ဝိညာဉ်စွမ်းအားနှင့် မိစ္ဆာစွမ်းအား ကွာခြားမှု
Vol. 5 Ch. 499
လေ့ကျင်းသည် ဓားကို ကိုင်လိုက်မိသည်နှင့် ပိုပြီး သန်မာလာသလို ခံစား လိုက်ရလေသည်။ ထို့ပြင် ယခုဓားသည် ယခင်က ဓားနှစ်လက်ထက် အသက်ဓာတ် စွမ်းအားများလည်း ပိုမိုပြည့်ဝ နေလေသည်။
“ဆရာ… ကျွန်မ မေးစရာရှိတယ်”
လေ့ကျင်းက မေးလိုက်သည်။
ဆန်းလျန်က ဓားကို သူ၏ အင်္ကျီရင်ပတ် အတွင်းသို့ထည့်ကာ သိမ်းဆည်းလိုက်လေသည်။ ထို့နောက် သူက ခြေအိတ်နှင့် ဖိနပ်များကို ချွတ်ကာ ခြေထောက်ကို စမ်းရေထဲသို့ ချထား လိုက်လေသည်။ စီးဆင်းနေသည့် စမ်းရေသည် သူ့ခြေထောက်ကို သန့်စင်သွားအောင် ဆေးပေးနေသည့် အလားပင်။
ဆန်းလျန်က မျက်ရိပ်ပြလိုက်တော့ လေ့ကျင်းက ဆန်းလျန်ဘေးတွင် ဝင်ထိုင် လိုက်လေသည်။ ဆရာတပည့် နှစ်ယောက်သည် စမ်းရေထဲတွင် ခြေထောက်များ ရေစိမ်ရင်း စမ်းချောင်းလေး နံဘေးတွင် ထိုင်လျှက်ရှိကြလေသည်။ အစပိုင်းတွင် လေ့ကျင်းမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသော်လည်း နောက်ပိုင်းတွင်တော့ သူမသည် ကြည်ကြည်လင်လင် ဖြစ်လာလေသည်။
စမ်းချောင်းအတွင်းမှ ကျောက်တုံးလေးများက အေးစိမ့်ပြီး သန့်ရှင်းနေလေသည်။ ဆန်းလျန် ဓားကို ထွင်းထုစဉ်က ထွက်ပေါ်လာခဲ့သည့် သစ်သား အမှုန်များမှာလည်း စမ်းရေနှင့်အတူ မျောပါသွားလေသည်။
ဆန်းလျန်က သူ၏ တပည့်မလေးကို လှည့်ကြည့်လိုက်ရင်း…
“ဘာမေးမှာလဲ … မေးလေ”
လေ့ကျင်းသည် စမ်းရေအေးက သူမ၏ခြေဖဝါးများကို ထိတွေ့သွားသည်ကို ခံစား နေရလေသည်။ စမ်းရေအတွင်းမှ ဝိညာဉ် စွမ်းအားများသည် ခြေဖဝါးမှ တစ်ဆင့် သူမ၏ ခန္ဓာကိုယ်တွင်းသို့ စီးဝင်လာလေသည်။ သွေးလည်ပတ်မှု အားကောင်းလာပြီး သက်သောင့်သက်သာ ရှိလာလေသည်။
“ဆရာ… ဘာလို့ သစ်သားဓားတွေ လုပ်နေရတာလဲ၊ အပျော်သက်သက် လုပ်နေတာလား၊ ပြီးတော့ ကျွန်မသိချင် တာက ဒီလို သက်မဲ့သစ်သားဓားမျိုးက ဘာလို့ အသက်ဝင်နေရတာလဲ၊ အရင်နေ့တွေတုန်းက ဆရာလွှင့်ပစ် လိုက်တဲ့ သစ်သားဓားနှစ်လက်ကို ကျွန်မကောက်ထားတာ၊ အဲဒီဓားတွေက ညဘက်ဆိုရင် အသက်ရှူနေတယ်လို့ ခံစားရတယ်၊ အရမ်းတော့ မသိသာပေမယ့် သူတို့မှာ အသက်ရှိနေသလိုပဲ”
ဆန်းလျန်က ပြုံးလိုက်ရင်း…
“ကျင်းအယ်၊ မင်းအခု အရမ်းကို တိုးတက်လာတယ်၊ သစ်သားဓားရဲ့ အသက်ရှူသံကိုတောင် ခံစားမိနေပြီ၊ တကယ်တော့ မိုးနဲ့မြေမှာ အသက်ဓာတ် စွမ်းအားရှိတဲ့ အရာတိုင်းဟာ အသက်ရှူကြတာပါပဲ၊ ဒါပေမဲ့ ပါးစပ်တွေ နှာခေါင်းတွေနဲ့ အသက်ရှူတာမျိုးတော့ မဟုတ်ဘူးပေါ့၊ မင်းခံစားမိတာ မမှားပါဘူး၊ အဲဒီ သစ်သားဓားတွေမှာ အသက်ဓာတ် စွမ်းအားရှိတယ်၊ မဟုတ်ရင်လည်း မိစ္ဆာစွမ်းအားတွေ ရှိလိမ့်မယ်၊ ဒါပေမဲ့ အသက်ဓာတ် စွမ်းအားနဲ့ မိစ္ဆာစွမ်းအားကြားမှာ ခြားနားချက် သိပ်တော့ မရှိလှပါဘူး၊ ခုအချိန်မှာတော့ အဲဒီ စွမ်းအားတွေက အရမ်းနည်းနေ သေးတယ်"
လေ့ကျင်းက တစ်ခဏမျှစဉ်းစားလိုက်ပြီးမှ…
“ဆရာ … အဲဒါဆိုရင် ဝိညာဉ်စွမ်းအားတွေနဲ့ မိစ္ဆာစွမ်းအားတွေဆိုတာ စိတ်ရဲ့ အခြေအနေအပေါ်မှာပဲ မူတည်တာလား၊ မူလအစမှ အဲဒီ စွမ်းအားနှစ်ခုက ဝိညာဉ်စွမ်းအား အဖြစ် အတူတူပဲ တည်ရှိနေတာ မဟုတ်လား၊ သူတို့နှစ်ခုကြားမှာ ဘာများခြားနားလို့လဲ”
ဆန်းလျန်က သူ၏ ပေါင်ကိုလက်ဖြင့် တစ်ချက်ပုတ်လိုက်ရင်း…
“အဖြစ်အပျက် တစ်ခုကနေ မင်းက အချက်သုံးချက်ကို ကောက်ချက် ချနိုင်တယ်၊ ကျင်းအယ်… ဆရာယုံကြည်တယ်၊ တစ်ချိန်မှာ မင်းဟာ ကျင့်ကြံသူ တစ်ယောက် ဖြစ်လာလိမ့်မယ်၊ တကယ်တော့… ဝိညာဉ်စွမ်းအားနဲ့ မိစ္ဆာစွမ်းအား ကြားကခြားနားချက်ဆိုတာ ခွဲခြားပြဖို့ ခက်ခဲတယ်၊ လွယ်လွယ်နဲ့လည်း ဆုံးဖြတ်လိုက်လို့ မရဘူး၊ မင်းကို ဇာတ်လမ်း တစ်ပုဒ်ပြောပြမယ်၊ ဟိုးရှေးရှေးတုန်းကပေါ့ သိုးနှစ်ကောင်ရှိတယ်၊ သူတို့ ပတ်ဝန်းကျင်မှာလည်း မြက်ခင်းတွေ ရှိတော့ သိုးနှစ်ကောင်က မြက်စားရတာကို သဘောကျတယ်၊ ဒါပေမဲ့ ပထမသိုးကတော့ စိတ်အားရတဲ့ အထိ စားတယ်၊ စားတဲ့အခါမှာ မြက်ပင် အမြစ်တောင် မချန်ခဲ့ဘူး၊ ကြာလာတော့ သူကျက်စားရာ မြက်ခင်းမှာ မြက်တွေ ကုန်ပါလေရော၊ အဲဒါကြောင့် အဲဒီသိုးဟာ မြက်စားဖို့ နောက်ထပ် မြက်ခင်း တစ်ခုရှာရတယ်၊ ဒုတိယသိုးကတော့ ဘယ်လိုစားရမလဲ ဆိုတာကိုသိတယ်၊ မြက်တွေကို စားပေမယ့် အမြစ်တွေအထိ စားမပစ်ဘူး၊ ပြီးတော့ မြက်ခင်းပြင်ရဲ့ တစ်ဝက်ကိုပဲ စားတယ်၊ ကျန်တဲ့တစ်ဝက်ကို ချန်ထားတယ်၊ တစ်ဝက်က စားလို့ကုန်သွားမှ နောက်တစ်ဝက်ကို ပြောင်းစားတယ်၊ အဲဒီအချိန်မျာ တခြားတစ်ဝက်ကလည်း မြက်ပင်လေးတွေ ပြန်ထွက်လာနေပြီ၊ ဒီလိုနည်းနဲ့ အချိန်ကြာမြင့်စွာ မြက်တွေကို ကောင်းကောင်း စားနိုင်ခဲ့တယ်”
ဆန်းလျန်ပြောသည့် ဥပမာကို လေ့ကျင်းက နားလည်ပုံရလေသည်။
“ဒါဆို ဝိညာဉ်စွမ်းအားဆိုတာ ဆင်ခြင်ဉာဏ်နဲ့ ပြုမူနေထိုင်တာမျိုးကို ပြောတာပေါ့၊ မိစ္ဆာစွမ်းအား ဆိုတာကတော့ အဆင်အခြင်မဲ့ လုပ်ချင်ရာလုပ်တာကို ဆိုလိုတာပေါ့”
ဆန်းလျန်၏ မျက်ဝန်းများသည် အရှေ့ဆီသို့ ငေးကြည့် နေလေသည်။ သစ်ကိုင်းထက်မှ သစ်ရွက်လေး တစ်ရွက်သည် စမ်းချောင်လေး အတွင်းသို့ ကြွေကျသွားလေသည်။ ကြွေကျသွားသည့် သစ်ရွက်လေးသည် လေထဲတွင် ဦးတည်ရာကင်းမဲ့သွား လေသည်။ ကြွေကျရသည့် အကြောင်းရင်းကတော့ သစ်ရွက်လေး၏ ရိုးတံကို ပိုးကိုက်သွားသောကြောင့် ဖြစ်လေ၏။
“မင်းပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ အားလုံးတော့ မမှန်သေးဘူး၊ သိုးတွေ မြက်စားချင်တာက သဘာဝပဲ၊ ပထမသိုးက အစပိုင်းမှာ မြက်စားချင်တယ်၊ နောက်တော့ ဆက်စားချင်တယ်၊ နောက်ဆုံး အလိုဆန္ဒကို မထိန်းချုပ်နိုင်ဖြစ်သွားတယ်၊ ဒါကြောင့် မြက်တွေအားလုံး ပျက်စီးသွားရတာပဲ၊ ဒုတိယသိုးကတော့ သူ့ရဲ့စိတ်ဆန္ဒကို ထိန်းချုပ်နိုင်တယ်၊ မြက်ခင်းကို အပိုင်းနှစ်ပိုင်းခွဲတယ်၊ တစ်ပိုင်းပြီးမှ နောက်တစ်ပိုင်းစားဖို့ သူဆုံးဖြတ်တယ်”
“တပည့်နားလည်ပါပြီ၊ လုပ်ချင်တာကို လုပ်တာနဲ့ လုပ်သင့်တာကိုလုပ်တာရဲ့ ကွဲပြားမှုကို ဆရာက ကျွန်မကို ရှင်းပြနေတာ မဟုတ်လား၊ လုပ်ချင်တာနဲ့ လုပ်သင့်တာကို မျှတအောင် လုပ်နိုင်ဖို့က ကျွန်မတို့အတွက် စည်းကမ်း ဆိုတဲ့အရာပဲ မဟုတ်လား၊ ဒီစမ်းချောင်းလေးလိုပဲပေါ့…. စီးဆင်းချင်တဲ့ နေရာကို စီးဆင်းနိုင်တယ်၊ ဒါပေမဲ့ စီးဆင်းရမယ့် လမ်းကြောင်းအတိုင်း အကန့်အသတ်နဲ့ စီးဆင်းသွားတယ်၊ အကန့်အသတ်ကို ကျော်လွန်သွားခြင်း မရှိဘူး၊ ဒါကြောင့် ပျက်စီး မသွားဘဲ ရေရှည် စီးဆင်းနိုင်တယ်”
လေ့ကျင်းက ခဏနားလိုက်ပြီးမှ …
“နောက်ထပ် မေးခွန်းတစ်ခု မေးစရာရှိသေးတယ်”
“မင်းဘာမေးချင်လဲဆိုတာ ဆရာသိပါတယ်၊ ပထမသိုးက သူ့ရဲ့မြက်ခင်းမှာ မြက်တွေ ကုန်သွားတော့ အခြား ပိုကောင်းတဲ့ မြက်ခင်းတွေကို သွားမှာလား ဒါမှမဟုတ် အခြား သိုးတွေစားနေတဲ့ မြက်ခင်းတွေကို လုစားမှာလား၊ အဲဒီလို လုပ်တာကရော လုပ်ချင်ရာလုပ်တာလား၊ လုပ်သင့်တာ လုပ်တာလား ဆိုတဲ့အချက်ကို မေးချင်တာမလား၊ လောကမှာ တစ်စုံတစ်ယောက်က တန်ခိုးစွမ်းအား သိပ်မြင့်မားသွားပြီဆိုရင် ဘာကိုမှ သိပ်ဂရုမစိုက်ကြတော့ဘူး၊ သူတို့လုပ်ချင်ရာကို လုပ်တတ်ကြတယ်၊ ဥပမာ မင်းရဲ့ဦးရီးတော် တာ့ရှားဧကရာဇ်လိုပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ သူလုပ်ချင်တာကို ဘယ်သူမှ တားဆီးနိုင်တဲ့ စွမ်းအား မရှိလို့ပဲ"
ဆန်းလျန်က ဖြည်းဖြည်းချင်း ပြန်ပြော လိုက်လေသည်။
လေ့ကျင်းမှာလည်း ထိုအကြောင်းကိုပဲ တွေးနေခြင်းဖြစ်လေသည်။
သို့သော် သူမစိတ်ထဲတွင် လွန်ခဲ့သည့် ဆယ်နှစ်ခန့် ကတည်းက အမြစ်တွယ်နေခဲ့သည့် အယူအဆများကတော့ ဆန်းလျန်၏ အပြော တစ်ချက်တည်းဖြင့် ပြောင်းလဲသွားခြင်း မရှိပါချေ။
ထို့ပြင် တာ့ရှားပြည်သည် လုပ်ချင်ရာလုပ်နိုင်သည်မှာ အင်အား အလွန်ကြီးသောကြောင့် ဖြစ်လေသည်။ သူတို့သည် အခြားသူများ၏ သယံဇာတများကို လိုချင်သည့် အချိန်တွင် လုယူနိုင်လေသည်။
အင်အားကြီးသူက အသက်ရှင်သန် နိုင်သည်မှာ လောကနိယာမပင် ဖြစ်လေသည်။
လေ့ကျင်းက ခေါင်းတစ်ချက် ညိတ်လိုက်ရင်း ဆန်းလျန်၏ အမူအရာကို သေသေချာချာ ကြည့်နေလေသည်။
ဆန်းလျန်၏ မျက်နှာ အမူအရာကတော့ ပုံမှန်အတိုင်းပင် ဖြစ်လေသည်။ စိတ်ဆိုးသည့် ဟန်လည်း မရှိသလို ပျော်ရွှင်သသည့်ဟန်လည်းမရှိပေ။ သို့သော် ဆန်းလျန်ဆိုသည်က ရင်ထဲမှ စိတ်ခံစားချက်ကို မည်သည့်အခါမှ မျက်နှာတွင် ထုတ်ဖော်ပြလေ့ရှိသူ မဟုတ်ပေ။
“ဒါဆို ဆရာက တာ့ရှားမျိုးနွယ်တွေကို မိစ္ဆာတွေလို့ ပြောချင်တာလား”
သူမက အသံတိုးတိုးဖြင့် မေးလိုက်လေသည်။
“ဆရာက ဒီသဘောပြောတာ မဟုတ်ပါဘူးကွယ်၊ မင်း အဲဒီဓားသုံးလက်ကို သေသေချာချာ လေ့လာပါ၊ ပြီးရင် ဆရာမင်းကို ပညာအသစ်တစ်ခု ထပ်သင်ပေးမယ်”
လူတစ်ယောက်၏အမြင်ကို ပြုပြင်ပေးနိုင်ရန်မှာ အလွန်ခက်ခဲလေသည်။
အကယ်၍ သူက တာအိုတန်ခိုးစွမ်းအားများကို အသုံးပြုကာ လေ့ကျင်း၏ အတွေးအခေါ်နှင့် အမြင်များကို အတင်းအဓမ္မ ပြုပြင်ပြောင်းလဲ ပေးမည်ဆိုပါက သူ့လုပ်ရပ်သည် ယန်ရွှီး၏ လုပ်ရပ်နှင့် ခြားနားတော့မည် မဟုတ်ပေ။ သူသည် အခြားသူများကို သူတို့၏ ကိုယ်ပိုင် အတွေးအခေါ်များဖြင့် သဘာဝအတိုင်းသာ အသက်ရှင်သန် စေလိုသူ ဖြစ်လေသည်။ အတင်းအဓမ္မ ပြုပြင် ပြောင်းလဲအောင် လုပ်ယူပါက လောကကြီးသည် ပျင်းစရာပင်ကောင်းနေတော့ မည်။
“ဆရာ… ကျွန်မကို တန်ခိုးစွမ်းအား ကျင့်စဉ်တွေ သင်ပေးမှာလား၊ ခုထိ ဘာတန်ခိုး စွမ်းအား ကျင့်စဉ်မှ မသင်ရသေး ဘူးလေ”
လေ့ကျင်းက စပ်စုလိုက်သည်။
ဆန်းလျန်က လေ့ကျင်း၏ ရှည်လျားကော့စင်းသည့် မျက်တောင်လေးများကို လှမ်းကြည့် လိုက်လေသည်။ သူမ၏ မျက်ဝန်းများသည် စီးဆင်းနေသည့် စမ်းရေထက်ပင် လှပနေသေးသည်။ ထိုမိန်းကလေးကို ဖန်ဆင်းရှင်က အလှပဆုံး ဖန်ဆင်း ပေးထားသည်ပဲဟု ဆန်းလျန် တွေးနေမိလေသည်။
“မင်းက မိန်းကလေး တစ်ယောက်ဆိုပေမယ့် မင်းကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးက မြင့်မြတ်တဲ့ တာ့ရှားသွေးပဲလေ၊ ဒါကြောင့် တန်ခိုးစွမ်းအားတွေက ရှိနှင့်နေပြီးသားပဲ၊ ဒါကြောင့် သင်ပေးစရာမလိုဘူး၊ ဆရာက မင်းကို ပန်းပုထုတဲ့ပညာ သင်ပေးမယ်”
“အင်း… ပန်းပုပညာသင်ရတာလဲ စိတ်ဝင်စားစရာ ကောင်းတာပဲ” ဟု လေ့ကျင်း တွေးလိုက်မိသည်။
“ကောင်းပြီလေ၊ ဘာပုံကို ပန်းပုထုရမှာလဲ”
လေ့ကျင်းက မေးလိုက်သည်။
“လပြည့်ဖို့ ရက်နှစ်ဆယ် လိုသေးတယ်၊ လပြည့်နေ့ကျရင် တာ့ရှားပြည်မှာ ယဇ်ပူဇော်ပွဲ ကျင်းပလိမ့်မယ်၊ အဲဒီနေ့ တာ့ရှား ဧကရာဇ်ကလည်း နန်းတော်မှာ ညစာစားပွဲ ကျင်းပလိမ့်မယ်၊ ဆရာလုပ်ပေးထားတဲ့ ဓားသုံးချောင်းနဲ့ မင်းရဲ့ ဦးရီးတော်ရုပ်ပုံကို ကျောက်သားမှာ ထွင်းထုပါ၊ ဒါပေမဲ့ မျက်လုံးတွေကိုတော့ မထွင်းနဲ့၊ မင်းကို အဲဒီပုံထွင်းထု ပြီးတဲ့အထိ ဆရာ သင်ပြပေးမယ်”
လေ့ကျင်းသည် ဆန်းလျန်ပြောသည့်စကားကို ပိုပြီး စိတ်ဝင်စား သွားမိလေသည်။ သူမက ဦးရီးတော်၏ ရုပ်ပုံကို ကျောက်သားပန်းပု ထွင်းထုသည်ကိုသာ ဦးရီးတော် သိရှိသွားလျှင် ပွဲတော်နေ့တွင် အလွန်မှ အံ့သြသွားမည် ဖြစ်လေသည်။
သို့သော် သူမသည် ပန်းပုထုရန်လည်း တွန့်ဆုတ်နေမိပြန်သည်။
ဦးရီးတော်၏ပြိုင်ဘက်ဖြစ်ပုံရသည့် သူမ၏ဆရာသည် သူမကို လှည့်ဖြားမည်ကို စိတ်ပူ နေမိလေသည်။ နောက်ဆုံးတွင်တော့ သူမက ပန်းပုရုပ်တု ထုလုပ်ပြီးလျှင် ကွမ်းလုန်ကျီကို အရင်ဦးဆုံး ကြည့်ခိုင်းမည်ဟု ဆုံးဖြတ် လိုက်လေသည်။
ကွမ်းလုန်ကျီကတော့ သူမ၏ဦးရီးတော်ကို သစ္စာဖောက်မည့်သူ တစ်ယောက် မဟုတ်မှန်း သူမယုံကြည်ထားလေသည်။
***