မို့ယွမ်
Vol. 56 Ch. 769
ရွှမ်ကျိုးမြို့တော်၏ အလယ်ဗဟိုတွင် ကြီးမားလှသော တိုက်ပွဲစင်မြင့်တစ်ခုရှိနေပြီး ဘေးပတ်ပတ်လည်၌ လူပေါင်းများစွာမှ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်အောင် အော်ဟစ်နေကြသည်။
ရှောင်ရွှမ်းစီရင်စု၏ ကလန်အသီးသီးမှ ကျော်ကြားသူများမှာ တိုက်ပွဲစင်မြင့်နှင့် တွဲလျက်ဆောက်ထားသော ပွဲကြည့်စင်တွင် ရှိနေကြသည်။ ၎င်းတို့အားလုံး စုဝေးရောက်ရှိနေသည်ကို ကြည့်ခြင်းအားဖြင့်ပင် အုပ်စိုးသူသခင်တိုက်ပွဲသည် မည်မျှအရေးပါကြောင်း သိရှိနိုင်ပေသည်။
ရိချိုးရွှယ် ဦးဆောင်သော ရိကလန် ရောက်ရှိလာချိန်တွင် လူအားလုံးမှာ သူမတို့အား အာရုံစိုက်လိုက်ကြသည်။
"ရိကလန်က လျိုကျစ်ရွှမ်းကို ပြင်ပတွဲဖက်အနေနဲ့ တကယ်ဖိတ်ခေါ်ထားတာပဲ။"
"လျိုကျစ်ရွှမ်းက ရှောင်ရွှမ်းစီရင်စုရဲ့ တကယ့်လူငယ်ပါရမီရှင်ပဲ။ ချူးလင်နဲ့တောင် ယှဉ်လို့ရတယ်။ သူပါနေတော့ ရိကလန်အတွက် ဖိအားတော်တော် နည်းသွားမှာပဲ။"
"ဒါပေမယ့် ရိချိုးရွှယ်က နတ်ဘုံခန်းဝါ ဗဟိုအဆင့်ပဲ ရှိသေးတယ်ထင်တယ်။ သူမက အုပ်စိုးသူသခင်တိုက်ပွဲအတွက် အဓိကလူဆိုတော့ တိုက်ပွဲထဲ ဝင်ကိုဝင်ပါရမှာပဲ။ သူမကတော့ သိပ်အခြေအနေ မကောင်းလောက်ဘူး။"
"ဟုတ်တယ်။ ပြီးတော့ နတ်ဘုံခန်းဝါ ဗဟိုအဆင့်ပဲရှိသေးတဲ့ ဇူယွမ်ဆိုတဲ့ ကောင်လေးကိုလည်း ပြင်ပတွဲဖက်အနေနဲ့ ဖိတ်ထားသေးတယ်။ သူ့ရဲ့အရည်အချင်းကိုတော့ ငါတို့ဘာမှမသိရသေးဘူး။"
"ရိကလန်ဘက်က တိုက်ရမယ့် ငါးယောက်မှာ နှစ်ယောက်က နတ်ဘုံခန်းဝါ ဗဟိုအဆင့် ဖြစ်နေတယ်။ အဲ့လိုဆိုရင် ဘယ်အခြေအနေကောင်းမလဲ။ ချူးကလန်ကိုတော့ ပြောစရာကို မလိုဘူး။ အားလုံးက နတ်ဘုံခန်းဝါ မဟာအဆင့်တွေချည်းပဲ။"
"ရိချိုးရွှယ်သာ အုပ်စိုးသူသခင်တိုက်ပွဲမှာ ရှုံးသွားရင် ရိကလန်မှာ မျက်နှာတောင် ပြရဲတော့မယ် မထင်ဘူး။"
"........"
ကလန်အသီးသီးမှ အကြီးအကဲများမှာ ဝေဖန်အကဲခတ်နေကြပြီး ရိကလန်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသူများမှာမူ ခေါင်းတခါခါဖြင့် စိုးရိမ်ပူပန်နေကြသည်။ အုပ်စိုးသူသခင်တိုက်ပွဲကိုသာ ချူးကလန်မှ အနိုင်ရရှိသွားပါက ၎င်းတို့လည်း မလွဲမသေ ဖိနှိပ်ခံရလိမ့်မည် ဖြစ်သည်။
အလွန်ဉာဏ်ကောင်းသည်ဟု ပြောစမှတ်ပြုကြသော ရိချိုးရွှယ်မှာ အဘယ့်ကြောင့် ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် ဇူယွမ့်အား တိုက်ပွဲတိုက်ရန် ခေါ်ဆောင်လာသည်ကို အားလုံးမှ နားမလည်နိုင် ဖြစ်နေကြရသည်။
ဝုန်း....
ထိုအချိန်မှာပင် ချီစွမ်းအင် ပေါက်ကွဲသံနှင့်အတူ တိုက်ပွဲစင်မြင့်ပေါ်သို့ ပုံရိပ်အချို့ ဆင်းသက်လာသည်။
ထိုပုံရိပ်များအား ချူးလင်မှ ဦးဆောင်ထားလျက် ရှိသည်။
ချူးလင်၏နောက်တွင် ပါလာသူများအားလုံးမှာ ပြုံးရွှင်နေကြသည်။
ထို့နောက် ချူးလုံ ရောက်ရှိလာကာ ရိချိုးရွှယ်၊ လျိုကျစ်ရွှမ်းနှင့် ဇူယွမ်တို့အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ကျေနပ်အားရစွာ ပြုံးလိုက်သည်။
"တူမလေး ချိုးရွှယ်....ငါတို့ချူးကလန်နဲ့ ရိကလန်က အမြဲဆက်ဆံရေး ကောင်းခဲ့ကြတာပဲ။ ဒီတိုက်ပွဲကြောင့် ကမောက်ကမတွေ မဖြစ်သွားစေချင်ဘူး။ တကယ်လို့ ငါ့သားကိုသတ်ခဲ့တဲ့ လူသတ်ကောင်ကိုသာ ငါ့လက်ထဲ အပ်မယ်ဆိုရင် အုပ်စိုးသူသခင်နေရာကို လက်လျှော့ပေးလိုက်ပါ့မယ်။" ချူးလုံမှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။
ရိချိုးရွှယ်၏ မျက်ဝန်းများမှာ အေးစက်တောင့်တင်းသွားရသည်။
ချူးလုံမှာ ကြင်နာတက်သူ ဟန်ဆောင်နေပါသော်လည်း သူ၏စိတ်ရင်းအမှန်မှာ ရွံရှာဖွယ်ကောင်းကြောင်း သူမကောင်းစွာ သိရှိနေပေသည်။
ယခုကဲ့သို့ အခြေအနေမျိုးတွင်သာ ဇူယွမ်အား ၎င်းတို့ထံ ပေးအပ်လိုက်ပါက ရိကလန်၏ ဂုဏ်သိက္ခာမှာ ပျက်စီးသွားရပေလိမ့်မည်။ အုပ်စိုးသူသခင် နေရာအား တိုက်ခိုက်စရာမလိုပဲ ရရှိခဲ့လျှင်ပင် လူအများမှ ကျေနပ်ကြလိမ့်မည် မဟုတ်ပေ။
"မျိုးနွယ်စုခေါင်းဆောင် ချူးလုံ....ချူးယန်က ကျွန်မရဲ့ ညီမလေးကို ပြန်ပေးဆွဲဖို့ ကြံစည်ခဲ့တာ။ သူ့ရဲ့လုပ်ရပ်က တကယ်ကြောက်စရာကောင်းတယ်။ ဒါပေမယ့် အဲ့ဒါက သူ့ကို တစ်ယောက်ယောက်က ခိုင်းတာလား ဒါမှမဟုတ် သူ့သဘောနဲ့သူ လုပ်ခဲ့တာလား ဆိုတာတော့ ကျွန်မ မပြောတက်ဘူး။" ရိချိုးရွှယ်မှ ရှင်းလင်းစွာ စကားဆိုလိုက်သည်။
ချူးလုံ၏ အမူအရာမှာ ပျက်ယွင်းသွားရသည်။ "အဓိပ္ပါယ်မရှိတာ...."
ချူးလင်မှ ရှေ့သို့ထွက်လာကာ ပြောလိုက်သည်။ "စကားတွေ အပြန်အလှန် ပြောနေလည်း အပိုပဲ။ တိုက်ပွဲစလိုက်ရအောင်။"
ထိုစကားနှင့်အတူ ပတ်ဝန်းကျင် အနေအထားမှာ လေးနက်သွားသည်။
ရိချိုးရွှယ်မှာ အေးစက်စက် မျက်နှာထားဖြင့် တိုက်ပွဲစင်မြင့်ထက်၌ ပထမဆုံး နေရာယူလိုက်သည်။
လျိုကျစ်ရွှမ်းမှာလည်း အလျင်အမြန် ရိချိုးရွယ်နောက်မှ လိုက်ပါလာသည်။
ရိကလန်မှ အခြားနတ်ဘုံခန်းဝါ ကျင့်ကြံသူနှစ်ဦးမှာလည်း စင်မြင့်ပေါ်သို့ တက်သွားကြသည်။
မည်သို့ပင်ဆိုစေကာမူ တိုက်ပွဲစင်မြင့်ပေါ်သို့ ဇူယွမ်တက်လာချိန်တွင် ဝါးလုံးကွဲရယ်မောသံများ ထွက်ပေါ်လာလေသည်။
ရိကလန်မှ လူငယ်များမှာ ထိုသို့ရယ်မောခံရသည်ကို ရှက်ရွံ့လွန်းကြသဖြင့် အံကိုသာ တင်းတင်းကြိတ်ထားရသည်။
ချူးလင်မှာလာည်း ဇူယွမ်အားကြည့်ကာ မထီမဲ့မြင် ပြောလိုက်သည်။ "ကြည့်ရတာ မင်းကတကယ် သေချင်နေပုံပဲ။"
"ဘာပဲဖြစ်ဖြစ် အခုမင်းက တိုက်ပွဲစင်ပေါ် ရောက်နေပြီဆိုတော့ သေချင်တယ်ဆိုရင်တောင် မင်းသဘောနဲ့မင်း သေလို့မရတော့ဘူး။"
ချူးလင်၏ မျက်ဝန်းများမှာ ရက်စက်ခက်ထန်နေသည်။ ဇူယွမ်သည် သူ၏ညီဖြစ်သူအား သတ်ဖြတ်ခဲ့သောကြောင့် ထိုရန်ကြွေးအား ယနေ့ပြန်ယူရလိမ့်မည်။
ထို့နောက် လျိုကျစ်ရွှမ်းအားကြည့်ကာ ပြောလိုက်သည်။ "လျိုကျစ်ရွှမ်း....ဒီနေ့ ရိကလန်ကို မကူညီနိုင်ရင် မင်းတို့မျက်နှာပျက်ရမှာ မကြောက်ဘူးလား။"
လျိုကျစ်ရွှမ်းမှ တည်ငြိမ်စွာ စကားဆိုလိုက်သည်။ "ချူးလင်...ကျင်ရှန်းကောင်းကင်ဂိုဏ်းကို ရောက်သွားထဲက မင်းရဲ့အရည်အချင်း ထင်သလောက် မတက်လာပေမယ့် ဘဝင်မြင့်တဲ့ရောဂါတော့ ရလာပုံပဲ။"
ချူးလင်မှ သက်ပြင်းချလိုက်သည်။ "မင်းလည်း သေချင်နေတာပဲ။"
ထို့နောက် ချူးလင်နှင့်အတူ ပုံရိပ်သုံးခုမှာ တိုက်ပွဲစင်မြင့်ပေါ်၌ နေရာယူလိုက်ကြသည်။
စောင့်ကြည့်နေသူများထံမှ ဝေဖန်စကားသံများ ထွက်ပေါ်လာသည်။
"အဲ့ဒါ ချူးပ၊ ချူးလိန်ပေါင်နဲ့ ချူးယွဲ့ချီပဲ။ ထင်ထားတဲ့အတိုင်း ချူးကလန်က နတ်ဘုံခန်းဝါ မဟာအဆင့်တွေကိုချည်း ပွဲထုတ်လာတာပဲ။ သူတို့က နတ်ဘုံခန်းဝါ နိဗ္ဗာန်ခြောက်ခုပဲ ဖွင့်ထားနိုင်တယ်ဆိုပေမယ့် လုံးဝအထင်သေးလို့ မရဘူး။"
လူအများမှာ ၎င်းတို့သုံးဦး ပါဝင်လာမည်ဟု ကြိုတင်ခန့်မှန်းထားကြပုံ ရသည်။
တစ်ဖက်တွင်မူ ရိချင်းကျီနှင့် လျိုထျန်းရင်တို့မှာ ချူးကလန်၏ ပြင်ပတွဲဖက်အား မတွေ့မြင်မိသောကြောင့် မျက်မှောင်ကျုံ့နေမိကြသည်။
ရိချိုးရွှယ်မှာ ချူးလင်၏ နှုတ်ခမ်းထက်မှ ယုံကြည်ချက်ရှိလွန်းသော အပြုံးကိုကြည့်ကာ စိတ်မသက်မသာ ဖြစ်နေမိသည်။
"ကိုယ်တို့ချူးကလန်အတွက် နောက်ဆုံးရွေးထားတဲ့သူကို ချိုးရွှယ် သိချင်နေတာလား။" ချူးလင်မှ ပြုံးကာပြောလိုက်သည်။ "ဟားဟား....ချိုးရွှယ် အံ့သြသွားရအောင်လို့ ကိုယ်သေချာ ပြင်ဆင်လာခဲ့တယ်။"
ချူးလင်မှ တစ်ဖက်သို့လှည့်ကာ အရိုအသေပြုလိုက်သည်။ "ထွက်လာခဲ့ပေးပါ...စီနီယာအကိုတော်..."
ဝုန်း....
ချီပေါက်ကွဲသံနှင့်အတူ ပုံရိပ်တစ်ခု ကောင်းကင်ထက်မှ ဆင်းသက်လာသည်။
ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် မြေပြင်သည်ပင် တုန်လှုပ်သွားရသည်။
လူတိုင်းမှာ အံ့အားသင့်စွာဖြင့် တိုက်ပွဲစင်မြင့်အား အလျင်အမြန် ကြည့်ရှုလိုက်ကြသည်။
ချူးကလန်မှ ပြင်ပတွဲဖက်အနေဖြင့် ဖိတ်ခေါ်ထားသူမှာ မည်သူနည်း။
ချူးလင်၏ရှေ့တွင် ရပ်နေသော ပိန်ပိန်ပါးပါးဖြင့် ခန့်ညားလှသည့် လူငယ်လေးတစ်ဦးအား တွေ့မြင်လိုက်ကြရသည်။
ထို့နောက် ပတ်ဝန်းကျင်မှာ အာမေဋိတ်သံများဖြင့် ပြည့်နှက်သွားတော့သည်။
"သူက.....ကျင်ရှန်းကောင်းကင်ဂိုဏ်းက ပါရမီရှင် မို့ယွမ်ပဲ။"
"သူက နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစာရင်းထဲ ပါတဲ့သူမလား။"
"ချူးကလန်က သူ့ကိုခေါ်ထားနိုင်မှတော့ တိုက်ပွဲဆက်လုပ်ဖို့ လိုသေးလို့လား။"
"ရိကလန်ရှုံးမယ်ဆိုတာ သေချာနေပြီပဲဟာ..."
"........"
ကလန်အသီးသီးမှ အကြီးအကဲများမှာ ထိုပိန်သွယ်ခန့်ညားသော လူငယ်လေး၏ပုံရိပ်အား မျက်လုံးအပြူးသားဖြင့် ကြည့်ရှုနေမိကြသည်။ ချူးကလန်သည် ကျင်ရှန်းကောင်းကင်ဂိုဏ်းမှ မို့ယွမ်အား ပြင်ပတွဲဖက်အနေဖြင့် ဖိတ်ခေါ်နိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
ချူးကလန်မှ ယုံကြည်ချက် အပြည့်အဝ ရှိနေသည်မှာ မထူးဆန်းတော့ပေ။ ၎င်းတို့ထံ၌ ပြည့်စုံကောင်းမွန်သော ဝှက်ဖဲတစ်ချပ် ရှိနေသည် မဟုတ်ပါလော။
ရိချိုးရွှယ်၊ လျိုကျစ်ရွှမ်းနှင့် အခြားသူများ၏ အမူအရာမှာ ပျက်ယွင်းသွားကြရသည်။ "မို့ယွမ်...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
ရိချိုးရွှယ်၏ နှလုံးသားအတွင်း ကြောက်စိတ်များ ဝင်ရောက်လာမိသည်။
ထျန်းယွမ်နယ်မြေ တစ်ခုလုံး၌ ကျော်ကြားသော ပုံရိပ်အား မြင်တွေ့လိုက်ရချိန်တွင် အမြဲတစေ တည်ငြိမ်နေတက်သော ရိချိုးရွှယ်၏ မျက်ဝန်းများမှာလည်း မငြိမ်မသက် ဖြစ်လာရလေတော့သတည်း.....