← Chapters

ခွန်ဝူကျောက်တုံး

Vol. 5 Ch. 500

ခွန်ဝူကျောက်တုံး

Vol. 5 Ch. 500

ဆန်းလျန်က လေ့ကျင်းကို ပန်းပုပညာ သင်ပေးမည်ဟု ကတိပေးပြီးသည့် နောက်ပိုင်း တစ်နေ့ခင်းလုံး ပျောက်သွားလေသည်။

ညနေပိုင်းတွင်တော့ ကျီဝေ့စာသင်ခန်းထဲတွင် ကြီးမားသည့် ကျောက်တုံးကြီး တစ်တုံး ရောက်ရှိနေသည်ကို လေ့ကျင်း တွေ့ရှိလိုက်ရလေသည်။ ကျောက်တုံးကြီးမှာ ချောမွေ့နေပြီး ဝိညာဉ်စွမ်းအားများနှင့် ပြည့်ဝနေလေသည်။ ကျောက်တုံးမှ ထွက်ပေါ်နေသည့် ဝိညာဉ် စွမ်းအားများကို လေ့ကျင်းသည် အဝေးမှပင် ခံစားနေရလေသည်။

သူမသည် ထိုကျောက်တုံးကြီး အကြောင်းကို ကောင်းစွာ သိလေသည်။ ထိုကျောက်တုံးကြီးမှာ "ခွန်ဝူကျောက်တုံး" ဖြစ်လေသည်။

ခွန်ဝူကျောက်တုံး ဆိုသည်မှာ ရှီးဟူပြည်မှ ထွက်ရှိသည့် ရတနာက ဖြစ်လေသည်။ ရှီးဟူပြည်ကို တာ့ရှားပြည်က သိမ်းပိုက်လိုက်သည့် နောက်ပိုင်း တစ်နှစ်လျှင် ခွန်ဝူကျောက်တုံးငါးတုံး ဆက်သရလေသည်။ ကျောက်တုံးသုံးတုံးကို သူမ၏ဖခင် နိုင်ငံခြားရေးဝန်ကြီးက ရရှိလေသည်။

ခွန်ဝူကျောက်တုံးဖြင့် ပြုလုပ်ထားသည့် ဓားများသည် အရောင် တောက်ပ နေတတ်ပြီး ကျောက်စိမ်းသားကိုပင် တိခနဲ နေအောင် ပိုင်းဖြတ် ပစ်နိုင်လေသည်။ ကျောက်စိမ်းသားသည် အလွန်မာကျောသည့် အရာဖြစ်လေရာ ကျောက်စိမ်း ကိုပင် ပိုင်းဖြတ်ပစ်နိုင်သည့် ခွန်ဝူကျောက်သည် မည်မျှ မာကျောမည်ကို ခန့်မှန်းကြည့်နိုင်လေသည်။

လေ့ကျင်းသည် ခွန်ဝူကျောက်တုံးကြီး အနီးသို့ သွားလိုက်ပြီး ကျောက်တုံးကြီးကို ဖိကြည့် လိုက်လေသည်။ သူမသည် တာ့ရှားပြည်၏ မင်းသမီးငယ် တစ်ပါးဖြစ်သည့် အတွက် သူမတွင် ထူးဆန်းသည့် စွမ်းအားများ ရှိလေသည်။ သူမ၏တန်ခိုးစွမ်းအားရှိသမျှကို အားကုန်သုံးကာ ကျောက်တုံးကြီးကို ဖိကြည့်လိုက်သည့်တိုင် ကျောက်တုံးကြီးတွင် မည်သည့်အမှတ်အသားမှ ဖြစ်ပေါ်သွားခြင်း မရှိပေ။ ခွန်ဝူကျောက်တုံး အစစ်ပင် ဖြစ်လေသည်။

“ဆရာ… ဒီကျောက်တုံးကြီး ဘယ်ကရလာတာလဲ”

သူမက မေးလိုက်သည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

“မင်း ပန်းပုပညာ သင်မယ်ဆိုတာနဲ့ မင်းရဲ့အဖေက ဒီကျောက်တုံးကြီးကို လက်ဆောင် ပေးလိုက်တာ”

လေ့ကျင်း၏ နှုတ်ခမ်းလေးများ အနည်းငယ် တွန့်ကွေး သွားလေသည်။ ဆရာရယ်… ဟုတ်မှလည်း ပြောပါ။

သူမ၏ဖခင်သည် ခွန်ဝူကျောက်တုံးများကို လူရှေ့သူရှေ့တွင် ထုတ်ဖော်ပြသလေ့ မရှိပေ။ သူမဖခင်သည် သူမကို အလွန်ချစ်ခင်သည့်တိုင် သူမ ပန်းပုထုရန် အတွက်တော့ ခွန်ဝူ ကျောက်တုံး တစ်တုံးကို ရက်ရက်ရောရာ ပေးမည့်သူ မဟုတ်ပေ။

ဖခင်ဖြစ်သူသည် အဘိုးဖြစ်သူ လေ့ဟုန်ကိုပင် ခွန်ဝူကျောက်တုံး တစ်တုံးတစ်လေမျှပင် လက်ဆောင် မပေးခဲ့ဖူးပေ။

သူမတွေးသည်မှာ မှန်လေသည်။ လေ့နော်သည် အဖိုးတန်လှသည့် ခွန်ဝူ ကျောက်တုံးများကို မည်သူ့ကိုမှ ပေးချင်သူ မဟုတ်ပေ။ သို့သော် ဆန်းလျန်ကတော့ ချွင်းချက်ဖြစ်လေသည်။

အမှန်တော့ ဆန်းလျန်ကလည်း  ထိုကျောက်တုံးကြီးကို လေ့နော်ဆီမှ တောင်းယူလာခဲ့ခြင်း မဟုတ်ပါ။ လေ့နော် မသိအောင် ယူလာခဲ့ခြင်း ဖြစ်လေသည်။

တာ့ရှားပြည် နိုင်ငံခြားရေး ဝန်ကြီး၏ ကြီးကျယ် ခမ်းနားလှသည့် အိမ်တော်ကြီးမှ အကာအကွယ် အမျိုးမျိုးနှင့် အစောင့် စစ်သည်တော်များသည် ဆန်းလျန် အတွက်တော့ မှုလောက်စရာမှ မဟုတ်ပေပဲ။

မင်လော့ သေဆုံးသွားသည့် ကိစ္စနှင့် ပတ်သက်ပြီး သိရှိသွားပြီးနောက် လေ့နော်သည် ဆန်းလျန်ကို တုန်နေအောင် ကြောက်လေသည်။

မင်လော့ မည်မျှ တန်ခိုးစွမ်းအားကြီးမားသည်ကို လေ့နော် အသိဆုံးဖြစ်သည်။

ရှင်းလျဲ့မှာ ခြောက်ဘဝ လူပြန်ဝင်စားပြီးပြီ ဖြစ်သည့်အတွက် သူ၏ ခန္ဓာကိုယ်သည် မိုးကောင်းကင် မီးတော်ကများဖြင့် ပြည့်ဝနေပြီ ဖြစ်လေသည်။ သူ့အနားသို့ကပ်သူ မည်သူမဆို မီးလောင်ခံရမည်ကို ကြောက်ရွံ့ ကြလေသည်။ သို့သော် မင်လော့သည် တာ့ရှားဧကရာဇ်၏ အမိန့် တစ်ခုတည်းဖြင့် ရှင်းလျဲ့၏နားများကို တစ်ချက်ပင် တုံ့ဆိုင်းခြင်းမရှိ လွယ်လွယ်ကူကူနှင့် ဖြတ်တောက် ပစ်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် မင်လော့၏ တန်ခိုးစွမ်းအား မည်မျှမြင့်မားနေ သည်ကို ခန့်မှန်းကြည့်နိုင်လေသည်။

မင်လော့သည် တိချိုးမြို့တော်တွင် ထိပ်တန်းအဆင့် တန်ခိုးရှင် တစ်ယောက် ဖြစ်လေသည်။

ထိုသို့သော ပုဂ္ဂိုလ်မျိုးသည် တာ့ရှားသင်္ချိုင်း အပြင်ဘက်တွင် မတ်တတ်ရပ်ရင်း အသက်ပျောက် နေခဲ့လေသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ဆန်းလျန်မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသည် ကိုလည်း ခန့်မှန်း ကြည့်နိုင်လေသည်။

ဆန်းလျန်သည် အလွန်တန်ခိုး စွမ်းအား မြင့်မားသူ တစ်ယောက် ဖြစ်ကြောင်း လေ့ကျင်းလည်း သိထားပါသည်။ ထို့ပြင် ဉာဏ်ကောင်းလွန်းသော မိန်းကလေးသည် ဆန်းလျန်နှင့် သူမ ဖခင်ကြားတွင် ပုံမှန်မဟုတ်သည့် ဆက်ဆံရေးတစ်ခု ရှိနေသည်ကိုလည်း ရိပ်မိနေလေသည်။

သို့သော် ဖခင်ဖြစ်သူက ပြောပြခြင်း မရှိသည့်အတွက် သူမကလည်း မေးမြန်းခြင်း မပြုခဲ့ပါ။

မည်သို့ပင်ဖြစ်စေ ခွန်ဝူကျောက်တုံးဖြင့် ပန်းပုထုရမည်ဆိုသည့်အတွက် သူမ ပျော်ရွှင်လျက် ရှိလေသည်။

“ကောင်းပြီလေ၊ ဘယ်အချိန်စပြီး ပန်းပုထုကြမလဲ ဆရာ”

“ခဏလောကတော့ စောင့်ပါဦး…”

ဆန်းလျန်က နူးညံ့သည့်လေသံဖြင့် ပြောလိုက်သည်။

ထို့နောက် ဆန်းလျန်က ကျီဝေ့စာသင်ခန်းရှိ စာအုပ်စင်တစ်ခုမှာ စာအုပ်တစ်အုပ်ကို ယူလိုက်လေသည်။ ထိုစာအုပ်မှာ ပန်းပုပညာအကြောင်း ရေးသားထားသည့် စာအုပ်ဖြစ်လေသည်။

အသိဉာဏ်ရှိသည့် လူသားများ စတင် မွေးဖွားလာကတည်းက အချင်းချင်း ဆက်သွယ်ရန် ကြိုးစားခဲ့ကြသည်။ ထိုသို့ ဆက်သွယ်ရန်အတွက် အကောင်းဆုံး နည်းလမ်းမှာ စာရေးခြင်းပင် ဖြစ်လေသည်။

သို့သော် စာရေးခြင်းသည် အစောဆုံး ဆက်သွယ်မှု တစ်ခုတော့ မဟုတ်ခဲ့ပေ။ စာရေးခြင်း မတိုင်မီ အချိန်များတွင် ကျောက်သားထက်တွင် သင်္ကေတများ ထွင်းထုဖော်ပြပြီး ဆက်သွယ် ခဲ့ကြခြင်းက ပိုပြီးရှေးကျလေသည်။

တာ့ရှားသချုႋင်းရှိ သင်္ချိုင်းဂူများတွင်ပင်လျှင် ဘိုးဘေးများ၏ ပန်းပုရုပ်တုများ များစွာ ရှိလေသည်။ ဘိုးဘေးများ၏ စိတ်ဓာတ်နှင့် တန်ခိုးစွမ်းအား အနှစ်သာရများကို ပေါ်လွင်အောင် ပန်းပုပညာရှင်များက ကျွမ်းကျင်စွာထွင်းထုထား ကြသည့်အတွက် နောက်ပိုင်း မျိုးဆက်များသည် ပန်းပုရုပ်တုများကို ကြည့်လိုက်လျှင်ပင် ဘိုးဘေးများ၏ အစွမ်းသတ္တိကို သိမြင် ခံစားနိုင်လေသည်။

ဆန်းလျန်က စာအုပ်ကို ဖွင့်လိုက်ပြီး ပန်းပုပညာ အကြောင်း အသေးစိတ်ကို လေ့ကျင်းကို ရှင်းပြနေလေသည်။ ဆန်းလျန်၏ သင်ပြပေးမှုက သူမတူအောင် ထူးချွန်လေသည်။

ဆန်းလျန်က ပန်းပုပညာ အကြောင်း ရှင်းပြပြီးသည်နှင့် လေ့ကျင်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ထိုအခါ လေ့ကျင်းသည် ပြုံးနေသည်ကို တွေ့လိုက်ရလေသည်။ သူမ၏ အပြုံးသည် ကြာပန်းလေးတစ်ပွင့် ပွင့်လန်းနေသည်နှင့် တူလေသည်။ ထို့နောက် သူမက ဆန်းလျန် ရှင်းပြသည်များကို ချက်ချင်းပင် အလွတ် ပြန်ပြောပြ လိုက်လေသည်။

သူမ၏အသံလေးမှာ ကြည်လင် သာယာလွန်းသည့် အတွက် အပြင်ဘက်မှ ကွမ်းလုန်ကျီ၏ တပည့်များပင် ခိုးနားထောင်ကြရသည် အထိပင်။

လေ့ကျင်းသည် တာ့ရှားပြည်မှ မင်းသမီးလေး တစ်ပါးဖြစ်သည့် အတွက် ပြင်ပလောကတွင် သူမကို တွေ့မြင်ခွင့်ရရန် မှာ မလွယ်ကူလှပေ။ ထို့ကြောင့် ကွမ်းလုန်ကျီ၏ တပည့်များသည် သူမကို အမြဲတမ်း လိုက်လံချောင်းမြောင်း ကြည့်ရှု လေ့ရှိကြလေသည်။

သူမနှင့် ချစ်သူမဖြစ်နိုင်လျှင်တောင်မှ သူမ၏ အလှတရားကို မျက်စိ အစာကျွေးနိုင်လေသည်။

ပန်းပုပညာ အကြောင်းကို လေ့ကျင်းနှင့်ဆန်းလျန် အပြန်အလှန် ပြောဆို ဆွေးနွေးနေသည်ကို ခိုးပြီး နားထောင်ပြီး သည့်နောက် တပည့်များအားလုံး ပန်းပုထုချင်စိတ်များ ဖြစ်လာ ကြတော့သည်။

ထို့နောက်တွင်တော့ တော်ဝင်ကျောင်းတော် ခြံဝင်းအတွင်းမှ ကျောက်တုံးများသည် ပန်းပု ထုချင်လွန်းသည့် ကျောင်းသားများ လက်ချက်ဖြင့် တဖြည်းဖြည်း ပျောက်ဆုံး ကုန်ကြတော့သည်။

လေ့ကျင်းကတော့ အခြားသူများကို စိတ်မဝင်စားပါ။

သူမသည် ပန်းပုပညာကိုသာ စိတ်ဝင်တစား သင်ယူနေလေသည်။ သူမ၏ ဝိညာဉ် စွမ်းအားနှင့် ဉာဏ်ရည် ထက်မြက်မှုက အခြားသူများထက် သာလွန်လေသည်။ တစ်ခါ နားထောင်ရုံဖြင့် သူမသည် ပန်းပုပညာ အကြောင်းကို အသေးစိတ် နားလည်သွားလေသည်။

ဆန်းလျန်က ခေါင်းညိတ်လိုက်ရင်း…

“မဆိုးဘူး၊ ဒါပေမဲ့ စာအုပ်ထဲမှာ မပါတဲ့ အကြောင်းအရာတွေကိုလည်း သိထားဖို့လိုတယ်၊ အဲဒါက အရေးကြီးတယ်”

“ဘာများလဲ”

လေ့ကျင်းက ပြန်မေးလိုက်သည်။

ဆန်းလျန်သည် လေ့ကျင်းလက်ကို ဆွဲကိုင်လိုက်ပြီး ခွန်ဝူ ကျောက်တုံးပေါ်သို့ တင်လိုက်လေသည်။ လေ့ကျင်းမှာ ဆန်းလျန်က သူမ၏ လက်ကို ကိုင်လိုက်သည့် အတွက် ရင်ခုန်သွားသည့်တိုင် ချက်ချင်းပင် တည်ငြိမ်ဟန်ဆောင် လိုက်လေသည်။

“ဆရာ… ဘာလုပ်မလို့လဲ”

ဆန်းလျန်က မေးလိုက်သည်။

“ဘယ်လိုခံစားရလဲ…”

လေ့ကျင်းမှာ ရှက်သွေးဖြာနေမိပြီးမှ…

“ဆရာ့လက်က နွေးနေတာပဲ…”

သူမ၏အဖြေစကားကြောင့် ဆန်းလျန်သည် လေ့ကျင်းကို ခပ်တည်တည်ဖြင့် ကြည့်ပစ် လိုက်လေသည်။

ထိုအခါမှ လေ့ကျင်းက ပြုံးစိစိ လုပ်လိုက်ပြီး…

“စတာပါ စတာပါ၊ ကျောက်တုံးရဲ့ ဖွဲ့စည်း တည်ဆောက်ပုံရယ်၊ ကျောက်တုံးထဲက ဝိညာဉ် စွမ်းအားတွေရယ်၊ အဲဒီဝိညာဉ် စွမ်းအားတွေက ကျောက်တုံးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ အတိုင်း စီးဆင်းနေတာရယ်၊ အဲဒါက ကာရံညီပြီး လှပတယ်လို့ ခံစားမိတယ်"

ဆန်းလျန်သည် လေ့ကျင်း၏ အရည်အချင်းကို မလေးစားဘဲ မနေနိုင်တော့ပေ။

“ကောင်းတယ်၊ အဓိက အချက်က ခွန်ဝူကျောက်ရဲ့ ဖွဲ့စည်း တည်ဆောက်ပုံကို အာရုံခံနိုင်ဖို့ပဲ၊ ကျောက်သားရဲ့ ဖွဲ့စည်း တည်ဆောက်ပုံကို နားလည်မှ ပန်းပုထုလို့ရနိုင်မယ်၊ အခုအချိန်ကစပြီး ခွန်န်ဝူကျောက်ကို ဆက်ပြီး ခံစားကြည့်ပါ၊ မင်းမျက်လုံးထဲမှာ အဲဒီကျောက်တုံးကို ကျောက်တုံးလို့ မမြင်တော့တဲ့အထိ ခံစားကြည့်ပါ၊ ပြီးရင် နောက်တစ်ဆင့် တက်ကြတာပေါ့”

လေ့ကျင်းက ဆန်းလျန်ကို ကြည့်လိုက်ရင်း….

“ဒါဘာခက်လို့လဲ…၊ ကျွန်မကို တစ်ညပဲ အချိန်ပေး…”

လေ့ကျင်းက ဆန်းလျန်ကို မော့ကြည့်ရင်း ပြောလိုက်လေသည်။

သူမ၏အကြည့်များက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့် ရှိနေပုံရလေ၏။

တိချိုးမြို့တော်…

ဝမ်ချန်နန်းတော်…

ဝမ်ချန်နန်းတော်မှာ အလွန်ကြီးမား နက်ရှိုင်းသည့် နေရာတစ်ခုဖြစ်ပြီး ယင်းလုန်သည် အလွန်ကြီးမားသည့် ရေကန်ကြီးတစ်ခုအတွင်းတွင် နေထိုင်လေသည်။ ထိုရေကန်ကြီးနှင့် မနီးမဝေး တစ်နေရာတွင် အနက်ရောင် သံမဏိတိုင်ကြီးများ ရှိလေသည်။ ထိုသံမဏိ တိုင်လုံးကြီးများ အောက်တွင် အသူရာချောက်မှ မီးတောက် တည်ရှိလေသည်။ ထိုတိုင်များတွင် လူတစ်ဦးစီကို ချည်နှောင်ထားပြီး ထိုသူများမှာ မင်းမျိုးမင်းနွယ်များ သို့မဟုတ် တာ့ရှားပြည် အပြင်ဘက်ရှိ ဒေသများမှ ခေါင်းဆောင်များ ဖြစ်လေသည်။

သူတို့တွင် အော်ဟစ်ရန်ပင် အားမရှိကြတော့ပေ။

အသူရာချောက်မှ မီးတောက်ဆိုသည်က လူတစ်ယောက်၏ စိတ်နှင့်ခန္ဓာ အရာအားလုံးကို ပျက်စီး စေနိုင်စွမ်းရှိလေ သည်။ သို့သော် ထိုသူများမှာ အသူရာ ချောက်မှ မီးတောက်၏ ဒဏ်ကို တိုက်ရိုက် မခံစားကြရဘဲ သံမဏိတိုင်လုံးကြီး များမှတစ်ဆင့် ခံစားကြရသည့် အတွက် ထိုသူများသည် ချက်ချင်း မသေကြသေးခြင်း ဖြစ်လေသည်။

ဤသည်မှာ တာ့ရှားဧကရာဇ် ကိုယ်တိုင် တီထွင်ထားသည့် “သံမဏိမီးတိုင် အပြစ်ပေးနည်း” ဖြစ်လေသည်။ တာ့ရှားပြည်၏ ကြောက်စရာ အကောင်းဆုံး အပြစ်ပေးနည်းပင် ဖြစ်သည်။

တာ့ရှား ဧကရာဇ်သည် အမြင့်တစ်နေရာတွင် ထိုင်နေလေသည်။ သူက ဝေဒနာ ခံစားနေရသည့် ထိုသူများကိုကြည့်ပြီး အကြင်နာ ကင်းမဲ့စွာ ပြုံးလိုက်လေသည်။

အိပ်ပျော်နေသည့် ယင်းလုန်နဂါးကြီးသည် တိချိုးမြို့သို့ ဆန်းလျန် ရောက်လာသည့် အချိန်တွင် နိုးထသွားပြီး နောက်ပိုင်း ပြန်မအိပ်တော့ပါချေ။

တာ့ရှားဧကရာဇ်၏ ရွံမုန်းစရာ အကြင်နာ ကင်းမဲ့သည့် အပြစ်ပေးနည်းကို ယင်းလုန်က စိတ်မဝင်စားပါ။ သူစိတ်ဝင်စားသည်မှာ  အသူရာချောက်မှ မီးတောက်နှင့် ကင်ထားသည့် လူသားကင်မှာ အလွန်အရသာရှိသည် ဆိုသည့် အချက်ပင် ဖြစ်လေသည်။

ယင်းလုန်သည် သံမဏိတိုင်လုံးများတွင် ချည်နှောင်ထားသည့် လူများကို တစ်ယောက်ချင်း စားပစ်နေလေသည်။

ထိုအချိန်မှာပင်…

ကောင်းကင်ထက်ဆီမှ ကျယ်လောင်သည့် ငှက်အော်သံ တစ်သံကို ကြားလိုက်ရလေသည်။

***

All Chapters