အစွမ်းကုန် ကျင့်ကြံခြင်း
Vol. 13 Ch. 126
အဖြူရောင် အခိုးအငွေ့များကြားတွင် ရွှီနင်သည် တင်ပျဉ်ခွေထိုင်ကာ ပုံမှန်အတိုင်း အသက်ရှူနေလေသည်။
သူသည် သူ့ပတ်ဝန်းကျင်ရှိ သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအင်များကို ခန္ဓာကိုယ်ထဲသို့ စတင်စုပ်ယူလိုက်သည်။
‘သိုင်းပညာမျက်နှာပြင်က မပေါ်လာသေးပါလား’
ယခင်က ရွှီနင် ကိုယ့်ဘာသာ ကျင့်ကြံခဲ့စဉ်ကလည်း စွမ်းအင်စုပ်ယူရာတွင် အချက်ပေးစာတန်း ပေါ်မလာခဲ့ဖူးပေ။
ယခုအခါ လေထုထဲရှိ စွမ်းအင်သိပ်သည်းဆမှာ များစွာ တိုးလာခဲ့သော်လည်း ရလဒ်မှာ အတူတူပင် ဖြစ်နေသည်။
သို့သော် ရွှီနင် စိတ်ဓာတ်မကျပေ။ သူသည် စွမ်းအင်များကို ဝမ်းဗိုက်ထဲတွင် စုစည်းပြီး ဖိသိပ်ထားရန် ဆုံးဖြတ်လိုက်သည်။
ရင်းမြစ်တစ်ထောင်ပိုးကောင်ကဲ့သို့ပင် သူသည် စွမ်းအင်များကို စုပ်ယူပြီးနောက် ခိုင်မာသော စိတ်ဝိညာဉ်ပုံဆောင်ခဲများအဖြစ် ဖိသိပ်ပစ်ချင်ခြင်း ဖြစ်သည်။
ဤနည်းလမ်း အလုပ်ဖြစ်မဖြစ်ကို ရွှီနင် မသိသော်လည်း ရဲရဲဝံ့ဝံ့ စမ်းသပ်ကြည့်ရပေမည်။
စွမ်းအင်များသည် ရွှီနင်၏ ခန္ဓာကိုယ်ထဲသို့ ဆက်တိုက် ဝင်ရောက်လာပြီး သွေးကြောများကြားမှတစ်ဆင့် ဝမ်းဗိုက်ထဲသို့ စီးဝင်သွားကြသည်။
ရွှီနင်သည် စွမ်းအင်များကို တစ်စတစ်စ စုစည်းလိုက်လေသည်။
“ဘာမှ ထူးခြားလာပုံ မရဘူး”
ဝမ်းဗိုက်ထဲ၌ စွမ်းအင်များ စုပုံနေမှုမှာ ကန့်သတ်ချက်သို့ ရောက်ရန် အလှမ်းဝေးနေသေးသဖြင့် ရွှီနင် လက်မလျှော့လိုက်ပေ။
ရွှီနင်၌ ဤအလုပ်ကို လုပ်ဆောင်ရန် လုံလောက်သော သည်းခံနိုင်စွမ်း ရှိလေသည်။
အချိန်များ ဖြည်းညင်းစွာ ကုန်ဆုံးသွားလေသည်။
မကြာမီ နှစ်နာရီခန့် ကြာမြင့်သွားလေသဘည်။
ဝမ်းဗိုက်ထဲသို့ စွမ်းအင်များကို ထပ်ဖြည့်၍ မရတော့ကြောင်း ရွှီနင် ခံစားလိုက်ရသည်။
ခန္ဓာထုဆစ်ခြင်းနယ်ပယ်တွင် ရှိသော လူတစ်ယောက်၏ ခန္ဓာကိုယ်အရဆိုလျှင် သူသည် ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သွေးကြောများကြားမှ စွမ်းအင်များကို ဝမ်းဗိုက်ထဲသို့ ပို့ဆောင်လျှင်ပင် ယိုစိမ့်ပြီး လွတ်ထွက်သွားပေလိမ့်မည်။
“အလုပ်မဖြစ်သေးပါလား”
ရွှီနင် အနည်းငယ် နှမြောတသ ဖြစ်မိသွားသည်။
‘ကျင့်ကြံဖို့အတွက် အထောက်အကူဖြစ်တဲ့ ဒီစိတ်ဝိညာဥ်စမ်းရေတွင်းက ငါ့အတွက် လုံးဝ အသုံးမဝင်တာများလား’
သို့သော် ရွှီနင် အနည်းငယ် စိတ်ပျက်စပြုလာချိန်မှာပင် သိုင်းပညာမျက်နှာပြင်မှ အချက်ပေးစာတန်းတစ်ခု နောက်ဆုံးတွင် ပေါ်လာလေသည်။
—
စွမ်းအင် ၁ ယူနစ် ရှာတွေ့သည်၊ စုပ်ယူမည်လား။
လုပ်မည်/မလုပ်ပါ
—
‘အလုပ်ဖြစ်တာပဲဟ’
အချက်ပေးစာတန်းကို မြင်လိုက်ရပြီးနောက် ရွှီနင် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
‘ငါ စိတ်ဝိညာဉ်စမ်းရေတွင်းကို တကယ် အသုံးပြုလို့ ရတာပဲ’
‘စွမ်းအင် ၁ ယူနစ်ပဲ ရှိသေးပေမယ့် ဒါက အဖိုးတန်တယ်’
ရွှီနင် စိတ်ထဲတွင် တွက်ချက်လိုက်သည်။
‘တစ်ရက်မှာ ၂၄ နာရီရှိတော့ စိတ်နဲ့လူ အနားယူဖို့ လေးနာရီလောက် ဖယ်ထားလို့ရတယ်။ ကျန်တဲ့ နာရီ ၂၀ မှာ နှစ်နာရီကို ၁ ယူနစ်နှုန်းနဲ့ဆိုရင် တစ်ရက်ကို ၁၀ ယူနစ်၊ တစ်လဆိုရင် ၃၀၀ ယူနစ် ရမယ်။ ရင်းမြစ်တစ်ထောင်ပိုးကောင်ဆီကရမယ့် ၁၅၀ ယူနစ်နဲ့ ထည့်ပေါင်းလိုက်ရင် တစ်လကို စုစုပေါင်း စွမ်းအင် ၄၅၀ ယူနစ် ရနိုင်တယ်’
ထိုအရာသည် လက်သီးခုနစ်ဖော်အဖွဲ့ဆီက ရရှိမည့် ရင်းမြစ်သန့်စင်ဆေးပြား သုံးပြားမှ ရနိုင်သော စွမ်းအင် ၃၀၀ ယူနစ်ကို မထည့်တွက်ရသေးပေ။ ထိုအရာကိုပါ ထည့်ပေါင်းလိုက်လျှင် တစ်လကို စွမ်းအင် ၇၅၀ ယူနစ်အထိ ရရှိပေလိမ့်မည်။ ဤနှုန်းထားအတိုင်းဆိုပါက ရွှီနင်သည် တစ်လအတွင်း အစစ်အမှန်ချီအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည် ဖြစ်သည်။
အစစ်အမှန်ချီအဆင့်သို့ တက်လှမ်းရန် လိုအပ်သော စွမ်းအင်မှာ ၈၀၀ ယူနစ် ဖြစ်သည်။
အကယ်၍ သူသာ အစစ်အမှန်ချီအဆင့်သို့ ရောက်ရှိသွားပါက လက်ရှိ ရွှီနင်၏ အခြေခံအုတ်မြစ်ဖြင့် ဟင်းလင်းပြင်နယ်ပယ် တတိယအဆင့်တွင်ရှိသော ကူရီးရှန်ကို ရင်ဆိုင်ရန် ခက်ခဲတော့မည် မဟုတ်ပေ။
ထိုအချိန်ရောက်လျှင် လက်သီးခုနစ်ဖော်အဖွဲ့၏ အကျပ်အတည်းလည်း ပြေလည်သွားပေလိမ့်မည်။
‘ဒါပေမဲ့ လခြမ်းဓားအဖွဲ့က ငါ့ကို တစ်လလောက် အချိန်ပေးမယ် မထင်ဘူး’
လခြမ်းဓားအဖွဲ့သည် နောက်ထပ် တစ်ပတ်လောက်ဆိုလျှင် လက်သီးခုနစ်ဖော်အဖွဲ့ဆီမှ စိတ်ဝိညာဉ်စမ်းရေတွင်းများကို လာရောက်လုယူကြမည်ကို ရွှီနင် ကောင်းစွာ သိထားသည်။
‘ထားလိုက်ပါတော့၊ ငါ စွမ်းအင်တွေကို ယူနိုင်သလောက် ယူထားလိုက်မယ်။ ပြီးရင် လဲ့ချိုင်ဝေးကို သွားရှာပြီး ငါ့အတွက် အရင်းအမြစ်တချို့ ပေးနိုင်မလားလို့ မေးကြည့်ရမယ်။ လက်သီးခုနစ်ဖော်အဖွဲ့က ပြိုကွဲစပြုနေပြီး အရင်းအမြစ်တွေ အများကြီး ဆုံးရှုံးသွားတယ် ဆိုပေမယ့် လက်ကျန် ပစ္စည်းတချို့တော့ ရှိနေလောက်ဦးမှာပါ’
အလုံးစုံ စဉ်းစားပြီးနောက် ရွှီနင်သည် စိတ်ကိုငြိမ်အောင်ထားကာ စွမ်းအင်စုဆောင်းခြင်းအပေါ်တွင်သာ အာရုံစိုက်လိုက်တော့သည်။
…
လခြမ်းဓားအဖွဲ့
ကူကျီးရင်းသည် ကူရီးရှန်ကို တွေ့ရန် တစ်ယောက်တည်း ရောက်လာခဲ့သည်။
“အစ်မ... ကျွန်တော် လက်သီးခုနစ်ဖော်အဖွဲ့ဆီကနေ ပြန်ရောက်ပါပြီ”
ကူကျီးရင်းက သူ့ရှေ့မှ ကူရီးရှန်ကို ပြောလိုက်သည်။
ကူရီးရှန်သည် အဝါရောင်ဖျော့ဖျော့ အင်္ကျီကို ဝတ်ဆင်ထားပြီး ဆံပင်ကို သပ်ရပ်သော သစ်သားဆံထိုးလေးဖြင့် ထုံးဖွဲ့ထားသည်။
သူမသည် ကူကျီးရင်းထက်ပင် ငယ်ရွယ်ပုံပေါက်နေသည်။
သာမန်လူသားနယ်ပယ် သိုင်းပညာရှင်တစ်ယောက်သည် ဟင်းလင်းပြင်နယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် သူတို့၏ ဘဝများ ပြောင်းလဲသွားတတ်သည်။
အိုမင်းရင့်ရော်မှုကို နှေးကွေးစေရုံသာမက အချိန်ပိုပေးပြီး ပြုပြင်နိုင်ပါက ပိုမိုနုပျိုလာစေနိုင်သည်။
အသက် ၂၀ အရွယ်ဟု ထင်ရသူ အများစုမှာ အမှန်တကယ်တွင် အသက် ၃၀ သို့မဟုတ် ၄၀ အရွယ်များ ဖြစ်နေတတ်ကြသည်။
သို့သော် ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ သက်တမ်းမှာ နှစ် ၁၅၀ ရှည်ကြာသည်ကို ထည့်တွက်ကြည့်လျှင် အသက် ၄၀ အရွယ်ဆိုသည်မှာ ငယ်ရွယ်သေးသည်ဟု ယူဆနိုင်သည်။
သို့သော်ငြားလည်း ယွဲ့လန်ဂိုဏ်းတွင် အတွင်းစည်းတပည့်များ၏ အသက်ကို အနှစ် ၄၀ ထက် မကျော်လွန်စေရဟု သတ်မှတ်ထားသည်။
အသက် ၄၀ ကျော်လွန်သွားသည်နှင့် အတွင်းစည်းတပည့်အဖြစ်မှ အလိုအလျောက် ဖယ်ရှားခံရမည် ဖြစ်သည်။
အဆင့်အတန်း ဖယ်ရှားခံရချိန်၌ ဟင်းလင်းပြင်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပါက ဂိုဏ်းတာဝန်ခံအဖြစ် ရာထူးတိုးမြှင့်ခံရမည် ဖြစ်သည်။ သို့မဟုတ်ပါက ဂိုဏ်းအတွက် တကယ့်တန်ဖိုးရှိစေမည့် လက်တွေ့တာဝန်များကို ထမ်းဆောင်ရန် စေလွှတ်ခံရပေလိမ့်မည်။
“သူတို့လူတွေနဲ့ အရင်းအမြစ်တွေကို လုယူခဲ့ရဲ့လား”
ကူရီးရှန်က ကူကျီးရင်းကို မေးလိုက်သည်။
“လူတော်တော်များများကို ကျွန်တော်တို့ ဆွဲဆောင်နိုင်ခဲ့ပြီး အရင်းအမြစ် အများအပြားကိုလည်း ပြန်သယ်လာနိုင်ခဲ့ပါတယ်”
ကူကျီးရင်းသည် ကူရီးရှန်အပေါ် ကြီးစွာသော လေးစားမှု ထားရှိသည်။ အစ်မဖြစ်သူကို အနည်းငယ်ပင် ကြောက်ရွံ့နေမိသည်။
ကူကျီးရင်းသည် လက်သီးခုနစ်ဖော်အဖွဲ့မှ အဆင့်အတန်းမြင့်မားသော လူအများအပြားကို ဆွဲဆောင်စည်းရုံးနိုင်ခဲ့သည်။ လက်သီးခုနစ်ဖော်အဖွဲ့မှ ထွက်ခွာလာစဉ်တွင် ရုပ်ဝတ္ထုအရင်းအမြစ်များနှင့် အရင်းအမြစ်လမ်းကြောင်းများကိုပါ သိမ်းပိုက်ရယူခဲ့ကြသည်။
“ဒါပေမဲ့...”
ကူကျီးရင်း ခေတ္တမျှ ရပ်တန့်သွားသည်။ “လက်သီးခုနစ်ဖော်အဖွဲ့ဆီက စိတ်ဝိညာဉ်စမ်းရေတွင်း လေးခုလုံးကိုတော့ ယူမလာနိုင်ခဲ့ဘူး”
“စိတ်ဝိညာဉ်စမ်းရေတွင်း တစ်ခုမှ မရခဲ့ဘူးလား”
ကူရီးရှန် မျက်ခုံးပင့်သွားသည်။ “လက်သီးခုနစ်ဖော်အဖွဲ့မှာ နင့်ကို တားနိုင်တဲ့လူ ရှိနေသေးလို့လား၊ သူတို့မှာကျန်တဲ့ တစ်ဦးတည်းသော အစစ်အမှန်ချီအဆင့် သိုင်းပညာရှင်က နင်ရွှင်လေ၊ သူက ဂိုဏ်းထဲကနေ ထွက်သွားပြီ မဟုတ်ဘူးလား”
“ဟုတ်ပါတယ်၊ နင်ရွှင် မရှိတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ ရွှီနင်ဆိုတဲ့ လူတစ်ယောက် ရှိနေတယ်”
ကူကျီးရင်းက ပြောလိုက်သည်။ “အဲဒီလူက ဟင်းလင်းပြင်နယ်ပယ်ကို အခုလေးတင် ရောက်လာပုံရပေမယ့် တတိယအဆင့် လက်သီးသိုင်း လျှို့ဝှက်နည်းစနစ်ကို တတ်မြောက်ထားပုံရတယ်၊ ကျွန်တော် သူ့ကို နည်းနည်း စမ်းသပ်ကြည့်ခဲ့ပေမယ့် အသာစီးမရခဲ့ဘူး”
“အော်...”
ကူရီးရှန် အံ့သြသွားသည့်ပုံ ပေါ်သည်။ “လက်သီးခုနစ်ဖော်အဖွဲ့မှာ အဲဒီလို ဝှက်ဖဲမျိုး ရှိနေတာလား၊ နင်ပြောတာသာ မှန်မယ်ဆိုရင် သူက ခန္ဓာထုဆစ်ခြင်းနယ်ပယ်ကို ရောက်တာနဲ့ ဒီလိုအင်အားမျိုး ရှိနေတယ်ဆိုတော့ သာမန်လူသားနယ်ပယ်မှာတုန်းက စွမ်းအားတွေ အများကြီးကို စုဆောင်းထားခဲ့ပုံပဲ၊ ဒီလိုလူမျိုးက ဟင်းလင်းပြင်နယ်ပယ်မှာ မြန်မြန် တိုးတက်လာလိမ့်မယ်”
“သူက ယွဲ့လန်ဂိုဏ်းရဲ့ ဒဏ္ဍာရီလာတပည့် ဟယ့်မင်ယဲ့နဲ့ တူတယ်၊ သာမန်လူသားနယ်ပယ်ရဲ့ အချုပ်အနှောင်တွေကို ချိုးဖျက်ပြီးနောက် သုံးလအတွင်းမှာပဲ ဟင်းလင်းပြင်နယ်ပယ် တတိယအဆင့်ကို ရောက်သွားပြီး နောက်ဆုံးမှာ ဂိုဏ်းရဲ့ အကြီးအကဲ ဖြစ်လာခဲ့တယ်လေ”
ကူရီးရှန်က လေးစားအားကျသော လေသံဖြင့် ပြောလိုက်သည်။
“စီနီယာအစ်ကို ဟယ့်မင်ယဲ့ရဲ့ တည်ရှိမှုက ကျွန်တော်တို့ မျှော်ကြည့်လို့ရတဲ့ အရာမျိုး မဟုတ်ဘူး”
ကူကျီးရင်းက ပြန်ဖြေသည်။ “ကြားတာတော့ သူ သာမန်လူသားနယ်ပယ်မှာတုန်းက ဂိုဏ်းချုပ်က တမင်တကာ ဖိနှိပ်ထားပြီး ထိပ်တန်းအဆင့် ဆေးပြားပေါင်းများစွာကို အတင်းအကျပ် မျိုချခိုင်းခဲ့တယ်တဲ့၊ အလွန်ခိုင်မာတဲ့ အခြေခံအုတ်မြစ် တည်ဆောက်ပြီးမှပဲ အဆင့်တက်ခွင့် ပေးခဲ့တာဆိုပဲ”
“ရွှီနင်ရဲ့ ပါရမီကတော့ စီနီယာအစ်ကို ဟယ့်မင်ယဲ့နဲ့ ယှဉ်လို့မရတာ သေချာတယ်”
“ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် ဒီလူကို အလေးထားရမယ်”
ကူကျီးရင်းက ဆက်ပြောသည်။ “အစ်မ... အခုပဲ လှုပ်ရှားပြီး သူတို့ဆီက စိတ်ဝိညာဉ်စမ်းရေတွင်းတွေကို သွားလုလိုက်ရင် မကောင်းဘူးလား၊ အဲဒီလိုမဟုတ်ရင် ဒီကောင်လေးက ကျွန်တော်တို့ကို ခက်ခဲစေလာမှာကို စိုးရိမ်တယ်၊ အဲဒီအချိန်ကျရင် ကျွန်တော်တို့ နောက်ထပ် လှုပ်ရှားဖို့ လွယ်မှာ မဟုတ်တော့ဘူး၊ ဒါ့အပြင် တခြားအတွင်းစည်းအဖွဲ့တွေကလည်း လက်သီးခုနစ်ဖော်အဖွဲ့ရဲ့ ကျန်ရှိနေတဲ့ အရင်းအမြစ်တွေကို မျက်စိကျနေကြတယ်၊ ကျွန်တော်တို့ အခု နှောင့်နှေးနေမယ်ဆိုရင် အသားတုံးကြီးတွေကို သူတို့ အရင် စားသွားကြလိမ့်မယ်”
“ငါတို့ အလောတကြီး လုပ်စရာ မလိုပါဘူး”
ကူရီးရှန်က အလွန်တည်ငြိမ်နေပုံရသည်။ “လတ်တလောမှာ တခြားအတွင်းစည်းအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေနဲ့ အဆင့်မြင့်ပိုင်းတွေက နောက်ထပ် နှစ်လနေရင် ကျင်းပမယ့် မိစ္ဆာနှိမ်နင်းရေးပွဲအတွက် ပြင်ဆင်ဖို့ သူတို့ရဲ့ ကျင့်ကြံခြင်းကို အရှိန်မြှင့်နေကြတယ်”
“မိစ္ဆာနှိမ်နင်းပွဲအတွင်းမှာ ဂိုဏ်းချုပ်၊ အကြီးအကဲတွေနဲ့ တခြားလူကြီးတွေ အများကြီး လာရောက်ကြလိမ့်မယ်၊ သူတို့အားလုံးက ဒီအခွင့်အရေးကို အသုံးချပြီး ထင်ပေါ်ကျော်ကြားချင်ကြသလို လူကြီးတွေ သဘောကျအောင် လုပ်ချင်ကြတယ်၊ ဒါကြောင့် လက်သီးခုနစ်ဖော်အဖွဲ့ရဲ့ ကိစ္စတွေပေါ်မှာ အချိန်အများကြီး ပေးကြမှာ မဟုတ်ဘူး၊ အများဆုံး လုပ်ရင်တောင် လက်အောက်ငယ်သားတချို့ကိုပဲ လွှတ်ပြီး လက်သီးခုနစ်ဖော်အဖွဲ့ရဲ့ ပြန့်ကျဲနေတဲ့ အရင်းအမြစ်တွေကို သိမ်းယူခိုင်းရုံလောက်ပဲ ရှိမှာ”
“ပြီးတော့ သူတို့တင် မဟုတ်ဘူး၊ ငါလည်း ပွဲတော်အတွက် အာရုံစိုက် ပြင်ဆင်နေရပြီ”
ကူရီးရှန်က ပြောသည်။ “ငါ လျှို့ဝှက်နည်းစနစ်တစ်ခုကို တတိယအဆင့်အထိ ကျင့်ကြံထားပြီးပြီ၊ ဒါပေမဲ့ မိစ္ဆာနှိမ်နင်းပွဲအတွက်တော့ မလုံလောက်သေးဘူး၊ နောက်ထပ် လျှို့ဝှက်နည်းစနစ် နှစ်ခုကို တတိယအဆင့် ရောက်အောင် အမြန်ကျင့်ကြံရမယ်၊ တတိယအဆင့် လျှို့ဝှက်နည်းစနစ် သုံးခုသာ ရှိရင် ဂိုဏ်းအကြီးအကဲတွေ သဘောကျပြီး အမည်ခံတပည့်ဖြစ်ဖို့ အခွင့်အလမ်း အများကြီး ရှိတယ်”
ကူရီးရှန်၏ မျက်လုံးများ မျှော်လင့်ချက်ဖြင့် အရောင်လက်သွားသည်။
အတွင်းစည်းတပည့်များအနေဖြင့် တပည့်ရင်း ဖြစ်လာရန် မဖြစ်နိုင်သော်လည်း သူတို့သာ လုံလောက်အောင် ထူးချွန်ပါက ဂိုဏ်းအကြီးအကဲများ၏ အမည်ခံတပည့်အဖြစ် လက်ခံခြင်း ခံရနိုင်သည်။
တပည့်ရင်းများအောက် နိမ့်ကျသော်လည်း အတွင်းစည်းတပည့် ဖြစ်နေသည်ထက်စာရင်တော့ များစွာ သာလွန်ပေသည်။
“အဲဒီလိုဆိုရင်တော့ ဒါက တကယ် ပိုအရေးကြီးတာပဲ”
ကူကျီးရင်းက ကူရီးရှန်၏ စကားကို သဘောတူလိုက်သည်။ “လက်သီးခုနစ်ဖော်အဖွဲ့ရဲ့ ပြန့်ကျဲနေတဲ့ အရင်းအမြစ်တွေကို ကျွန်တော် စပြီး စုဆောင်းလိုက်မယ်၊ အစ်မက စိတ်အေးလက်အေးသာ ကျင့်ကြံပါ၊ နည်းစနစ်တွေကို တတိယအဆင့်အထိ ကျင့်ကြံပြီးတာနဲ့ လက်သီးခုနစ်ဖော်အဖွဲ့ရဲ့ စိတ်ဝိညာဉ်စမ်းရေတွင်းတွေကို သွားသိမ်းပိုက်ကြတာပေါ့”
“ကောင်းပြီ”
ကူရီးရှန်က မောင်ဖြစ်သူကို တစ်ချက်ကြည့်လိုက်သည်။ “ဒါပေမဲ့ နင် မှတ်ထားရမှာတစ်ခုက ခွန်အားဆိုတာ အရာအားလုံးရဲ့ အခြေခံအုတ်မြစ်ပဲ၊ အရင်းအမြစ်တွေ ရှာဖွေတာက ကိုယ့်ရဲ့သိုင်းပညာ လေ့ကျင့်မှု တိုးတက်ဖို့အတွက်ပဲ ဖြစ်ရမယ်၊ နင့်သိုင်းပညာစွမ်းအား မတိုးတက်တာ ကြာပြီ၊ ဒါကြောင့် လေ့ကျင့်မှုကို အရှိန်မြှင့်မှ ရမယ်၊ ဘာပဲဖြစ်ဖြစ် မိစ္ဆာနှိမ်နင်းပွဲမှာ နင် ပါဝင်ခွင့်ရဖို့ အခွင့်အရေး ရှိနေတာပဲ”
“သဘောပေါက်ပါပြီ”
ကူကျီးရင်းက နှိမ့်ချစွာ ပြောလိုက်သည်။
…
လဝက်ခန့် ကုန်လွန်သွားပြီနောက်…
မြူခိုးများ ဖုံးလွှမ်းနေသော လရောင်အောက်တွင်…
လူတစ်ဒါဇင်ကျော်ခန့်သည် အရပ်မျက်နှာအသီးသီးမှ စုဝေးရောက်ရှိလာကြသည်။
ယခုလေးတင် သူတို့သည် ရှာဖွေမှုတစ်ခုကို ပြီးမြောက်ခဲ့ကြခြင်း ဖြစ်သည်။
ဤလူတစ်ဒါဇင်စလုံးသည် ယွဲ့လန်ဂိုဏ်းမှ ဖြစ်ကြသည်။
ယခင်က ရှောင်းချီယွင်နှင့် အခြားအတွင်းစည်းတပည့်များသည် မြူထူထပ်သော ညတစ်ညတွင် ဟင်းလင်းပြင်နယ်ပယ် မိစ္ဆာသားရဲတစ်ကောင်ကို ဖမ်းဆီးရန် သွားရောက်ရာမှ ပျောက်ဆုံးသွားခဲ့ကြသည်။ ယခုအခါ အတွင်းစည်းဂိုဏ်းတာဝန်ခံက သူတို့ကို ရှာဖွေရန် လူသူစုဆောင်းပြီး စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။
မတော်တဆမှု မဖြစ်ပွားမီက ရှောင်းချီယွင်သည် အတွင်းစည်း၌ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဂိုဏ်းတာဝန်ခံများနှင့်လည်း ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။
ထို့ကြောင့် သူ ပျောက်ဆုံးသွားပြီးနောက် လူတိုင်းက သူ့ကို ရှာဖွေရန် အစွမ်းကုန် ကြိုးစားနေကြခြင်း ဖြစ်သည်။
“လူမတွေ့ဘူး”
“ဒီမှာ ဘာသဲလွန်စမှ မရှိဘူး...”
“…”
အချိန်အတော်ကြာ ရှာဖွေပြီးသည့်တိုင် ရှောင်းချီယွင်အဖွဲ့၏ သဲလွန်စတစ်ခုမျှ မတွေ့ရသေးပေ။
ရှာဖွေရေးအဖွဲ့အတွင်းရှိ လေထုမှာ အနည်းငယ် မှုန်မှိုင်းနေသည်။
ရှောင်းချီယွင် ပျောက်ဆုံးသွားပြီးနောက် သူတို့သည် ဤနက်ရှိုင်းသော ချိုင့်ဝှမ်းကြီးထဲတွင် လဝက်ကျော်ကြာအောင် ရှာဖွေခဲ့ကြသော်လည်း မည်သည့်အရာမျှ မတွေ့ရှိခဲ့ရပေ။
“ခက်တာပဲ...”
ဂိုဏ်းတာဝန်ခံယွီသည် ရှောင်းချီယွင်နှင့် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိသဖြင့် ဤရှာဖွေရေး၏ ခေါင်းဆောင်အဖြစ် တာဝန်ယူထားခြင်း ဖြစ်သည်။
“ဂိုဏ်းတာဝန်ခံယွီ... စီနီယာအစ်ကိုရှောင်း အသက်ရှင်နေနိုင်ခြေ ဘယ်လောက်ရှိလဲ”
နင်ရွှင်က မေးခွန်းထုတ်လိုက်သည်။
ဂိုဏ်းတာဝန်ခံယွီ ရှာဖွေရေးထွက်ရန် ဆုံးဖြတ်လိုက်စဉ်က နင်ရွှင်သည် ဟင်းလင်းပြင်နယ်ပယ်ရှိ ဂျူနီယာညီငယ် နှစ်ဦးကို ခေါ်ဆောင်ကာ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
သို့သော် ရှာဖွေမှု ကြာရှည်လာသည်နှင့်အမျှ သူတို့၏ မျှော်လင့်ချက်များလည်း မှေးမှိန်လာခဲ့သည်။
“သိပ်နည်းတာပဲ”
ဂိုဏ်းတာဝန်ခံယွီ သက်ပြင်းချလိုက်သည်။
သူသည် ရှောင်းချီယွင်အပေါ် အကောင်းမြင်ထားခဲ့ပြီး ရှောင်းချီယွင်သည် အနာဂတ်တွင် ဟင်းလင်းပြင်နယ်ပယ် စတုတ္ထအဆင့်သို့ သေချာပေါက် ရောက်ရှိမည်ဟု ယုံကြည်ထားခဲ့သည်။ သူ့လိုပင် ဂိုဏ်းတာဝန်ခံတစ်ဦးတောင် ဖြစ်လာနိုင်သည်ဟု တွေးခဲ့ဖူးသည်။
ဟင်းလင်းပြင်နယ်ပယ် နတ်ဆိုးသားရဲတစ်ကောင်ကြောင့် ရှောင်းချီယွင် ပျောက်ဆုံးသွားလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။
“အားလုံးပဲ”
ဂိုဏ်းတာဝန်ခံယွီက လူတိုင်းကို ကြည့်လိုက်သည်။ “ဂိုဏ်းကို ပြန်ကြစို့”
“ဂိုဏ်းတာဝန်ခံယွီ”
နင်ရွှင် ကြားလိုက်ရသောအခါ စိတ်လှုပ်ရှားသွားသည်။ “စီနီယာအစ်ကိုရှောင်းကို ဒီအတိုင်း လက်လွှတ်လိုက်တော့မှာလား”
ဂိုဏ်းတာဝန်ခံယွီက ခေါင်းကို ညင်သာစွာ ယမ်းလိုက်သည်။ “တခြား ရွေးချယ်စရာ မရှိတော့ဘူး၊ ငါတို့ အခု လုပ်နိုင်တာကတော့ ချီယွင်တစ်ယောက် စွန့်စားခန်းတစ်ခုခု ထွက်သွားတာ ဖြစ်ပါစေ၊ အန္တရာယ်မရှိပါစေနဲ့လို့ မျှော်လင့်ရုံပဲ ရှိတော့တယ်”
နင်ရွှင် ဘာမှ ပြောမထွက်တော့ပေ။
ယခု ထွက်ခွာသွားခြင်းသည် ရှောင်းချီယွင်ကို လက်လွှတ်လိုက်ခြင်းပင် ဖြစ်သည်။
“ယွဲ့လန်ဂိုဏ်းကို ပြန်ကြမယ်”
ဂိုဏ်းတာဝန်ခံယွီက နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်သည်။
နင်ရွှင် သဘောမတူချင်သော်လည်း ဂိုဏ်းတာဝန်ခံယွီ၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း သိနေသည်။
သူတို့သာ ဤအတိုင်း ရည်ရွယ်ချက်မရှိ ဆက်လက်ရှာဖွေနေပါက အချိန်ဖြုန်းသလိုသာ ဖြစ်နေပေလိမ့်မည်။
“အချိန်တစ်ခုကြာရင် ချီယွင် ဂိုဏ်းကို ဘေးကင်းကင်းနဲ့ ပြန်ရောက်လာလောက်မှာပါ”
ဂိုဏ်းတာဝန်ခံယွီက နှစ်သိမ့်လိုက်သည်။ “အရင်တုန်းကလည်း ဂိုဏ်းမှာ ဒီလိုမျိုး ဖြစ်ရပ်တွေ ရှိခဲ့ဖူးတယ်၊ အကြာကြီး ပျောက်ဆုံးနေတဲ့ တပည့်တွေက ခဏကြာတော့ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတတ်ကြတယ်၊ ကောင်းတဲ့ဘက်က ကြည့်ရင် သူသေဆုံးသွားတဲ့ သက်သေအထောက်အထား ငါတို့ မတွေ့ခဲ့ရဘူးလေ”
ဤစကားများက နင်ရွှင်ကို မျှော်လင့်ချက် ရောင်ခြည်သန်းစေခဲ့သည်။
သို့သော် ဘာပဲဖြစ်ဖြစ် ဂိုဏ်းသို့ ပြန်ရမည့်အချိန် ရောက်လေပြီ။
နင်ရွှင်သည် လက်သီးခုနစ်ဖော်အဖွဲ့အတွက် ပြန်လည် စိတ်ပူလာမိသည်။
ယခု သူ အတွင်းစည်းတွင် ရှိမနေသဖြင့် လက်သီးခုနစ်ဖော်အဖွဲ့တွင် အသန်မာဆုံးလူမှာ ခန္ဓာထုဆစ်ခြင်းနယ်ပယ်မှ သိုင်းပညာရှင်တစ်ယောက်သာ ရှိတော့သည်။
သူ မရှိခိုက် လက်သီးခုနစ်ဖော်အဖွဲ့သည် တောင့်ခံထားနိုင်ပါစေဟုသာ နင်ရွှင် မျှော်လင့်မိတော့သည်။
…
ရက်အနည်းငယ် ကုန်လွန်သွားခဲ့သည်။
နင်ရွှင်သည် ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်နှစ်ဦးနှင့်အတူ ယွဲ့လန်ဂိုဏ်း၏ အတွင်းစည်းသို့ ပြန်ရောက်လာခဲ့သည်။
သူသည် နွေဦးလခြံဝင်း၏ အခန်းအမှတ် ၆ သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။
ထိုနေရာတွင် လဲ့ချိုင်ဝေးကို တွေ့လိုက်ရသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လဲ့ချိုင်ဝေးသည် နေ့ရောညပါ အလုပ်လုပ်နေခဲ့ရသည်။ သူမသည် လူတို့၏ စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းပေးခြင်း၊ အရင်းအမြစ်များကို စီမံခန့်ခွဲခြင်းနှင့် အကူအညီရရန် လိုက်လံချိတ်ဆက်ခြင်းများကို လုပ်ဆောင်နေခဲ့ရသည်။
သူမ အလွန် အလုပ်ရှုပ်နေခဲ့သည်။
“အစ်ကိုနင်... ပြန်ရောက်လာပြီပဲ”
နင်ရွှင် ပြန်ရောက်လာသည်ကို သိလိုက်ရသောအခါ ရွှီနင်၏ ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးများစွာ လျော့ကျသွားသလို လဲ့ချိုင်ဝေး ခံစားလိုက်ရသည်။
“အစ်ကိုရှောင်းဆီက သတင်း ဘာကြားသေးလဲ”
လဲ့ချိုင်ဝေး ရှေ့တိုးလာပြီး စိတ်အားထက်သန်စွာ မေးလိုက်သည်။
နင်ရွှင်က ခေါင်းခါလိုက်ပြီး သူ့မျက်နှာထားမှာ စိတ်ဓာတ်ကျနေပုံရသည်။
“စီနီယာအစ်ကိုရှောင်းရဲ့ သဲလွန်စတစ်ခုမှ ငါတို့ မတွေ့ခဲ့ရဘူး” ဟု နင်ရွှင် ပြောလိုက်သည်။ “ဒါပေမဲ့ တစ်ဖက်ကကြည့်ရင်လည်း စီနီယာအစ်ကိုရှောင်း သေဆုံးသွားတယ်ဆိုတဲ့ သက်သေအထောက်အထားလည်း မတွေ့ခဲ့ရပါဘူး”
လဲ့ချိုင်ဝေး စိတ်ပျက်သွားမိသည်။
“ငါ မရှိတုန်း လက်သီးခုနစ်ဖော်အဖွဲ့ ဘေးကင်းရဲ့လား”
နင်ရွှင် မေးလိုက်သည်။
ကြားလိုက်ရသောအခါ လဲ့ချိုင်ဝေးသည် သူ ထွက်သွားပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို နင်ရွှင်အား သေသေချာချာ ပြောပြလိုက်သည်။
လခြမ်းဓားအဖွဲ့၏ အနိုင်ကျင့်ဗိုလ်ကျမှုများ၊ အဖွဲ့အတွင်းမှ တပည့်အများအပြား ထွက်ခွာသွားမှုများနှင့် အရင်းအမြစ်အမျိုးမျိုး ခွဲဝေယူငင်သွားကြပုံများကို ပြောပြလိုက်သည်။
ထို့အပြင် ရွှီနင် ဟင်းလင်းပြင်နယ်ပယ်သို့ အဆင့်တက်သွားကြောင်းနှင့် လက်သီးခုနစ်ဖော်အဖွဲ့၏ အဖိုးတန်ဆုံး အရင်းအမြစ်ဖြစ်သော စိတ်ဝိညာဉ်စမ်းရေတွင်း လေးခုကို ကြီးမားသော သစ္စာတရားဖြင့် ကာကွယ်ပေးခဲ့ပုံများကိုပါ ထည့်သွင်းပြောပြလိုက်သည်။
“အော်... အဲဒီလိုကိုး”
အလုံးစုံ ကြားသိရပြီးနောက် နင်ရွှင် သက်ပြင်းချလိုက်သည်။
လက်သီးခုနစ်ဖော်အဖွဲ့ အခက်အခဲ ကြုံတွေ့နေရချိန်တွင် အဖွဲ့ဝင်ဟောင်းများပင် စွန့်ခွာသွားကြပြီး ပြိုင်ဘက်အဖွဲ့များထံသို့ပင် ဝင်ရောက်သွားခဲ့ကြသည်။
မထင်မှတ်ထားဘဲ လူသစ်ဖြစ်သော ရွှီနင်က မတ်မတ်ရပ်ကာ ရှေ့ထွက်လာခဲ့သည်။
“ချိုင်ဝေး...”
စဉ်းစားပြီးနောက် နင်ရွှင် ပြောလိုက်သည်။ “ရွှီနင်က ငါတို့ အာရုံစိုက်ထိုက်တဲ့သူပဲ၊ ငါတို့ရဲ့ စိတ်ဝိညာဉ်စမ်းရေတွင်းတွေကို သူ စိတ်ကြိုက်သုံးခွင့် ပေးရုံတင်မကဘူး၊ လက်သီးခုနစ်ဖော်အဖွဲ့ရဲ့ ကျန်ရှိနေတဲ့ အရင်းအမြစ်အားလုံးကို အခု သူ့ဆီ ပုံအောပေးရမယ်”
“ဆေးပြားပဲဖြစ်ဖြစ်၊ ဝိညာဉ်ဆေးပင်ပဲဖြစ်ဖြစ်၊ ဂိုဏ်းအမှတ်ပဲဖြစ်ဖြစ်၊ ရွှီနင် လိုအပ်သရွေ့ သူလိုချင်သလောက် ငါတို့ ပေးမယ်”
နင်ရွှင်က လဲ့ချိုင်ဝေးကို ပြတ်ပြတ်သားသား ပြောလိုက်သည်။
လဲ့ချိုင်ဝေးက နင်ရွှင်ကိုကြည့်ပြီး လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ “သဘောပေါက်ပါပြီ”
နင်ရွှင်သည် ရွှီနင်၏ စိတ်ဓာတ်နှင့် ပါရမီ နှစ်ခုစလုံးကို အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း လဲ့ချိုင်ဝေး ကောင်းစွာ နားလည်လိုက်သည်။
လဲ့ချိုင်ဝေး၏ ပြောပြချက်များကို နားထောင်ပြီးနောက် နင်ရွှင် အရာအားလုံးကို သဘောပေါက်သွားခြင်း ဖြစ်သည်။ ရွှီနင်၏ လက်ရှိခွန်အားအရ သူသာ အစစ်အမှန်ချီအဆင့်သို့ တက်လှမ်းနိုင်ပါက အတိုင်းအတာတစ်ခုအထိ ရှောင်းချီယွင်၏ နေရာကို အစားထိုးနိုင်မည်ဖြစ်ပြီး လက်သီးခုနစ်ဖော်အဖွဲ့၏ ထိပ်တန်းအားထားရာ ဖြစ်လာပေလိမ့်မည်။
“သာမန်လူသားနယ်ပယ်မှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ် ရှိထားတဲ့ ရွှီနင်က ဟင်းလင်းပြင်နယ်ပယ် ပထမသုံးဆင့်အတွက် အလွန်လျင်မြန်စွာ တက်လှမ်းနိုင်လိမ့်မယ်၊ ငါတို့ သူ့ကို အစစ်အမှန်ချီအဆင့်ကို အမြန်ဆုံး ရောက်ရှိလာအောင် ဘယ်လိုနည်းနဲ့မဆို ကူညီပေးရမယ်”