အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အခန်း။ ၄၅
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ချန်ကျီရှင်းကို ဗဟိုပြု၍ ရာနှင့်ချီသော မိစ္ဆာကြီးများသည် အရပ်မျက်နှာအနှံ့သို့ ငှက်ပျံသလို၊ သားရဲပြေးသလို အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားကြတော့သည်။
“မြန်မြန်လှုပ်ရှားကြစမ်း သခင်ကြီးအတွက် လူသားမျိုးနွယ်ရဲ့ ဂူဗိမာန်ကို ဝိုင်းရှာပေးကြ”
“တစ်နာရီအတွင်း ရှာမတွေ့ရင် မင်းတို့အားလုံး သေရမယ်”
“မြန်မြန်လုပ်”
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထင်းရှူးအပ်ပင် တောအုပ်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ ဤမိစ္ဆာကြီး တစ်ရာကျော်၏ အမိန့်ပေးမှုအောက်တွင် ထောင်နှင့်ချီသော မိစ္ဆာအကြီးအငယ်များသည် ကောင်းကင်သို့ ပျံတက်သူကပျံ၊ မြေအောက်သို့ တိုးဝင်သူကတိုးဖြင့် တာအိုဆရာ ကျိုဖုန်း၏ ဂူဗိမာန်ကို အသည်းအသန် စတင်ရှာဖွေကြတော့သည်။
ချန်ကျီရှင်းမှာမူ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေရင်း သူ၏ စိတ်ဝိညာဉ်အာရုံအမျှင်တန်းများကို ရေကူးနေသည့် ငါးလေးများအလား အရပ်မျက်နှာအနှံ့သို့ လွှတ်တင်လိုက်ပြီး ထိုမိစ္ဆာကြီးများ၏ ကိုယ်ပေါ်တွင် ကပ်တွယ်စေလိုက်သည်။
“သခင်လေး... နောက်ထပ် ဘာဆက်လုပ်မလဲ”
ဓားဝိညာဉ် ချင်းအာ၏ အသံထွက်ပေါ်လာသည်။
“စောင့်ရုံပဲ”
ချန်ကျီရှင်းက မျက်လုံးမှိတ်ကာ စိတ်ဝိညာဉ်ကို ပြန်လည်ပြုစုပျိုးထောင်နေလိုက်သည်။
မိနစ်သုံးဆယ်ခန့်အကြာတွင် ချန်ကျီရှင်း၏ စိတ်ဝိညာဉ်အာရုံမှတစ်ဆင့် ရိုသေကျိုးနွံသော အသံတစ်ခု သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
“သခင်ကြီး... ကျွန်တော်တို့ ရှာတွေ့ပါပြီ”
ချက်ချင်းဆိုသလိုပင် ချန်ကျီရှင်း၏ မျက်လုံးများ ပွင့်လာပြီး မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။
“ကောင်းပြီ”
ချန်ကျီရှင်း ထိုနေရာသို့ ရောက်ရှိသွားချိန်တွင် သတင်းရရှိသော အခြားမိစ္ဆာကြီးများမှာ လူစုခွဲသွားကြပြီဖြစ်ပြီး ရှဉ့်မိစ္ဆာ လေးတစ်ကောင်သာလျှင် ချန်ကျီရှင်းကို အသည်းတယားယားဖြင့် စောင့်ကြိုနေသည်ကို တွေ့လိုက်ရသည်။
ကမ်းပါးယံတစ်ခု၏ အလယ်ဗဟိုတွင် နွယ်ပင်များစွာ ဖုံးအုပ်ထားသည့် ဂူပေါက်တစ်ခု ရှိနေသည်။ သာမန်လူဆိုလျှင် ဤနေရာကို ဘယ်လိုမှ ရှာတွေ့နိုင်မည်မဟုတ်ပေ။ ဂူဝ၏ ဘေးတွင်တော့ မြေပြင်ထဲသို့ စောင်းလျက်သား စိုက်ဝင်နေသော ရှေးဟောင်းကျောက်စာတိုင်တစ်ခုရှိပြီး ၎င်းပေါ်တွင် မှိန်ဖျော့ဖျော့ စာလုံးကြီးများ ရေးထိုးထားသည်။
“ကျိုဖုန်း၏ ဂူဗိမာန်”
“တော်တယ်”
ချန်ကျီရှင်းက အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သကြားလုံးအရွယ်အစားရှိသော ဆေးလုံးလေးတစ်လုံး ပေါ်လာပြီး ထိုရှဉ့်လေးထံသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်သည်။
“သခင်ကြီးရဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ နောင်တစ်ချိန်မှာ ကျွန်တော် မိစ္ဆာကြီးတစ်ကောင် ဖြစ်လာရင် သခင်ကြီးရဲ့ ကျေးဇူးကို အဆပေါင်းများစွာ ပြန်ဆပ်ပါ့မယ်”
ရှဉ့်လေးသည် ဘေးလွတ်ရာသို့ အမြန်ပြေးလွှားသွားသလိုမျိုး ချန်ကျီရှင်းကို ကျေးဇူးတင်စကားများ တတွတ်တွတ်ပြောကာ ဆေးလုံးကို ရိုသေစွာ လက်ခံရယူပြီးနောက် ပျောက်ကွယ်သွားတော့သည်။ ၎င်းကဲ့သို့သော မိစ္ဆာအငယ်စားလေးအတွက် အခြေခံအုတ်မြစ်ချဆေးလုံး တစ်လုံးသည် သူ၏ကံကြမ္မာကို ပြောင်းလဲပစ်ရန် လုံလောက်သည်။
ချန်ကျီရှင်းက ထိုအရာကို ဂရုမစိုက်ဘဲ အသက်ကို ပြင်းပြင်းရှူသွင်းကာ ဂူနက်ကြီး၏ အတွင်းပိုင်းသို့ စူးစိုက်ကြည့်လိုက်သည်။ ဂူ၏အတွင်းပိုင်းမှာ မှောင်အတိကျနေပြီး အထဲမှ အေးစက်လှသော လေအေးများ တိုက်ခတ်နေသည်။
ချန်ကျီရှင်းသည် တည်ငြိမ်သော ခြေလှမ်းများဖြင့် အတွင်းသို့ လှမ်းဝင်သွား၏။
မကြာမီမှာပင် လေးလံလှသော ကြေးညိုရောင် ကျောက်တံခါးကြီးတစ်ချပ် ချန်ကျီရှင်း၏ရှေ့တွင် ပေါ်လာသည်။ ထိုကြေးညိုတံခါးပေါ်တွင် ယနေ့ခေတ်ကာလတွင် မသုံးတော့သည့် ရှေးဟောင်းတံဆိပ်ခတ်စာလုံးများဖြင့် ရေးထိုးထားသော စာအချို့ရှိနေသည်။
ချန်ကျီရှင်းက မျက်မှောင်ကြုတ်ကာ ဖတ်ကြည့်လိုက်၏။
[ငါ့အမည်က ကျိုဖုန်း။ ငါ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်ကို စတင်ခြေချကတည်းက နေ့ရောညပါ မနားတမ်း ကြိုးစားခဲ့တာ။ ဒါပေမဲ့... ဒီမဟာတာအိုဆိုတာကြီးက တရားမျှတမှု မရှိဘူး။ လူတွေကို အဆင့်အတန်း အမျိုးမျိုး ခွဲခြားထားပြီး တချို့ကိုတော့ အခွင့်အရေးတွေ ပုံပေးထားပေမဲ့ ငါ့လိုလူကျတော့….]
ပထမပိုင်းမှာ တာအိုဆရာ ကျိုဖုန်းက သူ၏ဘဝအတွေ့အကြုံများကို ပြန်ပြောင်းပြောပြထားခြင်း ဖြစ်သည်။ အဓိကအားဖြင့် သူသည် မည်မျှပင် ကြိုးစားခဲ့သော်လည်း မွေးရာပါပါရမီနှင့် ယှဉ်လျှင် ထိုကြိုးစားမှုများမှာ အချည်းနှီးသာဖြစ်ကြောင်း စသည်ဖြင့် ရေးသားထားခြင်းပင်။
ချန်ကျီရှင်းသည် တာအိုဆရာ၏ ဘဝဇာတ်ကြောင်းကို ဖတ်ရန် စိတ်မပါသဖြင့် စာ၏အဆုံးပိုင်းသို့ တိုက်ရိုက်ကြည့်လိုက်သည်။
[ငါ့တစ်သက်လုံး ကောင်းကင်၊ မြေပြင်နဲ့ လူသားတွေအားလုံးကို ဆန့်ကျင်ပြီး တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ အချိန်တန်လို့ ပြန်ကြည့်လိုက်တဲ့အခါမှာတော့ ငါ့မှာ ဆွေးမြည့်နေတဲ့ ခန္ဓာကိုယ်တစ်ခုပဲ ကျန်တော့တယ်...
အခုတော့ ကောင်းကင်ဘုံရဲ့ ဆုတ်ယုတ်ခြင်းငါးပါးက ငါ့ဆီ ချဉ်းကပ်လာပြီ။ ငါ့ဘဝရဲ့ နိဂုံးက တကယ်ကို နီးနေပြီ။ ငါ့ရဲ့ မဟာတာအို လမ်းစဉ်ကလည်း ဒီမှာတင် ပြတ်တောက်သွားခဲ့ပြီ။ ဒီဘဝကို ပြန်ဆင်ခြင်ကြည့်တော့လည်း ခဏတာ မက်ခဲ့တဲ့ အိမ်မက်တစ်ခုလိုပါပဲ...
လူတစ်ယောက် ရခဲ့သမျှ၊ အောင်မြင်ခဲ့သမျှ တာအိုတွေအားလုံးက ကောင်းကင်နဲ့ မြေပြင်က ကြိုတင်သတ်မှတ်ထားတာပဲဆိုတာ အခုမှ ငါ သိလိုက်ရတယ်။ ငါ့ရဲ့ ရုန်းကန်မှုတွေ၊ တိုက်ခိုက်မှုတွေ အားလုံးက အလဟဿတွေပါပဲ။ ငါ့မှာ အဖိုးတန်ရတနာတွေ ရှိခဲ့ပေမဲ့ ငါ့လမ်းက ဆုံးသွားပြီဆိုတော့ ဒါတွေကလည်း အသုံးမဝင်တော့ဘူး။
ဒါကြောင့် ငါ့နောက်က လိုက်လာမယ့် ကံပါတဲ့သူတွေအတွက် ဒီရတနာတွေကို ငါနဲ့အတူ မြှုပ်နှံခဲ့တယ်။ ဒါပေမဲ့ ဒီဂူဗိမာန်မှာ အတားအဆီး ၃ ခုနဲ့ မေးခွန်း ၃ ခု ငါ ထားခဲ့မယ်။ အဲဒီမေးခွန်းတွေကို ဖြေနိုင်တဲ့သူပဲ ဒီရတနာတွေနဲ့ ထိုက်တန်လိမ့်မယ်။
ငါ့ရဲ့ ပထမဆုံးမေးခွန်းကတော့... တာအိုဆိုတာ ဘာလဲ…]
ထိုနေရာတွင် ကြေးညိုတံခါးပေါ်ရှိ စာတမ်းများမှာ ဆုံးသွားတော့သည်။
“ဂူဗိမာန်ထဲဝင်ဖို့ မေးခွန်းတွေ ဖြေရဦးမယ်ပေါ့”
ချန်ကျီရှင်းက မျက်မှောင်အသာကြုတ်လိုက်မိသည်။
ပင့်ကူအိမ်အဖွဲ့က အချိန်မရွေး တိုက်ခိုက်လာတော့မည့် အခြေအနေတွင် သူသည် ဤနေရာ၌ အချိန်ဖြုန်းနေ၍ မဖြစ်တော့ပေ။
ချန်ကျီရှင်းက အသက်ကို ပြင်းပြင်းရှူလိုက်ရင်း "ချင်းအာ... တကယ်လို့ မင်းအလိုချင်ဆုံးအရာတစ်ခုက သေတ္တာတစ်လုံးထဲမှာ ပိတ်ထားပြီး အဲဒါကိုဖွင့်ဖို့ သော့လိုနေမယ်ဆိုရင် မင်း အဲဒါကို ဘယ်လိုရအောင်ယူမလဲ"
ဓားဝိညာဉ် ချင်းအာက ခဏတာ ကြောင်အမ်းသွားပြီး နားမလည်သလို ဖြစ်သွားသော်လည်း သူမ၏ ဗီဇအတိုင်းပင် ပြန်ဖြေလိုက်သည်။
"ကျွန်မသာဆိုရင်တော့ သေတ္တာကို ဖွင့်နိုင်မယ့် နည်းလမ်းကိုပဲ အရင်ရှာမှာပေါ့..."
"မှားတယ်"
သူမ စကားမဆုံးမီမှာပင် ချန်ကျီရှင်းက ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီး သူ၏ ညာလက်မောင်းကို လခြမ်းပုံသဏ္ဌာန် နောက်သို့ ဆွဲဆန့်လိုက်သည်။ သူ၏ ညာလက်သီးအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော နွားမိစ္ဆာ ကြယ်စင်စွမ်းအားများ စုစည်းလာတော့သည်။
သူ၏ နောက်ကျောဘက်တွင်မူ နွားမိစ္ဆာနက်ကြီးများ၏ အရိပ်အယောင်များ ပေါ်ပေါက်လာပြီး ကောင်းကင်ကို မော့ကြည့်ကာ ကြယ်တာရာများကို ရိုက်ခွဲပစ်မည့် ပုံရိပ်ယောင်များနှင့်အတူ တုန်လှုပ်ချောက်ချားဖွယ် အားအင်များ ထွက်ပေါ်လာသည်။
"မှန်ကန်တဲ့ အဖြေကတော့ သေတ္တာကို တိုက်ရိုက် ရိုက်ခွဲပစ်လိုက်ဖို့ပဲ"
"နွားမိစ္ဆာ... ကောင်းကင်ဖြို လက်သီး"
ခဏချင်းမှာပင် ချန်ကျီရှင်းက ကြေးညိုကျောက်တံခါးကြီးကို အရှိန်ဖြင့် ထိုးချလိုက်သည်။
"ဝုန်း... ဝုန်း... ဝုန်း"
တောင်ပေါင်းတစ်ရာကို လှုပ်ခါနိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားတို့က ကျိုးပေါက်သွားသော ဆည်တစ်ခုမှ ရေများကဲ့သို့ပင် ဒလဟော ထွက်ပေါ်လာသည်။ အနက်ရောင် နောက်ဆက်တွဲ ရိုက်ခတ်မှုလှိုင်းကြီးက ရှေ့သို့ တိုးဝင်သွားပြီး ကြေးညိုတံခါးကြီး တစ်ခုလုံးကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ရိုက်ခွဲပစ်လိုက်သည်။
ထို့တင်မကဘဲ ဒုတိယတံခါး၊ တတိယတံခါးများပါ တစ်ဆက်တည်း ပွင့်ထွက်သွားသည်။ တာအိုဆရာ ကျိုဖုန်းသည် သူ၏ ဘဝသက်တမ်းတစ်လျှောက် သတ်မှတ်ခဲ့သော မေးခွန်းသုံးခုပါသည့် ကျောက်တံခါး သုံးချပ်လုံးမှာ ဤလက်သီးတစ်ချက်တည်းနှင့်ပင် အကုန်အစင် အပေါက်ဖောက်ခံလိုက်ရခြင်းပင်။
"မြင်တဲ့အတိုင်းပဲ... တစ်ခါတလေမှာ ကိစ္စတွေကို ရိုးရှင်းအောင် လုပ်လိုက်တာက အထိရောက်ဆုံး အဖြေပဲ"
ချန်ကျီရှင်းက သူ၏ လက်မောင်းကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး အတွင်းသို့ အေးအေးဆေးဆေး လှမ်းဝင်သွားသည်။ နတ်ဘုရားဓား ချင်းကျစ်၏ အတွင်းဟင်းလင်းပြင်ထဲတွင်မူ ဓားဝိညာဉ် ချင်းအာတစ်ယောက် ဆွံ့အလျက် ကျန်ရစ်ခဲ့တော့သည်။
တကယ်ကြီး လက်သီးတစ်ချက်နဲ့ ရိုက်ခွဲပစ်လိုက်တာလား။ ဒါက တကယ်ရော ဖြစ်နိုင်ပါ့မလား။
နောက်တစ်စက္ကန့်တွင် ချင်းအာတစ်ကိုယ်လုံး တုန်တက်သွားပြီး သူမ၏ စိတ်ထဲ၌ မကောင်းသော အငွေ့အသက်များ ဖြစ်ပေါ်လာသည်။
တကယ်တော့ ဓားနတ်ဘုရားရဲ့ အမွေအနှစ်နေရာမှာလည်း အခုလို စမ်းသပ်မှုမျိုးတွေ ရှိနေတာပဲ မဟုတ်ဘူးလား။ သခင်လေးသာ အဲဒီနေရာကို ရောက်သွားမယ်ဆိုရင်လည်း အခုလိုပဲ အေးအေးဆေးဆေး ကျော်ဖြတ်နိုင်မှာ အသေအချာပဲ။
ဓားဝိညာဉ်မလေး ချင်းအာသည် လည်ချောင်းတစ်ချက် လှုပ်ခတ်သွားပြီး ရေငတ်သကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ အတွေးများ မဆုံးမီမှာပင် ချန်ကျီရှင်းမှာမူ ရဲရင့်ပြတ်သားသော ခြေလှမ်းများဖြင့် ရှေ့သို့ တိုးဝင်သွားကာ ဒုတိယနှင့် တတိယမြောက် ပျက်စီးနေသော ကျောက်တံခါးချပ်များပေါ်တွင် မေးခွန်းနှစ်ခုကို ရေးထိုးထားသည်။
အတတ်ပညာဆိုတာ ဘာလဲ။
ကျွမ်းကျင်မှုဆိုတာက ဘာလဲ။
"ဘယ်သူက ပိုသန်မာသလဲ ဘယ်သူ့လက်သီးက ပိုကြီးသလဲ... အဲဒါက တာအိုပဲ။ အဲဒါက အတတ်ပညာပဲ။ အဲဒါက ကျွမ်းကျင်မှုပဲ။ အဓိပ္ပာယ်မရှိတဲ့ မေးခွန်းတွေပါလား"
ချန်ကျီရှင်းက တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် တတိယမြောက် ကျောက်တံခါးကို ကျော်ဖြတ်ကာ ဂူသင်္ချိုင်း၏ အနက်ရှိုင်းဆုံးဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားခဲ့သည်။ ဂူသင်္ချိုင်း၏ အဆုံးသတ်တွင် ဆယ်မီတာပတ်လည်ခန့်ရှိသော ကျောက်ခန်းမတစ်ခု ရှိနေ၏။ ထိုကျောက်ခန်းမ၏ အလယ်ဗဟို၌ ဆွေးမြည့်နေပြီဖြစ်သော တာအိုဝတ်စုံကို ဆင်မြန်းထားသည့် အရိုးစုတစ်ခုမှာ ဆုတောင်းကော်ဇောပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လျက်ရှိသည်။
အမှားအယွင်း မရှိနိုင်လျှင် ဤအရိုးစုမှာ တာအိုဆရာကြီး ကျိုဖုန်းပင်။ ထိုအရိုးစုမှာ သေဆုံးသွားသည့်တိုင် အငြိုးအတေး မပြယ်နိုင်သေးသကဲ့သို့ ကောင်းကင်ယံသို့ မော့ကြည့်နေဆဲပင်။
"နှောင့်ယှက်မိတာ ခွင့်လွှတ်ပါ"
ချန်ကျီရှင်းက ထိုအရိုးစုကို လေးစားစွာဖြင့် ဦးညွှတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူတစ်ပါး၏ ဂူသင်္ချိုင်းအတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်ကာ ပစ္စည်းများကို ယူဆောင်ရသည်မှာ ချန်ကျီရှင်းအတွက် အနည်းငယ် အားနာစိတ် ဖြစ်ပေါ်စေသောကြောင့်ပင်။
ထို့နောက် ချန်ကျီရှင်းသည် အရိုးစုကို ဘေးမှ ပတ်ကျော်ကာ တာအိုဆရာကြီး ကျိုဖုန်း၏ ရုပ်အကြွင်းနောက်ဘက်ရှိ ကျောက်စားပွဲရှေ့တွင် ရပ်တန့်လိုက်သည်။
ကျောက်စားပွဲပေါ်တွင် ဘယ်ဘက်မှ ညာဘက်သို့ ပစ္စည်းသုံးခုကို အစဉ်လိုက် တင်ထားသည်။ အစွန်ဆုံး ဘယ်ဘက်တွင် ရှေးဟောင်း စက္ကူပြာဖြင့် ချုပ်လုပ်ထားသော စာအုပ်တစ်အုပ်ရှိပြီး ၎င်းအပေါ်တွင် ရှေးဆန်၍ ရိုးရှင်းသော စုတ်ချက်များဖြင့် စာတစ်ကြောင်းကို ဒေါင်လိုက် ရေးထိုးထားသည်။
ကိုးပါးသော နတ်ဘုရား အတတ်ပညာ…
ချန်ကျီရှင်းသည် လေပူတစ်ချက်ကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ရင်း မသိမသာ ပြုံးလိုက်မိသည်။
"ရပြီ"
ချန်ကျီရှင်းက လက်လှမ်းလိုက်ပြီး ကိုးပါးသော နတ်ဘုရား အတတ်ပညာ စာအုပ်ကို သူ၏ အင်္ကျီလက်အတွင်းသို့ ထည့်လိုက်သည်။ ဤအတတ်ပညာရှိလျှင် သူ၏ ဖြစ်တည်မှုအစစ်အမှန်နယ်ပယ်သည် ယနေ့ခေတ်လောကတွင် မည်သူနှင့်မျှ မတူသော လမ်းစဉ်သစ်တစ်ခုကို ဖောက်ထွက်နိုင်လိမ့်မည်ဟု သူ သိထားသည်။
ထို့နောက် ချန်ကျီရှင်းသည် ဒုတိယမြောက် ပစ္စည်းကို လှမ်းကြည့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ တစ်ကိုယ်လုံး တုန်ရင်သွားကာ မျက်စိသူငယ်အိမ်များမှာလည်း ရုတ်တရက် ကျုံ့ဝင်သွားတော့သည်။
"ဟင်... ဒါက ဘာလို့ ဒီမှာ ရှိနေတာလဲ"
အခန်း။ ၄၆
ကျောက်စားပွဲပေါ်ဝယ် ဒုတိယမြောက် ပစ္စည်းမှာလည်း စာအုပ်တစ်အုပ်ပင်။
စာအုပ်တစ်အုပ်လုံးကို နူးညံ့သော သိုးသားရေဖြင့် ပြုလုပ်ထားပြီး နီရဲသော မျက်နှာဖုံးပေါ်
တွင်မူ နက်မှောင်သော အပြာရောင် ဒေါင်လိုက်မျက်လုံးတစ်လုံးကို ရေးဆွဲထားသည်။
နက်ရှိုင်းခြင်း၊ အေးစက်ခြင်း၊ ယုတ်မာခြင်း၊ တောင့်တင်းခိုင်မာခြင်း၊ ကောက်ကျစ်ခြင်းနှင့် ဖရိုဖရဲဖြစ်ခြင်း...
ထိုနက်ပြာရောင် ဒေါင်လိုက်မျက်လုံး၏ သဘာဝကို ဖော်ပြရန် မည်သည့်စကားလုံးမျှ မလုံလောက်နိုင်ပေ။
ချန်ကျီရှင်းက ထိုသိုးသားရေစာအုပ်ကို ကြည့်လိုက်သောအခါ မျက်နှာဖုံးပေါ်ရှိ မျက်လုံးကလည်း သူ့ကို ထူးဆန်းအံ့သြဖွယ် ပြန်လည်စိုက်ကြည့်နေသယောင်ပင်။
ထိုမျက်လုံး၏ ဘေးတွင်မူ လက်ရေးစုတ်ဖြင့် ပေါ့ပေါ့ဆဆ ရေးသားထားသော ရှေးဟောင်းစာလုံးသုံးလုံး ရှိနေ၏။ ၎င်းမှာ ဆင်းရဲခြင်းလမ်းစဉ်ပင်။
ချန်ကျီရှင်း၏ အကြည့်တို့ တင်းမာသွားသည်။
ဒီစာအုပ်က ဘာလို့ဒီနေရာကို ရောက်နေရတာလဲ။
ဆင်းရဲခြင်းလမ်းစဉ် ဆိုသည်မှာ စာအုပ်တစ်အုပ်ထက်စာလျှင် မိစ္ဆာအတတ်တစ်ခုဟု ဆိုပါက ပို၍မှန်ကန်ပေလိမ့်မည်။
၎င်း၏ ကျင့်ကြံခြင်းနည်းလမ်းမှာ အလွန်ပင် ရိုးရှင်းလှ၏။ လူတစ်ယောက်သည် နာကျင်မှုကို ခံစားရသရွေ့ အင်အားကို ရရှိနေမည်ဖြစ်သည်။
နာကျင်မှု ပိုမိုနက်ရှိုင်းလေလေ ရရှိမည့် အင်အားက ပိုမိုကြီးမားလေလေပင်။
ဤနည်းလမ်းကို မည်သူက တီထွင်ခဲ့သည်ကို မည်သူမျှ မသိရှိကြပေ။ သူ၏ အတိတ်ဘဝ မဟာကျင့်ကြံခြင်းဂိမ်းလောကထဲတွင်ပင် ဤအတတ်ပညာ၏ မြစ်ဖျားခံရာကို ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိခဲ့ပေ။
သို့သော်လည်း အတိတ်ဘဝမှ မဟာကျင့်ကြံခြင်း ဂိမ်းကစားသူ အများအပြားကမူ ဤအတတ်ပညာကို ဖန်တီးသူမှာ ရှေးဦးကမ္ဘာဦးမြွေကြီးဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့ကြသည်။ ၎င်းကို ကမ္ဘာပတ်မြွေကြီး၊ ဆင်းရဲခြင်းမြွေကြီး သို့မဟုတ် မသေနိုင်သော မြွေကြီးဟုလည်း ခေါ်ဆိုကြသေးသည်။
ချန်ကျီရှင်းကိုယ်တိုင်လည်း ထိုခန့်မှန်းချက်ကို သဘောတူညီခဲ့ဖူးသည်။
အကြောင်းမှာ ဤနည်းလမ်းဖြင့် ရရှိလာသော ကျင့်ကြံခြင်းအင်အားမှာ အခြေအမြစ်မရှိဘဲ လွင့်မျောနေသော မှော်ကဲ့သို့ပင် ဖြစ်သောကြောင့်တည်း။ ၎င်းသည် မည်သည့်ကျင့်စဉ် သို့မဟုတ် ထွက်သက်ဝင်သက် လေ့ကျင့်ခန်းမျှ ပြုလုပ်ရန် မလိုအပ်ပေ။
ထိုအင်အားမှာ လေဟာနယ်ထဲမှ အလိုအလျောက် ပေါ်ထွက်လာသကဲ့သို့ပင်။
ချန်ကျီရှင်း၏ အမြင်အရမူ မိစ္ဆာနတ်ဘုရား အပေါ် ယုံကြည်ကိုးကွယ်မှုမှ ရရှိသော အင်အားမျိုးမှသာ ဤကဲ့သို့သော အရာကို ဖန်တီးနိုင်ပေလိမ့်မည်။
ဤကျင့်စဉ်မှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း ၎င်းသည် မည်မျှအထိ ကြောက်မက်
ဖွယ်ကောင်းကြောင်းကိုမူ ချန်ကျီရှင်း တစ်ယောက်သာလျှင် သိသည်။
ချန်ကျီရှင်း ပြန်လည်အမှတ်ရမိသည်မှာ မဟာကျင့်ကြံခြင်းဂိမ်း၏ အစောပိုင်းဇာတ်ကြောင်းတွင် အာလျန် အမည်ရှိသောသူတစ်ယောက်သည် ဤအတတ်ပညာကို လေ့ကျင့်ခဲ့ဖူးသည်။
အစပိုင်းတွင် အာလျန်၏ နာကျင်မှုမှာ အလွယ်တကူပင် ပြည့်စုံခဲ့သည်။
ရိုးရှင်းသော မိမိကိုယ်ကိုယ် ထိခိုက်နာကျင်အောင် ပြုလုပ်ခြင်းဖြင့်ပင် သူသည် အင်အားကို ရရှိခဲ့သည်။
သို့သော်လည်း လူတို့၏ သဘာဝမှာ ထုံထိုင်းသွားတတ်စမြဲပင်။
သူ့ကိုယ်သူ ထပ်တလဲလဲ နာကျင်အောင် ပြုလုပ်ခြင်းများပြားလာသောအခါ နာကျင်မှုကို ခံစားရမှုမှာ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။
နောက်ဆုံးတွင်မူ သာမန်နည်းဖြင့် သူ့ကိုယ်သူ နာကျင်အောင် ပြုလုပ်ခြင်းများမှာ အာလျန်ကို လုံးဝကျေနပ်မှု မပေးနိုင်တော့ပေ။
ထိုအခါ သူသည် သူ၏ နားရွက်များကို ကိုယ်တိုင်ဖြတ်တောက်လိုက်၏။ သူ၏ မျက်လုံးများကို ကိုယ်တိုင်ဖောက်ထုတ်ပစ်လိုက်ကာ သူ၏ နှာခေါင်းကိုလည်း ကိုယ်တိုင်ပင် ရိုက်ချိုးပစ်ခဲ့သည်။
သူသည် သူ၏အရိုးများကို တစ်လက်မချင်းစီ ရိုက်ချိုးကာ ခြေမွခဲ့သည်။ ထို့နောက် ဆင်းရဲခြင်းလမ်းစဉ်၏ မသေနိုင်သော ပြန်လည်ကုစားနိုင်စွမ်းအောက်တွင် ထိုအရိုးများမှာ ပြန်ဆက်သွားပြန်သည်။ ဤသို့ဖြင့် ထိုသံသရာဆိုးကြီးမှာ အဆုံးမရှိ တရစပ် လည်ပတ်နေခဲ့တော့သည်။
လက်ချောင်းများကို ရိုက်ချိုးခြင်း၊ အရိုးများကို ဆွဲထုတ်ခြင်း…
မျက်လုံးများကို ဖောက်ထုတ်ခြင်း၊ လျှာကို ဖြတ်တောက်ခြင်း….
ခြေလက်အင်္ဂါများကို အပိုင်းပိုင်းဖြတ်ခြင်း၊ ကျောရိုးတိုင်ကို ရိုက်ခွဲခြင်း….
အရေခွံနွှခြင်း တစ်ကိုယ်လုံးကို အသားလွှာမွှန်းခြင်း နွားလှည်းဖြင့် ဆွဲဆန့်ကွဲအက်စေခြင်း ဦးခေါင်းခွံကို ထုခြေခြင်း….
သူ၏ ကိုယ်ခန္ဓာအတွင်းသို့ အဆိပ်ရှိသော ပိုးမွှားများကို ထည့်သွင်းကာ ၎င်းတို့အား သူ၏ အသားနှင့် သွေးတို့ကို နေ့စဉ်နှင့်အမျှ ဝါးမြိုခွင့်ပြုခဲ့သည်။
လောက၌ ရှိရှိသမျှသော ကြောက်မက်ဖွယ်ရာ အစုစုတို့ကို သူသည် သူ့အပေါ်၌သာ ကျင့်သုံးခဲ့သည်။
သို့သော်လည်း ခံစားမှုတို့မှာ ထုံထိုင်းလာခဲ့သည်ဖြစ်ရာ ထိုကဲ့သို့သော ညှဉ်းပန်းနှိပ်စက်မှုတို့က သူ့အား နာကျင်မှုကို မပေးနိုင်တော့သည့်အခါ သူသည် ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုမှသည် စိတ်
ပိုင်းဆိုင်ရာ နာကျင်မှုဆီသို့ အကြည့်တို့ကို လွှဲပြောင်းလိုက်သည်။
အာလျန်သည် သူ၏ မိဘအရင်းအချာများကို သတ်ဖြတ်ခဲ့သည်။ သူသည် ထိုသူကို မည်မျှပင် ချစ်မြတ်နိုးသည်ဖြစ်စေ ထိုသူမှာ သူ၏လက်ထဲတွင် ပိုမိုရက်စက်စွာ သေဆုံးရလေလေ သူ ခံစားရသော နာကျင်မှုမှာ ပိုမိုနက်ရှိုင်းလေလေ ဖြစ်သည်။
သူ၏ မိဘများမှာ သူ့မျက်စိရှေ့မှောက်တွင်ပင် မီးဟုန်းဟုန်းတောက်လောင်ကာ ပြာအဖြစ်သို့ ကူးပြောင်းသွားသည်ကို သူ စောင့်ကြည့်နေခဲ့သည်။
သူ့မိဘများသည် ထိုမီးတောက်များအတွင်းတွင် ဝေဒနာပြင်းစွာဖြင့် အော်ဟစ်နေကြရပြီး သေခါနီး လောက်ကောင်များကဲ့သို့ လူးလွန့်နေကြ၏။
အာလျန်သည် ငိုတစ်လှည့် ရယ်တစ်လှည့် ရယ်မောနေခဲ့သည်။ ရယ်မောလွန်းသဖြင့် အသည်းနှင့် အူတို့ပင် ကွဲအက်တော့မတတ် ဖြစ်နေရသလို ငိုကြွေးလွန်းသဖြင့်လည်း နှလုံးသားမှာ စုတ်ပြတ်သတ်နေခဲ့ရသည်။
ထိုအခိုက်အတန့်၌ သူ၏ စိတ်နှလုံးထဲတွင် သဘောပေါက်သွားခဲ့သည်။
သူ၏ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်၌ မည်သည့် အတားအဆီးမျှ မရှိတော့ပေ။
သူသည် ကောင်းကင်နှင့် မြေကြီး၏ ကြီးမားသော စွမ်းအားကို နောက်တစ်ကြိမ် ပြန်လည်ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးတွင်မူ သူ့ပတ်ဝန်းကျင်၌ သတ်ဖြတ်ရန် မည်သူမျှ မကျန်တော့သည့်အခါ အာလျန်
သည် သူ၏ မှတ်ဉာဏ်များကို ပိတ်လှောင်လိုက်ပြီး လူ့လောကအတွင်း၌ သိမ်မွေ့ကြင်နာတတ်သော အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုကာ သားသမီးများ ထွန်းကားခဲ့သည်။
ဆယ်နှစ်တာ ကာလပတ်လုံး အာလျန်နှင့် ထိုအမျိုးသမီးတို့သည် လင်က လယ်ထွန်၊ မယားက ရက်ကန်းခတ်ရင်း သားသမီးများကို ပြုစုပျိုးထောင်ကာ ဘဝကို အတူတကွ ဖြတ်သန်းခဲ့ကြသည်။
ထိုဆယ်နှစ်တာအတွင်း သူသည် ယခင်က တစ်ခါမျှ မခံစားဖူးသော ပျော်ရွှင်မှုကို ခံစားခဲ့ရသည်။
သူ့ဇနီးသည်မှာ သီလနှင့် ပြည့်စုံပြီး ချစ်ခင်တတ်ကာ သူ့အပေါ်တွင်လည်း အလွန်ပင် ဂရုစိုက်ရှာသည်။
သူ့သားသမီးများမှာလည်း လိမ္မာပါးနပ်ပြီး ထက်မြက်ကြ၏။ ကလေးငယ်များမှာ သူ့ထံသို့ ယိမ်းထိုးလျက် လျှောက်လှမ်းလာကာ "ဖေဖေ" ဟု ချွဲနွဲ့ခေါ်ဆိုကြသည့် အခါတိုင်း သူသည် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံး အမျိုးသားတစ်ဦးဟု သူ့ကိုယ်သူ ခံစားခဲ့ရသည်။
ထို့ကြောင့်ပင် သူသည် သူ၏ ဇနီးနှင့် သားသမီးများကို အိုးကြီးတစ်လုံးထဲ၌ ဟင်းချိုအဖြစ် ချက်ပြုတ်လိုက်တော့သည်။
ထိုအခိုက်အတန့်၌ သူ၏ နာကျင်မှုမှာ ဓားပေါင်းတစ်ထောင်ဖြင့် အမွှန်းခံနေရသကဲ့သို့ပင်။ ထိုနာကျင်မှုမှာ သူ၏ ဝိညာဉ်ကိုပင် ဆွဲဖြဲပစ်တော့မတတ် နက်ရှိုင်းလှ၏။
ထိုအချိန်၌ပင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အထွတ်အထိပ် နယ်ပယ်သို့ ရောက်ရှိသွားခဲ့တော့သည်။
သူ၏ အတွေးစအစုံတို့သည် တဖြည်းဖြည်း ပြန်လည်စုစည်းလာခဲ့သည်။
ချန်ကျီရှင်းမှာ သတိပြန်ဝင်လာပြီးနောက် သူ၏ရှေ့မှောက်ရှိ ဆင်းရဲခြင်းလမ်းစဉ် ဟူသော မိစ္ဆာကျမ်းစာအုပ်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။
ထိုစာအုပ်ပေါ်ရှိ ယုတ်မာကောက်ကျစ်သော ဟမျက်လုံးကလည်း သူ့ကို အေးစက်စွာ ပြန်လည်စိုက်ကြည့်နေဆဲပင်။
ဤကျင့်စဉ်မှာ အမှန်တကယ်ပင် အစွမ်းထက်လှသော်လည်း ချန်ကျီရှင်းတွင်မူ ၎င်းကို ကျင့်ကြံလိုသော ဆန္ဒ လုံးဝမရှိပေ။
သူသည် မိစ္ဆာနတ်ဘုရားကို ကိုးကွယ်ဆည်းကပ်ရင်း လူလည်းမကျ၊ သရဲလည်းမကျသော သတ္တဝါဆန်းကြီးအဖြစ် ဘဝကို အဆုံးမသတ်လိုပေ
သို့သော်လည်း ဤပစ္စည်းကို အခြားသူများ ရရှိသွားစေရန် ဤနေရာ၌ ချန်ထားရစ်ခဲ့ဖို့ရာလည်း ချန်ကျီရှင်း မလိုလားပြန်ပေ။
ထို့နောက် သူသည် ညာဘက်လက်ကို တစ်ချက်ဝေ့ယမ်းလိုက်ကာ ထိုကျင့်စဉ်စာအုပ်ကို သူ့အင်္ကျီလက်အတွင်းသို့ သိမ်းဆည်းလိုက်သည်။
ဆက်လက်၍ ချန်ကျီရှင်းသည် ကျောက်စားပွဲပေါ်ရှိ တတိယမြောက် ပစ္စည်းကို လှမ်းကြည့်လိုက်၏။
၎င်းမှာ ဖြူဖျော့ဖျော့ မျက်နှာဖုံးတစ်ခု ဖြစ်သည်။
ထိုမျက်နှာဖုံး၏ နဖူးပြင်ပေါ်တွင်မူ တောက်ပသော အနီရောင် တစ်ဆယ်ဂဏန်းသင်္ကေတကို ထွင်းထုထားသည်။
"ဆယ်ဂဏန်းပါတဲ့ မျက်နှာဖုံးဖြူလား"
ချန်ကျီရှင်းသည် လက်လှမ်း၍ ထိုမျက်နှာဖုံးကို ကိုင်ကြည့်လိုက်ရာ အေးစက်သော အထိအတွေ့နှင့်အတူ မမြင်နိုင်သော စွမ်းအင်တစ်ခုက သူ၏ ဝိညာဉ်အသိစမ်းသပ်မှုအားလုံးကို ဖြတ်တောက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
"ဒီပစ္စည်းက တကယ်ကို မဆိုးဘူးပဲ"
ချန်ကျီရှင်း၏ မျက်ဝန်းများ တောက်ပသွားသည်။ ဝိညာဉ်ကျောက်သားဖြင့် ပြုလုပ်ထားသော ဤမျက်နှာဖုံးသည် မည်သည့် ဝိညာဉ်အသိဖြင့် ချောင်းမြောင်းထောက်လှမ်းမှုကိုမဆို အကာအကွယ်ပေးနိုင်စွမ်း ရှိသည်။
နောင်တစ်ချိန်တွင် လူသိရှင်ကြား လုပ်ဆောင်ရန် မသင့်တော်သော ကိစ္စရပ်များရှိလာပါက ဤမျက်နှာဖုံးကို ဝတ်ဆင်ထားခြင်းဖြင့် များစွာ အဆင်ပြေစေလိမ့်မည်။
"နောက်ထပ် ငါးရက်တောင် ကျန်သေးတာပဲ လောစရာမလိုပါဘူး"
ချန်ကျီရှင်းသည် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး သူ၏လက်ထဲမှ ကိုးပါးသော နတ်ဘုရား အတတ်ပညာ လိပ်စာကို ထုတ်ယူကာ အစအဆုံး အသေးစိတ် အာရုံစိုက်ကာ ဖတ်ရှုတော့သည်။
...
...
မျက်စိတစ်မှိတ်အတွင်းမှာပင် လေးရက်တာ ကာလမှာ ကုန်ဆုံးသွားခဲ့ကာ ဇီဝေ့ ချန်မိသားစု၏ စမ်းသပ်မှုနယ်မြေ အတွင်း၌ စမ်းသပ်ပွဲမှာ ပြီးဆုံးခါနီးလာသည်နှင့်အမျှ တိုက်ပွဲများမှာလည်း ပိုမိုပြင်းထန်လာခဲ့သည်။
ကြည်လင်သော ရေကန်မျက်နှာပြင်တစ်ခုပေါ်တွင် ချန်ကျောက်ရှန်းသည် မည်သည့်ခံစားချက်မျှမရှိသော မျက်နှာထားဖြင့် ရေပြင်ပေါ်၌ မတ်တတ်ရပ်နေသည်။
သူ့ကို ဝန်းရံထားသည်မှာ ဟင်းလင်းပြင် ဝိညာဉ်ပြောင်းလဲခြင်း နယ်ပယ်ရောက် ချန်မိသားစုဝင် ရှစ်ဦးပင်။ သူတို့သည် ချန်ကျောက်ရှန်း၏ နောက်ဆုတ်ရာလမ်းကို ပိတ်ဆို့ထားကြ၏။
"ချန်ကျောက်ရှန်း... လက်ပတ်တွေကို ခုချက်ချင်း အပ်စမ်း။ ဒါဆိုရင် မင်းကို ငါတို့ သိက္ခာရှိရှိ ထွက်ခွာခွင့်ပေးမယ်"
"ဟုတ်တယ်... မင်းတစ်ယောက်တည်း လက်ပတ်တွေ အများကြီး သိမ်းကျုံးယူထားတာပဲ။ ငါတို့အားလုံးကို ပြိုင်ပွဲက ထွက်သွားအောင် လုပ်နေတာလား"
"သခင်လေး... ကျွန်တော့်အတွက် လက်ပတ်တစ်ခုတည်း ရရင် ရပါပြီ။ ရတာနဲ့ ကျွန်တော် ဒီကနေ ထွက်သွားပါ့မယ်"
"သခင်လေး...ဘယ်လောက်ပဲ တော်နေပါစေဦးတော့ ကျွန်တော်တို့ ရှစ်ယောက်ပေါင်းကိုတော့ ယှဉ်နိုင်မယ် မထင်ဘူးနော်"
အသက် ၂၀ ဝန်းကျင်ရှိ ချန်မိသားစုဝင်များက တစ်ယောက်တစ်ပေါက် အော်ဟစ်နေကြသည်။
ချန်ကျောက်ရှန်းမှာမူ လက်နှစ်ဖက်ကို နောက်ပစ်ကာ မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာထားဖြင့် ရပ်နေရင်းမှ ပြောလိုက်၏။
"ပုရွက်ဆိတ်တွေ ဘယ်လောက်ပဲ များများ... ဆင်ပြောင်ကြီးတစ်ကောင်ကို သေအောင် ကိုက်နိုင်ပါ့မလား"
ထိုစကားကို ကြားလိုက်ရသောအခါ ချန်ကျောက်ရှန်းထက် အသက်ကြီးသော ချန်မိသားစုဝင် ရှစ်ဦးစလုံး မျက်နှာပျက်သွားကြပြီး ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။
"ခေါင်းမာလှချည်လား"
"သခင်လေး... ဒီနေ့တော့ ကျွန်တော်တို့ လူအင်အားသုံးပြီး တိုက်ခိုက်တာကို ခွင့်လွှတ်ပါတော့"
"သခင်လေး... ကြိုတင်ပြီး တောင်းပန်ပါတယ်ဗျာ"
"တိုက်ကြဟေ့"
"ဝင်လုံးကြ"
ထိုခဏမှာပင် ချန်မိသားစုဝင် ရှစ်ဦးစလုံးသည် ရေပြင်ကို ကန်ကျောက်ကာ ချန်ကျောက်ရှန်းထံသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။
"သနားစရာ ကောင်းလိုက်ကြတာ..."
ချန်ကျောက်ရှန်း၏ မျက်ဝန်းတို့တွင် အထင်အမြင်သေးသော အရိပ်အယောင်တို့ ထင်ဟပ်သွားပြီးနောက် သူ၏ ကိုယ်ပေါ်မှ ကြည်လင်ခြင်း နယ်ပယ်၏ စွမ်းအင်လှိုင်းများမှာ ဟုန်းဟုန်းတောက် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ရုတ်တရက်ဆိုသလို လေပြင်းမုန်တိုင်းတစ်ခု ကျရောက်လာ၏။
တစ်ကန်လုံးရှိ ရေထုကြီးမှာလည်း ပြင်းထန်စွာ ပေါက်ကွဲထွက်ကုန်သည်။
ကြည်လင်နေသော ရေမျက်နှာပြင်ပေါ်တွင် ချန်ကျောက်ရှန်းနှင့် ထိုရှစ်ဦးတို့၏ တိုက်ပွဲမှာ ထင်ဟပ်နေသည်။
ဝုန်း…..
ဘုရင်တံဆိပ်တော်၏ အမှတ်အသားများမှာ ချန်ကျောက်ရှန်း၏ ကျောပြင်မှတစ်ဆင့် တစ်ကိုယ်လုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်။
ချန်ကျောက်ရှန်း၏ ဆံပင်နက်တို့မှာ လေထဲတွင် ဝဲပျံနေပြီး သူ၏ မျက်ဝန်းတို့မှာလည်း နတ်ဘုရားအလင်းတန်းများဖြင့် တောက်ပနေ၏။ သူသည် ကိုးထပ်ကောင်းကင်ယံမှ ဆင်းသက်လာသော နတ်ဘုရားသားတော် တစ်ပါးကဲ့သို့ပင် မြင့်မြတ်လွန်းလှပြီး လူသားနှင့်ပင် မတူတော့ပေ။
ဒုန်း... ဒုန်း... ဒုန်း
အလင်းနှင့် အရိပ်တို့ ယှဉ်တွဲလျက် ထစ်ချုန်းတိုက်ခိုက်သံများမှာ ကောက်ကွေးလှည့်ပတ်နေသည်။
အမွှေးတိုင်တစ်ဝက်ခန့် ကုန်ဆုံးချိန်မှာပင် ရေကန်မျက်နှာပြင်မှာ ပြန်လည်တည်ငြိမ်သွားခဲ့သည်။
ချန်မိသားစုဝင် ရှစ်ဦးစလုံးမှာ သတိလစ်မေ့မြောလျက် ရေပေါ်တွင် ဗူးသီးများကဲ့သို့ ပေါလောပေါ်နေကြတော့သည်။
ချန်ကျောက်ရှန်း၏ ဆံပင်နက်တို့မှာ ငြိမ်သက်သွားပြီး သူသည် ရေပြင်ပေါ်တွင် တစ်ဦးတည်း မတ်မတ်ရပ်နေ၏။
သူသည် ခေါင်းကို မော့ကာ အဝေးသို့ လှမ်းကြည့်လိုက်ရာ သူ၏ မျက်ဝန်းအစုံ၌ ပြင်းပြသော ဆန္ဒတစ်ခုမှာ လျှပ်ခနဲ ဖြတ်ပြေးသွားသည်။
"ငါ့ရဲ့ ချစ်လှစွာသော ညီလေး... မင်း ဘယ်မှာလဲ"
"ငါ့ဆီကနေ ဘယ်လောက်ကြာကြာ ထပ်ပြီး ပုန်းနေဦးမှာလဲ"