ဒက်စ်မန်
Vol. 6 Ch. 56
နတ်သက်ကြွေအင်မော်တယ်များသည် တာအိုလမ်းစဉ် ၅ ခုထဲမှာ အသန်မာဆုံး ဖြစ်ကြသည်။ သူတို့၏ ခွန်အားနှင့်ပတ်သက်၍ သံသယရှိစရာ မလိုချေ။ ရှုခိုလို ကွေ့ကျန်းအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးပင် ကျန်းယွဲ့လုကို ရှုံးနိမ့်ခဲ့ရသည်။
အင်မော်တယ်တစ်ပိုင်းပစ္စည်းနှင့်အတူ ကျန်းယွဲ့လုသည် သူမထက် တစ်ဆင့်ပိုမြင့်မားသော ပြိုင်ဘက်ကို ယှဉ်ပြိုင်တိုက်ခိုက်ဖို့ အခွင့်အရေး ရှိနေသည်။ သူမသည် ဒက်စ်မန်ကိုပင် အနိုင်ယူကောင်း ယူနိုင်ပေမည်။
ကျန်းယွဲ့လုနှင့် ဒက်စ်မန် တိုက်ခိုက်နေစဉ် ကျန်းယွဲ့လုက အသာစီးရရှိနေ၏။ စက္ကူဓားသည် သွေးများဖြင့် ဖွဲ့စည်းထားပုံရသော ဒက်စ်မန်၏ ခန္ဓာကိုယ်ပေါ်မှာ အပေါက်များစွာကို ကျန်ရစ်ခဲ့စေပြီး ဒဏ်ရာများစွာ ရရှိသွားစေသည်။ သို့သော်လည်း အပေါက်များက သွေးများဖြင့် ချက်ချင်းပင် ပြန်လည်ပြည့်နှက်၍ သူ့ခန္ဓာကိုယ်၏ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။
ဒက်စ်မန်ကို ထိတ်လန့်ကြောက်ရွံ့သွားစေသည်မှာ ကျန်းယွဲ့လုထံမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်မျိုးဖြစ်သည်။ ထိုစွမ်းအင်သည် ဒက်စ်မန်၏ သွေးထဲ ဝင်ရောက်ပေါင်းစီး၍ ခွဲထုတ်မရအောင် ဖြစ်လာကာ သူ့ခန္ဓာကိုယ်ထဲမှာရှိသော ဆဲလ်များက တစ်ခုနှင့်တစ်ခု တိုက်ခိုက်ပြီး ကသောင်းကနင်း ဖြစ်လာလေသည်။ နောက်ထပ် စွမ်းအင်စီးကြောင်းတစ်ခုက သူ၏ နှလုံးဆီသို့ တည့်တည့် တိုးဝင်လာပြီး သူ၏ နှလုံးခုန်ကို ဗုံသံကဲ့သို့ ပြင်းထန်ကြမ်းတမ်းလာစေသည်။
အပြစ်သားများ၏ စွမ်းအားအရင်းအမြစ်က နှလုံးဖြစ်သောကြောင့် နှလုံးမှာ တစ်ခုခုဖြစ်လျှင် သူတို့ခန္ဓာကိုယ်၏ လည်ပတ်မှုများက ရပ်တန့်သွားပေလိမ့်မည်။
ကျန်းယွဲ့လုသည် ရှုခိုကို ရင်ဆိုင်စဉ်က အသုံးပြုခဲ့သော လေဟာနယ်ကပ်ဘေးခြောက်ပါး နည်းစနစ်ကို ထုတ်ဖော်ထား၏။ သူမ၏ ချီက တစ်ဖက်သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်၍ သူတို့၏ စွမ်းအင်ကို ချေဖျက်ကာ တစ်ဖက်သူ၏ ဆဲလ်များကို တစ်ခုနှင့်တစ်ခု ခုခံတိုက်ခိုက်စေပြီး ဒဏ်ရာအပြင်းအထန် ရရှိခြင်း သို့မဟုတ် သေဆုံးခြင်းကိုပင် ဖြစ်စေနိုင်သည်။
လေဟာနယ်ကပ်ဘေးခြောက်ပါးသည် လျှို့ဝှက်ဆန်းကြယ်သော နည်းစနစ်တစ်ခု ဖြစ်သော်လည်း ၎င်းကို ချေဖျက်၍ရနိုင်သည်။ တာအိုအကြီးအကဲနန်ဟွား၏ ချီခြောက်မျိုး ခွဲထုတ်ခြင်းမှာ ကျွမ်းကျင်ပိုင်နိုင်သော အခြေခံခိုင်မာသည့် တာအိုကျင့်ကြံသူများသည် လေဟာနယ်ကပ်ဘေးခြောက်ပါးကို တန်ပြန်တိုက်ခိုက်နိုင်ကြသည်။ သို့သော်လည်း ဒက်စ်မန်သည် တာအိုကျင့်ကြံသူတစ်ဦးမဟုတ်ဘဲ ထိုနည်းစနစ်၏ လျှို့ဝှက်ချက်များကို မဖော်ထုတ်နိုင်ပေ။
ဒက်စ်မန်သည် ဒဏ်ရာအပြင်းအထန် ရရှိထားသောကြောင့် လေဟာနယ်ကပ်ဘေးခြောက်ပါး၏ အတင်းအကျပ်ချုပ်နှောင်ခြင်း ခံထားရ၏။ ကျန်းယွဲ့လုက ကောင်းကင်ဘုံသက်ရှိတစ်ဦး ဖြစ်သော်လည်း ဒက်စ်မန်သည် ပြင်ပအကူအညီ တစ်စုံတစ်ရာမရှိဘဲ အနိုင်ရဖို့ အခွင့်အရေး ရှိလိမ့်မည် မဟုတ်ချေ။
ဒက်စ်မန်သည် ပါသီယန်လွှတ်တော်၏ အမဲလိုက်ခြင်း ခံခဲ့ရစဉ်က သူပိုင်ဆိုင်သမျှ အရာအားလုံးကို ဆုံးရှုံးခဲ့ရပြီး ယခုအချိန်မှာ သူ့အားသူသာ ကိုးနေရသည်။ ထို့သို့ဖြင့် သူသည် စွမ်းအင်မြောက်မြားစွာကို သုံးစွဲရပြီး သာမန်ကောင်းကင်ဘုံသက်ရှိတစ်ဦးထက်ပင် များစွာပိုမို အားနည်းလာလေသည်။
ယခုအချိန်မှာ ကျန်းယွဲ့လုသည် ဝါရင့်ပညာရှင်တစ်ဦးဖြစ်သော ဒက်စ်မန်နှင့်ယှဉ်လျှင် အတွေ့အကြုံနုနယ်သော တိုက်ခိုက်ရေးသမား တစ်ဦးနှင့် တူသည်။ သို့သော်လည်း ကျန်းယွဲ့လု၏ လက်ထဲမှာ စွမ်းအားကြီးမားသော လက်နက်တစ်ခု ရှိနေလေသည်။
ကြီးမားသော ဓားတစ်လက်က ဒက်စ်မန်၏ ဘေးဘက်ကနေ ဝင်ရောက်လာ၏။ လေဟာနယ်ကပ်ဘေးခြောက်ပါးဖြင့် ချုပ်နှောင်ခံထားရသော ဒက်စ်မန်က တိုက်ခိုက်မှုကို မရမကရှောင်တိမ်းလိုက်၏။ ဓားက မြေကြီးကို ထိခတ်ပြီး အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာသည်။ ဓားသွား၏ ပွတ်တိုက်မှုမှာ အလွန်တရာ တောက်ပသော ပိုးစုန်းကြူးများကဲ့သို့ မီးပွားများစွာ ပေါ်ထွက်လာ၏။ သူ့ဓားကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာဆုပ်ကိုင်ထားသော အာသာက ဝင်ရောက်လာခြင်း ဖြစ်သည်။
သူက ကျန်းယွဲ့လုနှင့်ပူးပေါင်းပြီး ဒက်စ်မန်ကို တိုက်ခိုက်လိုက်၏။ ဒက်စ်မန်က သူ့ခန္ဓာကိုယ်ထဲရှိ ထူးဆန်းသော စွမ်းအင်ကို ဖိနှိမ်ကာ ညည်းတွားအော်ဟစ်ပြီး သွေးဓားကို အစွမ်းကုန်ဖြင့် ဆင့်ခေါ်လိုက်၏။ သွေးဓား ဖြတ်သွားရာ နေရာတိုင်းမှာ သွေးမျှင်တန်းတစ်တန်းကို ကျန်ရစ်ခဲ့စေ၏။ မရေမတွက်နိုင်သော သွေးအမျှင်တန်းများသည် တင်းကျပ်လာသော ပိုက်ကွန်တစ်ခုလို ရောထွေးယှက်ဖြာသွား၏။
လင်းချွမ်ကျီက လှုပ်ရှားမှုမပြုလုပ်သည်မှာ ရှေးဟောင်းအင်မော်တယ်၏ စိတ်ဝိညာဉ်အင်အား ဆုတ်ခွာသွားကတည်းက သူသည် ရှုပ်ထွေးနက်နဲ၍ အတိုင်းအတာ ကျယ်ပြန့်သော အစီအရင်တစ်ခုကို ပြင်ဆင်နေသောကြောင့် ဖြစ်သည်။ ယခုအချိန်မှာ သူ၏ အစီအရင်က ပြီးမြောက်လုနီးပါးပင်။
သူက စက္ကူလူရုပ်တစ်ရုပ်ကို မြှောက်တင်ပြီး ၎င်းကို လက်ညှိုးထိုးကာ အော်ပြောလိုက်၏။
“စစ်သည်တော်… ကိုယ်ထင်ပြလိုက်စမ်း”
သန်မာသော လေပြင်းတစ်ချက်နှင့်အတူ စက္ကူလူရုပ်က ရွှေရောင်အလင်းဖြင့် တောက်ပ၍ ပတ္တမြားလို လူမျက်နှာနှင့် ကတ္တီပါလိုမုတ်ဆိတ်ရှိသော စစ်ဗိုလ်ချုပ်တစ်ဦးအဖြစ် ပြောင်းလဲသွားလေသည်။ သူ့အရပ်က ဆယ်ပေခန့်မြင့်မားပြီး အနီရောင် ဖဲကြိုးများဖြင့် ရစ်ပတ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ ထိုစစ်သည်တော်က နေတစ်စင်းကဲ့သို့ တဝင်းဝင်းတောက်ပနေ၏။
၎င်းသည် ထိုက်ဖျင်ဂိုဏ်း၏ ခေါင်းပေါင်းဝါ စစ်သည်တော် ဖြစ်သည်။ ထိုက်ဖျင်ပုန်ကန်ခြင်းခေတ်အတွင်း လူတိုင်းသည် ယခင်မင်းဆက်ကို အာခံဖီဆန်သည့်အနေဖြင့် ခေါင်းပေါင်းဝါများကို ပေါင်းခဲ့ကြသည်။ ထိုသို့ဖြင့် ခေါင်းပေါင်းဝါ စစ်သည်တော်များ ဖြစ်လာခဲ့လေသည်။
ရွှမ်အရှင်မြတ် သက်ရှိထင်ရှားရှိခဲ့စဉ်က သူသည် ဂိုဏ်းစွဲ ပုဂ္ဂိုလ်စွဲများကို သဘောမကျဘဲ ဂိုဏ်းများအားလုံး၏ ဂမ္ဘီရစွမ်းရည်များနှင့် အစီအရင်များကို လူတိုင်းကျင့်ကြံနိုင်အောင် ပေါင်းစည်းပေးလိုခဲ့သည်။ လုံးလုံးလျားလျားအထမမြောက်ခဲ့သော်လည်း ဂိုဏ်းသုံးဂိုဏ်းကြားမှာ အစီအရင်များစွာကို ဖလှယ်ကာ သုံးစွဲလာကြသည်။ ထို့ကြောင့် ချွမ်ကျန်းဂိုဏ်း၏ တပည့်ဂိုဏ်းသားတစ်ဦးဖြစ်သော လင်းချွမ်ကျီက ထိုက်ဖျင်ဂိုဏ်း၏ အစီအရင်များကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။
ခေါင်းပေါင်းဝါ စစ်သည်တော်က သုံးပေသာသာရှည်လျားသော သံတင်းပုတ်နှစ်လက်နှင့်အတူ ဒက်စ်မန်ရှိရာသို့ ပြေးဝင်လာသည်။ ဒက်စ်မန် ပြုလုပ်ထားသည့် သွေးပိုက်ကွန်က ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိဘဲ ပွင့်ထွက်သွား၏။ သို့သော်လည်း ခေါင်းပေါင်းဝါ စစ်သည်တော်သည် ဒက်စ်မန်၏သွေးဖြင့် လောင်ကျွမ်းခံလိုက်ရသည်။ တိုက်စားခံနေရသည့် တစ်ရှဲရှဲအသံ ထွက်ပေါ်လာပြီး ၎င်း၏ ချပ်ဝတ်တန်ဆာက များစွာမှေးမှိန်သွားသည်။
ကျန်းယွဲ့လုသည် သွေးမျှင်တန်းများဖြင့် ဆက်လက်၍ ချုပ်နှောင်မခံရသည့်အခါ သူမသည် လက်ထဲမှာ စက္ကူဓားကိုလှည့်ပြီး ကျယ်လောင်သောအသံတစ်ခုကို ဖန်တီးလိုက်၏။
ဤအခိုက်အတန့်မှာ ကျန်းယွဲ့လုသည် ဒက်စ်မန်၏ သေကွင်းသေကွက်များဆီသို့ စက္ကူဓားတစ်ရာကို ပစ်ထုတ်လိုက်လေသည်။ ဓားရိပ်များက မြန်ဆန်လွန်းပြီး လူတိုင်းက ဓားချီတစ်ခုကိုသာ တွေ့မြင်ရသည်။ ကွေ့ကျန်းအဆင့် အကြီးအကဲတစ်ဦးသာလျှင် ကျန်းယွဲ့လု၏ လှုပ်ရှားပုံနှင့် ဒက်စ်မန်၏ ခန္ဓာကိုယ်အနှံ့အပြားမှ ဒဏ်ရာများကို တွေ့မြင်နိုင်ပေလိမ့်မည်။
ဒက်စ်မန်သည် ကောင်းကင်ဘုံသက်ရှိတစ်ဦးဖြစ်သော်လည်း ဤစက္ကူဓားကြောင့် ထိခိုက်ဒဏ်ရာရရှိသွားရဆဲဖြစ်သည်။ မည်သို့ပင်ဆိုစေ ပုံသဏ္ဍာန်မဲ့စက္ကူသည် သတ်ဖြတ်စွမ်းအားအလွန်မြင့်မားသည့် အင်မော်တယ်တစ်ပိုင်းပစ္စည်းဖြစ်သည်။ ဒါ့အပြင် ကျန်းယွဲ့လုသည် ဓားတစ်ရာကို တစ်ဆက်တည်းပစ်ထုတ်လိုက်ပြီး ဒက်စ်မန်၏ ခန္ဓာကိုယ်က အချိန်တိုအတွင်းမှာ ပြန်လည်မကုသနိုင်ပေ။
ကျင့်ကြံမှုတစ်ဆင့် ပိုမိုမြင့်မားသောလူတစ်ယောက်ကို ရင်ဆိုင်ဖို့အတွက် ကျင့်ကြံမှုတစ်ဆင့်နိမ့်သော လူသုံးယောက်လိုအပ်သည်ဟု တာအိုအဖွဲ့အစည်းမှာ ယေဘုယျစည်းမျဥ်းစည်းကမ်းတစ်ခုရှိလေသည်။ လက်ရှိအခြေအနေမှာ ရှောင်းယောင်အဆင့် ကောင်းကင်ဘုံသက်ရှိတစ်ဦးကို ကိုင်တွယ်ဖို့အတွက် ကွေ့ကျန်းအဆင့် ရှန်းထျန်သက်ရှိသုံးဦးက တိုက်ခိုက်နေကြခြင်းဖြစ်သည်။
ဒါ့အပြင် ဒက်စ်မန်သည် သူပိုင်ဆိုင်သမျှကိုဆုံးရှုံး၍ သွေးအမြောက်အမြားကိုလည်း ဆုံးရှုံးထားရပြီး အတော်လေးအားနည်းနေသည်။ ဤအချိန်မှာ ပြိုင်ဘက်သုံးယောက်နှင့် ရင်ဆိုင်ရခြင်းသည် ဒက်စ်မန်အတွက် တကယ်ပင်မလွယ်ကူလှပေ။
လက်ရှိအခြေအနေမှာ ဒက်စ်မန်က ထိတ်ထိတ်ပျာပျာဖြစ်မသွားချေ။ သူ၏ အားနည်းနေသော အခြေအနေမှာ နယ်စားတစ်ဦး၏ တစ်မူထူးခြားသော စွမ်းရည်များကို အသုံးမပြုနိုင်သော်လည်း သူက လုံးလုံးလျားလျား ကူကယ်ရာမဲ့မနေပေ။ သူဝတ်ဆင်ထားသည့် နက်နီခြုံထည်ကို လွှဲယမ်းပြီး ကိုယ်ပွား ၁၃ ခုအဖြစ် ခွဲထွက်လိုက်၏။
အနောက်ဘက်ကုန်းမြေတိုက်မှာ ၁၃ သည် ကံမကောင်းသောနံပါတ်ဖြစ်ပြီး နတ်ဆိုး၏ ကိန်းဂဏန်းလည်းဖြစ်လေသည်။ ထို့ကြောင့် အပြစ်သားမျိုးနွယ် ၁၃စု ရှိနေခြင်းဖြစ်သည်။
တစ်ခဏအတွင်း ကျန်းယွဲ့လုသည် သူမ၏ ဘေးပတ်လည်မှာ ပုံရိပ် ခုနှစ်ခုရှိနေသည်ကို ခံစားမိလိုက်၏။ သူတို့က ပုံရိပ်ယောင်များမဟုတ်ဘဲ အစစ်အမှန်ခန္ဓာများဖြစ်နေကြသည်။ သူတို့သည် သူမ၏ ဓားချက်များကို ချေဖျက်၍ အဘက်ဘက်ကနေ ဝင်ရောက်တိုက်ခိုက်ကာ သူမကို တိုက်စစ်ကနေခံစစ်သို့ ပြောင်းလဲသွားစေသည်။ တစ်ချိန်တည်းမှာပင် သန်မာသောသွေးနံ့က နေရာအနှံ့ပျံ့နှံ့၍ သူမ၏ မွေးညင်းပေါက်များကနေတစ်ဆင့် ခန္ဓာကိုယ်ထဲဝင်ရောက်ကာ သူမ၏ မရီးဒျာန်များနှင့် ဒါန်ထျန်များကို တိုက်စားနေ၏။
ကျန်းယွဲ့လုသည် ထိုသွေးအော်ရာကနေ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ရန် ဒြပ်စင်ငါးမျိုးချီဒိုင်းကာကို အသုံးပြုလိုက်ရသည်။
သူမက နောက်သို့ ဆုတ်ခွာနေစဉ် သတ္တုနှင့် ကျောက်တုံး အဆက်မပြတ် ထိခတ်နေသံကို ကြားနေရ၏။ ဤအခွင့်အလမ်းကို ချိန်ဆပြီး ဒက်စ်မန်၏ ကိုယ်ပွားနှစ်ခုသည် ခေါင်းပေါင်းဝါ စစ်သည်တော်ကို ချုပ်ထိန်းကာ ကိုယ်ပွားသုံးခုက လင်းချွမ်ကျီကို တိုက်ခိုက်လိုက်၏။
လင်းချွမ်ကျီသည် ခေါင်းပေါင်းဝါ စစ်သည်တော်ကို ထိန်းချုပ်ဖို့အတွက် သူ၏ အတွေးတစ်ဝက်ကို ပို့လွှတ်ထားရသည်။ ယခုအချိန်မှာ ကြောက်မက်ဖွယ်ရာကောင်းသော ဒက်စ်မန်သုံးဦးနှင့် ရင်ဆိုင်နေရပြီး သူက သတိကို လျှော့မချရဲပေ။ လင်းချွမ်ကျီသည် ပါးစပ်ကနေ တတွတ်တွတ် ရွတ်ဆို၍ အဆောင်သုံးခုကို ပစ်ထုတ်လိုက်၏။ ထိုအဆောင်သုံးခုသည် ရွှေရောင်ဒိုင်းကာသုံးချပ်အဖြစ် ပြောင်းလဲပြီး သူ့ကို အဆက်မပြတ် လှည့်ပတ်ကာ တင်းတင်းကျပ်ကျပ် ကာကွယ်ပေးထားသည်။
သွေးဓားသုံးလက်က အဆောင်ကနေ စုဖွဲ့ထားသော ရွှေရောင်ဒိုင်းကာများကို ပစ်ထိုးသောအခါ သူတို့သည် သွေးရောင်ဖြင့် စွန်းထင်းသွားလေသည်။ ကိုယ်ပွားသုံးခုက သူတို့၏ ဓားများကို လျင်မြန်စွာ ဝေ့ယမ်းနေကြ၏။ သူတို့သည် ရွှေရောင်ဒိုင်းကာများကို တစ်ကြိမ်ပစ်ထိုးတိုင်း ဒိုင်းကာများက အနည်းငယ် တုန်ခါသွားတတ်သည်။ ရလဒ်အနေဖြင့် ရွှေရောင်ဒိုင်းကာများက သိပ်မကြာခင် အရောင်အဝါ မှေးမှိန်၍ အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။
ဆက်လက်၍ ယှဥ်ပြိုင်နေလျှင် သူက ရှုံးနိမ့်ရတော့မည်ကို လင်းချွမ်ကျီက သိရှိလိုက်ပြီး ထိုက်ဖျင်ဒင်္ဂါး တစ်ထောင်တန်သော မိုးကြိုးငါးစင်း အဆောင်တစ်ခုကို ပစ်ထုတ်လိုက်၏။ ရုတ်တရက် လက်မောင်းလုံးလောက် တုတ်ခိုင်သော မိုးကြိုးလျှပ်စီးကြောင်းငါးခုက လေထဲကနေ ပေါ်ထွက်လာပြီး ကိုယ်ပွား သုံးခုကို ပစ်ချလိုက်၏။
လောကရှိ နည်းလမ်းများအားလုံးထဲမှာ မိုးကြိုးသည် စွမ်းအားအကြီးမားဆုံး ဖြစ်သည်။ မွန်စတားများ၊ မိစ္ဆာများ၊ တစ္ဆေများနှင့် ဖုတ်ကောင်များ အားလုံးသည် မိုးကြိုး၏ ဖိနှိမ်ခြင်းကို သဘာဝအလျောက် ခံရလေသည်။ အနောက်ဘက်ကုန်းမြေတိုက်မှ လာသော ဤအပြစ်သားများကလည်း ခြွင်းချက် မရပေ။
ဒက်စ်မန်၏ ကိုယ်ပွားနှစ်ခုက မိုးကြိုးဖြင့် ပစ်ချခံရပြီးနောက် သူတို့သည် အစိမ်းရောင် မီးခိုးများအဖြစ် ချက်ချင်းပင် ပြောင်းလဲကာ ပျက်ပြယ်သွားကြသည်။
ကျန်ရှိနေသော ကိုယ်ပွားက ပြေးဝင်လာစဉ် လင်းချွမ်ကျီက နတ်နဂါးပစ္စတိုကို ထုတ်ယူပြီး ၎င်း၏ နှလုံးတည့်တည့်ကို နဂါးမျက်လုံးကျည်ဆန်တစ်တောင့် ပစ်ထည့်လိုက်၏။ ကိုယ်ပွား၏ နှလုံးက ချက်ချင်းပင် ပေါက်ကွဲထွက်သွားသည်။ သူ့၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ ဤသည်မှာ ထျန်ကန်းခန်းမတွင် တာဝန်ထမ်းဆောင်ရခြင်း၏ အကျိုးကျေးဇူး ဖြစ်သည်။ လင်းချွမ်ကျီသည် အဆင့်-၄ ကျိကျိုးတာအိုအကြီးအကဲတစ်ဦးဖြစ်ပြီး သူအသုံးပြုသော လက်နက်ခဲယမ်းများကို ပြန်လည်ထုတ်ယူနိုင်သည်။ ထို့ကြောင့် သူက တုံ့ဆိုင်းခြင်းမရှိဘဲ ထိုလက်နက်များကို ထုတ်ဖော်အသုံးပြုခဲ့ပြီး သူ့ကိုယ်ပိုင် အဆင့်ထက် ကျော်လွန်လုနီးပါး ဤကဲ့သို့သော ခွန်အားကို ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။
မတ်တပ်ရပ်နေသည့် တစ်ဦးတည်းသော ဒက်စ်မန်သည် သတ္တိကြောင်နေပုံရသော ချီရွှမ်းစုကို လျစ်လျူရှုပြီး အာသာထံသို့ ပြေးဝင်ကာ ထိုသူကို နောက်ကနေ ဖမ်းချုပ်လိုက်၏။ ဤဒက်စ်မန်က ကိုယ်ပွားမဟုတ်ဘဲ အစစ်အမှန်ခန္ဓာ ဖြစ်လေသည်။
ရုပ်ရည်အသွင်အပြင်အရဆိုလျှင် ဒက်စ်မန်သည် ထူးထူးခြားခြားကြည့်ကောင်းတင့်တယ်သည့် အမျိုးသားတစ်ဦးဖြစ်သည်။ သို့သော်လည်း ယခုအချိန်မှာ သူက ကြမ်းကြုတ်ခက်ထန်၍ ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။ သူပါးစပ်ကနေ ရှည်လျားသော သွားစွယ်နှစ်ချောင်း ပြူထွက်လာကာ အာသာ၏ လည်ပင်းကို ထိုးဖောက်လိုက်၏။
ဒက်စ်မန်အတွက်တော့ စင်ကြယ်သူရဲကောင်း၏ သွေးသည် သူ့၏ခွန်အားကို အလျင်အမြန် ပြန်လည်ရရှိဖို့ ကြီးမားသော စွမ်းအင် အရင်းအမြစ်ဖြစ်သည်မှာ သံသယရှိစရာ မလိုချေ။ တကယ်တော့ အရှေ့တိုင်းသားအမျိုးသမီး၏သွေးက ပိုမိုကောင်းမွန်မည်ဟု ဒက်စ်မန်က အလိုလို သိနေသော်လည်း ထိုအမျိုးသမီးက လျှို့ဝှက်ဆန်းကြယ်လွန်းလေသည်။ လောလောဆယ်မှာ သူမ၏ သွေးကို မြည်းစမ်းဖို့ သူ့မှာ အခွင့်အရေး မရသေးပေ။
ဒက်စ်မန်သည် လောကမှာ အရသာအရှိဆုံး အစားအစာကို စားသောက်လိုက်ရသည့် အလား စိတ်ကျေနပ် အားရသွားသည့်ပုံပေါ်သည်။ သို့သော် မကြာခင် သူ၏ အပြုံးက အေးစက်တောင့်တင်းသွား၏။ သူ၏ အမူအရာက နာကျင်မှုနှင့် ထိတ်လန့်ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွား၏။
“သာလွန်မဟူရာသွေး… မင်းက သာလွန်မဟူရာသွေးကို သောက်သုံးထားတာပဲ။”
ဒက်စ်မန်က အာသာကို ဘေးဘက်သို့ ပစ်လွှဲချပြီး သူ၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ထား၏။ သူ၏ ကြည့်ကောင်းတင့်တယ်သော မျက်နှာသည် အဆိပ်မိကာ အလွန်တရာ နာကျင်ခံစားနေရသော လူတစ်ယောက်၏ မျက်နှာကဲ့သို့ ပြောင်းလဲသွား၏။ အာသာ၏ နောက်ကျောသည် မြေအောက်အကျဉ်းတိုက်၏ နံရံနှင့် ပစ်တိုက်မိပြီး ဖြည်းဖြည်းချင်း လျှောကျသွား၏။ သွေးများစွာ ဆုံးရှုံးရခြင်းကြောင့် သူ့မျက်နှာက အတော်လေး ဖြူဖပ်ဖြူရော် ဖြစ်နေ၏။ သူက ခက်ခက်ခဲခဲနှင့် ပြောလိုက်၏။
“ဟုတ်တယ်... ဒါက မင်းလိုမျိုး အဆင့်မြင့်အပြစ်သားတစ်ဦးကို ကိုင်တွယ်ဖို့အတွက် မွန်မြတ်သန့်စင်နန်းတော် အသင်းတော်ခုံရုံးကနေ အထူးတလည် စီမံပေးထားတဲ့ သာလွန်မဟူရာသွေးပဲ… သွေးတစ်ခွက်စာက မြို့စားတစ်ဦးကို ထာဝရ အိပ်စက်သွားစေနိုင်တယ်။”
(ဤနေရာမှာ နယ်စား၊ မြို့စား စသည်တို့က သွေးစုပ်ဖုတ်ကောင်တွေရဲ့ အဆင့်ကို ကိုယ်စားပြုဖော်ပြခြင်း ဖြစ်ပါသည်။)
သာလွန်မဟူရာသွေးသည် မိစ္ဆာမုဆိုးများ အသုံးပြုသည့် ထူးခြားသော ဆေးရည်တစ်မျိုး ဖြစ်သည်။ ၎င်းသည် သာမန်မွန်စတားများအပေါ် သက်ရောက်မှု များစွာမရှိသော်လည်း ရှင်သန်ဖို့အတွက် သွေးအပေါ် မှီခိုရသော အပြစ်သားများအတွက်တော့ သေစေနိုင်စွမ်းအားမြင့်မားသည့် အဆိပ် ဖြစ်လေသည်။
အာသာသည် သာလွန်မဟူရာသွေးကို ကြိုတင်၍ သောက်သုံးလာခဲ့သည်။ ထို့ကြောင့် ဒက်စ်မန်က အာသာ၏ သွေးကို သောက်သုံးသည့်အခါ သူက တစ်နည်းအားဖြင့် အဆိပ်ကို သောက်သုံးမိသွားလေသည်။
ထိုအဆိပ်သည် သူ၏ သွေးများနှင့် ပေါင်းစည်းပြီး ခွဲထုတ်၍ မရနိုင်တော့သည့်အတွက် ထိုလုပ်ရပ်သည် သလွန်မဟူရာသွေး သုတ်လိမ်းထားသော လက်နက်တစ်ခုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းထက် အဖျက်စွမ်းအား ပိုမိုမြင့်မားလေသည်။
သာလွန်မဟူရာသွေးက အာနိသင်ပြလာစဉ် ဒက်စ်မန်က လုံးဝ ဣန္ဒြေမဆယ်နိုင်တော့ဘဲ အထိန်းအကွပ်မဲ့စွာဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့သော ဤမသေမျိုးမိစ္ဆာသည် သူ၏ မျိုးနွယ်စု ဖျက်ဆီးခံရပြီးနောက် သေခြင်းတရား၏ ခြိမ်းခြောက်မှုကို နောက်တစ်ဖန် ခံစားလာရပြီ ဖြစ်သည်။ သို့သော်လည်း ဤတစ်ခေါက်မှာတော့ သူ့အသက်ကို ရန်ရှာလာသည်မှာ စွမ်းအားကြီးမားသော ပါသီယန်လွှတ်တော် မဟုတ်ဘဲ အစေအပါး ဦးစီးဘုန်းတော်ကြီး တစ်ဦးသာ ဖြစ်နေသည်။