ဟင်ဒရစ်
Vol. 6 Ch. 53
မြေအောက်ကို ဦးတည်နေသည့် သံတံခါးတစ်ချပ်ကို အာသာက သိပ်မကြာခင် ရှာဖွေတွေ့ရှိသွားသည်။ ခံတပ်၏ မြေပြင်အထက်ပိုင်းက ပြင်းပြင်းထန်ထန် ပျက်စီးထိခိုက်ထားသော်လည်း မြေအောက်ပိုင်းက အတော်လေး ကောင်းကောင်းမွန်မွန် ရှိနေသေးသည်။ သူက သံတံခါးကို တွန်းဖွင့်လိုက်ပြီး အချိန်၏ တိုက်စားမှုခံထားရသည့် တံခါးပတ္တာက ချောက်ချားဖွယ်ရာ တကျွိကျွိ မြည်သွားသည်။
တံခါး၏ နောက်ဘက်မှာ အချိန်အတော်ကြာအောင် ပြုပြင်ထိန်းသိမ်းထားခြင်း မရှိသည့် နက်ရှိုင်းမှောင်မိုက်သော စင်္ကြံလမ်းတစ်ခု ရှိနေသည်။ အောက်ဘက်မှာ ရေများက အိုင်ထွန်းနေပြီး ရေညှိများပင် တက်နေ၏။ တစ်စက်စက် စီးကျနေသောရေသံက နေရာတစ်ခုလုံးကို ပို၍ပင် ချောက်ချားစရာ ကောင်းနေစေသည်။
အာသာက လက်ဟန်အမူအရာဖြင့် မပီမသ နန်းတွင်းရုံးသုံးစကားကို ပြောလိုက်သည်။
“အောက်ဘက်… အကျဥ်း…. သိုလှောင်ခန်း... ဘုန်းကြီးတွေ အနားယူ...”
ချီရွှမ်းစုသည် အာသာနှင့် သုံးရက်ကြာ ထိတွေ့ဆက်ဆံခဲ့ပြီးနောက် ထိုသူပြောသည့်စကားကို အတော်အတန် နားလည်နေပြီဖြစ်သည်။ ထို့ကြောင့်ပင် ကျန်းယွဲ့လုက ချီရွှမ်းစုကို သူတို့နှင့်အတူ ခေါ်ဆောင်လာခြင်း ဖြစ်လေသည်။
သူက ကျန်းယွဲ့လုနှင့် လင်းချွမ်ကျီကို ရှင်းပြလိုက်၏။
“အဲဒီမှာ သိုလှောင်ခန်း တစ်ခန်းရှိတယ်လို့ သူပြောချင်တာ... တစ်ခါတရံ အဲဒီမှာ ဘုန်းကြီးတွေကလည်း အနားယူတတ်တယ်တဲ့”
လင်းချွမ်ကျီက လက်ဖြောက်တစ်ချက်တီးပြီး အဆောင်တစ်ခုကို မီးတောက်တစ်ခုအဖြစ် ပြောင်းလဲသွားစေ၏။ ၎င်းသည် လမ်းပြမီးအဖြစ် စင်္ကြံလမ်းထဲသို့ လွင့်မျောသွားလေသည်။ မီးက ငြိမ်းသေမသွားသည့်အချက်သည် စင်္ကြံလမ်းမှာ လေဝင်လေထွက် ရှိနေသည်ဟု ညွှန်ပြနေ၏။
သူတို့အုပ်စုသည် မီးတောက်အတိုင်းလိုက်ပါပြီး စင်္ကြံလမ်းထဲသို့ ဝင်ရောက်သွားကြ၏။ နေရာက အတော်လေးကျယ်ဝန်းပြီး လူလေးယောက် ဘေးချင်းယှဉ် လျှောက်နိုင်သည်။ မျက်နှာကြက်က ဆယ်ပေခန့်မြင့်မားပြီး အရွယ်ရောက် ယောက်ျားတစ်ယောက် စင်္ကြံလမ်းထဲမှာ ကောင်းကောင်း ခုန်နိုင်လေသည်။
မနှစ်မြို့ဖွယ်ရာ အနံ့တစ်ခုက စင်္ကြံလမ်းထဲမှာ ပျံ့နှံ့နေသော်လည်း မည်သူကမှ ဂရုမစိုက်ကြပေ။ ခရီးသွားများဖြစ်သော ယောက်ျားသုံးဦးက ထိုကဲ့သို့သော အခြေအနေနှင့် အသားကျနေပြီးသားဖြစ်သည်။ သို့သော် ကျောက်စိမ်းနေပြည်တော်နှင့် အသားကျနေခဲ့သော ကျန်းယွဲ့လုက ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးနှင့် တွေ့ကြုံရလေ့ မရှိပေ။ ထိုသို့ဆိုလျှင်ပင် သူမ၏ အမူအရာက ပြောင်းလဲမသွားဘဲ သူမ၏ စိတ်ဓာတ်မာကျောမှုကို ပြသနေ၏။ သူမသည် ပါရမီအရည်အချင်းသက်သက်ဖြင့် လက်ရှိနေရာကို ရလာခြင်းမဟုတ်ပေ။
စင်္ကြံလမ်း၏ အဆုံးမှာ အာသာပြောသည့် ဘုန်းကြီးများ အနားယူတတ်သောနေရာ မြေအောက်ခန်းမငယ်တစ်ခု ရှိနေသည်။
ရုတ်တရက် ကျန်းယွဲ့လုက ရပ်တန့်လိုက်၏။ သူမ၏ မျက်လုံးထဲမှာ ခရမ်းရောင်စွမ်းအင်က လှည့်ပတ်စီးဆင်းသွားပြီး အခြားသူများကိုလည်း ရပ်တန့်ရန် လက်ပြလိုက်၏။
“အဲဒီမှာ… ထောင်ချောက်တစ်ခု ရှိ…”
သူမစကား မဆုံးသေးခင် သွေးအရိပ်နှစ်ခုက အမှောင်ထဲကနေ လွင့်ပျံ၍ သူတို့အုပ်စုထဲမှာ အားအနည်းဆုံးဖြစ်သော ချီရွှမ်းစုထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာ၏။ လေပြင်းတစ်ချက်တိုက်ခတ်၍ သန်မာသောအနံ့တစ်ခု သူ့မျက်နှာကို လာရောက်ရိုက်ခတ်သည်ဟုသာ ချီရွှမ်းစုက ခံစားလိုက်ရ၏။
သူကတွေးလိုက်၏။
'ဒီအပြစ်သားတွေက အားနည်းတဲ့သူကို ဘယ်လို အနိုင်ကျင့်ရမလဲ ကောင်းကောင်း သိနေတာပဲ… ဟမ့်’
ချီရွှမ်းစုက အလျင်အမြန် တုံ့ပြန်လိုက်၏။ သူက တိုက်ခိုက်မှုကို ရှောင်တိမ်းရန် နောက်ပြန်လှိမ့်ချပြီး တစ်ဆက်တည်းမှာပင် ဓားကို ဆွဲလိုက်၏။
သွေးရောင်အရိပ်နှစ်ခုက နောက်တစ်ဖန် တိုက်ခိုက်လာစဉ် ချီရွှမ်းစုက သူ၏ နောက်ကျောက ကွပ်မျက်သူ(သံဓား)ကို ဆွဲထုတ်ကာ သွေးအရိပ်တစ်ခုကို ခါးကနေ ခုတ်ပိုင်းချလိုက်၏။ ချီရွှမ်းစုသည် သွေးအရိပ်ကို ထက်ပိုင်း လှီးဖြတ်လိုက်နိုင်သော်လည်း ၎င်းက သေဆုံးမသွားပေ။ ထိုအစား ယင်းသည် ညည်းတွားအော်ဟစ်၍ နောက်တစ်ဖန် ပေါင်းစည်းသွား၏။ တစ်ချိန်တည်းမှာပင် အခြားသော သွေးအရိပ်က ချီရွှမ်းစုထံသို့ ပစ်ဝင်လာ၏။
အာသာက သူ၏ လက်တစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်၏။ အားကောင်းသော အဖြူရောင် အလင်းတစ်ခုက သူ၏ လက်ဖဝါးကနေ ပစ်လွင့်ထွက်ပေါ်လာပြီး သွေးအရိပ်နှစ်ခုက ချက်ချင်းပင် အစိမ်းရောင်မီးခိုးများအဖြစ် ပြောင်းလဲသွားလေသည်။
အာသာက ချီရွှမ်းစုကိုကြည့်ပြီး တည်တံ့သော လေသံဖြင့် ပြောလိုက်၏။
“ချီ... အဲဒါတွေက လူတွေမဟုတ်ဘူး”
ချီရွှမ်းစုက ကွပ်မျက်သူကို သူ၏ ကျောထက် ဓားအိမ်ထဲသို့ ပြန်ထည့်ပြီး မရီးဒျာန်ဓား(သစ်သားဓား)ကို ဆွဲထုတ်လိုက်၏။
“မက်မွန်သစ်သားဆိုရင်ကော အလုပ်ဖြစ်မှာလား”
အာသာက ခေါင်းခါပြလိုက်၏။
“ငွေဓားပဲ ရမယ်... ဒါမှမဟုတ် အစီအရင်ပဲ”
ချီရွှမ်းစုက ကူကယ်ရာမဲ့သွား၏။ သူတို့က အစီအစဉ်ချနေစဉ် ကျန်းယွဲ့လုနှင့် အခြားသူများက ဤအရာကို လုံးလုံးလျားလျား လျစ်လျူရှုထားသည်။ လင်းချွမ်ကျီက အစီအရင်အသုံးပြုရာမှာတော်ပြီး ကျန်းယွဲ့လုမှာ မည်သည့် ငွေဓားထက်မဆို ပိုမိုကောင်းမွန်သော အင်မော်တယ်တစ်ပိုင်းပစ္စည်း ရှိလေသည်။
ကျန်းယွဲ့လုက သူ့ကို ရုတ်တရက် ကောက်ခါငင်ကာ ခေါ်သွားလိမ့်မည်ဟု ချီရွှမ်းစုက ကြိုတွက်မထားခဲ့ပေ။ ထို့ကြောင့် သူ့မှာ လက်နက် ရွေးချယ်ဖို့ အချိန်မရခဲ့ပေ။ သူက မရီးဒျာန်ဓားကို ပြန်သိမ်းပြီး သူခါးက ဓားတိုအရိုးကိုသာ ဆုပ်ကိုင်လိုက်ရသည်။ ဤဓားတိုသည် သူ့ဆရာ၏ အမွေအနှစ်ဖြစ်သည်။ ၎င်းသည် ဘယ်လိုအသုံးပြုရမလဲ ချီရွှမ်းစု မသိသည့် အဆင့်မြင့် စိတ်ဝိညာဉ်ပစ္စည်းတစ်ခု ဖြစ်သည်။
သူတို့အုပ်စုက အဝိုင်းပုံစံ ခန်းမတစ်ခုထဲသို့ ဝင်ရောက်လိုက်ကြ၏။ သူတို့ ဝင်ရောက်လာသည့် စင်္ကြံလမ်းအပြင် ဤနေရာမှာ အခြားနေရာများကို ဦးတည်နေသည့် လမ်းနှစ်သွယ်လည်း ရှိလေသည်။ အာသာက နေရာကို စစ်ဆေးပြီးနောက် သူ၏အတွေ့အကြုံပေါ် အခြေခံ၍ ကောက်ချက်ချလိုက်၏။
“ဘယ်ဘက်က သိုလှောင်ခန်း... ညာဘက်က မြေအောက် အကျဉ်းတိုက်...”
ကျန်းယွဲ့လုက ပြောလိုက်၏။
“သိုလှောင်ခန်းကို ငါ အရင်ဆုံးသွားပြီး စစ်ဆေးကြည့်လိုက်မယ်”
ထိုသို့ပြောပြီး သူမက ရှေ့ကနေ လျှောက်သွားကာ ယောက်ျားသုံးယောက်က နောက်ကနေ လိုက်ပါသွားကြ၏။
သိုလှောင်ခန်းသို့ ဦးတည်နေသည့် စင်္ကြံလမ်းက သိပ်မရှည်ပေ။ သူတို့သည် သိပ်မကြာခင် လမ်း၏အဆုံးကို ရောက်ရှိသွားကြ၏။ သို့သော်လည်း ဤစင်္ကြံလမ်းမှာ အားကောင်းသော သွေးနံ့က လှိုင်ထွက်နေသည်။ အနည်းငယ် ဆွေးရိနေသော သစ်သားတံခါးကို တွန်းဖွင့်လိုက်ချိန်မှာ သူတို့လေးယောက်က အဆိုးဆုံးရလဒ်ကို မျှော်လင့်ထားကြသည်။ သို့သော်လည်း သူတို့ရှေ့မှ မြင်ကွင်းက သူတို့ကို တုန်လှုပ်သွားစေဆဲပင်။
အထဲမှာ လုံးလုံးလျားလျား ခြောက်သွေ့သွားသော သစ်ခေါက်များလို ခြောက်ကပ်နေသော မီးခိုးရောင် အလောင်းများက အပုံလိုက် အပုံလိုက် ရှိနေ၏။ သူတို့၏ ရုပ်အလောင်းများမှာ အသွေးအသား အနည်းငယ်မျှ မရှိတော့ပေ။ အရိုးနှင့် အရေသာလျှင် ကျန်တော့သည်။
ဤအလောင်းများ၏ သွေးများသည် နက်မှောင်လုနီးပါး နီညိုရောင် သွေးကန်တစ်ကန်အဖြစ် စုစည်းနေလေသည်။
ကျန်းယွဲ့လုက မအီမသာလေသံဖြင့် ပြောလိုက်၏။
“ဒါက… သူတို့ရဲ့ အစာသိုလှောင်ရုံလား”
“ဟုတ်မယ် ထင်တယ်”
အာသာက ခေါင်းညိတ်ပြလိုက်၏။
ကျန်းယွဲ့လုက စကားမပြောဘဲ လင်းချွမ်ကျီကို လက်ပြလိုက်၏။ သူမ ဖြစ်စေချင်သည့် အရာကို လင်းချွမ်ကျီက နားလည်သဘောပေါက်သည်။ သူတို့သည် အခန်းထဲကနေ ထွက်လာပြီးနောက် သူက မီးအဆောင်တစ်ခုကို ထုတ်ယူကာ အထဲကို ပစ်ထည့်လိုက်၏။ တစ်ခဏချင်းမှာပင် အခန်းတစ်ခန်းလုံးကို နီကြန့်ကြန့်မီးတောက်များက လွှမ်းခြုံသွား၏။ ပို၍ပင် အံ့အားသင့်စရာကောင်းသည်မှာ အခန်းထဲတွင် မီးတောက်များက ဘယ်လိုပင် ဒေါသူပုန်ထနေသည်ဖြစ်စေ အပြင်ဘက်ကို လုံးဝ သက်ရောက်မှု မရှိပေ။ မီးခိုးတစ်မျှင်ပင်လျှင် ထွက်မလာခဲ့ပေ။
သူတို့အုပ်စုက အဝိုင်းခန်းမသို့ ပြန်လည်ရောက်ရှိလာပြီး မြေအောက်အကျဉ်းတိုက်ကို ဦးတည်နေသည့် လမ်းထဲသို့ ဝင်ရောက်လိုက်ကြ၏။ သို့သော်လည်း စင်္ကြံလမ်းထဲသို့ ဝင်ရောက်သည်နှင့် လင်းချွမ်ကျီ၏ လွင့်မျောနေသောမီးတောက်က ချက်ချင်းပင် ငြိမ်းသေသွား၏။ အာသာက ညာဘက်လက်ကို မြှောက်၍ သူ၏ လက်ချောင်းထိပ်များကနေ အလင်းလုံးငါးလုံးကို ပစ်ထုတ်ကာ စင်္ကြံလမ်းတစ်ခုလုံးကို ထိန်ထိန်လင်းသွားစေ၏။
အာသာပြောပုံအရ သူသည် အနီးကပ်တိုက်ခိုက်နိုင်ပြီး အစီအရင်ကို အသုံးပြုနိုင်သည့် စင်ကြယ်သူရဲကောင်းတစ်ဦး ဖြစ်လေသည်။ စင်ကြယ်သူရဲကောင်းသည် ချီသန့်စင်သူနှင့် ဆင်တူမည်ဟု ချီရွှမ်းစုက နားလည်သဘောပေါက်လိုက်သည်။
ဤစင်္ကြံလမ်းက အောက်ဘက်သို့ တောက်လျှောက် နိမ့်ဆင်းသွား၏။ ဗွက်အိုင်ထဲသို့ သူတို့ ခြေချမိသည့်အခါ ရံဖန်ရံခါ ရေသံတချို့ ထွက်ပေါ်လာသည်ကလွဲလျှင် လမ်းတစ်လျှောက်လုံးက အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ၏။ သာမန်လူတစ်ယောက်ဆိုပါက ခေါင်းမွေးများ ထောင်ထနေပေလိမ့်မည်။ သို့သော်လည်း သူတို့လေးယောက်က မဖြုံပေ။
ချီရွှမ်းစုက ခပ်တိုးတိုး ပြောလိုက်၏။
“အာသာ ပြောပုံအရဆို… ဒီမိစ္ဆာတွေက ပုံရိပ်ယောင် အသုံးပြုတဲ့ နေရာမှာ တော်ကြတယ်... သူတို့က...”
ရှေ့ကနေ လျှောက်လှမ်းနေသော ကျန်းယွဲ့လုက ဖြတ်ပြောလိုက်သည်။
“အစီအရင်ပညာရှင်က ကောင်းကင်ဘုံသက်ရှိတစ်ဦး ဖြစ်မနေသရွေ့ ငါ့ရဲ့ အင်မော်တယ်နတ်မျက်စိကနေ မလွတ်နိုင်ဘူး... အဲဒါကြောင့် သိပ်ပြီး စိုးရိမ်မနေနဲ့”
လင်းချွမ်ကျီက ထပ်ပြောလိုက်၏။
“လူသားစွမ်းအားသက်သက်နဲ့ တံလှပ်ရေထင် လှည့်စားမှုတစ်ခုကို ဖန်တီးထားဖို့က အားအင်အများကြီး ကုန်ဆုံးစေတယ်... ပုံရိပ်ယောင်ကလည်း သိပ်ကြာကြာ တည်မြဲနိုင်မှာမဟုတ်ဘူး... များသောအားဖြင့်တော့ သူတို့က ပြင်ပအရင်းမြစ်တွေကို မှီခိုကြလေ့ရှိတယ်... မြေကမ္ဘာစွမ်းအင်ကို ပိတ်ဆို့ပြီး ဒီတောင်ကနေ ယင်စွမ်းအင်ကို ဖောက်ထုတ်ခဲ့တယ်ဆိုတာလည်း အဲဒီပုံရိပ်ယောင် အသုံးပြုမှုတွေကို တားဆီးဖို့အတွက်ပဲ”
သိပ်မကြာခင် သူတို့လေးယောက်က စင်္ကြံလမ်း၏ အဆုံးကို ရောက်ရှိသွား၏။ ထိုနေရာမှာ လမ်းကို ပိတ်ဆို့တားဆီးထားသည့် နောက်ထပ် သံဂိတ်တံခါးတစ်ခု ရှိနေလေသည်။
အာသာက တုံ့ဆိုင်းခြင်းမရှိဘဲ သူ့ခန္ဓာကိုယ်ဖြင့် ၎င်းကို ပစ်တိုက်ချလိုက်ပြီး သံတံခါးက မြေပြင်ပေါ်သို့ ပြိုလဲကျကာ ဖုန်များ တထောင်းထောင်းထသွား၏။
တံခါး၏ နောက်ဘက်မှာရှိသော မြေအောက်အကျဉ်းတိုက်က ကြီးမားကျယ်ပြန့်သော နေရာတစ်ခုကို ယူထားလေသည်။ ၎င်းသည် မြေပြင်အထက်မှာရှိသော ရဲတိုက်ထက်ပင် ပို၍ ကြီးမားနေ၏။ အထဲမှာ အတော်လေး မှောင်မိုက်နေပြီး အာသာ၏ အလင်းလုံးက နေရာတစ်ဝက်ကိုသာ အလင်းပေးနိုင်လေသည်။
နောက်ခဏ၌ အနီရောင် အလင်းစက်များစွာက အမှောင်ထုထဲမှာ လင်းလက်လာလေသည်။ သူတို့က အစုံလိုက် သွေးနီရောင် မျက်လုံးများဖြစ်၏။ တစ်ချိန်တည်းမှာပင် သွေးမြားများစွာကလည်း သူတို့ထံသို့ ပျံသန်းလာသည်။
ကျန်းယွဲ့လုက နောက်ဆုံးမှာ လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်၏။ သူမ၏ အင်္ကျီလက်စနှစ်ဖက်ကို လွှဲယမ်းပြီး သူတို့ထံ ချိန်ရွယ်လာသည့် သွေးမြားများကို ခတ်ထုတ်လိုက်၏။ သွေးမြားများက ကျောက်သားကြမ်းခင်းနှင့် နံရံများပေါ်သို့ ဆင်းသက်သောအခါ တစ်ရှဲရှဲ အသံများ ထွက်ပေါ်ပြီး ကျင်းချိုင့်များ ဖြစ်ပေါ်လာလေသည်။
ထိုစဉ် မြေအောက်အခန်းထဲကနေ လက်ခုပ်သံ ထွက်ပေါ်၍ ငယ်ရွယ်သော အမျိုးသားတစ်ဦးက အမှောင်ထုထဲကနေ ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာ၏။ သူက ဖြူဖပ်ဖြူရော်မျက်နှာနှင့် အနောက်ဘက်ကုန်းမြေတိုက်မှ လူတို့၏ ပုံစံဖြစ်သော ငွေရောင်ဆံပင်ကို ပခုံးပေါ် ဖြန့်ချထား၏။ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုပင် ရှိနေသည်။
“ဒီအတတ်က တော်တော် စွမ်းအားကြီးမားတာပဲ”
လူငယ်က ရုံးသုံး(တရုတ်)စကားဖြင့် ပြောဆိုလိုက်၏။ သူက ရုပ်ရည်ရူပကာချောမောရုံသာမက အသံကလည်း ခန့်ညားနေ၏။ သူ့မှာ ရည်မွန်သော သွင်ပြင်ဟန်ပန်ပင် ရှိနေသည်။
ကျန်းယွဲ့လုက မေးလိုက်၏။
“နင် ဘယ်သူလဲ”
“ကျုပ်ကိုကျုပ် မိတ်ဆက်ပေးပါရစေ… ကျုပ်နာမည်က ဟင်ဒရစ် ရာနို့ ဗိုင်းကောင့်တဲ့”
(ဗိုင်းကောင့် - အနောက်တိုင်းဒေသမှာ ချီးမြှင့်ပေးလေ့ရှိသော သူကောင်းဘွဲ့တစ်မျိုး။)
လူငယ်၏ ဘယ်ဘက်ခြေဖဝါးက ရွေ့လျားခြင်းမရှိဘဲ ညာခြေထောက်ကို နောက်သို့ ဆတ်ခနဲ ဆုတ်လိုက်၏။ ညာဘက်လက်ကို ရင်ဘတ်ပေါ်တင်၍ ဘယ်ဘက်လက်ကို အပေါ်သို့ ထောင့်ဖြတ်ဆန့်ထုတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို ရှေ့သို့ အနည်းငယ်ကိုင်းညွတ်၍ မေးနှင့်ရင်ဘတ်ကိုထိအောင် သူ၏ ခေါင်းကို ငုံ့လိုက်လေသည်။
ဤသည်မှာ အနောက်ဘက်ကုန်းမြေတိုက်တွင် နှုတ်ဆက်လေ့ရှိသော နန်းတွင်းဓလေ့တစ်ခု ဖြစ်သည်။
ကျန်းယွဲ့လုက ဤဓလေ့ထုံးတမ်းကို နားမလည်ပေ။ သူမက အထင်မြင်သေးစွာဖြင့် နှုတ်ခမ်းကို ကွေးညွှတ်ပြီး မေးလိုက်၏။
“ဗိုင်းကောင့်တဲ့လား”
အာသာက မပီမသ ရုံးသုံးစကားဖြင့် ဝင်ပြောလိုက်၏။
“မြင့်မြတ်.. မဟုတ်… ဗိုင်းကောင့်က.. ကွေ့ကျန်း…”
ချီရွှမ်းစုက ဘာသာပြန်ပေးလိုက်၏။
“အာသာပြောတာ ဒီမိစ္ဆာတွေမှာ နန်းတော်ကပေးအပ်တဲ့ မြင့်မြတ်တဲ့ဘွဲ့တွေ မရှိဘူးတဲ့… အဲဒီဘွဲ့တွေက ကျုပ်တို့ရဲ့ ကျင့်ကြံမှုအဆင့်လိုမျိုးပဲ… သူတို့ရဲ့ ဗိုင်းကောင့်ဆိုတာက အကြမ်းဖျင်းအားဖြင့် ကျုပ်တို့ရဲ့ ကွေ့ကျန်းအဆင့်နဲ့ တူညီတယ်”
“စိတ်ဝင်စားစရာပဲ”
ကျန်းယွဲ့လုက မှတ်ချက်ပြုလိုက်၏။
နောက်ခဏ၌ ကျန်းယွဲ့လုက ဟင်ဒရစ်၏ ရှေ့ကို ရောက်ရှိသွား၏။ သူမ၏ လက်ချောင်းငါးချောင်းကို ချိတ်ဆူးများလို ကွေးညွှတ်ပြီး ဟင်ဒရစ်၏ မျက်နှာကို အဖြောင့် ထိုးလိုက်၏။
ပီရှန်ဘုရားကျောင်းမှ တာအိုဆရာတစ်ဦးကလည်း ဤကဲ့သို့သော ပုံစံဖြင့် သေခဲ့ရသည်။
ကျန်းယွဲ့လုကို လျှော့တွက်ထားသောကြောင့် ဟင်ဒရစ်က အငိုက်မိသွား၏။ တိုက်ခိုက်မှုကို မရှောင်တိမ်းနိုင်ဘဲ ကျန်းယွဲ့လု၏ လက်ချောင်းငါးချောင်းက သူ့မျက်နှာကို ထိုးစိုက်သွားလေသည်။
ကျန်းယွဲ့လု၏ လက်ချောင်းများ ဘေးပတ်လည်မှာ အရောင်ငါးမျိုးစွမ်းအင်က လှည့်ပတ်စီးဆင်းနေပြီး ဒြပ်စင်ငါးမျိုး ချီဒိုင်းကာဖြစ်သည်။ ထို့နောက် သူမက လက်ချောင်းငါးချောင်းဖြင့် ဟင်ဒရစ်၏ ဦးခေါင်းကို ချိုးချေပြီး ၎င်းကို သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားစေ၏။
ချီရွှမ်းစု၏ မျက်ရစ်များက အနည်းငယ်တွန့်သွားပြီး ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားလေသည်။ တစ်နေ့မှာ ကျန်းယွဲ့လုက သူ၏အစစ်အမှန် သရုပ်သကန်ကို ဖော်ထုတ်မိမည်ဆိုလျှင်၊ သူက သူမအား လိမ်ညာနေခဲ့သည်ကို သိရှိသွားမည်ဆိုလျှင် သူ ဘာဖြစ်သွားမလဲ။
သူက ရလဒ်ကို ဆက်လက်၍ မတွေးရဲတော့ပေ။
ဟင်ဒရစ်က ချက်ချင်း သေဆုံးမသွားပေ။ သူက မတ်တတ်ရပ်လျက် ကိုယ်နေဟန်ထားကို ဆက်ထိန်းထားပြီး သူ၏ ရင်ဘတ်ကနေ ခပ်ဩဩ အသံတစ်သံ ထွက်ပေါ်လာ၏။
“မင်းက… တော်တော်လေး မိန်းမ မပီသတာပဲ”
ထိုသို့ပြောပြီးနောက် ဟင်ဒရစ်၏ ပခုံးနှစ်ဖက်ကြားကနေ အသစ်စက်စက် ခေါင်းတစ်လုံး ထွက်ပေါ်လာလေသည်။ ၎င်းသည် ကျန်းယွဲ့လု ချိုးချေလိုက်သောခေါင်းနှင့် အတူတူပင်ဖြစ်သည်။ သူ၏ ငွေရောင်ဆံပင်နှင့် ပါးနှစ်ဖက်မှာ သွေးစများပင် ရှိနေပြီး အတော်လေး ချောက်ချားစရာကောင်းနေ၏။
ကျန်းယွဲ့လုက ကြောက်လန့်မသွားဘဲ အနည်းငယ် အံ့အားသင့်သွားရုံသာ ဖြစ်သည်။
“အားနည်းချက်က ခေါင်းမဟုတ်ဘူးလား”
အာသာက ပြောလိုက်၏။
“နှလုံး...”
ကျန်းယွဲ့လု၏ လက်ချောင်းများက ချိတ်ဆူးပုံစံရှိနေဆဲဖြစ်ပြီး ဤတစ်ခေါက်မှာတော့ သူမက ဟင်ဒရစ်၏ နှလုံးကို တည့်တည့်ချိန်ရွယ်လိုက်၏။ ဤတစ်ခေါက်မှာ ဟင်ဒရစ်က ကြိုတင်ပြင်ဆင်ထားပြီဖြစ်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်စဉ် သွေးမြူခိုးများက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေသည်။
ကျန်းယွဲ့လုသည် မည်သည့်ရုပ်ရည်သွင်ပြင်ကိုမဆို ထွင်းဖောက်မြင်နိုင်သည့် အင်မော်တယ်နတ်မျက်စိကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူထင်မထားပေ။ ဤသွေးမြူခိုးက သူမ၏ အမြင်အာရုံကို ဖုံးကွယ်မထားနိုင်ဘဲ သူမသည် ဟင်ဒရစ်၏ တည်နေရာကို ချက်ချင်းပင် ဆုံးဖြတ်နိုင်ဆဲဖြစ်သည်။
ဟင်ဒရစ်က ရင်ထဲမှာ အေးစက်မှုတစ်ခုကို ခံစားလိုက်ရ၏။ သေရေးရှင်ရေး အခိုက်အတန့်မှာ သူက ရှောင်တိမ်းဖို့ အချိန်ကောင်းကောင်း မရလိုက်ပေ။ ကျန်းယွဲ့လုက သူ၏ ညာဘက်ပခုံးကို ဖမ်းဆွဲလိုက်၏။ ဒြပ်စင်ငါးမျိုး ချီဒိုင်းကာက ခုခံရေး အတတ်တစ်ခု ဖြစ်သော်လည်း ကျန်းယွဲ့လု၏ လက်ထဲမှာ ၎င်းကို တိုက်ခိုက်ရေးအတွက်လည်း အသုံးချနိုင်သည်။ စစ်မြေပြင်မှာ ရန်သူကို ပစ်ရိုက်နိုင်သည့် ဒိုင်းကာတစ်လက်လိုမျိုးဖြစ်သည်။
ဤတိုက်ခိုက်မှုမှာ ဟင်ဒရစ်၏ ပခုံးက လုံးလုံးလျားလျား ကျိုးကြေသွားပြီး သူ၏ ညာဘက်လက်တစ်ဖက်လုံးက သုံးစားမရအောင် ပျက်စီးသွားလေသည်။ ရှုခိုလို ကွေ့ကျန်းအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးပင်လျှင် ကျန်းယွဲ့လု၏ တိုက်ခိုက်မှုမှာ လက်ကျိုးသွားခဲ့ရသည်။ ဟင်ဒရစ်က သူမ၏ တိုက်ခိုက်မှုမှာ ဘယ်လိုလုပ် တောင့်ခံနိုင်ပါ့မလဲ။