အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
အခန်း။ ၄၇
ချန်ကျောက်ရှန်းသည် ရေပြင်ပေါ်တွင် တစ်လှမ်းချင်း လျှောက်လှမ်းရင်း ကမ်းစပ်သို့ တက်လာခဲ့သည်။
သူ ကမ်းခြေသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ဘယ်ဘက်ရှိ ထူထပ်လှသော တောအုပ်အတွင်းမှ သစ်ရွက်ခြောက်များကို နင်းခြေသံကဲ့သို့ အသံခပ်သဲ့သဲ့ ထွက်ပေါ်လာ၏။
"ချန်မိသားစုရဲ့ ပုန်းအောင်းနေတဲ့ နဂါးတစ်ကောင်ပီပီ မင်းရဲ့ အစွမ်းက တကယ်ကို ကြီးမားတာပဲ"
နက်ရှိုင်းလှသော အသံတစ်ခု ထွက်ပေါ်လာသည်။
ချန်ကျောက်ရှန်းသည် မျက်မှောင်ကြုတ်ကာ ဘေးသို့ အသာစောင်းကြည့်လိုက်၏။
ပိန်ပါးကာ ဖျော့တော့သော လူရိပ်တစ်ခုသည် အပေါ်ပိုင်းဗလာကျင်းလျက် ဆံပင်နက်တို့ကို နောက်သို့ ဖားလျားချထားသည်။ မျက်နှာပေါ်တွင် သံနီရောင် မျက်နှာဖုံးတစ်ဝက်ကို တပ်ဆင်ထားပြီး အေးစက်လှသော ဓားရှည်နှစ်လက်ကို ကိုင်စွဲကာ တောအုပ်အနက်ပိုင်းမှ ထွက်ပေါ်လာသည်။
"သရဲယောင်ဆောင်နေတဲ့ တစ်ယောက်ယောက်များလားလို့ ငါ ထင်နေတာ"
ချန်ကျောက်ရှန်းက တည်ငြိမ်အေးစက်သော အကြည့်တို့ဖြင့် ပြောလိုက်၏။
"မင်း ဒီစမ်းသပ်ပွဲကို မလာခဲ့သင့်ဘူး"
"မင်း ငါ့ကို သိတာလား"
ချန်ချိုးအာက မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
ချန်ကျောက်ရှန်းက အေးစက်စွာပင် ဆက်ပြောသည်။
"ချန်မိသားစုထဲမှာ နေရာတစ်နေရာရဖို့ ကလေးမွေးပြီး ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ ကြိုးစားခဲ့တဲ့ အစေခံတစ်ယောက်က မွေးဖွားလာတဲ့ နိမ့်ကျတဲ့ သွေးနှောတစ်ယောက်ပဲ။ ငါက မသိဘဲ နေပါ့မလား"
ထိုစကားကို ကြားလိုက်ရသည့်ခဏ ချန်ချိုးအာ၏ မျက်ဝန်းတို့ ကျဉ်းမြောင်းသွားပြီး သူ၏ တစ်ကိုယ်လုံးမှ အန္တရာယ်ရှိသော အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။
"ချန်ကျောက်ရှန်း... မင်းကိုယ်မင်း တကယ်ပဲ အဲဒီလောက် မြင့်မြတ်လှပြီလို့ ထင်နေတာလား" ချန်ချိုးအာက ခပ်အေးအေး မေးလိုက်သည်။
ချန်ကျောက်ရှန်းက ပြန်မဖြေဘဲ အဝေးသို့ လှမ်းကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
"မင်းရဲ့ ရင်ထဲမှာ မကျေနပ်ချက်တွေ အများကြီး ရှိနေမယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ငါ တစ်ခုပြောပြမယ်... ဒီလောကကြီးက တကယ်ကို လက်တွေ့ဆန်တယ်ဆိုတာပဲ။ ငါက တောင်ထိပ်ပေါ်မှာ မွေးဖွားလာတဲ့သူဖြစ်လို့ အရာရာကို စိတ်တိုင်းကျ လုပ်ပိုင်ခွင့်ရှိတယ်။ ဒါက ငါ့ရဲ့ အခွင့်ထူးပဲ။ ဒီလောကမှာရှိတဲ့ အရာမှန်သမျှကို ငါ အလိုရှိတယ်ဆိုတာနဲ့ ငါ ပိုင်ဆိုင်ရစမြဲပဲ"
"ငါ မွေးဖွားလာတဲ့ အချိန်ကတည်းက လူအများအပြားရဲ့ အထက်မှာ ရပ်တည်ဖို့နဲ့ မြင့်မြတ်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့ ကံပါလာပြီးသား"
ထိုသို့ ပြောပြီးနောက် ချန်ကျောက်ရှန်းသည် အကြည့်တို့ကို ပြန်လည်ရုပ်သိမ်းကာ ချန်ချိုးအာကို သနားစရာ ကောင်းသော ပိုးမွှားလေးတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်ကို အနည်းငယ် တွန့်ကွေးလျက် လှောင်ပြုံး ပြုံးလိုက်သည်။
"မင်းကတော့ ရွှံ့နွံထဲမှာ ပုပ်သိုးနေတဲ့ ကြွက်တစ်ကောင်ပဲ။ မင်း ဘယ်လောက်ပဲ ရုန်းကန် လှုပ်ရှားပါစေ... နောက်ဆုံးတော့ အဲဒီရွှံ့ထဲမှာပဲ ပုပ်သိုးပြီး နံစော်နေရမှာပဲ။ ဘယ်တော့မှ အလင်းရောင်ကို မြင်ရမှာ မဟုတ်ဘူး"
"ဘာလို့လဲဆိုတော့... မင်းရဲ့ အရိုးထဲအထိ စိမ့်ဝင်နေတာက နိမ့်ကျမှု သက်သက်ပဲ ဖြစ်လို့ပဲ"
ထိုစကားကို ကြားလိုက်ရသောအခါ ချန်ချိုးအာသည် သူကိုင်ထားသော ဓားရိုးကို ဖြည်းဖြည်းချင်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
သူသည် သူ့ကိုယ်သူ ရုတ်တရက် လှောင်ရယ်လိုက်မိသည်။
"ငါ တကယ် ထင်ခဲ့မိတာ... ငါသာ အစွမ်းကုန် ကြိုးစားပြရင် မင်းတို့အားလုံး ငါ့ကို အသိအမှတ်ပြုလာကြလိမ့်မယ်လို့ပေါ့"
"ငါသာ ဒီစမ်းသပ်ပွဲမှာ ကောင်းကောင်း စွမ်းဆောင်ပြနိုင်ရင် မင်းတို့ ငါ့ကို လက်ခံလာကြလိမ့်မယ်လို့ ငါ အမှန်တကယ် ယုံကြည်ခဲ့တာ"
"ငါ့အမေ မဆုံးခင်က ငါ့ကို ပြောခဲ့ဖူးတယ်... ငါနဲ့ သူက အစေခံဖြစ်ဖို့ပဲ ကံပါလာတာတဲ့။ စိတ်ကူးယဉ် အိပ်မက်တွေ မမက်ပါနဲ့တဲ့။ တစ်သက်လုံး အစေခံကောင်းတစ်ယောက်အဖြစ်ပဲ နေသွားပါတဲ့"
ချန်ကျောက်ရှန်းက သူ့ကို တစ်ချက်လှမ်းကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"မင်းအမေက မင်းထက်စာရင် ပိုပြီး အမြော်အမြင်ရှိတာပဲ"
ချန်ချိုးအာက ပြန်မဖြေဘဲ သူ့ဘာသာ ဆက်လက် ရေရွတ်နေ၏။
"ဒါပေမဲ့ ငါ သိချင်တာက... ဘာလို့လဲ အားလုံးက လူသားချင်း အတူတူပဲကို ဘာလို့ ငါက နိမ့်ကျနေရမှာလဲ ဘာလို့ မင်းကျတော့ အထက်စီးက နေခွင့်ရနေတာလဲ"
"ငါ ဒါကို လက်မခံနိုင်ဘူး... လုံးဝ လက်မခံနိုင်ဘူး"
"ဒါကြောင့်ပဲ ငါ အသည်းအသန် လေ့ကျင့်ခဲ့တယ်။ သေလုမတတ်ကို ကျင့်ကြံခဲ့တာ"
"ငါသာ ပိုပြီး သန်မာလာမယ်ဆိုရင်... ဘယ်လို နာကျင်မှုမျိုး ဘယ်လို နှိပ်စက်မှုမျိုးပဲဖြစ်ဖြစ် ငါ အားလုံးကို ရင်းနှီးပေးဆပ်ဖို့ အသင့်ပဲ"
ထိုသို့ပြောရင်း ချန်ချိုးအာသည် ချန်ကျောက်ရှန်းကို မော့ကြည့်ကာ တိုးညှင်းစွာ မေးလိုက်သည်။
"ပေတစ်ထောင်အမြင့်ကနေ ကျောက်စိမ်းတုံးပေါ်ကို ရိုက်ခတ်လိုက်တဲ့ ရေတံခွန်ရဲ့ အသံကို မင်း ကြားဖူးလား"
"ဟင်"
ချန်ကျောက်ရှန်း မျက်မှောင်ကြုတ်သွားသည်။
ထိုစဉ်မှာပင် ချန်ချိုးအာသည် သူ၏ အေးစက်လှသော အမြွှာဓားရှည်များကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ဓားသွားအဖျားကို ချန်ကျောက်ရှန်းထံသို့ တည့်တည့်မတ်မတ် ချိန်ရွယ်လိုက်၏။
သူက တစ်လုံးချင်း ရေရွတ်လိုက်သည်မှာ...
"ရေစီးကြောင်း ဓားသိုင်း... ပထမကွက်... စိမ်းမြသော လရောင်လျှပ်စီး အပိုင်းအခြား"
ဝုန်း…
ချန်ချိုးအာ၏ နောက်ဆုံးစကားလုံး ဆုံးသည်နှင့်တစ်ပြိုင်နက် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ဓားစွမ်းအင်တို့သည် ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်းလျက် ပေါက်ကွဲကာ ထွက်ပေါ်လာတော့သည်။
ဒုန်း….
တစ်ကန်လုံးရှိ ရေထုကြီးမှာ ဝုန်းကနဲ ကြွတက်လာပြီး ရေဝဲဂယက်ကြီးများ ဖြစ်ပေါ်လာကာ ကောင်းကင်နှင့် ရေပြင်ကို နေရာချင်း ချိန်းလိုက်သကဲ့သို့ပင်။
မြေပြင်မှ ရေဝဲကြီးတစ်ခုမှာ မြင့်တက်လာပြီး ချန်ချိုးအာကို ကောင်းကင်ယံထက်သို့ မြှောက်တင်ပေးလိုက်သည်။
"နားထောင်စမ်း... အဲဒါ ပေတစ်ထောင်အမြင့်က ရေတံခွန်ရဲ့ အမျက်ဒေါသသံပဲ"
"ပိုင်းဖြတ်စမ်း"
မျက်တောင်တစ်ခတ်အတွင်းမှာပင် ချန်ချိုးအာသည် တုန်လှုပ်ဖွယ်ရာ ဓားအလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီး ကောင်းကင်ယံထက်ဝယ် ပွင့်အာလာကာ ချန်ကျောက်ရှန်းထံသို့ အရှိန်အဟုန်ပြင်းစွာ ပိုင်းဖြတ်ချလိုက်သည်။
"နိမ့်ကျတဲ့ သွေးနှော..."
ထိုမြင်ကွင်းကို ကြည့်ရင်း ချန်ကျောက်ရှန်း၏ မျက်နှာမှာ အေးစက်မြဲ အေးစက်နေဆဲပင်။ သူ၏ တောက်ပသော ဆံပင်နက်တို့မှာ လေထဲသို့ ထောင်တက်သွားသည်။
ရွှေရောင် ဘုရင်တံဆိပ်တော် အမှတ်အသားများသည် သူ၏ကျောပြင်ရှိ ဘုရင်မြေပုံမှတစ်ဆင့် ပျံ့နှံ့လာကာ သူ၏ တစ်ကိုယ်လုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားတော့သည်။
သူ၏ နောက်ကျောဘက်မှ ဧကရာဇ်ဝတ်စုံကို ဆင်မြန်းပြီး ဧကရာဇ်သရဖူကို ဆောင်းနှင်းထားသည့် ခန့်ညားထည်ဝါသော ပုံရိပ်ကြီးတစ်ခုသည် ဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာ၏။
ထိုဧကရာဇ်၏ ပုံရိပ်ယောင်မှာ ဖရိုဖရဲနိုင်လှသော မြူထုများအတွင်း ဖုံးလွှမ်းနေပြီး အနေအထားကို အတိအကျ ခွဲခြား၍မရသော်လည်း မျက်နှာမှာမူ ချန်ကျောက်ရှန်းနှင့် ထပ်တူပင်ဖြစ်ကာ မျက်လုံးများကို မှိတ်၍ အိပ်မောကျနေသကဲ့သို့ပင်။
နောက်တစ်ခဏမှာပင် ဟင်းလင်းပြင်ထဲရှိ ထိုဧကရာဇ်ပုံရိပ်ယောင်မှာ သူ၏ မျက်ဝန်းအစုံကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သည်။
...
...
"ဟင်း..."
ချန်ကျီရှင်းသည် ကိုးပါးသော နတ်ဘုရား အတတ်ပညာ စာအုပ်ကို ဘေးသို့ချလိုက်ရင်း သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ မှုတ်ထုတ်လိုက်သည်။
ပြီးခဲ့သော ရက်အနည်းငယ်အတွင်း သူသည် ဤအတတ်ပညာကို အပြည့်အဝ တတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။
သူအနေဖြင့် ဤကျင့်စဉ်ကို လေ့ကျင့်ရန် ဖြစ်တည်မှုအစစ်အမှန် နယ်ပယ်သို့ ခြေလှမ်းလှမ်းရန်သာ လိုအပ်တော့သည်။
ထို့အပြင် ဤကျင့်စဉ်မှာ ဂြိုဟ်နက္ခတ် ပြောင်းလဲခြင်း ဂါထာနှင့် များစွာ ဆင်တူနေ၏။
အကြောင်းမှာ ဤကျင့်စဉ်ကို ဖန်တီးသူမှာ တတိယမြောက် မဟာတာအိုမျိုးစေ့ကိုသာ စုစည်းနိုင်ခဲ့ပြီး ရှေ့ဆက်၍ မတိုးနိုင်ခဲ့သောကြောင့်ပင်။
အမှန်စင်စစ် မဟာတာအိုမျိုးစေ့ တစ်ခုကို စုစည်းနိုင်တိုင်းမှာ တာအိုတစ်ခုကို ဖြစ်တည်မှုအစစ်အမှန် နယ်ပယ်အထိ ထိုးထွင်းသိမြင် နားလည်သွားခြင်းကို ဆိုလိုခြင်းပင်။
သို့သော်လည်း ဤလောကဝယ် ဖြစ်တည်မှုအစစ်အမှန် အဆင့်ရှိ တာအိုကိုးပါးကို ကျင့်ကြံနိုင်လောက်အောင် ထိုးထွင်းဉာဏ်ရှိသူ နည်းပါးလွန်းသည်။
မည်သို့ပင်ဆိုစေကာမူ ဤကန့်သတ်ချက်များမှာ ချန်ကျီရှင်းအတွက်မူ အထူးသီးသန့် ဖန်တီးထားသကဲ့သို့ပင်။
အဘယ်ကြောင့်ဆိုသော် သူ့တွင် အခြားမရှိလျှင်တောင် ထိုးထွင်းဉာဏ်ကတော့ အလျှံပယ် ရှိနေသောကြောင့်ပင်။
"နောက်တစ်ဆင့်ကတော့... ဒီစမ်းသပ်ပွဲကို အဆုံးသတ်ရမယ်။ ပြီးရင် ဖြစ်တည်မှုအစစ်အမှန် နယ်ပယ်ကို တက်လှမ်းမယ်။ ပြီးတော့ တာအိုတစ်ခုကို ကိုယ်ပိုင်တာအိုမျိုးစေ့အဖြစ် ရွေးချယ်ပြီး မြေကမ္ဘာကောင်းကင်ယံ ဖြစ်တည်မှုကို ခိုင်မာအောင် လုပ်ရမယ်"
ချန်ကျီရှင်းသည် သူ၏ လုပ်ငန်းစဉ်ကို ရှင်းလင်းစွာ တွေးတောရင်း မတ်တတ်ရပ်လိုက်သည်။
"အချိန်တွက်ကြည့်ရင်တော့ စမ်းသပ်ပွဲက မကြာခင် ပြီးဆုံးတော့မှာပဲ"
ချန်ကျီရှင်းသည် စိတ်ထဲမှ အချိန်ကို တိတ်ဆိတ်စွာ ခန့်မှန်းလိုက်ပြီးနောက် နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ တာအိုဆရာကြီး ကျိုဖုန်း၏ ဂူသင်္ချိုင်းအတွင်းမှ ထွက်ခွာလာခဲ့သည်။
...
...
တစ်နာရီခန့် ကြာပြီးနောက် ချန်ကျီရှင်းသည် ချန်မိသားစု၏ စမ်းသပ်မှုနယ်မြေသို့ ရောက်ရှိလာခဲ့သည်။
"ဖွင့်စမ်း"
သူက စကားတစ်ခွန်းကို တိုးညှင်းစွာ ရေရွတ်လိုက်၏။
ထိုခဏမှာပင် ကောင်းကင်ဘုံဖြည့်ဆည်းအင်းကွက်ကြီးမှာ အက်ကြောင်းတစ်ခု ဖြည်းဖြည်းချင်း ပွင့်ဟလာပြီး ချန်ကျီရှင်းမှာ အတွင်းသို့ လှမ်းဝင်သွားသည်။
စမ်းသပ်မှုနယ်မြေအတွင်းသို့ ရောက်ရှိပြီး မကြာမီမှာပင် စမ်းသပ်ပွဲပြီးဆုံးသည်အထိ စောင့်ဆိုင်းရန် နေရာတစ်ခု ရှာဖွေဖို့ သူ စဉ်းစားလိုက်သည်။
သို့သော်လည်း ရှေ့နားဆီမှ စူးရှသော အမျိုးသမီးအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
"ချန်ကျီရှင်း"
ထိုအသံကို ကြားလိုက်ရသဖြင့် ချန်ကျီရှင်းက မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
လုရင်သည် ချန်မိသားစု တပည့်တစ်ဦးကို အနိုင်ယူပြီး ထိုသူ၏ လက်ကောက်ဝတ်မှ လက်ပတ်ကို လုယူနေသည်ကို သူ မြင်လိုက်ရသည်။
"ဒီရက်ပိုင်းအတွင်း မင်း တော်တော်လေး ပုန်းနေနိုင်တာပဲ။ ငါ မင်းကို လိုက်ရှာနေတာ ရက်
အတော်ကြာပြီ။ လုံးဝကို ရှာမတွေ့ခဲ့ဘူး"
လုရင်က နှာခေါင်းတစ်ချက် ရှုံ့ရင်း လှောင်ပြောင်လိုက်သည်။
"ချန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက်ဖြစ်ပြီးတော့ ပုန်းရှောင်ဖို့ပဲ သိတာလား။ ဒါက ဘာတန်ဖိုးရှိမှာလဲ ငါ့အဖေကတောင် ပြောသေးတယ်... မင်းက ကြည့်ရသလောက် မရိုးရှင်းဘူးတဲ့"
"တကယ်ကို ရယ်စရာကောင်းလိုက်တာ"
ချန်ကျီရှင်းက သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်ရင်း လုရင်ထံသို့ လျှောက်လှမ်းသွားကာ ဆိုလိုက်၏။
"မင်း သိလား... မင်းနဲ့ စတွေ့ကတည်းက ငါ့မှာ ရောဂါတစ်ခု စွဲကပ်နေတာ။ တော်တော်လေးကို ပြင်းထန်တဲ့ ရောဂါမျိုးပဲ"
"ဘာ"
လုရင် မျက်မှောင်ကြုတ်သွားသည်။
ဒီလူက ငါ့အပေါ်မှာ ရည်ရွယ်ချက်တစ်ခုခု ရှိနေတာများလား။
မဟုတ်သေးဘူး... ဒီနေ့တော့ သူ့ရဲ့ နိမ့်ကျတဲ့ အတွေးတွေကို ငါ အပြတ်ဖြတ်ပစ်ရမယ်။
လုရင် တွေးတောနေစဉ်မှာပင်...
"အဲဒီရောဂါကတော့..."
ချန်ကျီရှင်းသည် လုရင်၏ ရှေ့မှောက်တွင် ရပ်တန့်လိုက်ပြီး မည်သည့် ဝေခွဲတုံ့ဆိုင်းမှုမျှ မရှိဘဲ လုရင်၏ လှပသော မျက်နှာထက်သို့ အလွန်ပြင်းထန်လှသော ပါးရိုက်ချက်တစ်ချက်ကို လက်ဆောင်ပေးလိုက်သည်။
"ငတုံးတွေကို မုန်းတီးတဲ့ရောဂါလို့ ခေါ်တယ်"
ဖြောင်း..
လုရင်၏ တစ်ကိုယ်လုံးမှာ ဟောင်းနွမ်းစုတ်ပြတ်နေသော အိတ်ခွံတစ်ခုကဲ့သို့ လေထဲတွင် ဝဲပျံသွားပြီး မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားတော့သည်။
သူမ၏ လှပသော မျက်နှာမှာ ချက်ချင်းပင် ဖူးယောင်လာပြီး မျက်လုံးများ စွေစောင်းကာ နှာခေါင်းရိုးမှာလည်း ကျိုးအက်သွားခဲ့သည်။ သွေးစများနှင့်အတူ သွားများမှာလည်း ပါးစပ်အတွင်းမှ တရဟော ထွက်ကျလာ၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမသည် မြေပြင်ပေါ်၌ ပုပ်သိုးနေသော ရွှံ့နွံပုံကြီးကဲ့သို့လဲကျသွားတော့သည်။
အခန်း။ ၄၈
လုရင်သည် သူမ၏ ကိုယ်ခန္ဓာအတွင်းရှိ အရိုးအားလုံး အပိုင်းပိုင်းကျိုးအက်သွားသကဲ့သို့ ခံစားလိုက်ရပြီး မြေပြင်ပေါ်တွင် အင်အားချည့်နဲ့စွာ လဲကျနေ၏။ ပါးပြင်နှစ်ဖက်မှာမူ ပူလောင်လှသော ဝေဒနာနှင့်အတူ တရိပ်ရိပ် နာကျင်နေသည်။
မည်သည့်အချိန်ကစ၍ မှောင်မှောက်လာသည်မသိသော ကောင်းကင်ယံထက်မှ မိုးစက်အချို့သည် မမျှော်လင့်ဘဲ စတင်ကြွေကျလာသည်။
မကြာမီမှာပင် မိုးသည်းထန်လာပြီး မြေပြင်ပေါ်သို့ တဖြောင်းဖြောင်း ရိုက်ခတ်နေသော မိုးရေစက်တို့သည် ဖုန်မှုန့်များကို ရွှံ့နွံများအဖြစ် ပြောင်းလဲပစ်ကာ သူမ၏ ကိုယ်ခန္ဓာနှင့် မျက်နှာပေါ်သို့ စင်ဟပ်နေတော့သည်။
ထိုမိုးထဲတွင် သူမ အားယူ၍ မျက်လုံးကို ပင့်ကြည့်လိုက်မိ၏။
အဝေးတစ်နေရာမှ လရောင်အသွင် ဖြူဖွေးသော ဝတ်စုံရှည်ကို ဆင်မြန်းထားသည့် လူရိပ်တစ်ခုသည် သူမထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။ သူမ၏ မျက်သူငယ်များထဲတွင် ထိုပုံရိပ်မှာ တဖြည်းဖြည်း ပို၍ ကြီးမားထင်ရှားလာသည်။
ခဏအကြာတွင် ထိုလူရိပ်သည် သူမ၏ ရှေ့မှောက်တွင် ရပ်တန့်သွားကာ ဖြူစင်ဝင်းပ၍ လှပသော လက်တစ်စုံမှာ သူမ၏ ဆံပင်များကို ရက်စက်စွာ ဆွဲကိုင်လိုက်၏။ သူမ၏ ပြင်းထန်လှသော နာကျင်မှုနှင့် ရုန်းကန်နေမှုများကို လျစ်လျူရှုလျက် သေနေသော ခွေးတစ်ကောင်ကို မယူသကဲ့သို့ သူမကို မြေပြင်မှ ဆွဲထူလိုက်သည်။
နူးညံ့သိမ်မွေ့လှသော အသံတစ်ခုသည် သူမ၏ နားစည်အနီးတွင် တိုးညှင်းစွာ ထွက်ပေါ်လာသည်။
"ငါ မင်းကို ဒီမှာတင် သတ်ပစ်လိုက်ရင်တောင် နိဗ္ဗာန နယ်ပယ် ရောက်နေတဲ့ မင်းအဖေက ငါ့ကို ကလဲ့စားချေရဲမှာ မဟုတ်ဘူးဆိုတာ မင်း ယုံလား"
"အပြန်အလှန်အားဖြင့် ပြောရရင်... ငါ မင်းကို ဒီမှာ သတ်လိုက်လို့ ဒီသတင်းက ချန်မိသားစုဆီ ရောက်သွားရင် သူတို့က အန္တရာယ်ကို ကြိုတင်ရှင်းလင်းတဲ့အနေနဲ့ မင်းအဖေကိုပါ အရင်ဆုံး ဖိနှိပ်ပြီး သတ်ဖြတ်ပစ်လိုက်ကြလိမ့်မယ်"
လုရင်၏ လည်ချောင်းမှာ တုန်လှုပ်စွာ လှုပ်ခတ်သွားပြီး သူမသည် ခေါင်းကို အားယူ၍ မော့ကာ သူမရှေ့မှ ချောမောသော မျက်နှာကို စိုက်ကြည့်လိုက်သည်။ ထိုမျက်နှာထက်မှ ကျဉ်းမြောင်းသော မျက်ဝန်းအစုံနှင့် နှုတ်ခမ်းထောင့်ရှိ အနည်းငယ်သော ပြုံးယောင်သန်းမှုတို့ကို မြင်လိုက်ရ၏။
ဘာကြောင့်ရယ်မသိပေ။
သူမ၏ ကျောရိုးတစ်လျှောက်မှ ဦးခေါင်းထိပ်အထိ စိမ့်ခနဲ အေးစက်သွားသော ခံစားမှုကို ခံစားလိုက်ရသည်။
"ငါ..."
သူမ ပါးစပ်ဟလိုက်သော်လည်း စကားတစ်လုံးမျှ မဟဝံ့ပေ။
"ဒါကြောင့်... လိမ္မာပါးနပ်ဖို့ သင်ယူထားစမ်းပါ"
"ဘဝရဲ့ ပထမဆုံး သင်ခန်းစာကတော့ ကိုယ့်ရဲ့ တကယ့်အနေအထားနဲ့ ကိုယ့်ရဲ့ အစွမ်းအစကို သိဖို့ပဲ"
"မင်း အဓိပ္ပာယ်မရှိတာတွေ ပြောနေတာကို ငါ ထပ်ကြားရရင်တော့... မင်းနဲ့ မင်းအဖေကို အတူတူ အနောက်ဘက်မှ သေခြင်းတရားဆီ ပို့ပေးလိုက်မယ်"
ချန်ကျီရှင်း၏ လက်ဝါးမှာ လုရင်၏ ပါးပြင်ကို ခပ်ဖွဖွ ပုတ်လိုက်သည်။
ထို့နောက် ဖြူဖျော့နေသော လုရင်၏ မျက်နှာထားအောက်တွင် သူမ၏ လက်ကောက်ဝတ်မှ အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူမ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။
လုရင်သည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ဤစမ်းသပ်မှုနယ်မြေအတွင်းမှ အပြင်သို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်။
ချန်ကျီရှင်းမှာ မတ်တတ်ရပ်လိုက်ပြီးနောက် ပြင်းထန်လှသော စွမ်းအင်လှိုင်းများ တရစပ် ထွက်ပေါ်နေသည့် အဝေးမှ ထူထပ်သော တောအုပ်တစ်ခုဆီသို့ လှမ်းကြည့်လိုက်၏။
"ဒီလောကမှာ... ကိုယ့်ကိုယ်ကိုယ် ပရိယာယ်ကြွယ်ဝတယ်လို့ ထင်ပြီး ယုံကြည်ချက်လွန်ကဲနေတဲ့ လူတွေ အမြဲရှိနေတာပဲ"
ချန်ကျီရှင်းက သူ့ဘာသာ ရေရွတ်လိုက်ရင်း ထိုတောအုပ်ဆီသို့ လျှောက်လှမ်းသွားသည်။
"မင်း ငါ့ကို လိုက်ရှာနေတယ်လို့ အမြဲအော်ဟစ်နေခဲ့တာ မဟုတ်လား ကောင်းပြီလေ... မင်း အလိုရှိတဲ့အတိုင်း ဖြစ်စေရမယ်"
တစ်ဖက်တွင်လည်း တောင်ဘက်နယ်စပ် ချန်မိသားစု၏ စမ်းသပ်မှုနယ်မြေနှင့် မလှမ်းမကမ်းရှိ စွန့်ပစ်ထားသော ဘုရားကျောင်းပျက်ကြီးတစ်ခုအတွင်း၌...
ရှဲ
ဖြူဖွေးတောက်ပသော အင်းကွက်အမှတ်အသားများ မြေပြင်ပေါ်တွင် ပေါ်ပေါက်လာသည်။
နောက်တစ်ခဏတွင် ထိုအင်းကွက်များအထက်တွင် ဟင်းလင်းပြင်ထဲ၌ လူရိပ်နှစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
"နောက်ဆုံးတော့ ရောက်ပြီ"
မော့ချင်းယွဲ့က သက်ပြင်းအရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း "ဂိုဏ်းထဲမှာ တောင်ဘက်နယ်စပ်ကို တန်းရောက်တဲ့ နယ်မြေကျော် ရွေ့လျားအင်းကွက်ရှိနေလို့ တော်သေးတာပေါ့၊ မဟုတ်ရင် ငါတို့ တကယ်ပဲ အချိန်မီမှာ မဟုတ်ဘူး"
ထို့နောက် မော့ချင်းယွဲ့သည် သူမ၏ဘေးရှိ ဆရာကြီး ဖေးလုံဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်သည်။
"သွားကြစို့"
ဆရာကြီး ဖေးလုံက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ပြုံးစစဖြင့် "မင်းသမီးလေးက မရှုံးဘူးဆိုတာကို ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား"
မော့ချင်းယွဲ့က ခေါင်းခါယမ်းလိုက်ပြီး ပြတ်သားသော အမူအရာဖြင့် "ဒါက ယုံကြည်မှု မဟုတ်ဘူး... ငါ နိုင်မှာက သေချာနေလို့ပါ"
"အဲဒီလူက ငါ့ကို တစ်ခါမှ စိတ်ပျက်အောင် မလုပ်ခဲ့ဖူးဘူး"
ထိုစကားကို ကြားလိုက်ရသောအခါ ဆရာကြီး ဖေးလုံက မျက်လုံးကို အသာမှေးလိုက်ပြီး "အို... ဒါဆိုရင်တော့ ငါ တကယ်ကို စိတ်ဝင်စားသွားပြီ။ မင်းသမီးလေး တစ်ယောက်ယောက်ကို ဒီလောက်အထိ အမွှမ်းတင်ပြောတာ ငါ ပထမဆုံး ကြားဖူးတာပဲ"
မော့ချင်းယွဲ့သည် သူမ၏ နားနောက်သို့ ဆံစလေးကို သပ်တင်လိုက်ရင်း ထိုစကားအပေါ် ခပ်ဖွဖွလေး ပြုံးလိုက်ရုံသာ ပြုံးပြီး ပြန်မဖြေခဲ့ပေ။
ခဏအကြာတွင် ထိုလူရိပ်နှစ်ခုသည် ချန်မိသားစု၏ စမ်းသပ်မှုနယ်မြေဘက်သို့ လှမ်းကြည့်လိုက်ကြပြီးနောက် သူတို့၏ ပုံရိပ်များမှာ တဖြည်းဖြည်း မှေးမှိန်သွားကာ ဘုရားကျောင်းပျက်အတွင်းမှ ပျောက်ကွယ်သွားတော့သည်။
...
...
တစ်ချိန်တည်းမှာပင် စမ်းသပ်မှုနယ်မြေ၏ အထက် ကောင်းကင်ယံ တိမ်ပင်လယ်ကြီးပေါ်ဝယ် သင်္ဘောကုန်းပတ်ထက်တွင် ကြီးမားသော ကြိမ်ကုလားထိုင်တစ်လုံး ရှိနေသည်။
ချန်ထျန်းချန်သည် ထိုကြိမ်ကုလားထိုင်ပေါ်တွင် ခြေထောက်ချိတ်လျက် အေးအေးလူလူ အနားယူနေ၏။ သူသည် ကုလားထိုင်လက်တန်းပေါ်ရှိ တငွေ့ငွေ့ထွက်နေသော ဝိညာဉလက်ဖက်ရည်ခွက်ကို ရံဖန်ရံခါ လှမ်းယူကာ တစ်ငုံချင်း စုပ်သောက်နေသည်။
သူ့နောက်တွင်မူ စမ်းသပ်မှုနယ်မြေအတွင်းမှ ရှုံးနိမ့်သောကြောင့် ထွက်ခွာလာကြသော ချန်မိသားစု တပည့်တစ်စု ရှိနေကြ၏။
ရှဲ…
အလင်းတန်းတစ်ခု လျှပ်ခနဲ လက်သွားပြီးနောက် လုရင်သည် ကုန်းပတ်ပေါ်သို့ ရုတ်တရက် ရောက်ရှိလာသည်။
"ဟင်... မိန်းကလေး လုရင်ပါလား"
အခြေအနေ တော်တော်လေး ဆိုးရွားနေသည့် လုရင်ကို မြင်တွေ့လိုက်ရသောအခါ ချန်ထျန်းချန်မှာ အံ့အားသင့်သွားပြီး "ဒါ... ဒါ... ဘယ်သူကများ ဒီလောက်တောင် လက်ရဲဇက်ရဲ လုပ်ရက်တာလဲ" ဟု ရေရွတ်လိုက်မိသည်။
“အကြီးအကဲ ကျောက်ကွမ်... မြန်မြန် မိန်းကလေး လုရင်ကို ဝိညာဉ်ရတနာဆေးလုံး တစ်လုံး အမြန်ပေးလိုက်စမ်း”
“ဟုတ်ကဲ့ပါ စတုတ္ထသခင်ကြီး”
ဖြူဖွေးသော ဆံပင်နှင့် မုတ်ဆိတ်ရှိသည့် အကြီးအကဲ ကျောက်ကွမ်သည် ကုသရေးတွင် အထူးအသုံးဝင်သော ဝိညာဉ်ရတနာဆေးလုံးကို သူ၏ အင်္ကျီလက်အတွင်းမှ အလျင်အမြန် ထုတ်ယူကာ လုရင်ကို တိုက်ကျွေးလိုက်သည်။ ဆေးလုံးကို သောက်သုံးလိုက်ပြီးသည်နှင့် လုရင်၏ မျက်နှာသွင်ပြင်မှာ သိသိသာသာ ပြန်လည်ကောင်းမွန်လာခဲ့သည်။
“မိန်းကလေး လုရင်... ပြောစမ်းပါဦး။ ဘယ်သူက မင်းကို ဒီလောက်အထိ နာကျင်အောင် လုပ်တာလဲ။ မင်းရဲ့ ဦးလေးက မင်းဘက်ကနေ ရပ်တည်ပေးပါ့မယ်”
ချန်ထျန်းချန်က ချက်ချင်းဆိုသလို ပြောလိုက်သည်။
ထိုအရာကို မြင်သော် လုရင်သည် ရှုပ်ထွေးသော မျက်နှာထားဖြင့် ခေါင်းကို အသာအယာ ခါယမ်းပြရုံသာ ပြုတော့သည်။ ချန်ထျန်းချန်က မည်မျှပင် မေးမြန်းစေကာမူ သူမသည် နှုတ်ဆိတ်နေခဲ့ပြီး နောက်ဆုံးတွင်မူ တိုးညှင်းသော အသံဖြင့် “ဦးလေး ထျန်းချန်... ကျေးဇူးပြုပြီး နောက်ထပ် မမေးပါနဲ့တော့ရှင်” ဟု ပြောလိုက်သည်။
“ဒါကတော့...”
ချန်ထျန်းချန်က ခေါင်းညိတ်လိုက်သည်။ တကယ်တော့ သူသည် လုရင်အပေါ် ကောင်းသော အမြင်မရှိပေ။ အထူးသဖြင့် မျိုးနွယ်စု ခန်းမဆောင် အတွင်း၌ လုရင်က ချန်ကျီရှင်းကို လူပုံအလယ်တွင် ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့သည်ကို သိရှိလိုက်ရစဉ်က သူ တော်တော်လေး ဒေါသထွက်ခဲ့ခြင်းပင်။
ချန်ကျီရှင်းမှာ သူ၏ တူအရင်းခေါက်ခေါက်ပင်။ ပြင်ပလူတစ်ဦးက သူ့တူကို အရှက်ခွဲတာကို သူ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ။ ထိုနေ့က သူ ခန်းမအတွင်း မရှိနေ၍ တော်သေးသည်ဟု ဆိုရမည် မဟုတ်ပါက ထိုမိန်းကလေးနှင့် သူ အကြီးအကျယ် စကားများဖြစ်မည်မှာ သေချာသည်။ သို့သော် ထိုကိစ္စမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် ယခုတိုင် ရန်ငြိုးထားနေမည်ဆိုပါကလည်း သူသည် စိတ်သဘောထား ကျဉ်းမြောင်းရာ ရောက်ပေလိမ့်မည်။
ထို့ကြောင့် သူ ခုနက မေးမြန်းခဲ့ခြင်းမှာ လူကြီးတစ်ဦးအနေဖြင့် အပေါ်ယံ ဝတ္တရားအရ မေးမြန်းခဲ့ခြင်းသာ ဖြစ်သည်။ ထို့ပြင် လုယွမ်မှာ လောလောဆယ်တွင် ချန်မိသားစု၏ မဟာမိတ်ဖြစ်နေသဖြင့် ဤစမ်းသပ်ပွဲကို တာဝန်ယူထားသူအနေဖြင့် လုရင် အခုလို အရိုက်ခံထားရသည်ကို ဘာမှမသိသလို နေလိုက်လျှင်လည်း ယဉ်ကျေးမှု မရှိရာ ရောက်လိမ့်မည်ပင်။
သို့သော် လုရင်ကိုယ်တိုင်က မပြောပြလိုသဖြင့် သူလည်း ဆက်လက် ဝင်မစွက်ဖက်ရန် ဆုံးဖြတ်လိုက်သည်။
“အချိန်အရဆိုရင် ဒီစမ်းသပ်ပွဲက မကြာခင် ပြီးဆုံးတော့မှာ မဟုတ်လား”
ချန်ထျန်းချန်က အကြောင်းအရာကို ပြောင်းလဲလိုက်ပြီး အကြီးအကဲ ကျောက်ကွမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“အခု စမ်းသပ်မှုနယ်မြေထဲမှာ ဘယ်သူတွေ ကျန်သေးလဲ”
“စတုတ္ထသခင်ကြီး... လောလောဆယ် စမ်းသပ်မှုနယ်မြေထဲမှာ သုံးယောက်ပဲ ကျန်ပါတော့တယ်။ ကျောက်ရှန်းနဲ့ ကျီရှင်းဆိုတဲ့ ကလေးနှစ်ယောက်ရယ် နောက်ပြီးတော့ ချန်ချိုးအာလို့ခေါ်တဲ့ မျိုးနွယ်စုဝင် တစ်ယောက်ရယ်ပါ”
အကြီးအကဲ ကျောက်ကွမ်က ခေတ္တရပ်နားပြီး ဆက်ပြောသည်။
“လက်ပတ်တွေရဲ့ တည်နေရာအရဆိုရင် ကျောက်ရှန်းနဲ့ ချန်ချိုးအာတို့က တစ်ယောက်နဲ့တစ်ယောက် အနီးအနားမှာ ရှိနေကြတယ်။ ဒါပေမဲ့ ကျီရှင်းကတော့...”
အကြီးအကဲ ကျောက်ကွမ်က သဘောတကျ ပြုံးလိုက်ရင်း “သူ စမ်းသပ်မှုနယ်မြေထဲကို စတင်ဝင်ရောက်တဲ့ နေ့ကတည်းက နေရာလေး နည်းနည်းရွှေ့ပြီးတာနဲ့ တစ်နေရာတည်းမှာပဲ အခုထိ မလှုပ်မယှက် ရှိနေတာပါဗျာ”
ထိုအရာကို ကြားသော် ချန်ထျန်းချန်က တဟားဟား ရယ်မောလိုက်ပြီး “ဟားဟား... ကျီရှင်းက တော်တော်လေး ထက်မြက်တာပဲ။ သူက သူများတွေကို မယှဉ်နိုင်ဘူးဆိုတာကို သိလို့ တစ်နေရာရာမှာ ပုန်းအောင်းနေတာ ဖြစ်မှာပေါ့”
“ဒါဆို ချန်ကျောက်ရှန်းနဲ့ ချန်ချိုးအာကတော့...”
ချန်ထျန်းချန် မျက်မှောင်ကြုတ်လိုက်သည်။ ချန်မိသားစု၏ တိုက်ရိုက်မျိုးဆက် တစ်ဦးအနေဖြင့်ရော စတုတ္ထတောင်ထိပ်၏ သခင်တစ်ဦးအနေဖြင့်ပါ သူ တစ်စုံတစ်ခုကို စဉ်းစားနေပုံပင်။
ချန်ထျန်းချန်သည် ချန်ချိုးအာနှင့် ချန်ကျောက်ရှန်းတို့၏ ပတ်သက်မှုကို သဘာဝကျကျပင် သိရှိထားသူဖြစ်သည်။
ထို့ကြောင့်ပင် တစ်ခဏအတွင်းမှာပင် သူ တစ်စုံတစ်ခုကို ရိပ်မိသွားခဲ့သည်။
"ချန်ချိုးအာ... ဟင်း သနားစရာကောင်းတဲ့ နောက်ထပ် ကလေးတစ်ယောက်ပါလား"
ချန်ထျန်းချန်က ခေါင်းခါယမ်းလိုက်ရင်း "နောက်ထပ် တစ်နာရီလောက် ထပ်စောင့်ကြည့်ပြီးမှ ဒီစမ်းသပ်ပွဲကို အဆုံးသတ်လိုက်ကြတာပေါ့" ဟု ပြောလိုက်သည်။
"ကောင်းပါပြီခင်ဗျာ"
အကြီးအကဲ ကျောက်ကွမ်က ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
...
...
တစ်ချိန်တည်းမှာပင် စမ်းသပ်မှုနယ်မြေအတွင်းရှိ ရေကန်ကမ်းနား၌ သည်းထန်စွာ ရွာသွန်းနေသော မိုးရေစက်များကြားဝယ် ချန်ကျောက်ရှန်းသည် ဟင်းလင်းပြင်ထဲ၌ မတ်တတ်ရပ်နေပြီး ဆံပင်တို့မှာ ဖရိုဖရဲ လွင့်ပျံနေကာ သူ၏ မျက်ဝန်းအစုံမှာမူ နတ်ဘုရားအလင်းတန်းများဖြင့် တောက်ပနေ၏။
"သွေးနှောဆိုတာ သွေးနှောပါပဲ"
"ငါတို့ကြားက ကွာဟချက်ကို အခုတော့ မင်း သဘောပေါက်သွားပြီ မဟုတ်လား မင်းပြောတဲ့ ကြိုးစားအားထုတ်မှုဆိုတာပဲဖြစ်ဖြစ် တခြားအရာတွေပဲဖြစ်ဖြစ်... အကြွင်းမဲ့ ပါရမီဆိုတာနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်တော့ဘူး"
ချန်ကျောက်ရှန်းက အထက်စီးမှနေ၍ အေးစက်စွာ ငုံ့ကြည့်ရင်း ပြောလိုက်သည်။
ရေကန်ကမ်းနားတွင်မူ လူရိပ်တစ်ခုသည် ကျိုးအက်နေသော ဓားကို အားပြုထောက်ထားရင်း စိုစွတ်ထိုင်းမှိုင်းနေသည့် ရွှံ့နွံမြေပြင်ပေါ်သို့ အားအင်ချည့်နဲ့စွာ ဒူးထောက်ကျသွားသည်။
သူ၏ ရင်ဘတ်မှ သွေးစက်တို့မှာ တရဟော စီးကျနေပြီး မိုးရေများနှင့် ရောနှောကာ သူ၏ခြေရင်း၌ သွေးအိုင်ငယ်တစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာနေ၏။
ဂလောက်…
သူ၏မျက်နှာကို ဖုံးအုပ်ထားသော မျက်နှာဖုံး အပိုင်းအစမှာ မြေပြင်ပေါ်၌ မှန်ကွဲသွားသကဲ့သို့ အက်ကြောင်းပေါင်းများစွာ ထင်ဟပ်သွားပြီးနောက် ရုတ်တရက် အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားတော့သည်။
မျက်နှာဖုံးအောက်တွင် ပေါ်ထွက်လာသည်မှာ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာတစ်ခုပင်။
၎င်းမှာ နက်မှောင်သော အမည်းစက်များဖြင့် ဖုံးလွှမ်းနေ၏။
"တကယ်ကို ရုပ်ဆိုးလှချည်လား"
ချန်ကျောက်ရှန်းက ခေါင်းခါယမ်းလိုက်ရင်း အထင်အမြင်သေးစွာဖြင့် မှတ်ချက်ပေးလိုက်
သည်။
"မြောင်းထဲက ကြွက်တွေဆိုတာ အရိပ်ထဲမှာပဲ နေသင့်တာ ဘယ်တော့မှ အလင်းကို မကြည့်နဲ့။ ကိုယ့်ကံကြမ္မာကိုယ် ပြောင်းလဲပစ်ဖို့ဆိုတဲ့ ငတုံးအတွေးမျိုး မတွေးစမ်းနဲ့... ကြွက်တစ်ကောင်က ဘယ်လောက်ပဲ ကြိုးစားပါစေ ကြွက်က ကြွက်ပါပဲ"
"အဲဒီလို နုနယ်တဲ့ အတွေးတွေကို ရိုက်ထုတ်ပစ်လိုက်စမ်း။ ပြီးရင် မင်းအမေပြောတဲ့ စကားကို ကောင်းကောင်းနားထောင်ပြီး ချန်မိသားစုရဲ့ အစေခံအလုပ်ကိုပဲ အာရုံစိုက်လုပ်စမ်းပါ"
သူ၏ စကားဆုံးသည်နှင့်...
ဖြောင်း... ဖြောင်း... ဖြောင်း
တိတ်ဆိတ်နေသော တောအုပ်အနက်ပိုင်းမှ လက်ခုပ်တီးသံများ ထွက်ပေါ်လာသည်။
နောက်တစ်ခဏဝယ်...
"ဟင်း... တကယ်ကို ခန့်ညားထည်ဝါတဲ့ မိန့်ခွန်းပါလား"
လရောင်အသွင် ဖြူဖွေးသော ဝတ်စုံရှည်ကို ဆင်မြန်းထားသည့် ခန့်ညားသော ပုံရိပ်တစ်ခုက တောအုပ်အနက်ပိုင်းမှ လှမ်းထွက်လာခဲ့သည်။
ချန်ကျောက်ရှန်းက လှမ်းကြည့်လိုက်ရာ ပထမဦးစွာ မျက်မှောင်ကြုတ်သွားပြီးနောက် သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်လှသော အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာသည်။
"ငါ့ညီလေး... နောက်ဆုံးတော့ မင်း ရောက်လာခဲ့ပြီပေါ့"