ရှေ့ဆက်ရမည့်ခရီး
Vol. 6 Ch. 503
လေ့ကျင်းသည် သစ်သားဓားလေးကိုကိုင်ကာ ပန်းပုရုပ်တုရှေ့တွင် ရပ်နေလေသည်။
"ကျင်းအော်… ဆက်မထုနဲ့၊ ရပ်လိုက်တော့…"
ဆန်းလျန်က နူးညံ့စွာ ပြောလိုက်သည်။
ဆန်းလျန်၏ စကားသံကြားတော့မှ လေ့ကျင်းသည် စိတ်လျှော့ လိုက်တော့သည်။ ပင်ပန်းမှုကြောင့် သူမ လဲကျမသွား သည်မှာပင် ကံကောင်းလေသည်။
"ဆရာက ဒီပန်းပုရုပ်တုရဲ့ မျက်လုံးတွေကို ထွင်းထု ပေးမှာလား”
သူမက ပင်ပန်းနေသည့် လေသံဖြင့် မေးလိုက်သည်။
ဆန်းလျန်ကပြုံးလိုက်ရင်း…
"ဘယ်တုန်းက မျက်လုံးတွေ ထွင်းပေးမယ်လို့ ပြောဖူးလို့လဲ၊ ကဲ… အခု အနားယူလိုက်ဦး၊ မနက်ဖန် နန်းတော်မှာ ပွဲတော်ကျင်းပမှာ၊ မင်းရဲ့ပန်းပုရုပ်တုကို မင်းရဲ့ဦးရီးတော် သဘောကျမှာ သေချာပါတယ်”
လေ့ကျင်းက တအံ့တသြဖြင့်…
"မနက်ဖန် ပွဲတော်ရက်တောင် ရောက်ပြီလား၊ အချိန်တွေ ဘယ်လို ကုန်သွားပါလိမ့်"
သူမသည် ပန်းပုရုပ်တုကို စိတ်ဝင်တစား ထုလုပ်နေမိပြီး အချိန်တစ်ရက် နှစ်ရက်ခန့်သာ ကြာသေးသည်ဟု ထင်မှတ်နေမိခဲ့ခြင်း ဖြစ်လေသည်။
"ကျင့်ကြံသူတွေက နေ့ရက်တွေကို ရေတွက်လေ့မရှိကြဘူး၊ တစ်နှစ်ကိုလည်း တစ်ရက်လို ခံစားလို့ရနိုင် တာပါပဲ၊ မနက်ဖန် ပွဲတော်ကိုသွားရအောင်၊ အခုကောင်းကောင်း အနားယူလိုက်နော်"
ဆန်းလျန်က ပြောလိုက်လေသည်။
ဆန်းလျန်၏ စကားသံများသည် တန်ခိုးစွမ်းအားများနှင့် ပြည့်နှက်နေသည့်အလား လေ့ကျင်းကို အိပ်ငွေ့ချလိုက် သလိုဖြစ်ကာ ချက်ချင်းပင် အိပ်ငိုက် လာတော့သည်။ ဆန်းလျန်သည် သူမကို ပွေ့ချီကာ အိပ်ရာထက်သို့ ပို့ပေးလိုက်ရလေသည်။
သူမ အိပ်ပျော်သွားသည်နှင့် နှာခေါင်းနှင့် ပါးစပ်များမှ အသက်ရှူခြင်း မရှိတော့ပေ။ သူမ၏ ခန္ဓာကိုယ် မွေးညင်းပေါက် လေးများမှ အသက်ရှူ နေလေသည်။ အပြင်ဘက်မှ လရောင်သည် သူမ၏ ခန္ဓာကိုယ်ဆီသို့ ဖြာကျနေပြီး ထိုလရောင် မှထူးဆန်းသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာကာ သူမ၏ မွေးညင်းပေါက်လေးများမှ တစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက် သွားလေသည်။ ထိုထူးဆန်းသည့် လရောင်စွမ်းအားသည် လေ့ကျင်း၏ ခန္ဓာကိုယ် အတွင်းမှ ရှေးကျပြီး ထူးဆန်းသည့် စွမ်းအားတစ်ခုနှင့် ပေါင်းစပ် သွားလေသည်။
ထိုရှေးကျသည့် တန်ခိုးစွမ်းအား၏ နက်ရှိုင်းမှုကို ဆန်းလျန် ခံစား၍ ရလေသည်။ ထိုစွမ်းအားများသည် ဆန်းလျန်၏ စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း စာအုပ်မှ တန်ခိုးစွမ်းအား များကို ဆွဲငင်နေသလို ခံစားရလေသည်။
ဆန်းလျန်သည် စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်စာအုပ်နှင့် ရှားမျိုးနွယ်များ ကြားတွင် ဆန်းကြယ်သည့် လျှို့ဝှက်ချက် တစ်ခုရှိနေမည်ဟု မျှော်လင့်မထားခဲ့မိပေ။
ကြည့်ရသည်မှာ ကျောက်စိမ်း ကျိုင်းတံကို ကိုင်ဆောင်ထားသည့် မူလနတ်ဘုရား လင်ပေါင်ထျန်းကျွင်းနှင့် ရှားမျိုးနွယ်များသည် ပတ်သက်မှု တစ်ခုခု ရှိရပေမည်။ သို့မဟုတ် သူတို့ကြားတွင် ပဋိပက္ခ တစ်ခုခု ရှိခဲ့သည်လည်း ဖြစ်နိုင်လေသည်။ ဆန်းလျန်သည် ထိုအကြောင်းအရာ များကို သိချင်နေမိတော့သည်။
ယခုတော့ ဆန်းလျန်သည် တာ့ရှား ဧကရာဇ်ကို ပိုပြီး စိတ်ဝင်စားနေမိပြီ ဖြစ်လေသည်။
ဆန်းလျန်သည် အနားတွင် ရှိနေသည့် ခွန်ဝူကျောက်ဖြင့် ထုလုပ်ထားသည့် တာ့ရှားဧကရာဇ်၏ ပန်းပုရုပ်တုကြီးကို စိုက်ကြည့် နေမိလေသည်။ ပန်းပုရုပ်တုကြီးမှာ ငြိမ်သက် နေသည့်တိုင် တာ့ရှားဧကရာဇ် ကိုယ်တိုင် အနားတွင် ရောက်နေသည့် အလား ခံစားရစေလေသည်။
တာ့ရှားဧကရာဇ်သည် မည်သို့သော ထူးဆန်းဖွယ်ရာများကို ပြုလုပ်လေဦးမည်နည်း။
ဆန်းလျန်၏ ကျင့်စဉ်လမ်းသည် ရှားမျိုးနွယ်များနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်လေသည်။ ထို့ပြင် တာ့ရှားဧကရာဇ်နှင့် ဆန်းလျန်သည် တန်ခိုးစွမ်းအား အရာတွင် အဆင့်တူညီလေသည်။ အမှန်တော့ ဆန်းလျန် တိချိုးမြို့တော်တွင် နေထိုင်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းမှာ တာ့ရှားဧကရာဇ်ကို စိတ်ဝင်စားမိ သောကြောင့်ပင် ဖြစ်လေသည်။
လရောင်သည် ကျီဝေ့ စာသင်ခန်း အတွင်းသို့ ဖြာကျနေလေသည်။
ဆန်းလျန်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် လေ့ကျင်းကို ငေးကြည့်နေမိလေသည်။
"တစ်နေ့ကျရင် မင်းရဲ့ဘဝခရီးဟာ ရှည်လျားပြီး ခက်ခဲမယ်ဆိုတာ မင်းနားလည် လာလိမ့်မယ်၊ ဒါပေမယ့် ဘယ်တော့မှ ကျုပ် အခု ဆုံးဖြတ်လိုက် သလိုမျိုး လမ်းတစ်ဝက်မှာ အလျှော့ မပေးလိုက်နဲ့"
လေ့ကျင်းသည် ဆန်းလျန်၏ စကားများကို ကြားနိုင်မည် မဟုတ်ပါ။ သို့သော် နောင်တစ်ချိန်တွင် သူမ နားလည်လာ မည်ဟု ဆန်းလျန် မျှော်လင့် လိုက်မိလေသည်။
မည်သည့် ပြဿနာများပင် ရှိပါစေ လေ့ကျင်းသည် သူ၏ တပည့်တစ်ယောက် ဖြစ်လေသည်။ သူသည် လေ့ကျင်း၏ ဆရာဖြစ်ခဲ့ပြီး လေ့ကျင်း အပေါ်တွင် တပည့်တစ်ယောက် အပေါ် ထားရှိသည့် စေတနာများ အပြည့်အဝ ထားရှိခဲ့လေသည်။
ဆန်းလျန်သည် အတွေး ရေယဉ်ကြောတွင် မျောနေခဲ့လေသည်။
မိုးကောင်းကင် နတ်ဘုရား အဆင့်တက်ရောက် နိုင်ခဲ့ပြီးသည့်နောက် သူရင်ဆိုင်ခဲ့ရသည့် အကြီးမားဆုံး စိန်ခေါ်မှုများမှာ တစ်နှစ်ခန့်သာမဟုတ်ပေ။ နှစ်ပေါင်းတစ်ရာလည်း ဖြစ်နိုင်သလို နှစ်ပေါင်း တစ်ထောင်အထိလည်း ကြာမြင့်နိုင်လေသည်။
ထိုသို့ နှစ်ပေါင်းများစွာ ကုန်လွန်လာသည်နှင့်အမျှ သူသည် အထီးကျန်မှုကို ခံစားလာရပြီး ထိုသို့ အထီးကျန်မှုသည်ပင်လျှင် သူ့ဘဝတွင် အကြီးမားဆုံးရန်သူ ဖြစ်လာပေလိမ့်မည်။ ထိုက်ယီထျန်းရှန်း အဆင့်သို့ မရောက်မချင်း ဘဝခရီးကို ထိုသို့ပင် အထီးကျန်စွာ လျှောက်လှမ်း နေရမည် ဖြစ်လေသည်။
ဘဝတွင် ရင်ဆိုင်ရသည့် ကစားပွဲများသည် မည်မျှပင် စိတ်ဝင်စားစရာ ကောင်းပါစေ သူ့ဘေးနားတွင် လက်တွဲဖော်ဆို၍ မည်သူတစ်ဦး တစ်ယောက်မှ ရှိမည်မဟုတ်ပေ။
ကျောက်ရှောင်ယွီ….
ဆန်းလျန် ကျောက်ရှောင်ယွီကို သတိရလိုက်မိလေသည်။
ကျောက်ရှောင်ယွီသည် သူနှင့်အရင်းနှီးဆုံး မိန်းကလေး တစ်ယောက် ဖြစ်ခဲ့လေသည်။ သို့တိုင်အောင် သူမသည် အချိန်ကြာလာသည်နှင့်အမျှ သူ့ကို တဖြည်းဖြည်း မေ့ပျောက် သွားပေလိမ့်မည်။
ယခုတော့ ယန်ရွှီးကို ပိုပြီးနားလည်လာသလို ခံစားနေမိသည်။ ယန်ရွှီးသည် ကျင့်စဉ်လမ်းကို လိုက်လျှင် ထိုသို့ပင် အထီးကျန်ဆန်မည်ကို သဘောပေါက်ပြီးသား ဖြစ်လေသည်။
ညသည် မှောင်မိုက်ပြီး တိတ်ဆိတ် နေလေသည်။ အထီးကျန်ဆန်လှသည့် ညအချိန်တွင် ဆန်းလျန်သည် အတွေးများ ဆက်လက် နယ်ချဲ့နေမိပြန်လေသည်။
ဆန်းလျန်သည် ပျောက်ဆုံးသွားသည့် ဂိုဏ်းတူအစ်ကို ချန်ကျန့်မေအကြောင်း စဉ်းစား နေမိပြန်သည်။ မာနကြီးလွန်း သည့်ဂိုဏ်းတူ အစ်ကိုသည်လည်း ကျင့်စဉ်လမ်းသည် မည်မျှ အထီးကျန်မည်ကို နားလည် သဘော ပေါက်ခဲ့လေသည်။
ယခုတော့ သူ ဘယ်ဆီသို့ ရောက်နေပြီလဲ။
အသက်ရှင်လျက် ရှိနေသေးပါရဲ့လား။
သူတို့ ပြန်လည် ဆုံတွေ့ကြမည်ဆိုလျှင် ယခင်ကလို ညီရင်းအစ်ကို သံယောဇဉ်မျိုးရှိနေဆဲ ဖြစ်မည်လား။ သို့မဟုတ် တာအိုအတွက် တိုက်ခိုက်ရမည့် ရန်သူများ ဖြစ်လာမည်လား။
ကံကြမ္မာဆိုသည်က ကြိုတင်ခန့်မှန်း၍ မရနိုင်ပေ။ ထို့ကြောင့် အနာဂတ်တွင် မည်သို့ ဖြစ်လာမည်ဆိုသည့် အချက်မှာ စိတ်ဝင်စားစရာ ကောင်းလှလေသည်။
တာ့ရှားဧကရာဇ်သည် ညစာစားပွဲကို ခမ်းနားစွာဖြင့် စီစဉ်ထားလေသည်။
တာ့ရှားဧကရာဇ်က ဝူတင်နှင့် ကွမ်းလုန်ကျီကိုလည်း ပွဲတော်သို့ ဖိတ်ကြား ထားလေသည်။
လက်ရှိအခြေအနေတွင် အဖြူရောင်မင်းကြီး၏သားတော် တိုင်းပြည် တည်ထောင်သည့် သတင်းနှင့် ထျန်းယီ အကြီးအကဲကို မည်သို့ စီရင်ချက် ချမည်ဆိုသည့် သတင်းက တိချိုးမြို့တော်တွင် လူအများ စိတ်ဝင်စားသည့် သတင်းတစ်ခု ဖြစ်နေလေသည်။
လူအချို့က တာ့ရှားဧကရာဇ်သည် ထျန်းယီကို လွှတ်ပေးလိမ့်မည်ဟု ပြောဆိုနေကြပြီး အချို့ကတော့ ထျန်းယီကို မကြာခင်အချိန်တွင် ကွက်မျက်လိမ့်မည်ဟု ပြောဆိုနေကြလေသည်။
သူတို့ ပြောဆိုနေကြသည်များမှာ ဘုရင့်ညီလာခံတွင် နားရွက် နှစ်ဖက်လုံး အဖြတ်ခံခဲ့ရသည့် အမတ်မင်း ရှင်းလျဲ့ ပြောခဲ့သည့် စကားများပင် ဖြစ်လေသည်။
ရှင်းလျဲ့သည် မင်လော့၏ မိစ္ဆာဓားကောက်ကြီးဖြင့် နားရွက်များ အဖြတ်ခံလိုက်ရပြီ ဖြစ်သည့် အတွက် သူ၏နားရွက်များသည် မည်သည့်အခါမှ အကြားအာရုံ ပြန်ရတော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မင်လော့၏ မိစ္ဆာဓားကောက်ကြီးမှာ သွေးနီ ပယ်လယ်တွင် ကျင့်ကြံပေးထားသည့် သွေးဓား ဖြစ်နေသောကြောင့်ပင်။ ထိုဓားကြီးမှ မိစ္ဆာစွမ်းအားများသည် ရှင်းလျဲ့၏ နားနေရာတွင် စွဲထင်နေပြီး အာရုံကြောများ အားလုံး ပိတ်ဆို့ သွားခဲ့လေသည်။
ရှင်းလျဲ့ မိုးကောင်းကင် မီးတောက် တန်ခိုးစွမ်းအား ရရှိရန်အတွက် ခုနစ်ကြိမ်မြောက် လူပြန်ဝင်စားလျှင်ပင် သူသည် အကြားအာရုံ ပြန်ကောင်းတော့မည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် မည်သူမှ ရှင်းလျဲ့အကြောင်းကို မပြောရဲကြပေ။ ရှင်းအိမ်တော် သည်ပင်လျှင် ရှင်းလျဲ့အကြောင်းကို မသိသလို လုပ်နေကြလေသည်။
ရှင်းလျဲ့ အကြောင်းကိုပြောဆိုမိပါက တာ့ရှားဧကရာဇ် အမျက်တော် ရှမည်ကို အားလုံးက စိုးရိမ်ကြသောကြောင့် ဖြစ်လေသည်။ ဧကရာဇ်၏ အပြစ်ပေး ခံထားရသူ တစ်ယောက် အကြောင်းကို မည်သူက အရေးလုပ်ပြီး စကား ပြောရဲပါတော့မည်နည်း။
ဝူတင်နှင့် ကွမ်းလုန်ကျီသည် ဝမ်ချန်နန်းတော်သို့ ရောက်လာကြလေသည်။
သူတို့သည် ရှားထိုက် အကျဉ်းထောင် အနီးတွင်ရှိသည့် ဝူမန်တံခါးမှ ဝင်ရောက် လာကြလေသည်။ ဝူတင်၏စိတ်ထဲတွင် ရှားထိုက် အကျဉ်းထောင်သို့ သွားချင်စိတ်များ ထိန်းမရသိမ်းမရ ဖြစ်ပေါ် နေမိလေသည်။ သူ၏ ဦးလေးဖြစ်သူ ထျန်းယီ အဆင်ပြေပါမည်လား ဆိုသည်ကို သူအလွန် သိချင်နေမိသည်။
သို့သော်… သူသည် ကွမ်းလုန်ကျီထံတွင် ပညာသင်ကြား ခဲ့ပြီးသည့်နောက် ကျင့်စဉ်လမ်းတွင် အတော်အတန် တိုးတက်မှု ရှိခဲ့လေသည်။ ထို့ကြောင့် ဦးလေးဖြစ်သူကို တွေ့ချင်မိသည့်တိုင် သူ့စိတ်ကိုသူ ထိန်းနိုင်ခဲ့လေသည်။
ကွမ်းလုန်ကျီသည် ဝူတင်၏ စိတ်ခံစားချက်များကို သိရှိသည့်တိုင် သူ့ကို နှစ်သိမ့်ပေးခြင်း မပြုခဲ့ပါ။
ဆန်းလျန်ပြောသည့် စကားကို ကွမ်းလုန်ကျီ သတိရနေမိလေသည်။
“ဝူတင်သည် အနာဂတ်တွင် ကြီးမြတ်သည့် အောင်မြင်မှုများစွာ ရရှိလိမ့်မည်” ဟု ဆန်းလျန်က ပြောခဲ့လေသည်။
သို့သော် စိတ်အားထက်သည့် လူငယ်လေးသည် အဆင့်မြင့် ကျင့်စဉ်လမ်းကို မလျှောက်လှမ်း နိုင်ပါက ဧကရာဇ်တစ်ပါး အဖြစ် ရပ်တည်ရန် ခက်ခဲမည် ဖြစ်လေသည်။
ဝမ်ချန်နန်းတော် ညစာစားပွဲသို့ ဆန်းလျန်လည်း ရောက်ရှိနေခဲ့လေသည်။
တာ့ရှားဧကရာဇ်က တာ့ရှားပြည်၏ ကြွယ်ဝမှုကို ပြသရန် အတွက် အနယ်နယ်အရပ်ရပ်မှ သံတမာန် များကိုလည်း ညစာစားပွဲသို့ ဖိတ်ကြားထားလေသည်။
ဆန်းလျန်သည် ရှီးလျန်ပြည်၏ သံတမာန်အဖြစ် ညစာစားပွဲသို့ ရောက်ရှိလာခြင်း ဖြစ်လေသည်။
ဆန်းလျန်သည် သံတမန်များကြားတွင် ရောနှောပြီး ထိုင်နေသည့်တိုင် သူ၏ ခမ်းနားသည့် ပုံသဏ္ဌာန်က အလွန်မှ သိသာ ထင်ရှားနေလေသည်။
ထိုစဉ်….
လူတစ်ယောက်သည် ဆန်းလျန်ရှေ့သို့ ရောက်ရှိလာလေသည်။
***