ရှေးဟောင်း အင်မော်တယ်၏ စွမ်းအား
Vol. 6 Ch. 55
ဟင်ဒရစ်သည် ဤတစ်ခေါက် မှော်အစီအရင် သွေးစက်ဝိုင်း၏ ရှေ့မှာ မတ်တပ်ရပ်နေ၏။ သူက အစီအရင်၏ ဆုံမှတ် ၁၃ ခုမှာ ကျောက်မျက်ရတနာ ၁၃ လုံးကို ချထား၏။ ကျောက်မျက်ရတနာ တစ်ခုချင်းစီထဲမှာ အချုပ်အနှောင်များကနေ ရုန်းထွက်ဖို့ ကြိုးစားနေသည့် နာကျင်နေသော လူတစ်ဦးစီ၏ ခပ်ရေးရေးပုံရိပ်ယောင်ကို တွေ့မြင်နိုင်လေသည်။
ဟင်ဒရစ်က တည်တံ့သော အမူအရာနှင့် သူ၏ လက်နှစ်ဖက်ကို ဖြန့်ပြီး သူ၏ ဦးခေါင်းကို အနည်းငယ်မော့ကာ ရှေးကျ၍ နက်နဲသော အစီအရင်တစ်ခုကို စတင်၍ ရွတ်ဆိုနေ၏။ သူ့အသံက သာယာငြိမ့်ညောင်း၍ ညှို့ငင်ဖမ်းစားနိုင်စွမ်း ရှိနေသည်။ ရုတ်တရက် လေတစ်ချက် တိုက်ခတ်သွားပြီး သူ၏အဝတ်အစားနှင့် ငွေရောင်ဆံပင်က ရူးသွပ်စွာ တဖျပ်ဖျပ် လွင့်သွား၏။ မှော်သွေးစက်ဝိုင်းနှင့် ခေါင်းတလားအောက်မှာရှိသော ကျောက်မျက်ရတနာများက လင်းလက်လာလေသည်။
ကျန်းယွဲ့လုက မြေအောက်အကျဉ်းတိုက်ထဲမှာ နက်ရှိုင်းသော ပြောင်းလဲမှုတစ်ခုကို ချက်ချင်းပင် သတိထားမိသွားသည်။ မီးများ ငြိမ်းသေသွားသည်အထိ စောင့်မနေတော့ဘဲ သူမ၏ ချီကိုသုံးကာ မီးပင်လယ်ထဲတွင် လမ်းကြောင်းတစ်ခုကို ဖောက်လုပ်လိုက်သည်။
ကျန်းယွဲ့လုက မီးပင်လယ်ကို ဖြတ်ကျော်လာစဉ် ဟင်ဒရစ်က သူ၏ လက်နှစ်ဖက်ကို ဖြန့်၍ ကိုယ်နေဟန်ထားကို ထိန်းထားဆဲ ဖြစ်သော်လည်း ဆက်လက်၍ ရွတ်ဆိုမနေတော့ပေ။ သူ လှည့်ကြည့်လိုက်စဉ် ကျန်းယွဲ့လုသည် သူ၏ ကြည့်ကောင်းတင့်တယ်သော မျက်နှာမှာ အရေပြားအောက်တွင် မြွေစိမ်းများ ကူးခတ်နေသလို သွေးကြောများ ဖောင်းကြွလာသည်ကို တွေ့မြင်လိုက်ရသည်။
ဟင်ဒရစ်က ပြုံး၍ ပြောလိုက်၏။
“သတိကြီးလွန်းတာက မင်းကို တုပ်နှောင်ထားတဲ့ကြိုးတွေပဲ… မင်းလာတာ ခြေတစ်လှမ်း နောက်ကျသွားပြီ”
ထိုသို့ သူပြောလိုက်သည်နှင့် ချက်ချင်းပင် သွေးစက်ဝိုင်းထဲရှိ ကျောက်မျက် ၁၃ လုံးက ကြေမွသွားသည်။ ဖိနှိမ်ချုပ်ချယ်နိုင်သော စိတ်ဝိညာဉ် အင်အားတစ်ရပ်က နေရာတစ်ခွင် ကျူးကျော်ဝင်ရောက်လာပြီး လင်းချွမ်ကျီနှင့် အာသာကို မလှုပ်ရှားစေနိုင်တော့ပေ။ ကျန်းယွဲ့လုပင်လျှင် နောက်သို့ ဆုတ်ခွာသွားရ၏။ သူမက လှုပ်ရှားနိုင်ဆဲ ဖြစ်သော်လည်း မတိုက်ခိုက်နိုင်တော့ပေ။ ချီရွှမ်းစုက မီးပင်လယ်ကို မဖြတ်ကျော်ရသေးသော်လည်း ထိုသို့ဆိုလျှင်ပင် သူ့ပေါ်ကို ကျောက်တုံးတစ်တုံး ပိကျလာသည့်အလား မွန်းကျပ်ဖွယ်ရာ ခံစားနေရဆဲပင်။
သူတို့ ထင်မှတ်ထားသည့်အတိုင်းပင် ဤအပြစ်သားအုပ်စုက ပီရှန်ဘုရားကျောင်းကို တိုက်ခိုက်လာခဲ့သည်မှာ ရှန်းထျန်သက်ရှိများ၏ ဝိညာဉ်များကို ရိတ်သိမ်းပြီး စွမ်းပကားကြီးမားသော ရှေးဟောင်းအင်မော်တယ်များကို ဆက်သရန် ဖြစ်သည်။
ဟင်ဒရစ်က ရေရွတ်ပြောဆိုလိုက်၏။
“ကံဆိုးတာကတော့ ငါတို့တွေက ဝိညာဉ်အလုံအလောက် ရမလာခဲ့ဘူး… ဝိညာဉ်တွေက အခုထက် နှစ်ဆပိုများမယ်ဆိုရင် ပိုပြီးတော့ သက်ရောက်မှု ကြီးမားမှာပဲ”
မမြင်ရသော စိတ်ဝိညာဉ်အင်အားက ပိုမိုသန်မာပြီး သိပ်သည်းလေးလံလာသည်။ ကျန်းယွဲ့လုက ဗဟုသုတကြွယ်ပြီး အစစ်အမှန် ဆရာသခင်များနှင့် အနီးကပ် ထိတွေ့ဖူးသည်။ သူတို့ထဲမှ တချို့သည် ရှေးဟောင်းအင်မော်တယ်များလောက် စွမ်းအားကြီးမားသည်။ သူမ၏ တိုက်ရိုက်အထက်လူကြီး ထျန်ကန်းခန်းမသခင်ကလည်း ကောင်းကင်ဘုံသက်ရှိတစ်ဦး ဖြစ်သည်။
သို့သော်လည်း ဤပညာရှင်များသည် ကျန်းယွဲ့လု၏ ရှေ့မှာ သူတို့၏ စွမ်းပကားကို ဘယ်တုန်းကမှ မပြသခဲ့ပေ။ သူတို့၏ ဩဇာတိက္ကမကြီးမားသော တည်ရှိမှုကလွဲလျှင် သူတို့သည် သာမန်အကြီးကဲများနှင့် မကွာခြားသည့်ပုံပေါ်သည်။ ထိုအခိုက်အတန့်မှသာ အဆင့်မြင့် ကောင်းကင်ဘုံသက်ရှိတစ်ဦး သို့မဟုတ် နတ်တစ်ပါးက ဘယ်လောက်စွမ်းအားကြီးမားသလဲ ကျန်းယွဲ့လုက အမှန်တကယ် နားလည်သိရှိသွားသည်။ သူတို့သည် ရှန်းထျန်သက်ရှိတစ်ဦးကို မသန်မစွမ်း ဖြစ်သွားစေနိုင်သည့် စိတ်ဝိညာဉ် အင်အားတစ်ရပ်ကို ထုတ်ဖော်နိုင်ကြလေသည်။
ကံကောင်းထောက်မစွာဖြင့် ဆင်းသက်လာသော ဤစိတ်ဝိညာဉ်အင်အားသည် ကျန်းယွဲ့လုတို့အုပ်စုကို တိုက်ရိုက် ပစ်မှတ်ထားခြင်းမဟုတ်ပေ။ ၎င်းသည် မိုးခေါင်ရေရှား မိစ္ဆာတစ်ကောင် မွေးဖွားလာသည့်အခါ ဘေးပတ်လည် မိုင်ပေါင်းရာချီက မိုးခေါင်သွားသလို ဘေးထွက်ဆိုးကျိုး သက်ရောက်မှု တစ်ခုမျှသာ ဖြစ်သည်။ ဤကဲ့သို့ စွမ်းအားကြီးမားသော တည်ရှိမှုတစ်ခုသည် ပတ်ဝန်းကျင်ကို သိသိသာသာ ပြောင်းလဲပစ်နိုင်သည်။
အေးစက်နေသော လေပြင်းများကနေ မြက်ခင်းလွင်ပြင်ကို ကာကွယ်ပေးထားသည့် မြင့်မားသော တောင်တစ်လုံးလို၊ ကမ်းရိုးတန်းဒေသများကို အစိုဓာတ်ထိန်းပေးပြီး မိုးရွာသွန်းစေသည့် ပင်လယ်ပြင်လို သူတို့၏ တည်ရှိမှုသည် သူတို့၏ ဘေးပတ်လည်မှာရှိသော အရာရာတိုင်းအပေါ် သက်ရောက်မှု ရှိလေသည်။
နတ်ဘုရားလုဝူက သူ၏ အစစ်အမှန်ပုံစံဖြင့် ပေါ်ထွက်လာသည့်အခါ သူအမှုမဲ့အမှတ်မဲ့ ရှူထုတ်လိုက်သည့် ထွက်သက်မှ ပူပြင်းတောက်လောင်သော စွမ်းအင်နှင့်အပူသည် တစ္ဆေသရဲများနှင့် စိတ်ဝိညာဉ်များအားလုံးကို လောင်ကျွမ်းသွားစေနိုင်သည်။ နတ်ဘုရားလုဝူက တစ်နေရာမှာ အချိန်ကြာမြင့်စွာ နေထိုင်မည်ဆိုလျှင် ထိုနေရာမှာရှိသော ဒေသပေါက်ပင်များသည် နတ်ဘုရားလုဟူထံမှ စွမ်းအင်ကို စုပ်ယူပြီး ပြင်းထန်ကြမ်းတမ်းသော မီးစွမ်းအင်ပါဝင်သည့် နတ်ဆေးမြက်ပင်များအဖြစ် ဗီဇပြောင်းလဲသွားပေလိမ့်မည်။
တာအိုဂိုဏ်းတော်သည် နဂါးများကို ကျယ်ပြန့်သော အတိုင်းအတာဖြင့် အမဲမလိုက်ခဲ့စဉ်က နဂါးများ ဖြတ်သွားရာနေရာတိုင်းမှာ လေနှင့်မိုးက ပါလာတတ်သည်။ ရှေးဟောင်းအင်မော်တယ်၏ စိတ်ဝိညာဉ်အင်အားကလည်း တူညီသော သဘောတရားမျိုး ဖြစ်သည်။
ဟင်ဒရစ်က ယဇ်ပူဇော်သူဖြစ်သောကြောင့် သူက စိတ်ဝိညာဉ်အင်အား၏ သက်ရောက်ခြင်း မခံရဘဲ လှုပ်ရှားသွားလာနိုင်သည်။ သူက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ့၏ ရင်ဘတ်ထဲ ညာဘက်လက်ကို ထိုးထည့်လိုက်စဉ် သူ့မျက်နှာအမူအယာက တည်ငြိမ်နေ၏။
သူ၏ ညာဘက်လက်ကို ပြန်ဆွဲထုတ်လိုက်သည့်အခါ ခုန်နေသော နှလုံးတစ်စုံ ပါလာသည်။ သူ့လက်နှင့် နှလုံးကနေ သွေးများက တစ်စက်စက် စီးကျနေ၏။
အာသာပြောပုံအရ နှလုံးသည် အပြစ်သားများ၏ မရှိမဖြစ် ကိုယ်တွင်းအင်္ဂါ ဖြစ်လေသည်။ ၎င်းသည် သူတို့၏ ခွန်အားအရင်းအမြစ်လည်း ဖြစ်သည်။ ဤအချိန်မှာ သူ့၏ နှလုံးကို ထုတ်လိုက်စဉ် ဟင်ဒရစ်၏ ခန္ဓာကိုယ်က အလျင်အမြန် အားနည်းလာပြီး မြေပြင်ပေါ်ကို လဲကျလုမတတ် ဖြစ်သွားသည်။
သို့သော်လည်း သူက ခုန်နေဆဲနှလုံးကို သူ၏ လက်နှစ်ဖက်ဖြင့် ကိုင်မြှောက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေဆဲ ဖြစ်၏။ သူက ရွတ်ဆိုလိုက်သည်။
“ယစ်ပူဇော်မှုအဖြစ် ကျုပ်ရဲ့ နှလုံးနဲ့ သွေးနဲ့အတူ စွမ်းပကားကြီးမားသော တည်ရှိမှု သင့်အား အနူးအညွှတ် ပန်ကြားအပ်ပါသည်… ကျုပ်ဆရာအား ဘဝသစ်တစ်ခု ပေးသနားပါ။”
သူ၏ ရွတ်ဆိုမှုအပြီးမှာ ဘယ်ဘက်လက်ထဲရှိ ဟင်ဒရစ်၏ ခုန်နေသော နှလုံးက လက်ထဲကနေ ထွက်ခွာပြီး ခေါင်းတလားထဲမှာ လဲကျနေသော အလောင်းရှိရာသို့ ပျံသန်းသွားလေသည်။
“ဒါက ဘဝရဲ့စက်ဝန်းပဲ”
ကျယ်လောင်သော အသံတစ်သံက မိုးကြိုးထစ်ချုန်းလို ပေါက်ကွဲထွက်ပေါ်လာပြီး လူတိုင်းကို တုန်လှုပ်စွာဖြင့် ချောက်ချားသွားစေသည်။ ထိုအသံက မြေအောက်အကျဉ်းတိုက်ထဲမှာ ပဲ့တင်ထပ် ထွက်ပေါ်နေ၏။ ဖိနှိမ်ချုပ်ချယ်ထားသော အင်အားက ပိုမိုသန်မာလာပြီး လင်းချွမ်ကျီနှင့် အာသာက နာကျင်စွာဖြင့် ညည်းတွားအော်ဟစ်လိုက်ရ၏။ ချီရွှမ်းစု၏ နားနှစ်ဖက်ကနေ သွေးစတချို့ပင် ပေါ်ထွက်လာပြီ ဖြစ်သော်လည်း ကျန်းယွဲ့လုက ထိုအင်အားကို ခံနိုင်ရည် ရှိနေသေးသည်။ လောင်ကျွမ်းနေသော မီးတောက်များကပင် သိပ်သည်းပြင်းထန်သော ဖိအားအောက်မှာ တဖြည်းဖြည်းငြိမ်းသေသွားကြသည်။
ဟင်ဒရစ်၏ နှလုံးသည် သွေးသားရဲရဲနှင့် ဖူးပွင့်လာသော ကြာပန်းတစ်ခုနှင့် ဆင်တူပြီး ၎င်းသည် အလောင်း၏ ရင်ဘတ်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်ကာ ပေါင်းစည်းသွားသည်။ ထို့နောက် ချက်ချင်းပင် အလောင်း၏ မျက်တွင်းအိမ်များထဲမှာ သွေးနီရောင်မျက်လုံးတစ်စုံက လင်းလက်လာပြီး အလောင်းက ခေါင်းတလားထဲကနေ ဖြည်းဖြည်းချင်း ထထိုင်လိုက်သည်။
နောက်ခဏ၌ ပိန်လှီခြောက်ကပ်နေသော အလောင်းက လျင်မြန်စွာ ပြည့်ဖြိုးလာလေသည်။ အသားအရေ ခန်းခြောက်မှုကြောင့် ဖြစ်ပေါ်နေသော အတွန့်ကြောင်းများက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ၎င်း၏အရေပြားက အသားရောင် သန်းလာလေသည်။ အရေပြားအောက်မှာ ကြွက်သားများကလည်း ကောင်းကောင်း ပေါ်ထွက်လာသည်။
အလောင်းသည် အနောက်ဘက်ကုန်းမြေတိုက်မှာ တွေ့မြင်နေကျ လူများ၏ ပုံသဏ္ဌာန်မှာရှိသည်။ သူက အသက် ၅၀ ကျော် အရွယ်မှာ ရှိသည့်ပုံပေါ်ပြီး သူ၏ ရုပ်ရည်သွင်ပြင်သည် အချိန်၏ တိုက်စားမှုမှာ ပျက်စီးထိခိုက်မသွားဘဲ သူ၏ စိတ်နေစရိုက်ကို ပို၍ပင် ရင့်ကျက်တည်ငြိမ်လာစေသည်။ သူသည် တစ်ရေးအိပ်ရာမှ နိုးလာခါစဖြစ်သည့်အလား အနည်းငယ် ငေးငိုင်နေ၏။ ခဏနေပြီးနောက် ထိုလူကြီးက သူ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်း ဖွင့်ပြီး မတ်တတ်ကောင်းကောင်း မရပ်နိုင်တော့သည့် ဟင်ဒရစ်ကို ကြည့်လိုက်၏။
တစ်ချိန်တည်းမှာပင် ရှေးဟောင်း အင်မော်တယ်၏ စိတ်ဝိညာဉ်အင်အားက တဖြည်းဖြည်း ပျက်ပြယ်သွားပြီး စီးပိုးခြယ်လှယ်ထားသော ဖိအားကလည်း ဆုတ်ခွာသွားလေသည်။ ချီရွှမ်းစုနှင့် အခြားသူများက နောက်ဆုံးမှာ အသက်ရှူချိန်ရလာ၏။ သူတို့က ထိုအင်အားမှာ သေလုမတတ် ဖြစ်ခဲ့ရလေသည်။
ဟင်ဒရစ်က သူ့၏ ရင်ဘတ်ကို လက်ဖြင့်အုပ်ကိုင်ထား၏။ သူ့၏ ခန္ဓာကိုယ်က ယိမ်းထိုးနေပြီး ပြောလိုက်လေသည်။
“ဆရာ… ခင်ဗျားနိုးထလာတာကို တွေ့ရတာ ကျုပ် ဝမ်းသာမိပါတယ်”
ဟင်ဒရစ်၏ ဆရာက နောက်ဆုံးမှာ ကျန်းယွဲ့လုနှင့် အခြားသူများကို သတိထားမိသွား၏။ သူ၏ အကြည့်က ကျန်းယွဲ့လုပေါ် ဆင်းသက်သွားပြီး သူက ခပ်တိုးတိုးအသံဖြင့် ပြောလိုက်၏။
“ဟင်ဒရစ်… ငါ့ရဲ့ သစ္စာရှိအမှုထမ်းလေး.. ဒါက မင်းငါ့အတွက် ပြင်ဆင်ပေးထားတဲ့ လက်ဆောင်လား”
သူက နန်းတွင်းရုံးသုံးစကားကို ပြောဆိုခြင်းမဟုတ်သော်လည်း သူပြောလိုက်သည့် အနောက်ဘက်ကုန်းမြေတိုက် ဘာသာစကားသည် ချီရွှမ်းစုနှင့် အခြားသူများ၏ နားထဲသို့ ရောက်ရှိသောအခါ လျှို့ဝှက်ဆန်းကြယ်စွာဖြင့် နန်းတွင်းရုံးသုံး(တရုတ်)စကားအဖြစ် ပြောင်းလဲသွားလေသည်။
ဟင်ဒရစ်က ခါးသက်စွာပြုံး၍ ပြန်ဖြေလိုက်၏။
“ဆရာ… ခင်ဗျား စိတ်ပျက်သွားရရင် တောင်းပန်ပါတယ်… သူတို့တွေက အရှေ့တိုင်း မွန်မြတ်သန့်စင်နန်းတော်က လာကြတာပဲ”
“အရှေ့တိုင်းမွန်မြတ်သန့်စင်နန်းတော်လား… ငါသိပြီ”
ဟင်ဒရစ်၏ ဆရာက ခေါင်းညိတ်ပြလိုက်၏။
ဟင်ဒရစ်က ကျန်းယွဲ့လုဘက်ကိုလှည့်ပြီး အသံမြှင့်ကာ သူ့ဆရာကို မိတ်ဆက်ပေးလိုက်၏။
“ဒါက ငါ့ဆရာ ဟဲဝင်းဆားပိုင်နက်ရဲ့အုပ်စိုးသူ ဒက်စ်မန်မွန်လုဒ်ရာဗ်နို့ပဲ… သူက အမှောင်ထုနဲ့ အရိပ်တွေကြားမှာ ကခုန်နေတဲ့ ဓားသွားလို မြင့်မြတ်တဲ့ နယ်စားတစ်ဦးပဲ”
အာသာက လွှတ်ခနဲပြောလိုက်၏။
“နယ်စားတဲ့လား… မဖြစ်နိုင်တာ”
ကျန်းယွဲ့လု၏ မျက်နှာက တည်တံ့သွားလေသည်။
ဟင်ဒရစ်သည် ကွေ့ကျန်းအဆင့်မှ ရှန်းထျန်သက်ရှိတစ်ဦးနှင့်တူညီသော ဗိုင်းကောင့်ဘွဲ့ရတစ်ဦးဖြစ်လေသည်။ သူတို့ကို နယ်စား၊ မြို့စား၊ သူကောင်းမှူးမတ်၊ ဗိုင်းကောင့်မှူးမတ်နှင့် အခြေခံမှူးမတ်ဟူသော ရာထူးအစဉ်အတိုင်းပေးထားမည်ဆိုလျှင် နယ်စားတစ်ဦးသည် ခန်းမသခင်တစ်ဦး၏ အဆင့်ဖြစ်သော ကောင်းကင်ဘုံသက်ရှိတစ်ဦးနှင့် တူညီပေလိမ့်မည်။
အာသာပြောပုံအရ တတိယမျိုးဆက် အပြစ်သား ၁၃ ဦးသည် မင်းသားများကဲ့သို့ ဂုဏ်ပြုခံရပြီး နတ်ဘုရားများနှင့် ယှဉ်နိုင်သောစွမ်းအားကို ပိုင်ဆိုင်ကြလေသည်။ သူတို့မှာ ကောင်းကင်ဘုံသက်ရှိများကို အဆင့်နှစ်ဆင့်ခွဲထားသလိုမျိုး သာမန်နယ်စားများနှင့် နယ်စားကြီးများဟူ၍ ရှိကြသည်။ သာမန်ကောင်းကင်ဘုံသက်ရှိများအပြင် အင်မော်တယ်တစ်ပိုင်းဟု ခေါ်ဆိုသော ကောင်းကင်ဘုံသက်ရှိများ၏ ပိုမိုမြင့်မားသော အဆင့်တစ်ခုရှိသည််။ ထိုကောင်းကင်ဘုံသက်ရှိများသည် အင်မော်တယ်အဆင့်ကို ရောက်ရှိလုနီးပါးဖြစ်ပြီး ထိုအမည်ကို ရရှိလာကြသည်။
ထိုက်ဖျင်ဂိုဏ်းက သူတော်စင်ချင်းဝေနှင့် ချွမ်ကျန်းဂိုဏ်းမှ သူတော်စင်တန်ဟွားနှစ်ဦးစလုံးသည် အင်မော်တယ်တစ်ပိုင်းများဖြစ်ကြသည်။ အားနည်းသော ရှေးဟောင်းအင်မော်တယ်များစွာကလည်း ဤအဆင့်မှာရှိကြသည်။
ဒက်စ်မန်က နယ်စားတစ်ဦးဖြစ်စေ၊ နယ်စားကြီးတစ်ဦးဖြစ်စေ သူသည် အနိုင်ယူဖို့ ခက်ခဲသော တည်ရှိမှုတစ်ခုဖြစ်လေသည်။
ဤအခိုက်အတန့်မှာ ချီရွှမ်းစုက အဝေးကနေ လှမ်းအော်သတိပေးလိုက်၏။
“သူက အရမ်းအားနည်းနေသေးတယ်”
ကျန်းယွဲ့လုက ထိတ်လန့်သွား၏။ ထို့နောက် သူမ၏ မျက်လုံးထဲမှာ စီးဆင်းနေသော ခရမ်းရောင်စွမ်းအင်နှင့်အတူ နယ်စားဒက်စ်မန်ကို လှည့်ကြည့်လိုက်၏။ ပြိုင်ဘက်ကင်း အင်မော်တယ်နတ်မျက်စိက ပထမဆုံးအကြိမ်မှာ ကျရှုံးသွားလေသည်။ စွမ်းအားကြီးမားသော ဤအပြစ်သားကို မြူခိုးတစ်လွှာက လွှမ်းခြုံထားပုံရပြီး ကျန်းယွဲ့လုက ၎င်းကို ထွင်းဖောက်မမြင်နိုင်ဖြစ်နေသည်။
သို့သော်လည်း ကျန်းယွဲ့လုက လက်မလျှော့ဘဲ ပိုမိုအာရုံစူးစိုက်ကာ ဂမ္ဘီရအကဲခတ်နည်းစနစ်ကို ဆက်လက်၍အသုံးပြုနေပြီး သူမ၏ မျက်လုံးထဲမှာ နက်ရှိုင်းသော ခရမ်းရောင်စွမ်းအင်က ပေါ်ထွက်လာသည်။ နောက်ဆုံးမှာတော့ သူမ၏ မျက်လုံးနှစ်ဖက်သည် ခရမ်းရောင်အဖြစ် လုံးလုံးလျားလျားပြောင်းလဲသွားသည်။ ဤအခိုက်အတန့်မှာ သူမသည် နောက်ဆုံး ဒက်စ်မန်ကိုလွှမ်းခြုံထားသည့် မြူခိုးများကို ထွင်းဖောက်မြင်နိုင်ပြီဖြစ်သည်။
ဤနယ်စားက တကယ့်ကို ထူးခြားအံ့မခန်းမဟုတ်သောကြောင့် ကျန်းယွဲ့လု၏ မျက်ခုံးနှစ်ဖက်က အနည်းငယ်ပြေလျော့သွား၏။ သူက ကျန်းယွဲ့လုထက် တစ်ဆင့်ပိုမြင့်သော ကောင်းကင်ဘုံသက်ရှိများ၏ ရှောင်းယောင်အဆင့်မှာသာရှိနေသည်။ ကောင်းကင်ဘုံသက်ရှိများသည် ကမ္ဘာမြေ၏ အချုပ်အနှောင်ကနေ လွတ်မြောက်ပြီး လေထဲမျာပျံသန်းနိုင်သည့်အခါ ရှောင်ယောင်အဆင့်ကို ရောက်ရှိလာကြသည်။
ကျန်းယွဲ့လုအတွက်တော့ ရှောင်းယောင်အဆင့်မှာရှိသော ကောင်းကင်ဘုံသက်ရှိများသည် အနိုင်ယူဖို့ ခက်ခဲသော်လည်း သူမမှာ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခုရှိနေဆဲပင်။
ချီရွှမ်းစု၏ ကျင့်ကြံမှုအဆင့်အရ သူသည် ဒက်စ်မန်၏ ကျင့်ကြံမှုအဆင့်ကို ထွင်းဖောက်မမြင်နိုင်သော်လည်း ဤနယ်စားက သိပ်ပြီး စွမ်းအားမကြီးမားလောက်ဟု သူက ခန့်မှန်းမိနိုင်သည်။ ဤနယ်စားက စွမ်းအားကြီးမားလွန်းမည်ဆိုလျှင် ဘာကြောင့် ခေါင်းတလားထဲမှာ ပုန်းကွယ်ပြီး သေချင်ယောင်ဆောင်နေဖို့ လိုအပ်မှာလဲ။ သူက ဘာ့ကြောင့် ရှေးဟောင်းအင်မော်တယ်များထံမှ အကူအညီတောင်းခံဖို့ လိုအပ်မှာလဲ။
အာသာက သူ၏ မိခင်ဘာသာစကားဖြင့် ကျွမ်းကျင်စွာပြောလိုက်၏။
“ရာဗ်နို့မိသားစုဝင်တွေထဲက အခြေခံမှူးမတ်အဆင့်ရဲ့အထက်မှာရှိတဲ့ ဘယ်သူ့ကိုမှ ချမ်းသာမပေးနိုင်ဘူး… ဒါက ပါသီယန်လွှတ်တော်ရဲ့ ပူးပေါင်းဆုံးဖြတ်ချက်ပဲ”
ဒက်စ်မန်က ဤအဆိုပြုချက်ကို ပယ်ချခြင်းမရှိဘဲ တည်ငြိမ်စွာပြောလိုက်၏။
“ငါက သေခဲ့တယ်… ဒါပေမဲ့ ငါ့ရဲ့ လက်အောက်ငယ်သားတွေနဲ့ အရှေ့တိုင်းဒေသက စွမ်းအားကြီးမားတဲ့ ရှေးဟောင်းနတ်ဘုရားတွေရဲ့ အကူအညီနဲ့ ငါ တစ်ဖန်ပြန်ပြီး မွေးဖွားလာခဲ့ပြီ… အခု ငါ့မှာ အခြေခံမှူးမတ်တစ်ဦးရဲ့ ခွန်အားပဲရှိပေမယ့် မင်းတို့တွေအားလုံးကို သတ်ဖို့တော့လုံလောက်တယ်… မင်းတို့ရဲ့သွေးက ငါ့ရဲ့ခွန်အားကို မြို့စားတစ်ဦးအဖြစ် ပြန်လည်ရရှိလာစေလိမ့်မယ်”
ကျန်းယွဲ့လုက ထေ့ငေါ့လိုက်၏။
“ငါတို့တွေထဲ နောက်ဆုံး ဘယ်သူနိုင်ရမလဲဆိုတာ ပြောဖို့ စောနေသေးတယ် မဟုတ်ဘူးလား”
“အိုး....”
ဒက်စ်မန်က သူ့၏ နှုတ်ခမ်းကို ဖွင့်ဟပြီး သံရှည်ဆွဲကာ ပြောလိုက်၏။
သူ့စကား မဆုံးသေးခင် ကျန်းယွဲ့လု၏ မျက်နှာက ရုတ်တရက် နီရဲလာလေသည်။ သူမ၏ ခန္ဓာကိုယ်ထဲရှိ သွေးများက သူမ၏ အရေပြားအောက်မှာ ဆူပွက်လာသည့် အလားပင်။ သူမကို ဖိနှိမ်ရန် ဒက်စ်မန် အသုံးပြုထားသည့် ထူးဆန်းသော မှော်စွမ်းအားကို တန်ပြန်တိုက်ခိုက်ရန် သူမက လေဟာနယ်ကပ်ဘေးခြောက်ပါး နည်းစနစ်ကို အသုံးပြုလိုက်၏။ ထို့နောက် ကြမ်းပြင်ကနေ ခုန်ထွက်ကာ ဒက်စ်မန်ကို တိုက်ခိုက်လိုက်လေသည်။
ဟင်ဒရစ်က သူ၏ နှလုံးကို ဆွဲထုတ်ပြီးနောက် သူ၏ ခွန်အားများ အများစုကို ဆုံးရှုံးသွားကာ ကျန်းယွဲ့လုကို မတားဆီးနိုင်ဘဲ ဘေးဘက်သို့ ဆုတ်ခွာနေ၏။
ဟင်ဒရစ် မိတ်ဆက်ပေးခဲ့သည့်အတိုင်း ဒက်စ်မန်သည် အမှောင်ထုနှင့် အရိပ်များကြားမှာ ကခုန်နေသည့် ဓားသွားတစ်လက် တကယ်ပင်ဖြစ်လေသည်။ ဒက်စ်မန်က သွေးဓားတစ်လက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆင့်ခေါ်ပြီး ကျန်းယွဲ့လုကို ပစ်ထိုးလိုက်၏။
ကျန်းယွဲ့လုက သူမ၏ ပြိုင်ဘက်ကို လျှော့မတွက်ရဲပေ။ သူမသည် အဖြူရောင် စက္ကူလိပ်တစ်လိပ်ကို ဆွဲထုတ်ပြီး ၎င်းကို ဓားတစ်လက်အဖြစ် ပြောင်းလဲသွားစေသည်။
သွေးဓားက စက္ကူဓားနှင့် ထိခတ်မိသောအခါ စက္ကူဓားက ပျက်စီးထိခိုက်မသွားပေ။ ဆန့်ကျင်ဘက်အနေဖြင့် သွေးဓားက မြွေတစ်ကောင်လိုတွန့်ဆုတ်သွားပြီး သွေးများက ဖိတ်စင်ပြန့်ကျဲသွား၏။
ဒက်စ်မန်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။
“ဒါက… မှော်ရတနာတစ်ပိုင်းပစ္စည်းပဲ”
ဤစာလိပ်ကို ပုံသဏ္ဍာန်မဲ့စက္ကူဟုခေါ်ဆိုပြီး သုံးပေသာသာရှည်သောဓားတစ်လက်နှင့် လက်နက် ၁၈ မျိုးအထိ ပြောင်းလဲနိုင်သည်။
၎င်း၏ မာကျောမှုက စိန်နှင့် ယှဉ်နိုင်ပြီး ရေနှင့် မီးဒဏ်ကို ခံနိုင်ရည်ရှိလေသည်။ ယင်းသည် ကျန်းယွဲ့လုအား တာအိုဂိုဏ်းတော်က ချီးမြှင့်ပေးထားသည့် အင်မော်တယ်တစ်ပိုင်း ပစ္စည်း ဖြစ်သည်။