ထွင်းထုမထားသည့်မျက်ဝန်းများ
Vol. 6 Ch. 502
ထိုသို့သော စကားကို ပြောလိုက်မိခြင်းအတွက် ကွမ်းလုန်ကျီ နောင်တမရမိပါ။
ဆန်းလျန်က ကွမ်းလုန်ကျီကို နားလည် နိုင်သည့်တိုင် ကွမ်းလုန်ကျီ၏ စကားကိုတော့ လက်မခံနိုင်ပေ။ မည်သို့ပင်ဖြစ်စေ အရာရာသည် ကွမ်းလုန်ကျီ ရွေးချယ်မှုပင် ဖြစ်လေသည်။
တာအိုဝါဒနှင့် တွက်ကြည့်မည် ဆိုလျှင် ကွမ်းလုန်ကျီသည် လောက နတ်ဘုရားများထက် သာလွန်သူ ဖြစ်လေသည်။ မိုးကောင်းကင် နတ်ဘုရား မဖြစ်နိုင် သေးလျှင်တောင်မှ သူကိုယ်တိုင်သာ ဆန္ဒရှိမည် ဆိုလျှင် နှစ်ထောင်ပေါင်းများစွာ အသက်ရှည် နေနိုင်မည် ဖြစ်သည်။
ဆန်းလျန်သည် အသူရာချောက်မှ ကျင့်ကြံသူများ အကြောင်းကို သေသေချာချာ သိရှိခြင်း မရှိသေးပါ။ ကွမ်းလုန်ကျီ ပြောပြသလောက်သာ အကြမ်းဖျင်း နားလည် ထားလေသည်။ ကွမ်းလုန်ကျီသာ သေဆုံးသွားမည် ဆိုလျှင် မိုးကောင်းကင် အစစ်ဆေးခံမှု သုံးခုနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု ဆန်းလျန် မှန်းဆ ကြည့်လိုက်လေသည်။
ချင်းရွှမ် နတ်တံခါး တည်ရှိရာ ကမ္ဘာမြေနှင့် အသူရာချောက်သည် လုံး၀ တူညီခြင်းမရှိပါ။ နတ်ဘုရား တစ်ပါးအတွက် မိုးကောင်းကင် အစစ်ဆေး ခံရခြင်းသည် စိန်ခေါ်မှု တစ်ခု ဖြစ်သည့်တိုင် အသူရာ ချောက်လောက်တော့ ကြောက်မက်ဖွယ်ရာ မကောင်းလှပေ။ ကွမ်းလုန်ကျီ ပြောစကားအရ ဆိုလျှင် တာ့ရှားပြည် စတင်တည်ထောင်စဉ် ကတည်းက မိုးကောင်းကင် နတ်ဘုရားတစ်ပါး အဆင့် ရောက်ရှိခဲ့သည့် ကျင့်ကြံသူဆို၍ အယောက်ငါးဆယ်ပင် မပြည့်ခဲ့ပေ။ ထို့ကြောင့် အသူရာချောက်တွင် မိုးကောင်းကင် နတ်ဘုရား အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်ရန်မှာ အလွန်မှ ခဲယဉ်းလေသည်။
သို့သော် မိုးကောင်းကင် နတ်ဘုရားအဆင့်ထိ တက်ရောက်နိုင်ခဲ့သည့် နတ်ဘုရား များမှာလည်း အသူရာချောက်မျ ထွက်ခွာသွားပြီး အခြားကမ္ဘာသို့ ပြောင်းရွှေ့ သွားကြလေသည်။ ထို့ပြင် အသူရာ ချောက်တွင် ပုန်းအောင်နေသည့် အချို့သော နတ်ဘုရားများလည်း ရှိနိုင်သည်။
ဆန်းလျန်က ကျားကွက်တစ်ကွက် ရွှေ့လိုက်ပြီး ကစားပွဲက အဆုံးသတ် သွားလေသည်။
"ဆရာကြီး… ခင်ဗျားရှုံးပြီ…"
ကွမ်းလုန်ကျီက လက်တစ်ဖက် ဝှေ့ယမ်းလိုက်လေရာ စစ်တုရင်ခုံထက်ရှိ ကျားစေ့များ ပြန့်ကျဲသွားလေသည်။ သူ၏ပုံသဏ္ဌာန်မှာ ပျံသန်းနေသည့် နတ်ဘုရားတစ်ပါးနှင့်ပင် ဆင်တူလေသည်။
ထိုအချိန်တွင် တစ်ချိန်လုံး ငြိမ်သက်နေသည့် လေ့ကျင်းသည် လှုပ်လှုပ်ရှားရှား ဖြစ်လာလေသည်။ သူမက ဆန်းလျန်နှင့် ကွမ်းလုန်ကျီ၏ စစ်တုရင်ကစားပွဲကို အစအဆုံး တွေ့မြင် နေခဲ့သည်ပဲ။ သူမ၏ နူးညံ့သိမ်မွေ့သည့် မျက်နှာထက် တွင် ကျေနပ်သည့် အရိပ်အယောင်များ ထွက်ပေါ် လာလေသည်။
သူမက သူတို့နှစ်ယောက်အနားသို့ အသာလျှောက်သွားလိုက်ရင်း…
"ဆရာကွမ်းလုန်ကျီ၊ ကျွန်မ စစ်တုရင်ကစားပွဲကို အစအဆုံး တွေ့တယ်နော်၊ ဆရာကွမ်းလုန်ကျီ ရှုံးသွားရင် ပေးထားတဲ့ ကတိကို မမေ့ပါနဲ့"
ကွမ်းလုန်ကျီကပြုံးလိုက်ရင်း…
"မင်းတို့ဆရာတပည့် နှစ်ယောက်ပေါင်းပြီး ကျုပ်ကို အနိုင်ကျင့်နေတာပဲ၊ သွားပြီဟေ့…"
ကွမ်းလုန်ကျီသည် ချက်ချင်း ထရပ်လိုက်ပြီး ရေများ စီးဆင်းသွားသည့် အလား ထွက်ခွာ သွားလေတော့သည်။
ဆန်းလျန်က သူ၏ တပည့်ကို တိတ်တဆိတ် လေ့လာကြည့်လိုက်သည်။ ယခင်ကနှင့် ယှဉ်လျှင် သူမ၏မျက်ဝန်းများ သည် ပိုပြီး နက်ရှိုင်း လာလေသည်။ နက်နဲသည့် ကျင့်စဉ်အချို့ကို ကျင့်ကြံထားသည့် အချို့သော ကျင့်ကြံ သူများပင်လျှင် သူမ၏ မျက်ဝန်းများကို ရင်ဆိုင်ရဲမည် မဟုတ်ပေ။
လေ့ကျင်းသည် ဆန်းလျန်ရှေ့တွင် တိတ်ဆိတ်စွာဖြင့် မတ်တတ် ရပ်နေလေသည်။
သူမ၏ ရှားမျိုးနွယ်သည် အတိုင်းအဆ မရှိသည့် အသက်ဓာတ် စွမ်းအားများကို ပိုင်ဆိုင်သည့် မျိုးရိုးဖြစ်ကြောင်း ဆန်းလျန် သိထားလေသည်။ ထိုစွမ်းအားများသည် ရှေးကျသည်။ ရင့်ကျက်ပြီး နက်ရှိုင်းလွန်းလေသည်။
သူမတွင် မြင့်မြတ်သည့် မျိုးနွယ်ကို ဆက်ခံထားသည့် မူလတန်ခိုး စွမ်းအားများကို ပိုင်ဆိုင်ထားပြီး ယခုတော့ သူမသည် အလွန်ပင် တိုးတက် ပြောင်းလဲလာခဲ့ပြီ ဖြစ်လေသည်။
သူမသည် ယခင်ကလောက် နူးညံ့သိမ်မွေ့ခြင်း မရှိတော့ပေ။
ဆန်းလျန်က သက်ပြင်း တစ်ချက်ချလိုက်ရင်း…
"ကျုပ်က အကြောင်းအရာ အတော်များများကို ကြိုတင်ခန့်မှန်း နိုင်ပေမယ့် မင်းတို့ ရှားမျိုးနွယ်တွေရဲ့ မွေးရာပါ တန်ခိုးစွမ်းအားတွေကိုတော့ မခန့်မှန်းနိုင်ခဲ့ဘူး၊ ကျင့်ကြံသူတွေက နှစ်ပေါင်း တစ်ရာလောက် ကျင့်ကြံမှ ရနိုင်မယ့် တန်ခိုးစွမ်းအားတွေကို မင်းတို့တွေက ပိုင်ဆိုင် ထားတယ်"
လေ့ကျင်းသည် သူမရှေ့မှလူငယ်ကို ငေးကြည့် နေမိလေသည်။ သူမသည် အရင်ကနှင့် မတူဘဲ ပြောင်းလဲသွားသည့် တိုင် ထိုလူငယ်ကို လေးစား ချစ်ခင်မိခြင်းကတော့ ပြောင်းလဲ မသွားခဲ့ပေ။
သူမသည် တဖြည်းဖြည်း နားလည် သဘောပေါက် လာခဲ့သည်။ သူမ ကိုယ်ထဲတွင် စီးဆင်းနေသည့် ရှားမျိုးနွယ်၏ တန်ခိုးစွမ်းအားများကို သာမက သူမ၏ ဝိညာဉ်ထဲတွင် ဖြစ်ပေါ်လာသည့် မဟာလမ်းစဉ်၏ ဝိညာဉ်စွမ်းအားများကို နားလည်လာခြင်း ဖြစ်လေသည်။
ဆန်းလျန်၏ သင်ပြပေးမှုကြောင့်သာ မဟုတ်ခဲ့လျှင် သူမသည် ထိုသို့ နားလည် သဘောပေါက်မိလိမ့်မည် မဟုတ်ပေ။
သူမသည် ရှားမျိုးနွယ်တို့၏ တန်ခိုး စွမ်းအားများကို ပိုင်ဆိုင်လေသည်။ ထို့အတူ ထိုတန်ခိုး စွမ်းအားများသည် သူမကို ချည်နှောင်ပြီးသား ဖြစ်နေလေသည်။ ထိုချည်နှောင်မှုကို ပယ်ဖျက် ပစ်ရန်မှာ သူမ၏ ဝိညာဉ်စွမ်းအား နိုးထမှုပင် ဖြစ်လေသည်။
ဆန်းလျန်က သူမကို အသက်ရှူရန် သင်ပြပေးသည်။ ပန်းပုထုရန် သင်ပြပေးသည်။ ထိုပညာရပ် နှစ်ခုသည် တာအို ကျင့်စဉ်လမ်းတွင် အရေးပါပြီး ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးသည့် ပညာရပ်များပင် ဖြစ်လေသည်။ ဝိညာဉ် စွမ်းအား မြင့်မားလာသည်နှင့် အမျှ သွေးက သန့်စင်လာမည်။ နှလုံးသား သေဆုံးသွားသည့်တိုင် ဝိညာဉ်က အသက်ရှင် ကျန်ရစ်မည်။
"ဒါတွေအားလုံး ဆရာ့ကျေးဇူးကြောင့်ပါ"
လေ့ကျင်းက ပြောလိုက်လေသည်။
"မင်းအနားယူချင်ရင် ယူလိုက်ဦးလေ"
ဆန်းလျန်က နူးညံ့စွာ ပြောလိုက်သည်။
လေ့ကျင်းက မျက်တောင်တစ်ချက် ခတ်လိုက်ပြီး သူမ၏ မျက်ဝန်းများက လှပစွာ တလက်လက် တောက်ပနေလေ သည်။
"ဟင့်အင်း … တစ်ခါမှ ဒီလောက် လန်းဆန်းနေတာမျိုး ဘဝမှာ မခံစားခဲ့ဖူးဘူး"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဒါဖြင့် ပန်းပုစပြီး ထုကြရအောင်"
"ကောင်းပြီ"
လေ့ကျင်းသည် သူမသိမ်းထားသည့် သစ်သား ဓားသုံးလက်ကို ထုတ်လာလေသည်။ ပထမဆုံး သူမက အသက်ဓာတ် စွမ်းအား အနည်းဆုံး ဓားကို ရွေးချယ် လိုက်လေသည်။ ထို့နောက် ကျောက်တုံးထိပ်ဖျားမှ အောက်ခြေအထိ စတင် ထွင်းထုလေသည်။
ခွန်ဝူကျောက်တုံးသည် အလွန်မှ မာကျောသည့်တိုင် သစ်သားဓားနှင့် ထိမိသည်နှင့် ချက်ချင်းပင် ပျော့ပျောင်း သွားရလေသည်။
ကျောက်သားအလွှာများ တဖြည်းဖြည်းကွာကျသွားပြီး ခြေထောက် တစ်စုံ၏ ပုံသဏ္ဌာန် ပေါ်ထွက်လာလေသည်။
ခန္ဓာကိုယ်အောက်ပိုင်းကို ထွင်းထုပြီးသည်နှင့် လေ့ကျင်းလက်ထဲမှ သစ်သားဓားသည် နှစ်ပိုင်း ကျိုးသွားတော့သည်။
လေ့ကျင်း ထုလုပ်ထားသည့် လူ၏ ခန္ဓာကိုယ် တစ်ဝက်သည် ထူးဆန်းသည့် မှော်စွမ်းအားများနှင့် ပြည့်နှက်နေသည့် အလား၊ နတ်ဆိုးတစ်ပါးက ကိုယ်ထင်ပြသည့် အလား လူသားများကို ကျောရိုးထဲထိ စိမ့်သွားစေလောက်အောင် အသက်ဝင်လွန်းလေသည်။
သစ်သားဓားနှစ်ပိုင်းကျိုးသွားသည်ကို လေ့ကျင်းက အရေးပင်မလုပ်ပါ။
လေ့ကျင်းက ဒုတိယသစ်သားဓားကို ထုတ်ယူလိုက်ပြီး ခန္ဓာကိုယ်ပိုင်းကို ဆက်လက် ထွင်းထုလေသည်။ ယခုတစ်ကြိမ်တွင်တော့ သူမသည် ယခင်တစ်ကြိမ်ကထက် နှေးကွေးစွာ ထွင်းထုလေသည်။ သို့သော် လေ့ကျင်းသည် ပေါ့ပေါ့ပါးပါးပင် ထွင်းထုတ်နေခြင်း ဖြစ်လေသည်။ ကျောက်မှုံများနှင့် ကျောက်သားလွှာများသည် ကြမ်းပြင်ထက်သို့ ကွာကျကုန်ပြီး ထူးခြား ထင်ရှားသည့် ခန္ဓာကိုယ်ပုံ သဏ္ဌာန်တစ်ခု အပီအပြင် ထွက်ပေါ် လာလေ တော့သည်။
ပန်းပုရုပ်တုတွင် ခေါင်းမပါသေးသည့်တိုင် ကြီးကျယ် ခမ်းနားမှု တစ်ခုကို တွေ့မြင်ရလေသည်။
ခန္ဓာကိုယ်ပိုင်း ထွင်းထုပြီးသည်နှင့် ဒုတိယသစ်သား ဓားသည်လည်း နှစ်ပိုင်း ကျိုးသွားခဲ့လေသည်။ ထိုအခါ လေ့ကျင်းက တတိယ သစ်သားဓားကို အသုံးပြုကာ မျက်နှာပိုင်းကို ဆက်လက် ပန်းပု ထွင်းထုလေသည်။ သူမ၏ နဖူးထက်မှ ချွေးများပင်ကျနေပြီး သူမသည် ချွေးများကိုပင် သုတ်ပစ်ရန် အချိန်မရပေ။
သူမသည် ဦးရီးတော်ဖြစ်သူ၏ ရုပ်ဆင်းသဏ္ဌာန်ကို သေသေချာချာ ထွင်းထု နေခဲ့လေသည်။
ပန်းပုထုရာတွင် အသုံးပြုခဲ့သည့် သူမ၏ခွန်အားသည် ကွက်တိ မှန်ကန်နေလေသည်။ ပိုလည်းမပို လိုလည်းမလိုပေ။
နေက်ဆုံးတွင်တော့ တာ့ရှားဧကရာဇ်၏ ရုပ်ပုံ တစ်ခုလုံးမှာ ပန်းပုထုပြီးသွားပြီ ဖြစ်လေသည်။ လေ့ကျင်း၏လက်ထဲ တွင် တတိယမြောက် သစ်သားဓားလေးကို ကိုင်ထားလေသည်။ ထိုဓားလေသည် ပန်းပုရုပ်တုပြီးသွားသည့်တိုင် နှစ်ပိုင်းကျိုးသွားခဲ့ခြင်း မရှိပေ။
သို့သော် တာ့ရှားဧကရာဇ်၏ ရုပ်တုတွင် မျက်လုံးနှစ်လုံးကိုတော့ ထည့်သွင်း ထွင်းထုထားခြင်း မရှိပေ။ လေ့ကျင်း သည် သူမ၏ ပန်းပုလက်ရာကို ကြည့်ပြီး ပီတိ ဖြစ်နေလေသည်။
မျက်လုံးများသာ ထည့်သွင်း ထွင်းထုထားမည် ဆိုလျှင် အလွန်မှ အသက်ဝင်သည့် ပန်းပုလက်ရာ တစ်ခု ဖြစ်လေမည်လားဟု သူမတွေးထင်ခဲ့မိသည်။
သို့သော် ပန်းပုရုပ်တုကို ထုလုပ်ပြီးသည့် အခါတွင်တော့ သူမ၏ဆရာသည် မျက်လုံးများကို ထွင်းထုခြင်း မပြုရန် ပြောခဲ့သည်ကို နားလည် သဘောပေါက် သွားရလေသည်။ အဘယ်ကြောင့် ဆိုသော် သူမသာ မျက်လုံးများကို ထည့်သွင်း ထွင်းထုလိုက်မည် ဆိုပါက သူမ အကောင်းဆုံး ကြိုးစားခဲ့သည့် ပြီးပြည့်စုံ အသက်ဝင်နေသည့် ပန်းပုရုပ်တု သည်ကျိန်းသေ ပျက်စီးသွားရမည် ဖြစ်လေသည်။
***