အခန်း (၁၄၃)
Vol. 15 Ch. 143
အခန်း(143)
ယင်ရိလျိုတစ်ယောက် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး ပတ်ဝန်းကျင်ကို စတင် စစ်ဆေးကြည့်ရှုလိုက်၏။
သူတို့က တဲတစ်ခုထဲတွင် ဖြစ်ပုံရပြီး အနက်ရောင်အဝတ်စများ ဝန်းရံခံထားရသည်။ သူတို့၏ရှေ့တွင် အဟရာ အသေးလေးတစ်ခုသာ ရှိသည်။ တဲအဟကို လှပ်လိုက်လျှင်တော့ အပြင်ဘက်ကို သူမ မြင်နိုင်လိမ့်မည်။
သူတို့၏မြင်ကွင်းထဲတွင် ကောင်းကင်မရှိသောကြောင်း ဤနေရာက တောအုပ်နှင့်မတူချေ။
အမိုးက ဆယ်မီတာနီးပါး မြင့်ပုံရပြီး အခါအားလျော်စွာ သစ်ပင်များကို ရိပ်ခနဲမြင်ရလေသည်။ သို့သော်ငြား သူတို့က သိပ်သည်းသော အသစ်ပင်၏ပေါင်းမိုးများကို မမြင်ရဘဲ ပင်စည်၏အလည်ပိုင်းကိုသာ မြင်ရလေ၏။
ထိုမြင်ကွင်းက အနီးကပ် ကြည့်ရှုနေရသည့်နှယ် ပို၍ခံစားနေရသည်။
အပြင်ဘက်တွင်မြက်များက တမူထူးစွာ ရှည်လျားနေပြီး အနီးနားတွင် တစ်စုံတစ်ခုက ဖျော့တော့သော အလင်းထုတ်လွှင့်နေကာ မည်သည့်အရာဖြစ်ကြောင့် မရှင်းလင်းသော အရာများလည်း ရှိနေ၏။
ယင်ရိလျိုက ရှုခင်းကို စိုက်ကြည့်လျက် စိတ်ရှုပ်ထွေးသွားပြီး ကျင်းယန်ကို မေးလိုက်သည်။
“ကော... ဘာတွေဖြစ်နေတာလဲ!”
ကျင်းယန် ကလေးမလေးကို ညင်သာစွာ နေရာချပေးပြီး သူမကို ပို၍သက်တောင့်သက်သာ ဖြစ်စေရန် ပြုလုပ်ကာ ဖြေလာခဲ့၏။
“ကောတို့က မြေအောက်မှာ”
မြေအောက်မှာ!
ယင်ရိလျို မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“မြေအောက်မှာ ဒီလိုမျိုး နေရာလွတ်ကြီး ဘယ်လိုလုပ်ရှိနေနိုင်တာလဲ၊ ထူးဆန်းလိုက်တာ”
ကနဦး၌ ကျင်းယန်က သူမကိုကယ်တင်ခဲ့သောကြောင့် သူမကို ထိုထူးဆန်းသောသတ္တဝါက တရွတ်တိုက်ဆွဲသွားခြင်းကို မခံခဲ့ရဟူ၍ ထင်ခဲ့လေ၏။
သူမ မသိခဲ့သည်မှာ သူမ၏ခြေကျင်းဝတ်တစ်ဝိုက် ရစ်ပတ်နေသော လက်တံကြီးကို ကျင်းယန် အပြင်းအထန် တိုက်ခိုက်ပြီးနောက်တွင် လက်တံအနည်းငယ်က မြေပြင်မှာ ထပ်ထွက်ကြပြီး သူတို့၏ ဆူးများသော လက်တံကို လွှဲယမ်းပြီး ကျင်းယန်ကို ကြမ်းကြုတ်စွာ ရိုက်ခတ်ခဲ့သည်။
ကျင်းယန်က သူမကိုထွေးပိုက်ကာ ကာကွယ်နိုင်ရုံမျှသာ ကာကွယ်နိုင်ပြီး သူမကိုသာ ထပ်မံ၍အန္တရာယ်မဖြစ်စေရန်ပြုလုပ်နိုင်ခဲ့၏။ ရလာဒ်အနေဖြင့် သူမနှင့်အတူ မြေအောက်သို့ အဆွဲခံလိုက်ရသည်။
ယင်ရိလျို လျှာခလုတ်တိုက်သွားခဲ့လေ၏။
“ဒီတော့.. ကျောင်းကျဲကျဲနှင့် တခြားသူတွေကရော”
“ကောတို့ သူတို့နဲ့မတွေ့သေးဘူး.. ဒီတော့ သူတို့က မတူတဲ့နေရာကို ခေါ်သွားခံရတာဖြစ်နိုင်တယ်”
ကျင်းယန် ပြန်ဖြေခဲ့သည်။
ဤနေရာသို့ ဆင်းသက်ပြီးနောက် ကျင်းယန်က အလွန်သတိထားပြီး ရေဘဝဲလက်တံနှင့်တူသော ဧရာမ သန္ဓေပြောင်းသတ္တဝါကြီးများနှင့် ထိပ်တိုက်တွေ့ရန် မျှော်လင့်ထားလေ၏။
သို့သော်ငြား သူတို့က ၎င်းတို့နှင့် မပက်ပင်းမတိုးခဲ့ချေ။ ထို့အစား သူတို့အနေဖြင့် ဤကိုးရိုးကားရားနိုင်သော အပြင်လောကနှင့် အဆက်အဆံကင်းသည့် နေရာထဲတွင် ရှိနေလေသည်။
မှောင်နေသော်လည်း သူ၏ဆင့်ကဲပြောင်းလဲသည့် မျက်လုံးများက ရှင်းလင်းစွာမြင်နိုင်ကာ သွားလာနိုင်ပေသည်။
သူ ဤနေရာကိုရှာဖွေခဲ့ပြီး တခြားအသင်းဝင်များ၏ ခြေရာလက်ရာများကို ရှာပြီးနောက်တွင် သူတို့က လူစုကွဲသွားကြောင်း သိရှိခဲ့လေသည်။
“ဒီတော့ အခု ကျွန်မတို့ ဘာလုပ်ကြမလဲ?”
ကျင်းယန် စကားပြောတော့မည့် အချိန်တွင် တဲအနီးကို ချဥ်းကပ်လာသော ခြေသံများကို ကြားလိုက်ရလေ၏။ ယင်ရိလျို သတိကြီးသွားသော်ငြား ကျင်းယန်က တည်ငြိမ်နေဆဲပင်။
တခဏကြာပြီးနောက် အင်္ကျီလက်ကို လိပ်တင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က တဲ၏ဝင်ပေါက်မှ လှမ်းချောင်းကြည့်လာခဲ့၏။ သူ၏မျက်နှာကတော့ ညို့မှိုင်းနေခဲ့လေသည်။
“ညီအစ်ကို ကျင်းယန် ၊ လာပြီး တစ်ခုခု စားဦးလေ”
ထိုအမျိုးသားက ပြောခဲ့၏။
ယင်ရိလျိုနှင့် ကျင်းယန်တို့ အံ့အားသင့်သွားခဲ့ချိန်တွင် ထိုအမျိုးသားက ဆူးချွန်များပြည့်နေသည့် သူ၏ခေါင်းကို ကုတ်လိုက်ပြီး ယင်ရိလျိုကို ဖော်ရွေသော အပြုံးတစ်ခု ပြုံးပြလေသည်။
“အိုး ကြည့်ရတာ ကလေးမလေးက နိုးလာပြီပဲ.. အတူတူ စားရအောင်လေ”
သူတို့ တဲထဲမှထွက်လိုက်ချိန်တွင် ယင်ရိလျို၏ခေါင်းက ချာချာလည်နေဆဲဖြစ်၏။ သူတို့၏ကိုယ်ပိုင်တဲအပြင် သူတို့တစ်ဝိုက် အနီးအနားတွင် ဆောက်ထားသော တခြားတဲ သုံးခု၊ လေးခုလောက်ရှိလေသည်။
အမျိုးသားနှင့် အမျိုးသမီး အနည်းငယ်က မီးပုံတစ်ခုဘေးတွင် ဝိုင်းထိုင်နေကြကာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရပြီး မီးပေါ်တွင် ကင်ထားသော တံစို့မှလည်း အသား၏သင်းရနံ့လည်း ရှိ၏။
ဘာတွေဖြစ်နေတာလဲ?
မီးပုံဘေးတွင် ထိုင်၍ အစ်မကြီးနှစ်ယောက်ဆီမှ ပွေ့ဖက်မှုနှင့် အနမ်းများကို ရပြီးနောက်မှသာ ဖြစ်ပျက်ခဲ့သည့်အရာများကို ယင်ရိလျို နားလည်ခဲ့သည်။
သူတို့သည်က သေချာပေါက် မြေအောက်တွင်ဖြစ်နေပြီး ဤနေရာကို မနှစ်မြို့ဖွယ် အနီပုပ်ရောင် တိုင်သဏ္ဍာန်သတ္တဝါများ ခေါ်ဆောင်လာခြင်းခံခဲ့ရ၏။
သူတို့အပြင် ပျောက်ဆုံးနေသော ဆင့်ကဲပြောင်းလဲသူများနှင့် သန္ဓေပြောင်းသားရဲများသည်လည်း မြေအောက်ကို တရွတ်တိုက် ဆွဲလာခံခဲ့ရသည်။
သို့သော်ငြား ကျယ်ပြောသော မြေအောက်နေရာလွတ်တစ်ခုက မည်သို့ ရှိနေနိုင်ပြီး ထိုထူးဆန်းသော အနီပုပ်ရောင်သတ္တဝါများက မည်သည့်အကောင်များ ဖြစ်ကြောင်းကို ယင်ရိလျို နားမလည်နိုင်သေးချေ။
အတိုချုပ် မိတ်ဆက်ပြီးနောက် ယင်ရိလျိုနှင့်ကျင်းယန်က ဤလူများအားလုံးကို သိလိုက်ရ၏။
ကျင်းယန်က အတော်လေးတိုက်ဆိုင်စွာဖြင့် သူတို့ယာယီနေအိမ်၏ ငါးဆယ်မီတာအတွင်း ပြုတ်ကျသွားခဲ့သည်။
သူတို့အနေဖြင့် အုတ်အော်သောင်းနင်းသံကို ကြားသည့်အခိုက် အပေါ်ဘက်လောကကြီးက သူတို့ဆီသို့ သန္ဓေပြောင်းသားရဲများ ထပ်ပို့နေခဲ့သည်ဟု ထင်ခဲ့ကြ၏။ သူတို့ စိတ်လှုပ်ရှားသွားခဲ့ကြကာ အမဲလိုက်ရန် ပြင်ဆင်ခဲ့ကြသည်။
သို့သော်ငြား သူတို့ ထိုနေရာကို ရောက်သော်ငြား အလွန် ချောမောသောအမျိုးသားတစ်ယောက်က သတိလစ်နေသော ကလေးမလေးတစ်ယောက် ပွေ့ဖက်ထားကြောင်းမြင်ခဲ့ရလေ၏။
ကလေးမလေးတွင် ဖြူဖွေး၊ သိမ်မွေ့သောမျက်နှာလေးနှင့် ခေါင်းထိပ်တွင် ယုန်နားရွက်တစ်စုံရှိနေပြီး နားရွက်များမှာ နာကျင်မှုကြောင့် လက်ရှိတွင် ကုတ်ကျနေကာ အတော်လေး သနားစဖွယ်ကောင်းနေလေသည်။
“လောကကြီးက ကျဥ်းကျဥ်းလေးပဲ”
ကျန်းယွီချန် အမည်ရသော ဆူးချွန်ခေါင်းနှင့် အမျိုးသားက အားရပါးရပြုံးပြပြီး သူ၏တံစို့ကင်ကို လှည့်လိုက်၏။
သူက အတော်လေး ဗဟုသုတကြွယ်ဝသော်ငြား သူ၏ခန္ဓာကိုယ်တည်ဆောက်ပုံက အမှန်တကယ် တောင့်ဖြောင့်ပြီး သူ၏မျက်နှာတစ်ခုလုံးတွင် မျက်လုံးများနှင့် သွားများကသာ ပုံမှန်အရွယ်အစားဖြစ်နေသောကြောင့် နွားသိုးတစ်ကောင်နှင့်ပင် တူလေသည်။
မိတ်ဆက်ပြီးနောက် ယင်ရိလျိုနှင့် ကျင်းယန်မှာ ဤလူများက ပျောက်ဆုံးနေသော ဆင့်ကဲပြောင်းလဲလူသား အသင်းများ ဖြစ်ကြောင်းသိခဲ့ရပြီး စုစုပေါင်း နှစ်သင်းဖြစ်လေ၏။
တစ်သင်းမှာ မြို့တော်Bမှ ကျောက်တုံးဖြူအသင်းဖြစ်ပြီး နောက်တစ်သင်းမှ မြို့တော်Z အနီးရှိ အခြေစိုက်စခန်းကြီးဖြစ်သည့် ချင်းဖန်အခြေစိုက်စခန်းမှ စေလွှတ်ခဲ့သည့် အသင်းတစ်သင်းဖြစ်သည်။
မြေအောက်ကို တရွတ်တိုက်ဆွဲလာခံရပြီးနောက် သူတို့က မကြာခဏ စုဝေးခဲ့ပြီး ယခု သူတို့၏အဖွဲ့ထဲတွင် လူဦးရေ ဆယ်ယောက်ထက်ပင် နည်းနေ၏။
“ဒီနေရာက ကျဥ်းတယ်ဆိုပြီး အလှည့်စားမခံရနဲ့.. အများကြီးပိုကျယ်ပြီး အပေါ်ဘက်မှ သတ္တဝါတွေက ဒီအောက်ကို ဆက်တိုက်အပို့ခံနေရတာ.. အောက်ဘက်ထဲမှ ဘယ်လိုမျိုး ထူးဆန်းတဲ့အရာက ပုန်းလျှိုးကွယ်လျှိုးနေနေလဲဆိုတာ ဘယ်သူမှမသိဘူး”
အသင်းသားတစ်ယောက်က ပေါ့ပေါ့ပါးပါး အသံအနေအထားဖြင့် ပြောလိုက်သော်ငြား သူက အကွာအဝေးတစ်ခုကို စိုးရိမ်စွာ စိုက်ကြည့်နေခဲ့လေ၏။
သူ၏ဘေးတွင် ထိုင်နေသူမှာ ဖွံ့ထွားသောပုံပန်းသဏ္ဍာန်နှင့် လှပသောအမျိုးသမီးတစ်ယောက်ဖြစ်ကာ သူ့ကိုစနောက်၍ ရိုက်လိုက်ပြီး မျက်လုံးလှိမ့်လိုက်၏။
“နင်ဘာလို့ ဉာဏ်ပြေးယောင်ဆောင်နေတာလဲ”
ဤအုပ်စုထဲတွင် အမျိုးသမီးဆင့်ကဲပြောင်းလဲသူ နှစ်ယောက်ရှိပြီး တစ်ယောက်က အတော်လေး ဒေါသကြီးသည့်စိတ်သဘောထားရှိကာ ဟုန်ရှင်းရှင်းဟု အမည်ရသည်။ တခြားတစ်ယောက်မှာ ဝူစစ်ယွင်ဟု အမည်ရလေသည်။
သူတို့မှာ ကလေးတစ်ယောက်ကို မမြင်ရသည်မှာ ကြာပြီဖြစ်၏။
အထူးသဖြင့် ဤကဲ့သို့ ထူးခြားစွာချစ်စရာကောင်းသော ကလေးမလေးကို မမြင်ရတာကြာပြီဖြစ်သောကြောင့် သူတို့အားလုံးက ရိလျိုကို စနောက်၍ သူမ့ကိုပွေ့ဖက်ကာ နမ်းချင်ကြလေသည်။
ကံမကောင်းစွာဖြင့် ကျင်းယန်၏ပိုင်စိုးပိုင်းနင်းဖြစ်မှုက အလွန်သန်မာသောကြောင့် ဤအမျိုးသမီးနှစ်ယောက်က နူးညံ့သောမျက်နှာလေးကို ထိရန်လက်ဆန့်လိုက်သည့်အခိုက်တွင်ပင် ကျင်းယန်၏ အေးစက် အကြည့်များဖြင့် ဆုံတွေ့လိုက်ရသည်။
တခြားအမျိုးသားများကိုလညား အနီးသို့ကပ်ရန်ပင် ခွင့်မပြုကြောင်း ထည့်သွင်းဖော်ပြရန် မလိုချေ။
သူတို့ အနည်းငယ်အားကျနေသော်ငြား စနောက်ခြင်းကို လက်လျော့လိုက်ပြီး မီးပုံပေါ်မှ မြင်သာမြင်ပြီး မစားရသေးသည့် အသားကင်ပေါ်တွင် သူတို့ အာရုံစိုက်လိုက်ကြ၏။
“ဒီလိုမျိုး ခြောက်ခြားစရာနေရာကြီးထဲမှာ ငါတို့အဆုံးသတ် သွားလိမ့်မယ်လို့ ဘယ်သူထင်ပါ့မလဲ၊
ကျွန်တော်တို့ မီးရှူးတိုင်တွေလည်း ကုန်သွားပြီ ဒီရက်ပိုင်းအတွင်း အသားစိမ်းတွေပဲ စားနေရတယ်”
နောက်ထပ် အမျိုးသမီးဆင့်ကဲပြောင်းသူ ဝူစီယွင်က စေးကပ်၍ရွံစရာကောင်းသော အရသာကို ပြန်တွေးမိပြီး မျက်ခုံးများကို တွန့်လိုက်မိသည်။
“ပြန်အမှတ်မဖော်စမ်းပါနဲ့!”
“ မီးခြစ်ရှိနေတဲ့အတွက် ကျင်းယန်ကောကို ကျေးဇူးအများကြီးတင်ပါတယ်လို့ မဟုတ်လို့ကတော့ ကျွန်တော်တို့ ဒီစိုထိုင်းနေတဲ့ နေရာကြီးထဲမှာ မီးတောင် ဖိုနိုင်မှာ မဟုတ်လောက်ဘူး!”
ကျန်းယွီချန်က အသားကင်ကို ဓားတစ်ချောင်းနှင့် အပိုင်းများအဖြစ် လှီးဖြတ်ပြီး တခြားသူများနှင့် ဝေမျှလိုက်သည်။
သူတို့သည်က မြေအောက်တွင် အနည်းဆုံးလတစ်ဝက်နီးပါးနေခဲ့ကြရ၏။ အချိန်နှင့်အမျှ သူတို့က ဤနေရာ၏ ယေဘုယျအခြေအနေကို တဖြည်းဖြည်း အဖြေရှာနိုင်ခဲ့ကြသည်။
သူတို့၏ကွယ်လွန်သွားသော ရဲဘော်ရဲဘက်များမှလွဲ၍ အပြင်ဘက်မှ ဝင်လာသူတစ်ယောက်ကိုမှ မတွေ့ခဲ့ရပေ။
ယင်ရိလျို၏ လက်မောင်းများမှာ ပွန်းပဲ့နေသောကြောင့် ကျင်းယန်က အင်္ကျီလက်ကိုပင့်ပြီး သူမကို တစ်ပိုင်းပြီးတစ်ပိုင်း ညင်သာစွာ ကျွေးနေခဲ့သည်။
သူ၏မေးစေအောက်မှ မုတ်ဆိတ်မွှေးငုပ်စိလေးများမှာ လွဲ၍ သူ၏မျက်နှာပေါ်တွင် မောပန်းနွမ်းနယ်မှုနှင့် စိတ်ပူပန်မှု အရိပ်အယောင်မရှိတော့ချေ။
ကျန်းယွီချန်၏ မေးခွန်းကိုကြားလျှင် ကျင်းယန်တစ်ခဏ ရပ်တန့်သွားပြီးနောက် အမူအရာကင်းမဲ့စွာ ပြောလိုက်၏။
“ကျွန်တော်တို့က မြို့တော်Zကနေ တပ်ကူအသင်းအနေနဲ့ လာခဲ့တာ”
ဤစကားကို ကြားလျှင် ကျန်းယွီချန်၏မျက်နှာက စိတ်လှုပ်ရှားမှုနှင့် တောက်ပသွားခဲ့သည်။ သူက ပေါင်ကို ရိုက်လိုက်ပြီး သူ၏အပေါင်းအဖော်ဘက်ကို လှည့်၍ပြောလိုက်၏။
“မင်းတို့ ကြားလိုက်တယ်မလား. သူတို့က ငါတို့ကို ပစ်မထားခဲ့ဘူးလို့ ငါပြောခဲ့သားပဲ”
ဟုန်ရှင်းရှင်းက အသားကင်ကို စားနေလျက် သူ၏စိတ်အားထက်သန်မှုပေါ်သို့ ရေအေးဖြင့် လောင်းချလိုက်သည်။
“ဘာအသုံးဝင်လို့လဲ၊ ကျွန်မတို့ ဒီနေရာကို ဝင်ပဲဝင်နိုင်တာ ထွက်မှမထွက်နိုင်ဘဲ.. တပ်ကူအသင်းတွေ ဘယ်လောက်ပဲလာလာ အဲဒီပုံဆိုးပန်းဆိုး သတ္တဝါကြီးကို သုတ်သင်ပစ်ဖို့ အမြှောက်တွေ တိုက်ရိုက်မသုံးသရွေ့တော့ အကူအညီရမှာမဟုတ်ဘူးလေ”
တစ်နည်းအားဖြင့် တပ်ကူအသင်းက မည်မျှပင်ရောက်လာပါစေ ထိုအရွယ်အလွန်ကြီးမားသော သတ္တဝါကြီးကို လုံးလုံးလျားလျား အမြစ်မသုတ်သင်သရွေ့ အတွေးသက်သက်သာဖြစ်သွားမည်ပင်။
*