← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း။ ၄၉

မိုးသည်းထန်စွာ ရွာသွန်းမှုမှာ ပို၍ပင် အရှိန်မြင့်လာခဲ့သည်။

ငွေရောင်အပ်ချည်မျှင်ပေါင်း သောင်းခြောက်ထောင်သည် တစ်ခုနှင့်တစ်ခု ရစ်ပတ်ယှက်

နွယ်ကာ ထူထပ်လှသော မိုးလိုက်ကာကြီးအသွင် ဖန်တီးထားသကဲ့သို့ပင်။ နောက်ဆုံးတွင်မူ ထိုမိုးရေစက်တို့သည် မညီညာသော မြေပြင်ပေါ်သို့ ကျရောက်ကာ စမ်းချောင်းငယ်လေးများအဖြစ် စီးဆင်းသွားတော့သည်။

ချန်ကျီရှင်းနှင့် ချန်ကျောက်ရှန်းတို့သည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြ၏။ သူတို့၏ အကြည့်တို့သည် ထက်မြက်လှသော သံမဏိဓားနှစ်လက်အသွင် ပြောင်းလဲသွားကာ လေထုထဲဝယ် ပြင်းထန်စွာ ထိပ်တိုက်ရင်ဆိုင်နေကြသယောင်ပင်။

ဤသည်မှာ သူတို့ညီအစ်ကိုနှစ်ဦး၏ ပထမဆုံးသော တရားဝင်တွေ့ဆုံမှုပင်။

"ချန်ကျီရှင်း... နောက်ဆုံးတော့ မင်း ငါ့ကို ရင်ဆိုင်ဖို့ လာရဲလာပြီပေါ့"

ချန်ကျောက်ရှန်းသည် ဟင်းလင်းပြင်ထဲ၌ ရပ်နေသည်။ မှောင်မှောက်နေသော ကောင်းကင်ယံကြောင့် သူ၏ ရုပ်သွင်မှာ သဲသဲကွဲကွဲ မမြင်ရသော်လည်း သူ၏ မျက်ဝန်းအစုံမှာမူ စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပနေသည်ကို မြင်တွေ့နိုင်၏။

ချန်ကျီရှင်းက ခေါင်းကိုအသာကုတ်ကာ သိလိုစိတ်ဖြင့် မေးလိုက်သည်။

"ငါ တစ်ခုလောက် မေးပါရစေဦး ငါတို့နှစ်ယောက်ကြားမှာ ဘာပတ်သက်မှုမှလည်း အများကြီးမရှိဘဲနဲ့... မင်းက ဘာဖြစ်လို့ ငါ့နောက်ကို တကောက်ကောက်လိုက်ပြီး ငါ့ကိုပဲ အမြဲတမ်း ပစ်မှတ်ထားနေရတာလဲ"

ထိုစကားကို ကြားလိုက်ရသောအခါ ချန်ကျောက်ရှန်း၏ မျက်နှာမှာ မည်းမှောင်သွားပြီး "ချန်ကျီရှင်း... မင်း စကားကို ဆင်ဆင်ခြင်ခြင်ပြောစမ်း" ဟု အော်ဟစ်လိုက်သည်။

ခဏအကြာတွင် ချန်ကျောက်ရှန်းသည် အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်၏။

"အကြောင်းရင်းတွေကတော့ အများကြီးပါပဲ... အနာဂတ် မျိုးနွယ်စုခေါင်းဆောင်ရဲ့ ရာထူးကိစ္စတွေလည်း ပါသလို။ မိသားစုရဲ့ အရင်းအမြစ် ခွဲဝေမှုတွေလည်း ပါတာပေါ့..."

ထိုသို့ပြောရင်း ချန်ကျောက်ရှန်း၏ စကားတို့မှာ ရုတ်တရက် ရပ်တန့်သွားသည်။

သူ၏ လည်ချောင်းထဲမှ နက်ရှိုင်းလှသော အသံတစ်ခု ထွက်ပေါ်လာ၏။

"မင်းသာ မရှိဘူးဆိုရင်... ငါက ဇီဝေ့ ချန်မိသားစုရဲ့ တစ်ဦးတည်းသော မျှော်လင့်ချက် ဖြစ်လာမှာ မျိုးနွယ်စုခေါင်းဆောင်ရော၊ သူ့နောက်ကွယ်က ဘိုးဘေးကြီးတွေပါ ငါ့ကို နေရာဖယ်ပေးကြရမှာ"

"မင်းသာ မရှိဘူးဆိုရင်... ချန်မိသားစုရဲ့ အရင်းအမြစ်အားလုံးကို ငါတစ်ယောက်တည်း ပိုင်စိုးခွင့်ရမှာ"

"ဒါပေမဲ့ ဘာလို့လဲ... မိသားစုမှာ ရှေးဟောင်းတံဆိပ်ကိုးပါးပိုင်ဆိုင်ထားတဲ့ ငါရှိနေပါရက်နဲ့ ဘာလို့ မင်းကပါ ထပ်ပြီး ပေါ်ထွက်လာရတာလဲ"

နောက်ဆုံးတွင်မူ ချန်ကျောက်ရှန်း၏ အသံမှာ ပို၍အေးစက်လာခဲ့သည်။

သူသည် လေကို အားပါပါ ရှူသွင်းလိုက်ပြီးနောက် ရယ်မောလိုက်၏။

"မင်း သိလား မျိုးနွယ်စုခေါင်းဆောင်က မင်းနဲ့ငါက မိသားစုရဲ့ အနာဂတ်မျှော်လင့်ချက်တွေပဲလို့ ပြောတိုင်း ချန်မိသားစုမှာ ထွန်းလင်းလာမယ့် ကြယ်နှစ်ပွင့်အကြောင်း ပြောတိုင်း... ငါကတော့ တကယ်ကို ရွံရှာမိတယ် အတိုင်းအထက်အလွန်ကို ရွံရှာမိတာ"

ချန်ကျောက်ရှန်းသည် ချန်ကျီရှင်းကို ငုံ့ကြည့်လိုက်ရာ သူ၏ မျက်နှာထက်၌ ရွံရှာစက်ဆုပ်မှုတို့ အထင်အရှား ပေါ်လွင်နေသည်။

"မင်းက ဘာမို့လို့ ငါနဲ့ တန်းတူထားခံရမှာလဲ မင်းက ဘာမို့လို့ ငါနဲ့အတူ ပါရမီရှင်ညီအစ်ကိုလို့ အခေါ်ခံရမှာလဲ"

"ငါ ချန်ကျောက်ရှန်းက အမြဲတမ်း တစ်ဦးတည်းသော အရှင်သခင်ပဲ ငါ တစ်ခုခုလုပ်ပြီဆိုရင် လူပေါင်း သောင်းခြောက်ထောင်ရဲ့ အထက်မှာ ရှိနေရမယ် တခြားသူတွေနဲ့ အတူယှဉ်တွဲပြီး လျှောက်လှမ်းရတာကို ငါ မလိုချင်ဘူး"

"ငါက ချန်မိသားစုရဲ့ တရားဝင် အကြီးဆုံးသားဖြစ်ပြီး အနှိုင်းမဲ့ မြင့်မြတ်တဲ့ အဆင့်အတန်းကို ပိုင်ဆိုင်ထားသူပဲ။ ငါက ရှေးဟောင်းတံဆိပ်ကိုးပါးပိုင်ရှင်ဖြစ်ပြီး ဒီလောကရဲ့ ပါရမီရှင်တွေထဲမှာတောင် ငါ့ရဲ့ အရည်အချင်းက ထိပ်တန်းကပဲ"

"ငါက မွေးရာပါ ဘုရင်မြေပုံနဲ့အတူ မွေးဖွားလာခဲ့ပြီး ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးမှုကို ခံထားရသူ"

"ကျင့်ကြံခြင်းမှာလည်း ငါက တစ်စိုက်မတ်မတ် အားထုတ်ခဲ့တယ်။ ဘယ်သူ့ထက်မဆို ပိုပြီး ကြိုးစားခဲ့တာ"

"မင်းကျတော့ရော"

"မိသားစုထဲမှာ နေ့တိုင်း အချိန်ဖြုန်းနေတာကလွဲလို့ မင်း ဘာများ သိသေးလဲ"

"ဒါကိုတောင်မှ... မျိုးနွယ်စုခေါင်းဆောင်က မင်းကို ငါနဲ့ တန်းတူထားလို့ ရနိုင်သေးတယ်လို့ ထင်နေတုန်းပဲ။ မိသားစု အရင်းအမြစ်တွေရဲ့ တစ်ဝက်ကို မင်းက သိမ်းပိုက်ထားနိုင်သေးတယ်လို့ ယူဆနေတုန်းပဲ"

"ငါ့အမြင်မှာတော့... မျိုးနွယ်စုခေါင်းဆောင်က တကယ်ကို စိတ်ဖောက်ပြန်နေတာပဲ"

ဂျုန်း…

မှောင်မှောက်နေသော ကောင်းကင်ယံ၌ လျှပ်စီးများ ပေါက်ကွဲထွက်ပေါ်လာပြီး ငွေရောင်လျှပ်နဂါးများမှာ ရူးသွပ်စွာ ကခုန်နေကြ၏။ ခဏတာ ဝင်းခနဲ လက်သွားသော လျှပ်စစ်အလင်းတန်းမှာ ချန်ကျောက်ရှန်း၏ မျက်နှာထက်သို့ ဖြတ်စီးသွားသည်။

ဤအခိုက်အတန့်၌ သူသည် ဆယ်စုနှစ်တစ်ခုစာမျှ ရင်ထဲတွင် မြှုပ်နှံထားခဲ့သော စကားလုံးများကို အကုန်အစင် ထုတ်ပြောလိုက်သည်။

"ငါ တကယ် မမျှော်လင့်ထားမိဘူး..."

ချန်ကျီရှင်းသည် ခေါင်းငုံ့ကာ သူ့ဘာသာ ရေရွတ်လိုက်သည်။

"ငါ့ကိုငါ မသိလိုက်ဘဲ မင်းအပေါ်မှာ ဒီလောက်အထိ ကြီးမားတဲ့ ဖိအားတွေ ပေးမိနေခဲ့တာပေါ့"

"ဖိအား"

ထိုစကားကို ကြားလိုက်ရသောအခါ ချန်ကျောက်ရှန်းမှာ ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်ချင်သွားပြီး "ဖိအား မင်းက ငါ့ကို ဖိအားပေးနိုင်တယ်လို့ ထင်နေတာလား ငါကတော့..."

သူ၏ စကားမဆုံးမီမှာပင် ချန်ကျီရှင်းက သူ့ကို မော့ကြည့်လိုက်ရင်း တည်ငြိမ်လေးနက်စွာ ပြောလိုက်၏။

"မင်း စိုးရိမ်နေတာကို ငါ သိပါတယ် ဒါပေမဲ့ မလောပါနဲ့ဦး"

ထိုစကားအဆုံး၌ ချန်ကျောက်ရှန်းမှာ သူ၏ ပြင်းထန်လှသော လက်သီးချက်ပေါင်းများစွာသည် ဂွမ်းပုံကြီးတစ်ခုပေါ်သို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ နဖူးပေါ်မှ အကြောများမှာလည်း မထိန်းချုပ်နိုင်ဘဲ တဖျပ်ဖျပ် တုန်ခါလာတော့သည်။

ဘာဖြစ်လို့ ဒီကောင်က ဒီလောက်အထိ တည်ငြိမ်နေနိုင်ရတာလဲ။

ငါ ဒီလောက် ပြောထားတာကို သူ ဒေါသတကြီး ဖြစ်နေသင့်တာ မဟုတ်လား။

သူ ထပ်မံ၍ မစဉ်းစားနိုင်မီမှာပင်...

"ခုနက မင်း တစ်ယောက်ယောက်ကို ပြောနေတာ ငါ ကြားလိုက်မိတယ်... ပါရမီနဲ့ ယှဉ်ရင် ကြိုးစားအားထုတ်မှုဆိုတာ ဘာမှမဟုတ်ပါဘူး ဆိုတာလေ"

ချန်ကျီရှင်းသည် သူ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ သူသည် ဗဟိုချက်အဖြစ်မှနေ၍ တုန်လှုပ်ချောက်ချားဖွယ်ရာ အရှိန်အဝါတစ်ခုမှာ ဟုန်းဟုန်းတောက် ပွင့်ထွက်လာပြီး အရှိန်အဟုန်ပြင်းစွာ မြင့်တက်လာသည်။

"ဒါဆိုရင် ငါ မင်းကို ပြပေးမယ်... တကယ့်ပါရမီနဲ့ ယှဉ်လိုက်ရင် တကယ့်ကြိုးစားအားထုတ်မှု ဆိုတာ ဘာမှမဟုတ်တော့ဘူးဆိုတာ ဘယ်လိုမျိုးလဲဆိုတာကိုပေါ့"

ဝုန်း…..

ချန်ကျီရှင်းက လက်ကို မြှောက်လိုက်သည်နှင့် တစ်ပြိုင်နက် တုန်လှုပ်ချောက်ချားဖွယ်ရာ လေစီးကြောင်းများမှာ သူ့ကို ဗဟိုပြု၍ ရူးသွပ်စွာ ဝဲလည်လာတော့သည်။

မိုးရေများ၊ လေပြင်းများ၊ မြေဆီလွှာများနှင့် သစ်ကိုင်းသစ်ခက်များအားလုံး ထိုလေစီးကြောင်းအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရ၏။

ရတနာကိုယ်ထည် နယ်ပယ်….

ဝိညာဉ်ပျိုးထောင်ခြင်း နယ်ပယ်….

ဟင်းလင်းပြင် ဝိညာဉ်ပြောင်းလဲခြင်း နယ်ပယ်…..

ကြည်လင်ခြင်း နယ်ပယ်….

မျက်တောင်တစ်ခတ်အတွင်းမှာပင် ချန်ကျီရှင်းထံမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ ချန်ကျောက်ရှန်း၏ ကြည်လင်ခြင်း နယ်ပယ်နှင့် တန်းတူ ဖြစ်သွားသည်။

"မင်းလည်း ကြည်လင်ခြင်း နယ်ပယ်ကို ရောက်နေတာလား"

ချန်ကျောက်ရှန်း၏ မျက်သူငယ်များမှာ ပြင်းထန်စွာ ကျုံ့ဝင်သွားပြီး သူ၏ စိတ်အစဉ်မှာလည်း အကြီးအကျယ် တုန်လှုပ်သွားတော့သည်။

သို့သော် ၎င်းက အစပျိုးရုံသာ ရှိသေး၏။

ချန်ကျီရှင်း၏ ကျင့်ကြံခြင်းအဆင့်မှာ ကြည်လင်ခြင်းနယ်ပယ်မှ ဆက်လက်၍ မြင့်တက်နေသည်ကို သူ စောင့်ကြည့်နေမိသည်။

အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ချန်ကျီရှင်း၏ ကျင့်ကြံခြင်းအဆင့်မှာ ကြည်လင်ခြင်း နယ်ပယ်၏ အထွတ်အထိပ်သို့ တဟုန်ထိုး ရောက်ရှိသွားခဲ့သည်။

ထို့နောက် ချန်ကျောက်ရှန်း၏ မယုံကြည်နိုင်လောက်သော အကြည့်တို့အောက်ဝယ် ချန်ကျီရှင်း၏ ကျင့်ကြံခြင်းမှာ နောက်ထပ် တစ်ဆင့် ထပ်မံခုန်ပျံသွားပြီး နတ်ဘုရားခရီးသွား နယ်ပယ်သို့ တန်းတန်းမတ်မတ် ရောက်ရှိသွားသည်။

"နတ်ဘုရားခရီးသွား နယ်ပယ်... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ထိုခဏမှာပင် ချန်ကျောက်ရှန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

"ငါ ဘာလို့ မင်းကို ရှောင်နေရတာလဲလို့ မင်း အမြဲ သိချင်နေခဲ့တယ် မဟုတ်လား"

သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲ၌ ချန်ကျီရှင်း၏ ကတ္တရာစေးကဲ့သို့ နက်မှောင်သော ဆံပင်တို့မှာ ဖားလျားကျနေပြီး တည်ငြိမ်သော မျက်နှာထားဖြင့် အေးအေးလူလူ ပြောလိုက်

သည်။

"မင်း အထင်လွဲနေတာပဲ... ဘာလို့လဲဆိုတော့ ငါက လက်လေးတစ်ချက် လှုပ်လိုက်ရုံနဲ့တင် မင်းရဲ့ နယ်ပယ်တစ်ခုလုံးအတွက် အကန့်အသတ် ဖြစ်နေလို့ပဲ"

"မတော်တဆများ လက်လွန်သွားရင်... မင်း သေသွားမှာကို ငါ စိုးရိမ်လို့ပါ"

ဝုန်း….

အဆုံးမရှိသော ဝိညာဉ်စွမ်းအင်တို့သည် လေထုထဲတွင် ယှက်နွယ်သွားပြီးနောက် ကောင်းကင်တစ်ခုလုံးကို ပိတ်ဆို့ကာ နေရောင်ခြည်ကို ကွယ်သွားစေသည့် ဧရာမ လက်ဝါးနက်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားတော့သည်။

"မွေးရာပါ ချီစွမ်းအင်လက်ဝါး"

ချန်ကျီရှင်းက သူ၏ ညာဘက်လက်ကို ဖြည်းညှင်းစွာ အောက်သို့ နှိမ့်ချလိုက်သည်။

ဒုန်း…

ဧရာမ လက်ဝါးနက်ကြီးသည်လည်း ထိုနည်းတူပင် ချန်ကျောက်ရှန်း၏ ဦးခေါင်းထက်သို့ ဝုန်းကနဲ ဖိနှိပ်ချလိုက်တော့သည်။

"ဘုရင်မြေပုံ"

ချန်ကျောက်ရှန်းသည် မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားပြီး ရူးသွပ်စွာ အော်ဟစ်လိုက်မိ၏။

သူ၏ နောက်ကျောဘက် ကောင်းကင်ယံတွင် အဆုံးမရှိသော ဖရိုဖရဲမြူထုများ ဖုံးလွှမ်းနေသည့် ဧကရာဇ်မျက်နှာတော်ကြီးမှာ သူ၏ မျက်ဝန်းအစုံကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။

သို့သော် ထိုဧကရာဇ်မျက်နှာတော်ကြီး မျက်လုံးကို အပြည့်အဝ မဖွင့်နိုင်မီမှာပင်...

ဒုန်း

ဧရာမ လက်ဝါးကြီးက အောက်သို့ ဖိခြေလိုက်သည်ဖြစ်ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဧကရာဇ်မျက်နှာတော်မှာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားပြီး ဟင်းလင်းပြင်ထဲ၌ ကြွေလွင့်ကာ ပျောက်ကွယ်သွားတော့သည်။

ဆက်လက်၍ လက်ဝါးနက်ကြီးမှာ ချန်ကျောက်ရှန်း၏ မြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ သူ့ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

"ဟင့်အင်း... မဖြစ်ဘူး"

ချန်ကျောက်ရှန်း၏ မျက်နှာမှာ ရှုံ့မဲ့သွားကာ အသည်းအသန် အော်ဟစ်လိုက်မိ၏။

သူ၏ လက်ကောက်ဝတ်မှ လက်ပတ်သည် ထူးဆန်းသော အဝါရောင် အကာအကွယ်ဒိုင်းတစ်ခုကို ထုတ်လွှတ်ရန် ကြိုးစားလိုက်သော်လည်း အလွယ်တကူပင် ရိုက်ခွဲခြင်း ခံလိုက်ရသည်။

ဂလောက်…

ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်စီစဉ်ထားသော လက်ပတ်မှာ နှစ်ပိုင်းပြတ်တောက်သွားခဲ့သည်။

ဝုန်း….

လူရိပ်တစ်ခုသည် ကောင်းကင်ယံမှ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး လှိုင်းလုံးကြီးများကို မြင့်တက်စေခဲ့သည်။

သွေးများမှာ တရဟော စီးထွက်လာပြီး ရေကန်မျက်နှာပြင်တစ်ခုလုံးကို ချက်ချင်းပင် နီရဲသွားစေတော့သည်။

ချန်ကျီရှင်းသည် သူ၏လက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ရေကန်ကို တစ်ချက်မျှသာ လှမ်းကြည့်လိုက်ကာ ကမ်းစပ်တွင် ဒူးထောက်နေသော လူရိပ်ထံသို့ အကြည့်တို့ကို လွှဲပြောင်းလိုက်၏။

"တတိယသခင်လေး... ကယ်... ကယ်ပါဦး"

ချန်ချိုးအာသည် မလှုပ်မယှက်နိုင်ဘဲ အေးစက်သော မြေပြင်ပေါ်၌ ဒူးထောက်နေရပြီး အိုင်ထွန်းနေသော မိုးရေများမှာ သူ၏ မျက်နှာတစ်ဝက်ကို မြုပ်နေစေပြီ ဖြစ်သည်။

ချန်ကျီရှင်းသည် ချန်ချိုးအာထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားကာ သူ့ကို စိုက်ကြည့်လိုက်သည်။

သူသည် ချန်ချိုးအာကို ကြည့်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေပုံရ၏။

ခဏမျှ ဝေခွဲမရဖြစ်ပြီးနောက် နက်ပြာရောင် ဒေါင်လိုက်မျက်လုံးပါရှိသည့် ဆင်းရဲခြင်းလမ်းစဉ်ဟု အမည်ရသော ရှေးဟောင်းကျမ်းစာအုပ်မှာ သူ၏လက်ထဲတွင် ပေါ်ထွက်လာသည်။

"ချန်ချိုးအာ... မင်းရဲ့ အသက်ကို ငါ့ဆီ အပ်နှံလိုက်ရင် ငါ မင်းကို ကံကြမ္မာကောင်းတစ်ခု ပေးသနားမယ်"

"ဘယ်လိုလဲ"

ချန်ကျီရှင်းက နွေးထွေးစွာ ပြုံးပြရင်း တိုးညှင်းစွာ ပြောလိုက်သည်။

အခန်း။ ၅၀

နတ်ဘုရားတို့၏ ကုလားကာပမာ အေးစက်လှသော မိုးစက်မိုးပေါက်များကြားဝယ် ချန်ချိုးအာသည် အေးစက်သော မြေပြင်ပေါ်၌ လဲလျောင်းနေရင်း သူ၏ အရိုးတစ်ခုချင်းစီမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားသကဲ့သို့ ခံစားနေရကာ လက်ဖျားတစ်ချက်မျှပင် မလှုပ်နိုင်တော့ပေ။

လွန်ခဲ့သော ခဏလေးကပင် သူသည် မျက်လုံးအစုံကို ပြူးကာ စောင့်ကြည့်နေခဲ့မိသည်။ မာန်မာနထောင်လွှားလှသော ချန်ကျောက်ရှန်းမှာ ကောင်းကင်ယံထက်မှ ရိုက်ချခြင်း ခံလိုက်ရပြီး သေလားရှင်လားပင် မသိနိုင်တော့ပေ။ ထိုသို့ပြုလုပ်ခဲ့သူမှာ လူမသိသူမသိ နေထိုင်ခဲ့သော တတိယသခင်လေး ချန်ကျီရှင်းပင်။ သူသည် ချန်ကျောက်ရှန်းကို ခြောက်သွေ့သော မြက်ပင်တစ်ပင်ကို နင်းခြေသကဲ့သို့ အလွယ်တကူပင် တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။

အစပိုင်းတွင်မူ ချန်ကျောက်ရှန်း၏လက်၌ ရှုံးနိမ့်ခဲ့ရသဖြင့် သူ၏နှလုံးသားမှာ ကြေကွဲနေခဲ့ရ၏။ သို့သော်လည်း ဤအခိုက်အတန့်တွင်မူ တုန်လှုပ်ခြောက်ချားမှုနှင့်အတူ ဖော်ပြမရနိုင်သော ပြင်းပြသည့် ဆန္ဒတစ်ခုမှာ သူ၏ရင်ထဲ၌ ဟုန်းဟုန်းတောက် လောင်မြိုက်လာခဲ့သည်။

ဒါဆိုရင်... ချန်ကျောက်ရှန်းက အနှိုင်းမဲ့ အောင်နိုင်သူ မဟုတ်ဘူးလား။

တတိယသခင်လေးလိုသာ အစွမ်းထက်မယ်ဆိုရင်ပေါ့။

ငါသာ အဲဒီလောက်အထိ အစွမ်းထက်လာခဲ့ရင်... ချန်ထျန်းရှုံကိုတောင် ငါ ဖြုတ်ချနိုင်မှာပဲ ာ

သေလူတစ်ယောက်လို ဖြစ်နေသော သူ၏နှလုံးသားမှာ ရုတ်တရက်ဆိုသလို ပြင်းပြသော ရည်မှန်းချက်မီးတောက်များဖြင့် ပြန်လည်နိုးထလာခဲ့သည်။

ထို့ကြောင့်ပင် ချန်ကျီရှင်းက ဆင်းရဲခြင်းလမ်းစဉ် ကျမ်းစာအုပ်ကို ထုတ်ယူကာ သူ၏အသက်ကို အပ်နှံဖို့ ဆန္ဒရှိသလားဟု မေးလိုက်သောအခါ...

"ကျွန်တော်... ကျွန်တော် ဆန္ဒရှိပါတယ်"

ချန်ချိုးအာက အားယူ၍ ပြောလိုက်သည်။ သူ၏ လည်ချောင်းမှာ လှုပ်ခတ်သွားပြီး အလွန်ခက်ခဲစွာ ပြောလိုက်ရသော်လည်း သူ၏ စကားလုံးများမှာ ပြတ်သားလှသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေ၏။

သူသည် သူ၏မျက်လုံးအစုံကို ခက်ခဲစွာ လှိမ့်ကြည့်ရင်း ချန်ကျီရှင်းကို တောင့်တမှုအပြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

"ကျွန်တော့်ကို... ကျွန်တော့်ကို ကယ်ပါဦး တတိယသခင်လေး"

သူ အသက်ရှင်ချင်သေးသည်။

သူ မလုပ်ရသေးသော ကိစ္စရပ်များစွာ ရှိနေသေးသည်။

"ကောင်းပြီ"

ချန်ကျီရှင်းက အနည်းငယ် ပြုံးလိုက်ပြီး သူ၏ ဖြူစင်သွယ်လျသော လက်ကို ချန်ချိုးအာ၏ ဦးခေါင်းထက်သို့ ညင်သာစွာ တင်လိုက်သည်။

ဝုန်း….

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကြီးမားလှသော စိတ်ဝိညာဉ်စွမ်းအင်တို့သည် အပ်ချည်မျှင်များအသွင် ပြောင်းလဲသွားပြီး အေးစက်သော အလင်းတန်းများကို မှုတ်ထုတ်နေသည့် မြွေများကဲ့သို့ ချန်ချိုးအာ၏ ကိုယ်ခန္ဓာအတွင်းသို့ တိုးဝင်သွားတော့သည်။

ထို့နောက် ထို ဝိညာဉ်အသိ အဆိပ်မြွေများမှာ သူ၏ သွေးကြောကိုယ်ထည်တစ်လျှောက် ပြေးလွှားရင်း သူ၏ အသိစိတ်ပင်လယ်ဆီသို့ လျင်မြန်စွာ ဦးတည်သွားကြ၏။

"အသိစိတ်ပင်လယ်ကို ဖွင့်လိုက်စမ်း"

ချန်ကျီရှင်းက အမိန့်ပေးလိုက်သည်။

ရှဲ... ရှဲ... ရှဲ

စူးရှလှသော နာကျင်မှုတစ်ခု တိုးဝင်လာသဖြင့် ချန်ချိုးအာ၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်သွားပြီး မျက်နှာမှာ ဖြူဖျော့ကာ နဖူးပေါ်တွင်လည်း အေးစက်သော ချွေးစက်များ တသီးသီးကျလာတော့သည်။

"ဟုတ်ကဲ့ပါ"

သူသည် ပြန်လည်မဖြေကြားတော့ဘဲ အံကို ခပ်တင်းတင်းကြိတ်ထားရင်း သူ၏ အသိစိတပင်လယ်ကို အလျင်အမြန် ဖွင့်ပေးလိုက်သည်။ ထိုဝိညာဉ်အသိ အဆိပ်မြွေများမှာ သူ၏ အသိစိတ်ပင်လယ်အတွင်းသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားကြပြီး သူ၏ ဝိညာဉ်

လိပ်ပြာနှင့် မဟာတာအိုအခြေခံတို့တွင် တွယ်ကပ်လိုက်ကြ၏။

ထိုအရာက ဘာကိုဆိုလိုတာလဲဟူသည်ကို သူ ကောင်းကောင်းသိသည်။

ယနေ့မှစ၍ သူ၏ အသက်မှာ ချန်ကျီရှင်း၏ လက်ခုပ်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

သို့သော် သူ နောင်တမရပေ။

ဤလောကတွင် အကြောင်းပြချက်မရှိဘဲ ပေးကမ်းသော ပရဟိတဟူသည် မရှိဘဲ တန်ဖိုးတူ လဲလှယ်မှုများသာ ရှိသည်။

သူ အရာရာကို ရှင်းလင်းစွာ မြင်နေခဲ့ရသည်။

"လိမ္မာတယ်..."

ချန်ကျီရှင်းသည် သူ၏လက်ကို ပြန်လည်ရုပ်သိမ်းလိုက်ကာ ခေါင်းကို အသာအယာ ညိတ်လိုက်၏။

သူသည် ချန်ချိုးအာကို သူ၏ ရူးသွပ်သော ခွေးတစ်ကောင် အဖြစ် ပြောင်းလဲပစ်ရန် ရည်ရွယ်ထားသည်။

သို့သော်လည်း ရူးသွပ်သော ခွေးများမှာပင် သူတို့၏ သခင်ကို ပြန်လည်မကိုက်စေရန် သံကြိုးတစ်ချောင်း လိုအပ်သည်။

လွန်ခဲ့သော ခဏက ဝိညာဉ်အသိ အဆိပ်မြွေများမှာ ချန်ချိုးအာ၏ လည်ပင်းတွင် သူ ခတ်နှိပ်လိုက်သော သံကြိုးပင်။

နောက်တစ်ခဏတွင်...

ချန်ကျီရှင်းသည် ဆင်းရဲခြင်းလမ်းစဉ် ကျမ်းစာအုပ်ကို ချန်ချိုးအာ၏ ရင်ဘတ်အတွင်းသို့ ထိုးထည့်ပေးလိုက်ပြီးနောက် အသားနှင့် အရိုးတို့ကို ပြန်လည်ရှင်သန်စေနိုင်သော ဆေးလုံးတစ်လုံးကို သူ၏ပါးစပ်အတွင်းသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ထည့်ပေးလိုက်သည်။

ကောင်းကင်ဘုံဖြည့် အင်းကွက်ကြီးမှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်ကို မြင်သောအခါ သူသည် သူ၏ ညာဘက်လက်ကို အသာအယာ မြှောက်လိုက်၏။

နူးညံ့သော အားအင်တစ်ခုက ချန်ချိုးအာကို အသာအယာ မတင်လိုက်ပြီးနောက် ရေကန်အတွင်းသို့ ဖြည်းညှင်းစွာ ကျဆင်းသွားစေသည်။

"မှတ်ထားစမ်း... ချန်မိသားစုက ချန်ချိုးအာ ဆိုတဲ့လူက ဒီနေ့မှာ သေဆုံးသွားပြီ"

"ဒီနေ့ကစပြီး ဒီနာမည်ကို မေ့ပစ်လိုက်တော့။ ဝိသေသအသစ်တစ်ခုနဲ့ ဘဝသစ်မှာ ရှင်သန်လိုက်စမ်း"

"ချင်းပြည်နယ်က မုန့်မိသားစုဆီကို သွားပြီး မုန့်ဟယ်တုန်းဆိုတဲ့ လူတစ်ယောက်ကို ရှာပါ"

"မင်း ဘယ်လိုနည်းပဲ သုံးသုံး ငါ ဂရုမစိုက်ဘူး... ဒါပေမဲ့ မင်းကို သူ့ရဲ့ အသက်ပေးအဖော်၊ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက် ဖြစ်လာစေချင်တယ်"

ချန်ကျီရှင်း၏ အသံမှာ ခပ်သဲ့သဲ့မျှသာ ထွက်ပေါ်လာ၏။

ထို့နောက်တွင်မူ ရေစီးကြောင်းတစ်ခုက ချန်ချိုးအာကို မြစ်အောက်ပိုင်းသို့ အရှိန်အဟုန်ဖြင့် မျောပါသွားစေသည်။

"ချင်းပြည်နယ်... မုန့်ဟယ်တုန်း"

ချန်ချိုးအာသည် ထိုနာမည်ကို သူ၏ နှလုံးသားအနက်ရှိုင်းဆုံးတွင် ကမ္ပည်းတင်ထားလိုက်သည်။

ဝုန်း…

ဖြူဖွေးတောက်ပသော လျှပ်စီးတန်းတစ်ခုသည် ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်ကာ ဖြတ်သန်းသွားသည်။

ထိုခဏတာ ဝင်းခနဲလက်သွားသော အလင်းတန်းအောက်တွင် ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း အရိပ်အယောင်ကင်းမဲ့နေသည့် ချန်ကျီရှင်း၏ မျက်နှာကို မြင်တွေ့လိုက်ရ၏။

ချန်ချိုးအာ၏ ပုံရိပ်မှာ တဖြည်းဖြည်း ဝေးကွာသွားပြီး လုံးဝပျောက်ကွယ်သွားပြီးနောက် ချန်ကျီရှင်းသည် သက်ပြင်းအရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း သူ၏မျက်ဝန်းအစုံမှာ အနည်းငယ် လှုပ်ခတ်သွားသည်။

ချန်ချိုးအာကို အသုံးချရန် ဆုံးဖြတ်ခဲ့ခြင်းမှာ သူ၏ စိတ်ကူးပေါက်ရာ လုပ်ဆောင်ချက်တစ်ခုသာ ဖြစ်သည်။

ပထမအချက်အနေဖြင့် ချန်ချိုးအာ၏ ကြံ့ခိုင်မှုကို သူ သဘောကျမိပြီး ယနေ့တွင် ထိုသူသေဆုံးသွားခဲ့လျှင် နှမြောစရာကောင်းမည်ဟု သူ ယူဆခဲ့သည်။

ဒုတိယအချက်မှာ ချန်ချိုးအာသည် အမှန်တကယ်ပင် မုန့်ဟယ်တုန်း၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်လာမလားဆိုသည်ကို သူ စိတ်ဝင်စားမိခြင်းပင်။

နောင်တစ်ချိန်တွင် မုန့်ဟယ်တုန်းသည် ချန်ချိုးအာကို သူ၏ရှေ့မှောက်သို့ ခေါ်ဆောင်လာပြီး သူ အောင်ပွဲရပြီဟု ထင်မှတ်ကာ ဝမ်းသာအားရ ဖြစ်နေချိန်၌ ချန်ချိုးအာက "မင်းက ငါ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းပါ။ ငါ တကယ်ကို စိတ်မကောင်းဘူး" ဟု ဝေဒနာပြင်းစွာ ငိုကြွေးရင်း မုန့်ဟယ်တုန်း၏ နှလုံးသားကို ဓားဖြင့် ရုတ်တရက် ထိုးစိုက်လိုက်လျှင်...

ဒါက တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းမနေဘူးလား။

ချန်ကျီရှင်းမှာ ထိုသို့ တွေးတောနေစဉ်မှာပင်...

ဒုန်း….ဒုန်း…ဒုန်း…ဒုန်း … ဒုန်း….

ကောင်းကင်ယံထက်ဝယ် အလွန်အမင်း မြန်ဆန်လှသော လှုပ်ရှားမှုများကြောင့် အသံထက်

မြန်သော ပေါက်ကွဲသံငါးချက် ဆက်တိုက် ထွက်ပေါ်လာသည်။

"ဟင်"

ချန်ကျီရှင်းသည် ခေါင်းကို မော့ကာ စူးစိုက်ကြည့်လိုက်၏။

မြင့်မားလှသော ကောင်းကင်ထက်ဝယ် အနက်ရောင် ဝတ်စုံပွပွများကို ဆင်မြန်းထားပြီး မျက်နှာပေါ်တွင် ရွှေရောင်ပင့်ကူ မျက်နှာဖုံးများ တပ်ဆင်ထားသည့် လူရိပ်ငါးခုမှာ ယပ်တောင်ပုံစံ ဖြန့်ကျက်လျက် အရှိန်အဟုန်ပြင်းစွာ ပျံသန်းလာကြသည်။

သူတို့၏ အရှိန်မှာ အလွန်မြန်လှသဖြင့် ကောင်းကင်ယံကို ဖြတ်ကျော်စဉ် နောက်ကျောဘက်၌ မီးတောက်အမြီးတန်းကြီးများ ကျန်ရစ်နေခဲ့၏။

နောက်တစ်ခဏတွင်...

ဝုန်း

ရှေ့ဆုံးမှ ဦးဆောင်လာသော လူရိပ်သုံးခုမှာ လေထဲ၌ ပျံသန်းနေသော ချန်မိသားစု၏ ပျံသန်းသင်္ဘောကို ပြင်းထန်စွာ ဝင်တိုက်လိုက်ကြသည်။

ဒုန်း….

လိပ်တက်လာသော မီးခိုးလုံးကြီးများနှင့်အတူ တဟုန်းဟုန်း တောက်လောင်နေသည့် မီးတောက်များမှာ ချန်မိသားစု၏ ပျံသန်းသင်္ဘောထက်မှ ပေါက်ကွဲကာ ထွက်ပေါ်လာတော့သည်။

ထို့နောက်တွင်မူ...

"ချန်မိသားစုရဲ့ ပျံသန်းသင်္ဘောကို ဘယ်သူက ကျူးကျော်ဝံ့ရတာလဲ... သေချင်နေတာလား"

ချန်ထျန်းချန်၏ ထိတ်လန့်တကြားနှင့် ဒေါသတကြီး အော်ဟစ်သံမှာ ကောင်းကင်ယံတစ်ခွင် ဟိန်းထွက်သွားသည်။

"အပြောင်းအလဲတွေ စတင်နေပြီပဲ"

ချန်ကျီရှင်းသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်မိပြီး သူ၏မျက်နှာမှာလည်း လေးနက်တည်ကြည်သွားသည်။

နောက်တစ်ခဏတွင်...

ရှူး... ရှူး

ကျန်ရှိနေသော အနက်ရောင်ဝတ်စုံဝတ် လူရိပ်နှစ်ဦးသည် ချန်ကျီရှင်း ရပ်နေသော နေရာထံသို့ လျင်မြန်စွာ ငုပ်လျှိုးဆင်းသက်လာကြသည်။

ရှဲ…

ထိုလူရိပ်နှစ်ဦးသည် ချန်ကျောက်ရှန်း ရှိနေသော ရေကန်မျက်နှာပြင်ပေါ်သို့ ချက်ချင်းပင် ဆင်းသက်လိုက်ကြ၏။ သူတို့သည် ချန်ကျောက်ရှန်းကို ငုံ့ကြည့်လိုက်ကြပြီးနောက် မျက်မှောင် အနည်းငယ် ကြုတ်သွားကြသည်။

ပိန်လှီသော ကိုယ်ခန္ဓာရှိသည့် အနက်ရောင်ဝတ်စုံဝတ်တစ်ဦးသည် အဆက်အသွယ်လုပ်သည့် အဆောင်စာရွက်တစ်ခုကို အမြန်ထုတ်ယူကာ တိုးညှင်းစွာ ရေရွတ်လိုက်သည်မှာ...

"မီးမျိုးစေ့ အမှတ် ၃၉၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ သေဆုံး၊ အဖွဲ့အစည်းဆီ ပြန်ယူလာပြီး ပြန်လည်မွေးဖွားခြင်းအိုးအဖြစ် ပြောင်းလဲဖို့ ယဇ်ပူဇော်သင့်သလား"

အဆက်အသွယ်လုပ်သည့် အဆောင်စာရွက်မှာ အလင်းတန်းတစ်ခု လျှပ်ခနဲ လက်သွား၏။

ပိန်လှီသော ထိုလူရိပ်မှာ ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။ သူသည် ရေကန်ထဲတွင် ပေါလောပေါ်နေသော ချန်ကျောက်ရှန်းကို ဆွဲယူလိုက်ပြီးနောက် ချန်ကျီရှင်းထံသို့ အကြည့်လွှဲကာ သူ၏အဖော်ကို အေးစက်စွာ ပြောလိုက်၏။

"သူ့ကို ရှင်းပစ်လိုက်"

ရှဲ…

ချက်ချင်းဆိုသလိုပင် ထိုပိန်လှီသော လူရိပ်သည် သူ၏ ညာဘက်လက်ဖြင့် အချက်ပြလိုက်ရာ သူ၏ခြေဖဝါးအောက်တွင် ရေဝဲဂယက်တစ်ခု ချက်ချင်းပေါ်ထွက်လာသည်။

ချန်ကျောက်ရှန်းကို ချီမထားသော ပိန်လှီသည့် လူရိပ်မှာ ထိုရေဝဲအတွင်းသို့ ဖြည်းညှင်းစွာ ဆင်းသက်သွားပြီး ရေကန်အောက်သို့ ငုပ်လျှိုးကာ ပျောက်ကွယ်သွားတော့သည်။

ကျန်ရှိနေသော အနက်ရောင်ဝတ်စုံဝတ် တစ်ဦးမှာမူ အရပ် သုံးမီတာခန့် မြင့်မားပြီး ဘောလုံးတစ်လုံးကဲ့သို့ ဖောင်းကားကာ လှပနေသည့် လူတစ်ဦးပင်။ သူမသည် တိုတောင်းသော ခြေလက်လေးဖက် ထွက်ပေါ်နေသည့် ဧရာမ စက်လုံးကြီးတစ်ခုနှင့် တူ၏။

သူမ၏ အင်္ကျီလက်အတွင်းမှ ထွက်ပေါ်နေသော လက်အရေပြားမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ခရမ်းရောင် သန်းနေသည်။ ပို၍ ကြောက်စရာကောင်းသည်မှာ သူမ၏ လက်ဖဝါးများပင်...

၎င်းတို့မှာ ရေဘဝဲလက်များ၏ စုပ်ခွက်များကဲ့သို့ အထိအတွေ့ပေါင်းများစွာဖြင့် ဖုံးလွှမ်းနေ၏။

"ကောင်လေးက... တကယ်ကို စားချင်စရာလေးပဲ..."

ထိုထူးဆန်းသော အနက်ရောင်ဝတ်စုံဝတ်ကြီးသည် ချန်ကျီရှင်းကို ကြည့်ကာ သူမ၏ လည်ချောင်းထဲမှ ဆွဲဆောင်မှုရှိပြီး မိန်းမောဖွယ်ကောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

ဝုန်း…

နောက်တစ်ခဏတွင် ထိုမိန်းမသည် ခြေတစ်လှမ်း လှမ်းလိုက်ရာ ရေများမှာ ကောင်းကင်ယံအထိ စင်သွားတော့သည်။ သူမ၏ တစ်ကိုယ်လုံးမှာ အမြောက်ဆန်တစ်ခုကဲ့သို့ ချန်ကျီရှင်းထံသို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာ၏။

"လာပါ... မေမေ့ရဲ့ ဗိုက်ထဲကို လာခဲ့စမ်း"

ထူးဆန်းသော ထိုမိန်းမကြီးသည် လောဘဇောနှင့် ရူးသွပ်စွာ အော်ဟစ်ရင်း သူဖောင်းကားနေသော ဝမ်းဗိုက်ကို ပုတ်ကာ လည်ချောင်းထဲမှ စူးရှပြီး ရူးသွပ်လှသော ရယ်သံကြီးကို ထုတ်ဖော်လိုက်သည်။

မျက်နှာဖုံးအောက်ရှိ ပါးစပ်မှလည်း နံစော်လှသော တံတွေးများမှာ တဖျပ်ဖျပ် စီးကျနေ၏။

"မေမေ့ကို... မင်းကို ဝါးမြိုခွင့် ပေးစမ်းပါဦး"

All Chapters