အခန်း (၁၄၆)
Vol. 15 Ch. 146
အခန်း(146)
“ငါတို့က ဒီနေရာကနေ လာခဲ့တာ.. ဒီလမ်းကြောင်းက ကျဥ်းတယ်၊ အုတ်ကျိုးအစအနတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်..
ဒီအပင်ရဲ့အမြစ်တွေက မြေအောက်ကို အဆတ်မပြတ် ချဲ့ထွင်နိုင်ပြီး အစက ဘာလှိုဏ်ခေါင်းမှမရှိတဲ့ နေရာတွေမှာ လှိုဏ်ခေါင်းတွေ ဖောက်နေတယ်လို့ ငါ သံသယရှိတယ်”
ကျင်းယန် သူနားလည်ကြောင်း ညွှန်ပြရန် ခေါင်းငြိမ့်လိုက်၏။
တစ်နည်းအားဖြင့် ဆိုရသော် သူတို့သည်က မြေအောက်ဘူတာရုံ သို့မဟုတ် ကားဂိုဒေါင်တစ်ခုကဲ့သို့ အလုံပိတ်နေရာထဲတွင် ရောက်နေနိုင်ချေရှိသည်။
သို့သော်ငြား ဤနေရာလွတ်မှာ အပင်များထံတွင် လုံးလုံးလျားလျား စိုးမိုးခြင်းခံလိုက်ရပြီး ဥာဏ်ရည်မြင့်အပင်၏ အမြစ်များသည်လည်း မြို့တော်အောက်မှ မြေကြီးကို ဂလှိုင်ဖောက်၍ ဆက်လက် ချဲ့ထွင်နိုင်လေ၏။
“ငါတို့ ဒီနေရာမှာ အကြာကြီးနေလို့မရဘူး”
ကျန်းယွီချန် တီးတိုးပြောခဲ့သည်။
ကျင်းယန်နှင့် ယင်ရိလျိုတို့သာ ရုတ်တရက် ပေါ်မလာခဲ့လျှင်ပင် သူတို့သည်က နောက်နှစ်ရက်လောက်အတွင်း ထွက်ခွာရန် လိုအပ်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ပြီဖြစ်၏။
မြေအောက် သန္ဓေပြောင်းသတ္တဝါများက မြင်နိုင်သော အဟုန်တစ်ခုဖြင့် ပျောက်နေခဲ့ကြသည်။
သီးခြားသတ္တဝါ အများစုက ဆက်သွယ်ခြင်းမရှိကြသောကြောင့် အကောင်အနည်းငယ်၏ ပျောက်ကွယ်မှုက သူတို့ကို မတုန်လှုပ်သွားစေဘဲ သူတို့၏ပုံမှန် လုပ်ဆောင်မှုများကို ဆက်လုပ်နေကြ၏။
သို့သော်ငြား အသက်ရှင်ကျန်ရစ်သည့်လူများက ပို၍ကောင်းစွာ သိခဲ့သည်။ သူတို့ ဤနေရာမှ မကြာခင် မလွတ်မြောက်လျှင် သူတို့၏ အလှည့်ရောက်လာတော့မည် ဖြစ်၏။
သူတို့သည်က မြေအောက်တွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့ပြီဖြစ်ပြီး ကိရိယာများကလည်း အကန့်အသတ်ရှိလေသည်။
သူတို့အားလုံးက ဖုန်များပေပွနေပြီး တချို့လူများတွင် ခန္ဓာကိုယ်အနံ့အသက် ပြင်းပြင်း ရှိနေသောကြောင့် ယင်ရိလျိုတစ်ယောက် အဝေးမှပင် အနံ့ရလေ၏။ ဆန့်ကျင်ဖက်တွင် ကျင်းယန်နှင့် ယင်ရိလျိုကတော့ သန့်ရှင်းသပ်ရပ်နေပုံရသည်။
ယင်ရိလျို၏ ဝတ်စုံလေးတွင် ပန်းနုရောင် ပန်းပွင့်များပါရှိသဖြင့် အပျော်ခရီးထွက်နေသည်နှင့်ပင် တူနေခဲ့လေ၏။
အခိုက်အတန့်တစ်ခုမျှ ဤနှစ်ယောက်တွင် အမှန်တကယ် အစီအစဥ်တစ်ခု ရှိသည်လား သို့မဟုတ် သူတို့ကရိုးရှင်းစွာဖြင့် ယုံကြည်မှုလွန်ကဲနေခြင်းပေလားဟု ပြောရန်ခက်ခဲလေသည်။
ကျန်းယွီချန် ထောက်ပံ့ပေးထားသော မြေပုံ၏နောက်ကိုလိုက်၍ အဖွဲ့က မြင့်မားသော ပေါင်းပင်းအပုံလိုက်ထဲမှ ထွက်လာနိုင်ခဲ့၏။
ယင်ရိလျိုက လမ်းပျောက်ခြင်းမှ ရှောင်ရှားရန် ကျင်းယန်၏လက်ချောင်းကို ဆုတ်ကိုင်ထားပြီး ဘေးဘက်ကို သိချင်စိတ်ပြင်းပြစွာ လျှောက်ကြည့်နေခဲ့သည်။
မြေအောက်မှလောကမှာ အမှန်ပင် မြေပေါ်မျက်နှာပြင်နှင့် အတော်လေး ကွာခြားလေ၏။ မိုးမျှော်သစ်ပင်များနှင့် အဆုံးမရှိသော သစ်တောများမရှိချေ။ ထို့အစား သူတို့ ငှက်မွှေးသဏ္ဍာန်အရွက်ရှိ၍ ပန်းမပွင့်သောအပင်များနှင့် ချုံပင်များကဲ့သို့ အပင်ပုပေါက်ပင်များကိုသာ တွေ့ခဲ့ရသည်။
သို့သော်ငြားလည်း ဤပတ်ဝန်းကျင်ရှိ သန္ဓေပြောင်းသတ္တဝါများမှာ မသေးငယ်ချေ။ ထိုအကောင်များက ယင်ရိလျိုနီးပါး မြင်မားကြ၏။
ဖျော့တော့သော အလင်းထွက်သည့် အပြာရောင်တောက်ပမှုများ ဖုံးလွှမ်းနေသော ဧရိယာကြီးကို ဖြတ်သန်းရသည့်အခိုက်တွင် ယင်ရိလျိုတစ်ယောက် ဤအပင်များကို ရှင်းရှင်းလင်းလင်း ကြည့်နိုင်ခဲ့သည်။
အပြာရောင်ပန်းပွင့်များ၏ ကျယ်ပြောသော ပြင်ကျယ်ကြီးတစ်ခု ဖြစ်ပြီး သူမ၏ခါးအထိ ကြီးထွားနေကာ ပြွတ်ထပ်နေခဲ့၏။ ပန်းအဖူးများ၏ အလယ်တွင် ဒန်ဒလိုင်းရွန်နှင့် ဆင်တူသော အဝိုင်းသဏ္ဍာန် အပြွတ်အစုလေးများ ရှိလေသည်။
အပြာရောင်အလင်းရောင်သည် ဤအစုလေးများမှ ထုတ်လွှင့်နေခြင်းဖြစ်၏။
တချို့သော အပွင့်များကသာ ပွင့်လန်းနေလျှင် ရှုခင်းက တော်သင့်ရုံသာ ရှိပုံပေါ်သည်။ သို့သော်ငြား တစ်ခုပြီးတစ်ခု ဆက်တိုက်ပွင့်သည့်အတွက် မျှော်လင့်ထားသည့်နှယ် ခမ်းနားသော မြင်ကွင်းတစ်ခုကို ဖန်းတီးထားလေ၏။
ကျန်းယွီချန်က သူ၏အသင်းဖော်ကို မနေ့ညက ကျန်သည့်အသားစိမ်းတစ်ပိုင်းကို ထုတ်ယူခိုင်းလေသည်။
အသားကို ကြိုတင်၍ ချန်ထားခြင်းဖြစ်ပြီး သန္ဓေပြောင်းမှိုများထံတွင် လုံးလုံးလျားလျား တိုက်စားခြင်းကိုခံထားရသဖြင့် နံစော်ပြီး ရွံစရာအနံ့တစ်ခု ထွက်နေလေ၏။
သူက ထိုပန်းမွေ့ယာထဲသို့ အသားကိုလှမ်းပစ်လိုက်သည်။ သို့သော်ငြား အချိန်အတော်ကြာသည်အထိ လှုပ်ရှားမှုမရိချေ။ ထိုအချိန်မှသာ အဖွဲ့ပ ပန်းမွေ့ယာထဲ ခြေချခဲ့ကြသည်။
ဤပန်းပွင့်ပင်က မြေအောက်ထဲမှ အနည်းငယ်သော လှပသည့်အရာများထဲမှ တစ်ခုဖြစ်ပြီး ထိုပန်းများမှ အလင်းကြောင့် ပတ်ဝန်းကျင်က မှောင်ပိန်းမနေခဲ့ချေ။
“ငါတို့ သွားဖို့လိုတဲ့နေရာက ထွက်ပေါက်မဟုတ်ဘူး.. ထွက်ပေါက်တွေက ဟိုအပင်ရဲ့အမြစ်တွေဆီမှာ သိမ်းပိုက်တာ ခံထားရတယ်”
ကျန်းယွီချန် ပြောခဲ့၏။ သူ၏ဘေးမှ ဝူစစ်ယွင်က ထိုမြင်ကွင်းကို စဥ်းစားမိပုံရပြီး သူမ၏အသံာ အတော်လေး တိုးနေခဲ့သည်။
“ထွက်ပေါက်ကနေ လွတ်မြောက်ဖို့ ကြိုးစားခဲ့တဲ့ နောက်ဆုံးလူတစ်ယောက်ဆို ထိုးချင်းပေါက် အထိုးခံလိုက်ရပြီး အဲမကောင်းဆိုးဝါးက တိုက်ရိုက်ပဲ ခြောက်သွေ့တဲ့အထိ စုပ်ပစ်တာ ခံလိုက်ရတယ်လေ.. အရမ်းကြောက်စရာကောင်းတာပဲ”
သူမ တသိမ့်သိမ့်တုန်သွားရသည်။ ဤနေရာတွင် ပိတ်မိနေလျှင်ပင် ထိုကဲသို့ မခြောက်သွေ့သွားချင်ပေ။
ရုတ်တရက် ကျင်းယန် တစ်ခုခုကို တွေးမိသွားပြီး မေးခဲ့၏။
“ကျွန်တော်တို့ ရေဆိုးပိုက်ကို သုံးလို့မရဘူးလား?”
ကျန်းယွီချန်က သူ၏လျှင်မြန်သော တွေးခေါ်မှုကြောင့် အံ့သြသွားပြီး သူ့ကို စုန်ချည် ဆန်ချည်ကြည့်လိုက်သည်။
သူတို့၏အစီအစဥ်မှာ ကျိုးပြတ်နှင့်ပြီဖြစ်သော ရေဆိုးပိုက်ကိုဖြတ်၍ ထွက်လမ်းရှာရန်ဖြစ်၏။ ထိုနေရာတွင် ထွက်လမ်းမရှိလျှင်ပင် တခြားအသင်းများနှင့် တွေ့ခဲ့ပါက ကောင်းပေလိမ့်မည်ဖြစ်သည်။
သူ့တွင် ကျင်းယန်အပေါ် ပို၍မြင့်မားသောထင်မြင်ချက်ရှိလာခဲ့ပြီး ခေါင်းငြိမ့်၍ပြောလေ၏။
“အဲဒါက ဖြစ်နိုင်ချေရှိတယ်.. ဒီရက်တွေမှာ ငါတို့တွေ တခြားလမ်းကြောင်းအားလုံးကို ရှာပြီးသွားပြီ.. အခြေခံအားဖြင့်တော့ အဲဒီနေရာတွေမှာ ထွက်လမ်းမရှိဘူး”
လူတိုင်း ရှေ့ဆက်သွားနေစဥ် အနီတောက်တောက် တစ်စုံတစ်ရာက အရပ်မျက်နှာတစ်ခုမှ သူတို့ကို ဦးတည်၍ ရုတ်တရက် ပျံသန်းလာခဲ့သည်။
အနီတောက်တောက် အရာမှာ မူလက ကျင်းယန်၏ခေါင်းကို ချိန်ထားခြင်းဖြစ်သော်ငြား ကျင်းယန်၏အာရုံခံမှုက ထက်မြက်လေ၏။
သူသည် ယင်ရိလျိုကို ချက်ချင်းလှမ်းဆွဲပြီး နောက်သို့ဆုတ်ကာ သြရှသော အသံဖြင့် ပြောခဲ့သည်။
“သတိထားကြ”
ကျန်းယွီချန်၏ တုံ့ပြန်မှုက အတော်လေးမြန်ဆန်၏။ သူ၏ဘေးမှ သူ၏အသင်းဖော်များကို အလျှင်အမြန် ဆွဲပြီး ဘေးဘက်ကို ရှောင်လိုက်သည်။ သို့သော်ငြား သူ၏နောက်မှ အမျိုးသမီးက သိပ်ကံမကောင်းချေ။
သူတို့င “ဇိ”ဆိုသော အသံကို ကြားလိုက်ရပြီး သွေးနီရောင်ပန်းပွင့်တစ်ခုပ ချက်ချင်း ပက်ဖြန်းလာခဲ့၏။ ယင်ရိလျိုနှင့် သိပ်မဝေးသောကြောင့် သွေးစက်အနည်းငယ်မှာ သူမ၏ဖိနပ်ပေါ် စင်သွားခဲ့သည်။
သူမ၏ရှေ့မှ အမျိုးသမီးက စိတ်ရှုပ်ထွေးပြီး မိန်းမောနေပုံရ၏။
အသင်းထဲမှ ဝူစစ်ယွင်သာမဟုတ်လျှင် မည်သူများ ဖြစ်နိုင်မည်နည်း?
အမျိုးသမီး၏ မျက်လုံးများက နှေးကွေးစွာ ရွေ့လျားသွားပြီးနောက် သူမ၏ခန္ဓာကိုယ်က ကွဲထွက်သွားကာ မြေပြင်ပေါ်ကို အသာအယာ လဲကျသွားခဲ့သည်။
တိုက်ခိုက်မှုက တခဏချင်းဖြစ်သွားခဲ့၏။ သင်သာမရှောင်နိုင်လျှင် သင့်ကိုကယ်တင်ရန် မည်သူမျှ ရှိမည်မဟုတ်ချေ။
အသင်းထဲမှ အမျိုးသားနှစ်ယောက်က သူမ၏နာမည်ကို ထိတ်လန့်တကြားအော်ခေါ်လိုက်ကြသည်။
သူတို့နှစ်ယောက်လုံးက ချင်းဖန် အခြေစိုက်စခန်းမှ သီးခြားဆင့်ကဲပြောင်းလဲသူများ ဖြစ်သည်။ သူတို့သည်က အမြဲတစေဆက်ဆံရေးကောင်းခဲ့ကြ၏။
အသင်းထဲမှ တစ်ဦးတည်းသော အမျိုးသမီးက သူတို့၏ရှေ့တွင် သေသွားသည့်အတွက် သူတို့ မည်ကဲ့သို့ ဝမ်းနည်ပက်လက် မဖြစ်နိုင်ဘဲနေမည်နည်း။
ထိတ်လန့်တုန်လှုပ်မှု အလယ်တွင် ကျင်းယန်က သူ၏အကြည့်ကို မြက်ထဲမှ မှိန်ဖျော့စွာပေါ်နေသော ပုံရိပ်ဆီ ကျောက်ချထားပြီးဖြစ်သည်။
သတ္တဝါသည်က မြက်များနှင့် သစ်မြစ်များကြားတွင် တိတ်ဆိတ်စွာ လဲလျောင်းနေ၏။ ထိုသတ္တဝါ၏ ခန္ဓာကိုယ်မှာ ပြားချပ်၍ ရှည်လျားပြီး အမွှေးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ အထူးသဖြင့် ရှည်လျားပြီး အပ်နှင့်တူသောပါးစပ်က သတိထားမိဖွယ်ကောင်းပြီး အတော်လေး ပုံပန်းမကျဖြစ်နေခဲ့၏။
“ဒါက ပုရွက်ဆိတ်စားကောင်* တစ်ကောင်ပဲ”
T/N-ပုရွင်ဆိတ်စားကောင်⬇️
ယင်ရိလျို တီးတိုးပြောခဲ့၏။
သူမ၏ယခင်ဘဝတွင် documentaries များကို ကြည်ရခြင်းကို နှစ်သက်ပြီး ဤတိရစ္ဆာန်များအကြောင့် ဗဟုသုတတချို့ရှိလေသည်။
သန္ဓေပြောင်း ပုရွက်ဆိတ်စားကောင်က ပါးစပ်ထဲမှ ရှည်လျားသော အနီတောက်တောက်လျှာကို ဖြည်းညှင်းစွာဆန့်ထုတ်ပြီး ပါးစပ်ကို လျှက်လိုက်လေ၏။ ထိုအကောင်က တစ်မီတာကျော်သာ ရှည်ပြီး မမြင့်သော်ငြား သေချာပေါက်ပင် သန္ဓေပြောင်းထားခဲ့လေသည်။
ပုရွက်ဆိတ်စားကောင်များက မူလက ပုရွက်ဆိတ်အဖြူများကိုသာ စားလေ့ရှိလေ၏။ ကမ္ဘာပျက်ကပ်ဖြစ်ပြီးနောက်တွက် သူတို့၏ အရွယ်အစားမှာလည်း သန္ဓေပြောင်းသွားခဲ့သည်။
ပုရွက်ဆိတ်အဖြူများကိုသာ စားရခြင်းက ဆာလောင်မှုကို ထိန်းထားရန် မလုံလောက်တေ့သည့်အတွက်ကြောင့် မြက်ကိုသာစားသော တိရစ္ဆာန်များနှင့် အင်းစက်ငယ်များက အမဲလိုက်စပြုလာပြီး အသားစားတိရစ္ဆာန်များ ဖြစ်လာကြ၏။
အမျိုးသားနှစ်ယောက်က ထိုသတ္တဝါဆီဦးတည်၍ အပြေးအလွှား သွားနေသည်ကို မြင်လျှင် ကျန်းယွီချန်က သူတို့ကို တားဆီးရန်အတွက် အလျှင်အမြန် ရှေ့သို့တက်လိုက်ကြသည်။
“စိတ်ငြိမ်ငြိမ်ထားကြ”
ဤအကောင်က သူတို့၏အနားသို့ တိတ်တဆိတ် ချဥ်းကပ်နိုင်ကတည်းက ထိုအကောင်၏ စွမ်းရည်များက မနိမ့်ပါးကြောင်း ညွှန်ပြနေခဲ့၏။
သေချာပေသည်။ နောက်အခိုက်အတန့်တွင် သန္ဓေပြောင်းပုရွက်ဆိတ်စားကောင်က မြက်နှင့်သစ်မြစ်များထဲ မြန်ဆန်စွာဖြင့် ရုတ်တရက် တဟုန်ထိုးတိုးဝင်သွားပြီး တခဏချင်း ပျောက်ကွယ်သွား၏။
ထိုသတ္တဝါ၏ ပြားချပ်ချပ် ခန္ဓာကိုယ်က ပုန်းရန်လွယ်ကူစေပြီး လက်သည်းများက ထူထဲ၍နူးညံ့သော လက်ဖဝါးဖုများဖြင့် ကာရံထားသည်။
မြေပြင်နှင့်အမြစ်များပေါ်မှ ဆင်တူသော ကိုယ်ပေါ်မှအကွက်များ*နှင့် ပေါင်းစပ်လိုက်လျှင်တော့ ရည်ရွယ်ချက်ရှိရှိ ကိုယ်ယောင်ဖျောက်ထား နိုင်သောကြောင့် ထောက်လှမ်းရန် မဖြစ်နိုင်လုနီးပါးပြုလုပ်နိုင်လေ၏။
(T/N-ဆင်တူသောအကွက်များ* - သူရဲ့အမွှေး၊ ခန္ဓာကိုယ်ပေါ်က အကွက်တွေက မြေပြင်၊ အမြစ်တွေနဲ့ ဆင်တူတယ်လို့ ပြောတာပါ)
ကံကောင်းစွာဖြင့် ဤသန္ဓေပြောင်းသတ္တဝါက မြင့်မားသောဉာဏ်ရည်ဖြင့် ပုန်းကွယ်နေသော ကျွမ်းကျင်သူမဟုတ်ပါချေ။
၎င်း၏ ခန္ဓာကိုယ်ကို လိမ်ကာ မြက်ထဲတိုးဝင်သွားပြီး ရှည်လျား၍ ဓားသွားနှင့်တူသော လျှာကို ဆင့်ကဲပြောင်းလဲသူထဲမှ တစ်ယောက်၏ ကျောဆီဦးတည်၍ ရုတ်တရက်ပစ်လွှတ်လိုက်ပြန်သည်။
ကျင်းယန်က ကြိုတင် ပြင်ဆင်ထားခဲ့လေ၏။ သူက အိတ်ကပ်ထဲမှ စစ်တပ်သုံးဓားကို ဆွဲထုတ်ကာ ထိုသတ္တဝါ၏ရှည်လျားသော ကြက်သွေးရောင်လျှာကို ချက်ချင်း ဖြတ်ထုတ်လိုက်လေ၏။