← Chapters

အဖြူရောင်မင်းကြီး၏သားတော်

Vol. 6 Ch. 501

အဖြူရောင်မင်းကြီး၏သားတော်

Vol. 6 Ch. 501

အော်လိုက်သည့် ငှက်မှာ မည်းနက်နေသည့် ဇာမဏီငှက်တစ်ကောင် ဖြစ်လေသည်။ ဆန်းလျန်သာ ထိုငှက်ကိုတွေ့လျှင် ချမ်းမော့နှင့် အလွန်ဆင်တူသည်ဟု တွေးမိမည် ဖြစ်လေသည်။ ချမ်းမော့နှင့် အရောင် မတူသည့်တိုင် ပုံသဏ္ဌာန်တူညီ လေသည်။ အထူးသဖြင့် ထိုငှက်၏ မျက်လုံးများသည် ချမ်းမော့၏ မျက်လုံးများနှင့် တစ်ထပ်တည်း ဖြစ်လေသည်။

ထိုငှက်အော်သံကိုကြားသည်နှင့် ယင်းလုန်က တစ်ချက် ကြုံးဝါးလိုက်ပြီး ဇာမဏီငှက်ရှိရာသို့ မုန်တိုင်းတစ်ခု အလား ဝင်ရောက် သွားတော့သည်။ နဂါးတစ်ကောင် အသက်ရှူလိုက်လျှင် မုန်တိုင်းတစ်ခု ဖြစ်လာနိုင်ပြီး ကျောက်စိမ်းတောင်ကိုပင် ဖြိုဖျက် ပစ်နိုင်စွမ်း ရှိသည်ဟု အဆို ရှိကြလေသည်။

အနက်ရောင် ဇာမဏီငှက်က အတောင်ကို တဝုန်းဝုန်း ခတ်လိုက်လေရာ နဂါးမုန်တိုင်းမှာ ပျောက်ကွယ် သွားရလေသည်။ ဇာမဏီငှက်၏ လက်သည်းများသည် သံမဏိတိုင်ကြီးများကို ဆွဲကုတ် ထားလေသည်။ အသူရာချောက်မှ မီးတောက်ကို ဇာမဏီငှက်က စုပ်ယူလိုက်ပြီး ယင်းလုန်ကို မီးဖြင့် မှုတ်ပစ်လိုက်လေသည်။

ယင်းလုန်သည် မြင့်မြတ်သည့် နဂါးမျိုးမှ ဆင်းသက်လာသည့် နဂါးတစ်ကောင် ဖြစ်လေသည်။ သူ၏တန်ခိုးစွမ်းအားက နှစ်ပေါင်း တစ်သောင်း ကျင့်ကြံထားသည့် ကျင့်ကြံသူနှင့် ညီမျှလေသည်။ သာမန်အဆင့်လောက် ကျင့်ကြံသူများသည် သူ့ကို ဒူးထောက် ဦးညွတ်ကြရမည့် အနေအထား ဖြစ်လေ၏။

သို့သော်… အနက်ရောင် ဇာမဏီငှက်ကတော့ ယင်းလုန်ကို တစ်စက်ကလေးမှ မကြောက်ပေ။ မီးဖြင့်အမှုတ်ခံ လိုက်ရသည့် ယင်းလုန်သည် ခဏတာမျှ ကြုံးဝါး အော်ဟစ်နေပြီး နဂါးကန် အတွင်းသို့ ပြန်ဆင်း သွားလေတော့သည်။

အနက်ရောင် ဇာမဏီငှက်သည် တာ့ရှားဧကရာဇ်ကို လှည့်ကြည့်လိုက်ပြီး ပါးစပ်ကို ဟလိုက်လေသည်။ ထိုအခါ သူ၏ ပါးစပ်အတွင်းမှ စာတစ်စောင် ထွက်ကျလာလေသည်။ ရွှေပေလွှာ ထက်တွင် ရှေးဟောင်း လက်ရေးများဖြင့် ရေးသားထားသည့် စာတစ်စောင် ဖြစ်လေသည်။ ထိုစာကို တာ့ရှားဧကရာဇ်က ဖမ်းယူလိုက်သည်။

တာ့ရှားဧကရာဇ်၏ လူများသည် ထိုစာသည် မည်သည့်နေရာမှ ပေးပို့လိုက်သည်ကို သိရှိ လိုက်ကြသည့် အတွက် အံ့သြ တုန်လှုပ် သွားကြရသည်။

အရှေ့တိုင်း စစ်သည်တော်များသည် တာ့ရှား ပြည်ထက်ပိုပြီး ရှေးကျသူများ ဖြစ်ကြလေသည်။ ယင်းစန်း ဒေသသည် အရှေ့တိုင်း စစ်သည်တော်များ အုပ်စုမှ ခွဲထွက်သွားသည့် ဒေသတစ်ခု ဖြစ်လေသည်။

အရှေ့တိုင်း စစ်သည်တော်များ၏ မျိုးနွယ်စုများဆီမှ တာ့ရှားဧကရာဇ် အထင်မသေးရဲသည့် သူရဲကောင်းများ ထွက်ပေါ် လာလေ့ရှိလေသည်။ ထိုအနက်ရောင် ဇာမဏီငှက်မှာလည်း သူရဲကောင်း တစ်ယောက်မှ စေလွှတ်လိုက် သည့်ဇာမဏီငှက် ဖြစ်လေသည်။

အတိအကျပြောရမည်ဆိုလျှင် ထိုသူသည် လူတစ်ဝက်၊ မိစ္ဆာတစ်ဝက် မွေးဖွား လာသည့်သူ ဖြစ်လေသည်။

ထိုသူ၏ အသက်သည် ယခုဆိုလျှင် အသက်နှစ်ဆယ်ခန့် ရှိလောက်ပေပြီ။

ထိုသူ၏ အမည်မှာ "ယွမ်ယန်" ဖြစ်ပြီး သူမွေးဖွားလာသည့် အချိန်တွင် သူ့ဘေးတွင် ဇာမဏီ ငှက်ငါးကောင်က စောင့်ရှောက် ပေးနေခဲ့လေသည်။

ရဟန်းမင်းကြီးက ထိုလူငယ်သည် အဖြူရောင်မင်းကြီး၏ တန်ခိုးစွမ်းအား များကြောင့် မွေးဖွားလာခဲ့သူ ဖြစ်သည့် အတွက် အဖြူရောင် မင်းကြီး၏ သားတော်ဖြစ်သည်ဟု ပြောခဲ့လေသည်။ ထိုလူငယ်သည် အရှေ့တိုင်း စစ်သည်တော် များ၏ ခေါင်းဆောင် ဖြစ်လာမည့်သူ ဖြစ်ပြီး အရှေ့တိုင်း စစ်သည်တော်များ အားလုံးကို စုစည်းပေးနိုင်မည့် တစ်ဦးတည်းသောသူ ဖြစ်လေသည်ဟု ရှေ့ဖြစ်ဟောကိန်းများ ရှိခဲ့လေသည်။

အရှေ့တိုင်းစစ်သည်တော်များကို စုစည်းမိသွားမည့် အချက်မှာ တာ့ရှားပြည်အတွက် မကောင်းသည့် အချက် ဖြစ်လေသည်။ ထို့ကြောင့် တာ့ရှားဧကရာဇ်သည် ထိုလူငယ်ကို လုပ်ကြံ သတ်ဖြတ်ရန် စေခိုင်းခဲ့လေသည်။ ထိုလူငယ်လေးသည် မွေးကတည်းကပင် တာ့ရှားဧကရာဇ်၏ လူများက လိုက်လံ သတ်ဖြတ်သည်ကို ခံခဲ့ရရှာသူ ဖြစ်လေသည်။ သို့သော်… ဇာမဏီ ငှက်ငါးကောင်က ကာကွယ်ပေးထားသည့် အတွက် လုပ်ကြံမှု မအောင်မြင်ခဲ့ပေ။ နောက်ဆုံးတွင်တော့ ထိုလူငယ်လေးသည် ပျောက်ဆုံး သွားခဲ့လေသည်။

သို့သော် တာ့ရှားပြည်ကတော့ ထိုဇာမဏီ ငှက်ငါးကောင်လုံး၏ ပုံသဏ္ဌာန်ကို မှတ်မိနေခဲ့လေသည်။

ဇာမဏီငှက်များသည် အလွန်မှ တန်ခိုး စွမ်းအားကြီးလေသည်။ သူတို့သည် ယင်းလုန်ကိုပင် အရေးမလုပ်ပေ။ အလွန်လည်း လျှင်မြန်လွန်းကြသည့် အတွက် သူတို့ကို ဖမ်းဆီးရန်မှာလည်း လုံးဝမဖြစ်နိုင်ပေ။ လူငယ်လေး ယွမ်ယန် အသက်ရှင်နေသည်မှာ ထိုဇာမဏီ ငှက်များကြောင့် ဖြစ်လေသည်။

ရွှေပေလွှာ စာကို ဖတ်ပြီးသည့်နောက် တာ့ရှားဧကရာဇ်၏ မျက်နှာမှာ တည်ငြိမ်နေဆဲ ဖြစ်သည့်တိုင် သူထိုင်နေသည့် ကျောက်ပုလ္လင်အောက်ရှိ ကျောက်သားကြမ်းပြင် အစိတ်စိတ် အမြွှာမြွှာ ကွဲအက် သွားတော့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် တာ့ရှားဧကရာဇ် မည်မျှ ဒေါသ ထွက်နေသည်ဆိုသည့် အချက်ကို သိရှိနိုင်လေသည်။

အနက်ရောင်ဇာမဏီငှက်သည် အဝေးဆီသို့ ပျံသန်းမသွားခင် အတောင်များကို တဖျတ်ဖျတ် ခတ်လိုက်လေသည်။ တာ့ရှားဧကရာဇ်က လက်ကိုရှေ့သို့ ဆန့်ထုတ်လိုက်ပြီး ဇာမဏီငှက်ကို ဖမ်းဆီးလိုက်သည်။ သို့သော် အနက်ရောင် ငှက်မွေးများသာ ကျွတ်ထွက်လာပြီး ဇာမဏီငှက်ကိုတော့ ဖမ်းဆီးမိခြင်း မရှိပေ။

တာ့ရှားဧကရာဇ်မှာလည်း ဖမ်းလို့မရမှန်းသိသဖြင့် မဖမ်းတော့ပေ။

ရွှေရောင် ပေလွှာထက်တွင် ရေးသားထားသည့် အကြောင်းအရာများကို နောက်ပိုင်းတွင်တော့ လူအများ သိခွင့်ရခဲ့ကြလေသည်။

အဖြူရောင် မင်းကြီး၏ သားတော် ယွမ်ယန် မင်းသားငယ်သည် အရှေ့ဘက်တိုင် တိုင်းပြည်တည် တစ်ခု တည်ဆောက်ပြီး ချုန်းစန်းကို ဘုရင့် နေပြည်တော် အဖြစ် သတ်မှတ်မည့် အကြောင်းနှင့် ယွမ်ယန် မင်းသားငယ်သည် ယိုးရှီပြည်မှ အလွန်လှပသည့် မိန်းမပျို မေရှီမင်းသမီးကို လက်ဆက်မည့် အကြောင်း စာထဲတွင် ရေးသား ထားလေသည်။

ရွှေပေလွှာမှာ ယွမ်ယန် မင်းသားငယ် ကိုယ်တိုင် ရေးသားထားသည့် အကြောင်းကြားစာ ဖြစ်လေသည်။

ယခုတော့ ယိုးရှီပြည်ကို တာ့ရှားဧကရာဇ် စစ်ချီမည့် အကြောင်းရင်းကို အားလုံးနားလည် သွားကြပြီ။

အမှန်တော့ တာ့ရှားဧကရာဇ်က ယိုးရှီပြည်မှ မေရှီမင်းသမီးကို အရင်ဆုံး လက်ထပ်ခွင့် တောင်းခဲ့သူ ဖြစ်လေသည်။ သို့သော် ယိုးရှီပြည်က တာ့ရှားဧကရာဇ်ကို ငြင်းပယ်ခဲ့သည်။

ယိုးရှီပြည်က တာ့ရှားပြည်ကို သတ္တိရှိရှိ ငြင်းပယ်ရသည့် အကြောင်းကို ယခုတော့ သိရှိခဲ့ရပြီ။ သူတို့က အဖြူရောင်မင်းကြီး၏ သားတော် ယွမ်ယန် မင်းသားငယ်၏ အားကိုးဖြင့် တာ့ရှား ဧကရာဇ်ကို ငြင်းပယ်ခဲ့ခြင်းပင်။

ရဟန်းမင်းကြီး၏ ခန့်မှန်းချက် အတိုင်းသာဆိုလျှင် ထိုလူငယ်သည် တစ်ချိန်တွင် ဘုန်းတန်ခိုး ကြီးမားသည့်ဘုရင် တစ်ပါး ဖြစ်လာမည် ဖြစ်လေသည်။

နောက်တစ်နေ့တွင်တော့ နန်းတွင်းညီလာခံတွင် တာ့ရှားဧကရာဇ်သည် ထိုကိစ္စကို အမတ်မင်းများနှင့် ဆွေးနွေး ခဲ့လေသည်။

တာ့ရှားဧကရာဇ်၏စိတ်ထဲတွင် တွေးနေသည့် အတွေးများကို မည်သူမှ မသိနိုင်ပါ။ သို့သော်… တာ့ရှားပြည်၏ အကျိုးစီးပွားသည် တာ့ရှားဧကရာဇ် အပါအဝင် တော်ဝင်မိသားစု ဆယ့်နှစ်စု၏ အကျိုးစီးပွားလည်း ဖြစ်သည့်အတွက် သူတို့အားလုံးသည် အလေးအနက်ထားကာ ဆွေးနွေးခဲ့ကြလေသည်။

အမှန်တော့ အဖြူရောင် မင်းကြီး၏ သားတော် ယွမ်ယန်က စာထဲတွင် ရေးသားထားသည့် အချက်များမှာ နှိမ့်ချခြင်းနှင့် ငြိမ်းချမ်းခြင်းကို ဦးတည်သည့် သဘော ဆောင်လေသည်။ သူက တာ့ရှားပြည်ကိုလည်း ဦးထိပ်ထားပါမည့် အကြောင်းလည်း စာထဲတွင်ပါရှိလေသည်။ သို့သော် သူက တိုင်းပြည်တည်ထောင်ခြင်းနှင့် ယိုးရှီမင်းသမီးနှင့် လက်ဆက် မည့်ကိစ္စကိုတော့ မည်သူကမျှ တားဆီးနိုင်မည် မဟုတ်ကြောင်းကိုလည်း စာထဲတွင် မသိမသာ ဖော်ပြထားလေသည်။

အဖြူရောင် မင်းကြီးဆိုသူမှာ မဟာနတ်မိစ္ဆာ တန်ခိုးရှင်အဆင့်ထိ တက်ရောက် နိုင်ခဲ့သည့် နတ်မိစ္ဆာ ဘုရင်တစ်ပါး ဖြစ်လေသည်။ သူ၏ တန်ခိုးစွမ်းအားများက ထိပ်တန်း အဆင့်ဖြစ်ပြီး ထာဝရ မသေနိုင်သည့် နတ်ဘုရားတစ်ပါး အဖြစ် သတ်မှတ်နိုင်လေသည်။

ယွမ်ယန်မင်းသားငယ်သည် အဖြူရောင်မင်းကြီး တန်ခိုးစွမ်းအားများမှ မွေးဖွားလာသူ ဖြစ်သည့် အတွက် မင်းသားငယ်၏ သန့်စင်သည့် တန်ခိုးစွမ်းအားများကို နတ်မိစ္ဆာ အားလုံးကလည်း သတိပြုမိနေပြီ ဖြစ်လေသည်။

ကျင့်ကြံသူများကို ချီးမြှောက်လွန်းသည့် ယင်းစန်းဒေသ အကြီးအကဲ ထျန်းယီပင်လျှင် တာ့ရှားဧကရာဇ်ကို ခေါင်းကိုက်အောင် လုပ်နေသူ ဖြစ်လေရာ ယွမ်ယန် မင်းသားငယ်သာ နတ်မိစ္ဆာ ဂိုဏ်းများနှင့် အရှေ့တိုင်း စစ်သည်တော်များ အားလုံးကို စုစည်းနိုင်မည် ဆိုလျှင် ယင်းစန်း ဒေသကဲ့သို့ပင် အန္တရယ်များသည့် တိုင်းပြည်တစ်ခု ဖြစ်တည်လာမည်မှာ အသေအချာပင်။

နန်းတွင်းညီလာခံတွင် အမတ်မင်းများမှာ အုပ်စုနှစ်စု ကွဲသွားလေသည်။

ပထမအုပ်စုမှာ ထျန်းယီကို အမြန်လွှတ်ပေးပြီး ထျန်းယီနှင့် ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုကာ ယင်းစန်းနှင့် ပူးပေါင်းပြီး အရှေ့တိုင်း စစ်သည်တော်များကို တိုက်ခိုက်ရန် ဖြစ်လေသည်။ ယင်းစန်းဒေသရော အရှေ့တိုင်း စစ်သည်တော်များ နေထိုင်သည့် ဒေသနှစ်ခု စလုံးသည် တာ့ရှားပြည်၏ အရှေ့ဘက်တွင် တည်ရှိလေသည်။ အကယ်၍ ယင်းစန်းဒေသနှင့် အရှေ့တိုင်း စစ်သည်တော်များ ပြန်လည် ပူးပေါင်းသွားပါက တာ့ရှားပြည်အတွက် ကျိန်းသေ အခက်တွေ့နိုင်ပေ မည်။ ထို့ကြောင့် အရှေ့တိုင်းစစ်သည်တော်များကို ယင်းစန်းနှင့် တေ့ပေးလိုက်ပါက သူတို့အချင်းချင်း တိုက်ခိုက် ကြမည်ဆိုလျှင် တာ့ရှားပြည်အတွက် ကြီးစွာသော အကျိုးအမြတ် ရရှိမည် ဖြစ်လေသည်။

အရှေ့တိုင်း စစ်သည်တော်များသည် ယင်းစန်းဒေသနှင့် မဟာရန်သူများ ဖြစ်ကြသည့်တိုင် တကယ်တမ်း သေရေးရှင်ရေး ရင်ဆိုင်ရမည်ဆိုလျှင် ယင်းစန်းနှင့် ပြန်လည် ပူးပေါင်း သွားနိုင်လေသည်။

သို့သော်… ထျန်းယီသည် ပညာရှိတစ်ယောက် ဖြစ်သည့်အတွက် အခက်အခဲများ အားလုံးကို လွယ်ကူစွာ ဖြေရှင်းနိုင်မည်မှာ သေချာလေသည်။

ဒုတိယအုပ်စု၏ အမြင်ကတော့ လုံးဝခြားနားလေသည်။

သူတို့က ထျန်းယီကို အမြန်ဆုံး သေဒဏ်ချမှတ်လိုက်ပြီး လောကကြီး တစ်ခုလုံးကို တာ့ရှားပြည်၏ အင်အားကြီးမားမှု ကို ပြသစေလိုလေသည်။ ထျန်းယီကို သတ်ပြီးသည်နှင့် ချက်ချင်းပင် ယိုးရှီပြည်ကို တိုက်ခိုက်ပြီး မေရှီမင်းသမီးကို သိမ်းပိုက်ရန် ဖြစ်လေသည်။ အချိန်တို အတွင်းတွင် ထိုကိစ္စများအားလုံးကိုသာ ပြုလုပ်နိုင်မည်ဆိုလျှင် တိုင်းပြည် အတော်များများသည် တာ့ရှားပြည်ကို ပြန်လည် ဦးညွတ် လာကြမည် ဖြစ်လေသည်။

ထို အမတ်အုပ်စုနှစ်စု အငြင်းပွားနေသည်မှာ နန်းတွင်း ညီလာခံတွင် ဆယ်ရက်တိတိ ကြာမြင့်လေသည်။

သို့သော် တာ့ရှား ဧကရာဇ်ကတော့ မည်သည့်စကားမှ ဝင်ရောက်ပြောဆိုခြင်း မရှိပေ။

လေ့ကျင်းကတော့ ပန်းပုထုခြင်းမှလွဲပြီး မည်သည့်အလုပ်ကိုမှ စိတ်မဝင်စားတော့ပေ။ သူမသည် ခွန်ဝူကျောက်တုံးကြီးအနားတွင်ပင် စားပြီး ထိုအနားတွင်ပင် အိပ်လေသည်။ မိုးလင်းမိုးချုပ် ခွန်ဝူကျောက်တုံး အနီးမှ တစ်ဖဝါးမှ မခွာပေ။

ဆန်းလျန်သည် ကွမ်းလုန်ကျီနှင့် သူမ၏အကြောင်းများကို ပြောဖြစ် ကြလေသည်။ သူမသည် တာ့ရှားဧကရာဇ်၏ တူမတော် ရှားမျိုးနွယ်ဖြစ်သည့် အတွက် အနည်းငယ် ဆိုးသယောင် ထင်ရသော်လည်း ရှားမျိုးနွယ်မှ ဆင်းသက်လာ သူများထဲတွင် သူမသည် အခြားသူများထက် ဉာဏ်ရည်ပိုပြီး ထက်မြက်သူ ဖြစ်လေသည်။ ထို့ပြင် အလုပ်လည်း အလွန်ကြိုးစားသူ ဖြစ်သည်ဟု ကွမ်းလုန်ကျီက မှတ်ချက် ပြုလေသည်။

အရည်အချင်းရှိသူမှာ ကြောက်စရာ မကောင်းလှပါ။

သို့သော်… အရည်အချင်းရှိသူ တစ်ယောက် အလွန်ကြိုးစားပြီ ဆိုလျှင်တော့ ကြောက်မက်ဖွယ်ရာ ကောင်းလာမည်မှာ အသေအချာပင်။

"သူ့ကိုမြင်ရတာ လူတစ်ယောက်ကို သတိရမိတယ်"

ကွမ်းလုန်ကျီက ပြောလိုက်လေသည်။

ဆန်းလျန်နှင့် ကွမ်းလုန်ကျီမှာ တရုတ်စစ်တုရင် ကစားနေကြခြင်း ဖြစ်လေသည်။

ဆန်းလျန်က အဖြူရောင် ကျားစေ့လေးကို နေရာချလိုက်ပြီး အနက်ရောင် ကျားစေ့လေးကို စားလိုက်လေသည်။

ပြီးမှ သူက ပြုံးလိုက်ရင်း…

"ဘယ်သူ့ကိုလဲ…"

"ထျန်းယီပေါ့ကွယ်…"

ကွမ်းလုန်ကျီက အလေးအနက် ပြောလိုက်လေသည်။

ဆန်းလျန်က ခေါင်းကို ခါယမ်းလိုက်ရင်း…

"ထျန်းယီနဲ့ အဝေးကြီးပါဗျာ"

"ကျုပ်နားလည်ပါတယ်၊ မင်းလို အဆင့်မြင့် နတ်ဘုရား တစ်ပါးအတွက်တော့ အရည်အချင်း ရှိခြင်းနဲ့ ဆုံးဖြတ်ချက် ခိုင်မာခြင်းက မထူးခြားလှပါဘူး၊ ဒါပေမဲ့ အရည်အချင်းလည်း မရှိဘူး၊ ဆုံးဖြတ်ချက်လည်း မခိုင်မာဘူးဆိုရင် တော့ ဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ဘူး"

ကွမ်းလုန်ကျီက ဖြည်းလေးသည့် လေသံဖြင့် ပြောလိုက်သည်။

"အင်း… ခင်ဗျားပြောတာလည်း မှန်ပါတယ်၊ ဒါပေမယ့် သူ့ကို သူ့သဘာဝ အတိုင်းပဲ ရှိစေချင်တယ်၊ ဘယ်သူနဲ့မှ မတူစေချင်ပါဘူးဗျာ"

ဆန်းလျန်က ပြန်ပြောလိုက်သည်။

ကွမ်းလုန်ကျီက ကျားကွက် တစ်ကွက်ကို ရွှေ့လိုက်လေသည်။ နဂါးတစ်ကောင်၏ ပုံသဏ္ဌာန် ရုတ်တရက်ပေါ်လာ လေသည်။ သူက အနက်ရောင် ကျားစေ့တစ်စေ့ အစားခံလိုက်ရသည့်တိုင် အကြပ်အတည်းထဲမှ ရုန်းထွက်လိုက်နိုင် လေသည်။ သူ၏ ကျားကွက်မှ ဖန်ဆင်းလိုက်သည့် နဂါးသည် ကောင်းကင်ကို ထိုးခွင်းရန်ပင် အသင့်ဖြစ်နေခဲ့သည်။

ပြီးမှ သူက ဆန်းလျန်ကို စိုက်ကြည့်လိုက်ရင်း…

"မင်းက ရှားမျိုးနွယ်တွေရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ တန်ခိုးစွမ်းအားကို လေ့လာ ချင်နေတယ် ဆိုတာ ကျုပ်သိပါတယ်၊ ဒါပေမဲ့ တစ်နေ့မှာတော့ သူ မင်းကို မုန်းတီးမသွားဖို့ ကျုပ်မျှော်လင့်မိတယ်"

ဆန်းလျန်က အဖြူရောင် ကျားကွက်လေး တစ်ကွက်ကို ရွှေ့လိုက်လေသည်။ သူရွှေ့လိုက်သည့် ကျားကွက်မှာ အလွန် အဓိပ္ပာယ်လေးနက်သည့် ကစားကွက် ဖြစ်လေသည်။ အမှတ်တမဲ့ ကြည့်လျှင် ထိုကစားကွက်သည် ကွမ်းလုန်ကျီ၏ နဂါးနှင့် အဆက်အစပ် မရှိဟု ထင်စရာရှိသည်။ သို့သော် ကွမ်းလုန်ကျီသည် ထိုကစားကွက်ထဲတွင် ပိတ်မိနေလေသည်။ ကောင်းကင်ကို ထိုးဖောက်မည့် နဂါးသည် ရပ်တန့်သွားခဲ့ရပြီ။

"ကျုပ်သိချင်တာ တစ်ခုရှိသေးတယ်၊ တစ်နေ့မှာ တာ့ရှားပြည်သာ အဆုံးသတ်သွားခဲ့ရင် ခင်ဗျားရော ဘာဖြစ်သွားနိုင်မလဲ"

ဆန်းလျန်က မေးလိုက်လေသည်။

"တာ့ရှားပြည် ရှိနေသရွေ့ ကျုပ်ရှိနေမှာပါ၊ တာ့ရှားပြည် ကျဆုံးသွားရင် ကျုပ်လည်း အဆုံးသတ် သွားမှာပါပဲ"

***

All Chapters