ရှေးဟောင်း အင်မော်တယ်များ၏ လျှို့ဝှက်ချက်
Vol. 6 Ch. 52
တောင်မှာ စိမ့်ဝင်ပျံ့နှံ့နေသည့် မမြင်ရသော ယင်စွမ်းအင်နှင့် ဖြစ်ပေါ်နေသည့် အနက်ရောင်တိမ်စိုင်များနှင့်အတူ ကောင်းကင်က တစ်နေ့လုံး အဆက်မပြတ် အမှောင်ကျနေပြီး မဟူရာတောင်ဟူသော အမည်ကို ရရှိလာသည်။ အနီးအနားဝန်းကျင်သို့ မဆင်မခြင် ဝင်ရောက်ပါက ထိုသူက မူးဝေထုံထိုင်း၍ အားနည်းသွားပေလိမ့်မည်။
ထိုသူသည် မကောင်းဆိုးဝါးစွမ်းအင် သို့မဟုတ် ယင်စွမ်းအင်များဖြင့် အလွယ်တကူ စိတ်ဝင်ထိုးဖောက် သက်ရောက်ခြင်း ခံရပေလိမ့်မည်။ အနည်းဆုံးတော့ သူတို့သည် စိတ်အာရုံချောက်ချားမှုကို မထိန်းနိုင်ဘဲ ဝိညာဉ်က စွန်းထင်းခံရပေလိမ့်မည်။ အဆိုးဝါးဆုံးရလဒ်အနေဖြင့် သူတို့၏ ဝိညာဉ်ကို ထာဝရဆုံးရှုံးသွားပြီး လူရူးတစ်ယောက်ပမာ ပြောင်းလဲသွားပေလိမ့်မည်။ ခန္ဓာကိုယ်ကပင် တဖြည်းဖြည်း တိုက်စားခံရပြီး ယန်စွမ်းအင်က ဆုတ်ယုတ်၍ သူတို့၏ ဘဝသက်တမ်းကို လျှော့ချပစ်ပေလိမ့်မည်။
ယင်စွမ်းအင်လှံပုဆိန်ဝင်္ကပါ၏ ရည်ရွယ်ချက်သည် ယင်စွမ်းအင်နှင့် မကောင်းဆိုးဝါး စွမ်းအင်ကို ဖောက်ထုတ်ပစ်ရန်ဖြစ်သည်။
အမိန့်ကို လက်ခံရရှိပြီးနောက် ဂမ္ဘီရဝိဇ္ဇာများသည် သူတို့၏ မြင်းကုန်းနှီးများထဲကနေ ကျောက်မှုန့်တစ်အိတ်စီကို ယူကာ ပေ ၁၀၀၀ ရှည်ပြီး ပေ ၁၀၀ ကျယ်သော ကြီးမားသည့် ဝင်္ကပါတစ်ခုကို ရေးဆွဲလိုက်ကြသည်။ ၎င်းသည် ပုံမှန် ယင်စွမ်းအင်လှံပုဆိန်ဝင်္ကပါထက် အဆ ၁၀၀ ပိုမို ကြီးမားလေသည်။ ဤအရွယ်အစား ယင်စွမ်းအင်လှံပုဆိန်ဝင်္ကပါကသာ ဤတောင်မှာရှိသော ယင်စွမ်းအင်ကို လမ်းလွှဲပေးနိုင်မည် ဖြစ်သောကြောင့်ပင်။
ကိုယ်ခံပညာသိုင်းသမားများက မြေကမ္ဘာစွမ်းအင်ကို ပိတ်ဆို့တားဆီးပေးခြင်းသည် ယင်စွမ်းအင် လှံပုဆိန်ဝင်္ကပါကို အထောက်အကူ ဖြစ်စေလိမ့်မည်။ မြေကမ္ဘာ၏ စွမ်းအင်ကို အဆက်မပြတ် စီးဆင်းခွင့်ပေးထားမည်ဆိုလျှင် ၎င်းသည် ဝမ်ရှန်းတာအိုနန်းတော်မှ ဂန္ထဝင် စာမေးပွဲမေးခွန်းတစ်ခုနှင့် သွား၍တူနေပေလိမ့်မည်။ ရေကန်တစ်ကန်ကို ရေဖြည့်ပေးပြီး တစ်ချိန်တည်းမှာပင် တစ်ဘက်က ဖောက်ထုတ်ထားမည်ဆိုလျှင် ထိုရေကန် လုံးဝပြည့်သွားဖို့အတွက် သို့မဟုတ် အကုန်အစင် ဖောက်ထုတ်ခံရဖို့အတွက် အချိန်ဘယ်လောက် ကြာမလဲဟူသည်ပင်။
ကိုယ်ခံပညာသိုင်းသမားများသည် ကိုယ်ကာယသန်မာပြီး များသောအားဖြင့် သူတို့ဆယ်ယောက်သည် သာမန်လူ အယောက် ၁၀၀၏ ခွန်အားနှင့် တူညီသည်။ ခဲယမ်းများ၏ ဖောက်ခွဲအားနှင့်အတူ သူတို့သည် လင်းချွမ်ကျီ၏ ညွှန်ကြားမှုများအတိုင်း လိုက်နာ၍ မြေကမ္ဘာစွမ်းအင်၏ ဆုံမှတ်အတော်များများကို ပိတ်ဆို့ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း ပြုလုပ်ကာ သူတို့ ထိန်းချုပ်နိုင်သည့် နေရာလွတ်တစ်ခုကို ဖန်တီးလိုက်ကြလေသည်။
ကုန်းမြင့်ပိုင်းမှာရှိနေသော ချီသန့်စင်သူများက မိခင်-ကလေးအဆောင်များနှင့်အတူ အချက်ပြလိုက်ကြ၏။
တောင်ကြောလမ်းကို စောင့်ကြပ်နေသော လင်းချွမ်ကျီက သူ၏လက်ကို ဆန့်ထုတ်၍ လက်ညှိုးနှင့် လက်ခလယ်ကိုဆန့်ကာ လေထဲတွင် သင်္ကေတတစ်ခုကို ရေးဆွဲလိုက်၏။ စုတ်တံနှင့် မင်ရည်ကို အသုံးပြုလိုက်သလို သူ၏ လက်ချောင်းထိပ်ဖျားကနေ အနီရောင် ခပ်ပါးပါး မျဉ်းတစ်ကြောင်း ထွက်ပေါ်လာလေသည်။ ထို့နောက် သူ၏ လက်ချောင်းများကို လှုပ်ရှား၍ လေထဲမှာ လှံပုဆိန်တစ်လက်ကို ရေးဆွဲကာ ၎င်းကို စိတ်ဝိညာဉ်အလင်းရောင်ဖြင့် တောက်ပနေစေ၏။
ထို့နောက် သူက လက်ကို တစ်ဖန်ဝေ့ယမ်းပြီး လှံပုဆိန်ကို ရေးဆွဲလိုက်သော လက်နှစ်ချောင်းနှင့်ပင် ရှေ့ကို ထိုးညွှန်ကာ တီးတိုးရေရွတ်လိုက်၏။
“သွားတော့...”
သာမန်ဂမ္ဘီရဝိဇ္ဇာများသည် အစီအရင်ဝင်္ကပါများကို ရေးဆွဲဖို့အတွက် ကျောက်မှုန့်များကို အသုံးပြုရသော်လည်း လင်းချွမ်ကျီသည် ကျင့်ကြံမှုအဆင့် ပိုမိုမြင့်မားပြီး ပြင်ပပစ္စည်းများကို အသုံးပြုခြင်းမရှိဘဲ ယင်စွမ်းအင်လှံပုဆိန်ဝင်္ကပါကို ရေးဆွဲနိုင်သည်။
ချက်ချင်းပင် လင်းချွမ်ကျီ၏ ယင်စွမ်းအင် လှံပုဆိန်ဝင်္ကပါက မြေပြင်ပေါ်မှ ကြီးမားသော ယင်စွမ်းအင် လှံပုဆိန်ဝင်္ကပါနှင့် ပေါင်းစည်းပြီး နောက်ဆုံး စုတ်ချက်များကို ထည့်သွင်းလိုက်လေသည်။
ယင်စွမ်းအင် လှံပုဆိန်ဝင်္ကပါကို လှံပုဆိန်ဟု အမည်တပ်ထားသော်လည်း ၎င်းသည် ရိုးရှင်းသော မြားတစ်စင်းနှင့် ပိုတူသည်။ ထိုအချိန်မှာ ၎င်းက တလက်လက် တောက်ပလာနေ၏။ ထို့နောက် ချက်ချင်းပင် အဘက်ဘက်ကနေ လေများက တိုက်ခတ်လာ၏။ ၎င်းသည် နွေဦးလေပြေ၊ ချစ်ချစ်တောက်ပူပြင်းသော နွေလယ်လေ၊ အေးစက်နေသော ဆောင်းဦးလေ သို့မဟုတ် အရိုးခိုက်အောင် ချမ်းစိမ့်နေသော လေပြင်းတို့ မဟုတ်ပေ။ ၎င်းသည် ငိုသံနှင့်ရယ်သံများ ရောနှောပါဝင်နေသည့် ယင်စီးကြောင်းတစ်ခု ဖြစ်လေသည်။ ယင်စီးကြောင်းက ယင်စွမ်းအင် လှံပုဆိန်ဝင်္ကပါ၏ မြားခေါင်းရှိရာသို့ စီးဆင်းသွားပြီး သာမန်မျက်စိဖြင့် မမြင်ရသော မြစ်စီးကြောင်းတစ်ခုလို တောင်ပေါ်ကနေ စီးဆင်းထွက်ခွာသွားသည်။
တစ်နာရီကျော် ကြာပြီးနောက် တောင်မှာရှိသော ယင်စွမ်းအင်က ခန်းခြောက်သွားပြီး မဟူရာတောင်၏ ဘေးပတ်လည်မှာရှိသော မြူခိုးလွှာများက ရုတ်တရက် ရှင်းလင်းသွား၏။ တိမ်စိုင်များကြားကနေ နေရောင်က ဖြာကျလာသည်။
ဤနေရာအား ထျန်ကန်းခန်းမမှ တာအိုဆရာများက ဖယ်ရှားသန့်စင်ရှင်းလင်းလိုက်ပုံကို အာသာ တွေ့မြင်သောအခါ သူက ဘေးမှာရှိသော ချီရွှမ်းစုကို မပီမသ နန်းတွင်းရုံးသုံးဘာသာစကားဖြင့် ပြောလိုက်၏။
“ချီ... မင်းတို့တွေလုပ်တာ တော်တော်ခမ်းနားတာပဲ”
ချီရွှမ်းစုသည်လည်း ဤကဲ့သို့သော မြင်ကွင်းတစ်ခုကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သော်လည်း သူက ဟန်မပျက်ပြောလိုက်၏။
“ဟုတ်တာပေါ့... ဒါက ကျုပ်တို့ရဲ့ အသက်မွေးဝမ်းကျောင်းပဲလေ”
သူတို့ စကားပြောနေစဉ် သစ်ပင်ကြီးတစ်ပင်ပေါ်မှာ မတ်တတ်ရပ်နေသော ကျန်းယွဲ့လုက အောက်ကို မျှောဆင်း၍ အမိန့်ပေးလိုက်၏။
“ကြီးကြပ်ရေးမှူးလင်းရွှမ်၊ အမှုဆောင်ချီနဲ့ ဘုန်းတော်ကြီးအာသာ... ကျွန်မနဲ့အတူ တောင်ပေါ်ကို တက်ခဲ့ကြ… ကျန်တဲ့သူတွေက အမှုဆောင်ကျောက်ရဲ့ အမိန့်ကို နာခံကြ… ဘယ်မိစ္ဆာမှ လွတ်မသွားစေနဲ့”
လူတိုင်းက တုံ့ပြန်ပြုမူလိုက်ကြပြီး ကျန်းယွဲ့လု နာမည်တပ်ခေါ်လိုက်သော လူများက တောင်ပေါ်သို့ သူမနှင့်အတူ လိုက်ပါသွားကြ၏။
သူ့နာမည်ကို မခေါ်လိုက်သည့်အတွက် ရှန့်ကွမ်သွမ့်က ကျောက်ပိုင်၏ ဘေးကို ခပ်မြန်မြန် လျှောက်လှမ်းသွား၏။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ရှန့်ကွမ်သွမ့်သည် အမှုဆောင်များနှင့် ရင်းနှီးကျွမ်းဝင်လာခဲ့ပြီ ဖြစ်သည်။
တောင်ပေါ်သို့ တက်သွားသည့် လူများထဲမှာ ချီရွှမ်းစုက ကျင့်ကြံမှုအနိမ့်ဆုံး ဖြစ်သော်လည်း သူသည် ခွန်လွင်အဆင့် တပည့်ဂိုဏ်းသားများကြားမှာ အတော်ဆုံးလည်း ဖြစ်သည်။ သူတို့အုပ်စုသည် မြေပြန့်လွင်ပြင်မှာ လျှောက်လှမ်းနေသည့်အလား ကြမ်းတမ်းသော တောင်ကြောလမ်းအတိုင်း တက်သွားကြပြီး သိပ်မကြာခင် စီမုခံတပ်၏ ဂိတ်တံခါးများသို့ ရောက်ရှိလာကြလေသည်။
အိုက်လီ ပြောခဲ့သလိုပင် စီမုခံတပ်သည် တကယ်ပင် စွန့်ပစ်ခံထားရသော ရဲတိုက်ကြီးတစ်လုံး ဖြစ်သည်။ တံတိုင်းများ၏ အစိတ်အပိုင်းတချို့က ပြိုကျနေပြီး သစ်သား အဆောက်အအုံများအားလုံးက ပျက်စီးနေပြီ ဖြစ်သည်။ အခြေခံကျသော အုတ်ကျောက် အဆောက်အအုံကသာ ကျန်ရစ်နေ၏။ သို့သော်လည်း ဤခံတပ်၏ ဂိတ်တံခါးများက အတော်လေး အကောင်းတိုင်း ရှိနေသေးပြီး တင်းကျပ်စွာ ပိတ်ဆို့ထားလေသည်။
ကျန်းယွဲ့လုက သူမ၏လက်ကို ဆန့်ထုတ်၍ ပေနှစ်ဆယ်ကျော် မြင့်မားသော ဂိတ်တံခါးကို ဖိချလိုက်၏။ ပိုးစာရွက်များကို ပိုးကောင်များ ကိုက်ဝါးနေသလို တရှပ်ရှပ် အသံသာလျှင် ထွက်ပေါ်လာလေသည်။ ထို့နောက် ဧရာမဂိတ်တံခါးနှစ်ချပ်သည် သဲမှုန့်များအဖြစ် ပြောင်းလဲပြီး ဘာမှမကျန်အောင် ပြန့်ကျဲကျဆင်းသွား၏။
ဤသည်မှာ ရှုခိုကို အနိုင်ယူရာတွင် ကျန်းယွဲ့လု အသုံးပြုခဲ့သော လှုပ်ရှားကွက် 'လေဟာနယ် ကပ်ဘေးခြောက်ပါး' ဖြစ်သည်။ ၎င်းသည် ချီသန့်စင်သူလမ်းစဉ်မှ ပကတိကျင့်စဉ်တစ်ခုလည်း ဖြစ်သည်။ ဤနည်းစနစ်ကို သင်ယူဖို့အတွက် အခြေခံကျသော လိုအပ်ချက်များကလည်း အလွန်တရာ မြင့်မားလေသည်။ ရိုးရှင်းသောပုံစံအဖြစ် မွမ်းမံပြီးလျှင်တောင် သာမန်ချီသန့်စင်သူများသည် ကောင်းကင်ဘုံသက်ရှိအဆင့်ကို ရောက်ရှိပြီးမှသာ ဤကျင့်စဉ်ကို လေ့ကျင့်နိုင်ကြသည်။ တစ်ဘက်မှာတော့ နိုးထဝိညာဥ်အဆင့်မှာရှိသော နတ်သက်ကြွေအင်မော်တယ်များက ဤစွမ်းရည်ကို သင်ယူဆည်းပူးနိုင်ကြသည်။
ဤသည်မှာ နတ်သက်ကြွေအင်မော်တယ်များ၏ အားသာချက် ဖြစ်သည်။ မဟုတ်ပါက တာအိုဂိုဏ်းတော်သည် နတ်သက်ကြွေအင်မော်တယ်များကို မွေးထုတ်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့လိမ့်မည် မဟုတ်ပေ။ ရလဒ်အနေဖြင့် တုပထားသောပုံစံ လေလွင့်ကျင့်ကြံသူများလည်း ပေါ်ထွက်လာလိမ့်မည် မဟုတ်ချေ။
အာသာသည် သိုလှောင်အိတ်ဟု ခေါ်ဆိုသော မှော်သိုလှောင်ပစ္စည်းတစ်မျိုးကို ပိုင်ဆိုင်ထားသည်။ သူက ထိုအိတ်ထဲကနေ လက်နှစ်ဖက်ကိုင် ဓားရှည်တစ်လက်ကို ဆွဲထုတ်ပြီး ခံတပ်ထဲသို့ ဝင်ရောက်လိုက်၏။
လင်းချွမ်ကျီက ထပ်ကြပ်မကွာ လိုက်ပါသွားပြီး အဆောင်နှစ်ခုကို ထုတ်ယူကာ သူ၏ ဘေးပတ်လည်တွင် လွင့်မျောနေစေသည်။
ကျန်းယွဲ့လုက သူမ၏ နတ်နဂါးပစ္စတိုနှင့် ကျည်ဆန်တစ်အိတ်ကို ထုတ်ယူပြီး ချီရွှမ်းစုကို ကမ်းပေးလိုက်၏။
“ဒီပစ္စည်းတွေကို ကျွန်မ မလိုဘူး… ရှင့်ကိုယ်ရှင် ကာကွယ်ဖို့အတွက် အဲဒါကို အသုံးပြုနိုင်တယ်”
ချီရွှမ်းစုက နတ်နဂါးပစ္စတိုကို ယူပြီး ကျည်ဆန်များကို သူ၏ သားရေအိတ်ထဲသို့ ထည့်လိုက်၏။ ပထမဆုံးအကြိမ်အနေဖြင့် သူက ကျေးဇူးတင်စကား မပြောတော့ဘဲ “ကောင်းပါပြီ” ဟူ၍သာ တုံ့ပြန်လိုက်၏။
ထို့နောက် ကျန်းယွဲ့လုက ခံတပ်ထဲသို့ လျှောက်လှမ်းသွား၏။
ချီရွှမ်းစုသည် နတ်နဂါးပစ္စတိုနှင့် ငှက်စိမ်းပစ္စတိုကို သူ၏ ခါးတစ်ဖက်တစ်ချက်စီမှာ ချိတ်ဆွဲ၍ သူ၏ ဓားတိုကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ သူက နောက်ဆုံးလူအဖြစ် ခံတပ်ထဲသို့ ဝင်ရောက်လိုက်၏။
အထဲမှာ အလင်းရောင်က မှိန်ပျပျသာ ရှိနေသည်။ တိုင်လုံး ၁၂လုံးကို ဧည့်ခန်းထဲမှာ စိုက်ထူထားသော်လည်း တစ်ဝက်လောက်က ပြိုကျနေပြီဖြစ်ပြီး အဆောက်အအုံက တည်ငြိမ်မှု မရှိတော့ချေ။
လင်းချွမ်ကျီက လက်တစ်ဖက်ကိုဝေ့ယမ်းပြီး နံရံမှာရှိသော မီးအိမ်များ အားလုံးကို ထွန်းညှိလိုက်၏။
အာသာက ခံတပ်ကို ကျွမ်းကျင်စွာဖြင့် အလျင်အမြန် ရှာဖွေဖော်ထုတ်၍ လူသားအရိုးစုတချို့ကို ရှာတွေ့သွား၏။ အရိုးစုတချို့က အိုဟောင်းနေပြီဖြစ်ပြီး တချို့ကတော့ မကြာသေးခင်ကမှ သေဆုံးထားခြင်းဖြစ်သည်။
ဤအချက်သည် အိုက်လီ၏ ထင်မြင်ယူဆချက်ကို ထပ်မံ၍ အတည်ပြုပေးနေသည်။
ကျန်းယွဲ့လု ဝင်ရောက်လာပြီးနောက် သူမ၏ အကြည့်သည် ထူးဆန်းသော အမှတ်သင်္ကေတတစ်ခု ရေးထိုးထားသည့် ဟောင်းနွမ်းစုတ်ပျက်နေသော ဂုန္တန်ထိုးပန်းချီကားတစ်ချပ်ပေါ် ချက်ချင်းပင် ကျရောက်သွားသည်။
သိုးမွေးများနှင့် ရက်လုပ်ထားသော ဂုန္တန်ထိုးပန်းချီကားများသည် အနောက်ဘက်ဒေသမှာ လူကြိုက်များသော အလှဆင်မှုဖြစ်သော်လည်း အလယ်ပိုင်းလွင်ပြင်ဒေသကတော့ သစ်သားခေါက်လိုက်ကာများကိုသာ အသုံးပြုတတ်ကြသည်။
ချီရွှမ်းစုက ကျန်းယွဲ့လု၏ အကြည့်တိုင်း လိုက်ပါကြည့်ရှုပြီး မေးလိုက်၏။
“အဲဒါ ဘာလဲ”
ကျန်းယွဲ့လုက ဖြေပေးလိုက်၏။
“အဲဒါက… ရှေးဟောင်းအင်မော်တယ်တွေရဲ့ အမှတ်အသားပဲ”
တာအိုဂိုဏ်းတော်နှင့် ရှေးဟောင်းအင်မော်တယ်များကြား စစ်ပွဲသည် နှစ် ၂၀၀ ကျော်ကြာအောင် ဖြစ်ပွားခဲ့လေသည်။ တာအိုဂိုဏ်းတော်သည် ထိုစစ်ပွဲကို လုံးလုံးလျားလျား အဆုံးသတ်ဖို့ အခွင့်အရေးရခဲ့သော်လည်း ဗုဒ္ဓဂိုဏ်း၏ ကြားဝင်စွက်ဖက်မှုဖြင့် မအောင်မြင်ခဲ့ပေ။ ထိုသို့ဖြင့် ဗုဒ္ဓဂိုဏ်းနှင့် တာအိုဂိုဏ်းတော်အကြား စစ်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ရွှမ်အရှင်မြတ်က ဗုဒ္ဓဂိုဏ်းချုပ်နှင့် ထိပ်တိုက်ရင်ဆိုင်ပြီးမှသာ စစ်ပွဲများက အဆုံးသတ်သွားခဲ့သည်။
ထိုသို့ဖြင့် ဘာသာသုံးပါး အလွန်ခေတ်ဟုခေါ်ဆိုသော ခေတ်တစ်ခုသို့ ဦးတည်လာခဲ့သည်။
ဘာသာသုံးပါး အကြိုခေတ်မှာ ကွန်ဖြူးရှပ်ကျောင်းတော်သည် လောကကို လွှမ်းမိုးခြယ်လှယ်ခဲ့သည်။ ထိုအချိန်တုန်းက တာအိုဂိုဏ်းတော်နှင့် ဗုဒ္ဓဂိုဏ်းက အတူပူးပေါင်း၍ ကွန်ဖြူးရှပ်ကျောင်းတော်ကို ဆန့်ကျင်ခဲ့ကြ၏။ နောက်ဆုံးမှာတော့ သူတို့က အနိုင်ရရှိခဲ့လေသည်။ တာအိုဂိုဏ်းတော်သည် ကွန်ဖြူးရှပ်ကျောင်းတော်၏ နေရာကို အစားထိုးဝင်ယူပြီး လောက၏ တရားဝင်အခွင့်အာဏာကို ရရှိလာခဲ့သည်။ ကွန်ဖြူးရှပ်ကျောင်းတော်နှင့် ဗုဒ္ဓဂိုဏ်းကတော့ ၎င်း၏ လက်အောက်ခံများ ဖြစ်သွားခဲ့ကြသည်။
အတိတ်ကာလတုန်းက ကွန်ဖြူးရှပ်ကျောင်းတော်က ဦးဆောင်၍ ဘာသာသုံးပါး ပေါင်းစည်းမှုကို ဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းမှာ တာအိုဂိုဏ်းတော်သည် ဦးဆောင်မှုရယူပြီးနောက် ဘာသာသုံးပါး ပေါင်းစည်းမှုကို ဆက်လက်၍ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။
အချိန်တစ်ခုမှာ တာအိုဂိုဏ်းတော်သည် ဘာသာသုံးပါး၏ အစစ်အမှန်ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ကွန်ဖြူးရှပ်ကျောင်းတော်၏ နိယာမလမ်းစဉ်၊ ဒဿနိကလမ်းစဉ်နှင့် ချီလမ်းစဉ်မှ မဟာပညာရှင်သုံးဦးသည် ရွှမ်အရှင်မြတ်ထံ သစ္စာခံဖို့ ရွေးချယ်ခဲ့ကြသည်။ သူတို့သည် တာအိုဂိုဏ်းတော်မှာဆိုလျှင် လက်ထောက်မဟာအကြီးအကဲများနှင့် အဆင့်အတန်းချင်း တူညီလေသည်။
ဘာသာသုံးပါး အလွန်ခေတ်မှာ ဗုဒ္ဓဂိုဏ်းသည် လွှမ်းမိုးခြယ်လှယ်မှုအတွက် တာအိုဂိုဏ်းတော်နှင့် ယှဉ်ပြိုင်ခဲ့သည်။ တာအိုဂိုဏ်းတော်က ကွန်ဖြူးရှပ်ကျောင်းတော်နှင့် ပူးပေါင်း၍ ဗုဒ္ဓဂိုဏ်းကို ဖိနှိမ်ခဲ့၏။ နောက်ဆုံးမှာတော့ ဗုဒ္ဓဂိုဏ်းသည် တာအိုဂိုဏ်းတော်နှင့် စစ်ပြေငြိမ်းဖို့ သဘောတူညီလိုက်ရပြီး တာအိုဂိုဏ်းတော်၏ ဦးဆောင်မှုကို အသိအမှတ်ပြုလိုက်ရလေသည်။
သို့သော်လည်း ဗုဒ္ဓဂိုဏ်းသည် ကိစ္စများစွာမှာ တာအိုဂိုဏ်းတော်နှင့် သဘောထားမတိုက်ဆိုင်ဘဲ ပွတ်တိုက်မှုများစွာ ရှိနေဆဲဖြစ်၏။ အထူးသဖြင့် ရှေးဟောင်းအင်မော်တယ်များနှင့် ပတ်သက်သော အရေးကိစ္စများမှာ ဖြစ်သည်။ ဗုဒ္ဓဂိုဏ်းသည် လျှို့ဝှက်အသင်းအဖွဲ့များကို ဖိနှိမ်ခြင်းမှာ တာအိုဂိုဏ်းတော်ကို တရားဝင် အထောက်အကူပေးထားသော်လည်း သူတို့သည် တာအိုဂိုဏ်းတော်ကို ထဖို့အတွက် ရှေးဟောင်းအင်မော်တယ်များကို တိတ်တဆိတ် ထောက်ပံ့ပေးနေခဲ့သည်။
ရှေးဟောင်းအင်မော်တယ်များသည် လျှို့ဝှက်အသင်းအဖွဲ့များ၏ ပုံစံဖြင့် ယုံကြည်သူများကို စုဆောင်းထားလေသည်။ ထိုသို့ဖြင့် တာအိုဂိုဏ်းတော်သည် သူတို့ကို နှိမ်နင်းဖို့အတွက် နှစ်စဉ်နှစ်တိုင်း အင်အားအမြောက်အမြားကို သုံးစွဲနေရသည်။
ချီရွှမ်းစုက မေးလိုက်၏။
“ဒီနေရာမှာ ရှေးဟောင်းအင်မော်တယ်တွေရဲ့ အငွေ့အသက်တွေ ရှိနေမယ်ဆိုရင် ဒီနေရာက လျှို့ဝှက်အသင်းအဖွဲ့တစ်ခုရဲ့ အခြေစိုက်စခန်းတစ်ခု ဖြစ်နေမလား… ပြောရမယ်ဆိုရင် အဲဒီအပြစ်သားတွေက ရှေးဟောင်းအင်မော်တယ်တွေဆီကနေ အကူအညီ ရဖို့အတွက် သက်ရှိဝိညာဉ်တွေကို စုဆောင်းပေးနေတာများလား”
“အဲဒါ ဖြစ်နိုင်လောက်တယ်”
ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်၏။
ချီရွှမ်းစုက နောက်ဆုံးမှာ ထပ်မံ၍ မေးလိုက်၏။
“ရှေးဟောင်းအင်မော်တယ်တွေက ဘယ်သူတွေလဲ”
ကျန်းယွဲ့လုက ခဏမျှ တုံ့ဆိုင်းပြီးနောက် ပြောလိုက်၏။
“ရှေးဟောင်းအင်မော်တယ်တွေက မကောင်းဆိုးဝါးနတ်တွေ ဒါမှမဟုတ် နတ်ဆိုးတွေနဲ့ တူတယ်… သူတို့တွေက တာအိုဂိုဏ်းတော် အမြစ်ပြတ်သုတ်သင်ချင်နေတဲ့ စွမ်းအားကြီးမားတဲ့ တည်ရှိမှုတစ်ခုပဲ… သူတို့ကို အင်မော်တယ်တွေလို့ ခေါ်တယ်ဆိုတာ သူတို့ထဲက တချို့က တာအိုဂိုဏ်းတော်ရဲ့ အကြီးအကဲတွေ ဖြစ်ခဲ့ကြလို့ပဲ”
ချီရွှမ်းစုက ငိုင်ကျသွား၏။ သူက အလိုလို အသံကိုနှိမ့်ကာ မေးလိုက်၏။
“ကျုပ်တို့ရဲ့ အကြီးအကဲတွေလား”
ကျန်းယွဲ့လုက ဆက်ပြောလိုက်၏။
“မှန်ကန်ဖြောင့်မတ်တဲ့ လူတစ်ယောက်ရဲ့လက်ထဲမှာ သမားရိုးကျမဟုတ်တဲ့ နည်းလမ်းတွေကိုတောင် ကောင်းမွန်တဲ့ ရည်ရွယ်ချက်အတွက် အသုံးချနိုင်တယ်… ဒါပေမဲ့ အလားတူပဲ ယုတ်မာကောက်ကျစ်တဲ့ လူရဲ့လက်ထဲမှာ သမားရိုးကျနည်းလမ်းတွေကတောင် မကောင်းတဲ့ရည်ရွယ်ချက်အတွက် လှည့်ပြောင်း အသုံးချခံရနိုင်တယ်ဆိုတဲ့ ဆိုရိုးစကားရှိတယ်… တာအိုဂိုဏ်းတော်က အဲဒီဆိုရိုးစကားကို လုံးလုံးလျားလျား သဘောမတူပေမဲ့ ရှေးဟောင်းအင်မော်တယ်တွေက ယုတ်မာကောက်ကျစ်ပြီး သမားရိုးကျနည်းလမ်းတွေကို မကောင်းတဲ့ ရည်ရွယ်ချက်တွေအတွက် လှည့်ပြောင်း အသုံးချနေတယ်ဆိုတာကို သူတို့ ဝန်ခံထားရတယ်”
ချီရွှမ်းစုက သိချင်စိတ်ဖြင့် ထပ်မံ၍ မေးမြန်းလိုက်၏။
“ရှေးဟောင်းအင်မော်တယ်တွေက တာအိုဂိုဏ်းတော်ကို ဘာလို့ သစ္စာဖောက်ခဲ့ရတာလဲ”
ကျန်းယွဲ့လုက သူ့မေးခွန်းကို တိုက်ရိုက်မဖြေဘဲ ပြန်မေးလိုက်၏။
“ဓားပျံတွေက သေနတ်တွေထက် ပိုပြီးတော့ စွမ်းအားကြီးမားတယ်… အစီအရင်တွေက အမြောက်လက်နက်တွေထက် ပိုပြီးတော့ စွမ်းအားကြီးမားတယ်… ဒါပေမဲ့ တာအိုဂိုဏ်းတော်နဲ့ အင်ပါယာနန်းတော်က ခဲယမ်းလက်နက်တွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ဘာလို့အဲလောက်ထိ အားကြိုးမာန်တက် ကြိုးပမ်းနေကြတာလဲ… ချွမ်ကျန်းဂိုဏ်းရဲ့ စက်ယန္တရားအဖွဲ့နဲ့ အစီအရင်ဝင်္ကပါအဖွဲ့က ဘာလို့ တစ်ဖက်နဲ့တစ်ဖက် ယှဥ်ပြိုင်တိုက်ခိုက်နေကြတာလဲ… အဲဒီပြဿနာကို ရှင် စဉ်းစားမိဖူးလား”
ချီရွှမ်းစုက ထိတ်လန့်သွား၏။
ကျန်းယွဲ့လုသည် သာမန်တာအိုဆရာများ သိရှိခွင့်မရှိသော တာအိုဂိုဏ်းတော်၏ လျှို့ဝှက်ချက်များကို သိရှိထားသည်မှာ သိသာနေ၏။ သူမက ခပ်တိုးတိုး ပြောလိုက်၏။
“မှော်စွမ်းအားတွေနဲ့ ဂမ္ဘီရစွမ်းရည်တွေအားလုံး ဒီလောကကနေ တစ်နေ့ပျောက်ကွယ်သွားမယ်ဆိုရင် ကျွန်မတို့ ဘာဖြစ်သွားမလဲ”
ချီရွှမ်းစုက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“အဲဒါက… ရှေးဟောင်းအင်မော်တယ်တွေနဲ့ ဘာများ ပတ်သက်လို့လဲ”
ကျန်းယွဲ့လုက သက်ပြင်းချကာ ပြောလိုက်၏။
“တကယ်တော့… အဲဒါက အဆက်အစပ်ရှိတယ်.. ဒါပေမဲ့ တာအိုဂိုဏ်းတော်ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအရဆို ရှင့်လိုအဆင့်မှာရှိတဲ့ လူတွေက ဒီသတင်းအချက်အလက်တွေကို သိခွင့်မရှိဘူး… ရှင်က လက်ထောက်ခန်းမသခင်တစ်ဦး ဖြစ်လာမယ်ဆိုရင် ဒါမှမဟုတ် တတိယအဆင့် ယိုယီတာအိုအကြီးအကဲတစ်ဦး ဖြစ်လာမယ်ဆိုရင် အဲဒါကို နားလည်သဘောပေါက်လာလိမ့်မယ်”
ထိုအခါမှသာ ကျန်းယွဲ့လုသည် သူမ၏ အဆင့်-၄ကြောင့်မဟုတ်ဘဲ လက်ထောက်ခန်းမသခင်အဖြစ် သူမ၏ အဆင့်အတန်းကြောင့်သာ ဤလျှို့ဝှက်ချက်များကို သိရှိနေခြင်းဖြစ်ကြောင်း ချီရွှမ်းစု နားလည်သဘောပေါက်သွားလေသည်။
ထိုသို့ဆိုလျှင် လင်းချွမ်ကျီ၊ စွန်းယုံဖုန့်နှင့် အခြားသူများကလည်း ထိုလျှို့ဝှက်ချက်များကို သိရှိကြလိမ့်မည် မဟုတ်ပေ။