← Chapters

အပ်ကွက်

Vol. 6 Ch. 57

အပ်ကွက်

Vol. 6 Ch. 57

ဒက်စ်မန်က နောက်သို့ ဒယီးဒယိုင်ဆုတ်ခွာသွားစဉ် သူ၏ ခန္ဓာကိုယ်က စတင်၍ ယိုယွင်းပျက်စီးလာပြီး သွေးများ စီးထွက်လာ၏။ သူ့ကိုယ်သူ ဆက်လက်၍ မကုသနိုင်တော့ပေ။ တစ်ခဏချင်းမှာပင် သူသည် အနောက်ဘက်ကုန်းမြေတိုက်မှ ကြည့်ကောင်းတင့်တယ်သော သူကောင်းမျိုးတစ်ဦးကနေ ကြောက်မက်ဖွယ်ရာကောင်းသော မွန်စတားတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။

သာလွန်မဟူရာသွေးသည် မြို့စားတစ်ဦးကို ထာဝရ အိပ်စက်သွားစေနိုင်သည်။ ယခုအချိန်မှာ နယ်စား ဒက်စ်မန်တွင် အခြေခံမူးမတ်တစ်ဦး၏ ခွန်အားမျှသာ ရှိလေသည်။ သို့သော်လည်း သူသည် နယ်စားတစ်ဦးအဖြစ် သူ၏ အစွမ်းအစတချို့ကို ထိန်းထားနိုင်ဆဲဖြစ်ပြီး သေလောက်အောင်မဟုတ်ဘဲ ဒဏ်ရာအပြင်းအထန်သာ ရရှိသွားသည်။

သို့သော် မည်သို့ပင်ဆိုစေ ဒက်စ်မန်သည် ယခုအချိန်တွင် သူ၏ အားအနည်းဆုံး အခြေအနေမှာ ရောက်ရှိနေပြီဖြစ်ပြီး သူ့ကို သတ်ဖြတ်ဖို့ အကောင်းဆုံး အခွင့်အရေးတစ်ရပ် ဖြစ်သည်။ ကျန်းယွဲ့လုကလည်း ဤအချက်ကို သတိထားမိပြီး သူမ၏ စက္ကူဓားကို နောက်တစ်ဖန် ဆင့်ခေါ်လိုက်၏။ ဓားကနေ မရေမတွက်နိုင်သော အပိုင်းအစများက လွင့်ပျံသွားပြီး ဆီးနှင်းများ ကျဆင်းလာသလို လေထဲကနေ စက္ကူကြာပန်းများက လှည့်ပတ်၍ ပြန့်ကျဲကျဆင်းလာ၏။

ပုံသဏ္ဌာန်မဲ့စက္ကူကနေ ခွဲထုတ်လိုက်သော ဤစက္ကူပန်းများမှာ ဓားမြှောင်များကဲ့သို့ ထက်ရှသော ပွင့်ချပ်များ ရှိနေသည်။ သူတို့က လှည့်ပတ်၍ ကျဆင်းလာစဉ် သူတို့၏ လမ်းကြောင်းမှာ ရှိသမျှ အရာရာတိုင်းကို သက်တောင့်သက်သာ လှီးဖြတ်နိုင်သည့် ဓားစကြာများကဲ့သို့ ဖြစ်နေသည်။ ထိုဓားသွားများနှင့် ရင်ဆိုင်ရချိန်မှာ အုတ်ခဲများနှင့် ကျောက်တုံးများပင် တို့ဟူးများကဲ့သို့ လှီးဖြတ်ခံရပေမည်။ ကျန်းယွဲ့လုကို ဝိုင်းပတ်ထားသော သွေးဓားအရိပ်များသည် ဤစက္ကူကြာပန်းများဖြင့် သွေးမြူခိုးများအဖြစ် တစ်စစီ ဆုတ်ဖြဲခံလိုက်ရသည်။

ကျန်းယွဲ့လုက ဒက်စ်မန်ရှိရာသို့ ခုန်ဝင်လိုက်၏။ သူမလက်ထဲရှိ စက္ကူဓားက အရမ်းကို မြန်ဆန်ပြီး အဖြူရောင် အရိပ်တစ်ခုကိုသာ တွေ့မြင်ရသည်။ သူမသည် သေကွင်းသေကွက်များကို ချိန်ရွယ်ပြီး ဒက်စ်မန်၏ ခန္ဓာကိုယ်ကို ထပ်တလဲလဲ ခုတ်ပိုင်းချလိုက်၏။

ဒက်စ်မန်သည် ကျန်းယွဲ့လုနှင့် အနီးကပ်မှာ ဆက်လက်၍ မတိုက်ခိုက်ရဲတော့ပေ။ အရင်တုန်းကဆိုလျှင် သူသည် ကျန်းယွဲ့လုကို တားဆီးဖို့အတွက် ဆင့်ခေါ်စရာများနှင့် အစေခံများကို အသုံးချပေလိမ့်မည်။ သို့သော်လည်း ပါသီယန်လွှတ်တော်၏ လိုက်လံတိုက်ခိုက်မှုမှာ သူ၏ အစေခံများအားလုံးက သေကြေပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သူ့မှာ ထုတ်ဖော်စရာ ဘာမှမကျန်တော့ဘဲ သူ၏ နောက်ကျောမှ တောင်ပံများကိုသာ ဖြန့်ကျက်ပြီး အလွန်တရာ မြန်ဆန်သော အလျင်အဟုန်ဖြင့် ရှောင်တိမ်းလိုက်၏။

သူ့ခန္ဓာကိုယ်၏ ပုံရိပ်များက ထပ်သွားပြီး ကြည့်ရသည်မှာ တစ်ရိပ်ရိပ် တဖျပ်ဖျပ် ဖြစ်နေ၏။

လင်းချွမ်ကျီသည် သူ့ကို ဝိုင်းပတ်ထားသည့် သွေးရိပ်များကို ကိုင်တွယ်ပြီးနောက် သူက ကျန်းယွဲ့လုနှင့် ချက်ချင်းပင် ပူးပေါင်းကာ ဒက်စ်မန်၏ ထွက်လမ်းကို ပိတ်ဆို့တားဆီးရန် ခေါင်းပေါင်းဝါ စစ်သည်တော်ကို ထိန်းချုပ်လိုက်လေသည်။ သို့သော်လည်း ခေါင်းပေါင်းဝါ စစ်သည်တော်သည် ခံစစ်မှာသာ တော်လေသည်။ ၎င်းသည် ဒက်စ်မန်၏ အမြန်နှုန်းကို လုံးဝလိုက်မမီပေ။

ဤအခိုက်အတန့်မှာ သတ္တိကြောင်နေပုံရသော ချီရွှမ်းစုက နောက်ဆုံးမှာ ဝင်ပါလာသည်။ သူက သူ့ဆရာပေးထားသော ဓားတိုနှင့် နတ်နဂါးပစ္စတိုကိုသာ ချန်ထားပြီး ကွပ်မျက်သူ၊ မရီးဒါန်နှင့် ငှက်စိမ်းပစ္စတိုတို့ကို ခန္ဓာကိုယ်ပေါ်ကနေ ဖြုတ်ချလိုက်၏။

ဒက်စ်မန်နှင့် ကျန်းယွဲ့လုနှစ်ဦးစလုံးက ချီရွှမ်းစု၏ တည်ရှိမှုကို သတိထားမိကြသော်လည်း သူ့ကို မည်သူကမှ အရေးလုပ်မနေကြပေ။ ချီရွှမ်းစုသည် စိုးရိမ်ကြောင့်ကြမှု စိုးစဉ်းမျှမရှိဘဲ တည်ငြိမ်နေ၏။ ခါတိုင်းလိုဆို သူသည် ပန်းခင်းထဲက တာအိုဆရာတစ်ဦးလိုဖြစ်သော်လည်း သူက အန္တရာယ်မပေးတတ်ဟု မဆိုလိုပေ။

အစစ်အမှန်လောကမှာ ခက်ခဲကြမ်းတမ်းသော အခြေအနေများနှင့် နှစ်ပေါင်းများစွာ သွားလာလှုပ်ရှားခဲ့ပြီးနောက် ချီရွှမ်းစုက တည်ငြိမ်ရင့်ကျက် လာခဲ့ပြီဖြစ်သည်။ သေရေးရှင်ရေး အခိုက်အတန့်မှာ သူက ဣ​န္ဒြေကို ထိန်းထားနိုင်ဆဲပင်။

ချီရွှမ်းစုက နံရံကိုမှီ၍ ဒဏ်ရာအပြင်းအထန် ရရှိထားသောကြောင့် မလှုပ်ရှားနိုင်သည့် အာသာရှိရာသို့ လျှောက်လှမ်းသွား၏။ ချီရွှမ်းစုက ရေသောက်သည့်ပုံစံ လက်ဟန်အမူအရာ ပြုလုပ်ပြပြီး မေးလိုက်၏။

“ခင်ဗျားမှာ နောက်ထပ် ရှိသေးလား”

ချီရွှမ်းစု ဆိုလိုသည့် အရာကို အာသာက နားလည်သဘောပေါက်သည်။ သူက သူ့အိတ်ထဲကနေ ပုလင်းတစ်လုံးကို ခက်ခက်ခဲခဲ ဆွဲထုတ်ပြီး ပြောလိုက်၏။

“မဟူရာသွေးကတော့ မရှိတော့ဘူး… ဒါက မွန်မြတ်သန့်စင် ရေတော်ပဲ”

ချီရွှမ်းစုက အာသာ၏ လက်ထဲက ပုလင်းကို ယူပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ပုလင်းဆို့ကို ဖွင့်ကာ မွန်မြတ်သန့်စင် ရေတစ်ဝက်ကို သူ၏ ပါးစပ်ထဲသို့ လောင်းထည့်လိုက်၏။ ထိုခဏမှာ သူ၏ လည်ပင်းက ပူပြင်းလောင်မြိုက်လာသည်ဟု ခံစားရလေသည်။ ပူပြင်းတောက်လောင်သော ထိုခံစားချက်သည် ရှောင်ကျိုးအရက်ထက် ဆယ်ဆပိုပြင်းသည်။ ကွာခြားချက်မှာ ရှောင်ကျိုးက ချီရွှမ်းစုကို အရက်နာကျစေသော်လည်း မွန်မြတ်သန့်စင် ရေတော်သည် ချီရွှမ်းစုကို တည်ငြိမ်အေးချမ်းမှု ခံစားရစေ၏။ ၎င်းသည် သူ၏ မကောင်းသော အတွေးအကြံများ အားလုံးကို ဖယ်ရှားရှင်းလင်းပေးလိုက်သည်။

ဤအခိုက်အတန့်မှာ အာသာလိုမျိုး ချီရွှမ်းစုတွင် ခပ်ဖျော့ဖျော့ အရောင်အဝါတစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် ချီရွှမ်းစုက သူ၏ ဓားတိုကို ဆွဲထုတ်လိုက်၏။ ၎င်းသည် လုပ်ကြံသတ်ဖြတ်သူများထံကနေ အစ်မချီပြန်ယူပေးလာခဲ့သည့် သူ့ဆရာ၏ အမွေအနှစ် ဖြစ်သည်။ သူက ဓားတိုကို ကိုယ်နှင့်မကွာ ဆောင်ထားသော်လည်း ၎င်းကို အသုံးပြုခဲသည်။ လီစန်ရှင်း၏ ဓားပျံနှင့် ကျူးကောယုံမင်၏ လက်သီးချက်များနှင့် ရင်ဆိုင်ရချိန်မှာတောင် ချီရွှမ်းစုက ဤဓားတိုကို အသုံးမပြုခဲ့ပေ။

သို့သော်လည်း ယခုအချိန်တွင် သူ့မှာ ရွေးချယ်စရာ မရှိတော့ဘဲ သူ့ဆရာပေးထားသည့် ဓားတိုကို ဆွဲထုတ်လိုက်ရ၏။ အမှတ်တမဲ့ကြည့်လျှင် ဤဓားသည် သာမန်သာ ဖြစ်သည့်ပုံပေါ်သော်လည်း ဓားသွားသည် ဖန်သားကြေးမုံတစ်ချပ်လို ပုံရိပ်များကို ရောင်ပြန်ဟပ်ပေးနေ၏။

ချီရွှမ်းစုသည် ဓားသွားပေါ်က ရောင်ပြန်ဟပ်နေသော သူ့ပုံရိပ်ကိုကြည့်ပြီး ကျန်ရှိနေသော မွန်မြတ်သန့်စင် ရေတစ်ဝက်ကို ဓားသွားပေါ်သို့ လောင်းချလိုက်၏။ ချက်ချင်းပင် ဓားက အဖြူရောင်အလင်းတစ်ခုနှင့် တောက်ပလာလေသည်။

သူက အရင်ဆုံး နှလုံးကို ဆုံးရှုံးထားသည့် ဟင်ဒရစ်ရှိရာသို့ လျှောက်လှမ်းသွားပြီး ခုခံခွင့်မပေးဘဲ အပြစ်သား၏ ဦးခေါင်းကို ခုတ်ပိုင်းချလိုက်၏။ ချီရွှမ်းစုက အသက်မရှင်တာ သေချာစေရန် အပြစ်သား၏ ရင်ဘတ်ကို ထပ်မံ၍ ထိုးစိုက်လိုက်၏။

တစ်ချိန်တည်းမှာပင် သာလွန်မဟူရာသွေးက ဒက်စ်မန်၏ ခန္ဓာကိုယ်ကို ဆက်လက်၍ တိုက်စားနေပြီး သူက နောက်ဆုံးမှာ ရှုံးနိမ့်ရပေတော့မည်။ ကျန်းယွဲ့လုက ဒက်စ်မန်ကို ချောင်ပိတ်ရိုက်ဖို့ အခွင့်အရေးကို ချိန်ဆပြီး သူ၏ ရင်ဘတ်ထံ စက္ကူဓားကို ပစ်သွင်းလိုက်၏။ နောက်ဆုတ်စရာ နေရာမရှိတော့ဘဲ ဒက်စ်မန်က သူ့လက်ထဲက သွေးဓားကို ကိုင်မြှောက်၍ ကျန်းယွဲ့လု၏ ခေါင်းကို ပြန်လည်ပစ်ထိုးလိုက်၏။

ကျန်းယွဲ့လုက ဒက်စ်မန်၏ ရင်ဘတ်ကို ထိုးစိုက်နိုင်မည်ဖြစ်သော်လည်း သူ့ကို သတ်ဖြတ်ဖို့ လုံလောက်လိမ့်မည် မဟုတ်ပေ။ သို့သော် ဒက်စ်မန်က သူ၏ သွေးဓားဖြင့် ကျန်းယွဲ့လုကို ထိုးစိုက်နိုင်မည်ဆိုလျှင် သူမက သေရနိုင်ပေသည်။

သေရေးရှင်ရေး ဤအခိုက်အတန့်မှာ ကျန်းယွဲ့လုက မှင်တက်၍ တိုက်ခိုက်မှုကို ရပ်တန့်လိုက်၏။ သို့သော် ဒက်စ်မန်က ဝမ်းသာအားရ မဖြစ်နိုင်ခင် ကျန်းယွဲ့လု၏ လက်ထဲရှိ စက္ကူဓားသည် အဖြူရောင် စက္ကူလှံတစ်လက်အဖြစ် ပြောင်းလဲသွားသည်ကို သူတွေ့မြင်လိုက်ရ၏။

၎င်းသည် လေထဲမှာ ရုတ်တရက် ကြီးမားလာပြီး သူ၏ ရင်ဘတ်ထဲ အဖြောင့်တိုးဝင်ကာ သူ့ကို နံရံမှာ တန်းလန်းစိုက်သွားစေ၏။ လှံက ရှည်လျားပြီး မာကျောကြမ်းတမ်းနေ၏။

ဒက်စ်မန်သည် တုန်လှုပ်မှုနှင့် အမျက်ဒေါသကို ခံစားနေရပြီး အရှေ့တိုင်းသား ဤအမျိုးသမီးမှာ ဤကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော လက်နက်များ ရှိနေလိမ့်မည်ဟု သူထင်မှတ်မထားပေ။

ကျန်းယွဲ့လုက သူမ၏ လှံကို ဆွဲနှုတ်ပြီး နောက်သို့ ဆုတ်ခွာသွား၏။ ဒက်စ်မန်က တန်ပြန်တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။

သူတို့၏ တိုတောင်းသော တိုက်ခိုက်မှုအတွင်း ခေါင်းပေါင်းဝါ စစ်သည်တော်က နောက်ဆုံးမှာ လိုက်မီလာခဲ့ပြီ ဖြစ်သည်။ ပြောရမည်ဆိုလျှင် ခေါင်းပေါင်းဝါ စစ်သည်တော်သည် ဒက်စ်မန်၏ အလျင်အဟုန်ထက် အနည်းငယ် နိမ့်ကျနေရုံသာ ဖြစ်သည်။ ၎င်းသည် ခွန်လွင်အဆင့် ကိုယ်ခံပညာသိုင်းသမား သို့မဟုတ် ချီသန့်စင်သူများနှင့် အမှန်တကယ် ယှဉ်နိုင်လေသည်။

ခေါင်းပေါင်းဝါ စစ်သည်တော်က သူ၏ သံတင်းပုတ် နှစ်လက်ကို ကိုင်မြှောက်ပြီး ဒက်စ်မန်၏ ဦးခေါင်းကို ပစ်ထုချလိုက်၏။ ဒက်စ်မန်က သွေးအရိပ်တစ်ခုအဖြစ် ပြောင်းလဲလိုသော်လည်း သူ့ခန္ဓာကိုယ်ထဲရှိ သာလွန်မဟူရာသွေးက သူ့ကို အသွင်မပြောင်းလဲနိုင်အောင် တားဆီးထားသည်။ ထိုသို့ဖြင့် သူ၏ သွေးဓားကိုသာ သွေးလုံးတစ်လုံးအဖြစ် စုဖွဲ့ပြီး အစွမ်းကုန်ဖြင့် ရှေ့ကို ပစ်ထုတ်လိုက်ရ၏။

သွေးလုံးက ခေါင်းပေါင်းဝါ စစ်သည်တော်၏ ရင်ဘတ်ကို ထိမှန်ကာ ကျယ်လောင်စွာ ပေါက်ကွဲထွက်ပြီး ခေါင်းပေါင်းဝါ စစ်သည်​တော်က နောက်ပြန်လန်ကျသွား၏။ ခေါင်းပေါင်းဝါစက္ကူလူရုပ်၏ ရင်ဘတ်မှာ သိသာထင်ရှားသော အပေါက်တစ်ပေါက်လည်း ဖြစ်ပေါ်လာလေသည်။

ခေါင်းပေါင်းဝါ စစ်သည်တော် ကျဆုံးသွားခြင်းကို လင်းချွမ်ကျီက ဂရုမစိုက်ပေ။ ဆုတောင်းလျက်သားပုံစံဖြင့် ထောင်ထားသော သူ၏ ဘယ်ဘက်လက်ကို အပေါ်သို့ ဆန့်ထုတ်လိုက်၏။ သူ၏ ညာဘက်လက်ညှိုး၊ လက်ခလယ်နှင့် လက်သန်းကြွယ်တို့ကို ကွေးညွှတ်ပြီး လက်မနှင့် လက်သန်းကို ဆန့်ထုတ်ကာ သူ၏ ဘယ်ဘက်လက်ဖဝါးအရင်းကိုထိ၍ တစ္ဆေယပ်တောင်ချိပ်စည်းကို ဖန်တီးလိုက်လေသည်။ သူ၏ တာအိုဝတ်ရုံက လေမတိုက်ဘဲ တဖျပ်ဖျပ် လွင့်လာပြီးနောက် ရွတ်ဆိုလိုက်၏။

“တုပ်နှောင်လိုက်စမ်း”

မမြင်ရသော ကြိုးနှစ်ချောင်းက ဒက်စ်မန်၏ ခန္ဓာကိုယ်ကို တုပ်နှောင်ပြီး သူ့ကို ချုပ်ထိန်းထားလေသည်။ အဖြူရောင် စက္ကူလှံကို ကိုင်ဆွဲထားသော ကျန်းယွဲ့လုက နောက်တစ်ဖန်တိုက်ခိုက်ပြီး ဒက်စ်မန်၏ ဝမ်းဗိုက်နှင့် အူများကို ပစ်ထိုးလိုက်၏။

“မင်းတို့တွေ အားလုံး သေရမယ်”

ဒဏ်ရာအပြင်းအထန်ရရှိထားသော ဒက်စ်မန်က ကျိန်စာတိုက်နေသော မကောင်းဆိုးဝါးတစ်ကောင်လို စူးစူးဝါးဝါးအော်ဟစ်လိုက်၏။ ထို့နောက် အင်အားကြီးမားသော စွမ်းအင်စီးကြောင်းတစ်ခုက သူ့ထံကနေ ပေါက်ကွဲထွက်ပေါ်လာပြီး မြေအောက်အကျဉ်းတိုက်တစ်ခုလုံးကို တသိမ့်သိမ့်လှုပ်ခါသွားစေ၏။ ကျောက်စရစ်ခဲများနှင့် ဖုန်မှုန့်များက ကျဆင်းလာပြီး ချီရွှမ်းစုက ဖိချခံရလုမတတ်ပင်။

ဒက်စ်မန်သည် လင်းချွမ်ကျီသည် ချုပ်နှောင်မှုကနေ ရုန်းထွက်ပြီး ကျန်းယွဲ့လုနှင့် သူမ၏ လှံကို ဘေးဘက်သို့ ရိုက်ချလိုက်၏။ သို့သော်လည်း သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာနှစ်ခုက သက်သာပျောက်ကင်းမည့် မည်သည့်လက္ခဏာမှ မပြသဘဲ အနက်ရောင်သွေးများက ဆက်လက်၍ စီးကျနေ၏။

စွမ်းအားကြီးမားသော သွေးစွမ်းအင်ပေါက်ကွဲခြင်း၏ အကျိုးဆက်အနေဖြင့် ဒက်စ်မန်သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်သွေးများကို ဆက်လက်၍ ဖိနှိမ်နိုင်ခြင်း သို့မဟုတ် ကျန်းယွဲ့လုထံမှ လေဟာနယ်ကပ်ဘေးခြောက်ပါးကို ခုခံကာကွယ်နိုင်ခြင်း မရှိတော့ချေ။ သူ့မျက်နှာပေါ်ရှိအသားများက အလွှားလိုက်ကွာကျလာပြီး သူ့ဒဏ်ရာများကနေ သွေးများက တလဟောစီးကျလာ၏။ ဒက်စ်မန်သည် ကြောက်ရွံ့တုန်လှုပ်ခြင်း၊ အမျက်ဒေါသထွက်ခြင်းနှင့် မကျေမချမ်းဖြစ်ခြင်းကို တစ်ပြိုင်နက်တည်း ခံစားနေရ၏။ သူသည် ဤကဲ့သို့ ကြီးမားသောအကြောက်တရားကို ဘယ်တုန်းကမှ မခံစားခဲ့ရဖူးသည်ကို ဝန်ခံရပေမည်။

ဒက်စ်မန်သည် ဒဏ်ရာအပြင်းအထန်ရရှိထားပြီး သေရဖို့ အလွန်တရာမြင့်မားသည့် အန္တရာယ်ကို စွန့်စားနေ၏။ သူက ပေါ့ဆမိမည်ဆိုလျှင် ထာဝရအပြီးတိုင် သေဆုံးသွားရပေလိမ့်မည်။ ထိုအခါ အရှေ့တိုင်း ရှေးဟောင်းအင်မော်တယ်များ၏ အကူအညီနှင့်အတူ သူ့ကို ပြန်လည်အသက်သွင်းပေးမည့် မည်သည့်အစေခံမှ ရှိလာတော့မည် မဟုတ်ချေ။

ကျန်းယွဲ့လုက အဖြူရောင်စက္ကူလှံနှင့်အတူ ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်၏။ စောစောက သွေးစွမ်းအင်သည် ဒြင်စင်ငါးမျိုး ချီဒိုင်းကာကို ချေဖျက်လိုက်ပြီး သူမက ဒဏ်ရာအပြင်းအထန်ရရှိသွား၏။ အင်မော်တယ်လမ်းစဉ် ၅ခုကြားမှာ ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ ခန္ဓာကိုယ်မှာသာ အပြစ်သားတစ်ဦးလိုမျိုး ပြန်လည်ကုသနိုင်စွမ်းရှိလေသည်။ ကျန်းယွဲ့လုက ကိုယ်ခံပညာသိုင်းသမားတစ်ဦးမဟုတ်ဘဲ သူမ၏ ဒဏ်ရာများကို ထိုမျှအထိ မြန်မြန်ဆန်ဆန် မကုသနိုင်ပေ။ သူမ၏ ပါးစပ်နှင့် နှာခေါင်းကနေ သွေးများက စီးကျနေဆဲဖြစ်၏။

ထိုသို့ဆိုလျှင်တောင် ကျန်းယွဲ့လုက သူမ၏ ထိခိုက်ဒဏ်ရာများကို ဂရုမစိုက်ချေ။ ထိုအစား သူမသည် စက္ကူလှံကို ပျော့ပျောင်းသော စက္ကူကျာပွတ်တစ်ခုအဖြစ် ပြောင်းလဲလိုက်၏။ သူမ၏ လက်ကောက်ဝတ်လှုပ်ရှားမှုနှင့်အတူ မရေမတွက်နိုင်သော ကျာပွတ်ရိုက်ချက်များက လှောင်ချိုင့်တစ်ခုကို ဖြစ်ပေါ်လာစေပြီး ဒက်စ်မန်ကို ပိတ်လှောင်လိုက်၏။ ကျန်းယွဲ့လုက ချီများစွာကို ထုတ်ဖော်ခြင်းမရှိလျှင်တောင် အင်မော်တယ်တစ်ပိုင်းပစ္စည်းသည် ခြေကုန်လက်ပန်းကျကာ လမ်းဆုံးကို ရောက်နှင့်နေပြီဖြစ်သော ဒက်စ်မန်ကို ကောင်းကောင်းဒုက္ခပေးနိုင်ဆဲဖြစ်သည်။

ဒက်စ်မန်က ခုခံဖို့ အတတ်နိုင်ဆုံးကြိုးစားနေသော်လည်း နူးညံ့ပျော့ပျောင်းပုံရသော စက္ကူကျာပွတ်သည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ နက်ရှိုင်းသော ဟက်တက်ကွဲ ပြတ်ရှရာများကို ပေါ်ထွက်လာစေပြီး အရိုးများပင် ပေါ်ထွက်လာလေသည်။ ဒါ့အပြင် စက္ကူကျာပွတ်မှာ ဒက်စ်မန်ကို ပူပြင်းလောင်မြိုက်သလို ခံစားရစေသည့် ဂမ္ဘီရစွမ်းအင်တချို့ ပါဝင်နေသည်။

သေခြင်းရှင်ခြင်း၏ အရေးကြီးဆုံး အခိုက်အတန့်ကို ရောက်ရှိလာပြီး ဒက်စ်မန်က သူ၏အစွမ်းကုန်ဖြင့် သူ၏ လက်ကို ဆန့်ထုတ်ကာ ကျန်းယွဲ့လုကို လက်ညှိုးထိုးလိုက်၏။ ထို့နောက် ချက်ချင်းပင် ကျန်းယွဲ့လုသည် သူမ၏ သွေးများဆူပွက်၍ ကိုယ်တွင်းမှာ ပူပြင်းလောင်မြိုက်လာသည်ဟု ခံစားလိုက်ရ၏။

သို့သော်လည်း ကျန်းယွဲ့လုက နောက်မဆုတ်ဘဲ သူမ၏ စက္ကူကျာပွတ်နှင့် ဒက်စ်မန်ကို ဆက်လက်၍ ရစ်ပတ်ထားဆဲဖြစ်သည်။

“အား......”

ဒက်စ်မန်က စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

ကျန်းယွဲ့လုက သူမ၏ စက္ကူကျာပွတ်ဖြင့် ဒက်စ်မန်၏ လက်တစ်ဖက်ကို ရစ်ပတ်ပြီး အတင်းအကျပ် ဆောင့်ဆွဲကာ ဖြုတ်လိုက်၏။ ဒက်စ်မန်သည် အားအင်ကုန်ခန်းမှုကို လျစ်လျူရှူပြီး သူ၏ သွေးစွမ်းအင်ကို နောက်တစ်ဖန် အသုံးပြုလိုက်လေသည်။

ထိုသို့ဖြင့် ကျန်းယွဲ့လုသည် သွေးစွမ်းအင်ပေါက်ကွဲလောင်မြိုက်ခြင်းကို အရင်ဆုံး ထိတွေ့ခံစားလိုက်ရ၏။ သူမက နောက်သို့ လန်ကျသွားပြီး နံရံနှင့် ပြင်းထန်စွာပစ်တိုက်ကာ နံရံပေါ်တွင် ပင့်ကူအိမ်လို အက်ကွဲကြောင်းများ ပေါ်ထွက်လာစေ၏။ စက္ကူကျာပွတ်ကလည်း နောက်ဆုံးမှာ ရပ်တန့်သွားလေသည်။

လင်းချွမ်ကျီက ကြေမွပျက်စီးနေသော သူ၏ ရွှေရောင်ဒိုင်းကာသုံးချပ်ကို စတေးပြီး ဤသွေးစွမ်းအင်ကို အနိုင်နိုင် ပိတ်ဆို့တားဆီးလိုက်၏။ သူက နောက်ဆုံးလက်ကျန်အဆောင်ကို ထုတ်ယူပြီး ဒက်စ်မန်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ပစ်ထည့်လိုက်၏။ ထို့နောက် သူ၏ နောက်ဆုံးလက်ကျန်ခွန်အားကို သုံးကာ ပစ်ထုတ်လိုက်သော အဆောင်ကို လက်ညှိုးထိုး၍ အသက်သွင်းပြီး ရွတ်ဆိုလိုက်၏။

“မင်းရဲ့ အိပ်မက်တွေထဲကို ပြန်သွားလိုက်......တော့”

ချက်ချင်းပင် လင်းချွမ်ကျီသည် သူ၏ ခွန်အားများအားလုံး ပျောက်ဆုံးသွားသည်ဟု ခံစားလိုက်ရပြီး ခြေကုန်လက်ပန်းကျကာ မြေပြင်ပေါ်သို့ ပစ်လဲကျသွား၏။ စောစောကတင် သောင်းကျန်းနေသော ဒက်စ်မန်သည် သူ၏ မှတ်ဉာဏ်များထဲမှာ ပိတ်မိသွားပြီး ရုန်းမထွက်နိုင်တော့ဘဲ ရုတ်တရက် ငြိမ်ကျသွား၏။

ဤအခိုက်အတန့်မှာ ဒက်စ်မန်သည် မိစ္ဆာမုဆိုးများလက်ချက်ဖြင့် သေဆုံးသွားသော သူဇနီးနှင့်အတူ သူ၏ ပျော်စရာကောင်းသော မှတ်ဉာဏ်များဆီ ရောက်ရှိသွားလေသည်။ သူတို့သည် မြင့်မားသော ခေါင်ချွန်းများ၊ စိမ်းစိုသော လယ်ကွင်းများ၊ နက်ရှိုင်းသော တောအုပ်များနှင့် ကြည်လင်သော မြစ်ချောင်းများနှင့်အတူ ရှေးကျသော ရဲတိုက်ကြီးတစ်ခုမှာ နေထိုင်ခဲ့ကြလေသည်။

နောက်ခဏ၌ ဒက်စ်မန်၏ မှတ်ဉာဏ်များကို ဓားတိုတစ်လက်က ကြားဝင်ဖြတ်တောက်လိုက်၏။ သူ၏ ရင်ဘတ်ကနေ ပြူထွက်လာသည့် ဓားသွားကို ဒက်စ်မန်က ဖြည်းဖြည်းချင်း ခေါင်းငုံ့ကာ ကြည့်လိုက်၏။ မွန်မြတ်သန့်စင်ရေတော်ဖြင့် ပက်ဖျန်းထားသော ဓားတိုတစ်လက်က သူ၏ နောက်ကျောကနေ ဖောက်ဝင်ကာ သူ၏ နှလုံးကို ထိုးစိုက်ထားလေသည်။

အပ်ကွက်…။

တရုတ်စစ်တုရင်မှာ အခြားသော စစ်တုရင်အရုပ်များအားလုံး ဖယ်ရှားခံရပြီး စစ်တုရင်ခုံပေါ်တွင် ဘုရင်ကြီးများသာ ကျန်ရှိတော့သည့်အချိန် မြစ်ကို ဖြတ်ကူးလာသည့် နယ်ရုပ်သည် ရလဒ်ကို အဆုံးအဖြတ်ပေးမည့် အဓိကသူ ဖြစ်လာလေသည်။

All Chapters