← Chapters

ပြန်လာကြပြီ

Vol. 6 Ch. 60

ပြန်လာကြပြီ

Vol. 6 Ch. 60

လင်းချွမ်ကျီ၏ အမိန့်အတိုင်း ထျန်ကန်းခန်းမ တာအိုဆရာများသည် စီမုခံတပ်ကို အောင်မြင်စွာ ဖောက်ခွဲဖျက်ဆီးပြီးနောက် ဝူကောရှန်လီသို့ ပြန်လည်ရောက်ရှိလာကြလေသည်။ ကျန်းယွဲ့လု ပြန်လည်သက်သာပျောက်ကင်းလာပြီးနောက် သူတို့သည် တာရွှယ်တောင်မှာရှိသော အနောက်ဘက်ဒေသ တာအိုစံအိမ်သို့ ထွက်ခွာကြမည်ဖြစ်သည်။ ဤခရီးစဉ်အပြီးမှာ လူတိုင်းသည် ကျန်းယွဲ့လုနှင့် ချီရွှမ်းစုအပေါ် ထင်မြင်ချက်အသစ်များ ရရှိလာကြသည်။

လက်ထောက်ခန်းမသခင်ဖြစ်သော ကျန်းယွဲ့လုမှာ သူတို့ကြားတွင် အမြင့်မားဆုံး ရာထူးနှင့် အမြင့်မားဆုံး ကျင့်ကြံမှုအဆင့် ရှိသော်လည်း သူမသည် ဒဏ်ရာအပြင်းထန်ဆုံး ရရှိခဲ့သည့်သူလည်း ဖြစ်သည်။ ထို့ကြောင့် မည်သူကမှ သူမအပေါ် မကောင်းသည့်စကား မပြောဆိုနိုင်ကြတော့ပေ။

ချီရွှမ်းစုကလည်း ဤခရီးစဉ်မှာ သူ့ကိုယ်သူ သက်သေပြနိုင်ခဲ့သည်။ သူသည် ခွန်လွင်အဆင့်၊ အဆင့် ၇ တာအိုဆရာတစ်ဦးသာ ဖြစ်သော်လည်း မိစ္ဆာခေါင်းဆောင်ကို သတ်ဖြတ်ခဲ့ပြီး ထိုလုပ်ရပ်ကို ကြီးကြပ်ရေးမှူး လင်းချွမ်ကျီနှင့် မွန်မြတ်သန့်စင်နန်းတော်မှ ဦးစီးဘုန်းတော်ကြီး အာသာက မျက်မြင်တွေ့ခဲ့ရလေသည်။ ရှန့်ကွမ်သွမ့်က သတင်းစကားကို ထပ်ဆင့်ဖောက်သည်ချပြီးနောက် ချီရွှမ်းစု၏ အောင်မြင်မှုများကို လူတိုင်းက သိရှိသွားကြသည်။ ထိုသို့ဖြင့် ချီရွှမ်းစု၏ နာမည်ဂုဏ်သတင်းက မြင့်တက်လာခဲ့သည်။ သူသည် အမြင့်ကို တက်လှမ်းဖို့အတွက် မျက်နှာသာပေးမှုအပေါ်သာမှီခိုနေရသည့် ကောင်လေးတစ်ယောက် ဆက်လက်၍ မဟုတ်တော့ပေ။ ထိုအစား သူသည် အစစ်အမှန် အစွမ်းအစများရှိသည့် လူတစ်ယောက် ဖြစ်လာခဲ့သည်။

အာသာက သူ၏တာဝန် ပြီးမြောက်သွားသည့်အတွက် မွန်မြတ်သန့်စင်နန်းတော်သို့ ပြန်သွားရပေမည်။ ထိုနေ့က သူသည် တာအိုဆရာများကို တကူးတကလာရောက် နှုတ်ဆက်ခဲ့သည်။ ချီရွှမ်းစုသည် ဒက်စ်မန်ကို အသက်ပျောက်စေမည့် နောက်ဆုံးတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သော်လည်း အာသာကလည်း ထိုမိစ္ဆာကို သတ်ဖြတ်ခြင်းမှာ အရေးပါသော ကဏ္ဍကနေ ပါဝင်ခဲ့သည်။ အာသာက သာလွန်မဟူရာသွေးကို အသုံးပြုပြီး သူ့ကိုယ်သူ ငါးစာအဖြစ် အသုံးမချခဲ့ဘူးဆိုလျှင် ရလဒ်က ဘာမဆို ဖြစ်သွားနိုင်သေးသည်။

တကယ်တော့ ဒက်စ်မန်ကို သတ်ဖြတ်ခြင်းက လူတစ်ယောက်တည်း၏ အကျိုးဆောင်မှု မဟုတ်ပေ။ ၎င်းသည် တာအိုဆရာများစွာ အပါအဝင် အဖွဲ့တစ်ဖွဲ့လုံး၏ ပူးပေါင်းကြိုးစားအားထုတ်မှု ဖြစ်သည်။ သူတို့က ဘေးချင်းယှဉ် တိုက်ခိုက်ခဲ့ကြသည့်အတွက် တာအိုဆရာများအားလုံးသည် မွန်မြတ်သန့်စင်နန်းတော်မှ ဦးစီးဘုန်းတော်ကြီးအပေါ် ကောင်းမွန်သော ထင်မြင်ချက် ရှိနေကြသည်။

နောက်ဆုံးမှာတော့ အာသာက ချီရွှမ်းစုကို သီးသန့်လာရောက် နှုတ်ဆက်ခဲ့သည်။ မည်သို့ပင်ဆိုစေ အိုက်လီကလွဲလျှင် ချီရွှမ်းစုသည် အာသာနှင့် ထိတွေ့ဆက်ဆံမှု အရှိဆုံးသူ ဖြစ်သည်။ သူတို့မှာ တူညီသောအရာတချို့ ရှိနေသည်ကိုလည်း သိရှိခဲ့ကြသည်။

“ချီ... နောက်ပိုင်း အနောက်ဘက်ကုန်းမြေတိုက်ကို ရောက်တဲ့အခါ မင်းငါ့ကို လာရှာပါ”

အာသာက ချီရွှမ်းစုထံ လိပ်စာတစ်ခု ကမ်းပေးလိုက်သည်။ ချီရွှမ်းစုက ၎င်းကို သိမ်းဆည်းပြီး ကတိပေးလိုက်၏။

“ကျုပ် ရောက်ဖြစ်ရင် သေချာပေါက် လာခဲ့ပါ့မယ်”

ထို့နောက် အာသာက ဝူကောရှန်လီကနေ ထွက်ခွာ၍ သူ၏ အိမ်ပြန်ခရီးကို စတင်လိုက်သည်။

အာသာ ထွက်သွားပြီး သုံးရက်အကြာမှာ တာအိုဆရာများကလည်း ဝူကောရှန်လီကနေ တာရွှယ်တောင်နန်းတော်သို့ ထွက်ခွာလာကြသည်။ မထွက်ခွာခင် ကျန်းယွဲ့လုက ကတိပေးထားသည့်အတိုင်း အဆင့် ၅ တာအိုဆရာဆွေမျိုး အသိအမှတ်ပြု လက်မှတ်ကို အိုက်လီအား ပေးအပ်ပြီး ရှန့်ကွမ်သွမ့်ကို ခေါ်ဆောင်လာခဲ့သည်။ ရှန့်ကွမ်သွမ့်က သူလိုချင်သည့်အရာကို ရရှိသွားသည်။ သူက အဆင့် (၉) တာအိုဆရာ ဆွေမျိုးဘွဲ့ကို ရရှိသည့်အခါ ဝမ်းသာအားရ ဖြစ်သွားပြီး နောက်တရခြင်းမရှိဘဲ အနောက်ဘက်ဒေသကနေ ထွက်လာခဲ့၏။ တစ်ချိန်တည်းမှာပင် ကျန်းယွဲ့လုသည် မူချင်းထံ စာတစ်စောင် ပို့လွှတ်ပြီး ဝူကောရှန်လီသို့ လိုက်မလာဘဲ တာရွှယ်တောင်နန်းတော်ကနေသာ စောင့်ဆိုင်းနေရန် မှာကြားလိုက်၏။

ပထမဆုံး လူတိုင်းရောက်လာစဉ်က သူတို့၏ ညှိုးငယ်သောမျက်နှာများပေါ်ရှိ တည်တံ့သော အမူအရာများနှင့် ယှဉ်လျှင် အပြန်လမ်းမှာ သူတို့အားလုံးက ကောင်းမွန်သော စိတ်အခြေအနေမှာ ရှိနေကြသည်။ ကျယ်ပြန့်သော ဂိုဘီသဲကန္တာရထဲမှာ သူတို့၏ မြင်းများကို ဒုန်းစိုင်းနှင်လာခဲ့ကြ၏။ လမ်းခရီးအခြေအနေက သူတို့လာခဲ့စဉ်ကအတိုင်း ကြမ်းတမ်းနေဆဲ ဖြစ်လျှင်တောင် သူတို့သည် ယခုတစ်ခေါက်မှာ ရှုခင်းများကို ခံစားဖို့ စိတ်အာရုံ ရရှိနေကြသည်။

ကျန်းယွဲ့လုက သူမ၏ ဒဏ်ရာများကနေ သက်သာလာခဲ့ပြီ။ သူမ၏ ခြုံထည်နှင့် ခေါင်းခြုံအောက်မှာ သူမပုံစံက အေးဆေးပေါ့ပါးသည့်ပုံ ရှိနေပြီး တာအိုဆရာအုပ်စုကို အိမ်ပြန်လမ်းဆီသို့ ဦးဆောင်လာခဲ့သည်။ ချီရွှမ်းစုက သူမ၏ နောက်မှာ မြင်းစီးကာ လိုက်ပါလာသော်လည်း သူက ကျန်းယွဲ့လုလောက် လွတ်လပ်ပေါ့ပါးမှု မရှိချေ။

အစ်မချီကဲ့သို့ပင် ကျန်းယွဲ့လုသည် အလုပ်ကိစ္စနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စများအကြား စည်းတစ်ခု ခြားထားသည့်သူ ဖြစ်သည်။ သူမသည် ချီရွှမ်းစုနှင့် မိတ်ဆွေများ ဖြစ်လျှင်တောင် သူမက သူမ၏ အထက်လူကြီးလည်း ဖြစ်ပြီး ခရီးစဉ်တစ်ခုလုံးကို အစီခံစာတစ်စောင်အဖြစ် အနှစ်ချုပ်ရေးသားရန် သူ့ကို တာဝန်ပေးထားသည်။ ထို့ပြင် အပြန်လမ်းမှာ ချီရွှမ်းစုက အတော်လေး မျက်နှာမကောင်းပေ။

ချီရွှမ်းစုသည် ဝမ်ရှန်းတာအိုနန်းတော်မှာတုန်းက ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းများကို ဘယ်လိုရေးသားရမလဲ သင်ယူခဲ့ရသော်လည်း သူက နှစ်ပေါင်းများစွာ ကြာအောင် ခရီးသွားလာခဲ့ပြီး ရေးလေ့ရေးထ မရှိခဲ့ပေ။ သူသည် စုတ်တံအစား ဓားတစ်လက်ကိုသာ ကိုင်ဆောင်ခဲ့ပြီး အခြေခံရေးသားနည်းများကို မေ့လျော့နေပြီဖြစ်သည်။ ထို့ကြောင့်ပင် အစီရင်ခံစာ ရေးရမည့်အကြောင်း သူက ခေါင်းခဲနေပြီး အပြန်လမ်းမှာ ပုံကြမ်းကို စဉ်းစားနေသည်။

သူတို့အဖွဲ့သည် ဂိုဘီသဲကန္တာရမှာ တစ်လကျော်ကြာအောင် ခရီးနှင်လာပြီးနောက် နောက်ဆုံးမှာ မြို့တစ်မြို့ကို ရောက်ရှိလာခဲ့သည်။ ဤမြို့သည် ယခင်က ချွမ်တုနိုင်ငံ ဖြစ်ခဲ့ပြီး အနောက်ဘက်ဒေသရှိ နိုင်ငံ ၃၆ နိုင်ငံထဲမှ တစ်နိုင်ငံ ဖြစ်ခဲ့သည်။ အနောက်ဘက်ဒေသသည် ဝူကောရှန်လီကနေ ရှီကျိုးအထိ ကျယ်ပြန့်ပြီး မဟာရွှမ်မင်းဆက်၏ ပိုင်နက်နယ်မြေ တစ်ခုဖြစ်သည်။ အနောက်ဘက်ဒေသ၏ ဧရိယာအများစုကို ဂိုဘီသဲကန္တာရက ယူထားပြီး အထဲမှာရှိသော အိုအေစစ်များနှင့် မြို့များသည် မြို့ပြနိုင်ငံငယ်များ ဖြစ်လာခဲ့သည်။ ဝူကောရှန်လီကို ဥပမာအဖြစ် ယူနိုင်သည်။ ၎င်းသည် မြို့တစ်မြို့ ဖြစ်သော်လည်း တိုင်းပြည်တစ်ခုဟုလည်း ဆိုနိုင်သည်။ သဲကန္တာရကိုပါ ထည့်တွက်မည်ဆိုလျှင် ဝူကောရှန်လီသည် အကြမ်းဖျင်းအားဖြင့် အလယ်ပိုင်းလွင်ပြင်ဒေသမှာ ပြည်နယ်တစ်ခုနှင့် အကျယ်အဝန်းချင်း တူညီလေသည်။ သို့သော်လည်း သဲကန္တာရကို ဖယ်ထုတ်လိုက်မည်ဆိုလျှင် ၎င်းသည် ခရိုင်တစ်ခုလောက်သာ ကြီးမားတော့သည်။

အနောက်ဘက်ဒေသမှာ ဤနိုင်ငံများသည် အစက မည်သည့်အင်အားစုထံမှ သစ္စာခံမထားခဲ့ကြပေ။ အလယ်ပိုင်းလွင်ပြင်မင်းဆက်က ၎င်းတို့၏ အထွတ်အထိပ်မှာ ရောက်ရှိခဲ့စဉ်က အနောက်ဘက်ဒေသမှာရှိသော နိုင်ငံများသည် အလယ်ပိုင်းလွင်ပြင်ထံ အညံ့ခံခဲ့ကြသည်။ ထို့ကြောင့် အနောက်ဘက်ဒေသမှာ အနောက်ဘက်ဒေသအထိန်းသိမ်းခံနယ်မြေ၊ အန်ရှီအထိန်းသိမ်းခံနယ်မြေနှင့် ပေထင်အထိန်းသိမ်းခံနယ်မြေတို့ကို တည်ဆောက်ခဲ့ကြသည်။

အလယ်ပိုင်းလွင်ပြင်မင်းဆက် အားနည်းလာသည့်အချိန်မှာ ထိုနိုင်ငံများသည် ရွှေပြည်သစ်နိုင်ငံတော်ထံ အညံ့ခံသွားခဲ့ကြသည်။ ဧကရာဇ် ရှန်ကျွယ် အုပ်စိုးစဉ် ဒုတိယမြောက်နှစ်မှာ ချွမ်တုနိုင်ငံသည် အနောက်ဘက်ဒေသ အထိန်းသိမ်းခံနယ်မြေထဲမှာ ပါဝင်ခဲ့သည်။ သို့သော်လည်း ဧကရီ အုပ်စိုးစဉ် ကာလအတွင်း ၎င်းကို ရှုလေစီရင်စု၏ အုပ်ချုပ်မှုအောက်မှာ ထည့်ထားခဲ့သည်။ နောက်ပိုင်း ကျင်းမင်းဆက် ကျဆင်းသွားပြီး အနောက်ဘက်ဒေသကလည်း ရွှေပြည်သစ်ထံ အညံ့ခံသွားခဲ့သည်။

ယခင် ဝေမင်းဆက်၏ နောက်ဆုံးနှစ်မှာ အင်ပါယာနန်းတော်သည် လျန့်ကျိုးကိုပင် အနောက်ဘက်ဒေသထံ ပေးအပ်လိုက်ရသည်။ ထို့ကြောင့် အနောက်ဘက်ဒေသမှာ နိုင်ငံများအားလုံးသည် ရွှေပြည်သစ်ထံ အညံ့ခံသွားခဲ့ကြသည်။ သို့သော်လည်း ရွှေပြည်သစ်နိုင်ငံအတွင်း အတွင်းရေး ပဋိပက္ခများ ရှိလာသောကြောင့် သူတို့သည် အနောက်ဘက်ဒေသ နိုင်ငံများကို ကောင်းကောင်း မထိန်းချုပ်နိုင်တော့ပေ။ ထို့ကြောင့် အနောက်ဘက်ဒေသမှာ နိုင်ငံများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်လည်ရရှိလာကြသည်။ ရွှေပြည်သစ်မှ ဆွေကြီးမျိုးကြီး များစွာကလည်း စစ်ပွဲကို ရှောင်တိမ်းရန် အနောက်ဘက်ဒေသသို့ ရောက်ရှိလာကြသည်။

ဤအကြောင်းအရာများအားလုံး ပေါင်းစုံ၍ အနောက်ဘက်ဒေသသည် ရှုပ်ထွေးမှုများ အားလုံး ပေါင်းစုံရာ ဟင်းလေးအိုးကြီး ဖြစ်လာခဲ့သည်။ နောက်ဆုံး မဟာရွှမ်မင်းဆက်က ရှီကျိုးကို ပြန်လည်သိမ်းပိုက်ပြီးနောက် ချွမ်တုနိုင်ငံသည် အလယ်ပိုင်းလွင်ပြင်၏ တရားစီရင်မှုအောက်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုသို့ဖြင့် ချွမ်တုခရိုင်ကို ဖွဲ့စည်းလိုက်လေသည်။

ချွမ်တုခရိုင်သည် တာရွှယ်တောင်နှင့် ခွန်လွင်တောင် ဆုံသည့်နေရာမှာ တည်ရှိသည်။ တာရွှယ်တောင်သည် တစ်နှစ်ပတ်လုံး နှင်းများ အဆက်မပြတ် ကျဆင်းနေသောကြောင့် ယခင်က နှင်းဖြူတောင်ဟူသော အမည်ကို ရရှိခဲ့သည်။ ရွှေပြည်သစ်နိုင်ငံက ၎င်းကို ဂျယ်လိုမန်တောင်ဟု ခေါ်ဆိုခဲ့ပြီး အမြင့်ပေ ၂၄၀၀၀ ၊ အရှည် မိုင် ၁၅၀၀ နှင့် အကျယ် မိုင် ၂၀၀ ရှိလေသည်။ အမြင့်ဆုံး တောင်ထွတ်က တိုမူတောင်ထွတ် ဖြစ်ပြီး တာရွှယ်တောင်နန်းတော်သည် ထိုတောင်ထွတ်၏ အခြေမှာ တည်ရှိလေသည်။

ထျန်ကန်းခန်းမ တာအိုဆရာများသည် ရှစ်လပိုင်း ကုန်ခါနီးမှာ ကျောက်စိမ်းနေပြည်တော်ကနေ ထွက်လာခဲ့ကြသည်။ ရက် ၅၀ ကြာအောင် မိုင်ပေါင်းထောင်ချီ ခရီးသွားခဲ့ပြီးနောက် ချွမ်တုခရိုင်သို့ သူတို့ရောက်ရှိလာသည့် အချိန်မှာ ဆယ်လပိုင်း အစကို ရောက်ရှိနေပြီဖြစ်သည်။ လေ၊ နှင်းနှင့် အေးစက်နေသော လေပြင်းများကြောင့် လူတိုင်းက ခရီးပန်းနေကြပြီဖြစ်သည်။

ရှန်းထျန်သက်ရှိများထံ သာမန် ဖျားနာခြင်းများ ဝင်ရောက်ခြင်း မရှိသော်လည်း သူတို့က အအေးဒဏ်ကို ခံစားရဆဲဖြစ်သည်။ ဒါ့အပြင် သူတို့အများစုသည် စစ်တပ်သုံး အားဆေးလုံးများကိုသာ မှီဝဲခဲ့ရသည့်အတွက် ငြီးငွေ့နေကြပြီ ဖြစ်သည်။ ကံကောင်းစွာဖြင့် ဝူကောရှန်လီမှာ သူတို့၏ ရိက္ခာကို ပြန်လည်ဖြည့်တင်းနိုင်ခဲ့သည်။ သူတို့မှာ စစ်တပ်သုံး အားဆေးလုံးများ ကုန်ဆုံးသွားပြီဆိုလျှင် စွမ်းအင်ဖြည့်တင်းဖို့အတွက် ကျောက်ခဲများလို မာကျောသည့် ရိက္ခာခြောက်များက နောက်ဆုံး မှီခိုအားထားရာ ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့်ပင် ကျန်းယွဲ့လုသည် ချွမ်တုခရိုင်မှာ ရက်အနည်းငယ်ကြာ အနားယူပြီးမှ တာရွှယ်တောင်နန်းတော်သို့ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူတို့အုပ်စုက ခရိုင်ထဲသို့ ဝင်ရောက်လာသည့်အခါ စိတ်ဝင်စားမှုများစွာကို မရရှိပေ။ မည်သို့ပင်ဆိုစေ ဤခရိုင်သည် တာရွှယ်တောင်နန်းတော်နှင့် ဝေးကွာခြင်းမရှိဘဲ အနောက်ဘက်ဒေသ တာအိုစံအိမ်၏ အုပ်ချုပ်မှုအတွင်းမှာ ရှိနေသည်။

တာအိုဆရာ အများစုက ဤခရိုင်ကို မကြာခဏ ဖြတ်သွားလေ့ရှိသောကြောင့် ဤနေရာမှာ ခရီးတစ်ထောက် အနားယူရာစခန်းတစ်ခုလည်း ဖြစ်သော တာအိုဘုရားကျောင်း တစ်ခု ရှိလေသည်။ ထိုတာအိုဘုရားကျောင်းမှာ ဆရာတော်က ရှုဟွေ့ချန်ဟု အမည်ရပြီး အဆင့် ၇ တာအိုဆရာ တစ်ဦးဖြစ်သည်။ သူက ကိုင်ဝမ်ခွက်(အဖုံးပါသောခွက်) တစ်ခွက်ကို ကိုင်၍ လက်ဖက်ရည်ပူကို စုပ်သောက်နေ၏။ ဆောင်းတွင်းမှာ လေက အေးစက်လွန်းသော်လည်း ဤဘုရားကျောင်းသည် တာရွှယ်တောင်နန်းတော်၏ အုပ်ချုပ်မှုအောက်မှာ ရှိသောကြောင့် ငွေကြေးနှင့် မီးသွေး အလုံအလောက်ရှိပြီး ဘုရားကျောင်း၏ ခေါင်မိုးကို နွေးထွေးနေစေသည်။

ဤအခိုက်အတန့်မှာ ငယ်ရွယ်သော အဆင့် ၉ တာအိုဆရာ တစ်ဦးက တံခါးကို တွန်းဖွင့်၍ ဝင်ရောက်လာပြီး အစီရင်ခံ တင်ပြလိုက်၏။

“ဆရာတော်ရှု၊ လူတွေအများကြီး ရောက်လာကြတယ်”

“လူတွေ အများကြီးလား။ သူတို့တွေက ထျန်ကန်းခန်းမက များလား။ ဒီနှစ်ထဲ ဘာတွေ ဖြစ်နေတာပါလိမ့်။ နတ်ဆရာဂိုဏ်းက သောင်းကျန်းလို့ မပြီးနိုင်သေးဘူးလား။”

ရှုဟွေ့ချန်က ကိုင်ဝမ်ခွက်ကို ကပျာကယာ ချပြီး မတ်တတ်ထရပ်ကာ ဧည့်သည်များကို ကြိုဆိုရန် ထွက်ခွာသွား၏။

ရှုဟွေ့ချန်က တာအိုဘုရားကျောင်း၏ ဝင်ပေါက်သို့ ရောက်ရှိလာပြီး ခွန်လွင်တာအိုဘုရားကျောင်း အမှတ်သားနှင့်အတူ ဆင်တူခြုံထည်များနှင့် မြင်းစီးလာသည့် လူသုံးလေးဆယ်ကို တွေ့မြင်သောအခါ ဤလူအုပ်စုသည် ထျန်ကန်းခန်းမမှာ ဖြစ်သည်ကို သူက သေချာသိရှိသွားလေသည်။ ရှုဟွေ့ချန်က သူတို့ကို ကြည့်ပြီး ခေါင်းဆောင်က ဘယ်သူဖြစ်သလဲ ပုံဖော်ကြည့်နေ၏။

ထိုစဉ် လူငယ်တစ်ဦးက ပြောလိုက်၏။

“ကျွန်တော်တို့တွေက တာရွှယ်တောင်နန်းတော်ကိုသွားမယ့် ထျန်ကန်းခန်းမက တာအိုဆရာတွေပါ။ ကျေးဇူးပြုပြီး ကျုပ်တို့အတွက် နေစရာနဲ့ စားစရာ စီစဉ်ပေးနိုင်မလား။”

ရှုဟွေ့ချန်က ထျန်ကန်းခန်းမ ဟူသော အသံကို ကြားရသည့်အချိန်မှာ သူ၏ ခန့်မှန်းချက်ကို အတည်ပြုနိုင်သွားပြီး အလောတကြီး ပြောလိုက်၏။

“ရတာပေါ့ ရတာပေါ့”

လူငယ်က ထပ်ပြောလိုက်၏။ “ဒါက ကျုပ်တို့ရဲ့ လက်ထောက်ခန်းမသခင်ကျန်းနဲ့ ကြီးကြပ်ရေးမှူး လင်းချွမ်ကျီပါ။ သူတို့နှစ်ဦးစလုံးက အဆင့်-၄ ကျိကျိုးတာအိုအကြီးအကဲတွေပဲ။ အဲဒါကြောင့် သူတို့အတွက် သင့်တင့်လျောက်ပတ်တဲ့ အခန်းတွေကို စီစဉ်ပေးပါ”

ရှုဟွေ့ချန်က တုန်လှုပ်သွား၏။ နောက်ထပ် လက်ထောက်ခန်းမသခင် တစ်ဦးလား။ ထျန်ကန်းခန်းမက လက်ထောက်ခန်းမသခင် နှစ်ဦးက အနောက်ဘက်ဒေသ တာအိုစံအိမ်ကို ထွက်ခွာသွားခဲ့ပြီ မဟုတ်ဘူးလား။ သူတို့တွေက အခု ဘာလို့ နောက်ထပ်တစ်ယောက်ကို ထပ်ပြီး လွှတ်လိုက်တာလဲ။ တာအိုဂိုဏ်းတော်က နတ်ဆရာဂိုဏ်းနဲ့ စစ်ပွဲကို တစ်ခါတည်း အပြတ်ဖြတ်ဖို့ ကြံနေတာလား။

ထိုသို့တွေးရင်း ရှုဟွေ့ချန်က အဆင့် ၄ တာအိုအကြီးအကဲ နှစ်ဦးရှိရာဘက်သို့ ကြည့်လိုက်၏။ တစ်ဦးက သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး နောက်တစ်ဦးက ငယ်ရွယ်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။ ထို့ကြောင့် သက်လတ်ပိုင်းအရွယ် အမျိုးသားက လက်ထောက်ခန်းမသခင် ဖြစ်ပြီး ငယ်ရွယ်သော အမျိုးသမီးက ကျိကျိုးတာအိုဆရာကြီး ဖြစ်မည်ဟု ရှုဟွေ့ချန်က ယူဆလိုက်၏။ သူက လင်းချွမ်ကျီကို ဂါရဝပြုပြီး ပြောလိုက်၏။

“မင်္ဂလာပါ လက်ထောက်ခန်းမသခင် ကျန်း”

ထို့နောက် သူက ကျန်းယွဲ့လုကို အရိုအသေ ပေးလိုက်၏။

“မင်္ဂလာပါ ကြီးကြပ်ရေးမှူး လင်းချွမ်ကျီ”

ထိုအချိန်မှာ လူတိုင်းက အသံထွက်ကာ ရယ်မောလိုက်ကြ၏။ မျက်နှာတည်သော လင်းချွမ်ကျီပင်လျှင် ပြုံးယောင်သန်းသွားလေသည်။ ကျန်းယွဲ့လုက ရှုဟွေ့ချန်ကို အမှန်ပြင်ပေးဖို့ စိတ်ကူးမရှိပေ။ သူမက အမိန့်ပေးလိုက်၏။

“အမှုဆောင်ချီ... ကျေးဇူးပြုပြီး စီစဉ်စရာရှိတာတွေကို ဝိုင်းကူပေးလိုက်ပါဦး”

အခြားသူများ၏ ရှေ့မှာ သူတို့က တစ်ယောက်ကိုတစ်ယောက် ဘွဲ့အမည်တပ်ကာ ခေါ်ဝေါ်ကြဆဲဖြစ်သည်။ ဘာကြောင့်ရယ်မသိ ကျန်းယွဲ့လုသည် ကိစ္စတိုင်းကို ချီရွှမ်းစုထံ လွှဲအပ်ပေးတတ်လာသည်။ သူက သူမ အလိုရှိသည့်အချိန်တိုင်း အသုံးချနိုင်သည့် အစေအပါးတစ်ဦး ဖြစ်လာသည့်လားပင်။ ဤအချက်ကြောင့်ပင် ကျန်းယွဲ့လုနှင့် ချီရွှမ်းစုမှာ ထူးခြားသော ဆက်ဆံရေးတစ်ခု ရှိနေမည်ဟု အခြားသူများက ထင်မြင်ကြခြင်းဖြစ်သည်။

ချီရွှမ်းစုက အစ်မချီ၏ လက်အောက်မှာ နေရသည်နှင့် အသားကျနေပြီဖြစ်၍ များစွာ စဉ်းစားတွေးတောခြင်း မရှိဘဲ သူမ၏ အမိန့်ကို လွယ်လင့်တကူ သဘောတူ လက်ခံလိုက်သည်။ ထိုသို့အပြီးမှာ ကျန်းယွဲ့လုနှင့် သူမ၏ အခြွေအရံများက တာအိုဘုရားကျောင်းထဲသို့ ဝင်ရောက်သွားကြ၏။

ချီရွှမ်းစုက နောက်မှာ ကျန်ရစ်ခဲ့ပြီး ရှုဟွေ့ချန်ကို ရှင်းပြလိုက်၏။

“ဆရာတော် ခင်ဗျား အမှတ်မှားနေပြီ။ စောစောက ငယ်ရွယ်တဲ့ အမျိုးသမီးက လက်ထောက်ခန်းမသခင် ကျန်း ပါ”

ရှုဟွေ့ချန်က အံ့အားသင့်သွား၏။

“ဘယ်လို... ဒီလောက် ငယ်ရွယ်တဲ့ လက်ထောက်ခန်းမသခင် တစ်ဦးရှိတာ ကျုပ် မသိရပါလား”

ချီရွှမ်းစုက ပြောလိုက်၏။

“ဒီလက်ထောက်ခန်းမသခင်က ရှန်ချင်းစီရင်စုရဲ့ ကျန်းမိသားစုဝင် တစ်ဦးပဲ။ သူက ထျန်ကန်းခန်းမရဲ့ လက်ထောက်ခန်းမသခင် အဖြစ် မကြာသေးခင်ကမှ မဟာသူတော်စင်လွင်ကျစ် ကိုယ်တိုင် ခန့်အပ်ထားတဲ့ အဆင့်-၄ ကျိကျိုးတာအိုအကြီးအကဲပဲ။”

ကျန်းယွဲ့လုသည် ဤကဲ့သို့ ထင်ရှားကျော်ကြားသော မိသားစုတစ်ခုမှ ဖြစ်ပြီး ဤမျှ ငယ်ရွယ်သော အသက်အရွယ်မှာပင် မဟာသူတော်စင်လွင်ကျစ်၏ ရာထူးတိုးမြှင့်ပေးခြင်း ခံထားရသည်ကို သိရှိရသောအခါ ရှုဟွေ့ချန်က ရင်ထဲမှာ တုန်ယင်သွား၏။ သူမမှာ တကယ့်ကို တောက်ပသည့် အနာဂတ် ရှိနေသည်။ သူမသည် တစ်နေ့မှာ ရွှေနန်းမြင့်မျှော်စင်တွင် ရာထူးတစ်ခုကိုပင် ရရှိနိုင်လောက်လေသည်။ သူက လက်ထောက်ခန်းမသခင်ကို စိတ်ခုသွားစေမိသလား စဉ်းစားရင်း ရုတ်တရက် မအီမသာ ခံစားလာရသည်။

ချီရွှမ်းစုက သူ၏ အမူအရာကို ဖတ်မိပြီး သူ့ကို နှစ်သိမ့်ပေးလိုက်၏။

“လက်ထောက်ခန်းမသခင်ကျန်းက ဇီဇာကြောင်တတ်တဲ့သူ မဟုတ်ပါဘူး။ သူက ဒါကို စိတ်ထဲမှာ ထည့်မှတ်ထားမှာ မဟုတ်ဘူး။ ကျုပ်တို့အတွက် သင့်တင့်လျောက်ပတ်တဲ့ နေရာထိုင်ခင်းကိုသာ စီစဉ်ပေးလိုက်ပါ။ ယခု ဒီအုပ်စုထဲမှာ အဆင့် ၆ တာအိုဆရာ တစ်ဦးလည်း ပါတယ်။ ကျန်တဲ့ ကျုပ်တို့တွေ အားလုံးကတော့ အဆင့် ၇ တွေချည်းပါပဲ။”

ရှုဟွေ့ချန်က တုန်လှုပ်၍ နောက်ထပ် အမှားပြုလုပ်မိပြီကိုစိုးပြီး သေသေချာချာ မှတ်သားထားလိုက်၏။ ချီရွှမ်းစုက ရှင်းပြပြီးနောက် ရှုဟွေ့ချန်က အခန်းများကို စီစဉ်ပေးရန် သူ၏ လက်အောက်ငယ်သားများကို ခိုင်းစေလိုက်လေသည်။

All Chapters