အခန်း (၁၄၅)
Vol. 15 Ch. 145
အခန်း(145)
ယင်ရိလျိုက အရူးတစ်ယောက်မဟုတ်ပေ။ ဤကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက် လောကကြီးတွင် ဤမျှသိသာလွန်းသောလူကောင်းများ မရှိတော့ချေ။
သူမအနေဖြင့် သူမ၏အသင်းမှလူများရှေ့တွင် ပါးနပ်မှုကို ပြသနိုင်ပါ၏။ သို့သော် ဤဉာဏ်များသော မြေခွေးအိုကြီးများ၏ ရှေ့တွင်တော့ စွမ်းအားနည်းသော ကလေးတစ်ယောက်သာဖြစ်ပြီး လုံလုံလောက်လောက် လုပ်နိုင်စွမ်းမရှိရုံမျှလောက်ဖြင့် လုံလောက်ပေသည်။
ကျင်းယန်၏ နားများက ဆတ်ခနဲလှုပ်သွားခဲ့ကာ သူတို့ပတ်လည်တွင်ရှိနေသော အရာအားလုံးက တည်ငြိမ်နေကြောင်းကို အတည်ပြုနေခဲ့လေ၏။ ထို့နောက် သူ၏လက်မောင်းထဲမှ ကလေးမလေးကို ထွေးပိုက်လိုက်ပြီး ပတ်တီးစီးထားသော သူမ၏ လတ်ဆတ်စွာ ဖြတ်ထားသော ကြာစွယ်များနှယ် ဖြူစွတ်နေသော လက်မောင်းများကို ကြည့်လိုက်သည်။
“နာနေသေးလား?”
သူမေးခဲ့၏။
ယင်ရိလျိုက ခေါင်းယမ်းလိုက်သောကြောင့် သူမ၏ယုန်နားရွက်များကလည်း လိုက်ပါ ရွေ့လျားနေခဲ့သည်။
“ နာတာရပ်သွားတာကြာပြီ”
သူမ၏ ခန္ဓာကိုယ်မှာ ပြန်လည်ကုသထူထောင်နိုင်သော စွမ်းရည်များက ရှိနေပြီး ယခုအချိန်တွင် ဒဏ်ရာက ပိုးကောင်လေးများ တွားသွားနေသည့်နှယ် ယားယံရုံသာ ယားနေလေတော့၏။
ဤသည်က ကုသနေခြင်း၏ လက္ခဏာဖြစ်ကြောင်းကို သူမသိသည်။
သူမက မျက်တောင်ခတ်ပြီး အသံကို ပို၍ပင်တိုးလိုက်ကာ ပို၍နူးညံ့သော အသံဖြင့် ပြောခဲ့ခြင်းဖြစ်သောကြောင့် ကျင်းယန်တစ်ယောက် ကြောင်ကလေးတစ်ကောင်ထံမှ ပွတ်တိုက်ခံရသကဲ့သို့ ခံစားနေရနေလေ၏။
“သူတို့ပြောတာတွေကို ယုံလို့ရမယ်လို့ ထင်လား”
ကျင်းယန် ကလေးမလေး၏ တောက်ပသော မျက်လုံးများကို ငုံ့ကြည့်လိုက်သည်။
“ဒီလိုကိစ္စတွေမှာ ငါတို့ကိုလှည့်စားဖို့အတွက် သူတို့မှာအကြောင်းပြချက်မရှိဘူး.. သူတို့က အရေးကြီးတဲ့အချက်အလက်တချို့ကို မပြောရုံပါပဲ”
သူက ယင်ရိလျိုကို ကလေးတစ်ယောက်ကဲ့သို့ မဆက်ဆံတော့ဘဲ သူ၏ထင်မြင်ချက်များကို သူမနှင့်အတူ စတင်မျှဝေခဲ့လေ၏။
“ဒီမြေအောက်မြို့တော်ရဲ့ ပေါ်ပေါက်လာမှုက ရုတ်တရက်ဆန်လွန်းတယ်မလား၊ ဒါက ဘယ်နေရာကမှန်းမသိပေါ်လာခဲ့ရင်တောင်မှ ဒီလိုမျိုးစနစ်တကျ မဖြစ်နိုင်လောက်ဘူး..
ကမ္ဘာပျက်ကပ်မတိုင်ခင် ဒီနေရာက ရထားဘူတာရုံ ဒါမှမဟုတ် မြေအောက်သိုလှောင်ရုံတစ်ခု ဖြစ်မယ်လို့ ကောကတော့ သံသယရှိတယ်..
ထွက်ပေါက်လမ်းကြောင်းတွေက ဖျက်စီးခံရတာ မဟုတ်ရင် သိမ်းပိုက်ခံလိုက်ရတာ ဖြစ်မယ်.. မဟုတ်ခဲ့ရင် ဒီလူတွေက ဒီနေရာမှာ ပိတ်မိနေမှာ မဟုတ်ဘူး”
သူ၏ပင်ကိုအသံက သြရှသည့်အတွက် လေသံကိုပို၍တိုးလိုက်သည့်အချိန်တွင် လမ်းလျှောက်နေသော အသံနိမ့် စပီကာနှင့်တူနေနေပြီး ညှို့ယူဖမ်းစားမှုကို ထုတ်လွှင့်နေခဲ့သည်။
ယင်ရိလျို၏မျက်လုံးများက သူ၏အနည်းငယ် လှိမ့်နေသော အာဒံပန်းသီးနှင့် မေးမွှေးငုပ်တိုများထဲသို့ အဆတ်မပြတ် ပုတ်ခတ်ပုတ်ခတ် ကြည့်နေပြီး သူမ၏ယုန်နားရွက်များကတော့ အတွင်းဘက် ကုတ်ဝင်သွားခဲ့လေ၏။
“ကျင်းကော ချောမောမှုတွေ အများကြီး ထုတ်လွှတ်နေတာကို ရပ်လိုက်ပါတော့!”
သူမက မျက်တောင်ခတ်ကာ အပြုအမူကောင်းပုံပေါ်ရန် ကြိုးစားလိုက်ပြီး ပြန့်ကျဲနေသော အတွေးများက တဖြည်းဖြည်း အခြေကျသွားသဖြင့် ချိန်ဆတွေးတော စပြုလာခဲ့သည်။
“ကောကတော့ ထွက်ပေါက်တစ်ခု ရှိပေမဲ့ အန္တရာယ်များလို့ သူတို့ မထွက်နိုင်ဘူးဆိုတာကို ပိုပြီး ယုံကြည်နေတယ်..
တခြားဆင့်ကဲပြောင်းလဲသူတွေကတော့ သူတို့က ဒီလိုမျိုး အလုံပိတ်မြေအောက်နေရာထဲကိုပဲ အဆွဲခံလိုက်ရပြီး တခြားသူတွေနဲ့ မဆက်သွယ်နိုင်တာ ဖြစ်နိုင်တယ်”
ကျင်းယန်ပြောနေလျက် သူ၏အကြည့်များက ပို၍ပင် နက်နဲလာခဲ့၏။
“ဒါပေမဲ့ အဲဒါတွေက တကယ်ကြီး သန္ဓေပြောင်းသစ်ပင်ရဲ့ အမြစ်တွေသာဆို ဘာလို့ သက်ရှိတွေကို မြေအောက်ဆွဲခေါ်လာမှာလဲ”
ယင်ရိလျို အတော်လေး ရှုပ်ထွေးနေဆဲပင်။
ကျင်းယန် သူမ၏ခေါင်းကို ပုတ်ပေးပြီး တီးတိုးပြောခဲ့သည်။
“အများကြီးမတွေးနဲ့.. ပြဿနာတွေ ကြီးလာရင် ကောတို့ အဖြေရှာတွေ့မှာပါ”
သူ ကလေးမလေး၏ အနည်းငယ်ရှုပ်ပွနေသော ဆံပင်များကို သပ်ရပ်အောင်လုပ်ပြီး သူမ၏မျက်လုံးများ နှေးကွေးစွာပိတ်ကာ အိပ်မက်ထဲ တိုးဝင်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။
ဆိုရလျှင် ယင်ရိလျိုတစိမ့်စိမ့်တွေးဆနေသော မေးခွန်းများအတွက် သူ့တွင် အဖြေတစ်ခု ရှိပြီးသားဖြစ်၏။
ဧရာမသန္ဓေပြောင်းသစ်ပင်ကြီးက စွမ်းအားကြီးလူသားများ၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး စွမ်းအားပြင်းလက်နက်များကြောင့် အလွန်ကြီးမားသော ပျက်စီးမှုများကို ခံစားခဲ့ရသဖြင့် ပြန်လည်တိုက်ခိုက်ရန် တွန်းအားပေးခံလိုက်ရသည်။
သို့သော်ငြား ထိုအပင်တွင် အသက်ဓာတ်ကို ဝါးမျိုသော စွမ်းရည်များနှင့် မြန်ဆန်စွာကြီးထွားသော အမြစ်များရှိလျှင်ပင် ခြေထောက်နှစ်ချောင်းပေါက်လာပြီး ဤနေရာမှ ထွက်မပြေးနိုင်ချေ။
ပြင်းထန်စွာ ဒဏ်ရာရပြီးနောက်တွင် ဧရာမသန္ဓေပြောင်း သစ်ပင်ကြီးက ပိုင်နက်အတွင်းမှ သတ္တဝါကြီးများကို မြေအောက်ထဲ ဆွဲခေါ်လာခဲ့၏။ ဤသည်က အစားအစာများကို လှောင်အိမ်ထဲသို့ ထည့်ထားသည်နှင့်ဆင်တူပြီး ပြန်လည်သက်သာရန်အတွက် သန္ဓေပြောင်းသားရဲများထံမှဖြစ်စေ လူသားများထံမှဖြစ်စေ အင်းအားများ ဆွဲယူရန်လိုအပ်နေခဲ့သည်။
ပို၍ကြောက်စရာကောင်းသော ခန့်မှန့်ချက်မှာ - ဤသစ်ပင်က ဆင့်ကဲပြောင်းလဲအသင်းများကို လိုင်းပြတ်တောက်သော မြေအောက်ထဲ မျှားခေါ်ကာ ကယ်တင်ရန်လာသည့် ဆင့်ကဲပြောင်းလဲလူသားများကိုလည်း အဆုံးမဲ့စွမ်းအင်စမ်းချောင်းအဖြစ် လုပ်ဆောင်နေလေ၏။
ဤသည်ကသာ အမှန်ဖြစ်လျှင် ဤဉာဏ်ရည်ရှိ အပင်၏ကြီးထွားမှုက စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေခဲ့ပြီး အလွန်ပင် ကြောက်စရာကောင်းနေပေပြီ။
ညလယ်ပိုင်း တာဝန်များ ပြောင်းလဲချိန်အတွင်း တဲအပြင်မှ တရှဲရှဲသံတစ်ခုထွက်လာပြီး တဲနှင့်သိပ်မဝေးသော နေရာမှ ဖျော့တော့သော တီးတိုးသံများ ထွက်လာလေသည်။
ထိုသို့တိုးနေလင့်ကစား ကျင်းယင်က ရုတ်ရုတ်သဲသဲဖြစ်မှုကို ကြားနိုင်ဆဲဖြစ်၏။ သူ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သူ၏မျက်စံထဲမှ ရွှေရောင်မျဥ်းတန်း ဖျော့ဖျော့က မှိန်ဖျော့ဖျော့ လင်းလက်နေခဲ့သည်။
တဲအပြင်မှ မြက်အပုံလိုက်ကြားတွင် အမျိုးသားနှစ်ယောက်က အတူတကွ ပူးကပ်ထိုင်နေပြီး တစ်စုံတစ်ခုကို ကြံစည်နေကြ၏။
မကြာခင် ကြွပ်ဆတ်ဆတ် အသံတစ်ခုထွက်လာကာ မီးခြစ်ထိပ်မှ မီးတောက်လေးတစ်ခု မှိတ်တုတ်မှိတ်တုတ် ထွက်လာခဲ့သည်။
အမျိုးသားနှစ်ယောက်လုံးက အနည်းငယ် စိတ်လှုပ်ရှားနေပုံရပြီး သူတို့၏စီးကရက်များကို ပြင်းပြင်းရှိုက်သွင်းလိုက်ကြ၏။
မီးခိုးတိိမ်ကြားတွင် သူတို့ထဲမှ တစ်ယောက်သည် မပြောဘဲမနေနိုင်တော့ချေ။
“ဒါက စိတ်အပန်းပြေသွားတာပဲ”
သူက သူ၏ ရဲဘော်ရဲဘက် ကျန်းယွီချန်ကို ကြည့်လိုက်ပြီး အမြင်အားဖြင့် တိတ်ဆိတ်နေသော အစွန်းဖျားမှ တဲလေးကိုညွှန်ပြလိုက်သည်။
“ဒီကောင်က အတော်လေး အရင်းအမြစ်တွေရှိတာပဲ.. သူက မီးခြစ်ကို ဒီတိုင်းလေး ပေးလိုက်တာ ငါကတော့ စိတ်ကျေနပ်သွားပြီ”
သူ၏ တခြားအပေါင်းအသင်းဖြစ်သည့် မီးခိုးများကိုရှူထုတ်လျက် မျက်စိကိုမှေးကျဥ်းနေသောသူမှာ အစောက မီးပုံဘေးတွင် ထိုင်နေခဲ့သော ဖော်ရွှေသည့် ကျန်းယွီချန်မှလွဲ၍ တခြားသူမဟုတ်ချေ။
ဤအခိုက်အတန့်၌ သူ၏ လေးထောင့်သဏ္ဍာန် အနက်ရောင်မျက်နှာပေါ်တွင် အပြုံးရိပ်ပင်မရှိနေတော့ ပေ။ သူကအသာအယာ သရော်သံလုပ်လိုက်ပြီး ကျင်းယန်နှင့် ယင်ရိလျို၏တဲဆီသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။
ဤမှောင်မည်းပြီး စိုထိုင်းနေသော မြေအောက်ပတ်ဝန်းကျင်တွင် မီးကတန်ဖိုးရှိသော လူသုံးကုန်တစ်ခုဖြစ်ပြီး ကျန်းယွီချန်က ပေါ့ပေါ့ပါးပါးသာ တောင်းဆိုခဲ့ခြင်းဖြစ်လေ၏။ မမျှော်လင့်ထားစွာဖြင့် ကျင်းယန်က မီးခြစ်ကို သူ့အား အမှန်တကယ် ပေးခဲ့လေသည်။
“ငါထင်တာတော့ ဒီကျင်းယန်…”
သူက စကားကိုအဆုံးမသတ်ခဲ့ဘဲ လက်ချောင်းများဖြင့်သာ လက်ဟန်ပြလိုက်ပြီး တစ်ဖက်မှ သူ၏အသင်းဖော်များကလည်း နားလည်ခဲ့၏။ ကျင်းယန်က ခွဲရန်ခက်ခဲသော အခွံမာသီးမာမာတစ်ခုဖြစ်ပြီး အရူးလုပ်ရန်မလွယ်ချေ။
သူ၏ဘေးမှ အမျိုးသားက ပုခုံးတွန့်ကာ ကုန်ဆုံးသွားသော စီးကရက်ကို မြက်ထဲချေလိုက်ပြီး ကျန်းယွီချန်၏ပုခုံးကို ပုတ်လိုက်သည်။
“ကောင်းပြီ၊ ငါ သွားပြီးခဏအိပ်လိုက်ဦးမယ်”
နောက်မနက်တွင် ယင်ရိလျိုက သဘာဝအတိုင်း နိုးလာခဲ့၏။
သူမက သူမ၏မှေးနေသော မျက်လုံးများကို ပွတ်လိုက်ကာ တဲအပြင်ဘက်မှ မှိန်ဖျေော့နေဆဲ နေရောင်ကို ကြည့်လိုက်ပြီး သူမက အစောကြီးနိုးလာသည်ဟု ထင်နေခဲ့သည်။
ထိုအတွေးက ကျင်းယန် သူမကို ကောက်ချီပြီး ဝတ်စုံလေးကို ညှိပေးပြီး ဆံပင်ကို သပ်ရပ်အောင်လုပ်မခင်ထိသာ ကြာမြင့်ခဲ့၏။
ထို့နောက်တွင် အချိန်က နေ့လယ်ခင်းဖြစ်နေကြောင်းကို သူမ သတိထားမိသွားခဲ့သည်။ မြေအောက်ပတ်ဝန်းကျင်က မှောင်မည်းလွန်းပြီး ထိုးဖောက်နိုင်သည့် အလင်းရောင်အရင်းအမြစ်မှာလည်း အလွန်နည်းပါးလေ၏။
သူမ၏ သွားများကို နာခံစွာတိုက်ပြီး မျက်နှာကိုသစ်နေချိန်တွင် ကျင်းယန်က ပွယောင်းယောင်း ဆံပင်ကို ဖီးပေးနေခဲ့သည်။
သူတို့နှစ်ယောက်က မြေအောက်တွင်ရှင်သန်ရန် ရုန်းကန်နေရသော ဒုက္ခသည်များနှင့်မတူဘဲ အပန်းဖြေခရီးထွက်လာသူများနှင့်သာ တူနေခဲ့၏။
ယင်ရိလျို သူမ၏ခေါင်းထိပ်မှ နူးညံ့သောနားရွက်များကို လက်လေးများဖြင့် ပုတ်လိုာ်သည်။
သူမ၏ခေါင်းကို အနည်းငယ်မော့လိုက်လျှင် အနောက်ဘက်မှ လူ၏မေးစေ့ကိုသာ မြင်နိုင်ခဲ့လေ၏။
“ကျွန်မတို့ ဘာလုပ်သင့်လဲ?”
ကျင်းယန်က သူ၏ လက်ကောက်ဝတ်ပေါ်မှ ပန်းပွင့်ရိုက်ခေါင်းစည်းကြိုးလေးကို ဆွဲယူကာ သူမ၏ခေါင်းနောက်တွင် သက်ဝင် တက်ကြွသော ပိုနီတေးလ်တစ်ခုဖြစ်လာစေရန်အတွက် သူ၏လက်ကောက်ဝတ်ကို ငွက်လက် တစ်ချက်လှည့်၍ ဖန်းတီးလိုက်သည်။
“အရင်ဆုံး ကောတို့ ထွက်ပေါက်တစ်ခုကို ရှာဖို့လိုမယ်.. ကောတို့ ဝင်နိုင်တဲ့ နေရာတိုင်းအားလုံးက ထွက်ပေါက်ရှိတယ်လို့ ဆိုလိုတာပဲ”
သူတို့က ပစ္စည်းများကို ထုပ်ပိုးရန် တဲထဲမှထွက်လိုက်လျှင် တခြားအသင်းနှစ်ခုမှ ရှင်ကျန်သူများလည်း ပြင်ဆင်နေကြ၏။
ကျန်းယွီချန်က သူတို့ထွက်လာသည့်အခိုက်တွင် အပြုံးတစ်ခုနှင့် နှုတ်ဆက်လာခဲ့သည်။
“မနေ့ညက အိပ်ရတာဘယ်လိုလဲ”
ကျင်းယန် အသာအယာ ခေါင်းငြိမ့်လိုက်၏။
“မဆိုးပါဘူး.. အခု ဘယ်လိုမျိုး ဆက်သွားဖို့ စီစဥ်ထားကြလဲ?”
သူတို့၏မြန်ဆန်ပြီး ကျွမ်းကျင်စွာ ထုပ်ပိုးကြပုံကို ကြည့်ခြင်းအားဖြင့် သူတို့က ထိုင်နေပြီး သေရန်စောင့်ဆိုင်းနေမည့် အမျိုးအစားမဟုတ်ကြောင်း သိသာလေသည်။
ဤနေ့ရက်များတွင် သူတို့က မြေအောက်လောကကို စူးစမ်းရှာဖွေပြီး ဝင်ပေါက်အနည်းငယ်ကို ခွဲခြမ်းစိတ်ဖြာထားပြီးဖြစ်ပေလိမ့်မည်။
မျှော်လင့်ထားသကဲ့သို့ ကျန်းယွီချန်က သူ၏အိပ်ကပ်ထဲမှ တွန့်ကြေနေသော စာရွက်တစ်စကို ဆွဲထုတ်လာခဲ့၏။ ထိုအပေါ်တွင် အမျိုးမျိုးသော အရောင်များနှင့် မှတ်သားထားသော စိတ္တဇဆန်ဆန်မြေပုံတစ်ခုပါဝင်ကာ သစ်ရွက်များ၊ ပန်းပွင့်များကို သုံး၍ ရေးဆွဲထားခြင်း ဖြစ်နိုင်သည်။ သူက စာရွက်ကို လက်ညှိုးထိုးပြီး ရှင်းပြခဲ့၏။
“ငါတို့တွေ ရက်အတော်ကြာအောင် စူးစမ်းပြီးတဲ့နောက်မှာ ဒီနေရာက ပိတ်ထားတဲ့ မြေအောက်မြို့တော်တစ်ခုဖြစ်နေတာကို ရှာတွေ့ခဲ့ကြတယ်.. အစကတော့ ကျယ်ပြန့်လွန်းတာမျိုး ဖြစ်နိုင်ပေမဲ့ .. ဒါကိုကြည့်လိုက်”
သူက စာရွက်မှ အပိုင်းတစ်ခုကို ညွှန်ပြလေသည်။
ယင်ရိလျိုအတွက်တော့ ထိုစာရွက်ကို ကြည့်ရသည်မှာ ထွေးရစ်နေသော အရှုပ်အထွေးတစ်ခုနှင့်သာ တူနေပြီး နားမလည်နိုင်ပါချေ။
*