← Chapters

မြေအောက် အကျဉ်းတိုက်

Vol. 6 Ch. 54

မြေအောက် အကျဉ်းတိုက်

Vol. 6 Ch. 54

ဟင်ဒရစ်က မာန်သွင်းအော်ဟစ်လိုက်ပြီးနောက် အမှောင်ထဲမှာ ပုန်းလျှိုးနေသော အပြစ်သားများက တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်လာကြသည်။

အာသာက အနောက်ဘက်ကုန်းမြေတိုက်ဘာသာစကားကို ကျယ်လောင်စွာ ရွတ်ဆို၍ လက်ဖြင့် ရင်ဘတ်ကို သုံးကြိမ်ပုတ်ပြီးနောက် လက်နှစ်ဖက်ကိုင်ဓားရှည်ကို ကိုင်မြှောက်လိုက်လေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကနေ အဖြူဖျော့ဖျော့အရောင်အဝါတစ်ခု ဖြာထွက်လာပြီး အပြစ်သားများဆီသို့ တိုးဝင်သွားသည်။

လင်းချွမ်ကျီက နောက်သို့ ခြေတစ်လှမ်းဆုတ်၍ သူ၏ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်၏။ မီးလုံးများစွာက ပစ်လွင့်ထွက်ပေါ်လာပြီး အရွယ်အစားက လျင်မြန်စွာ ကြီးထွားလာသည်။ ပေသုံးဆယ်ကျော် လွင့်သွားပြီးနောက် မီးလုံးများသည် လူဦးခေါင်းအရွယ် ရှိလာပြီဖြစ်ကာ ဆင်းသက်ရာနေရာတိုင်းမှာ ပေါက်ကွဲထွက်သွားကြသည်။

ချီရွှမ်းစုက ဓားကို ဆွဲမထုတ်ဘဲ မကောင်းဆိုးဝါးနှင် ကျည်ဆန်များဖြည့်ထားသည့် ပစ္စတိုနှစ်လက်ကို ထုတ်ယူလိုက်၏။

ပင်လယ်ရေကြောင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ အရှေ့တိုင်းနှင့် အနောက်တိုင်းက ပိုမိုနီးစပ်လာခဲ့သည်။ အရှေ့ဘက်ကုန်းမြေတိုက်မှာ ခဲယမ်းလက်နက်များ ဖွံ့ဖြိုးတိုးတက်မှုသည် အနောက်ဘက်ကုန်းမြေတိုက်၏ ကြီးမားစွာ လွှမ်းမိုးခြင်း ခံထားရသည်။ ဥပမာအားဖြင့် အနောက်ဘက်ကုန်းမြေတိုက်မှာ ပင်အပ်စနစ်ပစ္စတိုများကို တီထွင်ပြီးမှ နောက်ပိုင်းတွင် အရှေ့ဘက်ကုန်းမြေတိုက်မှာ ပျံ့နှံ့လာခဲ့သည်။

နောက်ပိုင်းတွင် ကုန်းမြေတိုက်နှစ်ခုကြား ခဲယမ်းလက်နက်များ ဖွံ့ဖြိုးတိုးတက်မှုမှာ သိသာထင်ရှားသော ကွာခြားချက်များ ရှိလာခဲ့သည်။ အနောက်ဘက်ကုန်းမြေတိုက်က သေနတ်ကို ပိုမိုအလေးထားစဉ် အရှေ့ဘက်ကုန်းမြေတိုက်သည် ထည့်သွင်းပစ်လွှတ်ရသော ကျည်ဆန်များက ပိုမိုအရေးပါသည်ဟု လက်ခံယုံကြည်ထားကြသည်။

ရလဒ်အနေဖြင့် နှစ်ဦးနှစ်ဖက်သည် လုံးဝကို ကွဲပြားခြားနားသော လမ်းကြောင်းတစ်ခုစီပေါ် ရောက်ရှိသွားကြသည်။ အနောက်ဘက်ကုန်းမြေတိုက်သည် ခဲယမ်းမီးကျောက်များ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ခြင်းကို တဖြည်းဖြည်း ရပ်တန့်လိုက်ကြပြီး အရှေ့ဘက်ကုန်းမြေတိုက်ကတော့ ထိုအရာများကို ဆက်လက်၍ ဖော်ဆောင်ကာ သေနတ်များကို ကျည်ဆန်များ ထည့်သွင်းအသုံးပြုဖို့အတွက် ကြားခံပစ္စည်းတစ်ခုအနေဖြင့်သာ သဘောထားလေသည်။

ထို့ကြောင့် အရှေ့ဘက်ကုန်းမြေတိုက်သည် ခဲနှင့်ယမ်း သီးခြားထည့်ရသည့် စနစ်ကနေ ခဲယမ်းမီးကျောက် ပေါင်းစည်းထားသည့် စက္ကူကျည်ဆန်များအဖြစ် ထိုကနေ သတ္တုကျည်ဆန်များအဖြစ် ပြောင်းလဲအသုံးပြုလာခဲ့သည်။ တစ်ချိန်တည်းမှာ သူတို့သည် ကျည်ခွံများပေါ်တွင် အမျိုးမျိုးသော အစီအရင်များကို ရေးဆွဲထားကြသည်။ နဂါးပစ္စတိုဖြစ်စေ၊ ငှက်စိမ်းပစ္စတိုဖြစ်စေ သူတို့၏ ပင်မစွမ်းအားသည် သေနတ်ကနေ လာခြင်းမဟုတ်ဘဲ ကျည်ဆန်များကနေ လာခြင်းဖြစ်သည်။

ချီရွှမ်းစုက ကြုံသလို ပစ်မထည့်လိုက်ပေ။ လင်းချွမ်ကျီ၏ မီးလုံးများက သွေးမြူခိုးကို ပယ်ဖျက်၍ အမှောင်ကို ခွင်းလိုက်ချိန်အထိ စောင့်ဆိုင်းပြီးမှ ပစ်မှတ်များကို ချိန်ရွယ်လိုက်သည်။ ဒါ့အပြင် သူသည် အာသာ၏ သတိပေးစကားကိုလည်း စိတ်ထဲမှာ ထည့်မှတ်ထားပြီး ဤအပြစ်သားများ၏ အားနည်းချက်များဖြစ်သော နှလုံးရှိရာနေရာများကို ချိန်ရွယ်ထားသည်။

သူအသုံးပြုသော ကျည်ဆန်များက ငွေကျည်ဆန်များ မဟုတ်သော်လည်း မကောင်းဆိုးဝါးနှင် အစီအရင်သည် လူမဟုတ်သော သက်ရှိများအပေါ် အဖျက်စွမ်းအား အတော်လေး မြင့်မားဆဲဖြစ်သည်။ ဒါ့အပြင် သူ့အား ကျန်းယွဲ့လု ပေးထားသည့် ကျည်ဆန်များသည် ထျန်ကန်းခန်းမမှ သာမန်တာအိုဆရာများ အသုံးပြုသည့် ခဲယမ်းမဟုတ်ဘဲ လက်ထောက်ခန်းမသခင်များအတွက် အထူးထုတ်ပေးထားသည့် ကျည်ဆန်များ ဖြစ်လေသည်။

နဂါးမျက်လုံးကျည်ဆန်သည် ထျန်ကန်းခန်းမကနေ အဆင့်မြှင့်တင်ထားသည့် နောက်ဆုံးပေါ် နည်းစနစ်များကို အသုံးပြုထားပြီး သာမန်သေနတ်များထက် စွမ်းအား သုံးဆပိုပြင်းလေသည်။

ချီရွှမ်းစုက သေနတ်မောင်းကိုတင်၍ ခလုတ်ကို ကုပ်လိုက်၏။ နတ်နဂါးပစ္စတို၏ ကျည်အိမ်ထဲမှာ မီးက ဖြန်းခနဲ ပွင့်သွားသလို တစ်ဆက်တည်းမှာပင် အပြစ်သားတစ်ဦး၏ ရင်ဘတ်ကလည်း ဟောင်းလောင်းပေါက် ပွင့်ထွက်သွားလေသည်။ ထိုအပေါက်ကနေတစ်ဆင့် နောက်ဘက်မှာ ဖြစ်ပျက်နေသည့်အရာကိုပင် သူမြင်နိုင်သည်။ မကောင်းဆိုးဝါးနှင် အစီအရင်နှင့်အတူ အပြစ်သား၏ ဒဏ်ရာက ပြန်လည်သက်သာလာမည့် မည်သည့်လက္ခဏာမှ မပြချေ။

အပြစ်သားက နာကျင်စွာ အော်ဟစ်၍ ဒူးညွှတ်ကျသွား၏။ ပစ္စတို၏ စွမ်းအားမှာ ချီရွှမ်းစုပင် အံ့အားသင့်သွားရသည်။ ဖီးနစ်စိမ်းတပ်သားမှာ ဤကဲ့သို့သော ပစ္စတိုတစ်လက် ရှိနေခဲ့ပြီး သူ့ကို ပစ်ခဲ့မည်ဆိုလျှင် ဧကန်မုချ သူသေခဲ့ရပေလိမ့်မည်။

ခဏမျှ တုန်လှုပ်ပြီးနောက် နောက်ထပ်အပြစ်သားတစ်ဦးက ဟိန်းဟောက်၍ ချီရွှမ်းစုရှိရာသို့ ပြေးဝင်လာသည်။

ချီရွှမ်းစုက နောက်လက်တစ်ဖက်ထဲမှာရှိသော ငှက်စိမ်းပစ္စတိုကို ကိုင်မြှောက်ပြီး ခလုတ်ကို တစ်ဖန်ဆွဲလိုက်၏။

ငှက်စိမ်းပစ္စတိုသည် နတ်နဂါးပစ္စတိုလောက် စွမ်းအားမကြီးမားသလို အထဲမှာ ထည့်သွင်းတပ်ဆင်ထားသော ကျည်ဆန်များက နဂါးမျက်လုံးကျည်ဆန်ကို မယှဉ်နိုင်သော်လည်း ၎င်းသည် မကောင်းဆိုးဝါးများကို နှိမ်နင်းဖျက်ဆီးဖို့အတွက် ထျန်ကန်းခန်းမကနေ အထူးတလည် ပြုလုပ်ပေးထားသော ကျည်ဆန်ပင် ဖြစ်လေသည်။

ဤကဲ့သို့ နီးကပ်သောအကွာအဝေးမှာ အပြစ်သား၏ မျက်ခုံးနှစ်ဖက်ကြားတွင် အနက်ရောင်အပေါက်တစ်ခု ပေါ်ထွက်လာပြီး ရှေ့ဆက်မတက်နိုင်တော့ပေ။ သူက မြေပြင်ပေါ် ဗုန်းခနဲလဲကျ၍ မလှုပ်မယှက် ငြိမ်သက်သွား၏။

ချီရွှမ်းစုက ငှက်စိမ်းပစ္စတိုကို ပြန်သိမ်းပြီး နတ်နဂါးပစ္စတိုကို ကျည်ဖြည့်လိုက်လေသည်။ အာသာက ဤအခြေအနေကို သတိထားမိပြီး ချီရွှမ်းစုရှေ့သို့ ရောက်ရှိလာကာ သူ့ကိုကူညီ၍ အပြစ်သားများကို ဟန့်တားပေးနေ၏။ အပြစ်သားများသည် အာသာ၏ ဓားဖြတ်သွားရာ နေရာတိုင်းကို ရှောင်ကွင်းသွားကြလေသည်။

သူတို့ထဲတွင် အထင်ကြီးစရာ အကောင်းဆုံးသူမှာ ကျန်းယွဲ့လုဖြစ်သည်။ သူမသည် စောစောက နတ်နဂါးပစ္စတိုကို မလိုအပ်ဟု ချီရွှမ်းစုကို ပြောခဲ့သည်မှာ ကြွားလုံးထုတ်ခဲ့ခြင်း မဟုတ်ပေ။ ကျန်းယွဲ့လုက ဟင်ဒရစ်ကို မမှိန်မသုန် စိုက်ကြည့်ပြီး သူမ၏ ဒြပ်စင်ငါးမျိုးချီဒိုင်းကာဖြင့် အဆက်မပြတ် တိုက်ခိုက်ကာ သူ့ကို အသက်ရှူခွင့် မပေးချေ။

သူမ၏ တိုက်ခိုက်မှုများက ပြင်းထန်၍ လျင်မြန်သော်လည်း သူမသည် ဥယျာဥ်ထဲမှာ လမ်းလျှောက်နေသလို ပေါ့ပေါ့ပါးပါး ပုံစံကို အမြဲတမ်း ထိန်းထားနိုင်သည်။ တစ်ခဏချင်းမှာပင် ကျန်းယွဲ့လုသည် ဟင်ဒရစ်ကို လိုက်မီသွား၏။ သူမ၏ လက်ချောင်းများက ချိတ်ဆူးများကဲ့သို့ ဖြစ်သည်။ သူမသည် ပီရှန်ဘုရားကျောင်းမှ တာအိုဆရာ၏ ပုံစံအတိုင်း ဟင်ဒရစ်ကို သေစေဖို့ စိတ်ပိုင်းဖြတ်ထားသည်။

ဟင်ဒရစ်က သူ့လက်ကိုဆန့်ထုတ်ပြီး သွေးဖြင့် ပြုလုပ်ထားသည့် အနောက်တိုင်း ဦးချွန်းနှစ်ဖက်သွား ယိမ်းနွဲ့ဓားပါးကို ဆင့်ခေါ်လိုက်သည်။ သူက ရုတ်တရက် ရပ်တန့်၍ အလွန်တရာမြန်ဆန်သော အလျင်အဟုန်ဖြင့် ကျန်းယွဲ့လုကို ဓားဖြင့် ပစ်ထိုးလိုက်၏။ မြန်ဆန်လွန်းသောကြောင့် အမှောင်ထုကို ပိုင်းဖြတ်လိုက်သည့် သွေးအလင်းတန်းတစ်ချက်ကိုသာ တွေ့မြင်လိုက်ရသည်။

ဤသွေးဓားကို သတ္တုဖြင့်မဟုတ်ဘဲ သွေးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းသည် မြွေတစ်ကောင်၏လျှာလို ပျော့ပျောင်းဖျတ်လတ်ပြီး ရှောင်တိမ်းဖို့ အင်မတန် ခဲယဉ်းလေသည်။ ကျန်းယွဲ့လုကလည်း ရှောင်တိမ်းဖို့ စိတ်ကူးမရှိပေ။ သူမသည် ဒြပ်စင်ငါးမျိုးချီဒိုင်းကာကို ထူထဲတင်းကျပ်သော ချပ်ဝတ်တန်ဆာတစ်စုံလို သူမ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံစေပြီး ဟင်ဒရစ်၏ သွေးဓား သူမကို ထိခတ်ဖို့ မည်သည့်အကြားအလပ်မှ မကျန်ရစ်ခဲ့စေပေ။

သူမ၏ ချီဒိုင်းကာက ဘယ်လောက် သန်မာသလဲ ရှင်းရှင်းလင်းလင်း ခံစားမိသောကြောင့် ဟင်ဒရစ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။ ထိုလှုပ်ရှားမှုသည် သူ့ဓားဖြင့် တိုက်ခိုက်မှုကို ချေဖျက်နိုင်ရုံသာမက ရေစီးကြောင်းကို ဆန်တက်လာသလို စွမ်းအင်ကို ခပ်သဲ့သဲ့ပင် ပြန်ကန်ထုတ်လိုက်လေသည်။

ထို့အပြင် ဟင်ဒရစ်က သူ့ဓားကို သိမ်းဆည်းပြီး နောက်သို့ ဆုတ်ခွာချင်သည့်အခါ သူ့ဓားသည် ရွှံ့ညွန်ထဲမှာ ကပ်ငြိနေသည့်အလား ပြန်ဆွဲနှုတ်ဖို့ ခက်ခဲနေသည်ကို သိရှိလိုက်ရသည်။

ကျန်းယွဲ့လု၏ လက်ငါးချောင်း တစ်ဖန်ချဉ်းကပ်လာသည်ကို ကြည့်ပြီး ဟင်ဒရစ်က သူ၏ သွေးဓားကို မလွှတ်ချင်လွှတ်ချင်ဖြင့် လွှတ်ပေးလိုက်ရ၏။ ကျန်းယွဲ့လု၏ လက်သည်းချက်များကို ရှောင်လွှဲရန် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးမြူခိုးလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားလေသည်။

အပြစ်သားတစ်ဦး၏ အခြေခံအမြုတေက သူတို့၏ သွေးထဲမှာ ရှိသည်။ သူ၏ ကိုယ်ပိုင်သွေးကနေ သွေးဓားကို ဖန်တီးထားခြင်းဖြစ်ပြီး ထိုဓားကို ဆုံးရှုံးရခြင်းသည် အမြီးဖြတ်ပြေးရသော အိမ်မြှောင်တစ်ကောင်ကဲ့သို့ ဖြစ်စေသည်။ ၎င်းသည် သူ၏ အခြေခံအုတ်မြစ်ကို ပျက်စီးထိခိုက်သွားစေပြီး သူ၏ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းဖို့အတွက် အချိန်အတော်ကြာ ယူရပေတော့မည်။

အရာအားလုံးက လျှပ်တပြက်အတွင်း ဖြစ်ပွားခဲ့သည်။ ဟင်ဒရစ်သည် ခပ်လှမ်းလှမ်းမှာ လူသားတစ်ဦးအသွင်သို့ ချက်ချင်းပင် ပြန်လည်ပြောင်းလဲလိုက်၏။ သို့သော်လည်း သူ၏ မျက်နှာက ပို၍ဖြူဖပ်ဖြူရော် ဖြစ်လာခဲ့သည်။ သူသည် ဤအမျိုးသမီးကို မယှဉ်နိုင်သည်မှာ သိသာနေလေပြီ။ ဤသည်မှာ သိုင်းကွက်အနည်းငယ် အရေးနိမ့်ခြင်းမျှသာ မဟုတ်ဘဲ သူက တိုက်ခိုက်သမျှနည်းလမ်းတိုင်းမှာ အဘက်ဘက်ကနေ အရေးနိမ့်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ဤနေရာမှာ မသေဆုံးချင်ဘူးဆိုလျှင် အခြားသော နည်းလမ်းများကို ကြံဆရပေတော့မည်။

နောက်ဆုံးမှာတော့ ဟင်ဒရစ်က မာန်သွင်းအော်ဟစ်ပြီး မြေအောက်အကျဉ်းတိုက်၏ အနက်ပိုင်းထဲသို့ လှည့်ပြေးထွက်သွား၏။ ထိုသာမန် အပြစ်သားများကလည်း ဒီရေပမာ ဆုတ်ခွာသွားကြသည်။

ထောင်ချောက်တစ်ခုဖြစ်နေမည် စိုးသောကြောင့် ကျန်းယွဲ့လုက သူ့နောက်သို့ ချက်ချင်းပြေးလိုက်မသွားပေ။ အာသာက ထွက်ပြေးချင်နေသော အပြစ်သားတစ်ဦးကို ဖမ်းဆွဲကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကိုင်ပေါက်ချလိုက်၏။ သူက အပြစ်သား၏ ခေါင်းကို ဓားဖြင့် ခုတ်ပိုင်းတော့မည့်ဆဲဆဲမှာ လင်းချွမ်ကျီက သူ့ကို တားဆီးလိုက်၏။

“အဲဒီအပြစ်သားကို ကျုပ်လက်ထဲ လွှဲလိုက်”

အာသာက ဤစကားကို ကြားသောအခါ လုပ်လက်စကို ရပ်တန့်ပြီး လင်းချွမ်ကျီ၏ မျက်လုံးက ဝင်းလက်လာသည်ကို တွေ့မြင်လိုက်ရသည်။ ထို့နောက် အပြစ်သားက စူးစူးဝါးဝါး အော်ဟစ်ပြီး သတိလစ်သွား၏။ နောက်ခဏ၌ လင်းချွမ်ကျီက မြေပြင်ပေါ်မှာ လဲကျနေသော အပြစ်သားကို လက်ညှိုးထိုးကာ မတ်တတ်ထရပ်ရန် အမိန့်ပေးလိုက်၏။ အပြစ်သားက ကြောင်တိကြောင်တောင် အမူအရာနှင့်အတူ မတည်မငြိမ်ဖြင့် ထရပ်လာလေသည်။

လင်းရွှမ်ကျီက အပြစ်သားကို အမိန့်ပေးလိုက်၏။

“ငါတို့ကို လမ်းပြပေးစမ်း”

အပြစ်သားက နန်းတွင်းရုံးသုံးစကားကို အမှန်တကယ်ပင် နားလည်သဘောပေါက်နေသည်။ သူက ခေါင်းညိတ်၍ ဖြည်းဖြည်းချင်းလှည့်ကာ မြေအောက်အကျဉ်းတိုက်၏ အနက်ပိုင်းထဲသို့ လျှောက်လှမ်းသွားသည်။

ဤသည်မှာ အိပ်မက်စေနယ်ပယ်သို့ ဝင်ရောက်ပြီးနောက် ဂမ္ဘီရဝိဇ္ဇာများ ရရှိလာသည့် တစ်မူထူးခြားသော လျှို့ဝှက်ဆန်းကြယ် စွမ်းရည်တစ်မျိုး ဖြစ်လေသည်။ သူတို့သည် တစ်ဘက်သူ၏ ဝိညာဉ်ထဲသို့ အတင်းအကျပ် ဝင်ရောက်ပြီး ကန့်သတ်ထားသော အချိန်တစ်ခုအတွင်း တစ်ဘက်သူ၏ စိတ်ကို ထိန်းချုပ်ကာ ထိုသူကို ညွှန်ကြားသမျှနာခံမည့် ရုပ်သေးရုပ်တစ်ရုပ်အဖြစ် ပြောင်းလဲသွားစေနိုင်သည်။

ဒါ့အပြင် ထိုလုပ်ရပ်သည် အမြင်အာရုံကွယ်ပျောက်ခြင်း၊ ဆွံ့အနားမကြားခြင်း၊ ရူးသွပ်ခြင်း၊ အဆုံးစီရင်ခြင်းနှင့် အခြားသော အရာများကိုလည်း ဖြစ်စေနိုင်သည်။

ဤအပြစ်သား၏ လမ်းညွှန်မှုနှင့်အတူ သူတို့လေးယောက်က အပြစ်သားများ ကြိုတင်ခင်းကျင်းထားသည့် ထောင်ချောက်များစွာကို ရှောင်ကွင်းနိုင်ကာ မြေအောက်အကျဉ်းတိုက်ထဲသို့ ဆက်လက်၍ ဝင်ရောက်လာခဲ့ကြသည်။ ဤသည်မှာ ဂမ္ဘီရဝိဇ္ဇာတစ်ဦး၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများထဲမှ အံ့ဖွယ်တစ်ပါး ဖြစ်လေသည်။

တကယ်ဆို ခန်းမသခင်သည် လက်အောက်ငယ်သားနှစ်ဦးအဖြစ် သိုင်းပညာရပ်များမှာ ကျွမ်းကျင်သည့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးနှင့် အစီအရင်မန္တန်ကို အသုံးချနိုင်သည့် ဂမ္ဘီရဝိဇ္ဇာတစ်ဦးကို တမင်သက်သက် စီစဉ်ပေးထားခြင်း ဖြစ်သည်။ စွန်းယုံဖုန့်က တိုက်ခိုက်ရာမှာ မတော်သော်လည်း ရှုခိုက အနီးကပ်တိုက်ခိုက်နိုင်သည့် ကိုယ်ခံပညာသိုင်းသမားတစ်ဦး ဖြစ်သည်။ သို့သော်လည်း ရှုခိုက ထိခိုက်ဒဏ်ရာရရှိထားပြီး ဤခရီးစဉ်မှာ လိုက်ပါမလာနိုင်ခဲ့ပေ။ ထို့ကြောင့် ဂမ္ဘီရဝိဇ္ဇာကို ကူညီရန် ကျန်းယွဲ့လုက ကိုယ်တိုင်လှုပ်ရှားရလေသည်။

သိပ်မကြာခင် သူတို့လေးယောက်အုပ်စုသည် ပို၍ပင် ကျယ်ဝန်းသော မြေအောက်အကျဉ်းတိုက်၏ အနက်ပိုင်းထဲသို့ ရောက်ရှိလာကြ၏။ ထိုနေရာမှာ ချိန်ကြိုးများဖြင့် အရိုးစုများကို တွဲချည်ထားသည့် လက်ဝါးကပ်တိုင်ပုံစံ ညှင်းပန်းနှိပ်စက်သည့် စင်များစွာ ရှိနေသည်။ အရိုးစုများ အပြည့်ရှိနေသည့် ခေါင်းလောင်းပုံစံ သတ္တုလှောင်ချိုင့်များကိုလည်း အမိုးခုံးကနေ ချိတ်ဆွဲထားသည်။

ဤနေရာမှာ ညှင်းပန်းနှိပ်စက်သည့် ပစ္စည်းကိရိယာမျိုးစုံ ရှိနေသည်။

အာသာသည် ကျော်ကြားသော သံမဏိအပျိုစင် ညှင်းပန်းနှိပ်စက်ပစ္စည်းကို ချက်ချင်းပင်မှတ်မိသိရှိသွားသည်။ အပြင်ကနေကြည့်လျှင် ၎င်းသည် လူပုံသဏ္ဌာန် ခေါင်းတလားတစ်လုံးကို ထောင်ထားသည်နှင့်တူပြီး တံခါးနှစ်ချပ် ပါရှိလေသည်။ ခေါင်းတလား၏ အတွင်းဘက်က ဟောင်းလောင်းပေါက် ဖြစ်ပြီး တံခါး၏ အတွင်းဘက်မှာ ထက်ရှသော စူးချွန်များ တပ်ထားလေသည်။ တံခါးကို ပိတ်လိုက်သည်နှင့် အထဲမှာရှိသော နစ်နာသူက သူ့ခန္ဓာကိုယ်ကို ထိုးဖောက်လာသည့် သံစူးချွန်များကြောင့် နာကျင်မှုကို ခံစားရပေလိမ့်မည်။

ဤအရိုးများ၏ ညှိုးခြောက်နေသော အတိုင်းအတာကို ကြည့်ရုံမျှနှင့် သူတို့သည် မကြာသေးခင်ကမှ သေဆုံးထားခြင်းဘဲ သေဆုံးထားသည်မှာ နှစ်တစ်ရာကျော် ကြာလောက်ပြီကို သိနိုင်သည်။

လင်းချွမ်ကျီက သူ၏ ဘယ်ဘက်လက်ဝါးကိုလှည့်ပြီး သူ၏ အင်္ကျီလက်အိုးထဲကနေ နောက်ထပ် ပုတီးစေ့တစ်လုံးကို ထုတ်ယူလိုက်၏။ ၎င်းက ညိုမှောင်နေသော အရောင်ရှိပြီး အလယ်မှာ မျက်လုံးတစ်လုံးလို မီးတောက်နီရောင် အစက်တစ်စက် ပါရှိနေသည်။

ယင်းသည် ထျန်ကန်းခန်းမကနေ လျှို့ဝှက်ဖော်စပ်နည်းတစ်ခုဖြင့် ပြုလုပ်ပေးထားသည့် ဖီးနစ်မျက်လုံးဗုံးဖြစ်ပြီး အဖျက်စွမ်းအားနှင့် ပေါက်ကွဲစွမ်းအား အတော်လေး မြင့်မားလေသည်။

သူက ဖီးနစ်မျက်လုံးဗုံးကို ရုပ်သေးရုပ်၏ လက်ထဲ ထိုးထည့်ပေးပြီး ပုခုံးကို ပုတ်လိုက်၏။ ရုပ်သေးရုပ်က ဖီးနစ်မျက်လုံးဗုံးကို လက်ထဲမှာ တင်းကျပ်စွာ ဆုပ်ကိုင်ပြီး ရှေ့သို့ လျှောက်လှမ်းသွားလေသည်။

ခြေလှမ်း တစ်ရာခန့် လျှောက်သွားပြီးနောက် အမှောင်ထုထဲကနေ သွေးရိပ်နှစ်ခု ပေါ်ထွက်လာပြီး ရုပ်သေးရုပ်ဆီသို့ ပျံ​သန်းလာကြသည်။ ထိုအချိန်မှာ ရုပ်သေးရုပ်က သူ့လက်ထဲရှိ ဖီးနစ်မျက်လုံးဗုံးကို ဖောက်ခွဲပစ်လိုက်၏။ အတော်လေး မြင့်မားသည့် မီးတောက်တစ်ခုက ရုတ်တရက် ပေါ်ထွက်လာပြီး ရုပ်သေးရုပ်နှင့် သွေးရိပ်နှစ်ခုကို လွှမ်းခြုံသွားသည်။

ဖီးနစ်မျက်လုံးဗုံးသည် နဂါးမျက်လုံးကျည်ဆန်ထက်ပင် ပို၍ စွမ်းအားကြီးမားလေသည်။ ၎င်းသည် ရေနှင့် ထိတွေ့မိသည့်အခါ ပို၍ပင် မီးထတောက်လာတတ်သည်။

ချက်ချင်းပင် မီးများက လျင်မြန်စွာ ဖြန့်ကြက်သွား၏။

အမှောင်ထဲမှာ ပုန်းလျှိုးနေသော အပြစ်သားတစ်ဦးက မီးတောက်များကို မရှောင်တိမ်းနိုင်ဘဲ လောင်ကျွမ်းခံလိုက်ရ၏။ သူက ချက်ချင်းပင် လောင်ကျွမ်းနေသော လူသားတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး ဘေးပတ်လည်မှာရှိသော အပြစ်သားများနှင့် ပစ်တိုက်မိသွားသည်။ အခြားသော အပြစ်သားများကလည်း တူညီသော အခြေအနေမှာ ကျဆင်းသွားကြ၏။ သူတို့သည် လောင်ကျွမ်းခံနေရပြီး မြေပြင်ပေါ်မှာ လူးလှိမ့်ကာ အော်ဟစ်ညည်းတွားနေကြသည်။ မြေအောက်အကျဉ်းတိုက် တစ်ခုလုံးက လောင်ကျွမ်းတူးချစ်နေသော အသားနံ့များဖြင့် ပြည့်နှက်သွားပြီး မြင်ကွင်းက ဖော်ပြတတ်အောင် အနိဋ္ဌာရုံ ဆန်နေသည်။

ချီရွှမ်းစုက လင်းချွမ်ကျီကို အတော်လေး အားကျမိသည်။ တကယ်ဆို လေလွင့်ကျင့်ကြံသူများမှာလည်း ဆင်တူသော သဘာဝလွန်စွမ်းအားများရှိသော်လည်း သူတို့သည် ကောင်းကင်ဘုံသက်ရှိအဆင့်ကို ရောက်ရှိပြီးမှသာ ထိုအရာများကို သင်ယူဆည်းပူးနိုင်မည် ဖြစ်သည်။

လင်းချွမ်ကျီက နောက်ထပ် ဖီးနစ်မျက်လုံးဗုံးတစ်လုံးကို ထုတ်ယူပြီး ချီရွှမ်းစုကို ကမ်းပေးလိုက်၏။

“အမှုဆောင်ချီ… ခုခံကာကွယ်ဖို့အတွက် ဒါကို ယူထား… လိုအပ်တဲ့အခါ အထဲကို ချီနည်းနည်း ပို့လွှတ်ပေးလိုက်… မှတ်ထားနော် အသက်သုံးရှိုက်စာ အတွင်းမှာ အဲဒါကို ပစ်ထုတ်ရမယ်”

ချီရွှမ်းစုက ဖီးနစ်မျက်လုံးဗုံးကို သူ၏ အင်္ကျီလက်အိုးအိတ်ကပ်ထဲ ထည့်ပြီး ခေါင်းညိတ်ပြလိုက်၏။

ဒေါသူပုန်ထနေသော မီးတောက်များက လျင်မြန်စွာ ပျံ့နှံ့သွားသည်။ သာမန်အပြစ်သားများသည် မီးစွမ်းအားကို ခံနိုင်ရည်မရှိဘဲ တူးချစ်နေသော အလောင်းများအဖြစ် ပြောင်းလဲသွားကြသည်။ သို့သော်လည်း ထိုနေရာမှာ ဇာခန်းဆီးတစ်စလို သွေးနီရောင် အလင်းရောင်တစ်ခုရှိနေပြီး ယင်းသည် မြေအောက်အကျဉ်းတိုက်၏ အနက်ရှိုင်းဆုံး အပိုင်းသို့ မီးတောက်များ ဖြန့်ကြက်မသွားအောင် တားဆီးပေးထားသည်။

ဇာခန်းဆီး၏ နောက်ဘက်မှာ လူအရပ်လောက် မြင့်မားသည့် အပေါ်ကျယ် အောက်ရှူး ဆဋ္ဌဂံခေါင်းတလားတစ်လုံး ရှိနေသည်။ ၎င်းသည် အလယ်ပိုင်းလွင်ပြင်ဒေသမှ ပုံမှန်ခေါင်းတလားများနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။

ဤတစ်ခေါက်မှာ ခေါင်းတလားဖုံးကို ဖွင့်ထားပြီး အထဲမှာ အနောက်ဘက်ကုန်းမြေတိုက် သူကောင်းမျိုး မူးမတ်တစ်ဦး၏ ပုံစံ ဝတ်စားဆင်ယင်ထားသော ခြောက်သွေ့နေသည့် အလောင်းတစ်လောင်း ရှိနေသည်။ အလောင်းမှာ အသွေးအသားကို မတွေ့မြင်ရသော်လည်း ခြောက်သွေ့နေသော သစ်ခေါက်လို မီးခိုးရောင် အရေပြားတစ်လွှာရှိနေသည်။ ၎င်း၏ မျက်တွင်းအိမ်များက ဟောင်းလောင်းပေါက်နှင့် ရှုံ့တွနေပြီး ကြောက်မက်ဖွယ်ရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။

ခေါင်းတလား၏ အောက်ဘက်မှာ သွေးဖြင့် ရေးဆွဲထားသည့် လျှို့ဝှက်ဆန်းကြယ်သော မှော်အစီအရင် စက်ဝိုင်းတစ်ခု ရှိနေသည်။

All Chapters