အောင်ပွဲ
Vol. 6 Ch. 58
ပုံမှန်အခြေအနေမှာဆိုလျှင် နယ်စားဒက်စ်မန်က အားနည်းလွန်းနေပြီး အခြေခံမူးမတ်တစ်ဦး၏ ခွန်အားသာ သူ့မှာရှိသည်ဆိုလျှင်ပင် ချီရွှမ်းစုအနေဖြင့် သူ့ကို ထိခိုက်အောင်လုပ်ဖို့က အင်မတန်ခက်ခဲပေလိမ့်မည်။ ချီရွှမ်းစုသည် ဒက်စ်မန်ကို ဓားဖြင့် ထိုးစိုက်နိုင်မည်ဆိုလျှင်ပင် အပြစ်သား၏ ကြောက်စရာကောင်းသော ပြန်လည်ကုသနိုင်စွမ်းကြောင့် သူ့အပေါ် အမှန်တကယ် ပျက်စီးထိခိုက်မှု ဖြစ်စေလိမ့်မည် မဟုတ်ပေ။ ဒက်စ်မန်သည် ချက်ချင်းပင် ထိုဒဏ်ရာကို ပြန်လည်ကုသနိုင်ပေလိမ့်မည်။
သို့သော်လည်း သာလွန်မဟူရာသွေးသည် ဒက်စ်မန်ကို ပျက်စီးထိခိုက်မှုများစွာ ဖြစ်ထားစေသည်။ ပြင်ပထိခိုက်ဒဏ်ရာများ မရှိလျှင်ပင် ဒက်စ်မန်၏ အရေပြားနှင့် အသားများက သူ့ဘာသာသူ ကွာကျနေပြီဖြစ်၏။ သူက ပြန်လည်ကုသနိုင်စွမ်းနှင့် အသွင်ပြောင်းလဲနိုင်စွမ်းကိုလည်း ဆုံးရှုံးထားရပြီဖြစ်သည်။
ဒါ့အပြင် ချီရွှမ်းစုသည် အာသာ၏ မွန်မြတ်သန့်စင်ရေတော်ကို အသုံးပြုထားသည်။ ၎င်းသည် သာလွန်မဟူရာသွေးကို မယှဉ်နိုင်သော်လည်း အပြစ်သားများကို ပစ်မှတ်ထားရန် အထူးတလည်စီမံထားသည့် လက်နက်တစ်ခုလည်း ဖြစ်သည်။
ဤကဲ့သို့သော အခြေအနေများမှာ ချီရွှမ်းစုသည် ဒက်စ်မန်၏ နှလုံးကို အောင်အောင်မြင်မြင် ထိုးဖောက်လှီးဖြတ်နိုင်ခဲ့သည်။ ချီရွှမ်းစုက သူ၏ဓားကို ဆွဲထုတ်လိုက်စဉ် သူ့ချီကို ပို့လွှတ်ထားသည့် ဖီးနစ်မျက်လုံးဗုံးကို ဒက်စ်မန်၏ ရင်ဘတ်ဒဏ်ရာထဲ ထိုးထည့်ခဲ့လေသည်။
နောက်ခဏ၌ ဖီးနစ်မျက်လုံးဗုံးက ပေါက်ကွဲထွက်သွားပြီး ဒက်စ်မန်က ချက်ချင်းပင် လူပုံသဏ္ဌာန် မီးကျည်းခဲတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ အပြစ်သားတစ်ဦး၏ စွမ်းအားအရင်းအမြစ်ဖြစ်သော နှလုံးအပါအဝင် သူ၏ ရင်ဘတ်တစ်ခုလုံးက ဟောင်းလောင်းပေါက် ပွင့်ထွက်သွားသည်။
ချီရွှမ်းစုက သူ့ဓားတိုကို တစ်ချက်ကြည့်လိုက်၏။ ဒက်စ်မန်၏ သွေးနှင့် မွန်မြတ်သန့်စင်ရေတော်က လုံးဝကွဲလွဲဆန့်ကျင်နေ၏။ တရှဲရှဲမြည်သံနှင့်အတူ သူတို့က မီးခိုးများအဖြစ် ပြောင်းလဲပြီး ဓားထံကနေ ထွက်ခွာသွားကြသည်။
တောက်လောင်နေသော မီးများကြားမှာ ဒက်စ်မန်၏ ခန္ဓာကိုယ်က စတင်၍ မှိန်ဖျော့သွား၏။ အရင်ဆုံး ၎င်းသည် မည်းမည်းသဏ္ဌာန် အရာတစ်ခုဖြစ်ပြီး ထို့နောက် ဝေဝါးသော ပုံကြမ်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ နောက်ဆုံးမှာတော့ အရေးအကြောင်း အနည်းငယ်သာ ကျန်ရစ်ခဲ့ပြီးနောက် သူ့ခန္ဓာကိုယ်သည် မီးတောက်များကြားမှာ လုံးလုံးလျားလျား ပြိုကွဲသွားလေသည်။
အက်ကွဲကြောင်းဟနေသော ကျောက်ခင်းကြမ်းပြင်တွင် ကျန်ရစ်ခဲ့သည်မှာ ဒက်စ်မန်ရှိနေခဲ့သည့် အနက်ရောင်လောင်ကျွမ်းရာတစ်ခုသာ ဖြစ်သည်။ ဤနယ်စားသည် ဘာမှမချန်ရစ်ခဲ့ဘဲ သူ့မှာရှိသမျှ အရာရာတိုင်းသည် မီးနှင့်အတူ နိဋ္ဌိတံသွားခဲ့လေပြီ။
ဤတစ်ခေါက်မှာ မတ်တတ်ရပ်နေသည့်သူက ချီရွှမ်းစုတစ်ဦးတည်းသာ ဖြစ်သည်။
လင်းချွမ်ကျီက ခြေနှစ်ဖက်စင်းပြီး မြေပြင်ပေါ်မှာ ထိုင်နေသည်။ ချီရွှမ်းစုက ဒက်စ်မန်ကို သတ်ဖြတ်လိုက်သည့် ဖြစ်စဉ်တစ်လျှောက်လုံးကို သူက စောင့်ကြည့်နေပြီး စိတ်သက်သာရာ သက်ပြင်းချလိုက်၏။
“အမှုဆောင်ချီ... မင်းက သတိကြီးသလို တကယ်ရဲတဲ့သူပဲ… လက်ထောက်ခန်းမသခင်က တကယ်ကို လူကဲခတ်တော်တာပဲ… မင်းတို့လူငယ်နှစ်ဦးက တကယ့်ကို အလားအလာကောင်းကြတယ်”
“ကြီးကြပ်ရေးမှူးလင်းချွမ်... ခင်ဗျားက မြှောက်လွန်းနေပါပြီ”
ချီရွှမ်းစုက သူ၏ ဓားတိုကို သိမ်း၍ သူ့စီနီယာထံ လျှောက်လှမ်းသွား၏။
“အခု… ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ”
လင်းချွမ်ကျီက ပြောလိုက်၏။
“မင်း ငါ့ကို စိုးရိမ်မနေနဲ့... ငါက ခြေကုန်လက်ပမ်းကျသွားရုံပဲ… ချီဖြည့်တင်းဆေးလုံးကို သောက်ပြီးရင် ငါပြန်ကောင်းသွားမှာ… လက်ထောက်ခန်းမသခင်ရဲ့ အခြေအနေက ပိုပြီးတော့ စိုးရိမ်ရတယ်… သူ့ရဲ့ မှော်သိုလှောင်ပစ္စည်းထဲမှာ ကုသဖို့အတွက်သုံးတဲ့ ခရမ်းရောင်ယန်ဆေးလုံး ရှိလောက်တယ်… မင်း အဲဒီကိုသွားပြီး သူ့ကို တိုက်ကျွေးဖို့အတွက် ဆေးလုံးကို ထုတ်ယူလိုက်… သူ့ရဲ့ မှော်သိုလှောင်ပစ္စည်းက သူ့လက်ကောက်ဝတ်က ပုတီးလက်ကောက်ပဲ… အထဲကို ချီတချို့ ထည့်သွင်းလိုက်ရင် ခွင့်ပြုချက်ရသွားလိမ့်မယ်”
ချီရွှမ်းစုက ခဏမျှ တုံ့ဆိုင်းပြီးနောက် ကျန်းယွဲ့လု၏ ဘေးကို ရောက်ရှိလာ၏။ ကျန်းယွဲ့လုသည် ဒက်စ်မန်၏ အသက်အန္တရာယ်ရှိသော တိုက်ခိုက်မှုကို ခုခံပြီးနောက် သူမ၏ နောက်ကျောက ကျောက်နံရံနှင့်ပစ်တိုက်ကာ အက်ကွဲကြောင်းများစွာနှင့်အတူ ချိုင့်ရာတစ်ခု ကျန်ရစ်ခဲ့၏။ သူမက သတိလစ်နေပြီဖြစ်သည်။
သူက စေ့စေ့စပ်စပ် အကဲခတ်ကြည့်လိုက်၏။ သူမက မေ့မြောနေလျှင်ပင် မျက်မှောင်အနည်းငယ် ကြုတ်ထားဆဲဖြစ်ပြီး မျက်နှာက တင်းမာနေ၏။ သူမသည် မူလသွင်ပြင်သို့ ပြန်လည်ပြောင်းလဲသွားပြီဖြစ်သော ပုံသဏ္ဌာန်မဲ့စက္ကူကို ဆုပ်ကိုင်ထားလေသည်။ ကျန်းယွဲ့လု၏ ဒဏ်ရာများက အသက်အန္တရာယ်မရှိသော်လည်း အတော်လေး ပြင်းထန်ဆဲဖြစ်သည်ကို ချီရွှမ်းစုက ကောက်ချက်ချမိ၏။
ချီရွှမ်းစုက ကျန်းယွဲ့လု၏ လက်ကောက်ဝတ်ပေါ်က ပုတီးစေ့ကို လှမ်းစမ်းလိုက်၏။ ထို့နောက် သူက ချီတချို့ကို ဖြည်းဖြည်းချင်း ထည့်သွင်းလိုက်၏။ အသက်ရှူချိန် အနည်းငယ်ကြာပြီးနောက် သူ့ရှေ့မှာ ဝင်ပေါက်တစ်ခုက ဖြည်းဖြည်းချင်း ပေါ်ထွက်လာလေသည်။
တံခါး၏ နောက်ဘက်မှာ ဗီရိုတစ်လုံးအရွယ် နေရာလွတ်ရှိပြီး အထဲမှာ လက်နက်များ၊ စာအုပ်များ၊ မြေပုံများ၊ အဝေးကြည့်မှန်ပြောင်းများ၊ ဆေးလုံးများ၊ အဝတ်အစားများနှင့် တခြားအရာများကို သူ့အကန့်နှင့်သူ သေသေသပ်သပ် ထည့်ထားသည်။ သူ အံ့အားသင့်သွားရသည်မှာ အထဲတွင် အလယ်အလတ် အရွယ်အစား အလှပြင်သေတ္တာတစ်လုံးလည်း ရှိနေ၏။ ကျန်းယွဲ့လုသည် လက်ဝတ်ရတနာတချို့၊ မျက်နှာချေနှင့် အခြားသော ကိုယ်ရေးကိုယ်တာပစ္စည်းများကို ထိုထဲတွင် ထည့်သွင်းသိမ်းဆည်းထားလိမ့်မည်ဟု သူခန့်မှန်းမိသည်။
ချီရွှမ်းစုက တခြားမသိအရာကိုမှ မထိပေ။ သူက အထဲမှာ ခပ်ဝိုင်းဝိုင်းဆေးလုံးများ ထည့်ထားသည့် ကျောက်စိမ်းပုလင်းအကြည်တစ်လုံးကိုသာ ဆွဲထုတ်ယူလိုက်၏။ အပြင်ကနေ ကြည့်မည်ဆိုလျှင် ချီရွှမ်းစုသည် ဤကျောက်စိမ်းပုလင်းကို လေထဲကနေ ဆွဲထုတ်လိုက်ခြင်းဖြစ်သည်။ သူက ခရမ်းနုရောင်ရှိသော ဆေးလုံးတစ်လုံးကို သွန်ချပြီး တင်းတင်းစေ့ထားသော ကျန်းယွဲ့လု၏ နှုတ်ခမ်းကို ငေးကြည့်ကာ အနည်းငယ် အကျပ်ရိုက်နေသည်။
သူက လင်းချွမ်ကျီကို အလိုလို လှည့်ကြည့်လိုက်ချိန်မှာ ထိုဂမ္ဘီရဝိဇ္ဇာသည် ချီဖြည့်တင်းဆေးလုံးကို သောက်သုံးထားပြီဖြစ်ပြီး လက်မနှင့် လက်ညှိုးထိထားသည့် သူ၏ လက်နှစ်ဖက်ကို ဒူးနှစ်ဖက်ပေါ်တင်ကာ တင်ပျဥ်ခွေထိုင်နေ၏။ သူက မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး တရားထိုင်နေလေသည်။
ချီရွှမ်းစုက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။ သူက ခပ်တိုးတိုး တောင်းပန်စကားဆိုပြီး ကျန်းယွဲ့လု၏ ပါးစပ်ကို ပွင့်လာစေရန် ပါးနှစ်ဖက်ကို ခပ်တင်းတင်းညှစ်ကာ ဆေးလုံးကို ထိုးထည့်လိုက်၏။
ကံကောင်းစွာဖြင့် ခရမ်းရောင်ယန်ဆေးလုံးသည် ဝါးစရာမလိုဘဲ ပါးစပ်ထဲမှာ အရည်ပျော်သွား၏။ ဆေးအာနိသင်က မရီးဒါန်များတစ်လျှောက် စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး ကျန်းယွဲ့လု၏ ခန္ဓာကိုယ်က ခပ်ပျော့ပျော့ ခရမ်းရောင်အော်ရာနှင့် တောက်ပလာ၏။ သို့သော်လည်း ကျန်းယွဲ့လုက နိုးထလာမည့်လက္ခဏာ မပြသေးပေ။
ထိုအချိန်မှာ လင်းချွမ်ကျီက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာ၏။ ချီရွှမ်းစုက ပြောလိုက်၏။
“ကြီးကြပ်ရေးမှူးလင်းချွမ်... လက်ထောက်ခန်းမသခင်က မနိုးသေးဘူး”
လင်းချွမ်ကျီက အာသာရှိရာသို့ တန်းသွားပြီး ဆေးလုံးတချို့ကို တိုက်ကျွေးကာ ပြောလိုက်၏။
“အမှုဆောင်ချီ... ဒါဆိုလည်း မင်းပဲ သူ့ကို သယ်ထုတ်လာခဲ့ပါဦး”
ချီရွှမ်းစုက ထိတ်လန့်သွား၏။
ယခုအချိန်မှာ လင်းချွမ်ကျီနှင့် အာသာက တစ်ယောက်ကိုတစ်ယောက် ဖေးမကာ လျှောက်လှမ်းထွက်သွားကြပြီဖြစ်သည်။ အာသာသည် စောစောက ချီရွှမ်းစု ဖြုတ်ချထားခဲ့သည့် သူ၏ ဓားများနှင့် ငှက်စိမ်းပစ္စတိုကိုပင် ကူညီကာ သယ်ယူပေးသွားသည်။
ချီရွှမ်းစုက စိတ်ထဲကနေ ကျိန်ဆဲလိုက်သော်လည်း ရွေးချယ်စရာမရှိဘဲ ကျန်းယွဲ့လုကို သယ်ပိုးရပေတော့မည်။ သူက သူမကို ကျောပိုးမည်ဟု တွေးလိုက်သော်လည်း သူမ၏ နူးညံ့သောရင်သားက သူ၏ နောက်ကျောသို့ ဖိကပ်နေမည်ကို တွေးမိပြီး အိုးတိုးအမ်းတမ်း ဖြစ်သွား၏။ နောက်ဆုံးမှာတော့ သူက သူမကို ရင်ဘတ်ရှေ့မှာထားပြီး ပွေ့ချီဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
သူတို့က အဝိုင်းခန်းမသို့ ရောက်ရှိလာသောအခါ ကျန်းယွဲ့လုက ဖြည်းဖြည်းချင်း နိုးထလာပြီး သူမအား ချီရွှမ်းစုက ပွေ့ချီထားသည်ကို တွေ့မြင်လိုက်ရ၏။ သူမက ရှက်ကိုးရှက်ကန်း ဖြစ်မနေဘဲ မေးလိုက်၏။
“ဒက်စ်မန် ဘယ်ရောက်သွားပြီလဲ”
ချီရွှမ်းစုက ဟန်ဆောင်ပြီး နှိမ့်ချနေခြင်းမရှိဘဲ နောက်ဆုံးမှာ သူက ဒက်စ်မန်ကို မည်သို့မည်ပုံ သတ်ဖြတ်ခဲ့ပုံကို အကြမ်းဖျင်း ပြန်ပြောပြလိုက်သည်။
ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်၏။
“ထျန်းယွမ်… နင် ငါ့ကို စိတ်မပျက်စေခဲ့ဘူး… နင့်ပေါ်မှာ ငါ အကဲဖြတ်မမှားခဲ့ဘူး”
ချီရွမ်းစုက ပြောလိုက်၏။
“ထွက်မလာခင် ကျုပ် တစ်ချက်ကြည့်ခဲ့သေးတယ်… အဲဒီမြေအောက်အကျဥ်းတိုက်ထဲမှာ ဘာမှမတွေ့ဘူး… အဲဒီအပြစ်သားတွေက တော်တော်ဆင်းရဲမွဲတေတာပဲ… သူတို့ ခိုးယူထားတဲ့အသပြာတွေကို လူတွေဝယ်ဖို့ သုံးလိုက်ပြီထင်တယ်။
သူက ထိုသို့ပြောဆိုသည်မှာ ဝူကောရှန်လီတွင် ကျေးကျွန်များကို ဝယ်ယူမှု ရှိထားသောကြောင့်ဖြစ်သည်။ ထိုကျေးကျွန်များသည် အပြစ်သားများ၏ စားစရာဖြစ်သွားခဲ့ပေလိမ့်မည်။
ကျန်းယွဲ့လုက ခေါင်းညိတ်၍ ညင်သာစွာပြောလိုက်၏။
“ငါ့ကို ချပေးဦး”
ချီရွှမ်းစုက ရပ်တန့်ပြီး သူမကို ချပေးလိုက်၏။ သို့သော်လည်း ကျန်းယွဲ့လုက ကောင်းကောင်းမရပ်နိုင်ဘဲ ချီရွှမ်းစုက သူမကိုဖေးမရန် လှမ်းဆွဲလိုက်ရ၏။ သူမက ချီရွှမ်းစုကိုမှီပြီး မျက်မှောင်အနည်းငယ်ကြုတ်ထားသည်။
ချီရွှမ်းစုက လှုပ်ရှားရဲခြင်းမရှိဘဲ သူ၏ ခန္ဓာကိုယ်က တောင့်တင်းနေသည်။
ကျန်းယွဲ့လုက သူမ၏ မျက်လုံးနှစ်ဖက်ကို တစ်ဖန်မှိတ်ပြီး ပြောလိုက်၏။
“ငါ အရမ်းအားနည်းနေတယ်လို့ ခံစားရတယ်”
ချီရွှမ်းစုက ခဏမျှနှုတ်ဆိတ်နေပြီးနောက် မေးလိုက်၏။
“ကျုပ် ခင်ဗျားကို ပြန်ပွေ့ချီပေးရမလား”
တကယ်ဆို ချီရွှမ်းစုသည် အမျိုးသမီးများရှေ့မှာ နေရခက်တတ်သောလူမျိုးမဟုတ်ပေ။ ကျန်းယွဲ့လုက သူ့အထက်လူကြီးဖြစ်နေသောကြောင့်သာ သူက အိုးတိုးအမ်းတမ်းခံစားနေရခြင်းသာ ဖြစ်သည်။
“အင်း”
ကျန်းယွဲ့လုက မသဲမကွဲအသံထွက်လိုက်၏။
ချီရွှမ်းစုက သူမကို တစ်ဖန်ပွေ့ချီပြီး ရှေ့တည့်တည့်ကို ကြည့်နေ၏။
ကျန်းယွဲ့လုက သူမ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်ခြင်း သို့မဟုတ် စကားပြောခြင်းမရှိပေ။ သူမက ရင်ဘတ်ရှေ့မှာလက်ပိုက်ပြီး သူမ၏ အသက်ရှူသံကိုသာ ထိန်းညှိနေ၏။ တဖြည်းဖြည်းနှင့် သူမ၏ အသံရှူသံက တည်ငြိမ်သွားပြီး နောက်တစ်ဖန် အိပ်မောကျသွား၏။
ချီရွှမ်းစုက ကူကယ်ရာမဲ့စွာ သက်ပြင်းချ၍ မတွေ့မြင်ရတော့ပြီဖြစ်သော လင်းချွမ်ကျီနှင့်အာသာနောက်ကို အမှီလိုက်ရန် ခပ်သုတ်သုတ်လျှောက်လှမ်းလိုက်၏။ သူက မြေပြင်အထက်ပိုင်း ရဲတိုက်သို့ ရောက်ရှိလာသည့်အချိန်မှာ လင်းချွမ်ကျီနှင့် အာသာက သူ့ကို စောင့်နေကြပြီဖြစ်သည်။ ချီရွှမ်းစုက ကျန်းယွဲ့လုကို ပွေ့ချီလာသည်ကိုကြည့်ပြီး အာသာက ယောက်ျားများသာ နားလည်သဘောပေါက်သောပုံစံဖြင့် လှောင်ပြုံးပြုံးပြလိုက်၏။
ချီရွှမ်းစုက ညင်သာစွာချောင်းဟန့်ပြီး မေးလိုက်၏။
“ကြီးကြပ်ရေးမှူးလင်းချွမ်… ဘာဆက်လုပ်ကြမလဲ”
လင်းချွမ်ကျီက တည်ငြိမ်ရင့်ကျက်၍ ဣန္ဒြေရနေပြီး ကျန်းယွဲ့လုအား ချီရွှမ်းစုက ပွေ့ခေါ်လာသည်ကို ကန့်ကွက်ပြောဆိုခြင်းမရှိပေ။ သူက ပြောလိုက်၏။
“ဘယ်မိစ္ဆမှ ထွက်မသွားနိုင်အောင်လို့ ဒီနေရာကို ပိုက်စိပ်တိုက်ရှာဖို့ ငါတို့လူတွေကို စေခိုင်းထားတယ်… အထူးသဖြင့် ဒါက ရှေးဟောင်းအင်မော်တယ်တွေနဲ့ ပတ်သက်နေတယ်ဆိုမှတော့ ငါတို့ ပေါ့ပေါ့ဆဆလုပ်လို့မရဘူး… အမှုဆောင်ချီ.. မင်းက လက်ထောက်ခန်းမသခင်ကို အရင်ဆုံး ဝူကောရှန်လီကို ပြန်ခေါ်သွားလိုက်… ဒီမှာရှိတဲ့ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပြီးရင် ငါမင်းကိုလာတွေ့မယ်”
ချီရွှမ်းစုက ခေါင်းညိတ်ကာပြောလိုက်၏။
“ကောင်းပါပြီ လူကြီးမင်း”
. . . . .
ကျန်းယွဲ့လုသည် တိမ်စိုင်များကြားမှာ လွင့်မျောနေသည်ဟု ခံစားနေရ၏။ အဲဒါက ဖော်မပြတတ်စွာဖြင့် သက်တောင့်သက်သာမရှိပေ။ သူမက မျက်လုံးနှစ်ဖက်ကို ခက်ခက်ခဲခဲနှင့် ဖွင့်လိုက်ပြီးနောက် သူမက ကုတင်တစ်လုံးပေါ်တွင် လှဲလျောင်းနေသည်ကို သိရှိလိုက်ရ၏။ သူမ၏ မျက်ဝန်းထောင့်ကနေ ကုတင်ဘေး ခွေးခြေတစ်လုံးပေါ်မှာ ကျောပေးထိုင်နေသည့် ချီရွှမ်းစုကို ခပ်ဝါးဝါးတွေ့မြင်လိုက်ရ၏။
သူမက ညင်သာစွာမေးလိုက်၏။
“ငါအခု ဘယ်ရောက်နေတာလဲ”
ချီရွှမ်းစုက လှည့်ကြည့်ပြီးပြောလိုက်၏။
“ခင်ဗျား နိုးလာပြီပေါ့... ဒါက ဝူကောရှန်လီက မြို့တော်အရှင်ရဲ့စံအိမ်ပဲ”
ကျန်းယွဲ့လုက ခဏကြာအသက်အောင့်ထားခဲ့သလို ခပ်ထိုင်းထိုင်းလေများကို မှုတ်ထုတ်လိုက်၏။ သူမ၏ ရင်ဘတ်ပေါ်ကနေ ကျောက်တုံးတစ်တုံးကို ဖယ်ပေးလိုက်သလို ပေါ့ပါးသွားပြီး ငုတ်တုတ်ထထိုင်ကာ မေးလိုက်၏။
“ငါ အိပ်ပျော်သွားတာ ဘယ်လောက်ကြာသွားပြီလဲ”
ချီရွှမ်းစုက သူ၏ အိပ်ဆောင်နာရီကို ထုတ်ယူပြီး တစ်ချက်ကြည့်လိုက်၏။
“စီမုခံတပ်ကနေ ကျုပ်တို့ထွက်လာခဲ့တာ လေးနာရီလောက်ရှိသွားပြီ”
ကျန်းယွဲ့လုက ခဏမျှနှုတ်ဆိတ်သွားပြီးနောက် အနည်းငယ်ရှက်ရွံ့စွာဖြင့် မေးလိုက်၏။
“နင်ငါ့ကို ပြန်သယ်လာခဲ့တာလား”
ချီရွှမ်းစုက ညင်သာစွာချောင်းဟန့်ပြီး ပြောလိုက်၏။
“ဟုတ်တယ်... ဘာလို့လဲဆိုတော့ ကျုပ်တို့နဲ့အတူ မူကျင်းပါမလာလို့ပဲ”
ကျန်းယွဲ့လုက ပြောလိုက်၏။
“တော်သေးတာပေါ့... သူပါမလာလို့.. နင့်နေရာမှာ သူ့ကိုသာ ခေါ်လာမယ်ဆိုရင် ငါတို့တွေအားလုံးသွားပြီ... ထျန်းယွမ်.. ငါနင့်အပေါ်မှာ တကယ်ပဲ အကဲဖြတ်မမှားခဲ့ဘူး... နင် ဒီတစ်ခေါက် အလုပ်ကောင်းကောင်းလုပ်ထားတဲ့အတွက် ဘာမှနှိမ့်ချနေစရာမလိုဘူး... ငါနင့်ကို မြှောက်ပြောနေတာမဟုတ်ဘူး”
ချီရွှမ်းစုက ရိုးရှင်းစွာ ပြန်ပြောလိုက်၏။
“ဒါဆိုရင်… ကျုပ်ကို အဆင့်-၆အထိ တိုးမြှင့်ပေးနိုင်မှာလား”
ကျန်းယွဲ့လုက ခဏမျှ တုံ့ဆိုင်းပြီးနောက် ပြောလိုက်၏။
“ငါ နင့်ကိုယ်စား ပြောပေးနိုင်တယ်…. ဒါပေမဲ့ ခွင့်ပြု၊ မပြုကတော့ ကျိဝေခန်းမပေါ် မူတည်လိမ့်မယ်”
ချီရွှမ်းစုက မဝံ့မရဲဖြင့် မေးလိုက်၏။
“ဒါဆိုရင်… ကျုပ် အဆက်အသွယ်တစ်ဦးကို ရှာလိုက်ရမလား”
“ဘာအဆက်အသွယ်လဲ”
ကျန်းယွဲ့လုက ခဏမျှ ကြောင်အမှင်တက်နေ၏။ သူမ သတိပြန်ကပ်လာသည့်အချိန်မှာ ချီရွှမ်းစုကို ခပ်စိမ်းစိမ်းစိုက်ကြည့်ပြီး ပြောလိုက်၏။
“ဒီလိုမျိုး အပြုအမူတွေကို ငါ ရွံရှာစက်ဆုပ်တယ်လို့ နင့်ကို အရင်က ပြောခဲ့ပြီးပြီပဲ”
သူမ ဒေါသထွက်နေပုံကို ချီရွှမ်းစု တွေ့မြင်သောအခါ သူက အလျင်အမြန် ရှင်းပြလိုက်၏။
“ကျုပ်လည်း အဲဒါကို သဘောမကျပါဘူး… ကိုယ် ခက်ခက်ခဲခဲနဲ့ ရှာထားတဲ့ အသပြာကို ဘယ်သူက သူများကို ပေးချင်ပါ့မလဲ… ဒါပေမဲ့ ဒါက အလေ့အထတစ်ခု ဖြစ်သွားပြီ… ကျုပ်လိုမျိုး နိမ့်ကျတဲ့ တာအိုဆရာတစ်ဦးက အဲဒါနဲ့ ဘယ်ကင်းနိုင်ပါ့မလဲ”
ကျန်းယွဲ့လုက နှာတစ်ချက်မှုတ်ကာ ပြောလိုက်၏။
“ဘာပဲဖြစ်ဖြစ် ငါ မရဘူးလို့ပြောရင် မရဘူးပေါ့… အဲဒါကို ငါ့ရှေ့မှာ ထပ်ပြောရဲ ပြောကြည့်”
ချီရွှမ်းစုက မတတ်သာဘဲ နာခံကာ ပြောလိုက်၏။
“ကောင်းပါပြီ လက်ထောက်ခန်းမသခင်... ကျုပ် ခင်ဗျားရဲ့ အမိန့်ကို နာခံပါ့မယ်”
ကျန်းယွဲ့လုက သူ့ကို ဒေါသထွက်နေဆဲဖြစ်ပြီး သူမ၏ အမူအရာက တင်းမာနေ၏။
“သီးသန့်အချိန်မှာ ငါ့ကို လက်ထောက်ခန်းမသခင်လို့ မခေါ်နဲ့လို့ နင့်ကို ပြောထားတယ်လေ… ဒီအခန်းထဲမှာ ငါတို့တွေပဲ ရှိတာ မဟုတ်ဘူးလား”
ချီရွှမ်းစုက သူ့ဘာသာသူ တွေးလိုက်၏။
'မိန်းမတွေက တကယ် မလွယ်ဘူးပဲ’
သို့သော်လည်း သူက အသံထွက်၍ ပြောဆိုရဲခြင်းမရှိဘဲ “ကောင်းပါပြီ... ကျုပ်ရဲ့ သခင်မလေး” ဟုသာ ပြောလိုက်လေသည်။
ထိုသို့ သူပြောလိုက်သည်နှင့် သူ၏ ခေါ်ဝေါ်ပုံက အနည်းငယ် ရင်းနှီးလွန်းနေသည်ဟု ချီရွှမ်းစု ခံစားမိလိုက်၏။ ကျန်းယွဲ့လုကလည်း ဤအချက်ကို သတိထားမိသွား၏။ ပထမဆုံးအကြိမ်အဖြစ် သူမ၏ မျက်နှာပေါ်တွင် အနည်းငယ် ရှက်ရွံ့သည့် အမူအရာ ပေါ်ထွက်လာသော်လည်း တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိချေ။
သူမ၏ ရာထူးက ဘယ်လောက်ပင် မြင့်မားသည်ဖြစ်စေ အချစ်ရေးမှာ အတွေ့အကြုံ နုနယ်နေဆဲဖြစ်ပြီး လုံးဝ မထုံတက်သေး ဖြစ်နေခြင်းတော့ မဟုတ်ပေ။
ချီရွှမ်းစုက စကားလမ်းကြောင်း ပြောင်းလိုက်၏။
“ခင်ဗျားရဲ့ဒဏ်ရာ ဘယ်လိုနေလဲ”
ကျန်းယွဲ့လုကလည်း သူတို့နှစ်ယောက်ကြား အနေရခက်သော ဤအခြေအနေကနေ ရုန်းထွက်လိုပြီး ပြောလိုက်၏။
“ပြင်းပြင်းထန်ထန်တော့ ဘာမှ မရှိပါဘူး… ရက်အနည်းငယ်လောက် အနားယူလိုက်ရင် ကောင်းသွားမှာပါ”
ချီရွှမ်းစုက ခေါင်းညိတ်ပြလိုက်၏။
“ကောင်းတာပေါ့... ခင်ဗျားက ကျုပ်တို့အဖွဲ့ရဲ့ ကျောရိုးပဲ… လူတိုင်းက ခင်ဗျားကို တတ်နိုင်သမျှမြန်မြန် ပြန်ကောင်းလာစေချင်တာ”
ကျန်းယွဲ့လုက မသဲမကွဲဖြင့် "အင်း" ဟု အသံတစ်ချက် ထွက်လိုက်သည်။
ထိုအချိန်မှာ လင်းချွမ်ကျီက တံခါးဝကို ရောက်ရှိလာပြီး ချီရွှမ်းစုက စကားလမ်းကြောင်းပြောင်းပြီးနောက် သူတို့နှစ်ယောက်၏ အပြန်အလှန်ပြောဆိုစကားမှာ နောက်ဆုံးအပိုင်းကို ကြားမိသွားလေသည်။ သူတို့၏ ဆက်ဆံရေးနှင့် ပတ်သက်၍ သူ၏ ထင်မြင်ချက်က မှားယွင်းနေသလားဟု လင်းချွမ်ကျီက စဉ်းစားတွေးတောနေမိသည်။