← Chapters

အပြတ်အသတ် ချေမှုန်းခြင်း

Vol. 13 Ch. 121

အပြတ်အသတ် ချေမှုန်းခြင်း

Vol. 13 Ch. 121

မွန်းလွဲပိုင်း၌…

လဲ့ချိုင်ဝေးသည် ရွှီနင်အား နွေဦးလခြံဝင်း၏ အခန်းအမှတ် ၆ သို့ ခေါ်ဆောင်သွားလေသည်။

နွေဦးလခြံဝင်း၏ ပထမဆုံး အခန်းဆယ်ခန်းတွင် နေထိုင်သူများမှာ နာမည်ကျော်ကြားသော အတွင်းစည်းဂိုဏ်းသားများ ဖြစ်ကြသည်။

နွေဦးလခြံဝင်း၏ အခန်း ၆ သည် လက်သီးခုနစ်ဖော်အဖွဲ့၏ ခေါင်းဆောင် ရှောင်းချီယွင်၏ နေအိမ်ဖြစ်သည်။

သို့သော် သူသည် တစ်နှစ်ပတ်လုံး ခရီးထွက်နေလေ့ရှိသဖြင့် အခန်းအမှတ် ၆ သည် လက်သီးခုနစ်ဖော်တို့၏ စုရပ်ဖြစ်လာခဲ့သည်။

“ဒီနေ့ အစည်းအဝေးကို တက်ရောက်မယ့်သူတွေက အဆင့် ၄ နဲ့ အဆင့် ၃ က အလယ်အလတ်နဲ့ အဆင့်မြင့်အဖွဲ့ဝင်တွေချည်းပဲ”

လဲ့ချိုင်ဝေးက ရွှီနင်ကို ပြောပြသည်။

ယခင်က လဲ့ချိုင်ဝေးသည် ရွှီနင်အား လက်သီးခုနစ်ဖော်အဖွဲ့၏ အခြေအနေကို ပြောပြဖူးသည်။

လက်သီးခုနစ်ဖော်အဖွဲ့တွင် ရှောင်းချီယွင်က အဆင့် ၆ ၌ တစ်ဦးတည်းရှိပြီး အဆင့် ၅ တွင် လေးဦးရှိသည်။ လဲ့ချိုင်ဝေးမှာ အဆင့် ၄ တွင် ရှိသဖြင့် အဖွဲ့ထဲ၌ အတော်အသင့် နေရာတစ်နေရာ ရထားသူဖြစ်သည်။

သူမသည် ဟင်းလင်းပြင်နယ်ပယ်သို့ မရောက်သေးသော်လည်း မြို့ပြရှိ မိသားစုကြီးတစ်ခုတွင် မွေးဖွားလာသူဖြစ်ပြီး နောက်ခံမိသားစုမှာ အရင်းအမြစ်ပေါကြွယ်ဝသဖြင့် လက်သီးခုနစ်ဖော်အဖွဲ့ထဲတွင် သြဇာအာဏာ ကြီးမားလေသည်။

“ရှင့်ကို အဆင့် ၃ ဝင်ဖို့ ကျွန်မ တိုက်ရိုက်ထောက်ခံပေးမယ်”

လဲ့ချိုင်ဝေးက ပြောလိုက်သည်။ “အကုန်အဆင်ပြေနေရင် ကောယွဲ့ချွင် ဆိုတဲ့တစ်ယောက်က နည်းမျိုးစုံနဲ့ တားဆီးလိမ့်မယ်၊ အဲဒါကြောင့် စိတ်ကိုပြင်ဆင်ထားပါ”

“သဘောပေါက်ပါပြီ”

ရွှီနင်က သိပ်အံ့သြပုံမရပေ။

အုပ်စုများ၏ အတွင်းပိုင်း၌ ပြိုင်ဆိုင်မှုများမှာ မထူးဆန်းလှပေ။

လဲ့ချိုင်ဝေးသည် ရွှီနင်ကို နွေဦးလခြံဝင်း အခန်း ၆ သို့ ခေါ်သွားသည်။

အခန်း၏ ပထမထပ်တွင် လူများစွာ ရောက်ရှိနေကြပြီဖြစ်သည်။

သူတို့သည် ရွှီနင်ဘေးတွင် ရပ်နေသော လဲ့ချိုင်ဝေးကို ကြည့်လိုက်ကြသည်။

‘ဒီနေရာမှာ ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင် အနည်းဆုံး သုံးလေးယောက်လောက် ရှိတာပဲ’

ရွှီနင်သည် လူအချို့ထံမှ ဖိအားကို ခံစားလိုက်ရသည်။

“ယွဲ့လန်ဂိုဏ်းက တကယ် စွမ်းအားကြီးတာပဲ။ ဒါက အတွင်းစည်းရဲ့ အုပ်စုငယ်လေးပဲ ရှိသေးတာ၊ ဟင်းလင်းပြင်နယ်ပယ် ပညာရှင်တွေ ဒီလောက်များနေပြီ”

ရွှီနင်သည် ယွဲ့လန်ဂိုဏ်း၏ အင်အားကို အထင်ကြီးသွားမိသည်။

ပြင်ပလောကတွင် ဟင်းလင်းပြင်နယ်ပယ် ပညာရှင်တစ်ဦးသည် အလွန်အစွမ်းထက်သူ ဖြစ်သည်။

ထို့အပြင် ဤနေရာရှိ ဟင်းလင်းပြင်နယ်ပယ် ပညာရှင်များမှာ လူငယ်များ ဖြစ်ကြသည်။

ဟင်းလင်းပြင်နယ်ပယ် ရောက်ပြီးနောက် အိုမင်းမှုနှုန်း များစွာ နှေးကွေးသွားသော်လည်း သူတို့၏ ရုပ်ရည်သွင်ပြင်များက တက်ကြွလန်းဆန်းနေဆဲ ဖြစ်သည်။

“ချိုင်ဝေး... ဒါ နင်ခေါ်လာတဲ့ လူသစ်လား”

တစ်စုံတစ်ယောက်က လဲ့ချိုင်ဝေးကို မေးလိုက်သည်။

“ဟုတ်တယ်”

လဲ့ချိုင်ဝေး ပြန်ဖြေလိုက်သည်။

ရွှီနင်က ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။

မကြာမီ အစည်းအဝေးတက်ရောက်မည့်သူများ စုံလင်သွားသည်။

နောက်ဆုံး ဝင်လာသူမှာ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်ပြီး မိတ်ကပ်ထူထူ လိမ်းထားသော အမျိုးသမီးငယ်တစ်ဦး ဖြစ်သည်။

သူမ ဝင်လာပြီးနောက် အဆင့် ၄ မှ လူများကို နှုတ်ဆက်သော်လည်း လဲ့ချိုင်ဝေးကို ကျော်သွားလေသည်။

သူမ၏အကြည့်က ရွှီနင်နှင့် ဆုံမိသောအခါ တစ်ချက်သာ ကြည့်ပြီး လှည့်သွားသည်။

သူမသည် လဲ့ချိုင်ဝေး၏ ပြိုင်ဘက် ကောယွဲ့ချွင် ဖြစ်လောက်သည်ဟု ရွှီနင် ခန့်မှန်းလိုက်သည်။

“လူစုံပြီ မဟုတ်လား”

ရှေ့ဆုံးတွင် ထိုင်နေသူမှာ ရုပ်ရည်သန့်ပြန့်ပြီး ခန့်ညားသော လူငယ်တစ်ဦး ဖြစ်သည်။

ထိုသူ၏နာမည်မှာ နင်ရွှင် ဖြစ်ပြီး အဆင့် ၄ တွင် အသန်မာဆုံးနှင့် ဩဇာအရှိဆုံးသူ ဖြစ်သည်။

“ကဲ... ဒီနေ့ အစည်းအဝေးကို စလိုက်ကြစို့”

သူက ရွှီနင်ကို တစ်ချက်ကြည့်ပြီး စကားစပြောလိုက်သည်။

ရွှီနင်သည် လဲ့ချိုင်ဝေးဘေးတွင် ဝင်ထိုင်လိုက်သည်။

အစည်းအဝေး အကြောင်းအရာများမှာ ဂိုဏ်းကိစ္စနှင့် လက်သီးခုနစ်ဖော်အဖွဲ့ ကိစ္စများသာ ဖြစ်သည်။

ရွှီနင် နားမလည်လှသဖြင့် နားထောင်သူအဖြစ်သာ နေလိုက်သည်။

နာရီဝက်ခန့်အကြာတွင် အစည်းအဝေး ပြီးဆုံးသွားသည်။

နင်ရွှင်က နိဂုံးချုပ်စကားပြောပြီးနောက် လဲ့ချိုင်ဝေးကို ကြည့်ကာ “ချိုင်ဝေး... ဒီနေ့ လူသစ်ကို ထောက်ခံပေးမလို့လား” ဟု မေးလိုက်သည်။

“ဟုတ်ပါတယ် အစ်ကိုနင်”

လဲ့ချိုင်ဝေး မတ်တတ်ရပ်လိုက်ကာ ပတ်ဝန်းကျင်ကို ကြည့်ပြီး ပြောလိုက်သည်။ “သူ့နာမည်က ရွှီနင်ပါ၊ မနေ့ကမှ ဝင်လာတဲ့ အတွင်းစည်းဂိုဏ်းသားပါ၊ သူ့ကို အဆင့် ၃ ဝင်ဖို့ ထောက်ခံချင်ပါတယ်”

‘အဆင့် ၃ ဟုတ်လား’

လဲ့ချိုင်ဝေး ပြောလိုက်သည်နှင့် ရှိနေသူအားလုံးမှာ အနည်းငယ် အံ့သြသွားကြသည်။

အားလုံးက ရွှီနင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြသည်။

လက်သီးခုနစ်ဖော်အဖွဲ့တွင် လူသစ်တစ်ယောက်မှာ အဆင့် ၃ မှ စတင်သည်မှာ ရှားပါးလှသည်။

“လဲ့ချိုင်ဝေး... နင် နောက်နေတာလား”

ကောယွဲ့ချွင်က ခြေချိတ်ထိုင်ကာ ကုလားထိုင်နောက်သို့ မှီချလိုက်သည်။ “သူက ဂိုဏ်းသားသစ်တစ်ယောက်ပဲ ရှိသေးတာ၊ အဖွဲ့အတွက် ဘာမှ လုပ်ပေးထားတာ မရှိသေးဘဲနဲ့ ဘာလို့ အဆင့် ၃ ဝင်ရမှာလဲ”

“သူ့အဆင့်က ဝိညာဉ်နိုးထခြင်းနယ်ပယ် အဆင့်ပဲ ရှိသေးတယ်ဆိုတာ ငါမြင်တယ်။ ဒီအဖွဲ့မှာ ဝိညာဉ်နိုးထခြင်းနယ်ပယ်ကို ရောက်နေတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ နင်သိလား။ တချို့ဆို အဆင့် ၂ နဲ့ ၁ မှာပဲ ရှိနေသေးတာ။ သူက ဘာထူးခြားလို့ အဆင့် ၃ နေရာ ရရမှာလဲ”

“လဲ့ချိုင်ဝေး... ဒါ နင်ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူး”

ကောယွဲ့ချွင်က အထင်သေးစွာ ပြောလိုက်သည်။

လဲ့ချိုင်ဝေး မျက်လုံးများ အေးစက်သွားသည်။ “အဆင့် ၄ တစ်ယောက်အနေနဲ့ ငါ့မှာ နှစ်တိုင်း အထူးထောက်ခံခွင့် တစ်နေရာ ရှိတယ်။ ဒီနှစ် အဲဒီနေရာကို ရွှီနင်အတွက် သုံးမယ်”

နှစ်ယောက်သား ထိပ်တိုက်တွေ့နေကြသည်။

ရွှီနင်ကတော့ ဘေးတွင် တည်ငြိမ်သော အမူအရာဖြင့် ထိုင်နေသည်။

သူက အငြင်းပွားမှုအလယ်တွင် ရောက်နေသော်လည်း ဂရုစိုက်ပုံမရပေ။

“အထူးထောက်ခံခွင့်ဆိုတာ အဲဒီလူရဲ့ အရည်အချင်းပေါ် မူတည်တယ်ဆိုတာ နင်သိသင့်တယ်”

ကောယွဲ့ချွင်က မဲ့ပြုံးပြုံးလိုက်သည်။ “သူက ဘာထူးခြားတာ လုပ်ထားလို့လဲ၊ ဒါမှမဟုတ် သူ့ခွန်အားက တခြားသူတွေထက် အများကြီး သာလွန်နေလို့လား”

“တခြားစကားနဲ့ပြောရရင် သူက ဘက်ပေါင်းစုံမှာ ဘာမှ မထူးခြားဘူးဆိုရင် သူက မိသားစုကြီးက ဆင်းသက်လာလို့လား”

ကောယွဲ့ချွင် ပြောလိုက်သောအခါ လဲ့ချိုင်ဝေး၏ မျက်နှာ ရုတ်တရက် အေးစက်သွားသည်။

ကောယွဲ့ချွင်က သူမကို လူကြားထဲ အရှက်ခွဲခြင်းပင်။

“ယွဲ့ချွင်”

နင်ရွှင် သူမကို ကြည့်လိုက်သည်။ “တော်လိုက်တော့”

ကောယွဲ့ချွင်က ထိုစကားကို ကြားသောအခါ ခေတ္တမျှ ရပ်တန့်သွားသော်လည်း “ဒီလူကို အဆင့် ၃ ပေးဖို့ ကျွန်မ သဘောမတူနိုင်ဘူး” ဟု ပြောလိုက်သေးသည်။

“မင်းတို့ရော ဘယ်လိုမြင်လဲ”

နင်ရွှင်က အဆင့် ၄ မှ လူတစ်ဒါဇင်ကျော်၏ မျက်နှာများကို ကြည့်လိုက်သည်။

“ကျွန်တော်ကတော့ အဆင်ပြေပါတယ်”

“ကျွန်တော် သဘောမတူဘူး၊ သူ့ခွန်အားက အရမ်းနည်းလွန်းတယ်”

“…”

အဆင့် ၄ အဖွဲ့ဝင်များက သူတို့၏ သဘောထားများကို စတင် ပြောပြကြသည်။

သဘောတူသူ အများစုမှာ လဲ့ချိုင်ဝေးနှင့် ရင်းနှီးသူများဖြစ်ပြီး သဘောမတူသူများမှာ ကောယွဲ့ချွင်ဘက်မှ ဖြစ်ကြသည်။

ရွှီနင်က တိတ်တဆိတ် စောင့်ကြည့်နေသည်။

ဤအဖြစ်အပျက်ကြောင့် ရွှီနင်သည် ဤနေရာရှိ လူမှုဆက်ဆံရေး အခြေအနေအချို့ကို သဘောပေါက်လာသည်။

“ကောင်းပြီ”

နင်ရွှင်က လူအုပ်ကို ချက်ချင်း တားလိုက်သည်။

“ရွှီနင် အဆင့် ၃ ဖြစ်မဖြစ် ငါဆုံးဖြတ်မယ်”

နင်ရွှင်က ဆက်ပြောသည်။ “သာမန်အားဖြင့် အကျိုးပြုမှုမရှိသေးတဲ့ ဝိညာဉ်နိုးထခြင်းနယ်ပယ် လူသစ်က အဆင့် ၂ ပဲ။ ဒါပေမဲ့ ဒီနှစ် ရွှီနင်က ချိုင်ဝေးရဲ့ ထောက်ခံချက် ရထားတော့ စည်းကမ်းလျှော့ပေးမယ်”

“ရွှီနင်ရဲ့ ခွန်အားက အဆင့် ၃ စံနှုန်းနဲ့ ကိုက်ညီတယ်ဆိုတာ အတည်ပြုနိုင်ရင် သူ့ကို အဆင့် ၃ အဖြစ် ငါခွင့်ပြုမယ်၊ တရားမျှတတယ်မလား”

နင်ရွှင် ပြောပြီးသည်နှင့် လူအုပ်ကြီး တိတ်ဆိတ်သွားသည်။

ထို့နောက် အားလုံးက သဘောတူလိုက်ကြသည်။

ကောယွဲ့ချွင်မှာ သိသိသာသာ မကျေနပ်သော်လည်း နင်ရွှင်ကို တိုက်ရိုက်မငြင်းဆန်နိုင်ပေ။

နင်ရွှင်သည် အဆင့် ၄ တွင် တစ်ဦးတည်းသော ဟင်းလင်းပြင်နယ်ပယ် ဒုတိယအဆင့်ဖြစ်ပြီး လက်သီးခုနစ်ဖော်အဖွဲ့အတွက် ကြီးမားသော အကျိုးပြုမှုများ လုပ်ဆောင်ထားသူ ဖြစ်သည်။ သူ၏အနာဂတ်မှာ တောက်ပလျက်ရှိနေသည်။

“ရွှီနင်... မင်းမှာ သဘောမတူစရာ ရှိလား”

နင်ရွှင်က ရွှီနင်ကို ကြည့်လိုက်သည်။

“မရှိပါဘူး”

ရွှီနင် မတ်တတ်ရပ်လိုက်သည်။

နင်ရွှင်၏ ဝိညာဉ်နိုးထခြင်းနယ်ပယ် လိုအပ်ချက်မှာ ရွှီနင်အတွက် အသေးအဖွဲပင်။

ဒီရေလက်သီး တတိယအဆင့်နှင့် အရိုးမီးလျှံသမထကျင့်စဉ် တတိယအဆင့်တို့ ပေါင်းစပ်လိုက်လျှင် ရွှီနင်သည် ဟင်းလင်းပြင်နယ်ပယ်အဆင့်တစ်ပိုင်း သားရဲကိုပင် ဖိနှိပ်နိုင်စွမ်း ရှိသည်။

“ရွှီနင်ကို ယှဉ်ပြိုင်မယ့် ဝိညာဉ်နိုးထခြင်းနယ်ပယ် ပညာရှင် ရှိလား”

နင်ရွှင်က လူတိုင်းကို မေးလိုက်သည်။

ကောယွဲ့ချွင်က ထိုစကားကို ကြားသောအခါ အဆင့် ၄ မှ တစ်ယောက်ကို လှည့်ကြည့်လိုက်သည်။

ထိုသူမှာ အရပ်ရှည်ပြီး ရုပ်ဆိုးကာ ရန်လိုသော မျက်နှာထား ရှိသူဖြစ်သည်။

ကောယွဲ့ချွင်က ထိုလူကို မျက်ရိပ်ပြလိုက်သည်။

ကောယွဲ့ချွင် သူ့ကို ကြည့်နေသည်ကို မြင်သောအခါ ထိုလူသည် ဝမ်းသာအားရ ဖြစ်သွားပြီး ချက်ချင်း ထရပ်လိုက်သည်။

“ကျွန်တော် စမ်းသပ်ပါရစေ”

ထိုလူက ရွှီနင်ကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။

လဲ့ချိုင်ဝေး မျက်ခုံးပင့်သွားသည်။

ရှန်ချုံးလွင်။

ဤလူသည် ကောယွဲ့ချွင်ကို တစ်ဖက်သတ် ကြိုက်နေသူဖြစ်သည်။

ကောယွဲ့ချွင်တစ်ယောက် ဟင်းလင်းပြင်နယ်ပယ်သို့ မရောက်ခင်ကတည်းက ရှန်ချုံးလွင်သည် ကောယွဲ့ချွင်နောက်သို့ လိုက်နေခဲ့သူ ဖြစ်သည်။

ယခု ကောယွဲ့ချွင်က ဟင်းလင်းပြင်နယ်ပယ်သို့ ရောက်ရှိသွားပြီဖြစ်ရာ ကောယွဲ့ချွင်အပေါ်ထားရှိသော ရှန်ချုံးလွင်၏ သဘောထားမှာ ပိုမိုနှိမ့်ချပြီး နာခံတတ်လာသည်။

လဲ့ချိုင်ဝေးမှာ သူ့ကို အလွန်အထင်သေးသော်လည်း ရှန်ချုံးလွင်သည် သန်မာကြောင်း သူမ ဝန်ခံရပေမည်။

သို့သော် ရွှီနင်နှင့် ယှဉ်လျှင်...

လဲ့ချိုင်ဝေး မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြည်းညင်းစွာ ပေါ်လာသည်။

ရှန်ချုံးလွင်က သန်မာသည်။ သူသည် လက်သီးပညာကို ဒုတိယအဆင့်ထိ ကျင့်ကြံထားပြီး လဲ့ချိုင်ဝေးထက် များစွာ သာလွန်သည်။

သို့သော် သူသည် ရွှီနင်၏ ဒီရေလက်သီးနှင့် ယှဉ်လျှင် ပြိုင်ဘက် မဟုတ်ပေ။

“ဘာလဲဟ”

ကောယွဲ့ချွင်က လဲ့ချိုင်ဝေး၏ အပြုံးကို မြင်လိုက်သည်။

‘ဒါ ဖြစ်နိုင်ပါ့မလား...’

ကောယွဲ့ချွင်၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

“ချုံးလွင်”

ကောယွဲ့ချွင် ရုတ်တရက် ပြောလိုက်သည်။ “အကောင်းဆုံး လုပ်ပြနော်”

ရှန်ချုံးလွင် သွားပေါ်အောင် ပြုံးလိုက်သည်။

“စိတ်ချပါ”

ရှန်ချုံးလွင်က ကောယွဲ့ချွင်ကို ခေါင်းညိမ့်ပြလိုက်သည်။

ကောယွဲ့ချွင်မှ ပြန်ပြုံးပြလိုက်သည်။

“ရွှီနင် ဟုတ်လား၊ လာစမ်း... မင်းကို ငါစမ်းသပ်ပေးမယ်”

ရှန်ချုံးလွင်က အစွမ်းကုန်ထုတ်သုံးရန် အဆင်သင့် ဖြစ်နေသည်။

ရွှီနင်သည် သူ့ပြိုင်ဘက်ဖြစ်ရန် မထိုက်တန်ဟု သူထင်သည်။

ဝိညာဉ်နိုးထခြင်းနယ်ပယ်တွင် ရှိနေစဉ် ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ်အား ဒုတိယအဆင့်ရာက်သည်အထိ ကျင့်ကြံနိုင်သူမှာ ရှားပါးလှသည်။

ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ်အပေါ် အချိန်အများကြီး မပေးခဲ့ရလျှင် သူသည် ဟင်းလင်းပြင်နယ်ပယ်သို့ ရောက်နေလောက်ပြီ ဖြစ်သည်။

ဤသို့သော ယုံကြည်မှုလွန်ကဲခြင်းက ရှန်ချုံးလွင်အား သေချာပေါက် နိုင်မည်ဟု ခံစားရစေသည်။

“အကြံဉာဏ် ပေးပါဦး”

ရွှီနင် ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။

ရှိနေသူအားလုံးမှာ သူတို့နှစ်ဦးအတွက် နေရာဖယ်ပေးလိုက်ကြသည်။

ရွှီနင်သည် အဆင်သင့် ပြင်ဆင်ပြီး လဲ့ချိုင်ဝေးကို တစ်ချက် ကြည့်လိုက်သည်။

လဲ့ချိုင်ဝေးက ရွှီနင်၏ အကြည့်ကို မြင်သောအခါ ပြန်ကြည့်လိုက်သည်။

ရွှီနင်သည် လဲ့ချိုင်ဝေးက သူ့ကို အစွမ်းကုန် ထုတ်သုံးစေလိုမှန်း သိလိုက်သည်။

‘ငါ့ရဲ့ အရိုးမီးလျှံသမထကျင့်စဉ် တတိယအဆင့် ရောက်ပြီးကတည်းက ခန္ဓာကိုယ်ခွန်အားတွေ ပြန်တိုးတက်လာခဲ့တယ်။ အခုလောလောဆယ် သာမန်လူသားနယ်ပယ်မှာပဲ ရှိနေသေးပေမယ့် ဒီရေလက်သီး တတိယအဆင့်နဲ့ ပေါင်းစပ်လိုက်ရင် ငါ့ရဲ့ စုစုပေါင်းအင်အားက အရင်ကထက် အဆမတန် သာလွန်နေပြီ’

ရွှီနင်သည် သူ၏ အစွမ်းအစအား အပြည့်အဝ ထုတ်ပြရန် စိတ်အားထက်သန်နေသည်။

“လာစမ်း”

ရှန်ချုံးလွင် အော်ဟစ်လိုက်သည်။

ရွှီနင် ဆက်မစောင့်တော့ပေ။

ရွှီနင်သည် အတွင်းချီကို ထုတ်လွှတ်လိုက်သည်။

သူ့အတွင်းချီများသည် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများကြား စီးဆင်းသွားပြီး စွမ်းအားအဖြစ် ပြောင်းလဲသွားကာ ပူတလှည့်၊ အေးတလှည့်ဖြင့် ရောယှက်လျက်ရှိသည်။

သူ၏ ‘မီး’ နှင့် ‘ရေ’ သဘာဝရှိသော ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ် နှစ်ခုသည် တဖြည်းဖြည်းနှင့် ‘သဘာဝ’ စွမ်းအင်အဖြစ် ကူးပြောင်းသွားလေသည်။

ရွှီနင်သည် သူ့ခန္ဓာကိုယ် ဖောင်းပွလာသလို ခံစားလိုက်ရသည်။

ချီနှင့် အားအင်အားလုံးသည် သူ့လက်သီးတွင် စုစည်းသွားသည်။

“ဟား...”

ရွှီနင်သည် အော်ဟစ်ကာ ရှေ့သို့ ပြေးဝင်သွားသည်။

ပြင်းထန်သော အရှိန်အဝါတစ်ခုသည် ရွှီနင်ထံမှ ထွက်ပေါ်လာသည်။

သူ လက်သီးကို ဆုပ်ကိုင်လိုက်ပြီး ထိုးနှက်ရန် ပြင်လိုက်သည်။

ရွှီနင်သည် လေးဆအင်အားပါသော လက်သီးချက်ကို ပစ်သွင်းလိုက်သည်!

‘မကောင်းတော့ဘူး’

ယခင်က ရှန်ချုံးလွင်မှာ ပေါ့ပါးအေးဆေးနေသည်။

သို့သော် ရွှီနင် လက်သီးပစ်သွင်းလိုက်ချိန်တွင် ဝိညာဉ်နိုးထခြင်းနယ်ပယ် ပညာရှင်တစ်ဦး၏ အာရုံခံစားမှုကြောင့် သူသည် ရုတ်တရက် ကြောက်ရွံ့သွားမိသည်။

သူ့ကျောပြင်တွင် ချွေးများ စိုရွှဲလာသည်။

ရှန်ချုံးလွင်သည် ဤလက်သီးချက်ကို မသိစိတ်အရ ရှောင်တိမ်းချင်သွားသည်။

သို့သော် ရွှီနင်၏ အမြန်နှုန်းမှာ မြန်ဆန်လွန်းလှသည်။

လက်သီးချက်သည် အလင်းတန်းတစ်ခုအလား ရှန်ချုံးလွင်၏ မျက်နှာရှေ့သို့ ရောက်လာသည်။

ရှန်ချုံးလွင်မှာ ထိပ်တိုက်ရင်ဆိုင်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။

သူသည်လည်း သူ၏ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ်ကို သုံး၍ ရွှီနင်၏လက်သီးကို ပြန်လည် ထိုးနှက်လိုက်သည်။

ဝုန်း...

လက်သီးချင်း ထိပ်တိုက် တွေ့ဆုံသွားကြသည်။

ရှန်ချုံးလွင်၏ လက်မောင်းမှ အရိုးကျိုးသံ ထွက်ပေါ်လာသည်။ ထို့နောက် သူ့လက်မောင်းမှာ လိမ်ကောက်သွားတော့သည်။

ရှန်ချုံးလွင်၏ ခန္ဓာကိုယ်သည် ရွှီနင်၏ ကြီးမားသော အင်အားဖြင့် ရိုက်ခတ်ခံလိုက်ရသည်။

ရှန်ချုံးလွင်မှာ သွေးအန်လေတော့သည်။

ရွှီနင်၏ စွမ်းအားကြီးသော အင်အားသည် သူ့လက်မောင်းကို ချိုးလိုက်ရုံသာမက သူ့ခန္ဓာကိုယ်ထဲသို့ပါ ထိုးဖောက်ဝင်ရောက်သွားသည်။

ရှန်ချုံးလွင်၏ အတွင်းကလီစာများ ထိခိုက်သွားပြီး ဒဏ်ရာများ ရရှိသွားသည်။

“အမ်...”

ထိပ်ဆုံးတွင် ထိုင်နေသော နင်ရွှင်သည် ဤသို့ဖြစ်လာမည်ဟု လုံးဝ ထင်မထားခဲ့ပေ။

ရှန်ချုံးလွင် လေပေါ်လွင့်ထွက်သွားသည်ကို မြင်မှ သူ ချက်ချင်း တုံ့ပြန်လိုက်သည်။

သူသည် ပျံသန်းသွားပြီး ပြုတ်ကျလာသော ရှန်ချုံးလွင်ကို ဖမ်းကာထိန်းလိုက်သည်။

နင်ရွှင်သည် ရှန်ချုံးလွင်၏ အနောက်မှနေ၍ လက်ကောက်ဝတ်ကို လိမ်ချိုးကာ ရွှီနင်၏ ကျန်ရှိနေသော အင်အားများကို စုပ်ယူလိုက်ပြီးမှ ရှန်ချုံးလွင်ကို မြေကြီးပေါ် ချပေးလိုက်သည်။

ချက်ချင်းပင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ရှန်ချုံးလွင်မှာ သတိလစ်နေပြီ ဖြစ်သည်။

ဒဏ်ရာ ပြင်းထန်လွန်း၍ သော်လည်းကောင်း၊ ရှုံးနိမ့်မှုကို ဒေါသထွက်လွန်း၍ သော်လည်းကောင်း ဖြစ်နိုင်သည်။

“ရွှီနင်... လုပ်တာကောင်းတယ်”

လဲ့ချိုင်ဝေးမှာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင် ဖြစ်နေသည်။

ရွှီနင်၏ အစစ်အမှန်ခွန်အားကို သူမ သိထားသော်လည်း ရွှီနင်က ရှန်ချုံးလွင်ကို တစ်ချက်တည်းနှင့် အနိုင်ယူလိုက်လိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

ရွှီနင်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သူမ မြင်ဖူးသမျှ ဟင်းလင်းပြင်နယ်ပယ် ပညာရှင်များနှင့် အနီးစပ်ဆုံး ဖြစ်သည်။

“ရွှီနင်... နင်က ဂိုဏ်းတူအချင်းချင်း ဘယ်လိုလုပ် ထိခိုက်အောင်လုပ်တာလဲ”

ကောယွဲ့ချွင်သည် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး မျက်နှာထားမှာ ဆိုးရွားနေသည်။

သူမ၏ လေသံမှာ ရန်လိုနေလေသည်။

“အတွင်းစည်းအုပ်ချုပ်သူဆီ ငါ သွားတိုင်မယ်။ နင်က ဒီကို အခုမှ ရောက်တာလေ၊ ဂိုဏ်းတူအချင်းချင်းကို ဒဏ်ရာရအောင် လုပ်ရလား”

ကောယွဲ့ချွင်၏ မျက်နှာပေါ်တွင် အမုန်းတရားများ ပြည့်နှက်နေသည်။

ရွှီနင် အလွန်သန်မာနေသည့်အတွက်ရော၊ ရှန်ချုံးလွင် အလွန်အားနည်းသည့်အတွက်ပါ သူမ ဒေါသထွက်နေခြင်း ဖြစ်သည်။

ရှန်ချုံးလွင်က ဤတိုက်ပွဲတွင် သူမကို ကိုယ်စားပြုနေကြောင်း လူတိုင်း သိကြသည်။

ယခုအချိန်တွင် သူမမှာ အကြီးအကျယ် အရှက်ကွဲရချေပြီ။

“ကောယွဲ့ချွင်”

ရွှီနင် ဘာမှမပြောမီ နင်ရွှင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ရောင့်တက်မနေနဲ့”

“ရွှီနင်နဲ့ ရှန်ချုံးလွင် နှစ်ယောက်လုံးက ဝိညာဉ်နိုးထခြင်းနယ်ပယ်က ပညာရှင်တွေပဲ၊ အင်အားချင်း တူညီတယ်။ ဒါက တရားမျှတတဲ့ တိုက်ပွဲ မဟုတ်လို့လား”

ကောယွဲ့ချွင် ငြိမ်ကျသွားသည်။

သူမ ရွှီနင်ကို အရင်ကြည့်လိုက်ပြီးမှ လဲ့ချိုင်ဝေးကို စိုက်ကြည့်ကာ “စောင့်ကြည့်နေ” ဟု အေးစက်စွာ ပြောလိုက်သည်။

ထို့နောက် ကောယွဲ့ချွင်သည် ရှန်ချုံးလွင်ကိုပင် လှည့်မကြည့်ဘဲ အပြင်သို့ ထွက်သွားလေသည်။

ထိုအရာကိုမြင်သောအခါ နင်ရွှင်လည်း သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူသည် အဆင့် ၃ ဂိုဏ်းသားတစ်ဦးကို ကြည့်လိုက်သည်။

ထိုဂိုဏ်းသားသည် သတိလစ်နေသော ရှန်ချုံးလွင်ကို ဆေးကုသရန် သယ်ဆောင်သွားသည်။

နင်ရွှင်သည် နောက်ဆုံးတွင် လူတိုင်းရှေ့၌ ဆုံးဖြတ်ချက် ချလိုက်သည်။ “ကဲ... အခုဆိုရင် ရွှီနင်ရဲ့ အစွမ်းကို အားလုံး သိသွားကြပြီ။ ဒီနေ့ကစပြီး ရွှီနင်ဟာ လက်သီးခုနစ်ဖော်အဖွဲ့ရဲ့ အဆင့် ၃ အဖွဲ့ဝင် ဖြစ်သွားပြီ”

“ကျေးဇူးတင်ပါတယ် အစ်ကိုနင်”

ရွှီနင်က နင်ရွှင်ဘက်သို့လှည့်ကာ လက်သီးဆုပ် အရိုအသေပြုလိုက်သည်။

ခုနက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် ရွှီနင်သည် နင်ရွှင်အပေါ် အမြင်ကောင်းသွားသည်။

“ချိုင်ဝေး... မင်းရဲ့အမြင်က စူးရှသားပဲ”

နင်ရွှင်က လူတိုင်းရှေ့တွင် လဲ့ချိုင်ဝေးကို ချီးကျူးလိုက်သည်။

နင်ရွှင် လက်ကာပြလိုက်သည်။ “ဒီနေ့ အစည်းအဝေးကို ဒီမှာပဲ ရပ်လိုက်ကြစို့”

နင်ရွှင်၏ အမိန့်အရ အားလုံး စတင် ထွက်ခွာကြသည်။

သို့သော် မထွက်ခွာမီ လူတိုင်းသည် ရွှီနင်ကို ပြန်ကြည့်သွားကြသည်။

လက်သီးခုနစ်ဖော်အဖွဲ့သို့ နောက်ထပ် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာပြီဖြစ်ကြောင်း သူတို့ ကောင်းစွာ သိရှိလိုက်ကြသည်။

All Chapters