သောက်စားကြခြင်း
Vol. 6 Ch. 59
လင်းချွမ်ကျီ တံခါးခေါက်သည့်အချိန်မှာ ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက တစ်ယောက်ကိုတစ်ယောက် အလိုလိုကြည့်ပြီး ဘာကြောင့်ရယ်မသိ အနည်းငယ် မလုံမလဲ ခံစားနေရသည်။
ကံကောင်းစွာဖြင့် ကျန်းယွဲ့လု၏ အဝတ်အစားများက သေသေသပ်သပ် ရှိနေပြီး သူတို့နှစ်ယောက်ကြားမှာ မှားယွင်းနေတာ ဘာမှမရှိချေ။ သူမက ဆံပင်ကို အနည်းငယ် သေသပ်အောင် ပြင်ဆင်ပြီးနောက် အသံပေးလိုက်၏။
“ဝင်လာခဲ့လေ”
လင်းချွမ်ကျီက တံခါးကို တွန်းဖွင့်ပြီး မေးလိုက်၏။
“လက်ထောက်ခန်းမသခင်... ခင်ဗျား ဘယ်လိုနေလဲ… မြို့တော်အရှင်က ခင်ဗျားကို ပြုစုပေးဖို့ အစေခံမိန်းကလေးနှစ်ဦး စေလွှတ်ပေးမယ်ပြောတယ်… ဒါပေမဲ့ လက်ထောက်ခန်းမသခင်အဖြစ် ခင်ဗျားရဲ့ သရုပ်သကန်ကို ထည့်တွက်ပြီး ခင်ဗျားနားမှာ ကျုပ်တို့လူတွေပဲ ထားတာ ပိုကောင်းလိမ့်မယ်လို့ ကျုပ် ဆုံးဖြတ်ခဲ့တယ်… အဲဒါကြောင့် အမှုဆောင်ချီကို ဒီမှာ နေခိုင်းထားတာ”
“ကြီးကြပ်ရေးမှူးလင်းချွမ်... ရှင် အလုပ်ကို ကောင်းကောင်းလုပ်ထားတာပဲ”
ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်၏။
“ခရီးသွားတဲ့အခါမှာ ကျွန်မတို့က တခြားသူတွေကို သတိထားရမယ်… ဒါနဲ့ စီမုခံတပ်က ဘယ်လိုအခြေအနေရှိလဲ”
လင်းချွမ်ကျီက ဤအကြောင်းကို အစီရင်ခံတင်ပြဖို့ ရောက်ရှိလာခြင်းဖြစ်သည်။ သူ၏ အမူအရာက တည်ကြည်လေးနက်သွားပြီး ပြောလိုက်၏။
“အမှုဆောင်ချီနဲ့ ခင်ဗျား ထွက်ခွာသွားပြီးတဲ့နောက် ကျုပ်က ခံတပ်တစ်ခုလုံးကို ပိုက်စိပ်တိုက်ရှာဖို့ အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့တယ်… အဲဒီမှာ ရှေးဟောင်းအင်မော်တယ်တွေနဲ့ ပတ်သက်ဆက်စပ်နေတဲ့ အရာတချို့ကို ရှာတွေ့ခဲ့တယ်… ကျုပ်က ကျောက်စာတွေနဲ့ နံရံဆေးရေးပန်းချီတွေကို ကိုယ်တိုင်မိတ္တူကူးပြီး အဲဒါတွေကို ဖျက်ဆီးပစ်လိုက်တယ်… ရှေးဟောင်းအင်မော်တယ်တွေရဲ့ ဖျားယောင်းမှုကို ခံနိုင်ရည်မရှိတဲ့သူတချို့က အဲဒီပစ္စည်းတွေကို တိတ်တဆိတ် ကွယ်ဝှက်ထားမှာစိုးလို့ ကျုပ် တခြားဘယ်သူ့ကိုမှ ခေါ်မသွားခဲ့ဘူး”
ကျန်းယွဲ့လုက လက်ထောက်ခန်းမသခင်အဖြစ် သူမ၏ ဟန်ပန်အမူအရာကို ချက်ချင်းပင် ဖမ်းယူပြီး မေးလိုက်၏။
“အဲဒီ မိတ္တူတွေက ဘယ်မှာလဲ”
လင်းချွမ်ကျီက ရေးဆွဲထားသည့် မူကြမ်းတစ်ထပ်ကြီးကို ကျန်းယွဲ့လုထံ ကမ်းပေးလိုက်၏။
ထိုမူကြမ်းများက အန္တရာယ်ရှိသည့်အလား ချီရွှမ်းစုကို ခပ်ခွာခွာနေရန် ကျန်းယွဲ့လုက အချက်ပြလိုက်၏။ သူမက ထိုစာရွက်များကို လှန်ကြည့်ရင်း ရှင်းပြလိုက်သည်။
“အရင်တုန်းက ရှေးဟောင်းအင်မော်တယ်တွေရဲ့ သွေးဆောင်ဖျားယောင်းမှုကို ခံနိုင်ရည်မရှိဘဲ တာဝန်ထမ်းဆောင်စဉ်အတွင်း ရှေးဟောင်းအင်မော်တယ်တွေနဲ့ ပတ်သက်ဆက်စပ်နေတဲ့ ပစ္စည်းတွေကို တိတ်တဆိတ် သိမ်းယူထားတဲ့ တာအိုဆရာတွေ ရှိခဲ့တယ်… အဲဒါကြောင့်ပဲ အဆင့်-၄ရဲ့ အောက်မှာရှိတဲ့ တာအိုဆရာတွေက ဒီလိုမျိုး အကြောင်းအရာတွေနဲ့ ထိတွေ့ခွင့်မရှိဘူးဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျွန်မတို့ ထုတ်ပြန်ခဲ့ရတယ်။”
ချီရွှမ်းစုက မေးလိုက်၏။
“အဆင့်-၄အကြီးအကဲတစ်ဦးက အဲဒီဖျားယောင်းမှုကို ခံနိုင်ရည်ရှိမှာလား။”
ကျန်းယွဲ့လုက ခေါင်းခါပြီး ပြောလိုက်၏။
“ပြောလို့တော့ မရဘူး… ဒါပေမဲ့ သူတို့တွေက အဆင့်နိမ့်တဲ့ တာအိုဆရာတွေထက်တော့ ပိုပြီးတော့ သေချာပေါက် ခံနိုင်ရည်ရှိမှာပဲ… အရွယ်ရောက်လာတဲ့ လူတွေမှာ ယန်စွမ်းအင် ပိုများလာတဲ့အတွက် ကလေးသူငယ်တွေနဲ့စာရင် သရဲတစ္ဆေ ပူးကပ်နိုင်ခြေ ပိုနည်းသွားသလိုမျိုးပေါ့… တစ်ယောက်ယောက်က ရှေးဟောင်းအင်မော်တယ်တွေရဲ့ သွေးဆောင်ဖျားယောင်းမှုကို ခံထားရတယ်လို့ သံသယဝင်ခံရမယ်ဆိုရင် သူတို့က စစ်ဆေးမေးမြန်းခံရလိမ့်မယ်”
“အဆင့်-၄ နဲ့ အဆင့်-၃ တာအိုဆရာတွေကို ပေချန်ခန်းမက စစ်ဆေးမေးမြန်းလိမ့်မယ်.. ဒုတိယအဆင့် တာအိုဆရာတွေကိုတော့ မဟာသူတော်စင် ဒါမှမဟုတ် ရွှေနန်းမြင့်မျှော်စင်က တန်းခိုးရှင် သူတော်စင်တွေက စစ်ဆေးမေးမြန်းလိမ့်မယ်… ရွှမ်အရှင်မြတ်ခေတ်ကစပြီး ပထမအဆင့် ဘယ်တာအိုအကြီးအကဲကမှ ရှေးဟောင်းအင်မော်တယ်တွေဘက် ဘက်ပြောင်းသွားတာမျိုး မရှိခဲ့ဘူး… ဒါပေမဲ့ တာအိုဂိုဏ်းတော်ကနေ ခေါ်ယူစုဆောင်းထားတဲ့ ရှေးဟောင်းအင်မော်တယ်တစ်ဦးကတော့ ပထမအဆင့် တာအိုအကြီးအကဲတစ်ဦး ဖြစ်လာခဲ့တာမျိုး ရှိတယ်”
ချီရွှမ်းစုသည် ဤလျှို့ဝှက်ချက်များကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ သူက မနေနိုင်ဘဲ မေးလိုက်၏။
“ဒါဆို ပထမအဆင့် တအိုအကြီးအကဲတွေက တကယ်ပဲ ရှေးဟောင်းအင်မော်တယ်တွေနဲ့ အဆင့်တူတယ်လို့ ဆိုလိုတာလား”
ကျန်းယွဲ့လုက ချီရွှမ်းစုကို တစ်ချက်ကြည့်လိုက်၏။
“ကောင်းကင်ဆရာသခင် ပြောပုံအရဆိုရင်တော့ တကယ် အဲလိုပဲ… ဒါပေမဲ့ ရှေးဟောင်းအင်မော်တယ်တွေက ပိုပြီးတော့ ထူးခြားတယ်… မဟာသူတော်စင်တွေက မျိုးဆက်အလိုက် ပြောင်းလဲသွားပေမဲ့ ရှေးဟောင်းအင်မော်တယ်တွေကတော့ ဒီမျက်နှာတွေပဲ”
“ကျော်ကြားတဲ့ အစစ်အမှန်အရှင် ကျိကွမ်းနဲ့ အစစ်အမှန်အရှင် စစ်မင်တို့ကို နမူနာထားကြည့်… အဲဒီ အစစ်အမှန်အရှင်နှစ်ပါးက ရွှမ်အရှင်မြတ်နဲ့ တုံဟွမ်အရှင် သက်ရှိထင်ရှား ရှိစဉ်ကတည်းက တာအိုဂိုဏ်းတော်နဲ့ ရန်သူတွေ ဖြစ်ခဲ့ကြတယ်… ဒီနေ့ ဒီအချိန်မှာ ရွှမ်အရှင်မြတ်နဲ့ တုံဟွမ်အရှင်က ကောင်းကင်ဘုံကို တက်လှမ်းသွားကြပြီ… ဒါပေမဲ့ အဲဒီအရှင်နှစ်ပါးကတော့ တာအိုဂိုဏ်းတော်နဲ့ ရန်သူတွေ ဖြစ်နေတုန်းပဲ… သူတို့အတွက်တော့ ဒီမော်တယ်ဘုံက ကြီးမားတဲ့ အကျဉ်းထောင်ကြီးတစ်ခုပဲ”
ချီရွှမ်းစုက သူမ ပြောသည့်အရာကို သိပ်နားမလည်သော်လည်း ထပ်မံ၍ မေးမြန်းဖို့ ဝန်လေးနေသည်။
ကျန်းယွဲ့လုကလည်း အသေးစိတ် ရှင်းပြဖို့ စိတ်ကူးမရှိပေ။ သူမက ပြောလိုက်၏။
“ကြီးကြပ်ရေးမှူးလင်းချွမ်... ဆက်ပြောပါဦး”
လင်းချွမ်ကျီက ဆက်လက်၍ အစီရင်ခံတင်ပြလိုက်၏။
“ကျောက်စာတွေနဲ့ နံရံဆေးရေးပန်းချီတွေကို ဖျက်ဆီးပြီးတဲ့နောက် ကျုပ်က အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီး စီမုခံတပ်ရဲ့ အဓိကကျတဲ့ နေရာတော်တော်များများမှာ ယမ်းမှုန့်တွေကို ချခိုင်းထားတယ်… အဲဒါကြောင့် ကျုပ်တို့ ခံတပ်ကို အချိန်မရွေး ဖောက်ခွဲဖျက်ဆီးလို့ ရပြီ”
ကျန်းယွဲ့လုက ခေါင်းမမော့ဘဲ ပြောလိုက်၏။
“ကောင်းတယ်… တာအိုဂိုဏ်းတော်က အဲဒီ မိစ္ဆာဒိဋ္ဌိဝါဒတွေနဲ့ အမြဲတမ်း ဆန့်ကျင်ဘက်မှာ ရပ်တည်နေတယ်… ရှေးဟောင်းအင်မော်တယ်တွေနဲ့ ပတ်သက်ဆက်စပ်နေတဲ့ အဲဒီအဆောက်အအုံတွေကို ဖျက်ဆီးပစ်ရမယ်”
လင်းချွမ်ကျီက မေးလိုက်၏။
“လက်ထောက်ခန်းမသခင်... အဲဒီမှတ်တမ်းတွေ အရဆိုရင် ဒီကိစ္စမှာ ဘယ်ရှေးဟောင်းအင်မော်တယ်က ပါဝင်ပတ်သက်နေတယ်လို့ ခင်ဗျား ထင်မိလဲ”
ကျန်းယွဲ့လုက ခေါင်းမော့၍ ခဏမျှတွေဝေတုံ့ဆိုင်းနေပြီးနောက် ပြောလိုက်၏။
“အဲဒါက အစစ်အမှန်အရှင် စစ်မင်ဖြစ်လောက်တယ်”
လင်းချွမ်ကျီကပြောလိုက်၏။
“အစစ်အမှန်အရှင်စစ်မင်က ကံကြမ္မာနတ်ပဲ… အဲဒီမိစ္ဆာက ပြန်ပြီးတော့ ရှင်သန်လာခဲ့တာ အံ့ဩစရာမရှိတော့ဘူး… ဒါနဲ့ အဲဒီမိစ္ဆာအုပ်စုကို အောင်အောင်မြင်မြင်ဖယ်ရှားရှင်းလင်းတဲ့နေရာမှာ အမှုဆောင်ချီက အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့တယ်”
“ဟုတ်တယ်… ကျွန်မက လူကဲခတ်တော်တယ်လေ”
ကျန်းယွဲ့လု၏ မျက်နှာက ရွှင်ပြနေ၏။
လင်းချွမ်ကျီက ချီးကျူးလိုက်၏။
“အချိန်တစ်ခု ပေးလိုက်မယ်ဆိုရင် အမှုဆောင်ချီက ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို သေချာပေါက် ရရှိလာမှာ”
ချီရွှမ်းစုက အလျင်အမြန် ဝင်ပြောလိုက်၏။
“လက်ထောက်ခန်းမသခင်… ကြီးကြပ်ရေးမှူးလင်းချွမ်... ခင်ဗျားတို့ စကားက မြှောက်ပင့်လွန်းနေပါပြီ”
ကျန်းယွဲ့လုက မိတ္တူကူးထားသော မူကြမ်းတစ်ထပ်ကြီးကို သူမ၏ မှော်သိုလှောင်ပစ္စည်းထဲ ထည့်သိမ်းကာ ရုတ်တရက် မေးလိုက်၏။
“ကျွန်မရဲ့ မှော်သိုလှောင်ပစ္စည်းကို ဘယ်သူ ထိခဲ့တာလဲ”
လင်းချွမ်ကျီက ချက်ချင်းပင် အကြောင်းပြချက် ပေးလိုက်၏။
“လက်ထောက်ခန်းမသခင်... တခြားဘာမှ မရှိတော့ဘူးဆိုရင် စီမုခံတပ်ကို ဖောက်ခွဲဖျက်ဆီးဖို့ ကျုပ် အခုပဲ အမိန့်သွားပေးလိုက်ပါတော့မယ်”
ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်၏။
“ကြီးကြပ်ရေးမှူးလင်းချွမ်… ကျေးဇူးတင်ပါတယ်”
လင်းချွမ်ကျီက ခပ်မြန်မြန်ထွက်သွားစဥ် ချီရွမ်းစုက သူ့ကို အသနားခံသလိုကြည့်နေ၏။ လင်းချွမ်ကျီက ချီရွမ်းစုအတွက် စကားပြောပေးဖို့ စိတ်ကူးမရှိသည်မှာ သိသာနေ၏။
ဤအချိန်မှာ ကျန်းယွဲ့လု၏ အကြည့်က ချီရွှမ်းစုပေါ် ကျရောက်လာ၏။
ချီရွှမ်းစုက ညင်သာစွာချောင်းဟန့်ပြီး ပြောလိုက်၏။
“အဲဒီအချိန်တုန်းက ခင်ဗျားက သေရေးရှင်ရေးအခြေအနေမှာရောက်နေလို့ အခြေအနေအရ ကျုပ်မှာတခြားရွေးချယ်စရာမရှိခဲ့ဘူး”
“ထျန်းယွမ်… ငါနင့်ကို အပြစ်မတင်ပါဘူး… နင်က ငါ့အသက်က်ို ကယ်တင်ပေးထားတာပဲ… အဲဒါကြောင့်ငါက နင့်ကို ကျေးဇူးတောင်တင်ရဦးမယ်… ဒီလိုမျိုးကိစ္စအတွက် ငါနင့်ကိုအပြစ်တင်မယ်ဆိုရင် ကျေးဇူးမသိတတ်ရာကျသွားမှာပေါ့”
ကျန်းယွဲ့လုက ညင်သာစွာပြောလိုက်သည်။
ဤစဂာားကိုကြားပြီး ချီရွမ်းစုက စိတ်သက်သာစွာ သက်ပြင်းချလိုက်မိသည်။
ကျန်းယွဲ့လုက စကားလမ်းကြောင်းပြောင်းလိုက်၏။
“ဒါပေမဲ့… နင် တခြားဘယ်အရာကိုမှ မကြည့်ခဲ့ဘူးမလား… သေတ္တာတစ်လုံးဖြစ်ဖြစ်ပေါ့”
“လုံးဝမကြည့်ပါဘူး”
ချီရွမ်းစုက အခိုင်အမာငြင်းပယ်လိုက်၏။
ကျန်းယွဲ့လုက သူ့အမူအရာကို စေ့စေ့စပ်စပ်ကြည့်ရှုပြီး မူမမှန်မှုကိုရှာဖွေဖို့ ကြိုးစားနေသော်လည်း မည်သည့်အရာကိုမှ မတွေ့မြင်ရပေ။
“ထျန်းယွမ်… နင့်ရဲ့ စိတ်နေစရိုက်ကို ငါယုံတယ်… ဒါပေမဲ့ နင်ငါ့ကို လိမ်ထားတယ်လို့ သိရမယ်ဆိုရင်တော့…”
ချီရွမ်းစု၏ အမူအရာက အေးစက်တောင့်တင်းသွားသည်။
ဤသည်မှာ ကျန်းယွဲ့လုနှင့်ပတ်သက်ပြီး သူ၏ သတိကို လုံးဝလျှော့မချရဲသည့် အဓိကကျသောအကြောင်းအရင်းဖြစ်သည်။ သူသည် သူမထံမှ တစ်စုံတစ်ရာကို တကယ်ပင်ဖုံးကွယ်ထားပြီး ထိုအရာကလည်း ခွင့်လွှတ်လို့မရသည့် အမှားတစ်ခုဖြစ်နေသည်။
ချီရွမ်းစု၏ အမူအရာကိုကြည့်ပြီး ကျန်းယွဲ့လုက မေးလိုက်၏။
“နင်ဘာကိုကြောက်နေတာလဲ… နင်အဲဒါကိုကြည့်ခဲ့မယ်ဆိုရင်တောင် ငါနင့်ကို အရေခွံစုတ်မပစ်ပါဘူး… နင့်ပုံစံက ဒီလိုမျိုး မဟုတ်ပါဘူး… နင်က ဒက်စ်မန်ကိုတောင် မကြောက်ရွံ့ခဲ့တာ ငါ့လိုမျိုး မိန်းကလေးတစ်ဦးကို ဘာလို့ကြောက်နေတာလဲ”
ချီရွမ်းစုက ရင်ထဲမှာ တုန်ယင်သွား၏။ သူ၏ မုသားကနေတစ်ဆင့် ကျန်းယွဲ့လုက ထွင်းဖောက်မြင်သွားမည်ကို စိုးရိမ်နေပြီး သူက တမင်သက်သက် ပြောလိုက်၏။
“အမိထန်ထိုက်… ခင်ဗျားက ကျားတစ်ကောင်လို ကြမ်းတမ်းပြီး နဂါးတစ်ကောင်လိုစွမ်းအားကြီးမား…”
“ကဲ… တော်လိုက်တော့”
ကျန်းယွဲ့လုက သူ့ကိုမျက်လုံးလှန်ကြည့်လိုက်၏။
“နင်က ပန်းခင်းထဲက တာအိုဆရာတစ်ဦးလို ပြုမူနေတာလား… ဒါဆိုရင်တော့ ပန်းခင်းထဲက တာအိုဆရာတစ်ဦးနဲ့ ကိုက်ညီမယ့် တာဝန်အသစ်တစ်ခု နင့်ကိုပေးစရာရှိတယ်… မိစ္ဆာတွေကို ဘယ်လိုသတ်ဖြတ်ခဲ့တယ်ဆိုတာ အသေးစိတ်ကျတဲ့ အစီရင်ခံစာတစ်စောင်ရေးရမယ်… ငါအဲဒါကိုဖတ်ပြီးရင် မိတ္တူပွားပြီး ခန်းမသခင်ဆီ ပို့ပေးမယ်။”
ကျန်းယွဲ့လုက စိတ်အာရုံလွှဲပြောင်းလိုက်သည်ကိုကြည့်ပြီး ချီရွမ်းစုက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
“မိတ္တူလား…”
ကျန်းယွဲ့လုက သူ့ကို ခပ်စိမ်းစိမ်းသိုက်ကြည့်လိုက်၏။
“ဘာလဲ… နင့်မှာကန့်ကွက်စရာရှိလို့လား”
“မရှိပါဘူး… လက်ထောက်ခန်းမသခင်… ခင်ဗျားရဲ့စကားက ဥပဒေပါပဲ”
ချီရွှမ်းစုက တည်ကြည်သောမျက်နှာထားဖြင့် ပြောလိုက်သည်။
ကျန်းယွဲ့လုက ရယ်မောလိုက်၏။
“တော်တော်ဖားတတ်တာပဲ”
အခြေအနေက အေးအေးဆေးဆေး ဖြစ်သွားပြီဟု ချီရွမ်းစုတွေးလိုက်စဥ် ကျန်းယွဲ့လုက ရုတ်တရက်မေးလိုက်သည်။
“ထျန်းယွမ်…နင်ငါ့ဆီကနေ တစ်ခုခုဖုံးကွယ်ထားတာလား”
သူက အေးစက်တောင့်တင်းသွားပြီး ပြန်မေးလိုက်၏။
“ခင်ဗျား… ဘာလို့အဲလိုပြောတာလဲ”
ကျန်းယွဲ့လုက သူ့ကိုစိုက်ကြည့်ကာ ပြောလိုက်၏။
“လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီရှိတယ်… နင့်ရဲ့ကိုယ်ရေးကိုယ်တာကို ငါ ကြားဝင်စွက်ဖက်မှာ မဟုတ်ဘူး… ဒါပေမဲ့ နင်ငါ့ကို ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခုလိုတော့ သဘောထားမနေစေချင်ဘူး”
ချီရွမ်းစုက အပြုံးတစ်ခုကို ညှစ်ထုတ်ပြီး ပြောလိုက်၏။
“လက်စားချေမဲ့အကြောင်းတောင် ကျုပ်ခင်ဗျားကို ပြောခဲ့တာပဲ… ခင်ဗျားဆီကနေ တခြားဘာကို ဖုံးကွယ်ထားရဦးမှာလဲ… ကြောက်စရာကောင်းတဲ့ တည်ရှိမှုဆိုတာကတော့… ပြောရမယ်ဆိုရင် ခင်ဗျားက ကျုပ်ရဲ့အထက်လူကြီးပဲ… အဲဒါကြောင့် ကျုပ်အနေနဲ့ ခင်ဗျားကို ကြောက်ရွံ့ရိုသေ လေးစားရမှာပဲမလား”
ကျန်းယွဲ့လုက ခပ်တိုးတိုးပြောလိုက်၏။
“တခြားသူတွေရှိနေမှပဲ နင်ငါ့ကို လေးစားမှုထားပေးဖို့လိုတယ်.. နင်နဲ့ငါ နှစ်ယောက်တည်းပဲရှိနေမယ်ဆိုရင် သိပ်ပြီးတော့ တာဝန်ကျေပွန်နေစရာမလိုဘူး”
“ခင်ဗျားက တခြားသူတွေရှေ့မှာ ကိစ္စတစ်ခုကို လုပ်နေပြီး လူတွေရဲ့ နောက်ကွယ်မှာတော့ တခြားလူတစ်ယောက်လို ပြုမူနေတာပဲ… ဒါကို ကြည့်ရတာ မြင့်မြတ်တဲ့ သခင်မတစ်ဦးက ဆင်းရဲမွဲတေတဲ့ စာပေပညာရှင်တစ်ဦးနဲ့ တိတ်တဆိတ်…”
ချီရွှမ်းစုက စကားကို လွှတ်ခနဲ ပြောလိုက်မိသည်။
ကျန်းယွဲ့လု၏ အကြည့်အောက်မှာ ချီရွှမ်းစုက နောက်ထပ်ပြောင်းမည့် စကားများကို ပြန်လည်မျိုချလိုက်ရသည်။
ကျန်းယွဲ့လုက နှာတစ်ချက်မှုတ်ကာ ပြောလိုက်၏။
“ငါ အလကားသက်သက် စိုးရိမ်နေမိတာ… နင့်က ကြောက်မနေဘူးပဲ… နင်က သရုပ်ဆောင်တာနဲ့ အသားကျနေပြီး တမင်သက်သက် နှိမ့်ချပြနေရုံပဲ… တကယ်တော့ နင်က ပိုပြီးတော့ ရဲတင်းလာတာ”
ကျန်းယွဲ့လုနှင့် အချိန်ကြာမြင့်စွာ ထိတွေ့ဆက်ဆံပြီးနောက် ချီရွှမ်းစုသည် သူမ၏ စိတ်နေသဘောထားကို တဖြည်းဖြည်း နားလည်လာပြီ ဖြစ်သည်။ သူမသည် ကြမ်းတမ်းသော စကားလုံးများကို သုံးနေပြီဆိုလျှင် သူမက အမှန်တကယ် ဒေါသထွက်နေခြင်း မရှိဟု ပြသနေသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူမက နူးညံ့သိမ်မွေ့စွာ ပြောဆိုလာမည်ဆိုလျှင် သူက သတိထားရပေတော့မည်။ ထို့ကြောင့် ချီရွှမ်းစုက သိပ်ပြီး ကြောက်ရွံ့မနေတော့ပေ။
“ဒါက… ဒီတိုင်း လွှတ်ခနဲ ပြောလိုက်မိရုံပါပဲ”
ကျန်းယွဲ့လုသည် ချီရွှမ်းစုကို ကိုင်တွယ်ရမှာ အစ်မချီလောက် အတွေ့အကြုံမရှိသည်မှာ သိသာနေသည်။ ဤနေရာမှာ အစ်မချီသာဆိုလျှင် ချီရွှမ်းစုက သူ့အမှားကို ချက်ချင်း ဝန်ခံလာအောင် သူမက လုပ်ပေလိမ့်မည်။
“တခြားဘာမှ မရှိတော့ဘူးဆိုရင်… ကျုပ် သွားပါတော့မယ်”
ချီရွှမ်းစုက အကြောင်းပြချက်ပေးလိုက်၏။
“နေပါဦး”
ကျန်းယွဲ့လုက သူ့ကို လှမ်းခေါ်လိုက်သည်။
ချီရွှမ်းစုက ကျန်းယွဲ့လုကို ကြည့်ပြီး တမင်သက်သက် ပြောလိုက်၏။
“လက်ထောက်ခန်းမသခင်… ခင်ဗျား ကျုပ်ကို ဘာများ ညွှန်ကြားစရာ ရှိလို့ပါလဲ”
ကျန်းယွဲ့လုက သူ့ညာဘက်လက်ကို မြှောက်ပြီး အရက်သောက်သည့်ပုံစံ ပြုလုပ်ပြကာ မေးလိုက်၏။
“ဝိုင်လေးဘာလေး ရှိသေးလား… ငါ့မှာ ရှိတာတွေ ကုန်သွားပြီ”
ချီရွှမ်းစုက ခဏမျှ တုံ့ဆိုင်းပြီးနောက် သူမကို အကြံပေးလိုက်၏။
“ခင်ဗျားက ဒဏ်ရာရထားတယ်… အခုလိုအချိန်မှာ အရက်သောက်တာက ဉာဏ်ရှိရာ မကျဘူးမလား”
“လက်ထောက်ခန်းမသခင်က မေးတဲ့အခါ နင်က ဟုတ်တယ် မဟုတ်ဘူးပဲ ဖြေဖို့လိုတယ်”
ကျန်းယွဲ့လုက တည်တံ့သော မျက်နှာထားဖြင့် အော်ငေါက်လိုက်၏။ ချီရွှမ်းစုက သူမကို လက်ထောက်ခန်းမသခင်ဟု ခေါ်ဆိုသည် ဆိုမှတော့ သူမကလည်း အမိန့်အာဏာကို ပြသရပေလိမ့်မည်။
ချီရွှမ်းစုက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။
“ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါခင်ဗျာ”
အခန်းထဲသို့ ချီရွှမ်းစု ပြန်ရောက်လာသည့်အချိန်မှာ ကျန်းယွဲ့လုက ကုတင်ပေါ်ကနေထပြီး စားပွဲခုံမှာ ထိုင်နေပြီ ဖြစ်သည်။ ဤမြင်ကွင်းကို ကြည့်ပြီး ချီရွှမ်းစုသည် သူကလေးဘဝက ဝမ်ရှန်းတာအိုနန်းတော်မှာ ရှိခဲ့စဉ် စားပွဲမှာ နာခံစွာထိုင်ပြီး ညစာစားဖို့ စောင့်ဆိုင်းနေသည့် သူ၏ ငယ်ရွယ်သော အချိန်ကာလကို ပြန်လည်အမှတ်ရသွား၏။
ချီရွှမ်းစုက ဝိုင်ခွက်နှစ်ခွက်နှင့် သလင်းဖန်ပုလင်းကို စားပွဲပေါ်မှာ တင်လိုက်သည်။ သူက ကျန်းယွဲ့လု၏ ရှေ့တည့်တည့်မှာ ထိုင်ပြီး ပြောလိုက်၏။
“ဒီမှာ ရှောင်ကျိုးတော့ မရှိဘူး… စပျစ်ဝိုင်နဲ့ မုယောအရက်ပဲ ရှိတယ်”
ကျန်းယွဲ့လုက ချေးမများပေ။ သူမက သလင်းဖန်ပုလင်းကိုယူပြီး အဆို့ကိုဖွင့်ကာ ချီရွှမ်းစု၏ ရှေ့မှာရှိသော ဖန်ခွက်ထဲသို့ ဝိုင်ကို လောင်းထည့်ပေးလိုက်သည်။
ချီရွှမ်းစုက ငြင်းဆန်ခြင်းမရှိဘဲ ဝိုင်ခွက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားသည်။
ဝိုင်ကို လောင်းထည့်ပေးရင်း သူမက ပြောလိုက်၏။
“ဒီတစ်ခေါက် ငါတို့တွေက မိစ္ဆာတွေကို သတ်ဖြတ်ပြီး အောင်ပွဲနဲ့ ပြန်လာခဲ့တယ်… နင်က အလုပ်ကောင်းကောင်း လုပ်ခဲ့တဲ့အတွက် ဂုဏ်ပြုမှုနဲ့ ထိုက်တန်တယ်… ဒီတစ်ခွက်က နင့်ကို ဂုဏ်ပြုတာပဲ”
သူမ စကားပြောလို့ ပြီးသွားသည်နှင့် ချီရွှမ်းစု၏ခွက်က ဝိုင်များဖြင့် ပြည့်နှက်သွားပြီ ဖြစ်သည်။ ထို့နောက် သူမ၏ ဝိုင်ခွက်ထဲသို့ ငှဲ့ထည့်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်၏။
သူမ၏ ဝိုင် ကုန်သွားကြောင်း ချီရွှမ်းစုရှေ့မှာ ဗလာကျင်းနေသောခွက်ကိုပင် မှောက်ပြလိုက်သည်။
ချီရွှမ်းစုကလည်း ဝိုင်ခွက်ကိုကောက်ယူပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ပါးစပ်ထဲ ဝင်ဝင်ချင်းမှာ အဲဒါသည် ခါးသက်သက်နှင့် ပြင်းရှရှ နိုင်လေသည်။ သို့သော်လည်း ခါးသက်မှုအပြီးမှာ ချိုချိုချဥ်ချဥ်အရသာပေါ်ထွက်လာသည်။ ၎င်းသည် စစချင်းမှာ ရှတတနိုင်သော်လည်း နောက်ပိုင်းမှာ အနည်းငယ် ငြိမ့်ညောင်းသွား၏။ အရှေ့တိုင်းနှင့်အနောက်တိုင်းမှ သေရည်များက ဤမျှအထိဆင်တူနေသည်မှာ တကယ့်ကို အံ့အားသင့်စရာကောင်းလေသည်။
သူက ကျန်းယွဲ့လုကိုတုပ၍ သူ၏ ဝိုင်ခွက်ကို မှောက်ပြလိုက်၏။
“ကောင်းတယ်… ထပ်သောက်ကြတာပေါ့”
ကျန်းယွဲ့လုက ပုလင်းထဲကဝိုင်ကို ဆက်လက်၍ငှဲ့ပေးလိုက်သည်။ သိပ်မကြာခင် သလင်းဖန်ပုလင်းက ဗလာကျင်းသွား၏။ ချီရွှမ်းစုက အနည်းငယ် ငိုက်မျည်းနေပြီး ရီဝေနေသော မျက်လုံးများဖြင့် ကျန်းယွဲ့လုကို ကြည့်လိုက်၏။ သူမ၏ တောက်ပသော မျက်လုံးများနှင့် ရဲနေသော ပါးနှစ်ဖက်က သူမကို ပို၍ပင် စွဲမက်စရာကောင်းနေစေပုံရသည်။