မဟူရာတောင်
Vol. 6 Ch. 51
ထျန်ကန်းခန်းမမှ အုပ်စုသည် မြို့တော်အရှင်စံအိမ်မှာ သုံးရက်ကြာအောင် အနားယူခဲ့ကြသည်။ သူတို့သည် ပြီးခဲ့သည့် လဝက်အတွင်း ကြယ်ရောင်အောက်မှာ အိပ်စက်ခဲ့ရပြီး ဤနေရာမှာ အတော်လေး ဇိမ်ကျနေသည်ဟု ဆိုနိုင်သည်။
မည်သို့ပင်ဆိုစေ သူတို့မှာ အသားနှင့်ဝိုင်၊ သက်တောင့်သက်သာရှိသော နေရာထိုင်ခင်း၊ နွေးထွေးသော မီးဖိုများနှင့် ချောမောလှပသော အစေခံမိန်းကလေးများ ရှိနေကြသည်။ ကျန်းယွဲ့လု၏ မျက်စိအောက်မှာ သူတို့သည် မဟုတ်မဟတ် မည်သည့်အရာကိုမှ မပြုလုပ်ရဲသော်လည်း ထိုအစေခံမိန်းကလေးများက သူတို့အတွက် မျက်စိပသာဒ ဖြစ်နေဆဲပင်။
ဤသုံးရက်အတွင်း ချီရွှမ်းစုသည် ရှန့်ကွမ်သွမ့်ထံမှ အနောက်ဘက်ကုန်းမြေတိုက် ဘာသာစကားကို ထမင်းစားရေသောက် ပြောနိုင်ဖို့ သင်ယူနေ၏။ တစ်ဖက်မှာတော့ ကျန်းယွဲ့လုသည် ထိုဘာသာစကားကို သင်ယူဖို့ စိတ်ကူးမရှိချေ။
ကောင်းကင်ဘုံသက်ရှိအဆင့်မှာရှိသော နတ်သက်ကြွေအင်မော်တယ်များသည် မနောဖတ်နည်းစနစ်ဟု ခေါ်ဆိုသည့် ဂမ္ဘီရစွမ်းရည်တစ်မျိုးကို လေ့လာဆည်းပူးနိုင်သည်။ ထိုမတိုင်ခင် သူတို့သည် ဘာသာစကား အဟန့်အတားကို ရှောင်လွှဲနိုင်သည့် စိတ်နှလုံးအသံ ပို့လွှတ်ခြင်း နည်းစနစ်ဟု ခေါ်ဆိုသည့် ဂမ္ဘီရစွမ်းရည်တစ်မျိုးကို လေ့လာဆည်းပူးနိုင်သည်။
အခြားသော ဘာသာစကားတစ်ခုကို သင်ယူလေ့လာနေမည့်အစား ဤဂမ္ဘီရစွမ်းရည်ကို တိုးတက်အောင် သနေခြင်းက ပို၍ အသုံးဝင်လိမ့်မည်ဟု ကျန်းယွဲ့လုက ခံစားမိသည်။
လေလွင့်ကျင့်ကြံသူများမှာ ဤကဲ့သို့သော မှော်စွမ်းရည်များ မရှိပေ။ သူတို့မှာ ခရမ်းရောင်ကြယ်တာရာ နက္ခတ်ဗေဒင်လောက် မကောင်းသည့် ဂမ္ဘီရအတွက်အချက်နည်းစနစ်သာလျှင် ရှိသည်။ ဂမ္ဘီရအတွက်အချက်နည်းစနစ်၏ အခြေခံသဘောတရားသည် ကောင်းကင်ဘုံစိတ်စွမ်းအားဖြင့် အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်ခြင်း မဟုတ်ဘဲ အမျိုးမျိုးသော အလှည့်အပြောင်းများကို တစ်ခုချင်းတွက်ချက်ကာ အလားအလာကို တွက်ထုတ်ရခြင်းသာ ဖြစ်လေသည်။
ထို့ကြောင့် ဂမ္ဘီရအတွက်အချက်နည်းစနစ်ကို အဆင့်တစ်ခုအထိရောက်အောင် ကျင့်ကြံခြင်းဖြင့် လူတစ်ယောက်၏ ဦးနှောက်စွမ်းအားကို ကြီးမားစွာ မြှင့်တင်ပေးနိုင်သည်။
ကောင်းကင်ဘုံသက်ရှိအဆင့်မှာရှိသော လေလွင့်ကျင့်ကြံသူတစ်ဦးသည် တစ်ခါက ရွှေပြည်သစ် ဘာသာစကားကို ကိုးရက်တည်းနှင့် လုံးလုံးလျားလျား တတ်မြောက်အောင် သင်ယူနိုင်ခဲ့ဖူးသည်။ ထိုလေလွင့်ကျင့်ကြံသူသည် ဘာသာစကား ၁၆ မျိုးမှာ ကျွမ်းကျင်ပိုင်နိုင်ပြီး ရှေးဟောင်း ကမ္ပည်းစာများနှင့် ဗျာဒိတ်အရိုးကျမ်းစာများကိုပင် တတ်ကျွမ်းခဲ့လေသည်။
လေလွင့်ကျင့်ကြံသူတစ်ဦးအနေဖြင့် ချီရွှမ်းစုသည် သုံးရက်မှာ ရိုးရှင်းသော စကားလုံးများနှင့် လက်ဟန်ခြေဟန်ကို အသုံးပြုပြီး အာသာနှင့် ဆက်သွယ်ပြောဆိုနိုင်ပြီ ဖြစ်သည်။
အာသာက နန်းတွင်းရုံးသုံးစကားမှ တချို့ကို နားလည်သဘောပေါက်သော်လည်း ပြောဖို့ခက်နေသည်။ သူသည် အခါများစွာမှာ မှားယွင်းသော ဝေါဟာရများကို အသုံးပြုတတ်လေသည်။ အစကတော့ သူ့မှာ နန်းတွင်းရုံးသုံးဘာသာစကား ကျွမ်းကျင်သော အပေါင်းအဖော်တစ်ဦး ရှိခဲ့သော်လည်း ကံဆိုးစွာဖြင့် ထိုအပေါင်းအဖော်က လမ်းမှာ သေနှင့်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အာသာသည် သူ့အတွက် ဘာသာပြန်ပေးဖို့ အိုက်လီကို လိုအပ်နေ၏။
(နန်းတွင်းရုံးသုံးစကား - အရပ်ဒေသအလိုက် လေယူလေသိမ်းနှင့် အသုံးအနှုန်း ကွဲပြားမှု မရှိစေရန် နန်းတော်ကနေ တရားဝင်အသုံးပြုခိုင်းထားသော တရုတ်စကား။ အထူးသဖြင့် အရပ်ဒေသမတူသူများနှင့် တိုင်းတပါးသားများ အသုံးပြုကြသည်။)
အားလပ်သည့်အချိန်များမှာ ချီရွှမ်းစုသည် တာအိုဝါဒလမ်းစဉ် ၅ ခုကြား ဆင်တူမှုများ၊ ကွဲပြားမှုများနှင့် ပတ်သက်၍ ကျန်းယွဲ့လုကို မေးမြန်းခဲ့၏။ ထိုလမ်းစဉ်များကြား အသိသာအထင်ရှားဆုံး ကွာဟချက်မှာ တိုက်ခိုက်ရေးစွမ်းအား ဖြစ်သည်။ တာအိုဂိုဏ်းတော်သည် လက်နက်တပ်ဆင်မထားသည့် လမ်းစဉ် ၅ ခု၏ တိုက်ခိုက်ရေးစွမ်းအားကို အကဲဖြတ်ပေးထားခဲ့သည်။
ချီသန့်စင်သူများက ခန့်မှန်းရ အလွယ်ကူဆုံး ဖြစ်သည်။ သူတို့သည် သူတို့ကျင့်ကြံမှုအဆင့်ထက် ပိုမိုမြင့်မားသော ပြိုင်ဘက်များကို ခက်ခက်ခဲခဲ အနိုင်ယူရတတ်ပြီး သူတို့ထက် ကျင့်ကြံမှုအဆင့် နိမ့်ကျသည့် ပြိုင်ဘက်များကိုတော့ အမြဲတမ်းလိုလို အနိုင်ရလေ့ရှိသည်။ သူတို့သည် တာအိုဂိုဏ်းတော်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ ကွန်ဖြူးရှပ်ကျောင်းတော်မှ ပညာရှင်များသည် ချီသန့်စင်သူများနှင့် ဆင်တူလေသည်။
ကိုယ်ခံပညာသိုင်းသမားများနှင့် ဂမ္ဘီရဝိဇ္ဇာများကတော့ မတူညီသော ဆန့်ကျင်ဘက် အစွန်းများမှာ ရှိနေကြသည်။ ကောင်းကင်ဘုံသက်ရှိအဆင့် မတိုင်ခင် ကိုယ်ခံပညာသိုင်းသမားများသည် ဂမ္ဘီရဝိဇ္ဇာများအပေါ် အသာစီး ရတတ်လေ့ရှိလေသည်။
သို့သော်လည်း ကောင်းကင်ဘုံသက်ရှိအဆင့်ကို ရောက်ရှိလာပြီးနောက် ဂမ္ဘီရဝိဇ္ဇာများသည် ကိုယ်ခံပညာသိုင်းသမားများနှင့် ထိပ်တိုက်ယှဉ်ပြိုင်နိုင်ပြီး အနည်းငယ်ပင် အသာစီး ရရှိလာနိုင်သည်။ အကြောင်းမှာ ဂမ္ဘီရဝိဇ္ဇာများသည် အနီးကပ်တိုက်ခိုက်ရည်မှာသာ တော်သော ကိုယ်ခံပညာသိုင်းသမားများနှင့် လူချင်းခွာ၍ လေထဲမှာ ဝဲပျံကာ တိုက်ခိုက်နိုင်ပြီ ဖြစ်သောကြောင့်ပင်။
ခန္ဓာအင်မော်တယ်နှင့် တစ္ဆေအင်မော်တယ်များကြား တိုက်ပွဲသည် ဘာမှန်းမသိရသော အလှည့်အပြောင်းများစွာဖြင့် ပြည့်နှက်နေပြီး အနိုင်အရှုံးသည် တစ်ဦးချင်း၏ စွမ်းဆောင်ရည်ပေါ် မူတည်နေပေလိမ့်မည်။
နတ်ဆရာလမ်းစဉ်သည် ရှေးဟောင်းစုန်းကဝေအတတ်နှင့် ရှေးဟောင်းအင်မော်တယ်များထံကနေ ဆင်းသက်လာခဲ့သည်။ ၎င်းသည် ဗုဒ္ဓကျောင်းတော်များ၏ အမွေအနှစ်နှင့် ဆင်တူပြီး ပူဇော်ပသစွမ်းအားများစွာကို လိုအပ်လေသည်။
ထို့ကြောင့် ပူဇော်ပသစွမ်းအားပေါ် မူတည်၍ ရလဒ်အမျိုးမျိုး ထွက်ပေါ်လာနိုင်သည်။ လုံလောက်သည့် ပူဇော်ပသစွမ်းအားနှင့်ဆိုပါက နတ်ဆရာများသည် အဆင့်တူခြင်းမှာရှိသော နတ်သက်ကြွေအင်မော်တယ်များကို ယှဉ်ပြိုင်နိုင်ပြီး အနိုင်ပင် ရရှိနိုင်သည်။ လုံလောက်သည့် ပူဇော်ပသစွမ်းအား မရှိပါက သူတို့သည် အင်မော်တယ် ၅ မျိုးတွင် အောက်ဆုံးမှာ ရှိပြီး လေလွင့်ကျင့်ကြံသူများထက်ပင် ပို၍ညံ့ဖျင်းနိုင်သည်။
လမ်းစဉ် ၅ ခု၏ ခေါင်းဆောင်အနေဖြင့် နတ်သက်ကြွေအင်မော်တယ်များသည် အရေအတွက် နည်းပါးစွာသာ ရှိနေလျှင်တောင် တိုက်ခိုက်ရည်တွင် အတော်ဆုံး ဖြစ်သည်မှာ သံသယရှိစရာ မလိုချေ။ နတ်သက်ကြွေအင်မော်တယ်များသည် သူတို့ထက် ကျင့်ကြံမှုအဆင့် နိမ့်ကျသည့် ပြိုင်ဘက်များကို အမြဲတမ်းလိုလို အနိုင်ယူလေ့ရှိသည်။ ချီသန့်စင်သူများနှင့်ယှဉ်လျှင် သူတို့ထက် ကျင့်ကြံမှုအဆင့် ပိုမိုမြင့်မားသည့် ပြိုင်ဘက်များကို အနိုင်ယူရန် ပိုမိုမြင့်မားသော အခွင့်အရေးလည်း ရှိနေသည်။
လေလွင့်ကျင့်ကြံသူများကိုတော့ ခန့်မှန်း၍ မရပေ။ သူတို့သည် သတ်မှတ်ချက်များကို ဆန့်ကျင်၍ မထင်မှတ်ထားသော ရလဒ်များကို မကြာခဏ ထွက်ပေါ်လာစေတတ်သည်။ အဓိကအချက်သည် လေလွင့်ကျင့်ကြံသူများ သင်ယူလေ့ကျင့်ထားသည့် ဂမ္ဘီရစွမ်းရည် အမျိုးအစားများနှင့် အရေအတွက်ပေါ် မူတည်နေသည်။
စုစုပေါင်း အဆင့်မြင့်ထွန်းပေါက်မှု ကျင့်စဉ် ၃၆ မျိုး ရှိပြီး မည်သူကမှ သူတို့အားလုံးကို တတ်မြောက်အောင် မသင်ယူနိုင်ပေ။ သဘောတရားက ရိုးရှင်းလေသည်။ ဂမ္ဘီရစွမ်းရည်များနှင့် အစီအရင်မန္တန်များစွာသည် တစ်ခုနှင့်တစ်ခု အတိုက်အခံ ဖြစ်နေကြသည်။ ကိုယ်ခံပညာသိုင်းသမားများနှင့် ဂမ္ဘီရဝိဇ္ဇာများကို ဥပမာအဖြစ် ယူနိုင်သည်။ ကိုယ်ခံပညာသိုင်းသမားများသည် ဝိညာဉ်နှင့် ခန္ဓာပေါင်းစည်းမှုအပေါ် အာရုံစိုက်ထားပြီး ဂမ္ဘီရဝိဇ္ဇာများကတော့ ဝိညာဉ်စေလွှတ်ခြင်းကို ပိုမို အလေးပေးလေသည်။
ဤကဲ့သို့သော နည်းစနစ်များက ဆန့်ကျင်ကွဲလွဲနေကြ၏။ တစ်ယောက်ယောက်က ထိုလမ်းစဉ် နှစ်မျိုးစလုံးကို အတင်းအကျပ် လေ့ကျင့်ဖို့ ကြိုးပမ်းမည်ဆိုလျှင် သူတို့သည် တစ်ဖက်ရန်သူကို ပျက်စီးထိခိုက်အောင် မလုပ်ခင် သူတို့ကိုယ်တိုင် အရင် သေကြေပျက်စီးရနိုင်လေသည်။
ယခုအချိန်ထိတော့ လေလွင့်ကျင့်ကြံသူတစ်ဦး၏ အမြင့်မားဆုံး မှတ်တမ်းသည် အဆင့်မြင့်ထွန်းပေါက်မှု ကျင့်စဉ် ၂၄ မျိုးကို တစ်ပြိုင်နက်တည်း လေ့ကျင့်နိုင်ခြင်းဖြစ်ပြီး ထိုသူသည် နတ်သက်ကြွေအင်မော်တယ်များနှင့် ယှဉ်နိုင်ခဲ့သည်ဟု ဆိုသည်။ ကံဆိုးစွာဖြင့် ထိုလေလွင့်ကျင့်ကြံသူသည် ထိုကျင့်စဉ်များမှာ ပိုမိုနက်ရှိုင်းသော အပိုင်းသို့ မဝင်ရောက်နိုင်ဘဲ ကောင်းကင်ဘုံသက်ရှိအဆင့်ထက် ပို၍ ရှေ့ဆက်မတက်နိုင်တော့ပေ။
လူတစ်ယောက်က မည်သည့်လမ်းစဉ်ကို လိုက်စားသည်ဖြစ်စေ ကောင်းကင်ဘုံအဆင့် မတိုင်ခင် ဂမ္ဘီရစွမ်းရည်များကို သင်ယူလေ့လာရန် တာအိုဂိုဏ်းတော်၏ သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း လိုက်နာရမည်ဟု တာအိုဂိုဏ်းတော်က စည်းမျဉ်းစည်းကမ်း သတ်မှတ်ထားသည်။ ကောင်းကင်ဘုံသက်ရှိအဆင့်ကို ရောက်ရှိပြီးနောက် သူတို့သည် ကြိုက်နှစ်သက်ရာ အမျိုးမျိုးသော အဆင့်မြင့် ထွန်းပေါက်မှုကျင့်စဉ်များ သို့မဟုတ် ပကတိကျင့်စဉ်များကို လွတ်လပ်စွာ ရွေးချယ်ကျင့်ကြံနိုင်မည် ဖြစ်သည်။
ကောင်းကင်ဘုံသက်ရှိအဆင့် မတိုင်ခင် တာအိုကျင့်ကြံသူများမှာ လုံလောက်သည့် အသိပညာနှင့် အာရုံစူးစိုက်မှု မရှိဟု တာအိုဂိုဏ်းတော်က ယုံကြည်ထားသောကြောင့် ဖြစ်သည်။ သူတို့သည် သတ်မှတ်ထားသော လမ်းစဉ်များ၏ ရည်ရွယ်ချက်များကို သိရှိလိမ့်မည် မဟုတ်ဘဲ မှန်ကန်သော လမ်းကြောင်းကနေ သွေဖည်သွားနိုင်လေသည်။ ထို့ကြောင့် ကောင်းကင်ဘုံသက်ရှိအဆင့် မတိုင်ခင် တာအိုကျင့်ကြံသူများသည် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခံထားရပေမည်။
ကောင်းကင်ဘုံသက်ရှိအဆင့်ကို ရောက်ရှိလာပြီးနောက် သူတို့သည် ကိုယ်ပိုင်အကဲဖြတ်မှုများ ပြုလုပ်ပြီး တားမြစ်ပိတ်ပင်ထားသော ကျင့်စဉ်တချို့ကလွဲလျှင် အကုန်လုံးကို လွတ်လွတ်လပ်လပ် ရွေးချယ်ကျင့်ကြံနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုံသက်ရှိများသာလျှင် သူတို့၏ လမ်းကြောင်းကို သူတို့ကိုယ်တိုင် အပြည့်အဝ ထိန်းချုပ်နိုင်ခွင့် ရှိကြလေသည်။
သုံးရက်ကြာပြီးနောက် ဝူကောရှန်လီမှာ မကြာသေးခင်က လူပျောက်အမှုများစွာ ရှိခဲ့ကြောင်း အိုက်လီ၏လူများက အစီရင်ခံ တင်ပြလာ၏။ သို့သော်လည်း အနောက်ဘက်ဒေသသည် သူခိုးဓားပြများ သောင်းကျန်းပြီး အမြဲတမ်းလိုလို ဥပဒေမဲ့ နေရာဒေသတစ်ခု ဖြစ်သည်။ ဤဒေသမှာရှိသော လူများက အဆက်မပြတ် ရွှေ့ပြောင်းနေတတ်ကြပြီး လူတချို့ ပျောက်ဆုံးသွားခြင်းကို အရေးတကြီးကိစ္စတစ်ခုဟု မဆိုနိုင်ပေ။ မြို့တော်အရှင်သည် ဤကဲ့သို့သော အမှုကိစ္စများကို များစွာအာရုံစိုက်ထားလေ့ မရှိချေ။
အိုက်လီက တိုင်းတစ်ပါးသားများ၏ သဲလွန်စများကို ရှာဖွေဖို့ သူမ၏လူများကို အမိန့်ပေးလိုက်သည့် အချိန်မှသာ သူတို့သည် ဤလူပျောက်အမှုများကို အတည်အတံ့ မှတ်ယူလာကြသည်။ ဤအမှုများ၏ သဲလွန်စကနေတစ်ဆင့် အိုက်လီသည် ဝူကောရှန်လီကနေ မိုင် ၁၀၀ ခန့် ဝေးကွာသော မဟူရာတောင်ကို နောက်ဆုံးမှာ သင်္ကာမကင်း ဖြစ်လာခဲ့သည်။
မဟူရာတောင်သည် လူသူအရောက်အပေါက် မရှိသလောက်နည်းပါးဖြစ်သည့် ကျတ်တီးမြေတစ်ခု ဖြစ်သည်။ အနောက်ဘက်ဒေသက ကျယ်ပြောပြီး လူနေကျဲပါးလေသည်။ နေရာဒေသအများစုက လူသူအရောက်အပေါက်မရှိဘဲ ထိုကဲ့သို့သော နေရာများက သိပ်ပြီး ထူးခြားမနေပေ။ သို့သော်လည်း လွန်ခဲ့သည့် နှစ်ပေါင်းရာချီက စွမ်းအားကြီးမားသော မှော်ဆရာတစ်ဦးသည် မဟူရာတောင်မှာ နေထိုင်ခဲ့ဖူးလေသည်။ ထိုမှော်ဆရာသည် ဝူကောရှန်လီ၏ တော်ဝင်မိသားစုကို ကျိန်စာတိုက်ပြီး လူမြင်ကွင်း၏ နောက်ကွယ်ကနေ ဘုရင်ကို ကိုင်တွယ်ထိန်းချုပ်ခဲ့လေသည်။
နောက်ပိုင်းမှာ ထိုမှော်ဆရာက မထင်မှတ်ထားစွာဖြင့် သေဆုံးသွားခဲ့သည်။ မှော်ဆရာသည် အခြားသော မှော်ဆရာများနှင့် တိုက်ခိုက်ရင်း သေဆုံးသွားသည် ဟူသော ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ အိုက်မိသားစုသည် လောလန်တိုက်ပွဲမှာ ရှုံးနိမ့်၍ ဆုတ်ခွာလာပြီးနောက် ထိုမြို့ကို သိမ်းပိုက်ကာ ဝူကောရှန်လီက တစ်ဖန် လွတ်မြောက်သွားခဲ့သည်။
ယနေ့အချိန်ထိ မှော်ဆရာ နေထိုင်ခဲ့ဖူးသော ခံတပ်သည် မဟူရာတောင်မှာ ကျန်ရှိနေသည်။ စီမုခံတပ်သည် တစ်ခါတုန်းက ရန်သူများ၏ တိုက်ခိုက်မှုကို ခုခံတားဆီးရန် ဗျူဟာကျသော ခံတပ်ကြီးတစ်ခု ဖြစ်ခဲ့ဖူးသော်လည်း နောက်ပိုင်း ရွှေပြည်သစ်၏ အနောက်ဘက်ဒေသ စစ်ဆင်ရေးမှာ ဖျက်ဆီးခံခဲ့ရသည်။
သူ၏ အစစ်အမှန်နာမည်ကို အတည်မပြုနိုင်သော မှော်ဆရာသည် ထိုနေရာကို သိမ်းပိုက်ခဲ့ပြီး ခံတပ်၏ တစ်စိတ်တစ်ပိုင်းကိုသာ ပြန်လည်ပြင်ဆင်ခဲ့သည်။ သူသေဆုံးသွားပြီးနောက် ဝူကောရှန်လီ၏ ယခင် အုပ်ချုပ်သူများသည် ခံတပ်က ကျိန်စာတိုက်ခံထားရသည်ဟု သံသယဝင်ခဲ့ကြပြီး မည်သူကမှ ထိုအနားကို မချဉ်းကပ်ရဲတော့ပေ။ ထို့ကြောင့် ခံတပ်သည် တစ်ချိန်လုံး စွန့်ပစ်ထားသည့်အတိုင်း ကျန်ရှိနေ၏။
ဤကဲ့သို့သော အခြေအနေများမှာ စီမုခံတပ်သည် ရှုပ်ထွေး၍ လူသူအရောက်အပေါက်မရှိသော နေရာဒေသတစ်ခု ဖြစ်လာခဲ့သည်။ ယင်းနေရာသည် အလိုရှိရာဇဝတ်သားများ ပုန်းအောင်းနေဖို့အတွက် အသင့်လျော်ဆုံးဖြစ်သည်မှာ သံသယရှိစရာ မလိုချေ။
ချီရွှမ်းစုနှင့် အခြားသူများနှင့်အတူ ဤအကြောင်းကို ဆွေးနွေးပြီးနောက် ကျန်းယွဲ့လုသည် ဤမိစ္ဆာအုပ်စုကို ခြေမှုန်းသုတ်သင်ရန် မဟူရာတောင်သို့ သွားရောက်ဖို့ ဆုံးဖြတ်လိုက်သည်။
ချီရွှမ်းစုနှင့် ကျောက်ပိုင်က သမ္ဘာရင့်ခရီးသွားများ ဖြစ်ပြီး လင်းရွှမ်ကျီက ထျန်ကန်းခန်းမ၏ ဝါရင့်အမှုထမ်းတစ်ဦး ဖြစ်သည်။ စီမုခံတပ်သည် မြို့တော်အရှင် ခင်းကျင်းထားသည့် ထောင်ချောက်တစ်ခု ဖြစ်နေမလား သူတို့ ထည့်သွင်းစဉ်းစားခဲ့သော်လည်း ထပ်တလဲလဲ ဆွေးနွေးပြီးနောက် သူတို့က ဤဖြစ်နိုင်ခြေကို ပယ်ချခဲ့သည်။
ထူးခြားအံ့မခန်းဖြစ်သော တာအိုဂိုဏ်းတော်ကို မည်သူကမှ အကြောင်းရင်းမရှိဘဲ ရန်စရဲလိမ့်မည်မဟုတ်ဟု သူတို့ ယူဆလိုက်သောကြောင့်ဖြစ်သည်။ ဗုဒ္ဓဂိုဏ်း၊ နတ်ဆရာဂိုဏ်းနှင့် ရှေးဟောင်းအင်မော်တယ်များသည် တာအိုဂိုဏ်းတော်ကို ရန်စရဲသည်မှာ သူတို့တွင် ရည်မှန်းချက်ကိုယ်စီ ရှိနေကြသောကြောင့် ဖြစ်သည်။
အကျိုးအမြတ်နည်းနည်းနှင့် စွန့်စားမှုများများ ပြုလုပ်ရမည်ဖြစ်သောကြောင့် အိုက်မိသားစုမှာ ထိုကဲ့သို့သော ရည်ရွယ်ချက် မရှိနိုင်ပေ။ ဉာဏ်ကောင်းသော စီးပွားရေးသမားများသည် ဤကဲ့သို့ အရှုံးများမည့် ကိစ္စမှာ ပါဝင်ပတ်သက်လိုကြမည် မဟုတ်ပေ။
ကျန်းယွဲ့လု၊ ချီရွှမ်းစုနှင့် အခြားသူများသည် အစီအစဉ်တစ်ရပ် ချမှတ်ဖို့အတွက် တစ်ရက် အချိန်ယူလိုက်ကြသည်။ သူတို့သည် နောက်တစ်နေ့မှာ ဝူကောရှန်လီကနေ ထွက်ခွာ၍ မဟူရာတောင်ပေါ်မှာရှိသော စီမုခံတပ်သို့ ဦးတည်လိုက်ကြ၏။
အိုက်လီသည် အစက သူတို့ကို အထောက်အကူပေးဖို့ သူမ၏ စစ်သည်များကို စေလွှတ်ပေးချင်ခဲ့သည်။ သို့သော်လည်း ကျန်းယွဲ့လုက ယဉ်ကျေးစွာဖြင့် ပယ်ချခဲ့၏။ ကျန်းယွဲ့လုသည် သူမ၏ လက်အောက်ငယ်သား ၄၀ နှင့် ဦးစီးဘုန်းတော်ကြီး အာသာကိုသာ ခေါ်လာခဲ့လေသည်။
ကျန်းယွဲ့လုက ရန်သူကို လျှော့တွက်ခြင်း မဟုတ်ပေ။ ထျန်ကန်းခန်းမမှ တာအိုဆရာ ၄၀ သည် ဤမိစ္ဆာအုပ်စုကို ခြေမှုန်းသုတ်သင်ဖို့ လုံလောက်သည်ဟု သူမ ခံစားမိသောကြောင့် ဖြစ်သည်။
တာအိုဆရာ ၄၀က အရေအတွက် နည်းပါးသည်ဟု ဆိုနိုင်သော်လည်း ယခင်က အစ်မချီ ပြောခဲ့သလိုပင် ထျန်ကန်းခန်းမမှာ လူတိုင်းသည် အဆင့်-၇ နှင့်အထက်တွင် ရှန်းထျန်သက်ရှိအဆင့်ကို ရောက်ရှိနေရမည်ဖြစ်သည်။ ထျန်ကန်းခန်းမ တာအိုဆရာ ၄၀ ကြားမှာ အနိမ့်ဆုံးသည် ခွန်လွင်အဆင့်မှာရှိပြီး အမြင့်ဆုံးသူများက ကွေ့ကျန်းအဆင့်မှာ ရှိနေကြသည်။ သူတို့သည် ကောင်းကင်ဘုံသက်ရှိတစ်ဦးနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် အနိုင်ရဖို့ အခွင့်အရေး ရှိနေသည်။
ဤသည်မှာ ထျန်ကန်းခန်းမ၏ အောက်ခြေအဆင့် လှုပ်ရှားမှုအတွက် အနိမ့်ဆုံးလိုအပ်ချက် ဖြစ်သည်။ ကျန်းယွဲ့လုတို့ အဖွဲ့သည် အိမ်ငယ်တစ်လုံးနှင့်တူပြီး ထျန်ကန်းခန်းမမှာ အခြားသော လက်ထောက်ခန်းမသခင်များ၏ အဖွဲ့များကတော့ ခမ်းနားသော နန်းတော်များနှင့် တူလေသည်။
အရာရှိအမှုထမ်းတစ်ဦးမှာ တရားဝင်ရာထူးကို ရယူဖို့အဆင့်မမီသေးသည့် အဆင့်-၈ ကိုယ်ရေးလက်ထောက်နှစ်ဦး ခန့်အပ်ခွင့်ရှိသည်ဟူသော အတိအလင်း ထုတ်ပြန်မထားသည့် စည်းမျဉ်းစည်းကမ်း ထျန်ကန်းခန်းမမှာ ရှိလေသည်။ လက်ထောက်တစ်ဦးချင်းစီသည် အဆင့်-၉ မှာရှိသော အချိန်ပိုင်း အမှုထမ်း ၂ ဦးကို ခန့်အပ်နိုင်သည်။ ထို့ကြောင့် ထျန်ကန်းခန်းမမှ အဆင့်-၇ ရုံးတိုင်းကို လူ ၇ ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ လက်ထောက်ခန်းမသခင်ထံ တိုက်ရိုက်အစီရင်ခံတင်ပြရသည့် စိတ်ဝိညာဉ်တပ်သားများလည်း ရှိလေသည်။
ထျန်ကန်းခန်းမမှ လက်ထောက်ခန်းမသခင်ချုပ်တွင် အချိန်ပြည့်အမှုထမ်း ၃၀၀ ရှိပြီး စုစုပေါင်း လူ ၂၀၀၀ ကျော် ပါဝင်လေသည်။ စိတ်ဝိညာဉ်တပ်သားများအပါအဝင် အမှုထမ်းအရေအတွက်သည် ၄၀၀၀ ကနေ ၅၀၀၀ ထိ ရှိနိုင်သည်။ ထို့ကြောင့်ပင် လက်ထောက်ခန်းမသခင်များသည် အနောက်ဘက်ဒေသ တာအိုစံအိမ်ကို မြန်မြန်ဆန်ဆန် အကူအညီပေးနိုင်ကြခြင်း ဖြစ်သည်။ ကျန်းယွဲ့လုသည် ထျန်ကန်းခန်းမနှင့် အစိမ်းသက်သက်ဖြစ်ပြီး သူမ၏ အမှုထမ်းများကို ခေါ်ယူစုဆောင်းထားခါစ ဖြစ်သည်။ ထို့ကြောင့် သူမသည် အချိန်ပိုင်းအမှုထမ်းများကို မပြောနှင့် ကိုယ်ရေးလက်ထောက်များကိုပင် ခေါ်ယူစုဆောင်းဖို့ အချိန်မရခဲ့ပေ။
မဟူရာတောင်သို့ သွားရာလမ်းမှာ အာသာသည် စကားပြန်ကနေတစ်ဆင့် ကြိုတင်သတိထားစရာအချို့ကို ပြောပြခဲ့သည်။ သူတို့အုပ်စုသည် အပြစ်သားများ၏ တိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရလို့ မဖြစ်ချေ။ မဟုတ်ပါက သူတို့သည် ရိုင်းစိုင်းသော ဖုတ်ကောင်များအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ဒါ့အပြင် ဤအပြစ်သားများသည် အသွေးအသားနယ်ပယ် ကိုယ်ခံပညာသိုင်းသမားများနှင့် ဆင်တူသည့် ပြန်လည်ကုသနိုင်စွမ်း ရှိထားပြီး သတ်ဖြတ်ဖို့ ခဲယဉ်းသည်။ သူတို့သည် အပေါ်ယံဒဏ်ရာများ အားလုံးကို အလျင်အမြန် ပြန်လည်ကုသနိုင်လိမ့်မည်။
နှလုံးနှင့် ဦးခေါင်းကသာ အပြစ်သားများ၏ အားနည်းချက်များ ဖြစ်သည်။ လိုအပ်သည့်အခါ အပြစ်သားများသည် လင်းနို့များအဖြစ် သို့မဟုတ် သွေးရည်အိုင်များအဖြစ် ပြောင်းလဲနိုင်ပြီး သူတို့ကို ကိုင်တွယ်ရ အင်မတန်ခက်ခဲစေလေသည်။
ဤအပြစ်သားများသည် ထျန်ကန်းခန်းမ တွေ့မြင်နေကျ ဖုတ်ကောင်များနှင့် လုံးလုံးလျားလျားကွဲပြားနေသည်။ သို့သော်လည်း ကျန်းယွဲ့လုက ကြိုတင်ပြင်ဆင်ထားသည်။ ဤအပြစ်သားများက လက်နက်များကို မကြောက်ရွံ့ဘူးဆိုလျှင် သူတို့သည် မှော်ပညာကို ကြောက်ရွံ့ကြပေလိမ့်မည်။
ထျန်ကန်းခန်းမ တာအိုဆရာ ၄၀ ကို အဓိကအားဖြင့် ချီသန့်စင်သူများ၊ ကိုယ်ခံပညာသိုင်းသမားများနှင့် ဂမ္ဘီရဝိဇ္ဇာများဖြင့် ဖွဲ့စည်းထားသည်။ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ သူတို့သည် မည်သည့်လမ်းစဉ်ထက်မဆို ပိုမိုမြင့်မားသည့် စွမ်းအားကို ထုတ်ဖော်နိုင်ကြသည်။
မဟူရာတောင်ခြေကို ရောက်ရှိလာပြီးနောက် ၎င်းသည် အမှန်တကယ်တော့ သေးငယ်သော တောင်ကုန်းတစ်ခုမျှသာ ဖြစ်သည်ကို ချီရွှမ်းစုက တွေ့ရှိလိုက်ရသည်။ ၎င်းသည် မိုင်ထောင်ချီ ဖြန့်ကြက်ထားသော ခွန်လွင်တောင်ကြောရိုးကို မယှဉ်နိုင်ပေ။ ဖုန်ထိုက်ခရိုင်၏ အပြင်ဘက်က မောင်ရှန်တောင်ထက်ပင် များစွာပိုမို သေးငယ်နေသည်။
ကျန်းယွဲ့လုက မြေပြင်အနေအထားကို အကဲခတ်ပြီး အဝေးကြည့်မှန်ပြောင်းများနှင့် မိခင်-ကလေးအဆောင်များ ကိုင်ဆောင်ထားသည့် ချီသန့်စင်သူ ၅ ဦးကို ကုန်းမြင့်ပိုင်းသို့ စေလွှတ်လိုက်သည်။ ထိုသို့ဖြင့် သူတို့သည် တောင်၏ အခြေအနေကို လေ့လာအကဲခတ်နိုင်မည်ဖြစ်သည်။
ထို့နောက် သူမသည် ဂမ္ဘီရဝိဇ္ဇာ ၁၀ ဦးကို တောင်၏ ဝင်ပေါက်ဝမှာ ယင်စွမ်းအားလှံပုဆိန်ဝင်္ကပါတစ်ခု တည်ဆောက်ရန်နှင့် ကိုယ်ခံပညာသိုင်းသမား ၁၀ ဦးကို ကျောက်တုံးများ၊ သစ်ပင်များနှင့်အတူ ဝင်ပေါက်များကို ပိတ်ဆို့တားဆီးရန် သို့မဟုတ် တောင်၏ ဘေးဘက်လည်မှာ မြေကမ္ဘာ စွမ်းအင်လည်ပတ်မှုကို တားဆီးရန် ယမ်းမှုန့်များနှင့် လျှိုမြောင်များကို အသုံးပြုရန် အမိန့်ပေးလိုက်သည်။ ထိုသို့ဖြင့် စီးဆင်းနေသော စွမ်းအင်က သီးခြားရေကန်တစ်ခုလို ပိုင်းခြားခံသွားရပေလိမ့်မည်။
ဤလုပ်ရပ်များ အားလုံးသည် ကတုတ်ကျင်းများ၊ ကျုံးများကဲ့သို့ စီမုခံတပ်မှာ ပြည့်နှက်နေသည့် ဖြစ်နိုင်သမျှ ဝင်္ကပါများအားလုံးကို ဖျက်ဆီးပြီးမှ ခံတပ်ကို တိုက်ခိုက်ရန်အတွက် ဖြစ်လေသည်။