ဓားထွင်းခြင်း
Vol. 5 Ch. 498
ဆန်းလျန်သည် တိချိုးမြို့တော် အနောက်ပိုင်းသို့ ရောက်လာလေသည်။ မြို့တော် အနောက်ပိုင်းသည် သာမန် ပြည်သူများအပြင် ကုန်သည်များနှင့် အခြားတိုင်းပြည်မှ ရောက်ရှိနေကြသည့် သံအမတ်များ နေထိုင်ရာနေရာ ဖြစ်လေသည်။ ထို့ကြောင့် အလွန်မှ လူနေ ထူထပ် လေသည်။
ဆန်းလျန်သည် လမ်းများပေါ်တွင် လှည့်လည် သွားလာရင်း ပစ္စည်းများ၊ ကုန်စည်များကို အော်ဟစ် ရောင်းချနေကြသည့် ဈေးသည်များ၏ အော်သံများကို နားထောင်နေမိလေသည်။ စားသောက်ဆိုင်များ ထဲတွင်လည်း လူပေါင်းစုံ ရှိနေပြီး ထွေရာလေးပါး ပြောဆို ဆွေးနွေး နေကြလေသည်။
ဆန်းလျန်သည် လူသားများ၏ စိတ်ကို သိရှိနိုင်သည့်တိုင် ဘက်မလိုက်ဘဲ နားလည်ပေးနိုင်သူ ဖြစ်လေသည်။ လူ့စိတ်ဆိုသည်က ယခုအချိန်တွင် တစ်မျိုး ဖြစ်နေသည့်တိုင် နောင်တစ်ချိန်တွင် မည်သို့ ပြောင်းလဲသွားမည်ကို ခန့်မှန်းနိုင်ရန် ခဲယဉ်း လေသည်။
ထို့ကြောင့် လူ့စိတ်ထားများကို ဝေဖန်ရန် မဟုတ်ဘဲ နားလည်စွာဖြင့် ခွဲခြမ်းစိတ်ဖြာ ထားရန်သာ လိုအပ်သည်။
ဆန်းလျန်သည် ခြေဦးတည့်ရာ လျှောက်သွားနေခဲ့ပြီး လွတ်လပ်ပေါ့ပါး နေခဲ့လေသည်။
သူထွက်ခွာ လာခဲ့သည့် တာ့ရှားဘိုးဘွားများ ဝတ်ပြုရာ ကျောင်းတော်ကြီးတွင် ထူးဆန်းသည့် တန်ခိုးစွမ်းအားများ ရှိနေသည့်တိုင် ဆန်းလျန်က သိလိုစိတ်မရှိခဲ့ပါ။
ထို့ပြင် မင်လော့၏ သွေးဓားကြောင့် သူ၏စိတ်များမှာ အနည်းငယ် ပြောင်းလဲ နေခဲ့လေသည်။
အဘယ်ကြောင့် ဆိုသော် မင်လော့ကို ရင်ဆိုင်ရန်အတွက် ယန်ရွှီး၏ မိုးကောင်းကင် နတ်မိစ္ဆာ ကျင့်စဉ်ကို ဆန်းလျန် အသုံးပြုခဲ့သောကြောင့် ဖြစ်လေသည်။
လင်ထိုင်ဖန်း ကျွမ်းတောင်တွင် ယန်ရွှီးသည် အမှန်တကယ် သေဆုံးခဲ့ပြီ ဖြစ်လေသည်။
သို့သော် မိုးကောင်းကင် နတ်မိစ္ဆာကျင့်စဉ်နှင့် အိပ်မက် လိပ်ပြာကျင့်စဉ် အရ ဆိုလျှင်တော့ အရာအားလုံးသည် ပုံရိပ်ယောင်မျှသာ ဖြစ်ပြီး ယန်ရွှီးသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ပြန်လည် နိုးထလာနိုင်မည် ဖြစ်လေသည်။
ထိုသို့ဆိုလျှင် ယန်ရွှီးကဲ့သို့ လူတစ်ယောက်အတွက် သေဆုံးခြင်းသည် သေဆုံးခြင်း မမည်နိုင်ပေ။ ယန်ရွှီးသည် မရေမတွက် နိုင်သော လူများ၏ နှလုံးသား အတွင်းသို့ မိစ္ဆာမျိုးစေ့များ ထည့်ကာ သူ၏ ကိုယ်ပွားများ အဖြစ် ဖန်ဆင်းခဲ့သူ ဖြစ်လေသည်။
သူသည် ဆန်းလျန်နှင့် ရင်ဆိုင် တိုက်ခိုက်ရသည့် ခဏတာမျှသော အချိန်လေးတွင် ဆန်းလျန်၏ နှလုံးသားထဲသို့လည်း မိစ္ဆာမျိုးစေ့တစ်ခု ထည့်သွင်း ပေးခဲ့လေသည်။
တစ်နေ့နေ့ တစ်ချိန်ချိန်…
ဆန်းလျန်သည် လူအသိစိတ် ပျောက်ကွယ်ကာ မိစ္ဆာစွမ်းအား လွှမ်းမိုးမှုများကို ခံရသည့် အချိန်သို့ ရောက်ခဲ့ပါက ဆန်းလျန်၏ နှလုံးသားထဲတွင် ယန်ရွှီး ထည့်ပေးခဲ့သည့် မိစ္ဆာမျိုးစေ့သည် ဆန်းလျန်၏ ခန္ဓာကိုယ်ကို အသုံးပြုကာ ယန်ရွှီးအဖြစ် ပြန်လည် အသက်ရှင်သန် လာမည် ဖြစ်လေသည်။
ပြန်လည် မွေးဖွားလာသည့် ဆန်းလျန်သည် အနည်းငယ် ထူးခြားနေသည်ကို အစကတည်းကပင် သူကိုယ်တိုင် ခံစားမိလေသည်။ ယခုတော့ အဘယ်ကြောင့် ဆိုသည့် အချက်ကို နားလည် လိုက်ရပြီ။
အမှန်တော့ ဆန်းလျန်နှင့် ယန်ရွှီးသည် ကိုယ်ရည်ကိုယ်သွေး၊ အပြုအမူ၊ ဉာဏ်ရည် ဉာဏ်သွေးများ အားလုံး အတူတူပင် ဖြစ်လေသည်။ သူတို့နှစ်ယောက်တွင် မတူညီသည့် အချက်မှာ ဆန်းလျန်က ဆင်ခြင်ဉာဏ်ရှိသူ တစ်ယောက်ဖြစ်ပြီး ယန်ရွှီးကတော့ ဆင်ခြင်ဉာဏ်ကို အလေးမထားဘဲ သူလုပ်ချင်ရာကို လုပ်သည့် လူတစ်ယောက် ဖြစ်သည်ဆိုသည့် အချက်ပင် ဖြစ်လေသည်။
မိမိ၏နှလုံးသားထဲတွင် ယန်ရွှီး၏ မိစ္ဆာမျိုးစေ့ ရှင်သန်နေသည်ကို သိရှိလိုက်ရလျှင် အခြားသူများ ဆိုလျှင်တော့ အကြောက်လွန် သွားနိုင်လေသည်။ မရရသည့် နည်းလမ်းဖြင့် နှလုံးသားထဲမှ ယန်ရွှီး၏ မိစ္ဆာမျိုးစေ့ကို ဖယ်ရှားပစ်ရန် ကြိုးစားလိမ့်မည်။
သို့သော် ဆန်းလျန်ကတော့ ရယ်မောလိုက်မိရုံမျှသာ…။
သူသည်မည်သူဖြစ်သည်ကို ဆန်းလျန်ကိုယ်တိုင် အသိဆုံး ဖြစ်လေသည်။ ဆန်းလျန်သည် နေရာတိုင်းသို့ စီးဆင်း ဝင်ရောက်နိုင်သည့် ရေကဲ့သို့သော လူစားမျိုး ဖြစ်လေသည်။
ချောက်ကမ်းပါးမှ ကျသော ရေစီးဆင်းမှုသည် ကြီးမားသော ရေတံခွန်ကြီးကို ဖြစ်ပေါ် လာစေနိုင်လေသည်။ ထိုရေတံခွန်ကြီးသည် မြေနိမ့်ပိုင်းသို့ ရောက်ရှိ သွားလျှင်တော့ ကြည်လင် လှပသည့် စမ်းချောင်းလေး ဖြစ်သွား နိုင်လေသည်။
ထို့အတူ ရာနှင့်ချီသည့် မြစ်များ စုဝေးပေါင်းဆုံရာမှ ပင်လယ်ဖြစ်လာလေသည်။
စိမ့်စမ်းရေများ မြေအောက်တွင် စုစည်းမိသည့် အခါတွင်တော့ သဘာ၀ စမ်းရေတွင်း များလည်း ဖြစ်လာနိုင်သေးသည်။
ဆန်းလျန်သည် ထိုသဘောတရားကို နားလည်သည့် အတွက် သူ၏ဘဝတွင် လွတ်လွတ်လပ်လပ်နှင့် အေးအေးဆေးဆေးပင် နေထိုင်ခဲ့ခြင်း ဖြစ်လေတော့သည်။
မင်လော့သည် တာ့ရှားသင်္ချိုင်းရှေ့တွင် တိတ်ဆိတ်စွာဖြင့် မတ်တတ်ရပ်ဆဲ ဖြစ်လေသည်။ သူ့လက်ထဲတွင် ကိုင်ထားသည့် မိစ္ဆာဓားကောက်ကြီးမှ မိစ္ဆာအငွေ့အသက်များ ထွက်ပေါ် နေလေသည်။
သူ၏နောက်မှ တပ်ဖွဲ့ဝင်များသည် အားလုံး သေကုန်ကြပြီ ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် မင်လော့၏ မိစ္ဆာ ဓားကောက်ကြီးမှ ထွက်ပေါ်နေသည့် မိစ္ဆာစွမ်းအားများကို မခံနိုင် ကြသောကြောင့် ဖြစ်လေသည်။
တာ့ရှား ဧကရာဇ်သည် ဘိုးဘွားများအား ဝတ်ပြုရာ ကျောင်းတော်သို့ ရောက်ရှိ လာလေသည်။
သူက မင်လော့ကို လာရောက် ကြည့်ရှုခြင်း ဖြစ်လေသည်။
သူ၏ သစ္စာရှိ နောက်လိုက် ခွေးသည် ယခုတော့ ဝိညာဉ် ပျောက်ဆုံးနေခဲ့ပြီ ဖြစ်လေသည်။ ခန္ဓာကိုယ်သာလျှင် ကျန်ရစ်ခဲ့တော့သည်။
မင်လော့၏ မိစ္ဆာဓားကြီးသည် နေနှင့်လ၏ အနှစ်သာရကို စုပ်ယူနိုင်သည့် ဓားတစ်လက် ဖြစ်လာပြီး သက်ရှိသတ္တဝါ များ၏ ဝိညာဉ်များကိုပင် မျိုချ ပစ်နိုင်သည့် နတ်မိစ္ဆာ တစ်ကောင်အလား ဖြစ်လာလေသည်။
တာ့ရှားဧကရာဇ်သည် မင်လော့၏ ဓားကောက်ကြီးနှင့် မင်လော့၏ ခန္ဓာကိုယ်ကို ယူဆောင် သွားခဲ့လေသည်။
အမတ်မင်းများက တာ့ရှားဧကရာဇ်သည် လူသတ်သမားကို အပူတပြင်း ရှာဖွေလိမ့်မည်ဟု ထင်မှတ် ခဲ့ကြလေသည်။
လူသတ်သမားသည် တိချိုးမြို့တော်သို့ ရောက်ရှိလာသည့် အဆင့်မြင့် ကျင့်ကြံသူ ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိရှိနေသည့်တိုင် တာ့ရှားဧကရာဇ်က မည်သည့် အရေးယူမှုမှ မပြုလုပ်ခဲ့ပါ။
ထို့ကြောင့် အမတ်မင်းများမှာ စိတ်များ ရှုပ်ထွေး ကုန်ကြလေသည်။
မင်လော့ အသတ်ခံခဲ့ရပြီ။ နောက်တစ်ကြိမ် မည်သူ အသတ်ခံရဦးမည်နည်း။
သို့သော် တာ့ရှားဧကရာဇ်မှာ အလွန်အမင်း တည်ငြိမ်နေသည့် အတွက် အမတ်မင်း များမှာလည်း အနည်းငယ် စိတ်သက်သာရာ ရသွားကြလေသည်။
နောက်ထပ် ဆယ်ရက် ကြာသည့်တိုင် တိချိုးမြို့တော်တွင် မည်သည့် ထူးခြားမှုမှ ဖြစ်ပေါ် မလာခဲ့ပေ။
တော်ဝင် ကျောင်းတော်တွင်တော့ ကွမ်းလုန်ကျီ၏ အသိဉာဏ်ပညာ မြင့်မားမှုနှင့် သင်ပြပေးမှု များကြောင့် ကျောင်းသားများသည် အံ့သြစရာ ကောင်းအောင် တိုးတက် လာခဲ့လေသည်။
ကွမ်းလုန်ကျီထံမှ တိကျသည့် ကျင့်စဉ်များကို သူတို့ မသင်ယူခဲ့ကြ ရသည့်တိုင် မိုးမြေ နိယာမများနှင့် တန်ခိုးစွမ်းအား၏ အရင်းအမြစ်ကိုသူတို့ သင်ယူခဲ့ကြရလေသည်။
ယင်နှင့်ယန်၊ ဒြပ်စင်ငါးမျိုးနှင့် လူသားများနှင့် သတ္တဝါများ ပြန်လည် မွေးဖွားလာခြင်း အကြောင်းရင်းများကို ကွမ်းလုန်ကျီက သင်ကြား ပေးခဲ့သည်။
ဝူတင်နှင့် ဖေးကျုန်းမှာ အတော်ဆုံး တပည့်များ ဖြစ်လေသည်။ သူတို့သည် တစ်နေ့တခြား အရှိန်အဟုန် မြင့်မား စွာဖြင့် တိုးတက် လာခဲ့လေသည်။
ဆန်းလျန်ထံတွင် ပညာသင်ယူနေသည့် လေ့ကျင်းမှာလည်း များစွာ တိုးတက် လာခဲ့လေသည်။
သူမသည် ပါးစပ်နှင့် နှာခေါင်းကို အသုံးမပြုဘဲ ခန္ဓာကိုယ် မွေးညင်းပေါက်များမှ အသက်ရှူခြင်းကိုပင် ဆန်းလျန်ထံမှ တုပကာ သင်ယူနိုင်ခဲ့ပြီ ဖြစ်သည်။
လေ့ကျင်းသည် ပညာသင်ကြားရသည်ကို ပျော်ရွှင် နေလေသည်။
ထို့ပြင် သူမသည် ဆန်းလျန်ကိုလည်း တစ်နေ့တခြား သဘောကျလာမိသည်။ ဆန်းလျန်သည် အေးစက်သူ တစ်ယောက် မဟုတ်သလို အရမ်းလည်း နွေးထွေးသည့် သူတစ်ယောက် မဟုတ်ပေ။ သူသည် မည်သည့် အစွန်းဘက်သို့မှ မကပ်ဘဲ အလယ်အလတ် လမ်းစဉ် ကျင့်သုံးသူတစ်ယောက် ဖြစ်လေသည်။
သို့သော် ဆန်းလျန်သည် လူတစ်ယောက်နှင့် နေထိုင်ရာတွင် အသင့်လျော်ဆုံး ထားရှိရမည့် အကွာအဝေးကို အမြဲတမ်း နားလည်သူ ဖြစ်လေသည်။
တစ်ခါတစ်ရံတွင် ဆန်းလျန်က စ နောက် လွန်းသည့်အတွက် လေ့ကျင်းမှာ စိတ်အနှောင့်အယှက် ဖြစ်ရလေသည်။ သို့သော် ဆန်းလျန်သည် သူမကို အပြည့်အဝ နားလည်ပေးနိုင်သူ တစ်ယောက်ဖြစ်ပြီး သူမ စိတ်အနှောင့်ယှက် ဖြစ်တိုင်း စိတ်ပြေစေရန် အတွက် တစ်ခုခု ပြန်လုပ် ပေးခဲ့သည်ချည်းပင်။
ဆန်းလျန်နှင့် အတူ နေထိုင်ရသည့်ဘဝသည် လွတ်လပ် လွယ်ကူလွန်းလှပါသည်။ သို့သော် ဆန်းလျန်၏ နှလုံးသားကို နားလည်နိုင်ရန်မှာတော့ အလွန်မှ ခက်ခဲလွန်းလေ၏။ လေ့ကျင်းသည် ဆန်းလျန်၏ စိတ်ကိုနားလည်နိုင်ရန်နှင့် ဆန်းလျန် အစစ်အမှန် ပုံစံကို သိရှိရန် ကြိုးစား ချင်ခဲ့မိလေသည်။
ထိုသို့ ကြိုးစားချင်မိခြင်းမှာ သူမက ဆန်းလျန်ကို သဘောကျသောကြောင့် မဟုတ်ပါ။ ဆန်းလျန်၏ မွေးရာပါ ဗီဇ စိတ်ဓာတ်ကိုသာ သိချင်နေမိခြင်း ဖြစ်လေသည်။
လွန်ခဲ့သည့် သုံးရက်ခန့်ကတော့…
ဆန်းလျန်သည် စမ်းချောင်းလေးရှိရာသို့ အမြဲတမ်း သွားတတ်လေသည်။
သူက သစ်ပင်ကြီး တစ်ပင်မှ သစ်ကိုင်း တစ်ကိုင်းကို ခုတ်ယူပြီး ဓားတစ်လက် ပြုလုပ်ခဲ့လေသည်။
ဆန်းလျန် ပြုလုပ်ထားသည့် ဓားမှာ မြို့ထဲမှ ပန်းပုဆရာ တစ်ယောက် ပြုလုပ်ထားသည့် သာမန် သစ်သားဓား တစ်လက်နှင့် အတူတူပင် ဖြစ်လေသည်။ ပစ္စည်းနှင့် အရည်အသွေးအားလုံးမှာ သာမန်ပင် ဖြစ်လေသည်။
ဆန်းလျန်သည် ဓားကို ထွင်းနေသည့် အချိန်တွင် သူ၏စိတ်သည် အတ္တကင်းသည့် အဆင့်သို့ ရောက်ရှိ နေလေသည်။ သစ်သားသည် ဖြည်းဖြည်းချင်း ဓားအသွင်သို့ ကူးပြောင်း သွားလေသည်။ ဆန်းလျန် ထွင်းထုနေသည့် ဓားသည် အခြားဓားများထက်ပိုပြီး ကောက်နေသယောင် ထင်ရပြီး ကောင်းကင်ထက်မှ လခြမ်းကွေးနှင့် ဆင်တူလေသည်။
သစ်သားဓားထဲတွင် သဘာဝတရား တစ်ခု စီးဆင်းနေပြီး ထိုသဘာဝတရားသည် ရေနှင့် ဆင်တူလေသည်။ သုံးရက်မြောက်သည့် နေ့တွင်တော့ ဆန်းလျန်သည် ဓားသုံးလက် ပြုလုပ်ပြီး သွားခဲ့လေပြီ။ ဓားသုံးလက်စလုံးမှာ ပုံသဏ္ဌာန် အတူတူပင် ဖြစ်လေသည်။ သို့သော် လေ့ကျင်းကတော့ ထိုဓားသုံးလက်သည် အနည်းငယ် မသိမသာ ကွဲပြားမှုလေးများ ရှိသည်ဟု သတိထားမိ နေလေသည်။
ပထမနေ့တွင် ပြုလုပ်ထားသည့် သစ်သားဓားသည် ဒုတိယနေ့တွင် ပြုလုပ်ထားသည့် သစ်သားဓားလောက် အသက်ဝင်ခြင်း မရှိပေ။ ဒုတိယနေ့တွင် ပြုလုပ်ထားသည့် သစ်သားဓားမှာလည်း တတိယနေ့တွင် ပြုလုပ်ထားသည့် သစ်သား ဓားလောက် အသက်ဝင်ခြင်း မရှိပေ။
အဘယ့်ကြောင့် “အသက်ဝင်သည်” ဆိုသည့်အတွေးမျိုး သူမခေါင်းထဲသို့ ဝင်ရောက် လာရသည်ကို လေ့ကျင်း ကိုယ်တိုင်လည်း နားမလည်ပေ။ “အသက်ဝင်သည်” ဆိုသည့် အသုံးအနှုန်းအပြင် အခြား အသုံးအနှုန်း ရွေးချယ်စရာ မရှိသောကြောင့် ဖြစ်ပေလိမ့်မည်။
ဓားများကို ပြုလုပ်ပြီးတိုင်း ဆန်းလျန်သည် စမ်းချောင်း အတွင်းသို့ လွှင့်ပစ် တတ်လေသည်။
ဆန်းလျန် လွှင့်ပစ်သည့် ဓားများကို လေ့ကျင်းက ဆယ်ယူ ထားလေ့ရှိသည်။ ဆန်းလျန် လွှတ်ပစ်သည့် ဓားများကို သူမအဘယ့်ကြောင့် ဆယ်ယူထားရသနည်း ဆိုသည့် အချက်ကိုတော့ သူမကိုယ်တိုင်လည်း နားမလည်ခဲ့ပေ။ သူမသည် နိုင်ငံခြားရေး ဝန်ကြီး၏ အကြီးဆုံး သမီးတစ်ယောက် ဖြစ်လေသည်။ သူမအတွက် သူများလွှင့်ပစ်ထားသည့် ပစ္စည်းများကို ယခုကဲ့သို့ ယူဆောင်ထားခြင်းမှာ ရှက်ဖွယ်လိလိပင် ဖြစ်လေသည်။
ယခု တစ်ကြိမ်တွင်တော့ ….
ဆန်းလျန်သည် ဓားကို ပြုလုပ်ပြီးသည်နှင့် လေ့ကျင်းကို ချက်ချင်း ပေးလိုက်လေသည်။ ဓားသွား၏ အရောင်မှာ သဘာဝကျပြီး ဓားသွားဟန်က ရိုးရာ ဆန်လေသည်။ ဓား၏ ကိုယ်ထည်တွင် အသက်ဓာတ် စွမ်းအားများ ပြည့်နေပြီး အလွန်မှ အသက်ဝင်လှသည့် ဓားတစ်လက် ဖြစ်လေသည်။
***