← Chapters

လျှို့ဝှက်ကျင့်စဉ်နှစ်ခု

Vol. 13 Ch. 122

လျှို့ဝှက်ကျင့်စဉ်နှစ်ခု

Vol. 13 Ch. 122

နွေဦးလခြံဝင်း အခန်း ၁၆၌…

“တော်ပြီ”

လဲ့ချိုင်ဝေးသည် ရွှီနင်နှင့် ယှဉ်ပြိုင်လေ့ကျင့်နေမှုကို ရပ်တန့်လိုက်လေသည်။

လဲ့ချိုင်ဝေး၏ အဝတ်အစားများမှာ ချွေးများဖြင့် ရွှဲနစ်နေပြန်ကာ အမောဖြေနေရရှာသည်။

ပင်ပန်းနွမ်းနယ်နေသော်လည်း လဲ့ချိုင်ဝေး၏ စိတ်အခြေအနေမှာ ကြည်လင်လန်းဆန်းနေသည်။

လွန်ခဲ့သော နှစ်ရက်အတွင်း ရွှီနင်နှင့် ယှဉ်ပြိုင်လေ့ကျင့်ခဲ့မှုကြောင့် သူမ၏ လက်သီးသိုင်းကွက်များမှာ များစွာ တိုးတက်လာခဲ့သည်။

ထို့အပြင် မနေ့က ရွှီနင်သည် သူမ၏ ပြိုင်ဘက် ကောယွဲ့ချွင်ကို လူအများရှေ့တွင် အရှက်ကွဲစေခဲ့သဖြင့် လဲ့ချိုင်ဝေးမှာ အလွန်ကျေနပ်အားရနေမိခြင်း ဖြစ်သည်။

“ဒါနဲ့ ရွှီနင်”

လဲ့ချိုင်ဝေးက ပြောလိုက်သည်။ “ဒီနေ့ညနေကစပြီး နောက်ရက်အနည်းငယ်လောက် ရှင်လာစရာ မလိုတော့ဘူး”

“ဘာလို့လဲ... မင်း အရမ်းပင်ပန်းနေလို့လား”

ရွှီနင်က မေးလိုက်သည်။

“မဟုတ်ပါဘူး”

လဲ့ချိုင်ဝေး ခေါင်းခါလိုက်သည်။ “လက်သီးခုနစ်ဖော်အဖွဲ့ရဲ့ စိတ်ဝိညာဉ်စမ်းရေတွင်းတစ်ခုက ဒီရက်ပိုင်း အားနေလို့လေ... ကျွန်မ အဲဒီအခွင့်အရေးကို အရယူပြီး ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်ကျင့်စဉ်ကို လေ့ကျင့်ရမယ်... ဟင်းလင်းပြင်နယ်ပယ်ကို အမြန်ဆုံးရောက်အောင် ကြိုးစားရမယ်”

စိတ်ဝိညာဉ်စမ်းရေတွင်းများသည် ယွဲ့လန်ဂိုဏ်း၏ တန်ဖိုးရှိသော အရင်းအမြစ်များထဲမှ တစ်ခုဖြစ်သည်။

အတွင်းစည်း၌ စိတ်ဝိညာဉ်စမ်းရေတွင်းများမှာ ရှားပါးလှပေသည်။ သာမန်ဂိုဏ်းသားများအနေဖြင့် လုံးဝအသုံးပြုခွင့် မရှိဘဲ အတွင်းစည်းမှ အင်အားကြီးအဖွဲ့အစည်းများကသာ ထိန်းချုပ်ထားလေ့ ရှိသည်။

စိတ်ဝိညာဉ်စမ်းရေတွင်း၌ လေ့ကျင့်ခြင်းသည် ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်ကျင့်စဉ်ကို ကျင့်ကြံရာတွင် အရှိန်အဟုန် မြင့်မားစေနိုင်သည်။

လက်သီးခုနစ်ဖော်အဖွဲ့အောက်တွင် စိတ်ဝိညာဉ်စမ်းရေတွင်း လေးခုရှိသည်။

သို့သော် ထိုစမ်းရေတွင်းလေးခုစလုံးကို လက်သီးခုနစ်ဖော်အဖွဲ့ရှိ ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်များကသာ အများအားဖြင့် ရယူထားတတ်ကြသည်။ သူတို့အောက်ရှိ ဂိုဏ်းသားများမှာ အသုံးပြုခွင့် လုံးဝနီးပါး မရှိပေ။

“ပုံမှန်ဆိုရင် စိတ်ဝိညာဉ်စမ်းရေတွင်းတွေကို ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တွေကပဲ ယူထားတာမလား... ဘယ်လိုလုပ်ပြီး အားနေရတာလဲ”

ရွှီနင် မေးလိုက်သည်။

မနေ့က အစည်းအဝေးတွင် အဆင့်ငါးရှိသော လက်သီးခုနစ်ဖော်အဖွဲ့ဝင်များမှာ တစ်ယောက်မျှ ပေါ်မလာခဲ့ကြပေ။ သူတို့အားလုံးသည် စိတ်ဝိညာဉ်စမ်းရေတွင်းများတွင် ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်ကျင့်စဉ်များအား လေ့ကျင့်နေကြသောကြောင့် ဖြစ်သည်။

ရွှီနင်သည် ယွဲ့လန်ဂိုဏ်းအကြောင်း အတော်များများ စတင်သိရှိလာခဲ့ပြီဖြစ်သည်။

“မနေ့ညကပဲ ခရီးထွက်နေတဲ့ ဂိုဏ်းတူအစ်ကိုကြီး ရှောင်းချီယွင် ပြန်ရောက်လာတယ်လေ”

လဲ့ချိုင်ဝေးက ရွှီနင်ကို ရှင်းပြလိုက်သည်။ “လက်သီးခုနစ်ဖော်အဖွဲ့ထဲက အဆင့်ငါးဝင်တဲ့ အဖွဲ့ဝင်လေးယောက်စလုံးကို သူခေါ်သွားလိုက်ပြီ... မိစ္ဆာနှိမ်နင်းရေး လေ့ကျင့်ခန်းက နောက်နှစ်လနေရင် ကျင်းပတော့မှာမို့လို့ ဂိုဏ်းတူအစ်ကိုကြီး ရှောင်းချီယွင်က ဟင်းလင်းပြင်နယ်ပယ် မိစ္ဆာသားရဲကို ဖမ်းဖို့ သူတို့ကို ခေါ်သွားတာလေ... ဒါကြောင့် အခုလောလောဆယ် စမ်းရေတွင်းတွေမှာ ဘယ်သူမှ မရှိကြဘူး”

“တကယ်တမ်းတော့ အဲဒီနေရာလွတ်က ကောယွဲ့ချွင် ရရမယ့်နေရာလေ... ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုကြီး နင်ရွှင်က ကျွန်မ ဟင်းလင်းပြင်နယ်ပယ်ရဲ့ တံခါးဝရောက်နေပြီး ရှေ့ဆက်မတိုးနိုင် ဖြစ်နေတာကို သိလို့ အဲဒီနေရာကို ကျွန်မဆီ ပေးလိုက်တာ”

လဲ့ချိုင်ဝေး ရှင်းပြပြီးနောက်တွင် ရွှီနင် နားလည်သွားတော့သည်။

အမှန်စင်စစ် ရွှီနင်သည်လည်း စွမ်းအင်စုပ်ယူနိုင်ခြင်း ရှိမရှိ စမ်းသပ်ရန်အတွက် ထိုစိတ်ဝိညာဉ်စမ်းရေတွင်းများကို သွားရောက်ကြည့်ရှုလိုစိတ် ရှိနေမိသည်။

သို့သော် နှမြောစရာကောင်းသည်မှာ သူသည် လက်သီးခုနစ်ဖော်အဖွဲ့သို့ ဝင်ရောက်ကာစသာ ရှိသေးသဖြင့် စမ်းရေတွင်းကို ထိတွေ့ခွင့် မရှိသေးပေ။

“ဒါဆိုရင်လည်း ကျွန်တော် ရက်နည်းနည်းလောက် နားလိုက်ပါဦးမယ်”

ရွှီနင်က ပြောလိုက်သည်။ “မင်း စမ်းရေတွင်းမှာ လေ့ကျင့်ပြီးမှပဲ ကျွန်တော်တို့ ပြန်လေ့ကျင့်ကြတာပေါ့”

“ကောင်းပြီ”

လဲ့ချိုင်ဝေး ခေါင်းညိတ်လိုက်သည်။

“ဩော်... ဒါနဲ့”

လဲ့ချိုင်ဝေးက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး သူမ၏ အိတ်ကပ်ထဲမှ အကျိုးပြုမှတ် ၁၀၀ တန်ဖိုးရှိသော ပြေစာကို ထုတ်ပေးလိုက်သည်။ “ဒါက ရှင် ရင်းမြစ်သန့်စင်ဆေးပြားတွေနဲ့ လဲထားတဲ့ အကျိုးပြုမှတ်တွေလေ”

“ကျေးဇူးပါဗျာ”

ရွှီနင်သည် အကျိုးပြုမှတ် ၁၀၀ ကို လှမ်းယူလိုက်ရင်း ခေါင်းထဲတွင် အတွေးများ ယောက်ယက်ခတ်သွားလေသည်။

မနေ့က ရင်းမြစ်သန့်စင်ဆေးပြားများကို လက်သီးခုနစ်ဖော်အဖွဲ့၌ အကျိုးပြုမှတ်များနှင့် လဲလှယ်နိုင်ကြောင်း သိရပြီးနောက် ရွှီနင်သည် လဲ့ချိုင်ဝေးမှတစ်ဆင့် အကျိုးပြုမှတ် ၁၀၀ ကို လဲလှယ်ခဲ့ခြင်းဖြစ်သည်။

ဤအတွက် သူသည် ရင်းမြစ်သန့်စင်ဆေးပြား ၁၀ လုံး ပေးခဲ့ရသည်။

ထို့နောက် ရွှီနင်သည် နွေဦးလခြံဝင်း အခန်း ၁၆ မှ ထွက်ခွာလာခဲ့သည်။

သို့သော် သူသည် နေအိမ်သို့ တန်းတန်းမတ်မတ် မပြန်ဘဲ ပစ္စည်းလဲလှယ်ရေးခန်းမသို့ ဦးတည်သွားလိုက်သည်။

ပစ္စည်းလဲလှယ်ရေးခန်းမသို့ ရောက်သောအခါ မွန်းတည့်ချိန် ဖြစ်နေသဖြင့် လူသူကင်းမဲ့နေလေသည်။

ရွှီနင်သည် ကောင်တာဆီသို့ သွားကာ ပြောလိုက်သည်။ “ကျွန်တော် အလယ်အလတ်အဆင့် ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်ကျင့်စဉ်တစ်ခု လဲချင်လို့ပါ”

ရွှီနင်က အကျိုးပြုမှတ် ၂၀၀ ကို ထုတ်ယူပြီး ကောင်တာမှ စာရေးကို ပေးလိုက်သည်။

“ရပါတယ်”

စာရေးက အကျိုးပြုမှတ် ၂၀၀ ကို ယူပြီးနောက် ပါးလွှာသော စာအုပ်တစ်အုပ်ကို ရွှီနင်အား ပေးလိုက်သည်။

“ဒါက လဲလှယ်လို့ရနိုင်တဲ့ ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်ကျင့်စဉ်တွေနဲ့ လျှို့ဝှက်နည်းစနစ်တွေ အကုန်လုံးကို မှတ်တမ်းတင်ထားတာပါ... လူလေးနဲ့ အသင့်တော်ဆုံးလို့ ထင်ရတဲ့ဟာကို ရွေးလို့ရပါတယ်... အလယ်အလတ်အဆင့် လျှို့ဝှက်ကျင့်စဉ်တွေကို သီးသန့်မှတ်သားထားပါတယ်”

စာရေးက ရွှီနင်အား စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။

“ကျေးဇူးတင်ပါတယ်”

ရွှီနင် စာအုပ်ကိုယူ၍ ထိုင်ကာ ဖတ်ရှုလိုက်သည်။

“တကယ့်ကို အင်အားကြီးတဲ့ ဂိုဏ်းပါလား... အတွင်းဂိုဏ်းမှာတောင်မှ ဒီလောက်များပြားတဲ့ လျှို့ဝှက်ကျင့်စဉ်တွေ ရှိနေတာပဲ”

ရွှီနင် မျက်စိကျိန်းလောက်အောင် များပြားလှသော ကျင့်စဉ်များကို ကြည့်ရင်း အံ့သြသွားရသည်။

အကယ်၍ ဤအရာများကို ပြင်ပကမ္ဘာသို့ ယူဆောင်သွားပါက ရတနာများအဖြစ် သတ်မှတ်ခံရမည် ဖြစ်သော်လည်း ဤနေရာတွင်မူ သာမန်ကုန်ပစ္စည်းများသဖွယ် ရွှီနင် စိတ်ကြိုက်ရွေးချယ်ရန် ပြသထားလေသည်။

“ငါ့မှာ ‘ရေ’ သဘောသဘာဝရှိတဲ့ ဒီရေလက်သီးနဲ့ ‘မီး’ သဘောသဘာဝရှိတဲ့ အရိုးမီးလျှံသမထကျင့်စဉ် ရှိတယ်... ဒါကြောင့် ငါရွေးမယ့် ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်ကျင့်စဉ်က ဒီနှစ်မျိုးထဲက တစ်ခုပဲ ဖြစ်ရမယ်”

ရွှီနင်သည် သူ၏လိုအပ်ချက်ကို သိပေသည်။

ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်ကျင့်စဉ်နှင့် လျှို့ဝှက်နည်းစနစ်တို့သည် အပြန်အလှန် အထောက်အကူပြုကြလျက်ရှိသည်။

ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ စွမ်းအားကို အပြည့်အဝ ထုတ်သုံးနိုင်ရန်အတွက် ထိုနှစ်ခု၏ ဂုဏ်သတ္တိများ ကိုက်ညီမှုရှိရန် လိုအပ်ပေသည်။

ဥပမာအားဖြင့် ရွှီနင်သည် မီးဂုဏ်သတ္တိရှိသော လျှို့ဝှက်ကျင့်စဉ်ကို ရွေးချယ်လိုက်ပါက သူ၏ အရိုးမီးလျှံသမထကျင့်စဉ်သည် လျှို့ဝှက်ကျင့်စဉ်နှင့် ပေါင်းစပ်သွားပြီး အဓိကနည်းစနစ်ဖြစ်လာကာ စွမ်းအားပိုမို ကြီးမားလာမည်ဖြစ်သည်။

သို့သော် သူ၏ ဒီရေလက်သီးမှာမူ မီးဂုဏ်သတ္တိနှင့် မကိုက်ညီသဖြင့် အရန်လက်သီးသိုင်းအဖြစ်သာ အသုံးပြုနိုင်တော့မည် ဖြစ်သည်။

ထိုအချိန်ကျလျှင် ဒီရေလက်သီးသည် ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ်၏ သေစေနိုင်သော စွမ်းအားကို ထုတ်ဖော်နိုင်ဦးမည် ဖြစ်သော်လည်း အရိုးမီးလျှံသမထကျင့်စဉ်နှင့် ယှဉ်လျှင်မူ ကွာခြားသွားပေလိမ့်မည်။

ရွှီနင် နှမြောသလို ခံစားလိုက်ရသည်။

အကယ်၍ သူ၏ လျှို့ဝှက်နည်းစနစ်များသည် ဂုဏ်သတ္တိတူညီနေပါက တူညီသော ဂုဏ်သတ္တိရှိသည့် လျှို့ဝှက်ကျင့်စဉ်ကို လွယ်ကူစွာ ရွေးချယ်နိုင်မည် ဖြစ်သည်။

သို့သော် လျှို့ဝှက်နည်းစနစ်နှစ်ခုကို ရရှိထားသော ရွှီနင်သည် မက်လုံးကို မလွန်ဆန်နိုင်သဖြင့် နှစ်ခုစလုံးကို လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်နည်းစနစ်များသည် မလေ့ကျင့်ဘဲထားရန်မှာမူ တန်ဖိုးကြီးလွန်းလှသည်။

“ဟမ်...”

ရေ သို့မဟုတ် မီး သဘောသဘာဝရှိသော ကျင့်စဉ်ကို ရွေးချယ်ရန် စဉ်းစားနေစဉ်မှာပင် စာမျက်နှာတစ်ခုပေါ်ရှိ ကျင့်စဉ်တစ်ခုကို ရွှီနင် မြင်လိုက်ရသည်။

‘ရေမီးနှစ်သွယ်မူလကျမ်းစာ’

ရွှီနင် အသေးစိတ်ရှင်းပြချက်ကို အလျင်အမြန် ဖတ်ရှုလိုက်သည်။

“ဒီလို လျှို့ဝှက်ကျင့်စဉ်မျိုးလည်း ရှိတာပဲလား”

အသေးစိတ်အချက်အလက်များကို ဖတ်ပြီးနောက် ရွှီနင် တုန်လှုပ်သွားမိသည်။

ဤရေမီးနှစ်သွယ်မူလကျမ်းစာသည် ရေနှင့် မီး သဘောသဘာဝနှစ်ခုအား တစ်ပြိုင်နက် ပေါင်းစပ်ထားခြင်း ဖြစ်သည်။

အကယ်၍ သူသာ ဤကျင့်စဉ်ကို လေ့ကျင့်လိုက်ပါက သူ၏ ဒီရေလက်သီးနှင့် အရိုးမီးလျှံသမထကျင့်စဉ် နှစ်ခုလုံးသည် အဓိကလျှို့ဝှက်နည်းစနစ်များ ဖြစ်လာပေလိမ့်မည်။

ရွှီနင်သည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ကျန်ရှိသော စာမျက်နှာများကို ဆက်လက်ဖတ်ရှုလိုက်သည်။

ရေမီးနှစ်သွယ်မူလကျမ်းစာသည် မက်လောက်စရာ ဖြစ်သော်လည်း ပိုမိုသင့်တော်သော ကျင့်စဉ် ရှိမရှိ ရွှီနင် မသေချာသေးပေ။

ရွှီနင် စာအုပ်ကို ဂရုတစိုက် ဖတ်ရှုလိုက်သည်။ စာအုပ်တစ်အုပ်လုံးကို ပြီးဆုံးအောင် ဖတ်ရှုရန် နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။

သေချာစွာ ချိန်ဆပြီးနောက် ရွှီနင်သည် ရေမီးနှစ်သွယ်မူလကျမ်းစာကို ဝယ်ယူရန် ဆုံးဖြတ်လိုက်လေသည်။

‘နှစ်သွယ်ဂုဏ်သတ္တိရှိတဲ့ လျှို့ဝှက်ကျင့်စဉ်က အနည်းငယ်ပဲ ရှိတာ... အဲဒီအထဲမှာ ရေနဲ့ မီး ဂုဏ်သတ္တိပါတာဆိုလို့ ဒီ ရေမီးနှစ်သွယ်မူလကျမ်းစာ တစ်ခုပဲ ရှိတယ်’

ရွှီနင်သည် စာအုပ်ကိုပိတ်ပြီး မတ်တတ်ရပ်ကာ ကောင်တာသို့ လျှောက်သွားလိုက်သည်။

“ကျွန်တော် ရေမီးနှစ်သွယ်မူလကျမ်းစာကို လိုချင်ပါတယ်”

ရွှီနင်က ကောင်တာမှ စာရေးကို ပြောလိုက်သည်။

စာရေးမှာ ရွှီနင်၏ တောင်းဆိုမှုကို ကြားသောအခါ အံ့အားသင့်သွားသည်။ ထို့နောက် မေးလိုက်သည်။ “မင်းပြောတာက ရေနဲ့ မီး သဘောသဘာဝနှစ်မျိုးလုံးပါတဲ့ လမ်းစဉ်နှစ်သွယ်ကျင့်စဉ်ကို ပြောတာလား”

“ဟုတ်ပါတယ်”

ရွှီနင် အတည်ပြုလိုက်သည်။

စာရေးက မျက်မှောင်ကြုတ်ကာ ခေတ္တမျှ စဉ်းစားပြီးမှ သတိပေးလိုက်သည်။ “သေချာရဲ့လား လူလေး... လမ်းစဥ်နှစ်သွယ်ကျင့်စဉ်ကို လေ့ကျင့်ရင် အလားအလာ ပိုကောင်းနိုင်ပေမယ့် လျှို့ဝှက်ကျင့်စဉ်နဲ့ နည်းစနစ်တွေက ကျင့်ကြံမှုနှုန်းကို အပြန်အလှန် ထိခိုက်စေတတ်တယ်... လမ်းစဥ်နှစ်သွယ်ကျင့်စဉ်ကို လေ့ကျင့်မယ်ဆိုရင် အနည်းဆုံး လျှို့ဝှက်နည်းစနစ် နှစ်ခု လိုအပ်လိမ့်မယ်... ဒါက မင်းရဲ့ ကျင့်ကြံမှုကို အများကြီး နှောင့်နှေးစေလိမ့်မယ်နော်”

“ကျွန်တော် နားလည်ပါတယ်... ဒါပေမဲ့ ဒီတစ်ခုကိုပဲ ယူပါမယ်”

စာရေး၏ စေတနာကို နားလည်သော်လည်း ရွှီနင်၏ သဘောထားမှာ ခိုင်မာပြတ်သားနေလေသည်။

လျှို့ဝှက်နည်းစနစ်နှစ်ခုကို တွဲဖက်လေ့ကျင့်ခြင်းသည် အခြားသူများအတွက် ခက်ခဲနိုင်သော်လည်း သိုင်းပညာမျက်နှာပြင်ရှိသော ရွှီနင်အတွက်မူ များစွာ လွယ်ကူပေသည်။

လူသားနယ်ပယ် ပြင်ပသိုင်းကျင့်စဉ်အများအပြားသည် သာမန်လူအများစုအတွက် လေ့ကျင့်ရန်ပင် ခက်ခဲလှပေသည်။

“ကောင်းပါပြီလေ...”

စာရေးမှာ စိတ်ပျက်သွားပုံရသည်။

စာရေး၏ အမြင်တွင်မူ ရွှီနင်သည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေသော လူငယ်တစ်ဦးသာ ဖြစ်သည်။

အနာဂတ်တွင် အခက်အခဲများနှင့် ကြုံတွေ့ရသောအခါမှ ရွှီနင်သည် သူ့မာနအတွက် ပေးဆပ်ရပေလိမ့်မည်။

ကံဆိုးသည်မှာ ထိုအချိန်ရောက်လျှင် နောက်ကျလွန်းသွားပေပြီ။

ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်ကျင့်စဉ်များသည် လမ်းခုလတ်တွင် ပြောင်းလဲနိုင်သော လူသားနယ်ပယ် အတွင်းအားကျင့်စဉ်များနှင့် မတူညီပေ။

လျှို့ဝှက်ကျင့်စဉ်တစ်ခုကို စတင်ကျင့်ကြံလိုက်ပြီဆိုပါက နောက်လှည့်၍ မရတော့ချေ။

“ခဏစောင့်ပါ”

စာရေးက အနောက်ဘက်သို့ ဝင်သွားပြီးနောက် ခဏအကြာတွင် ပြန်ထွက်လာသည်။

သူ၏ လက်ထဲတွင် ပုံစံမျိုးစုံ ထွင်းထုထားသော လက်ဝါးအရွယ်အစားကြွေပြားတစ်ချပ်နှင့် ကြွေပုလင်းတစ်လုံး ပါလာလေသည်။

“ရေမီးနှစ်သွယ်မူလကျမ်းစာကို ဒီအပေါ်မှာ ရေးထားတယ်... ပြန်ရောက်ရင် ကြွေပုလင်းထဲက အရည်ကို မျက်လုံးထဲ ခပ်လိုက်ပါ၊ ပြီးရင် ကြွေပြားပေါ်ကိုလည်း သုတ်ရမယ်၊ အဲဒါပြီးမှ ကြည့်လိုက်ပါ”

စာရေးက ကြွေပြားနှင့် ကြွေပုလင်းကို ရွှီနင်အား ပေးလိုက်သည်။

ရွှီနင်သည် လျှို့ဝှက်ကျင့်စဉ် သင်ယူသော ဤနည်းလမ်းနှင့် မစိမ်းပေ။

ဖေးယွင်ပြည်နယ်တွင် ရှိစဉ်က မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့သို့ မဝင်ရောက်မီ မူလအသက်ရှူနည်း ခန္ဓာကျင့်စဉ်အား ဤနည်းလမ်းဖြင့ သင်ယူခဲ့ဖူး‌လေသည်။

“ကျေးဇူးတင်ပါတယ်”

ရွှီနင် ပစ္စည်းများကို သိမ်းဆည်းပြီး နေအိမ်သို့ ပြန်လာခဲ့သည်။

‘နောက်ဆုံးတော့ ငါ့လက်ထဲမှာ ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်ကျင့်စဉ် ရောက်လာပြီပဲ’

…

“ချင်းဟယ်”

ရွှီနင် အိမ်ပြန်ရောက်သော်လည်း ချက်ချင်း မလေ့ကျင့်သေးဘဲ ကုချင်းဟယ်ထံ သွားလိုက်သည်။

“ဘာဖြစ်လို့လဲ ရွှီနင်”

ကုချင်းဟယ်က နေ့လယ်စာ စားပြီးကာစ ဖြစ်သည်။

“ငါ ရက်နည်းနည်းလောက် တံခါးပိတ်ကျင့်ကြံမလို့”

ရွှီနင်က ကုချင်းဟယ်ကို ပြောလိုက်သည်။ “ဒီရက်ပိုင်း လက်သီးခုနစ်ဖော်အဖွဲ့က လူတွေလာရှာရင် ငါ့အစား ရှင်းပြပေးပါဦး”

“ပြဿနာ မရှိပါဘူး”

ကုချင်းဟယ်က ပြောလိုက်သည်။ “လျှို့ဝှက်နည်းစနစ်ကို ကျင့်ကြံမလို့လား”

“မဟုတ်ဘူး... လျှို့ဝှက်ကျင့်စဉ်ကိုပါ”

ရွှီနင် ပြန်ဖြေလိုက်သည်။

“လျှို့ဝှက်ကျင့်စဉ် ဟုတ်လား”

ကုချင်းဟယ် အံ့သြသွားသည်။ “မင်းမှာ လျှို့ဝှက်ကျင့်စဉ် ရှိနေပြီလား”

“မနေ့က လက်သီးခုနစ်ဖော်အဖွဲ့ကနေ အကျိုးပြုမှတ်တချို့ လဲလိုက်တာလေ... လျှို့ဝှက်ကျင့်စဉ် ဝယ်ဖို့ လိုနေတာလေး ဖြည့်လိုက်တာပါ”

ရွှီနင် ပြန်ဖြေလိုက်သည်။

“လက်သီးခုနစ်ဖော်အဖွဲ့ကို ဝင်ရတာ တကယ်ပဲ အကျိုးရှိတာကိုး”

ကုချင်းဟယ် အနည်းငယ် အားကျသွားသည်။ “မင်း ကြိုးကြိုးစားစား ကျင့်ကြံပြီး ဟင်းလင်းပြင်နယ်ပယ် လျှို့ဝှက်ကျင့်စဉ်ကို အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်”

ပါရမီရှိသော ဂိုဏ်းသားများအတွက် လျှို့ဝှက်ကျင့်စဉ်ရရှိပြီးနောက် ဟင်းလင်းပြင်နယ်ပယ်သို့ ချက်ချင်းတက်လှမ်းနိုင်ရန်မှာ လုံးဝဖြစ်နိုင်ပေသည်။

သို့သော် လိုအပ်ချက်အနေဖြင့် လျှို့ဝှက်နည်းစနစ်များကို ကြိုတင်ကျင့်ကြံထားရန်နှင့် လူသားနယ်ပယ် ကိုးဆင့်မြောက် အထွတ်အထိပ်သို့ ရောက်ရှိနေရန် လိုအပ်သည်။

“ကျေးဇူးပါပဲ”

ရွှီနင် လက်သီးဆုပ် ဂါရဝပြုလိုက်ပြီး အခန်းသို့ ပြန်လာခဲ့သည်။

“ငါ့အဖေက ရင်းမြစ်သန့်စင်ဆေးပြားတွေကို ဘယ်တော့ ထပ်ပို့မလဲ မသိဘူး...”

ကုချင်းဟယ် ရေရွတ်လိုက်မိသည်။

ကုချင်းဟယ်သည် တာဝန်ပေးအပ်ခြင်းခန်းမတွင် သင့်တော်သော တာဝန်တစ်ခုကို ရှာမတွေ့ခဲ့ပေ။

ထို့ကြောင့် ရင်းမြစ်သန့်စင်ဆေးပြားများ ရောက်လာမည်ကိုသာ စောင့်မျှော်နေရသည်။ ထိုအခါမှသာ ရွှီနင်ကို အကူအညီတောင်းပြီး အကျိုးပြုမှတ်အဖြစ် လဲလှယ်ခိုင်းရပေမည်။

‘ရွှီနင် အဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်’

…

ရွှီနင် အခန်းပြန်ရောက်သောအခါ ကြွေပြားနှင့် ပုလင်းကို စားပွဲပေါ်သို့ တင်လိုက်သည်။

ထို့နောက် ရွှီနင်သည် ရင်းမြစ်သန့်စင်ဆေးပြားများ ပါဝင်သော သေတ္တာကို ထုတ်ယူပြီး ဆေးပြားအားလုံးကို တစ်ကြိမ်တည်း စုပ်ယူလိုက်သည်။

ဤသည်က ရွှီနင်၏ စွမ်းအင်လက်ကျန်ကို ၅၀၀ ယူနစ်အထိ တိုးလာစေသည်။

ရင်းမြစ်တစ်ထောင်ပိုးကောင်မှ မကြာသေးမီက ရရှိထားသော စိတ်ဝိညာဉ်ပုံဆောင်ခဲ နှစ်ခုနှင့် ပေါင်းလိုက်လျှင် ယခုအခါ ရွှီနင်၌ စွမ်းအင် ၅၇၀ ယူနစ် ရှိနေပြီဖြစ်သည်။

ရင်းမြစ်တစ်ထောင်ပိုးကောင်သည် နှစ်ရက်လျှင် စိတ်ဝိညာဉ်ပုံဆောင်ခဲ တစ်ခု ထုတ်ပေးပြီး တစ်ကြိမ်လျှင် စွမ်းအင် ၁၀ ယူနစ် ရရှိရာ တစ်လလျှင် စွမ်းအင် ၁၅၀ ယူနစ်နှင့် ညီမျှပေသည်။

သို့သော် အသွင်ပြောင်းလဲခြင်း ဖြစ်ပေါ်ပြီးနောက် ရင်းမြစ်တစ်ထောင်ပိုးကောင်သည် ယခင်က စားသုံးလေ့ရှိသော သတ္တုရိုင်းများကို စိတ်ဝင်စားခြင်း မရှိတော့ပေ။

ရွှီနင်သည် ဟင်းလင်းပြင်နယ်ပယ်သို့ ရောက်ရှိပြီးမှသာ ရင်းမြစ်တစ်ထောင်ပိုးကောင် စားသုံးရန် အရည်အသွေးမြင့် သတ္တုရိုင်းများကို ရှာဖွေပေးရန် စိတ်ကူးထားသည်။

‘ခန္ဓာထုဆစ်ခြင်းနယ်ပယ်ကို တက်လှမ်းဖို့ လိုအပ်တဲ့ စွမ်းအင်က ၅၇၀ ယူနစ်ထက် မကျော်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ’

အကယ်၍ ဟင်းလင်းပြင်နယ်ပယ် ပထမအဆင့်ဖြစ်သော ခန္ဓာထုဆစ်ခြင်းနယ်ပယ်သို့ ရောက်ရှိရန် စွမ်းအင် ၅၇၀ ယူနစ်ထက် ပိုမိုလိုအပ်ပါက ရွှီနင်အနေဖြင့် အဆင့်တက်ရန် ရက်အနည်းငယ် ထပ်စောင့်ရပေမည်။

ပြင်ဆင်မှုများ ပြီးစီးပြီးနောက် ရွှီနင်သည် ကြွေပုလင်းကို ဖွင့်ကာ လက်ချောင်းများဖြင့် အရည်ကြည်ကို တို့ယူလိုက်သည်။

ထို့နောက် စာရေးမှာလိုက်သည့်အတိုင်း မျက်လုံးထဲသို့ ခပ်ထည့်လိုက်ပြီး ကြွေပြားပေါ်သို့လည်း သုတ်လိမ်းလိုက်သည်။

ပြီးနောက် ရွှီနင်သည် ကြွေပြားပေါ်ရှိ ထူးဆန်းသော ပုံစံများကို စိုက်ကြည့်နေလိုက်သည်။

စက္ကန့်အနည်းငယ်အကြာတွင် ပြင်းထန်သော မူးဝေမှုဒဏ်ကို သူ ခံစားလိုက်ရသည်။

လျှို့ဝှက်ကျင့်စဉ်နှင့် ပတ်သက်သော ဗဟုသုတများ ရေစီးကမ်းပြို ဝင်ရောက်လာသည်ကို သူ သေချာပေါက် သိလိုက်သည်။

ရေခဲမီးတောက် ရင်းမြစ်နှစ်သွယ်ကျမ်းကို ကျင့်ကြံနိုင်ရန်အတွက် ဤဒုက္ခကို သူ ခံနိုင်ရည်ရှိမှ ဖြစ်ပေမည်။

‘ငါ မခံနိုင်တော့ဘူး’

ရွှီနင်မှာ အလွန်အမင်း မူးဝေလာသည်။ အော့အန်ချင်စိတ်များပင် ဖြစ်ပေါ်လာသည်။

သူ ချက်ချင်း အကြည့်လွှဲလိုက်ရသည်။

‘နောင်ကျရင် ငါ့ရဲ့ ခွန်အားတိုးတက်အောင် တခြားနည်းလမ်းတွေ ရှာကြည့်ဦးမှပဲ’

ရွှီနင် တွေးလိုက်မိသည်။

နောက်ထပ် ၁၅ မိနစ်ခန့် ကြာပြီးနောက် ရွှီနင်၏ မြင်ကွင်းတွင် စာတန်းတစ်ခု ပေါ်လာသည်။

—

ရေမီးနှစ်သွယ်မူလကျမ်းစာကို အဆင့်မြှင့်တင်ရန် စွမ်းအင် ၅၀၀ ယူနစ် အသုံးပြုမည်လော။

လုပ်မည်/မလုပ်ပါ

—

‘နောက်ဆုံးတော့ မျက်နှာပြင်ပေါ် ရောက်လာပြီပဲ’

ရွှီနင် စိတ်သက်သာရာ ရသွားသည်။ ‘ပြီးတော့ ခန္ဓာထုဆစ်ခြင်းနယ်ပယ်ကို ရောက်ဖို့ စွမ်းအင် ၅၀၀ ယူနစ်ပဲ လိုတာပဲ’

ဟင်းလင်းပြင်နယ်ပယ် ပထမအဆင့်ကို ရောက်ရှိရန် စွမ်းအင် ၅၀၀ ယူနစ် လိုအပ်သည်။ ဤသည်မှာ တန်သည်ဟု ရွှီနင် ခံစားလိုက်ရသည်။

ဝိညာဉ်နိုးထခြင်းနယ်ပယ်သို့ ရောက်ရှိရန် စွမ်းအင် ၃၀၀ ယူနစ်သာ သူ အသုံးပြုခဲ့ရသည်။

“လုပ်မည်”

ရွှီနင် မစောင့်ဆိုင်းနိုင်တော့ပေ။

ဝုန်း...

ရွှီနင် အတည်ပြုလိုက်သည်နှင့် တစ်ပြိုင်နက် ခေါင်းထဲတွင် ဆူညံသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြဲကြေမွသွားမတတ် နာကျင်မှုကို ခံစားလိုက်ရလေသည်။

ဤအတွက် ရွှီနင် သိပ်မစိုးရိမ်ပေ။

ဤသည်မှာ ခန္ဓာထုဆစ်ခြင်းနယ်ပယ်သို့ ရောက်ရှိရန် လိုအပ်သော ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း သူ သိထားသည်။

လူသားနယ်ပယ်မှ ဟင်းလင်းပြင်နယ်ပယ်သို့ ကူးပြောင်းခြင်းသည် ရုပ်ခန္ဓာကို စွန့်ခွာ၍ အလုံးစုံ ပြောင်းလဲခြင်း ဖြစ်သည်။

ယခု သူသည် ထိုဖြစ်စဉ်ကို ဖြတ်သန်းနေရခြင်း ဖြစ်သည်။

ဤအခြေအနေကို ကျော်ဖြတ်နိုင်သည်နှင့် သူသည် အမှန်တကယ် ပြန်လည်မွေးဖွားလာပြီး ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်လာပေတော့မည်။

“တောင့်ခံထားစမ်း”

ရွှီနင် သူ့ကိုယ်သူ အားပေးလိုက်သည်။

ပြန်လည်မွေးဖွားခြင်း လုပ်ငန်းစဉ်သည် သုံးရက်ခန့် မြန်ဆန်နိုင်သလို ဆယ်ရက်လောက်အထိလည်း ကြာမြင့်တတ်သည်။

ထို့ကြောင့်ပင် ရွှီနင်သည် ကုချင်းဟယ်ကို အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။

‘တောင့်ခံထား...’

ရွှီနင် ကြံ့ကြံ့ခံနေဆဲပင်။

သို့သော် သူ၏ အသိစိတ်များ လွင့်ပါးစပြုလာသည်။

မကြာမီ ရွှီနင်သည် ခေါင်းများ မူးဝေလာပြီး အသိစိတ်များ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

All Chapters