

ရှန်ကျန်းသည်လည်း စိတ်ဝင်စားစွာ နားထောင်နေပြီး ထိုမြင်ကွင်းကို စိတ်ကူးပုံဖော်ကြည့်နေ၏။

စကြဝဠာထဲက မျှော်စင်တံခါးကြီး... အဲဒီအောက်မှာ နတ်ဘုရားတစ်ပါး...

ပုံရိပ်များ သူမ၏ စိတ်ထဲတွင် ပေါ်လာပြီး အခြားသော မြင်ကွင်းများကိုလည်း မြင်ယောင်လာမိသည်။

All Chapters